← Chapters

အလှည့်အပြောင်း ဖြစ်ပေါ်စေမည့် ပထမဆုံး တိုက်ပွဲ

Vol. 1 Ch. 4

အလှည့်အပြောင်း ဖြစ်ပေါ်စေမည့် ပထမဆုံး တိုက်ပွဲ

Vol. 1 Ch. 4

~"ဂိုဏ်းချုပ်ဦးလေး... နည်းနည်းလောက် အနားယူနေပါဦး... ကျန်တာ ကျွန်တော်တို့ တာဝန်ထားလိုက်ပါ"

ရှီလေ့သည် ယဲ့ဖုန်း၏ ဘေးသို့ ပြန်ရောက်လာပြီး သူ့ကိုယ်လုံးဖြင့် ဖုန်မှုန့်များကို ကာကွယ်ပေးလိုက်၏။

သူ့အရပ်က သိပ်မရှည်သော်လည်း အတော်လေး တုတ်ခိုင်သန်မာပြီး၊ ယဲ့ဖုန်း၏ ရှေ့တွင် နံရံကြီး တစ်ချပ်အလား ရပ်ကာ ကာကွယ်ပေးထားသဖြင့် လုံခြုံသည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

"ငါတို့ ဂိုဏ်းချုပ်ဦးလေးကို မရိုမသေ မလုပ်နဲ့"

လီကျောက်ကျောက်နှင့် ဟိုယွင်ကျဲတို့လည်း ယဲ့ဖုန်း၏ ဘေးသို့ ရောက်လာကြ၏။

တပည့်ကြီး (၃) ဦးသည် ယဲ့ဖုန်း၏ ရှေ့တွင် ဘေးတိုက်စီတန်း ရပ်လိုက်ကြပြီး၊ သွေးရောင်မြွေဂိုဏ်းသားများ၏ မောက်မာသော အရှိန်အဝါများကို ဟန့်တားကာကွယ်ပေးလိုက်ကြ၏။

နုနယ်သေးသော တပည့် (၃) ယောက်၏ ကျောပြင်များကို ကြည့်ရင်း ယဲ့ဖုန်း၏ ရင်ထဲတွင် လှုပ်ရှားသွားရရှာသည်။

'ဒုက္ခရောက်မှ မိတ်ဆွေစစ်ကို မြင်ရတယ်ဆိုတာ ဒါမျိုးကိုး... ဒီကလေး (၃) ယောက်က ဂိုဏ်းကို တကယ် သံယောဇဉ်ရှိကြတာပဲ... သစ္စာဖောက်ကောင် ရှောင်ဖန်ကူ ထက် အများကြီး သာတယ်'

ယဲ့ဖုန်း စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်လိုက်မိ၏။

‘ဒီအကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ရင် နောက်ပိုင်း တပည့်သစ်တွေ လက်ခံတဲ့အခါ သစ္စာရှိမှုကို အဓိကထား ရွေးချယ်မယ်’ ဟုလည်း သူ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်၏။

"ကျင့်ကြံခြင်းအဆင့် နတ္ထိ ဖြစ်နေတဲ့ ဂိုဏ်းချုပ်အပေါ် သစ္စာရှိပြနေကြတာ တော်တော် ကြည့်ကောင်းပါပေတယ်... ဒါပေမယ့် မကြာခင် မင်းတို့လည်း အထုပ်ဆွဲပြီး ပြေးရတော့မှာပါကွာ... နှမြောစရာပဲ"

စစ်ထိုက်ကျန်က လက်ပိုက်လျက် လှောင်ပြောင်လိုက်၏။

ရှီလေ့နှင့် ကျန်နှစ်ယောက်မှာ စစ်ထိုက်ကျန်ကို ချက်ချင်း ပြေးထိုးချင်စိတ် ပေါက်သွားသော်လည်း ယဲ့ဖုန်း၏ လက်ဟန်ပြ တားမြစ်မှုကြောင့် အောင့်အီး သည်းခံလိုက်ရသည်။

"အခု အချိန်မဟုတ်သေးဘူး... စင်ပေါ်ရောက်မှ အသေ ရိုက်ကြတာပေါ့"

ယဲ့ဖုန်းက တည်ငြိမ်စွာ ပြောလိုက်၏။

"ဟေ... အသေ ရိုက်မယ်... ဟုတ်လား... ငါများ နားကြားမှားတာလားကွ"

စစ်ထိုက်ကျန်နှင့် သူ့ဘေးရှိ သွေးရောင်မြွေဂိုဏ်းသား တစ်ဒါဇင်ခန့်မှာ ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ တဟားဟား အော်ရယ်လိုက်ကြတော့၏။

"သွေးရောင်မြွေဂိုဏ်းနဲ့ မြူခိုးဂိုဏ်းက ဂိုဏ်းချုပ်တွေ... ဘယ်မှာလဲ"

ထိုအချိန်တွင် တံခါးဝဆီမှ ဩဇာပြည့်ဝသော အသံနက်ကြီးတစ်ခု ထွက်ပေါ်လာရာ အားလုံး လှည့်ကြည့်လိုက်ကြ၏။ ထူးခြားသော ငွေရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသည့် လူ (၃) ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။

ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အသက် (၅၀) ခန့်ရှိမည့် လူလတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦး ဖြစ်၏။ သူ၏ ပြောင်စင်နေသော ခေါင်းတုံးပြောင်ကြီးမှာ တောက်ပနေပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ဝဖြိုးလေသည်။

"တာဝန်ခံကျိုး ကို ဂါရဝပြုပါတယ်"

သွေးရောင်မြွေဂိုဏ်းသားများမှာ မျက်နှာပေါ်မှ လှောင်ပြောင်ရိပ်များကို ချက်ချင်း ဖျောက်ဖျက်လိုက်ပြီး ဖားယားသော မျက်နှာထားများဖြင့် အရိုအသေ ပေးလိုက်ကြ၏။

ဤ 'တာဝန်ခံကျိုး' ဆိုသူမှာ သာမန် ပုဂ္ဂိုလ်မဟုတ်ပေ။

သူသည် ရေပေါ်ဖြူမြို့တော် မြို့စားမင်းအိမ်တော်မှ တာဝန်ခံတစ်ဦး ဖြစ်ပြီး၊ ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်သို့ ရောက်ရှိနေသူ ဖြစ်၏။ ဂိုဏ်းများအကြား ပဋိပက္ခများကို ကြီးကြပ်ဖြေရှင်းပေးရသူ ဖြစ်ပြီး၊ ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်များကို သိမ်းဆည်းနိုင်ခွင့် အာဏာရှိသူလည်း ဖြစ်၏။

ရေပေါ်ဖြူမြို့တော် တစ်ဝိုက်ရှိ ဂိုဏ်းများအတွက် တာဝန်ခံကျိုးသည် ကျော်လွှား၍ မရနိုင်သော တောင်ကြီးတစ်လုံးပမာပင်။

"တာဝန်ခံကျိုး... မတွေ့တာ ကြာပြီပဲ... ခင်ဗျား နည်းနည်း ပိန်သွားသလားလို့"

သွေးရောင်မြွေဂိုဏ်းသားများ၏ အနောက်ဘက်ဆီမှ အသံအက်အက်ကြီးတစ်ခု ထွက်ပေါ်လာပြီး၊ ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဆံပင်နီနီနှင့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။

ထိုသူမှာ သွေးရောင်မြွေဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်တာ့ကျန်း ပင် ဖြစ်လေသည်။

ပိန်သွားသည်ဟု အပြောခံရသဖြင့် တာဝန်ခံကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ယဉ်ကျေးမှုတွေ ဖယ်ထားလိုက်ကြရအောင်... ဂိုဏ်းနှစ်ခုကြား တိုက်ပွဲအတွက် ဂိုဏ်းချုပ်နှစ်ယောက် ဘယ်လောက် ပြင်ဆင်ပြီးကြပြီလဲ"

"မြူခိုးဂိုဏ်းလောက်ကို တိုက်ဖို့ ကျွန်တော်တို့က ပြင်ဆင်နေရဦးမှာလားဗျာ"

ကျောက်တာ့ကျန်းက မဲ့ပြုံးတစ်ချက် ပြုံးရင်း ပြောလိုက်၏။

တာဝန်ခံကျိုးက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။

နှုတ်မှ ထုတ်မပြောသော်လည်း သူကိုယ်တိုင်ကလည်း မြူခိုးဂိုဏ်း နိုင်မည်ဟု မထင်ထားပေ။

ဝင်လာကတည်းက သူ သတိထားမိသည်မှာ ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လီကျောက်ကျောက် တို့၏ ကျင့်ကြံခြင်းအဆင့်မှာ သာမန်မျှသာ ရှိနေခြင်းပင်။

ဂိုဏ်းချုပ်ဖြစ်သူ ယဲ့ဖုန်းဆိုလျှင် အသက်ရှုသံအာရုံခံအဆင့် ကိုပင် မရောက်သေးသည့် သာမန်လူ တစ်ယောက် ဖြစ်နေ၏။

အဓိက အချက်မှာ တပည့် (၃) ယောက်သာ ရှိခြင်းပင်။

တစ်ပွဲ ရှုံးသည်နှင့် တိုက်ပွဲတစ်ခုလုံး ရှုံးနိမ့်သွားမည် ဖြစ်၏။

ဒဏ္ဍာရီလာ 'နှစ်ပွဲရှုံးပြီးမှ သုံးပွဲပြန်နိုင်ခြင်း' ဆိုသည်မှာ လက်တွေ့မကျဟု တာဝန်ခံကျိုး ထင်မြင်မိ၏။

သူ့အတွက်မူ ဤတိုက်ပွဲကို လာရောက်ကြီးကြပ်ရသည်မှာ အချိန်ဖြုန်းနေရသလိုပင် ခံစားနေရသည်။

"စင်မြင့်လည်း အဆင်သင့် ဖြစ်နေပြီ... နှစ်ဖက်လုံး ခဏလောက် ပြင်ဆင်ပြီးတာနဲ့ ပြိုင်ပွဲ စတင်ဖို့ စင်ပေါ် တက်ခဲ့ကြပါ"

တာဝန်ခံကျိုးသည် ထိုစကားကို ပြောပြီးနောက် မြူခိုးဂိုဏ်း၏ ဟောင်းနွမ်းနေသော ခြံဝင်းထဲမှ ထွက်ခွာသွားလေသည်။

"မင်းတို့တွေ စောင့်ကြည့်နေလိုက်..."

စစ်ထိုက်ကျန်က ယဲ့ဖုန်းနှင့် အဖွဲ့ကို လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ လည်ပင်းကို ဓားဖြင့် လှီးပြသည့် ပုံစံ လုပ်ပြပြီးနောက် ခြံဝင်းထဲမှ ထွက်ခွာသွားတော့၏။

"ဂိုဏ်းချုပ်... ကျွန်တော်တို့..."

ဟိုယွင်ကျဲသည် စစ်ထိုက်ကျန်တို့ ထွက်ခွာသွားရာ လမ်းကြောင်းကို စိုက်ကြည့်ရင်း လေးနက်သော လေသံဖြင့် စကားစလိုက်၏။

သို့သော် သူ စကားမဆုံးခင်မှာပင် ယဲ့ဖုန်းက လက်ကာပြပြီး ဖြတ်ပြောလိုက်၏။

"အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြမယ်"

"ဟုတ်ကဲ့ပါ"

တပည့် (၃) ယောက် ခေါင်းညိတ်လိုက်ကြ၏။

ထို့နောက် ယဲ့ဖုန်းသည် သူတို့ကို ဦးဆောင်လျက် မြူခိုးဂိုဏ်း ခြံဝင်းထဲမှ ထွက်ခွာလာပြီး ဂိုဏ်းရှေ့ရှိ ကွင်းပြင်ကျယ်ကြီးသို့ ရောက်ရှိလာကြ၏။

ထိုနေရာတွင် သစ်လုံးများဖြင့် တည်ဆောက်ထားသော လေးထောင့်ပုံစံ စင်မြင့်တစ်ခု ရှိနေပြီး၊ ဘေးပတ်လည်တွင် ပုံစံအမျိုးမျိုး ဝတ်ဆင်ထားသော အခြားဂိုဏ်းများမှ တပည့်များက ပွဲကြည့်ရန် စောင့်ဆိုင်းနေကြ၏။

"ဟယ်... မြူခိုးဂိုဏ်းမှာ တပည့် (၃) ယောက်ပဲ ရှိတာလား... (၅) ပွဲ ယှဉ်ပြိုင်ရမယ့် ပုံစံဆိုရင် သူတို့က ပွဲတိုင်း နိုင်မှ ရမှာပေါ့"

"နိုင်ဖို့ဆိုတာ ကောင်းကင်ပေါ် တက်တာထက်တောင် ခက်ဦးမယ်"

"ကြည့်ပါဦး... ဟိုမှာ ဘာကျင့်ကြံခြင်းမှ မရှိတဲ့ လူက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တဲ့... ဂိုဏ်းချုပ်ဟောင်းကြီးရဲ့ ဂျူနီယာညီငယ်လေး ဆိုပဲ"

"သာမန်လူတစ်ယောက်ကို ဂိုဏ်းချုပ် ပေးလုပ်ထားရလောက်အောင် မြူခိုးဂိုဏ်းက တော်တော် ကျဆုံးနေပြီပဲ"

အခြားဂိုဏ်းမှ တပည့်များသည် ယဲ့ဖုန်းနှင့် သူ၏ တပည့် (၃) ယောက်ကို မြင်လိုက်ရသည့်အခါ အထင်သေးစွာ ဝေဖန်ပြောဆိုနေကြ၏။

"အဟမ်း"

ထိုအချိန်တွင် တာဝန်ခံကျိုး စင်မြင့်ပေါ်သို့ တက်လာသည်။

"သွေးရောင်မြွေဂိုဏ်းက မြူခိုးဂိုဏ်းကို စိန်ခေါ်ထားပါတယ်... တိုက်ပွဲကို ဒီနေ့ စတင်မှာဖြစ်ပြီး (၅) ပွဲ (၃) ပွဲနိုင် စနစ်နဲ့ ယှဉ်ပြိုင်ကြမှာပါ... ရှုံးတဲ့ဖက်က ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်ကို ထားခဲ့ရပါမယ်... ကဲ... အခု နှစ်ဖက်ဂိုဏ်းက ပြိုင်ပွဲဝင်မယ့် တပည့်တွေ ရှေ့ထွက်ခဲ့ကြပါ"

စကားဆုံးသည်နှင့်...

စစ်ထိုက်ကျန်နှင့် သွေးရောင်မြွေဂိုဏ်းသား (၄) ယောက်သည် စင်ပေါ်သို့ ခုန်တက်လိုက်ကြပြီး၊ မိမိတို့၏ ကျင့်ကြံခြင်း အဆင့်များကို ထုတ်ဖော်ပြသလိုက်ကြ၏။

တစ်ယောက်က ချီစုစည်းခြင်း (၅) ဆင့်မြောက်၊ (၃) ယောက်က (၄) ဆင့်မြောက် နှင့် တစ်ယောက်က (၃) ဆင့်မြောက် တို့ ဖြစ်ကြ၏။

"စစ်ထိုက်ကျန်က သွေးရောင်မြွေဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့အတိုင်းပဲ... ချီစုစည်းခြင်း (၅) ဆင့်မြောက်တောင် ရောက်နေပြီကိုး"

"ကျန်တဲ့လူတွေလည်း မခေဘူးပဲ"

အခြားဂိုဏ်းမှ တပည့်များက တီးတိုး ပြောဆိုနေကြ၏။

"တက်သွားလိုက်ကြ"

ယဲ့ဖုန်းသည် ဘေးပတ်ဝန်းကျင်မှ ပြောစကားများကို ဂရုမစိုက်ဘဲ အမိန့်ပေးလိုက်၏။

တပည့် (၃) ယောက် ခေါင်းညိတ်လိုက်ပြီး စင်ပေါ်သို့ တည်ငြိမ်စွာ လျှောက်တက်သွားကြ၏။ သူတို့၏ ကျင့်ကြံခြင်း အရှိန်အဝါများကိုလည်း ထုတ်ဖော်ပြသလိုက်ကြ၏။

တစ်ယောက်က ချီစုစည်းခြင်း (၄) ဆင့်မြောက်၊ နှစ်ယောက်က (၃) ဆင့်မြောက်။

"ဟားဟားဟား..."

အခြားဂိုဏ်းမှ တပည့်များအားလုံး လှောင်ပြောင် ရယ်မောလိုက်ကြ၏။

ပျမ်းမျှအားဖြင့် အဆင့်ငယ် တစ်ဆင့်လောက် နိမ့်နေသည့်အပြင်၊ (၃) ယောက်နှင့် (၅) ယောက် ယှဉ်တိုက်ရမည် ဆိုတော့... ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။

"မြူခိုးဂိုဏ်းမှာ တပည့် (၃) ယောက်ပဲ ရှိတဲ့အတွက်... သူတို့က အလိုအလျောက် (၂) ပွဲ အရှုံးပေးလိုက်ရပါပြီ... သွေးရောင်မြွေဂိုဏ်းဘက်က အနိုင်ရသူ (၂) ယောက် ရွေးပြီး စင်ပေါ်က ဆင်းခိုင်းလိုက်ပါ"

တာဝန်ခံကျိုးက သွေးရောင်မြွေဂိုဏ်းသား (၅) ယောက်ကို ကြည့်ရင်း ပြောလိုက်၏။

စစ်ထိုက်ကျန်က ချီစုစည်းခြင်း (၃) ဆင့်မြောက် တစ်ယောက်နှင့် (၄) ဆင့်မြောက် တစ်ယောက်ကို ညွှန်ကြားလိုက်၏။

"မင်းတို့နှစ်ယောက်... ဆင်းလိုက်တော့"

ထိုနှစ်ယောက် ချက်ချင်း ဆင်းသွားကြရာ စင်ပေါ်တွင် စစ်ထိုက်ကျန်နှင့် (၄) ဆင့်မြောက် တပည့် (၂) ယောက်သာ ကျန်ရစ်တော့၏။

"စိန်ခေါ်ခံရတဲ့ဘက်က ဖြစ်တဲ့အတွက်... မြူခိုးဂိုဏ်း တပည့်တွေက ပြိုင်ပွဲဝင်မယ့် အစီအစဉ်နဲ့ ပြိုင်ဘက်ကို ရွေးချယ်ခွင့် ရှိပါတယ်... ကဲ... ပထမဆုံးပွဲ စလိုက်ကြရအောင်"

တာဝန်ခံကျိုးက စည်းမျဉ်းကို ကြေညာပြီးနောက် စင်ပေါ်မှ ခုန်ဆင်းသွား၏။

"ကျွန်တော်က အစ်ကိုကြီးပဲ... ပထမဆုံးပွဲကို ကျွန်တော် တိုက်မယ်"

ရှီလေ့ ရှေ့ထွက်လာပြီး ပိန်ပိန်ပါးပါးနှင့် ချီစုစည်းခြင်း (၄) ဆင့်မြောက် သွေးရောင်မြွေဂိုဏ်းသား တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။

"မင်းကို ငါ ရွေးတယ်"

သူ့စကားဆုံးသည်နှင့် ကျန်နေသော (၄) ယောက်မှာ ချက်ချင်းပင် လှည့်ထွက်ပြီး စင်ပေါ်မှ ခုန်ဆင်းသွားကြ၏။ တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပေ။

စင်မြင့်ထက်တွင်...

ရှီလေ့နှင့် သူ့ပြိုင်ဘက်သာ ကျန်ရစ်တော့၏။

"ကောင်လေး... မင်းက ငါ 'ပုဖေးလန်' ကို စိန်ခေါ်ရဲတယ်ပေါ့... သတ္တိတော့ ရှိသားပဲ"

ပုဖေးလန်က မဲ့ပြုံးပြုံးလိုက်ပြီး လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ လက်ဝါးပြင်တစ်ခုစီတွင် မီးလုံးတစ်လုံးစီ ပေါ်လာသည်။

ပတ်ဝန်းကျင် အပူချိန်မှာ ဗြုန်းစားကြီး မြင့်တက်လာပြီး လေထုမှာ တွန့်လိမ်ရှုံ့တွလာသည်။

အဝေးမှ ကြည့်နေရသည့်တိုင် စင်မြင့်အနီးရှိ မြက်ခြောက်များမှာ မီးလောင်လုမတတ် ဖြစ်လာသည်ကို တွေ့ရသည်။

"အဲ့ဒါ သွေးရောင်မြွေဂိုဏ်းရဲ့ ပထမအဆင့် သိုင်းပညာ 'မီးမြွေသိုင်း' ပဲ... မီးတောက်ရဲ့ အရည်အသွေးကို ကြည့်ရတာ သူက အခြေခံအဆင့်ကို တတ်မြောက်ထားပြီး အဆင့်ငယ်အောင်မြင်မှု ရောက်လုနီးပါး ဖြစ်နေပြီပဲ"

အခြားဂိုဏ်းမှ တပည့်တစ်ယောက်က အာမေဋိတ် သံဖြင့် ရေရွတ်လိုက်၏။

"သေလိုက်စမ်း"

သွေးရောင်မြွေဂိုဏ်းမှ ပုဖေးလန်သည် လက်နှစ်ဖက်ကို တစ်လှည့်စီ ဝှေ့ယမ်းလိုက်ရာ ပူပြင်းသော မီးမြွေများက မြှားများပမာ လျင်မြန်စွာ ပျံထွက်သွားပြီး ရှီလေ့ထံသို့ တိုးဝင်သွားကြ၏။

သို့သော် အားလုံး အံ့အားသင့်သွားစေသည့် အရာမှာ ရှီလေ့၏ ခန္ဓာကိုယ်မှ ပျော့ပျောင်းသော အလင်းရောင်များ ထွက်ပေါ်လာပြီး၊ ခြေထောက်အောက်တွင် လေပွေများ ဖြစ်ပေါ်လာကာ အခြေခံအဆင့် 'လေဝိညာဉ်ခြေလှမ်းသိုင်း' ကို ကျွမ်းကျင်စွာ အသုံးပြုလျက် အန္တရာယ်မှ လွတ်မြောက်အောင် ရှောင်တိမ်းလိုက်ခြင်းပင်။

"ဟားဟားဟား..."

"မြူခိုးဂိုဏ်းရဲ့ ပထမတပည့်ကြီးက... ကြည့်တော့သာ ထွားထွားကျိုင်းကျိုင်းနဲ့... တကယ်တမ်းကျတော့ ထွက်ပြေးဖို့ သိုင်းကွက်ကိုပဲ ကျင့်ကြံထားတာကိုး... ဟေ... နေပါဦး... သူ ဘာလုပ်နေတာလဲ"

အခြားတပည့်များက လှောင်ပြောင်ရန် ပြင်လိုက်စဉ်မှာပင်၊ ရှီလေ့သည် ရုတ်တရက် လမ်းကြောင်းပြောင်းလိုက်ပြီး သွေးရောင်မြွေဂိုဏ်းမှ ပုဖေးလန် ဆီသို့ တည့်တည့် ဝင်တိုက်လိုက်သည်ကို တွေ့လိုက်ရသည်။

"သေချင်နေတာပဲ"

ပုဖေးလန်သည် လှုပ်ရှားမှုကို မြှင့်တင်လိုက်ပြီး မီးမြွေများကို မရပ်မနား ပစ်လွှတ်လိုက်၏။

သို့သော် နောက်တစ်ခဏတွင်... ရှီလေ့၏ အရှိန်မှာ သုံးပုံနှစ်ပုံခန့် ရုတ်တရက် မြင့်တက်သွားပြီး၊ ချက်ချင်းပင် သူ့ရှေ့၌ ထူထဲသော အနက်ရောင် အလင်းဒိုင်းကာကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ဝုန်း"

သွေးရောင်မြွေဂိုဏ်းမှ ပုဖေးလန်ခမျာ နံရံကြီးတစ်ချပ်နှင့် ဝင်တိုက်မိလိုက်သလို ခံစားလိုက်ရသည်။ နံရိုးများ ကျိုးပဲ့ကုန်ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်လို လွင့်ထွက်သွားကာ စင်မြင့်အပြင်ဘက်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားလေတော့၏။

"ဟူး.."

ထိုမြင်ကွင်းကို ကြည့်ပြီး ပွဲကြည့်ပရိသတ်အားလုံး ပြိုင်တူ အသက်ပြင်းပြင်း ရှူသွင်းမိလိုက်ကြ၏။

All Chapters