သွေးရောင်မြွေဂိုဏ်း၏ စိန်ခေါ်မှု
Vol. 1 Ch. 3
~"ဂိုဏ်းချုပ်ဦးလေး... ဘယ်... ဘယ်လိုလုပ်လိုက်တာလဲဗျာ"
ဟိုယွင်ကျဲသည် လက်ဝါးပြင်ထက်မှ မီးတောက်များကို အလျင်အမြန် ရုတ်သိမ်းလိုက်ရင်း ယဲ့ဖုန်းကို လေးသံဖြင့် မေးမြန်းလိုက်၏။ ယခင်က ယဲ့ဖုန်းအပေါ် ထားရှိခဲ့သော မကျေနပ်ချက်များမှာ လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ရှီလေ့နှင့် လီကျောက်ကျောက်တို့ကလည်း ယဲ့ဖုန်းကို မျက်တောင်မခတ်တမ်း ငေးကြည့်နေကြ၏။ သူတို့သိချင်သည်မှာလည်း ထိုမေးခွန်း၏ အဖြေပင် ဖြစ်လေသည်။
ယဲ့ဖုန်းကိုယ်တိုင်လည်း ရင်တုန်ပန်းတုန် ဖြစ်နေရရှာသည်။
'ငါ့ကျင့်ကြံမှုအဆင့်ကို ငါကိုယ်တိုင်တောင် အာရုံခံလို့မရဘဲနဲ့... ဒီ မီးတိမ်တိုက်လက်ဝါးသိုင်း ကိုပဲ နက်နက်နဲနဲ နားလည်နေတာ... ဘယ်လို အခြေအနေကြီးလဲ'
ဟိုယွင်ကျဲ၏ အားနည်းချက် အနည်းငယ်ကို ထောက်ပြလိုက်ရုံဖြင့် ဤမျှ ထိရောက်မှု ရှိသွားလိမ့်မည်ဟု ယဲ့ဖုန်း ထင်မှတ်မထားခဲ့မိပေ။ တစ်ကြိမ်တည်း လမ်းညွှန်လိုက်ရုံဖြင့် အခြေခံ အဆင့်မှ အဆင့်ငယ် အောင်မြင်မှုသို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။
ယခုမူ ယဲ့ဖုန်းတစ်ယောက် ယုံကြည်မှု အပြည့်ရှိသွားတော့၏။ ဟိုယွင်ကျဲသာ သူပြောသည့်အတိုင်း လိုက်နာကျင့်ကြံမည်ဆိုပါက (၃) ရက်အတွင်း 'မီးတိမ်တိုက်လက်ဝါးသိုင်း' သည် ပြီးပြည့်စုံသည့် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး၊ အဆင့်တူ ပြိုင်ဘက်များကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။
တပည့် (၃) ယောက်၏ သံသယ မျက်လုံးများကို ရင်ဆိုင်လိုက်ရချိန်တွင် ယဲ့ဖုန်း၏ မျက်ဝန်းများက ရိပ်ခနဲ လှုပ်ရှားသွားပြီး ချက်ချင်းပင် မုသားစကားကို ဆိုလိုက်တော့၏။
"ငါက သိုင်းပညာရပ်တွေကို နှံ့နှံ့စပ်စပ် နားလည်ထားပြီးသားလေ... မင်းတို့ရဲ့ အမှားတွေကို ထောက်ပြနိုင်တာက မဆန်းပါဘူး... ဒါပေမယ့် မင်းတို့အနေနဲ့ အရင်ဆုံး အခြေခံအဆင့်ကို ရောက်အောင် ကျင့်ကြံဖို့ လိုတယ်... ငါက အဲ့ဒီကျမှပဲ သင်ပေးမှာ... ဘာလို့လဲဆိုတော့ အခြေခံအဆင့်ကို ရောက်မှသာ ဒီသိုင်းပညာနဲ့ မင်းတို့ကြားက ရေစက်ပါမပါ ငါသိနိုင်မှာပေါ့"
ဤသည်မှာ လတ်တလော အခြေအနေတွင် ယဲ့ဖုန်း စဉ်းစား၍ ရနိုင်သမျှ အကောင်းဆုံး ဆင်ခြေပင် ဖြစ်လေသည်။
တပည့်များက သိုင်းပညာတစ်ခုကို အခြေခံအဆင့် ရောက်အောင် ကျင့်ကြံနိုင်မှသာ စနစ်က သူ့ကို ထိုသိုင်းပညာ၏ အထွတ်အထိပ်အဆင့်သို့ တန်းရောက်အောင် ကူညီပေးနိုင်မည် ဖြစ်၏။ ထိုသို့ ကိုယ်တိုင်တတ်မြောက်သွားမှသာလျှင် တပည့်များကို ပြန်လည်လမ်းညွှန်ပေးနိုင်မည် မဟုတ်ပါလော။
ဤသို့ ပြောဆိုလိုက်ခြင်းဖြင့် တပည့်များ၏ ကျင့်ကြံလိုစိတ်ကို တက်ကြွလာစေနိုင်သလို သူ့မုသားကိုလည်း ဖုံးကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
"တ... တကယ်လားဟင်"
တပည့် (၃) ယောက်လုံး မျက်လုံးများ ပြူးကျယ်သွားကြရှာသည်။
'ဂိုဏ်းချုပ်ဦးလေးက အရင်တုန်းက ငါတို့ကို ကိုယ့်ဘာသာ ကျင့်ကြံခိုင်းခဲ့တာ ဒါကြောင့်ကိုး... ငါတို့ အခြေခံအဆင့် ရောက်လာမယ့်အချိန်ကို သူက စောင့်နေခဲ့တာပဲ' ဟူ၍ တွေးတောလိုက်မိကြ၏။
"တကယ်ပေါ့... မီးတိမ်တိုက်လက်ဝါးသိုင်း တင် မဟုတ်ဘူး... လေဝိညာဉ်ခြေလှမ်းသိုင်း နဲ့ သံမဏိဒိုင်းကာသိုင်း တွေမှာလည်း ငါ လမ်းညွှန်ပေးနိုင်တယ်... ဒါပေမယ့် မင်းတို့သာ အခြေခံအဆင့်ရောက်အောင် အရင် ကြိုးစားကြစမ်းပါ"
ယဲ့ဖုန်းသည် တည်ငြိမ်စွာပင် လိမ်ညာလိုက်ပြန်သည်။
ထို့နောက် ရှီလေ့နှင့် လီကျောက်ကျောက်ကို ကြည့်ကာ ဆက်ပြောလိုက်၏။
"မင်းတို့နှစ်ယောက်လည်း သံမဏိဒိုင်းကာသိုင်း နဲ့ လေဝိညာဉ်ခြေလှမ်းသိုင်း ကို အခြေခံအဆင့်ရောက်အောင် မြန်မြန် ကျင့်ကြံကြစမ်း"
"ဟုတ်ကဲ့ပါ"
ရှီလေ့နှင့် လီကျောက်ကျောက်တို့သည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ကြပြီး ပိုမို ကြိုးစားအားထုတ်ကာ ကျင့်ကြံကြလေတော့၏။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဦးလေး"
ဟိုယွင်ကျဲသည် ယဲ့ဖုန်း၏ ရှေ့မှောက်တွင် ဒူးထောက်ချလိုက်ပြီး လေးလေးနက်နက် (၃) ကြိမ်တိုင်တိုင် ဦးညွှတ် ဂါရဝပြုလိုက်ရာ ယဲ့ဖုန်းခမျာ လန့်ဖျပ်သွားရသည်။
"ဂိုဏ်း ပျက်စီးတော့မယ့် အချိန်မှာတောင် မင်းတို့က မစွန့်ခွာဘဲ ဖက်တွယ်ထားကြတယ်ဆိုတော့... ငါကလည်း မင်းတို့ကို ဘယ်စိတ်ပျက်စေပါ့မလဲကွ... မီးတိမ်တိုက်လက်ဝါးသိုင်း ကို ဆက်ကျင့်ကြံပြီး (၃) ရက်အတွင်း အထွတ်အထိပ်အဆင့် ရောက်အောင် ကြိုးစားစမ်း"
ယဲ့ဖုန်းသည် မျှော်လင့်ချက် ကြီးစွာဖြင့် ဟိုယွင်ကျဲ၏ ပခုံးကို ပုတ်ကာ အားပေးလိုက်လေသည်။
'ဒီကောင်လေးသာ အခြေခံအဆင့်ကို မရောက်ခဲ့ရင် စနစ်မှာ ဒီလိုဆန်းကြယ်တဲ့ လုပ်ဆောင်ချက် ပါမှန်း ငါသိလိုက်မှာတောင် မဟုတ်ဘူး'
"(၃) ရက်အတွင်း အထွတ်အထိပ်အဆင့် ဟုတ်လား"
ဟိုယွင်ကျဲ မှင်သက်သွားရသည်။
ပထမအဆင့် သိုင်းပညာတစ်ခုကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံဖို့ဆိုသည်မှာ မရေမတွက်နိုင်သော ကြိုးစားအားထုတ်မှုများ လိုအပ်ပြီး၊ များသောအားဖြင့် ချီစုစည်းခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိနေသော စီနီယာ ကျင့်ကြံသူကြီးများသာ စွမ်းဆောင်နိုင်သည့် အရာဖြစ်၏။
"ငါ ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ"
ယဲ့ဖုန်းက ပြတ်ပြတ်သားသား ဆိုလိုက်၏။
"ဟုတ်... ဟုတ်ကဲ့ပါ... ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်" ဟိုယွင်ကျဲသည် အံ့အားသင့်နေဆဲ ဖြစ်သော်လည်း ချက်ချင်းပင် လက်တွေ့လုပ်ဆောင်တော့၏။
ကျင့်ကြံစဉ် ကြုံတွေ့ရသည့် အခက်အခဲများကို မေးမြန်းသည့်အခါ ယဲ့ဖုန်းကလည်း သူ့နားလည်မှုအတိုင်း အသေးစိတ် ရှင်းပြပေးလေသည်။
ဤနည်းဖြင့် ဟိုယွင်ကျဲ၏ တိုးတက်မှုနှုန်းမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့၏။
ရှီလေ့နှင့် လီကျောက်ကျောက်တို့သည်လည်း အားသွန်ခွန်စိုက် ကျင့်ကြံနေကြဆဲ ဖြစ်၏။ ယဲ့ဖုန်း၏ အံ့မခန်း အရည်အချင်းများကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီးနောက် သူတို့၏ စိတ်ဓာတ်ခွန်အားများမှာ မီးလောင်ရာ လေပင့်သကဲ့သို့ ပိုမို တောက်လောင်လာခဲ့တော့၏။
နေဝင်ရီတရော အချိန်သို့ ရောက်တော့၏။
တစ်နေ့လုံး ပင်ပန်းဆင်းရဲခံကာ ကျင့်ကြံပြီးနောက် ဟိုယွင်ကျဲသည် မီးတောက်များ လွှမ်းခြုံထားသည့် လက်ဝါးဖြင့် သစ်တိုင်ကို ရိုက်ချလိုက်ရာ ဝုန်းခနဲ ကျိုးပဲ့သွားတော့၏။
"အဆင့်ကြီး အောင်မြင်သွားပြီပဲ"
ဟိုယွင်ကျဲ၏ နှလုံးသားသည် သိမ့်သိမ့်ခါသွားရ၏။
တစ်ရက်တည်းနှင့် အခြေခံ အဆင့်မှ အဆင့်ကြီး အောင်မြင်မှုသို့ ရောက်ရှိသွားခဲ့သည်မှာ ယုံကြည်နိုင်ဖွယ်ရာပင် မရှိချေ။ သူ တကယ် စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်၏။
သို့သော် ဤအောင်မြင်မှုသည် သူ့တစ်ယောက်တည်းကြောင့် မဟုတ်ဘဲ ဂိုဏ်းချုပ်ဦးလေး ယဲ့ဖုန်း၏ လမ်းညွှန်မှုကြောင့်သာ ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး နားလည်ထားသည်။
"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် အောင်မြင်သွားပြီ" ဟိုယွင်ကျဲက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်၏။
"တစ်ရက်တည်းနဲ့ အဆင့်ကြီးအောင်မြင်မှု ရသွားတာ မဆိုးဘူးပဲ" ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
သို့သော် ဟိုယွင်ကျဲ ဘဝင်မြင့်သွားမည်ကို စိုးရိမ်သဖြင့် ယဲ့ဖုန်း၏ ပြုံးနေသော မျက်နှာထားသည် ရုတ်ချည်း တည်ကြည် လေးနက်သွားပြီး သတိပေးလိုက်လေသည်။
"ဒါပေမယ့် မင်း ဒီထက်ပိုပြီး သန်မာဖို့ လိုသေးတယ်... တိုက်ပွဲမတိုင်ခင် အထွတ်အထိပ်အဆင့်ကို ရောက်မှသာ နိုင်နိုင်ချေ ရာနှုန်းပြည့် သေချာမှာကွ"
သွေးရောင်မြွေဂိုဏ်းမှ ပါရမီရှင် တပည့် စစ်ထိုက်ကျန် ဆိုသူမှာ ချီစုစည်းခြင်း (၅) ဆင့်မြောက်သို့ ရောက်ရှိနေသူဖြစ်ပြီး အလွန် စွမ်းအားကြီးမားလှသည်။ မူလက စတုတ္ထတပည့်ဖြစ်သူ ရှောင်ဖန်ကူ နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရမည် ဖြစ်သော်လည်း ထိုကောင်စုတ်လေး ရှောင်ဖန်ကူ က မြူခိုးဂိုဏ်းကို သစ္စာဖောက်သွားလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။
ထို့ကြောင့် ယဲ့ဖုန်းအနေဖြင့် ဟိုယွင်ကျဲကို စစ်ထိုက်ကျန်နှင့် ရင်ဆိုင်ခိုင်းရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ဟိုယွင်ကျဲမှာ ချီစုစည်းခြင်း (၄) ဆင့်မြောက်သာ ရှိသေးရာ (၅) ဆင့်မြောက်သို့ ရောက်နေသည့် စစ်ထိုက်ကျန်ကို နိုင်ဖို့ဆိုသည်မှာ မလွယ်ကူလှချေ။ သိုင်းပညာကို အဆင့်ကြီးအောင်မြင်မှုအထိ တတ်မြောက်ထားမှသာလျှင် ယှဉ်နိုင်ရုံ ရှိပေမည်။
အကယ်၍ အထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်မှသာ အနိုင်ရဖို့ သေချာပေါက် အာမခံနိုင်မည် ဖြစ်၏။
"ပွဲစဉ် (၃) ပွဲလုံး အနိုင်ရဖို့ဆိုတာ... ဖိအားကတော့ မသေးဘူးပဲ"
ယဲ့ဖုန်း တစ်ယောက်တည်း ရေရွတ်လိုက်မိ၏။
ဟိုယွင်ကျဲ၏ 'မီးတိမ်တိုက်လက်ဝါးသိုင်း' မှာ အဆင့်ကြီးအောင်မြင်မှု ရရှိသွားပြီ ဖြစ်သော်လည်း၊ (၃) ရက်အတွင်း အထွတ်အထိပ်ရောက်သွားလျှင်ပင် တစ်ပွဲသာ အနိုင်ရရှိနိုင်မည် ဖြစ်၏။
အခြေခံအဆင့်သို့ပင် မရောက်ရှိသေးသော ရှီလေ့နှင့် လီကျောက်ကျောက်တို့အတွက်မူ မည်သို့ လုပ်ရပါမည်နည်း။
'သူတို့ကိုရော မီးတိမ်တိုက်လက်ဝါးသိုင်း ပဲ သင်ပေးလိုက်ရမလား'
ဤအကြံမှာ မဆိုးလှဟု တွေးမိလိုက်၏။
ယဲ့ဖုန်း စကားစပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် ပထမအဆင့် သိုင်းပညာတစ်ခုဖြစ်သည့် 'လေဝိညာဉ်ခြေလှမ်းသိုင်း' သည် သူ့မှတ်ဉာဏ်ထဲသို့ အလုံးစုံ ဝင်ရောက်လာပြီး ကျွမ်းကျင်မှုမှာလည်း အထွတ်အထိပ်အဆင့်သို့ တန်းရောက်သွားလေတော့၏။
'လီကျောက်ကျောက် လည်း အခြေခံအဆင့် ရောက်သွားပြီလား'
ယဲ့ဖုန်းသည် အံ့အားသင့်စွာဖြင့် ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်ရာ လီကျောက်ကျောက်၏ ခြေလှမ်းများသည် လေကိုစီးနင်းလိုက်သကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ တစ်ကိုယ်လုံးတွင် ပျော့ပျောင်းသော အလင်းရောင်များ လွှမ်းခြုံထားပြီး ပျံလွှားငှက်ငယ်တစ်ကောင်နှယ် ပေါ့ပါးနေကာ နံရံများကို မျောက်တစ်ကောင်လို ပြေးလွှားတက်ရောက်နိုင်နေပြီ ဖြစ်၏။ ဖမ်းဆုပ်ရန် အလွန်ခက်ခဲမည့် ပုံစံမျိုးပင်။
ဒါကတော့ 'လေဝိညာဉ်ခြေလှမ်းသိုင်း' အခြေခံအဆင့်သို့ ရောက်ရှိသွားခြင်း၏ လက္ခဏာပင် ဖြစ်၏။
နောက်တစ်ခဏတွင်...
ယဲ့ဖုန်း၏ ခေါင်းထဲသို့ နောက်ထပ် သိုင်းပညာမှတ်ဉာဏ်တစ်ခု ထပ်မံ ဝင်ရောက်လာပြန်သည်။ ၎င်းမှာ ရှီလေ့ ကြိုးစားပမ်းစား ကျင့်ကြံနေသော 'သံမဏိဒိုင်းကာသိုင်း' ပင် ဖြစ်လေသည်။
ရှီလေ့သည် လက်နှစ်ဖက်ကို ဆန့်တန်းထားရာ တစ်မီတာခန့် မြင့်မားပြီး နှာခေါင်းဝ တစ်ဝက်ခန့် ကျယ်ဝန်းသည့် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော အနက်ရောင် ဒိုင်းကာအရိပ်တစ်ခု ပေါ်လာသည်။ လက်သီးဆုပ်လောက် ထူထဲပြီး ကြည့်လိုက်သည်နှင့် သံမဏိဒိုင်းကာကြီး တစ်ခုအလား ထင်မှတ်ရပေသည်။
"ရှီလေ့ရဲ့ သံမဏိဒိုင်းကာသိုင်း ကလည်း အခြေခံအဆင့် ရောက်သွားပြီပဲ"
ယဲ့ဖုန်းတစ်ယောက် ကံကောင်းခြင်းများ ဒွန်တွဲဝင်ရောက်လာသလို ခံစားလိုက်ရသည်။
"မင်းတို့အားလုံး အခြေခံအဆင့် ရောက်သွားကြပြီဆိုတော့ သိပ်ကောင်းတယ်... ကဲ... အခုကစပြီး ငါကိုယ်တိုင် လမ်းညွှန်ပေးမယ်"
ယဲ့ဖုန်း၏ စိတ်အခြေအနေမှာ ကြည်နူးမှု အပေါင်း ခညောင်းနေတော့၏။
သိုင်းပညာ တစ်ခုတည်းထက် သုံးခု ရှိနေခြင်းက ပိုကောင်းသည် မဟုတ်ပါလော။
သူသည် တပည့် (၃) ယောက်လုံးကို သူတို့၏ ပင်မသိုင်းပညာရပ်များအား အဆင့်ကြီးအောင်မြင်မှု နှင့် အထွတ်အထိပ်အဆင့် ရောက်သည်အထိ ဦးစွာ လမ်းညွှန်ရန် ဆုံးဖြတ်လိုက်၏။
ထို့နောက်မှ အရန်အနေဖြင့် အခြားသိုင်းပညာနှစ်ခုကိုပါ ဆက်လက်သင်ကြားပေးမည် ဖြစ်၏။ သို့မှသာ မည်သည့် အလွဲအချော်မှ မရှိနိုင်မည် ဖြစ်၏။
တပည့် (၃) ယောက်၏ ပါရမီမှာ သာမန်သာ ရှိသော်လည်း၊ သာမန်ဟု ဆိုရာ၌ တုံးအသည်ဟု မဆိုလိုပေ။ သူတို့တွင် ပုံမှန် ဉာဏ်ရည်ဉာဏ်သွေးနှင့် နားလည်နိုင်စွမ်း ရှိကြပြီး၊ ယဲ့ဖုန်း၏ တိကျသော လမ်းညွှန်မှုအောက်တွင် တိုးတက်မှုနှုန်းမှာ အလွန် မြန်ဆန်နေပေသည်။
ထို့နောက်တွင်တော့ ယဲ့ဖုန်းခမျာ တစ်ညလုံး မအိပ်မနေ လမ်းညွှန်ပေးခဲ့ရသဖြင့် မျက်လုံးများမှာ အရောင်ကင်းမဲ့ကာ မျက်ကွင်းများ ညိုမည်းပြီး ပန်ဒါဝက်ဝံကြီး တစ်ကောင်နှယ် ဖြစ်နေရှာ၏။
သူ့လက်အောက်မှ တပည့်ကျော် (၃) ယောက်မှာမူ ကျင့်ကြံလေလေ၊ ပိုမို တက်ကြွလန်းဆန်းလာလေလေ ဖြစ်နေကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချိန်းဆိုထားသည့် နေ့ရက်သို့ ရောက်ရှိလာခဲ့တော့၏။
ထိုနေ့တွင်...
ဆက်တိုက် ညအိပ်ရာမဝင်ဘဲ နေခဲ့ရသော ဒဏ်ကြောင့် ယဲ့ဖုန်းသည် ပင်ပန်းနွမ်းနယ်မှုကို မလွန်ဆန်နိုင်တော့ဘဲ လှေကားထစ်ပေါ်၌ အိပ်ပျော်သွားရှာသည်။
ဂိတ်တံခါးဝ အပြင်ဘက်မှ ရှပ်တိုက် လှမ်းလာကြသော ခြေသံများနှင့်အတူ ဆူညံပွက်လောရိုက်နေသော အသံဗလံများကို ကြားလိုက်ရသည်။
"မြူခိုးဂိုဏ်းက ကောင်တွေ... မင်းတို့ မြန်မြန် ထွက်မလာကြသေးဘူးလား"
သွေးရောင်မြွေဂိုဏ်းမှ စေတမန်ဖြစ်သူ၊ ပါးစပ်ရွဲ့နေသော လူငယ် စစ်ထိုက်ကျန် သည် အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဒါဇင်ခန့်ကို ဦးဆောင်လျက် ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။ လှေကားထစ်ပေါ်တွင် အိပ်ပျော်နေသော ယဲ့ဖုန်းကို မြင်လိုက်ရသည့်အခါ သူ၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုသည့် အမူအရာများ ပေါ်လာတော့၏။
"ရေနွေးပူ လောင်းခံရတော့မယ့် ဝက်သေကြီးလို အေးဆေးနေနိုင်လွန်းတယ်"
စစ်ထိုက်ကျန်က လှောင်ပြောင်လိုက်၏။
"အချိန်မှ မရောက်သေးတာ... ဘာတွေ လောနေရတာလဲ" စီနီယာတပည့်ကြီး ရှီလေ့က စစ်ထိုက်ကျန်ကို လှမ်းတားလိုက်၏။
"ဟားဟားဟား၊ စောစောရှုံးတာနဲ့ နောက်ကျမှ ရှုံးတာ ဘာများထူးမှာမို့လို့လဲ"
စစ်ထိုက်ကျန်က မောက်မာစွာ ရယ်မောလိုက်လေသည်။
တဆက်တည်း၌၊ ချီစုစည်းခြင်း (၅) ဆင့်မြောက် အရှိန်အဝါများသည် သူ့ခန္ဓာကိုယ်မှတစ်ဆင့် ပြင်းထန်သော လေပွေတစ်ခုအလား ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပြီး ဖုန်မှုန့်များကို တလိလိ တက်လာစေသည်။
'ဘာတွေ ဖြစ်ကုန်ကြပြီလဲ'
ယဲ့ဖုန်းမှာ အိပ်မောကျနေသော်လည်း ဖုန်မှုန့်များကြောင့် ချောင်းဟန့်ရင်း နိုးလာရ၏။
စစ်ထိုက်ကျန် ဦးဆောင်သော သွေးရောင်မြွေဂိုဏ်းသားများကို အသေအချာ မြင်လိုက်ရသည့်အခါမှ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲ စတင်တော့မည် ဖြစ်ကြောင်း ယဲ့ဖုန်း သဘောပေါက်လိုက်၏။
သူသည် ဖျတ်ခနဲ လန့်နိုးသွားပြီး အိပ်ရာမှ ကုန်းရုန်းထလိုက်လေတော့၏။