← Chapters

သိုင်းပညာများအား ချက်ချင်း အထွတ်အထိပ်ရောက်သွားစေခြင်း

Vol. 1 Ch. 2

သိုင်းပညာများအား ချက်ချင်း အထွတ်အထိပ်ရောက်သွားစေခြင်း

Vol. 1 Ch. 2

~ယဲ့ဖုန်းသည် သူ၏ အမည်နောက်တွင် ကပ်ပါလာသော ကျင့်ကြံခြင်း အဆင့်အတန်း ဖော်ပြချက်ကို ကြည့်ကာ အတွေးများ နက်ရှိုင်းသွားရသည်။

'စနစ်... ငါက သာမန်လူ တစ်ယောက် မဟုတ်ဘူးလား... ဘယ်တုန်းကများ ချီစုစည်းခြင်း (၇) ဆင့်မြောက်ကို ရောက်သွားရတာလဲ'

"တီတီ.. အဓိက သော့ချက်ကို ရှာဖွေတွေ့ရှိသွားတဲ့ လက်ခံသူကို ဂုဏ်ပြုပါတယ်... ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ လူကြီးမင်းဟာ ဂိုဏ်းသားအားလုံးရဲ့ ကျင့်ကြံခြင်းအဆင့် စုစုပေါင်းနဲ့ ညီမျှတဲ့ စွမ်းအားကို ရရှိမှာ ဖြစ်ပါတယ်... လက်ရှိမှာတော့ ချီစုစည်းခြင်း (၃) ဆင့်မြောက် တပည့် (၂) ဦးနဲ့၊ (၄) ဆင့်မြောက် တပည့် (၁) ဦး ရှိနေတာကြောင့် စုစုပေါင်းလိုက်ရင် ချီစုစည်းခြင်း (၇) ဆင့်မြောက်နဲ့ ညီမျှနေတာ ဖြစ်ပါတယ်"

စနစ်က ရှင်းပြလေသည်။

ရှန်ကျိုးကုန်းမြေတိုက်ကြီးတွင် လူသိများသော ကျင့်ကြံခြင်း အဆင့်များမှာ - အသက်ရှုသံအာရုံခံအဆင့် ၊ ချီစုစည်းခြင်း၊ ဓာတ်ကြီးလေးပါး စုစည်းခြင်း ၊ ဝိညာဉ်ပင်လယ်၊ မူလနတ်ဘုရား ၊ လေဟာနယ်ဖြိုခွင်းခြင်း နှင့် ရှေးဟောင်းသူတော်စင် ဟူ၍ ဖြစ်ကြ၏။

ရှေးဟောင်းသူတော်စင် အဆင့်မှာမူ အလွန် ရှားပါးပြီး၊ ထိုအဆင့်၏ အသေးစိတ် ခွဲခြားမှုများကို လူသိနည်းလှသည်။

အသက်ရှုသံအာရုံခံအဆင့် ဆိုသည်မှာ အခြေခံ အဆင့်မျှသာ ဖြစ်၏။ တိတိကျကျ ပြောရလျှင် ချီစုစည်းခြင်း အဆင့်သို့ ရောက်မှသာ ကျင့်ကြံသူ စစ်စစ်ဟု သတ်မှတ်ကြ၏။

ချီစုစည်းခြင်း၊ ဓာတ်ကြီးလေးပါး စုစည်းခြင်း၊ ဝိညာဉ်ပင်လယ်၊ မူလနတ်ဘုရားနှင့် လေဟာနယ်ဖြိုခွင်းခြင်း စသည့် အဆင့် (၅) ဆင့်တွင် အဆင့်ငယ် (၉) ဆင့်စီ ထပ်မံ ခွဲခြားထားပြန်သည်။

ထိုအဆင့် (၅) ဆင့်တွင် အဆင့်တစ်ဆင့် တက်တိုင်း ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် ပမာဏသည် သုံးပုံတစ်ပုံ တိုးလာလေ့ရှိသည်။

ထို့ကြောင့် ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေသူ တစ်ဦး၏ စွမ်းအားသည် ချီစုစည်းခြင်း (၁) ဆင့်မြောက် ကျင့်ကြံသူ (၁၀) ဦး၏ စွမ်းအားနှင့် ညီမျှပေသည်။

ယဲ့ဖုန်းသည် ကျင့်ကြံခြင်း အဆင့်ခွဲခြားမှုများကို အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်၏။ စနစ်၏ ရှင်းပြချက်အရ သူသည် ချီစုစည်းခြင်း (၇) ဆင့်မြောက် စွမ်းအားကို ပိုင်ဆိုင်ထားသည်မှာ သေချာသွားပြီ ဖြစ်၏။

သို့သော် ပြဿနာမှာ...

သူ့ခန္ဓာကိုယ်ကို ဘယ်လောက်ပဲ ကြိုးစား အာရုံခံပါစေ၊ ကျင့်ကြံခြင်း စွမ်းအားကို လုံးဝ အသုံးချ၍ မရသည့်အပြင်၊ ခန္ဓာကိုယ် အခြေအနေကလည်း ဘာမှ ပြောင်းလဲခြင်း မရှိပေ။ သူသည် သာမန်လူ တစ်ယောက်သာ ဖြစ်နေဆဲပင်။

'စနစ်... ငါ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေ ဘယ်ရောက်နေတာလဲ'

ယဲ့ဖုန်းသည် မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။

သို့သော် စနစ်က ပြန်မဖြေတော့ချေ။

'ကိုယ့်လမ်းကိုယ်ပဲ ရှာရတော့မယ့်ပုံပဲ'

ယဲ့ဖုန်း ညည်းတွားလိုက်ရင်း မျက်မှောင်များကို ပိုမို ကြုတ်လိုက်မိ၏။

ဘေးနားရှိ တပည့် (၃) ယောက်မှာ ယဲ့ဖုန်း မျက်မှောင်ကြုတ်နေသည်ကို မြင်လိုက်ရသဖြင့် နောက်ထပ် ပြဿနာတစ်ခု တက်လာပြီဟု ထင်မှတ်ကာ စိုးရိမ်တကြီး ဖြစ်သွားကြရှာသည်။

"ဂိုဏ်းချုပ်ဦးလေး မျက်မှောင်ကြုတ်နေတယ်... သူ့မှာတောင် အကြံမရှိတော့ဘူးလား မသိဘူး" လီကျောက်ကျောက်က စိုးရိမ်တကြီး ပြောလိုက်၏။

"ဂိုဏ်းချုပ်မှာတောင် အကြံမရှိရင်... ငါတို့အတွက်တော့ ပိုပြီး မျှော်လင့်ချက် မရှိတော့ဘူးပေါ့" ပထမတပည့်ကြီး ရှီလေ့က သက်ပြင်းချရင်း ဝင်ပြောသည်။

ဟိုယွင်ကျဲမှာ တိတ်ဆိတ်နေသော်လည်း သူ၏ မျက်နှာထားမှာ ပိုမို ခက်ထန်လာခဲ့၏။

သူတို့နှစ်ဦး ပြောစကားများကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ခေါင်းမော့လိုက်ပြီး ပြောလိုက်၏။

"ငါ နည်းလမ်း ဆက်ရှာနေတုန်းပါ... မင်းတို့လည်း ကိုယ်ပိုင်အစွမ်းအစ တိုးတက်အောင် ကြိုးစားကြစမ်းပါ"

စနစ်မှတစ်ဆင့် ယဲ့ဖုန်း သိထားသည်မှာ တပည့် (၃) ယောက်စလုံးတွင် ကိုယ်ပိုင်သိုင်းပညာ တစ်ကွက်စီ ရှိကြ၏။ သို့သော် ဤမျှ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူတို့သည် အခြေခံအဆင့်သို့ပင် မရောက်သေးချေ။ အတော်လေး အားနည်းနေသေးသည်ဟု ဆိုရမည်။

ထိုအချက်ကို တွေးမိပြီး ယဲ့ဖုန်း ဆက်ပြောလိုက်၏။

"နောက်ဆုံးတော့... လာမယ့် တိုက်ပွဲက ခွန်အားချင်း ယှဉ်ပြိုင်ရမယ့် ပွဲပဲ... ကျွမ်းကျင်မှု မရှိရင် ဘယ်လိုလုပ် နိုင်မလဲ... မင်းတို့ သိုင်းပညာတွေ တတ်မြောက်ကြပြီလား... အခုချိန်မှာ အပြင်းအထန် ကျင့်ကြံနေသင့်တာ မဟုတ်ဘူးလား"

ထိုစကားကို ကြားလိုက်ရသောအခါ တပည့် (၃) ယောက်စလုံး သတိဝင်လာကြပြီး ခွန်အားသည်သာ အဓိကကျကြောင်း သဘောပေါက်သွားကြ၏။ ထို့ကြောင့် သူတို့သည် ခြံဝင်းထဲတွင် အသီးသီး နေရာယူကာ သိုင်းပညာများကို စတင် ကျင့်ကြံကြလေတော့၏။

ဒုတိယတပည့် ဟိုယွင်ကျဲသည် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်ပြီး အကြိုးစားဆုံးလည်း ဖြစ်၏။

သူသည် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အိမ်မှ ထွက်ပြေးလာခဲ့ရသူ ဖြစ်၏။ တောထဲတွင် နတ်ဆိုးသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရစဉ် ဂိုဏ်းချုပ်ဟောင်းကြီးက ကယ်တင်ခဲ့သဖြင့် မြူခိုးဂိုဏ်းတွင် ခိုလှုံရင်း ကျင့်ကြံနေခြင်း ဖြစ်၏။

ယခု မြူခိုးဂိုဏ်း အကျပ်အတည်း ကြုံနေရချိန်တွင်လည်း ဟိုယွင်ကျဲသည် သစ္စာရှိစွာဖြင့် ဆက်လက် တည်ရှိနေခဲ့၏။

သူ၏ ကြိုးစားအားထုတ်မှုကြောင့် အသက် (၁၅) နှစ်အရွယ်မှာပင် ချီစုစည်းခြင်း (၄) ဆင့်မြောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထို့အပြင် သူသည် ပထမအဆင့် သိုင်းပညာ ဖြစ်သော 'မီးတိမ်တိုက်လက်ဝါးသိုင်း' ကို အစပျိုး အဆင့်သို့ ရောက်လုနီးပါးအထိ တတ်မြောက်ထားပြီ ဖြစ်၏။

'ဂိုဏ်းချုပ်ကြီးက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ... အခု သူ့ရဲ့ မြူခိုးဂိုဏ်း ဒုက္ခရောက်နေချိန်မှာ... ငါ မစွမ်းဆောင်နိုင်ရင်တောင် အစွမ်းကုန် ကြိုးစားရမယ်'

'နောက် (၃) ရက်အတွင်း မီးတိမ်တိုက်လက်ဝါးသိုင်း ကို အခြေခံအဆင့် ရောက်အောင် ကျင့်ကြံရမယ်'

'ရှုံးရင်တောင်... သိက္ခာရှိရှိ ရှုံးရမယ်... သွားလေသူ ဂိုဏ်းချုပ်ကြီးရဲ့ သိက္ခာ မကျစေရဘူး'

ဟိုယွင်ကျဲ စိတ်ထဲတွင် ကြုံးဝါးလိုက်၏။ သူ၏ မျက်ဝန်းများမှာ ယခင်ကထက် ပိုမို ပြတ်သားလာပြီး၊ လှုပ်ရှားမှုများမှာလည်း ပိုမို ကျွမ်းကျင်လာသည်။ သူ၏ လက်ဝါးပြင်များတွင် စွမ်းအင်များ လှိုင်းထနေပြီး ပိုမို ပူပြင်းလာသည်ကို ခံစားလိုက်ရသည်။

'နီးနေပြီ... အရမ်း နီးစပ်နေပြီ'

ဟိုယွင်ကျဲသည် အခွင့်အရေးကို လက်မလွှတ်ဘဲ ဆက်လက်၍ အားသွန်ခွန်စိုက် ကျင့်ကြံလေတော့၏။

ပထမတပည့်ကြီး ရှီလေ့နှင့် တတိယတပည့် လီကျောက်ကျောက်တို့လည်း မလျော့သော ဇွဲဖြင့် ကျင့်ကြံနေကြ၏။

ရှီလေ့သည် ဂိုဏ်းချုပ်ဟောင်းကြီး မွေးစားထားသော မိဘမဲ့ကလေး တစ်ဦး ဖြစ်ပြီး၊ ရိုးသားဖြောင့်မတ်ကာ သစ္စာရှိသူ တစ်ဦး ဖြစ်၏။

သူသည် 'သံမဏိဒိုင်းကာသိုင်း' ကို ကျင့်ကြံနေခြင်း ဖြစ်၏။ သူ၏ လှုပ်ရှားမှုများမှာ အနည်းငယ် ကိုးရိုးကားရား နိုင်သော်လည်း၊ ဂိုဏ်းချုပ်ဟောင်းကြီး သင်ပေးခဲ့သည့်အတိုင်း တစ်သွေမတိမ်း လိုက်နာကာ ကြိုးစားပမ်းစား ကျင့်ကြံနေရှာသည်။

တစ်ဦးတည်းသော မိန်းကလေး တပည့်ဖြစ်သည့် လီကျောက်ကျောက်မှာမူ ပထမအဆင့် သိုင်းပညာဖြစ်သော 'လေဝိညာဉ်ခြေလှမ်းသိုင်း' ကို ကျင့်ကြံနေပြီး၊ လေပွေ တစ်လုံးအလား ခြံဝင်းထဲတွင် ပတ်ပြေးနေလေသည်။

သူမ၏ အဝတ်အစားများမှာ ချွေးများဖြင့် ရွှဲနစ်နေသော်လည်း ရပ်တန့်ခြင်း မရှိပေ။ သွားကို တင်းတင်း စေ့ကာ ဤသိုင်းပညာကို အမြန်ဆုံး တတ်မြောက်ရန် ကြိုးစားနေ၏။

လီကျောက်ကျောက်သည် တောင်ပေါ်ရွာလေး တစ်ရွာမှ လာသူ ဖြစ်၏။

သူမတွင် မိဘနှစ်ပါး ရှိပြီး ကလေးဆန်သော ညီမလေး တစ်ယောက်လည်း ရှိသေးသည်။

ရွာတစ်ရွာလုံးတွင် သူမတစ်ယောက်သာ ကျင့်ကြံခြင်း ပါရမီပါသူအဖြစ် တွေ့ရှိခဲ့ရသဖြင့် ရွာသူရွာသား အားလုံး၏ မျှော်လင့်ချက်များကို ပခုံးထက်တွင် ထမ်းပိုးထားရသူ ဖြစ်၏။ သူမအနေဖြင့် ကျရှုံး၍ မဖြစ်သလို၊ မိဘများနှင့် ရွာသားများကိုလည်း စိတ်ပျက်အားငယ်မှု မပေးချင်ပေ။

ယဲ့ဖုန်း ခေါင်းမော့ကြည့်လိုက်၏။

ကြိုးစားပမ်းစား ကျင့်ကြံနေကြသော တပည့် (၃) ယောက်ကို ကြည့်ရင်း သူ၏ စိတ်နှလုံး လှုပ်ရှားသွားရကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

'တပည့်တွေ ဒီလောက် ကြိုးစားနေကြတာ... ငါက ဘယ်လိုလုပ် နောက်ကောက် ကျကျန်ရစ်ခဲ့လို့ ဖြစ်မလဲ... ဒါပေမယ့် ဒီ ခွေးစနစ်ကလည်း ဘာမှ အကူအညီ မပေးပါလား... သာမန်လူ ဖြစ်တဲ့ ငါက ဘာလုပ်ပေးနိုင်မှာလဲ'

"ချီ... ချီ"

ထိုအချိန်မှာပင် ဟိုယွင်ကျဲ၏ လက်ဝါးပြင်များမှာ မီးဖုတ်ထားသော သံတုံးများအလား ရဲရဲတောက် ပူပြင်းလာပြီး ပတ်ဝန်းကျင် လေထုကိုပင် ပူနွေးသွားစေသည်။

"ဂျွတ်"

ဟိုယွင်ကျဲသည် ဘေးနားရှိ သစ်တိုင်တစ်တိုင်ကို ရိုက်ချလိုက်ရာ သစ်တိုင်မှာ မီးသွေးတုံးကဲ့သို့ မည်းနက်သွားပြီး ကြေမွသွားလေတော့၏။

"ငါ့ရဲ့ မီးတိမ်တိုက်လက်ဝါးသိုင်း အခြေခံအဆင့် ရောက်သွားပြီ"

ဟိုယွင်ကျဲသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ ရဲရဲတောက်နေသော လက်ဝါးပြင်များကို ကြည့်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်၏။

သံတုံးကဲ့သို့ ပူပြင်းသော လက်ဝါး၊ သစ်တိုင်ကို ရိုက်ချိုးနိုင်သော စွမ်းအား... ဤသည်မှာ 'မီးတိမ်တိုက်လက်ဝါးသိုင်း' ၏ အခြေခံအဆင့်ကို တတ်မြောက်သွားခြင်း၏ လက္ခဏာပင် ဖြစ်၏။

"ဟေ... တကယ်ကြီး အခြေခံအဆင့် ရောက်သွားတာပဲ"

ယဲ့ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကျင့်ကြံသူတစ်ယောက်၏ သိုင်းပညာကို တိတ်တဆိတ် အားကျသွားမိ၏။ ပေါ့ပါးသော လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ရေပုံးခန့် ထူသော သစ်တိုင်ကို ရိုက်ချိုးနိုင်သည် ဆိုပါလား။ မည်မျှ အားကျစရာ ကောင်းလိုက်ပါသနည်း။

ရုတ်တရက်...

ယဲ့ဖုန်း၏ ခေါင်းထဲတွင် ထူးဆန်းသော မှတ်ဉာဏ်အသစ်များ ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုမှတ်ဉာဏ်များမှာ ပထမအဆင့် သိုင်းပညာ 'မီးတိမ်တိုက်လက်ဝါးသိုင်း' ၏ အသေးစိတ် အချက်အလက်များပင် ဖြစ်၏။

သူသည် ဤသိုင်းပညာကို အလွန် နက်နဲစွာ နားလည်သဘောပေါက်သွားသလို ခံစားလိုက်ရပြီး၊ သူ့ကျင့်ကြံခြင်း စွမ်းအားကိုသာ အသုံးပြုနိုင်ပါက 'မီးတိမ်တိုက်လက်ဝါးသိုင်း' ကို အထွတ်အထိပ်အဆင့် အထိ အလွယ်တကူ ထုတ်ဖော်နိုင်မည်ဟု ယုံကြည်လိုက်၏။

'စနစ်... ဘာတွေ ဖြစ်ကုန်တာလဲ'

ဤကိစ္စသည် စနစ်နှင့် သက်ဆိုင်နေကြောင်း ယဲ့ဖုန်း သေချာပေါက် သိလိုက်၏။

"တီ... ဖုံးကွယ်ထားသော လုပ်ဆောင်ချက်ကို ရှာဖွေတွေ့ရှိသွားသည့် လက်ခံသူကို ဂုဏ်ပြုပါတယ်... ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့၊ သင့်ဂိုဏ်းသား တစ်ယောက်ယောက်က သိုင်းပညာတစ်ခုကို အခြေခံအဆင့် (သို့မဟုတ်) အဲ့ဒီထက် မြင့်တဲ့ အဆင့်ကို ရောက်ရှိသွားတာနဲ့... သင်က အဲ့ဒီသိုင်းပညာကို အမြင့်ဆုံးအဆင့် နဲ့ ချက်ချင်း တတ်မြောက်သွားမှာ ဖြစ်ပါတယ်... ဒါ့အပြင် သာမန်လူတွေထက် ပိုမို ထူးကဲတဲ့ နားလည်နိုင်စွမ်းကိုလည်း ရရှိမှာပါ"

နောက်ဆုံးတော့ စနစ်က စကားပြောလာခဲ့တော့၏။

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားရသည်။

'ဒီအလိုအလျောက်ရရှိသော စွမ်းရည်က တော်တော် မိုက်ပါလား'

အကယ်၍သာ ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်ခဲ့ရင်၊ နောက်ပိုင်း တပည့်တွေ ပိုများလာပြီး သိုင်းပညာမျိုးစုံ ကျင့်ကြံကြတဲ့အခါ... ငါက သိုင်းပညာပေါင်း မြောက်မြားစွာကို အထွတ်အထိပ်အဆင့်နဲ့ တတ်မြောက်နိုင်တော့မှာပေါ့။

သို့သော် ချက်ချင်းပင်... သူ့တွင် ကျင့်ကြံခြင်း အဆင့်ရှိသော်လည်း သာမန်လူတစ်ယောက်ကဲ့သို့ သိုင်းပညာများကို ထုတ်ဖော်၍ မရနိုင်သေးကြောင်း သတိရလိုက်သောအခါ ယဲ့ဖုန်း၏ မျက်နှာထား ညှိုးငယ်သွားရသည်။

ရှန်ကျိုးကုန်းမြေတိုက်ကြီးတွင် သိုင်းပညာများကို အဆင့် (၁) မှ (၉) အထိ ခွဲခြားထားပြီး၊ အဆင့် (၁) သည် အနိမ့်ဆုံးဖြစ်ကာ အဆင့် (၉) သည် အမြင့်ဆုံး ဖြစ်၏။

သိုင်းပညာတစ်ခုချင်းစီကိုလည်း ကျွမ်းကျင်မှုအပေါ် မူတည်၍ အောက်ပါအတိုင်း အဆင့် (၄) ဆင့် ခွဲခြားထားပြန်သည်။

အခြေခံအဆင့်၊ အဆင့်ငယ်အောင်မြင်မှု၊ အဆင့်ကြီးအောင်မြင်မှုနှင့် အထွတ်အထိပ်အဆင့်တို့ ဖြစ်ကြ၏။

ကျွမ်းကျင်မှု မြင့်မားလေ၊ စွမ်းအား ပိုကြီးမားလေ ဖြစ်၏။

ပုံမှန်အားဖြင့် ချီစုစည်းခြင်း (၄) ဆင့် (သို့မဟုတ်) (၅) ဆင့်မြောက် ကျင့်ကြံသူများသည် အခြေခံအဆင့်ကိုသာ ရောက်ရှိနိုင်ကြ၏။ (၅) ဆင့် (သို့မဟုတ်) (၆) ဆင့်မြောက် ရောက်မှသာ အဆင့်ငယ် အောင်မြင်မှု ကို ရရှိနိုင်ပြီး၊ (၇) ဆင့်မြောက် ဂိုဏ်းချုပ် အဆင့် စီနီယာ ကျင့်ကြံသူကြီးများသာလျှင် အဆင့်ကြီးအောင်မြင်မှု ကို ရောက်ရှိနိုင်ကြ၏။

အထွတ်အထိပ် အဆင့် ဆိုသည်မှာမူ အလွယ်တကူ ရောက်ရှိနိုင်သော အရာမဟုတ်ပေ။

ဟိုယွင်ကျဲ၏ 'မီးတိမ်တိုက်လက်ဝါးသိုင်း' အခြေခံ အဆင့်သို့ ရောက်ရှိသွားကြောင်း ကြားလိုက်ရသောအခါ ရှီလေ့နှင့် လီကျောက်ကျောက်တို့မှာ ဝမ်းသာအားရ ဖြစ်သွားကြ၏။

"ဒုတိယအစ်ကို... အစ်ကို့ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ ဆိုရင် အခြေခံ အဆင့် မီးတိမ်တိုက် လက်ဝါးသိုင်း ကို သုံးပြီး နိုင်ပွဲ တစ်ပွဲ ယူပေးနိုင်လောက်တယ်"

လီကျောက်ကျောက်က အမောဖြေရင်း ပြောလိုက်၏။

"ငါလည်း ပိုကြိုးစားမှ ဖြစ်တော့မယ်"

ရှီလေ့သည် ဟိုယွင်ကျဲ၏ အောင်မြင်မှုကို မြင်လိုက်ရသောအခါ စိတ်ဓာတ်ခွန်အားများ တက်ကြွလာပြီး ဆက်လက် ကျင့်ကြံရန် ပြင်ဆင်လိုက်၏။

"အခြေခံအဆင့်ပဲ ရှိပါသေးတယ်ကွာ"

ဟိုယွင်ကျဲက ခေါင်းခါလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

ချီစုစည်းခြင်း (၃) ဆင့် သို့မဟုတ် (၄) ဆင့်မြောက်တွင် ပထမအဆင့် သိုင်းပညာတစ်ခုကို အခြေခံအဆင့်ရောက်အောင် ကျင့်ကြံနိုင်သည်မှာ ပုံမှန်ပင် ဖြစ်၏။ သေချာပေါက် အနိုင်ရဖို့ဆိုလျှင် 'မီးတိမ်တိုက်လက်ဝါးသိုင်း' ကို အနည်းဆုံး အဆင့်ငယ်အောင်မြင်မှု အထိ ရောက်အောင် ကျင့်ကြံထားမှ ဖြစ်မည်ဟု သူ သိနေ၏။

"ဟုတ်တယ်... အခြေခံအဆင့်ပဲ ရှိသေးတာ"

ထိုအချိန်တွင် ယဲ့ဖုန်းက ဝင်ပြောလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ ဟိုယွင်ကျဲ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။

တပည့်များအားလုံး ကြိုးစားပမ်းစား ကျင့်ကြံနေကြသော်လည်း ဂိုဏ်းချုပ် ယဲ့ဖုန်း တစ်ယောက်တည်းသာ ဘာမှမလုပ်ဘဲ အားနေသည် မဟုတ်ပါလော။

"ဟုတ်ပါတယ်... ဒါပေမယ့် အခုချိန်မှာတော့ အခြေခံအဆင့် ဆိုတာ ကျွန်တော်တို့ မြူခိုးဂိုဏ်းအတွက် အမြင့်ဆုံး အောင်မြင်မှုပါပဲ" ဟု ဟိုယွင်ကျဲက မကျေနပ်ချက် အနည်းငယ် ပါဝင်သော လေသံဖြင့် တုံ့ပြန်လိုက်၏။

"ဘယ်သူက ပြောလဲ... အခြေခံအဆင့်က မြူခိုးဂိုဏ်း ရနိုင်တဲ့ အမြင့်ဆုံး အောင်မြင်မှုလို့"

ယဲ့ဖုန်း ထရပ်လိုက်ရင်း ပြောလိုက်၏။

သူသည် သစ်ကိုင်းခြောက်လေး တစ်ချောင်းကို ကောက်ယူလိုက်ပြီး ဟိုယွင်ကျဲ၏ လက်မောင်းမှ နေရာအချို့ကို ထောက်ပြလိုက်၏။

"ဒီနေရာ... ဒီနေရာ... ပြီးတော့ ဒီနေရာတွေမှာ စွမ်းအင်စီးဆင်းတဲ့အခါ တစ်ဆို့နေသလို မခံစားရဘူးလား"

"ဗျာ"

ဟိုယွင်ကျဲ၏ ရင်ထဲတွင် ဝေခွဲမရမှုများဖြင့် ပြည့်နှက်သွား၏။

'ဂိုဏ်းချုပ်ဦးလေးက သာမန်လူပဲဟာ... ဒီလိုအရာတွေကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ'

"အဲ့ဒီနေရာတွေမှာ စွမ်းအင်စီးဆင်းမှုကို ပြောင်းပြန်လှည့်လိုက်... ပြီးရင် စွမ်းအင်စုစည်းမှု အရှိန်ကို ငါးပုံတစ်ပုံလောက် တိုးလိုက်... အဲ့ဒါဆိုရင် ဘာဖြစ်မလဲ ကြည့်ရအောင်"

ယဲ့ဖုန်းသည် ဟိုယွင်ကျဲ၏ သံသယ မျက်လုံးများကို ဂရုမစိုက်ဘဲ အေးဆေးတည်ငြိမ်စွာ ဆက်ပြောလိုက်၏။

ဟိုယွင်ကျဲသည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ယဲ့ဖုန်း၏ တည်ငြိမ်သော မျက်ဝန်းများကို မြင်လိုက်ရသဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

"ဝူးးးး"

ဤတစ်ကြိမ်တွင် ဟိုယွင်ကျဲ၏ လက်ဝါးပြင်များသည် ချက်ချင်းပင် ပူပြင်းတောက်လောင်လာပြီး မီးတောက်များ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူ ဖြည်းညှင်းစွာ ရိုက်ချလိုက်သည့်အခါ...

သစ်တိုင်တစ်ခုလုံး ပြာကျသွားလေတော့၏။

"အဆင့်ငယ်... အဆင့်ငယ် အောင်မြင်မှုလား"

ဟိုယွင်ကျဲသည် သူ၏ လက်ဝါးပြင်များကို မယုံနိုင်စွာ ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်လျက် ယဲ့ဖုန်းဘက်သို့ လှည့်ကြည့်လိုက်မိ၏။

'ဂိုဏ်းချုပ်ဦးလေးရဲ့ လမ်းညွှန်မှု တစ်ခုတည်းနဲ့တင်... ငါ့ရဲ့ မီးတိမ်တိုက်လက်ဝါးသိုင်း က အဆင့်ငယ်အောင်မြင်မှု ကို ရောက်သွားတာလား'

ရှီလေ့နှင့် လီကျောက်ကျောက်တို့သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ပဉ္စလက်ပညာရပ်အား မြင်လိုက်ရသကဲ့သို့ ယဲ့ဖုန်းကို ကြောင်ငေးကြည့်နေမိကြတော့၏။

All Chapters