← Chapters

သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်စနစ်

Vol. 1 Ch. 1

သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်စနစ်

Vol. 1 Ch. 1

~ရှန်ကျိုးကုန်းမြေတိုက်ကြီး...

ထူးချွန်ထက်မြက်သော သူရဲကောင်းများနှင့် ဝိညာဉ်စွမ်းအင် ကြွယ်ဝသော နယ်မြေများ ပေါများလှသည့် နေရာဒေသတစ်ခု...

ထိုတိုက်ကြီး၏ တောင်ဘက်ပိုင်း၊ ထူးဆန်းနက်နဲသော တိုင်းပြည်တစ်ခုအတွင်း၌ ကြယ်တစ်ပွင့် အဆင့်ရှိသော မြို့တစ်မြို့ တည်ရှိလေသည်။ ထိုမြို့၏ အမည်မှာ ‘ရေပေါ်ဖြူမြို့တော်’ ဟု ခေါ်တွင်ပြီး၊ မြို့စွန် (၁၅) မိုင်ခန့်အကွာရှိ တောင်တန်းများကြားတွင်မူ သိုင်းဂိုဏ်းပေါင်းများစွာ အခြေချ တည်ရှိကြကုန်၏။

မြူခိုးတောင်ထိပ်...

နှစ်ကာလရှည်ကြာစွာ ပြုပြင်မွမ်းမံခြင်း မရှိခဲ့သဖြင့် ဟောင်းနွမ်း ဆွေးမြည့်နေသော ခြံဝင်းတစ်ခုအတွင်း၌ ဖြစ်ချေသည်။

မြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဖြစ်သူ ယဲ့ဖုန်းသည် ရေစည်ပိုင်းကြီး တစ်ခု၏ ရှေ့တွင် ရပ်တန့်နေ၏။ ရေပြင်ထက်တွင် ထင်ဟပ်နေသော သူ၏ သန့်ပြန့်ခန့်ညားလှသည့် မျက်နှာကို ငေးစိုက်ကြည့်ရင်း နားမလည်နိုင်သော အရာတစ်ခုကို တွေးတောနေမိ၏။

'ငါ့လို ရုပ်ရည်မျိုးက ကောင်းကင်ဘုံကတောင် မနာလိုဖြစ်လောက်အောင် ချောမောခန့်ညားလွန်းနေလို့များ... ကံတရားက ဒီလောက်တောင် နှိပ်စက်နေရတာလား... ဘာလို့များ ဒီလောက် ကံဆိုးမိုးမှောင်ကျရတာပါလိမ့်'

သူ ဤရှန်ကျိုးကုန်းမြေတိုက်ကြီးသို့ ကူးပြောင်းလာခဲ့သည်မှာ တစ်လတိတိ ရှိခဲ့ပြီ ဖြစ်ပါ၏။

ထိုအချိန်ကာလအတွင်း ယဲ့ဖုန်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကား များပြားလွန်းလှပေသည်။

ပထမဦးဆုံး သူသည် လမ်းဘေးတစ်နေရာမှနေ၍ မြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းကြီး၏ ကောက်ယူခြင်းကို ခံခဲ့ရသည်။ ထိုဂိုဏ်းချုပ်ကြီးက ယဲ့ဖုန်းသည် သူ၏ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော ဂျူနီယာညီငယ်လေး ဖြစ်သည်ဟု ပြောဆိုကာ ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့၏။

မကြာမီအချိန်အတွင်းမှာပင် ဂိုဏ်းချုပ်ကြီးမှာ သက်တမ်းကုန်ဆုံး၍ ကွယ်လွန်သွားခဲ့ရှာသည်။ ဂိုဏ်းချုပ်ဦးလေးဖြစ်သူ ယဲ့ဖုန်းအတွက် ကျန်ရစ်ခဲ့သည်မှာ တပည့် (၅) ယောက်သာ ရှိလေသည်။

သို့သော် ဂိုဏ်းတစ်ခုသည် ခေါင်းဆောင်မရှိဘဲ တစ်ရက်မျှ ရပ်တည်နိုင်မည် မဟုတ်ပါချေ။

ရွေးချယ်စရာ လမ်းမရှိတော့သည့်အဆုံး...

ဝါရင့်မှု အရှိဆုံးဖြစ်သူ ယဲ့ဖုန်းတစ်ယောက် ဂိုဏ်းချုပ်တံဆိပ်ကို လက်ခံရယူလိုက်ရပြီး၊ မြူခိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဦးလေး နေရာကို ဆက်ခံလိုက်ရတော့၏။

မည်သည့် စနစ် မှလည်း နိုးထလာခြင်း မရှိ၊ ကျင့်ကြံခြင်း အဆင့်ကလည်း ဗလာနတ္ထိ၊ လတ်တလောတွင် အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိသေးသည်ကလွဲ၍ ယဲ့ဖုန်းပိုင်ဆိုင်သည်မှာ သူ၏ ကြည့်ပျော်ရှုပျော်ရှိသော ရုပ်ရည်တစ်ခုသာ ရှိလေသည်။

'ထားလိုက်ပါတော့လေ... ဖြစ်သလိုပဲ နေလိုက်တော့မယ်'

ယဲ့ဖုန်းသည် သက်ပြင်းတစ်ချက်ကို မောဟိုက်စွာ ချလိုက်ပြီး ရေပြင်ထက်မှ အကြည့်ကို ခွာလိုက်၏။ ထို့နောက် မြက်ဖျာများပေါ်တွင် ထိုင်နေကြသော တပည့် (၄) ယောက်ကို လှ‌မ်းကြည့်လိုက်မိ၏။

မူလက မြူခိုးဂိုဏ်းတွင် တပည့် (၅) ယောက် ရှိခဲ့ဖူးသည်။

ဂိုဏ်းချုပ်ဟောင်းကြီး မဆုံးပါးမီ လဝက်ခန့်အလိုတွင် အငယ်ဆုံးဖြစ်သော ပဉ္စမတပည့် ရှုဟုန်ယွီ သည် အတွေ့အကြုံရှာဖွေရန်ဟု ဆိုကာ ဂိုဏ်းမှ ထွက်ခွာသွားခဲ့ပြီး ယနေ့ထက်တိုင် ပြန်မလာခဲ့ပေ။

ယခုတွင်မူ ပထမတပည့်ကြီး ရှီလေ့၊ ဒုတိယတပည့် ဟိုယွင်ကျဲ၊ တတိယတပည့် လီကျောက်ကျောက် နှင့် စတုတ္ထတပည့် ရှောင်ဖန်ကူ တို့သာ ဂိုဏ်းထဲတွင် ကျန်ရစ်တော့၏။

'ဂိုဏ်းချုပ်ကြီး ပြောဖူးတာတော့ စီနီယာတပည့်တွေရဲ့ ပါရမီက သာမန်ပဲ ရှိတယ်တဲ့... စတုတ္ထတပည့် ရှောင်ဖန်ကူ တစ်ယောက်ပဲ ပါရမီအမြင့်ဆုံး ရှိပြီး အသက် (၁၅) နှစ်အရွယ်နဲ့တင် ချီစုစည်းခြင်း (၄) ဆင့်မြောက်ကို ရောက်နေပြီ ဆိုပါလား'

ယဲ့ဖုန်း စိတ်ထဲမှ တွေးတောလိုက်မိ၏။

ဂိုဏ်းချုပ်ဟောင်းကြီး ဆုံးပါးသွားပြီးနောက် ဂိုဏ်းအတွင်းရှိ ရိက္ခာနှင့် ပစ္စည်းများမှာလည်း တဖြည်းဖြည်း ကုန်ခန်းလာခဲ့တော့၏။ မကြာမီအချိန်အတွင်း သူတို့အားလုံး ရက်စက်ကြမ်းကြုတ်သော လက်တွေ့ဘဝ ပြဿနာ တစ်ခုနှင့် ရင်ဆိုင်ရပေတော့မည်။ ထိုအရာကား စားဝတ်နေရေးပင် ဖြစ်ချေ၏။

"ဝုန်း"

ရုတ်တရက်...

မြူခိုးဂိုဏ်း၏ ယိုင်နဲ့နဲ့ တံခါးရွက်ကြီးမှာ အပြင်ဘက်မှ ကန်ဖွင့်လိုက်သည့် ဒဏ်ကြောင့် ပွင့်ထွက်သွားပြီး၊ ဆင်းရဲမွဲတေနေသော ဂိုဏ်းလေးကို ပိုမို စုတ်ပြတ်သတ်သွားစေတော့၏။

"မြူခိုးဂိုဏ်းက လူတွေ ဘယ်မှာလဲ"

အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ပါးစပ်အနည်းငယ် ရွဲ့စောင်းနေသော လူငယ် တစ်ဦးသည် တံခါးခုံကို ကျော်ဖြတ်လျက် ဝင်ရောက်လာသည်။ သူသည် အခန်းထဲသို့ မောက်မာစွာ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက်၊ နောက်ဆုံးတွင် ယဲ့ဖုန်းကို မထီမဲ့မြင် အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ သံပြားတံဆိပ် တစ်ခုကို ပစ်ပေးလိုက်၏။ ထိုတံဆိပ်ပြားသည် ကြမ်းခင်းအုတ်ချပ်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေ၏။

"ယဲ့ဖုန်း... ဒါ ငါတို့ သွေးရောင်မြွေဂိုဏ်းရဲ့ စိန်ခေါ်စာပဲ... နောက် (၃) ရက်နေရင် ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်ကို လွှဲပေးဖို့သာ ပြင်ဆင်ထားလိုက်တော့... ဟားဟားဟား"

ပါးစပ်ရွဲ့နှင့် လူငယ်သည် အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။

"စိန်ခေါ်စာ ဟုတ်လား"

ယဲ့ဖုန်း လန့်ဖျပ်သွားရသည်။

"ငါတို့က ဘာကိစ္စ လက်ခံရမှာလဲ... ငြင်းလို့ မရဘူးလားကွ"

ထိုအခါ၊ ပါးစပ်ရွဲ့နှင့် လူငယ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြန်ပြောလိုက်၏။

"ငြင်းချင်တယ် ဟုတ်လား... ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းက တစ်နှစ်ကို တစ်ကြိမ်တော့ စိန်ခေါ်မှုကို လက်ခံရစမြဲပဲ... ငါတို့ ဂိုဏ်းချုပ် စစ်ဆေးပြီးပြီ... မင်းတို့ မြူခိုးဂိုဏ်းက ဒီနှစ်ထဲမှာ စိန်ခေါ်မှု တစ်ကြိမ်မှ မကြုံရသေးဘူး... အကယ်၍သာ မင်းတို့ လက်မခံရင် မြို့စားမင်းအိမ်တော်က လာပြီး မင်းတို့ဂိုဏ်းကို ဖျက်သိမ်းပစ်လိုက်မှာပဲ"

"တကယ်ကြီး အဲ့လိုလား"

ယဲ့ဖုန်း အံ့အားသင့်သွားပြီး သူ့တပည့်များကို လှမ်းကြည့်လိုက်မိ၏။

"ဂိုဏ်းချုပ်ဦးလေး... အဲ့ဒါ အမှန်ပါပဲ"

ပထမတပည့်ကြီး ရှီလေ့နှင့် တတိယတပည့်မလေး လီကျောက်ကျောက်တို့က မျက်နှာငယ်လေးများဖြင့် ဝင်ပြောရှာသည်။

"ဒီနှစ်ထဲမှာ ကျွန်တော်တို့ စိန်ခေါ်မှု မကြုံရသေးပါဘူး... ဒါကြောင့် သွေးရောင်မြွေဂိုဏ်းရဲ့ စိန်ခေါ်မှုကို လက်ခံရုံကလွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး... ဒါပေမယ့် သူတို့ဆီမှာ တပည့်အင်အား တစ်ဒါဇင်ကျော်လောက် ရှိတာ... ကျွန်တော်တို့နဲ့ ယှဉ်ရင် အင်အားချင်းက မိုးနဲ့မြေလို ကွာခြားလွန်းတယ်... ဒီတစ်ခါတော့ ကျွန်တော်တို့ဂိုဏ်းကို ကာကွယ်နိုင်တော့မယ် မထင်ပါဘူးဗျာ"

"ဟဲဟဲ... နောက် (၃) ရက်နေရင် ဖယ်ပေးဖို့ ပြင်ထားကြပေတော့"

သွေးရောင်မြွေဂိုဏ်းမှ ပါးစပ်ရွဲ့ လူငယ်သည် ရိုင်းစိုင်းစွာ ရယ်မောရင်း ထွက်ပေါက်ဆီသို့ လျှောက်သွားလေသည်။ သူ၏ ပုံစံမှာ ဂိုဏ်းချင်း ခင်မင်ရင်းနှီးမှု ဟူသည်ကို အနည်းငယ်မျှပင် ဂရုစိုက်ပုံ မရပေ။

ရန်သူ ပြန်ထွက်သွားပြီးနောက်...

ယဲ့ဖုန်းသည် သူ့ရှေ့မှောက်တွင် ရှိနေသော တပည့် (၄) ယောက်ကို ကြည့်ကာ မေးလိုက်၏။

"သွေးရောင်မြွေဂိုဏ်းက တကယ်ပဲ အဲ့ဒီလောက်တောင် စွမ်းအားကြီးတာလား"

"သိပ်ကို စွမ်းအားကြီးတာပါ"

ပထမတပည့်ကြီး ရှီလေ့က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

ဒုတိယတပည့် ဟိုယွင်ကျဲက မျက်မှောင်ကြုတ်လျက် ဝင်ပြော၏။

"ခုနက စိန်ခေါ်စာ လာပေးသွားတဲ့ လူက သွေးရောင်မြွေဂိုဏ်းရဲ့ ပါရမီရှင် စစ်ထိုက်ကျန် ဆိုတဲ့ ကောင်ပဲ... သူက ချီစုစည်းခြင်း (၄) ဆင့်မြောက်ကို ရောက်နေပြီ... ကျွန်တော်တို့ရဲ့ စတုတ္ထညီလေးနဲ့ ရင်ပေါင်တန်းနိုင်တယ်... ကြားတာတော့ သွေးရောင်မြွေဂိုဏ်းမှာ ချီစုစည်းခြင်း (၄) ဆင့်မြောက် ရောက်နေတဲ့ တပည့် (၃) ယောက်လောက် ရှိတယ်တဲ့... ကျွန်တော့်ထက်တော့ မနိမ့်လောက်ဘူး"

တတိယတပည့်မလေး လီကျောက်ကျောက်ကလည်း ဤသို့ ထိတ်လန့်တကြား ဆိုရှာသည်။

"ကျွန်မနဲ့ စီနီယာအစ်ကိုကြီးက ချီစုစည်းခြင်း (၃) ဆင့်မြောက်ပဲ ရှိသေးတာ... တိုက်ခိုက်ရင် ဘယ်လိုမှ နိုင်နိုင်ချေ မရှိဘူး"

ဤစကားများကို ကြားလိုက်ရသောအခါ မြူခိုးဂိုဏ်း ရှုံးနိမ့်တော့မည်ဖြစ်ကြောင်း ယဲ့ဖုန်း ချက်ချင်း သဘောပေါက်လိုက်၏။

သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်ပြန်သည်။

"စိန်ခေါ်မှုကို ငြင်းလို့မရမှတော့ ငါတို့ တုံ့ပြန်ရမှာပေါ့... ဂျူနီယာတပည့်တို့... ဂိုဏ်းစိန်ခေါ်မှုတွေရဲ့ စည်းမျဉ်းက ဘယ်လိုလဲ"

ရှီလေ့က ပြန်ဖြေသည်။

"သာမန်အားဖြင့်တော့ (၅) ပွဲယှဉ်ပြိုင်ပြီး (၃) ပွဲနိုင်ရင် အနိုင်ပဲ... ပြီးတော့ တပည့်တွေပဲ ဝင်ပြိုင်ရတာ... အခု ဂျူနီယာညီမလေး မရှိတော့ ကျွန်တော်တို့ဘက်က (၄) ယောက်ပဲ ကျန်တယ်... မပြိုင်ခင်ကတည်းက တစ်ပွဲ အလိုလို ရှုံးပြီးသား ဖြစ်နေပြီ"

"အဲ့ဒီလောက်တောင် ဆိုးရွားတာလား"

ယဲ့ဖုန်း စကားပင် မပြောနိုင်တော့ချေ။

"မျှော်လင့်ချက် မကုန်သေးပါဘူး... စတုတ္ထညီလေးက ချီစုစည်းခြင်း (၅) ဆင့်မြောက်ကို ရောက်နေတဲ့ ပါရမီရှင်ပဲ... သူ တစ်ပွဲ အနိုင်ယူပေးနိုင်တယ်... ကျန်တဲ့ ကျွန်တော်တို့တွေထဲက (၃) ပွဲမှာ (၂) ပွဲ နိုင်အောင် တိုက်နိုင်ရင် အောင်မြင်နိုင်ပါသေးတယ်"

ဒုတိယတပည့် ဟိုယွင်ကျဲက ရှေ့သို့ တက်လာပြီး ပြောလိုက်၏။

"ကျွန်တော်လည်း အတွေ့အကြုံရှိတဲ့ ချီစုစည်းခြင်း (၄) ဆင့်မြောက် ကျင့်ကြံသူတစ်ယောက်ပါ... သေချာပေါက် နိုင်ပွဲတစ်ပွဲ ရယူပေးပါ့မယ်"

ပြောပြီးသည်နှင့် ဟိုယွင်ကျဲသည် အမြဲတမ်း တိတ်ဆိတ်ငြိမ်သက်နေတတ်သော စတုတ္ထညီငယ် ရှောင်ဖန်ကူ ဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"ညီလေး ရှောင်... မင်းနဲ့ ငါ တစ်ယောက် တစ်ပွဲစီ အနိုင်ယူပေးနိုင်ရင် အစ်ကိုကြီးနဲ့ ညီမလေးအတွက် ဖိအားတွေ အများကြီး လျော့သွားလိမ့်မယ်"

ယဲ့ဖုန်း၊ ရှီလေ့နှင့် လီကျောက်ကျောက်တို့သည် ဟိုယွင်ကျဲ၏ စကားကို ကြားသောအခါ နှုတ်ဆိတ်နေသော ရှောင်ဖန်ကူ ကို ပြိုင်တူ လှည့်ကြည့်လိုက်ကြ၏။ သူတို့အားလုံး၏ မျက်လုံးများထဲတွင် ထိုလူငယ်လေးသည် နိုင်ပွဲအတွက် တစ်ခုတည်းသော မျှော်လင့်ချက်အဖြစ် မြင်ယောင်နေကြပုံ ရ၏။

ထိုအချိန်တွင်...

စတုတ္ထညီငယ် ရှောင်ဖန်ကူ သည် ခေါင်းမော့လာခဲ့၏။ သူ၏ မျက်နှာထားမှာ ချောမောသော်လည်း အေးစက်ပြီး ခံစားချက် ကင်းမဲ့နေလေသည်။

သူသည် ယဲ့ဖုန်းကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်၏။

"ကျွန်တော့်ကို အဆင့် (၁) ချင်းယွန်ဂိုဏ်းက အကြီးအကဲတစ်ယောက် သဘောကျပြီး ကမ်းလှမ်းထားတယ်... ဒါကြောင့် ဒီနေ့ပဲ မြူခိုးဂိုဏ်းကနေ ထွက်ခွာတော့မယ်... ခင်ဗျားတို့ဘာသာ ဂရုစိုက်ကြပေတော့"

ပြောပြီးသည်နှင့် ရှောင်ဖန်ကူ သည် သူ၏ ဂိုဏ်းသားအမှတ်အသား တံဆိပ်ပြားကို အမှိုက် တစ်စကဲ့သို့ ဘေးသို့ လွှင့်ပစ်လိုက်ပြီး၊ မြူခိုးဂိုဏ်း၏ ဟောင်းနွမ်းနေသော ခြံဝင်းထဲမှ ထွက်ခွာသွားလေတော့၏။

ယဲ့ဖုန်းနှင့် ကျန်ရစ်ခဲ့သော တပည့် (၃) ယောက်မှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြရှာသည်။

'ဟိုမှာ မျှော်လင့်ချက်ရောင်ခြည်လေး လာပါပြီဆိုမှ... ဒီကောင်က သစ္စာဖောက်သွားပြန်ပြီလား'

ယဲ့ဖုန်းသည် ရှောင်ဖန်ကူ ၏ ကျောခိုင်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ပါးစပ်အနည်းငယ် လှုပ်ရွသွားရ၏။

"စတုတ္ထညီလေး... မသွားပါနဲ့"

"ရှောင်ဖန်ကူ... ပြန်လာခဲ့စမ်း"

ကျန်ရစ်ခဲ့သော တပည့် (၃) ယောက်သည် အလျင်အမြန် ထရပ်ကာ အော်ဟစ်တားဆီးရင်း နောက်မှ ပြေးလိုက်သွားကြသော်လည်း၊ ရှောင်ဖန်ကူ ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

ထိုသစ္စာဖောက်သည် မြူခိုးဂိုဏ်း၏ တစ်လက်တည်းသော ဓားပျံကိုပါ ယူဆောင်ပြီး အဝေးသို့ ထွက်ပြေးသွားခဲ့ပြီ ဖြစ်ရာ၊ လိုက်လံရှာဖွေရန် မဖြစ်နိုင်တော့ပေ။

ဤအဖြစ်အပျက်သည် ဆင်းရဲမွဲတေနေသော မြူခိုးဂိုဏ်းလေးကို မွဲပြာကျသွားအောင် မီးလောင်ရာ လေပင့်သကဲ့သို့ ဖြစ်စေခဲ့တော့၏။

ဂိုဏ်းချုပ်ဖြစ်သူ ယဲ့ဖုန်းသည် ခြောက်သွေ့သော လေတိုက်ခတ်မှုကြားတွင် ရပ်တန့်နေမိ၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ပျောက်ဆုံးနေချေ၏။

(၅) ပွဲ ယှဉ်ပြိုင်၊ (၃) ပွဲ အနိုင်ယူရမည့် စနစ်တွင် လူ (၂) ယောက် လျော့နည်းသွားပြီ ဖြစ်ရာ၊ တိုက်ပင် မတိုက်ရသေးခင် (၂) ပွဲ အလိုလို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။

ယခုအခါ မြူခိုးဂိုဏ်းတွင် သာမန်ပါရမီသာ ရှိကြသော ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လီကျောက်ကျောက် တို့သာ ကျန်ရှိတော့၏။ အကယ်၍ သူတို့ (၃) ယောက်ထဲမှ တစ်ယောက်ယောက်သာ ရှုံးနိမ့်သွားပါက ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်ကို လက်လွှတ်ဆုံးရှုံးရပေတော့မည်။

ထိုအချိန်ရောက်လျှင် မြူခိုးဂိုဏ်းသည် အမည်နာမ၌သာ တည်ရှိတော့မည် ဖြစ်၏။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်မတို့ ဘယ်လို လုပ်ကြမလဲဟင်"

လီကျောက်ကျောက်မှာ စိုးရိမ်လွန်းသဖြင့် မျက်ရည်များပင် ဝဲလာရှာသည်။

သူတို့ (၃) ယောက်တည်းနှင့် (၃) ပွဲလုံး အနိုင်ရဖို့ဆိုသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ကံတရား၏ အလှည့်အပြောင်း တစ်စုံတစ်ရာ မရှိပါက မြူခိုးဂိုဏ်း၏ ဇာတ်သိမ်းသည် ဤနေရာတွင်ပင် နိဂုံးချုပ်သွားပေတော့မည်။

"ဂိုဏ်းချုပ်... ဆရာ့မှာ တန်ပြန်တိုက်စစ်ဆင်ဖို့ နည်းလမ်းမရှိဘူးလားဗျာ"

ဟိုယွင်ကျဲနှင့် ရှီလေ့တို့ကလည်း မျက်နှာပျက်ယွင်းစွာဖြင့် မေးမြန်းလိုက်ကြ၏။

"ငါ့ကို တစ်ယောက်တည်း ငြိမ်ငြိမ်လေး စဉ်းစားခွင့် ပေးကြပါဦး..."

ယဲ့ဖုန်း ခေါင်းခါလိုက်ပြီး ခြံဝင်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိ၏။ အချိန်အတော်ကြာသည့်တိုင်အောင် မည်သည့် အကြံဉာဏ်မှ ထွက်မလာခဲ့ချေ။

ထိုမြင်ကွင်းကို ကြည့်ရင်း တပည့် (၃) ယောက်၏ မျက်နှာထားများမှာ ပိုမို ဆိုးရွားလာခဲ့ရသည်။

"တီတီ... အသင့်တော်ဆုံး လက်ခံသူကို ရှာဖွေတွေ့ရှိပါပြီ... ကနဦး ချိတ်ဆက်မှု စတင်နေပါပြီ... ချိတ်ဆက်မှု အောင်မြင်ပါတယ်... 'အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်စနစ်' မှ လူကြီးမင်းကို ဝန်ဆောင်မှု ပေးပါတော့မယ်... လိုအပ်ပါက စနစ်ကို စိတ်ဖြင့် ဆက်သွယ်နိုင်ပါတယ်"

ထိုအချိန်မှာပင် ယဲ့ဖုန်းသည် ထူးဆန်းသော အသံ တစ်သံကို ကြားလိုက်ရသည်။ သူသည် အခြား တပည့် (၃) ယောက်ကို လှမ်းကြည့်လိုက်ရာ သူတို့မှာ ထိုအသံကို ကြားပုံမရပေ။

'ဟုတ်ပြီ... ဒါ စနစ် ပဲ'

ယဲ့ဖုန်းသည် အဓိကသော့ချက်ကို သဘောပေါက်လိုက်ပြီး စိတ်ထဲမှ တက်ကြွစွာ မေးလိုက်၏။

'စနစ်... တကယ်ရော မင်း ဟုတ်ရဲ့လား'

"မင်္ဂလာပါ... လေးစားအပ်ပါသော လက်ခံသူကြီး... ကျွန်ုပ်ကတော့ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်ကို မွေးထုတ်ပေးမယ့် 'အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်စနစ်' ဖြစ်ပါတယ်... လက်ရှိ တည်ရှိနေသော 'မြူခိုးဂိုဏ်း' ကို ထောက်လှမ်းမိသဖြင့် ချိတ်ဆက်မှု ပြုလုပ်လိုက်ပါပြီ... ဤချိတ်ဆက်မှုကို ပြန်လည် ပယ်ဖျက်၍ မရနိုင်ပါ"

စနစ်၏ အသံသည် ယဲ့ဖုန်း၏ ခေါင်းထဲတွင် ထပ်မံ ပဲ့တင်ထပ်လာသည်။

နောက်တစ်ခဏတွင်...

ယဲ့ဖုန်း၏ မြင်ကွင်းရှေ့၌ အပြာရောင်ဖျော့ဖျော့ စာတန်းများစွာ ပေါ်လာတော့၏။

[ ဂိုဏ်းချုပ် - ယဲ့ဖုန်း ( ချီစုစည်းခြင်း ၇ ဆင့်မြောက် ) ]

[ ဂိုဏ်း - မြူခိုးဂိုဏ်း ( အဆင့်နိမ့် ) ]

[ ဂိုဏ်းဂုဏ်သတင်း - ၅ ]

[ ဂိုဏ်းသားများ - ရှီလေ့ ( ချီစုစည်းခြင်း ၃ ဆင့်မြောက်၊ ပထမအဆင့်သိုင်းပညာ 'သံမဏိဒိုင်းကာသိုင်း' ၊ အခြေခံအဆင့် )၊ ဟိုယွင်ကျဲ ( ချီစုစည်းခြင်း ၄ ဆင့်မြောက်၊ ပထမအဆင့်သိုင်းပညာ 'မီးတိမ်တိုက်လက်ဝါးသိုင်း' ၊ အခြေခံအဆင့်သို့ ရောက်ခါနီး)၊ လီကျောက်ကျောက် ( ချီစုစည်းခြင်း ၃ ဆင့်မြောက်၊ ပထမအဆင့်သိုင်းပညာ 'လေဝိညာဉ်ခြေလှမ်းသိုင်း' ၊ အခြေခံအဆင့် ) ]

[ အစမ်းကာလ တာဝန် - (၇) ရက်အတွင်း တပည့် (၁၀) ဦး စုဆောင်းပါ... တာဝန်အောင်မြင်ပါက စနစ်နှင့် အပြီးအပိုင် ချိတ်ဆက်သွားမည် ဖြစ်ပြီး၊ လက်ဆောင်ထုပ် တစ်ခု ချီးမြှင့်မည် ဖြစ်သည်... တာဝန်ကျရှုံးပါက စနစ်ချိတ်ဆက်မှုကို ဖြတ်တောက်မည်... လက်ရှိ အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည် - ဂိုဏ်းသား (၃/၃) ၊ စာရင်းသွင်းထားသော တပည့် (ဝ/၇) ၊ ပြီးစီးမှု ၅၀% ]

မျက်စိရှေ့မှောက်တွင် ပေါ်လာသော စာတန်းများကို ကြည့်ရင်း ယဲ့ဖုန်းတစ်ယောက် ဝမ်းသာလွန်းသဖြင့် ရူးမတတ် ဖြစ်သွားရသည်။

'နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ... ငါ့ဆီကို စနစ်ကြီး တကယ် ရောက်လာခဲ့ပြီပဲဟေ့'

All Chapters