← Chapters

အသီးသီးအား တုန်လှုပ်ခြောက်ခြားစေခဲ့သော ဆက်တိုက်အနိုင်ယူမှုများ

Vol. 1 Ch. 5

အသီးသီးအား တုန်လှုပ်ခြောက်ခြားစေခဲ့သော ဆက်တိုက်အနိုင်ယူမှုများ

Vol. 1 Ch. 5

~"သိုင်းပညာ အဆင့်ကြီး အောင်မြင်မှု ဟုတ်လား... ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွ"

စစ်ထိုက်ကျန်မှာ အံ့သြမှင်သက်စွာဖြင့် ပထမဆုံး အော်ဟစ်လိုက်မိသူ ဖြစ်သွား၏။

အေးအေးဆေးဆေး အိပ်စက်ရန် ပြင်ဆင်နေသော တာဝန်ခံကျိုးမှာလည်း လန့်ဖျပ်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ ရေရွတ်လိုက်မိ၏။

" 'လေဝိညာဉ်ခြေလှမ်းသိုင်း' ရော... 'သံမဏိဒိုင်းကာသိုင်း' ရော နှစ်ခုစလုံးက အဆင့်ကြီးအောင်မြင်မှု ကို ရောက်နေတာလား"

သွေးရောင်မြွေဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်တာ့ကျန်း ဆိုလျှင် ဘီးတပ်ကုလားထိုင်ပေါ်မှ ကုန်းရုန်းထလိုက်မိသည်အထိ တုန်လှုပ်သွားလေသည်။

ပထမအဆင့် သိုင်းပညာတစ်ခုကို အဆင့်ကြီးအောင်မြင်မှုအထိ တတ်မြောက်သည် ဟုတ်လား။

သာမန်အခြေအနေတွင်ဆိုလျှင် ချီစုစည်းခြင်း (၇) ဆင့်မြောက်သို့ ရောက်ရှိနေသော ကျင့်ကြံသူများသာ စွမ်းဆောင်နိုင်သည့် အရာဖြစ်၏။

ပါရမီရှင်တစ်ယောက်အတွက်ဆိုလျှင်ပင် အနည်းဆုံး ချီစုစည်းခြင်း (၅) ဆင့် သို့မဟုတ် (၆) ဆင့်မြောက်သို့ ရောက်ရှိနေမှသာ ဖြစ်နိုင်ပေမည်။

ယခုမူကား... ချီစုစည်းခြင်း (၃) ဆင့်မြောက်သာ ရှိသေးသော ကျင့်ကြံသူလေးတစ်ယောက်က ပထမအဆင့် သိုင်းပညာ နှစ်ခုစလုံးကို အဆင့်ကြီးအောင်မြင်မှု ရောက်အောင် ကျင့်ကြံထားနိုင်သည်တဲ့လား။

'ဒီကောင်က လူမှ ဟုတ်သေးရဲ့လား'

ဂိုဏ်းပေါင်းစုံမှ လူများ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှု လှိုင်းလုံးများ ဖြတ်သန်းသွားကြ၏။

ရိုးသားဖြောင့်မတ်ပုံရသော ရှီလေ့ကို ကြည့်ရင်း သူတို့အားလုံး၏ ခေါင်းထဲတွင် စကားလုံးလေးလုံး ပေါ်လာကြ၏။

'ဝက်အယောင်ဆောင်ပြီး ကျားကို စားမယ့် ကောင်'

"အမလေးဗျ... သေပါပြီ"

ထိုအချိန်တွင် 'သံမဏိဒိုင်းကာသိုင်း' နှင့် အတိုက်ခံလိုက်ရသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော ပုဖေးလန်၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲထွက်မတတ် ခံစားနေရသော်လည်း တုန်ရီနေသော လက်ညှိုးဖြင့် စင်ပေါ်ရှိ ရှီလေ့ကို ထိုးညွှန်ကာ မကျေမနပ် ပြောလိုက်၏။

"ငါ... ငါ ခုနက ပေါ့ဆသွားလို့ပါကွာ... မရှောင်လိုက်မိလို့ပါ"

သူ့စိတ်ထဲတွင် ရှီလေ့ကို ကျိန်ဆဲလိုက်မိ၏။

'ကြည့်တော့သာ ရိုးရိုးအအ ပုံစံနဲ့... တကယ့် ကောက်ကျစ်စဉ်းလဲတဲ့ ကောင်ပဲ... အစတုန်းကတော့ အားနည်းချင်ယောင်ဆောင်ပြီး လေဝိညာဉ်ခြေလှမ်းသိုင်း အခြေခံအဆင့်လောက်ပဲ ထုတ်သုံးပြတယ်... ပြီးမှ သူ့ရဲ့ စွမ်းအားအစစ်ကို ထုတ်ဖော်ပြီး အလစ်ဝင်တိုက်တာ... ယုတ်မာလိုက်တာကွာ'

"မြူခိုးဂိုဏ်း... မင်းတို့က သိုင်းပညာရှင် ကျင့်ဝတ် သိက္ခာကို နည်းနည်းလေးမှ မစောင့်ထိန်းကြဘူး... အင်အားရှိရင်လည်း ရှိပေါ့ကွ... အခုတော့ လှည့်ကွက်တွေ သုံးပြီး ကစားကြတယ်ပေါ့... မင်းတို့ လုပ်ရပ်က ကောင်းရဲ့လား"

ပုဖေးလန်မှာ ပြောရင်းပြောရင်း ဒေါသများ ငယ်ထိပ်ဆောင့်တက်လာပြီး သွေးတစ်လုပ် အန်ချလိုက်ကာ ခေါင်းငိုက်စိုက်ကျလျက် မေ့မြောသွားလေတော့၏။

"သိက္ခာမရှိတဲ့ ကောင်တွေ"

သွေးရောင်မြွေဂိုဏ်း ဂိုဏ်းချုပ် ကျောက်တာ့ကျန်းသည် ဒေါသတကြီးဖြင့် သူ၏ လက်အင်္ကျီလက်မောင်းကို ခါယမ်းလိုက်ပြီး တပည့်များကို ဟိန်းဟောက်လိုက်၏။

"သူ့ကို မြန်မြန် ဆွဲထုတ်မသွားကြသေးဘူးလား"

"ဟုတ်... ဟုတ်ကဲ့ပါ"

တပည့်နှစ်ယောက်သည် ပုဖေးလန်ကို ကပျာကယာ ဆွဲထုတ်သွားကြ၏။ တပည့်တစ်ယောက်က သွေးကြောများကို နှိပ်နယ်ပေးနေပြီး၊ နောက်တစ်ယောက်က ဘေးတွင် ဒူးထောက်ထိုင်ကာ "မသေပါနဲ့ဦး" ဟု တောင်းပန်နေရလေသည်။

ပွဲစီစဉ်သူ တာဝန်ခံကျိုးက ချောင်းတစ်ချက် ဟန့်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ကျယ်လောင်စွာ ကြေညာလိုက်၏။

"ပထမဆုံးပွဲကို အနိုင်ရရှိသွားတဲ့ မြူခိုးဂိုဏ်းကို ဂုဏ်ပြုပါတယ်"

သူကိုယ်တိုင်လည်း တုန်လှုပ်နေမိသော်လည်း အဖြစ်မှန်က အဖြစ်မှန်ပင်။ လူတိုင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်၍ လိမ်ညာ၍ မရနိုင်ပေ။

"အစ်ကိုကြီးက တကယ် စွမ်းတာပဲဟေ့"

ဟိုယွင်ကျဲနှင့် လီကျောက်ကျောက်တို့က ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ယဲ့ဖုန်း သက်ပြင်းချနိုင်တော့၏။

ရှီလေ့ကဲ့သို့ ရိုးသားဖြောင့်မတ်သူ တစ်ယောက်အနေဖြင့် "ရန်သူကို အားနည်းချင်ယောင်ဆောင်ပြပြီး အလစ်အငိုက် ဝင်တိုက်ကာ အနိုင်ယူခြင်း" ဟူသော နည်းဗျူဟာကို စဉ်းစားမိမည် မဟုတ်ချေ။ ဤအရာအားလုံးသည် ယဲ့ဖုန်း ကြိုတင် စီစဉ်ပေးထားသော နည်းဗျူဟာများသာ ဖြစ်၏။

အစပိုင်းတွင် ယဲ့ဖုန်းကိုယ်တိုင်လည်း အတော်လေး စိတ်လှုပ်ရှားနေခဲ့ရသည်။

သို့သော် အစီအစဉ် အောင်မြင်သွားသည်ကို မြင်လိုက်ရသောအခါ လာမည့် (၂) ပွဲအတွက် ယုံကြည်မှု ပိုရှိလာခဲ့၏။

အနိုင်ရကြောင်း ကြားလိုက်ရသောအခါ ရှီလေ့တစ်ယောက် အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

'ဂိုဏ်းချုပ်ဦးလေး စီစဉ်ပေးတဲ့ နည်းဗျူဟာက တကယ် အသုံးဝင်တာပဲ'

ရှီလေ့သည် စိတ်လှုပ်ရှားစွာဖြင့် စင်ပေါ်မှ ခုန်ဆင်းလာပြီး ယဲ့ဖုန်းကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော် နိုင်ခဲ့ပြီ"

"မဆိုးဘူး... ဒါပေမယ့် ပထမဆုံး တစ်ပွဲပဲ နိုင်သေးတာ... ပျော်ဖို့ လိုသေးတယ်" ယဲ့ဖုန်းက ရှီလေ့၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။

အခြားဂိုဏ်းချုပ်များကမူ ရှီလေ့ကို ကျောက်စိမ်းရတနာတုံးကြီး တစ်တုံးကို ကြည့်သကဲ့သို့ မျက်လုံးအရောင်များ တောက်လျက် လှမ်းအော်ပြောကြ၏။

"မောင်ရင်... မင်းကြည့်ရတာ အရိုးတည်ဆောက်ပုံ ထူးခြားပြီး ကျင့်ကြံခြင်း ပါရမီရှင် တစ်ယောက်ပဲ... တကယ်လို့ မြူခိုးဂိုဏ်းမှာ မနေချင်တော့ရင် ငါတို့ဂိုဏ်းတံခါးက အမြဲ ဖွင့်ထားတယ်နော်"

"ငါတို့ဂိုဏ်းကို ဝင်လိုက်ပါ... မင်းကို မိန်းမ ပေးစားမယ်ကွာ"

"ငါတို့က (၂) ယောက် ပေးမှာ"

"မိန်းမတင် မကဘူး... ကလေးပါ အပိုဆု ပေးဦးမှာ"

"ငါတို့က မတူဘူး... နေရောင်ခြည် ဝက်မွေးမြူရေးခြံပါ ပေးမှာ"

ဂိုဏ်းချုပ်များမှာ မျက်နှာနီကြီးများဖြင့် အလုအယက် ကမ်းလှမ်းနေကြ၏။

အခြားတပည့်များမှာ ထိုစကားများကို ကြားရသောအခါ မျက်နှာများ မမဲ့ရုံတမယ် ဖြစ်ကုန်ကြ၏။

'ဂိုဏ်းဝင်ရင် မိန်းမ မရတာက ထားပါတော့... ဘာလို့များ ငါတို့ကျတော့ ဝင်ကြေး ပေးခဲ့ရတာလဲကွာ'

"ဂိုဏ်းချုပ်ကြီးတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ကျွန်တော်က အသက်ရှင်နေသမျှ မြူခိုးဂိုဏ်းသားပါပဲ... သေသွားရင်လည်း မြူခိုးဂိုဏ်းရဲ့ တစ္ဆေပဲ ဖြစ်စေရမယ်... တခြားဂိုဏ်းကို ဘယ်တော့မှ ဝင်မှာ မဟုတ်ပါဘူး"

ရှီလေ့က လူတိုင်းကို လက်သီးဆုပ်ကာ အရိုအသေပြုရင်း ငြင်းပယ်လိုက်၏။

"နှမြောစရာ ကောင်းလိုက်တာ"

ဂိုဏ်းချုပ်များမှာ ပြိုင်တူ ညည်းတွားလိုက်ကြ၏။

သူတို့အမြင်တွင် ရှီလေ့ကဲ့သို့ လူမျိုး မြူခိုးဂိုဏ်းတွင် ဆက်နေခြင်းသည် ဖုန်မှုန့်များကြား ရောက်နေသော ပုလဲရတနာ တစ်လုံးကဲ့သို့ နှမြောစရာ ကောင်းလှသည် မဟုတ်ပါလော။

"ဘာတွေ ဒီလောက် ပျော်နေကြတာလဲ... (၅) ပွဲမှာ (၃) ပွဲနိုင်မှ အနိုင်ရမှာ... တစ်ပွဲလေး နိုင်ရုံနဲ့ အောင်ပွဲခံနေကြပြီလား"

သွေးရောင်မြွေဂိုဏ်း၏ ပါရမီရှင် စစ်ထိုက်ကျန်မှာ သည်းမခံနိုင်တော့ဘဲ မကျေမနပ် ပြောလိုက်၏။

ထိုအခါမှ တာဝန်ခံကျိုးလည်း သတိဝင်လာပြီး ကြေညာလိုက်၏။

"ကဲ... ဒုတိယပွဲ ဆက်ကြရအောင်... မြူခိုးဂိုဏ်း တပည့် တစ်ယောက် စင်ပေါ်တက်ပြီး ပြိုင်ဘက်ကို ရွေးချယ်ပါ"

"ကျောက်ကျောက်... တက်လိုက်တော့... ငါ မှာထားတာတွေ မမေ့နဲ့နော်"

ယဲ့ဖုန်း တီးတိုး ပြောလိုက်၏။

"ဟုတ်ကဲ့ပါ... ဂိုဏ်းချုပ်ဦးလေး"

လီကျောက်ကျောက် ခေါင်းညိတ်လိုက်၏။

သူမသည် တောင်ပေါ်ရွာသူလေး တစ်ယောက် ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော်လည်း၊ အရပ်ရှည်ရှည်နှင့် ကျော့ရှင်းလှပကာ ယုံကြည်မှုရှိသော အမူအရာဖြင့် ပြည့်စုံနေလေသည်။ အထူးသဖြင့် သူမ၏ ဖြူစင်သန့်ရှင်းသော မျက်နှာလေးကြောင့် စင်ပေါ်သို့ ရောက်သည်နှင့် ဂိုဏ်းအသီးသီးမှ အမျိုးသားတပည့်များ၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားနိုင်ခဲ့၏။

"ညီမလေး ကျောက်ကျောက်... ကိုယ်တို့ ဝန်းရံနေတယ်နော်"

"မြူခိုးဂိုဏ်းကို မေ့လိုက်စမ်းပါ... ကိုယ် ဝိညာဉ်ကျောက်တုံးတွေ ခိုးပြီး မင်းကို ရှာကျွေးမယ်"

ဂိုဏ်းအသီးသီးမှ တပည့်များက အော်ဟစ် နှုတ်ဆက်ကြ၏။

လီကျောက်ကျောက်၏ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြာသွားပြီး ပိုမို ဆွဲဆောင်မှု ရှိသွားစေသည်။ သူမသည် ရှက်ရွံ့စွာဖြင့် စစ်ထိုက်ကျန် ဘေးမှ မျက်နှာတွင် အမဲကွက်များရှိသော တပည့်တစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။

"ဒီပွဲအတွက်... ကျွန်မ သူ့ကို ရွေးတယ်"

ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမဲကွက်နှင့် တပည့်သည် ချက်ချင်းပင် ချီစုစည်းခြင်း (၄) ဆင့်မြောက် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး ရက်စက် ကြမ်းကြုတ်သော အပြုံးဖြင့် ပြောလိုက်၏။

"လှနေတော့ရော ဘာလုပ်ရမှာလဲ... ကျင့်ကြံသူ တစ်ယောက်အတွက် အဓိက လိုတာက ခွန်အားပဲ"

"သတိထားနော်... ပေါ့ပေါ့ဆဆ မလုပ်နဲ့"

ထိုအချိန်တွင် စစ်ထိုက်ကျန်က အသံနှိမ့်ကာ သတိပေးလိုက်၏။

မျက်နှာအမဲကွက်နှင့် တပည့်က ခေါင်းညိတ်ပြပြီး စင်ပေါ်သို့ ခုန်တက်လိုက်ကာ လီကျောက်ကျောက်နှင့် (၁၀) မီတာခန့်အကွာတွင် မျက်နှာချင်းဆိုင် ရပ်လိုက်၏။

"စမယ်"

တာဝန်ခံကျိုးက လက်ကို နောက်ပစ်လျက် ကြေညာလိုက်၏။

ဒီတစ်ခါတော့ သူ အိပ်ချင်စိတ် မရှိတော့ပေ။ မြူခိုးဂိုဏ်းက နောက်ထပ် အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ဦးမလား ဆိုသည်ကို စိတ်ဝင်တစား စောင့်ကြည့်နေမိ၏။

"သေလိုက်စမ်း"

မျက်နှာအမဲကွက်နှင့် တပည့်၏ ပတ်လည်တွင် မီးတောက်များ ထလောင်လာသည်။

"ဒါလည်း ပထမအဆင့် သိုင်းပညာ 'မီးမြွေသိုင်း' ပဲ... သူက အခြေခံအဆင့် ရောက်နေတာ တော်တော်ကြာပြီ"

အခြားဂိုဏ်းမှ တပည့်တစ်ယောက်က ပြောလိုက်၏။

စကားပင် မဆုံးသေး…

မီးမြွေ (၅) ကောင်သည် လီကျောက်ကျောက်ကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြ၏။ ညှာတာမှု အလျဉ်းမရှိပေ။

အကယ်၍သာ လီကျောက်ကျောက် အထိခိုက်ခံလိုက်ရပါက ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည် သို့မဟုတ် သေဆုံးသွားမည်မှာ သေချာသည်။

"ဝူးးးး"

ထိုအခိုက်အတန့်တွင်၊

လီကျောက်ကျောက်၏ ခြေထောက်အောက်တွင် လေပွေတစ်ခု ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံးကို ပျော့ပျောင်းသော အလင်းရောင်များ လွှမ်းခြုံသွား၏။ သူမသည် စင်မြင့်ကို ခြေဖျားဖြင့် တို့ထိရုံမျှဖြင့် လှပသေသပ်သော နောက်ပြန်ဂျွမ်းတစ်ချက် ထိုးလိုက်ကာ ဝိုင်းရံလာသော မီးမြွေများကို ရှောင်တိမ်းလိုက်၏။

ထို့နောက် ပရိသတ်များ အံ့အားသင့်သွားစေသည့်အရာမှာ သူမသည် ဖျတ်ခနဲ မြေပြင်သို့ ပြန်ကျလာပြီး၊ နောက်တွင် အရိပ်များ ကျန်ရစ်ခဲ့သည်အထိ လျင်မြန်သော ခြေလှမ်းများဖြင့် ရွေ့လျားလိုက်ခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လီကျောက်ကျောက်သည် မျက်နှာအမဲကွက်နှင့် တပည့်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားလေသည်။

"အလစ်ဝင်တိုက်မလို့လား... မရဘူးကွ"

မျက်နှာအမဲကွက်နှင့် တပည့်သည် သတိရှိနေပြီးသားဖြစ်၍ ချက်ချင်း လှည့်ကြည့်လိုက်၏။

သူ၏ လက်နှစ်ဖက်တွင် မည်းနက်သော ရွှေရောင်အလင်းများ တောက်ပလာပြီး ပထမအဆင့် သိုင်းပညာ 'ဝရဇိန်လက်ဝါးသိုင်း' ၏ အခြေခံအဆင့်ကို ထုတ်ဖော်ကာ လီကျောက်ကျောက်ကို လျင်မြန်စွာ ရိုက်ချလိုက်တော့သည်။

သို့သော်... "ဂွပ်" ခနဲ အသံနှင့်အတူ...

ရွှေနှင့် သံကိုပင် ခွဲနိုင်စွမ်းရှိသော 'ဝရဇိန်လက်ဝါးသိုင်း' သည် မည်းနက်သော အလင်းဒိုင်းကာ တစ်ခု၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရလေသည်။

ထိုအရာသည်ကား လီကျောက်ကျောက် ထုတ်ဖော်လိုက်သော 'သံမဏိဒိုင်းကာသိုင်း' ပင် ဖြစ်ချေ၏။

"မင်း... မင်းလည်း ဒီသိုင်းကို တတ်တာလား"

မျက်နှာအမဲကွက်နှင့် တပည့် မှင်သက်သွားရသည်။

သူသည် ဒုတိယအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ပြိုင်ဘက်ကလည်း အဆင့်တူနေရုံသာမက သူထင်ထားသည်ထက် ပိုမို စွမ်းအားကြီးမားနေသည် မဟုတ်ပါလော။

"ဒါတင် မဟုတ်သေးဘူး"

လီကျောက်ကျောက်သည် ရုတ်တရက် ရဲရဲတောက် ပူပြင်းနေသော ညာလက်ဝါးကို ဆန့်ထုတ်လိုက်ပြီး ပြိုင်ဘက်၏ ရင်ဘတ်ကို ရိုက်ချလိုက်၏။ ထိုသူ၏ ဝတ်ရုံများ ပေါက်ကွဲထွက်သွားပြီး မီးလောင်ကျွမ်းနေသော ခန္ဓာကိုယ်သည် စင်မြင့်အပြင်ဘက်သို့ လွင့်စင်ကျသွားလေတော့၏။

"ကောင်မလေးက... မီးတိမ်တိုက်လက်ဝါးသိုင်း ကိုပါ တတ်နေတာလား"

အောက်မှ လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

တာဝန်ခံကျိုး၏ မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများအလား ပြူးကျယ်သွားပြီး တုန်လှုပ်စွာ ရေရွတ်လိုက်မိ၏။

" 'လေဝိညာဉ်ခြေလှမ်းသိုင်း' က အဆင့်ကြီးအောင်မြင်မှု... 'သံမဏိဒိုင်းကာသိုင်း' က အဆင့်ကြီးအောင်မြင်မှု... 'မီးတိမ်တိုက်လက်ဝါးသိုင်း' က အခြေခံအဆင့်... ဒီကောင်မလေးကလည်း ပါရမီရှင်တစ်ယောက်ပဲလား"

"ငါ့ကို လာနောက်နေတာလားကွာ"

သွေးရောင်မြွေဂိုဏ်း ဂိုဏ်းချုပ် ကျောက်တာ့ကျန်းမှာ ဒေါသထွက်လွန်းသဖြင့် ပါးစပ်များ တွန့်ရွဲ့နေပြီး ဘီးတပ်ကုလားထိုင်ပေါ်မှ နောက်တစ်ကြိမ် ကုန်းရုန်းထလိုက်ပြန်သည်။

"မြူခိုးဂိုဏ်းက တပည့်တွေက ဘယ်တုန်းက ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ဖြစ်သွားကြတာလဲ"

စစ်ထိုက်ကျန်လည်း မယုံနိုင်လောက်အောင် ဖြစ်နေရသည်။

သူသည် ယဲ့ဖုန်း၏ ဘေးတွင် တည်ငြိမ်စွာ ရပ်နေသော ဟိုယွင်ကျဲကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် ကြီးမားလေးလံသော ဖိအား တစ်ခုကို ခံစားလိုက်ရတော့၏။

All Chapters