← Chapters

စာရင်းသွင်းတပည့် မိုယင်

Vol. 1 Ch. 9

စာရင်းသွင်းတပည့် မိုယင်

Vol. 1 Ch. 9

~"အပြင်က ဘယ်သူလဲ"

ယဲ့ဖုန်းသည် ဝိညာဉ်ကျောက်တုံးများ ပါဝင်သော သေတ္တာကို ပိုက်ထားရင်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

တံခါးဝ အပြင်ဘက် ကွင်းပြင်ထဲတွင် ခန္ဓာကိုယ် သွယ်လျသော လူရိပ် တစ်ခု ရပ်နေ၏။ အနက်ရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး၊ မျက်နှာကို အနက်ရောင် ဇာပုဝါအုပ်ထားသော ခမောက်ဖြင့် ဖုံးအုပ်ထားသဖြင့် ရုပ်ရည် အစစ်အမှန်ကို မမြင်ရပေ။

သို့သော် ယဲ့ဖုန်း ခန့်မှန်းကြည့်ရသလောက် အသက် (၁၆) နှစ်ဝန်းကျင် မိန်းကလေး တစ်ဦး ဖြစ်ပုံရသည်။

အနက်ရောင် ဝတ်ရုံနှင့် မိန်းကလေးထံမှ လေပွေတစ်ခုအလား အလွန် အားကောင်းသော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေသည်ကို ယဲ့ဖုန်း ခံစားလိုက်ရသည်။ သူမ၏ ကျင့်ကြံခြင်း အဆင့်သည် ဟိုယွင်ကျဲထက် များစွာ သာလွန်နေပုံရသည်။

"ဒီလူက နောက်ကြောင်း မရှင်းဘူး... သတိထားမှ ဖြစ်မယ်... အဓိကက ဝိညာဉ်ကျောက်တုံးတွေကို ကာကွယ်ရမယ်"

"ဂိုဏ်းချုပ်ဦးလေး... ကျွန်တော်တို့ နောက်မှာ ပုန်းနေပါ"

"ဒီလူကို ကျွန်တော်တို့ တာဝန်ထားလိုက်ပါ"

တပည့် (၃) ယောက်သည် ယဲ့ဖုန်း၏ ရှေ့တွင် အလျင်အမြန် နေရာယူလိုက်ကြ၏။

သူတို့၏ စိတ်ထဲတွင် ထိုမိန်းကလေးသည် ရည်ရွယ်ချက်ကောင်း ရှိသူ မဟုတ်ဟု ခံစားနေရပြီး၊ ဂိုဏ်းချုပ်ဦးလေးကို တစ်ခုခု လုပ်မည်စိုးသဖြင့် ကာကွယ်ရန် ပြင်ဆင်လိုက်ကြခြင်း ဖြစ်၏။

"ကျွန်မ မြူခိုးဂိုဏ်းကို ဝင်ချင်လို့ပါ"

ထိုအချိန်တွင် မိန်းကလေးက စကားစပြောလာရာ ယဲ့ဖုန်းအပါအဝင် (၄) ယောက်စလုံး ကြောင်အသွားကြ၏။

မြူခိုးဂိုဏ်းကို ဝင်ချင်တယ်... ဟုတ်လား။

နားကြားများ မှားနေသလား။

ခိုးဖို့ လာတာ မဟုတ်ဘူးလား။

ယဲ့ဖုန်းနှင့် တပည့် (၃) ယောက်တို့၏ ရင်ထဲတွင် ဝေခွဲမရမှုများဖြင့် ပြည့်နှက်သွား၏။ မူလက ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်တော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း...

တပည့်သစ် တစ်ယောက် ရောက်လာတာ ဖြစ်နေ၏။

ယဲ့ဖုန်းသည် အနက်ရောင် ဝတ်ရုံနှင့် မိန်းကလေးကို အကဲခတ်ကြည့်ရင်း မေးလိုက်၏။

"မင်း တကယ် မြူခိုးဂိုဏ်း ဝင်ချင်တာ သေချာလို့လား"

"ရှင်က မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"

အနက်ရောင် ဝတ်ရုံနှင့် မိန်းကလေးက ယဲ့ဖုန်းကို ပြန်လည် အကဲခတ်လိုက်၏။

ကျင့်ကြံခြင်း အဆင့်မရှိသည်ကို သတိပြုမိလိုက်ပြီး၊ ရေပေါ်ဖြူမြို့တော်တွင် ကြားခဲ့ရသော ကောလာဟလများနှင့် ဆက်စပ်တွေးတောကာ သူ မည်သူမည်ဝါ ဖြစ်ကြောင်း ခန့်မှန်းလိုက်၏။

"ဟုတ်တယ်... ငါက ဂိုဏ်းချုပ်ပဲ" ယဲ့ဖုန်း ပြန်ဖြေသည်။

"ဂလွမ်"

မိန်းကလေးက သံသေတ္တာ တစ်လုံးကို ပစ်ချပေးလိုက်၏။

"အထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ပါတယ်... မြူခိုးဂိုဏ်း ဝင်ကြေးအဖြစ် မှတ်ယူပေးပါ"

"အိုး"

တပည့် (၃) ယောက် အံ့သြလွန်းသဖြင့် အသက်ရှူမှားသွားကြ၏။

ယဲ့ဖုန်းသည် သံသယ မျက်လုံးများဖြင့် သစ်ကိုင်းခြောက် တစ်ခုကို ကောက်ယူကာ သံသေတ္တာကို ဖွင့်ကြည့်လိုက်ရာ ပျော့ပျောင်းသော အလင်းရောင်များ ထုတ်လွှတ်နေသည့် ဝိညာဉ်ကျောက်တုံးများကို စနစ်တကျ စီရီထားသည်ကို တွေ့လိုက်ရသည်။

တိတိကျကျ အတုံး (၁၀၀)။ အတိအကျပင်။

သို့သော် ယဲ့ဖုန်း ခေါင်းခါလိုက်၏။

"မင်းကို လက်မခံနိုင်ဘူး"

"နည်းနေလို့လား"

မိန်းကလေးက အံ့သြစွာ မေးလိုက်၏။

ယဲ့ဖုန်း လက်ကာပြလိုက်၏။

"မင်းရဲ့ နောက်ကြောင်းက မရှင်းဘူး... မြူခိုးဂိုဏ်းကို အန္တရာယ် ယူလာပေးနိုင်တဲ့အတွက်... ငါတို့ လက်မခံနိုင်ဘူး"

သူ့တွင် ကျင့်ကြံခြင်းအဆင့် မရှိသော်လည်း၊ သူသည် အခြားကမ္ဘာမှ ကူးပြောင်းလာသူ တစ်ယောက် မဟုတ်ပါလော။

ပုံမှန်အားဖြင့် မြူခိုးဂိုဏ်းကဲ့သို့ အောက်ဆုံးအဆင့် ဂိုဏ်းမျိုးကို ဝင်ကြေးပေးပြီး ဝင်ရောက်လိုသူများသည် သွေးကြွေးကဲ့သို့သော ကြီးမားသည့် ပြဿနာများကို ထမ်းပိုးထားပြီး ခိုလှုံခွင့် လာတောင်းသူများသာ ဖြစ်လေ့ရှိသည်။

ယဲ့ဖုန်း အနေဖြင့် ဝိညာဉ်ကျောက်တုံး (၁၀၀) မရလျှင် နေပါစေ၊ မြူခိုးဂိုဏ်း ဒုက္ခရောက်မည့် အလုပ်ကိုတော့ အဖြစ်မခံနိုင်ပေ။

ထိုစကားကို ကြားလိုက်ရသောအခါ မိန်းကလေးသည် သူမ၏ ခမောက်ကို ချွတ်လိုက်လေသည်။

ပေါ်လာသော မျက်နှာကို မြင်လိုက်ရသောအခါ ယဲ့ဖုန်းနှင့် တပည့်များ အသက်ပြင်းပြင်း ရှူသွင်းမိလိုက်ကြ၏။

ဘယ်လို မျက်နှာမျိုးလဲ။

အမှောင်ထဲတွင် မျက်နှာပုံစံ အကြမ်းဖျင်းကိုသာ ကြည့်မည်ဆိုလျှင်တော့ ဘဲဥပုံမျက်နှာလေးနှင့် အချိုးအစားကျနကာ လှပသည်ဟု ထင်ရပေမည်။

သို့သော်...

ထိုမျက်နှာပေါ်ရှိ အရေပြားများမှာမူ ကြည့်ရဆိုးလှသည်။

အဆိပ်သင့်ထားသလို၊ သို့မဟုတ် ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းခံထားရသလိုမျိုး ဖြစ်နေ၏။ မည်သို့ပင်ဖြစ်စေ အနည်းငယ် ကြောက်မက်ဖွယ် ကောင်းနေသည်မှာ အမှန်ပင်။

"ရုပ်ဆိုးတယ် မဟုတ်လား"

မိန်းကလေးက ခံစားချက်ကင်းမဲ့စွာဖြင့် ခမောက်ကို ပြန်ဆောင်းလိုက်၏။

"ဂိုဏ်းချုပ်ယဲ့ စိုးရိမ်နေတာကို ကျွန်မ နားလည်ပါတယ်... ဒါပေမယ့် ကျွန်မရဲ့ နောက်ကြောင်းက ရှင်းပါတယ်... ဘာသွေးကြွေးမှ မရှိသလို ဂိုဏ်းကိုလည်း ဘာပြဿနာမှ ယူလာပေးမှာ မဟုတ်ပါဘူး"

ယဲ့ဖုန်း - "..."

'မင်း မြူခိုးဂိုဏ်းကို ဒုက္ခပေးမပေး ငါ ဘယ်လို သိမှာလဲ' ဟု ပြောချင်သော်လည်း...

ဒီလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတောင် မျက်နှာအမှန်ကို ရဲရဲဝံ့ဝံ့ ပြသရဲသည်ကို ထောက်ဆလျှင် သူမ တကယ် ရိုးသားစွာ လာရောက်ခြင်း ဖြစ်နိုင်သည်ဟု တွေးမိလိုက်၏။

'ထားလိုက်ပါတော့... ဂိုဏ်းထဲ အရင် ခေါ်ထားလိုက်ပြီး စနစ်ရဲ့ တာဝန် ပြီးမပြီး စောင့်ကြည့်ရတာပေါ့... တကယ်လို့ တာဝန်ပြီးမြောက်တယ် ဆိုရင် ဒီကောင်မလေးက ဂိုဏ်းသား ဖြစ်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ဆိုလိုတာပဲလေ'

ယဲ့ဖုန်း ထိုသို့ တွေးလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... ဒီအစ်မကို လက်ခံလိုက်ပါလားဟင်... ကြည့်ရတာ သနားစရာ ကောင်းပါတယ်" လီကျောက်ကျောက်က ယဲ့ဖုန်း၏ အင်္ကျီစကို ဆွဲရင်း ပြောလိုက်၏။

"ဟုတ်တယ်ဗျ"

ရှီလေ့လည်း ထောက်ခံလိုက်သည်။

ဟိုယွင်ကျဲ ဘာမှ မပြောသော်လည်း၊ သူ၏ မျက်ဝန်းများထဲတွင် ရွံရှာမုန်းတီးမှု အရိပ်အယောင် လုံးဝ မတွေ့ရပေ။

သူလည်း သဘောတူသည်မှာ ထင်ရှားသည်။

"ကောင်းပြီလေ... ဒါဆိုရင် စာရင်းသွင်းကြတာပေါ့"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး ရှီလေ့ကို ရှေးဟောင်း စာအုပ်ထူကြီး တစ်အုပ် ယူလာခိုင်းကာ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်၏။

ဒါက မြူခိုးဂိုဏ်း၏ 'အမည်စာရင်းမှတ်တမ်း' ဖြစ်၏။

စာမျက်နှာတိုင်းတွင် တပည့် တစ်ဦးချင်းစီ၏ အမည်၊ မွေးသက္ကရာဇ်၊ အရိုးတည်ဆောက်ပုံ အရည်အသွေး၊ နောက်ကြောင်း ရာဇဝင် စသည်တို့ကို ရေးမှတ်ထားပြီး ဂိုဏ်းချုပ်တံဆိပ်တုံး ရိုက်နှိပ်ထားရသည်။

ယဲ့ဖုန်း စာမျက်နှာ (၉၉) သို့ လှန်လိုက်၏။

ရှေ့ (၉၈) မျက်နှာတွင် အမည်များ ပြည့်နေသော်လည်း၊ အများစုမှာ ထွက်ပြေးသွားကြပြီ ဖြစ်ရာ (၃) ယောက်သာ ကျန်ရစ်တော့၏။

"နာမည်၊ မွေးသက္ကရာဇ်၊ အရိုးတည်ဆောက်ပုံ၊ ကျင့်ကြံခြင်းအဆင့်၊ နောက်ကြောင်း... အကုန် ပြောပြပါ"

ယဲ့ဖုန်းက စုတ်တံကို ကိုင်ရင်း မော့ကြည့်ကာ မေးလိုက်၏။

"နာမည်က မိုယင်... အသက် (၁၈) နှစ်... အထက်အဆင့် အရိုးတည်ဆောက်ပုံ ... ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်း (၅) ဆင့်မြောက်... ဆွေမျိုးသားချင်း မရှိပါ"

မိုယင်၏ အသံမှာ အနည်းငယ် အေးစက်နေသော်လည်း သေချာနားထောင်ကြည့်လျှင် သာယာနာပျော်ဖွယ် ကောင်းလှသည်။

"အထက်အဆင့် အရိုးတည်ဆောက်ပုံ ဟုတ်လား"

လီကျောက်ကျောက်၊ ဟိုယွင်ကျဲ နှင့် ရှီလေ့တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

"ရေပေါ်ဖြူမြို့တော် တစ်ဝိုက်မှာ အထက်အဆင့် အရိုးတည်ဆောက်ပုံ ရှိတဲ့သူက လက်ချိုးရေလို့ ရတယ်လို့ ကြားဖူးတယ်... အဲ့ဒီလူတွေ အကုန်လုံးက အပြင်လောကက ကြယ်အဆင့်ဂိုဏ်း တွေဆီ ရောက်ကုန်ကြပြီလေ... အစ်မမိုယင်က ဘာလို့ မသွားတာလဲဟင်" လီကျောက်ကျောက်က သိလိုစိတ်ကို မအောင့်ထားဘဲ မေးလိုက်၏။

"ရှောင်ဖန်ကူ တောင် အလယ်အဆင့် အရိုးတည်ဆောက်ပုံလောက်နဲ့ အဆင့် (၁) ချင်းယွန်ဂိုဏ်းကို ဝင်ခွင့်ရသွားသေးတာပဲ... ခင်ဗျားသာ အပြင်ထွက်မယ်ဆိုရင် အနည်းဆုံး အဆင့် (၁) ဂိုဏ်းတစ်ခုရဲ့ အမာခံတပည့် ဖြစ်နိုင်တယ်ဗျ"

ဟိုယွင်ကျဲကလည်း ဝင်ပြောသည်။

မိုယင် ခေါင်းခါလိုက်၏။

"ကြယ်အဆင့်ဂိုဏ်းတွေက ရုပ်ရည်ကို အရမ်း ကြည့်ကြတယ်... ကျွန်မက ရုပ်ဆိုးလွန်းတော့ ဘယ်သူမှ လက်မခံချင်ကြဘူး... ပြီးတော့ ကျွန်မကိုယ်တိုင်လည်း မသွားချင်ဘူး"

ယဲ့ဖုန်းက ရေးမှတ်ရင်း နားထောင်နေ၏။

မိုယင်တွင် အထက်အဆင့် အရိုးတည်ဆောက်ပုံ ရှိသည်ဟု ကြားလိုက်ရသောအခါ သူ၏ လက်များ တုန်သွားပြီး စာလုံးပေါင်းပင် မှားယွင်းလုနီးပါး ဖြစ်သွားရသည်။

အရိုးတည်ဆောက်ပုံ ဆိုသည်မှာ ကျင့်ကြံခြင်းအတွက် ပါရမီ အရည်အသွေးကို ဆိုလိုခြင်း ဖြစ်ပါသည်။

ပုံမှန်အားဖြင့် အဆင့်နိမ့်၊ အလယ်အဆင့်၊ အထက်အဆင့်၊ ထိပ်တန်းအဆင့် ၊ နတ်ဘုရားအဆင့် နှင့် သူတော်စင်အဆင့် ဟူ၍ ခွဲခြားထားပြီး၊ အဆင့်မြင့်လေ ကျင့်ကြံမှုနှုန်း ပိုမြန်လေ ဖြစ်၏။

ရေပေါ်ဖြူမြို့တော်တွင် တွေ့ရသမျှ အမြင့်ဆုံး အရိုးတည်ဆောက်ပုံမှာ အထက်အဆင့် သာ ဖြစ်၏။ ထို့ထက်မြင့်သော အဆင့်များကိုမူ ကြယ်အဆင့်ဂိုဏ်းကြီးများ၌သာ တွေ့ရလေ့ ရှိသည်။

"ဒုန်း"

ယဲ့ဖုန်းသည် မိုယင်၏ အချက်အလက်များကို အလျင်အမြန် ရေးမှတ်ပြီးနောက်၊ ဂိုဏ်းချုပ်တံဆိပ်တုံးကို ထုတ်ယူလိုက်ကာ အသက်ငွေ့မှုတ်၍ နွေးထွေးစေပြီး အားပါပါ ဖိနှိပ်လိုက်ရာ အနီရောင် တံဆိပ်တုံးကြီး ထင်ကျန်ရစ်ခဲ့လေသည်။

"ငါတို့ဂိုဏ်းက အသက်အရွယ်နဲ့ ခွန်အားအပေါ် မူတည်ပြီး စီနီယာ ဂျူနီယာ မသတ်မှတ်ဘူး... ဝင်ရောက်တဲ့ အချိန်ကာလ အပိုင်းအခြားနဲ့ပဲ သတ်မှတ်တယ်... ဒါကြောင့် ဒီနေ့ကစပြီး မင်းဟာ မြူခိုးဂိုဏ်းရဲ့ စတုတ္ထတပည့် ဖြစ်သွားပြီ"

ယဲ့ဖုန်းသည် မှတ်တမ်းစာအုပ်နှင့် တံဆိပ်တုံးကို သိမ်းဆည်းလိုက်ရင်း မိုယင်ကို ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

မိုယင်သည် အနည်းငယ် ကိုင်းညွတ်ကာ လက်သီးနှင့် လက်ဝါး ရိုက်ခတ်၍ ဂါရဝပြုလိုက်၏။

"တီ... စာရင်းသွင်းတပည့် 'မိုယင်' ကို လက်ခံရရှိပါပြီ... အထက်အဆင့် အရိုးတည်ဆောက်ပုံ၊ ချီစုစည်းခြင်း (၇) ဆင့်မြောက်၊ ပထမအဆင့် သိုင်းပညာ 'ကျောဘက်မှ ဓားချက်' နှင့် 'အလင်းစီးကြောင်း ဓားသိုင်း'တို့ကို အထွတ်အထိပ်အဆင့် ရောက်အောင် တတ်မြောက်ထားသူ ဖြစ်ပါတယ်"

စနစ်၏ အသိပေးသံ ရုတ်တရက် ထွက်ပေါ်လာသည်။

ယဲ့ဖုန်း လန့်ဖျပ်သွားရသည်။ မိုယင်သည် သူမ၏ ကျင့်ကြံခြင်းအဆင့်ကို လျှော့ပြောထားခဲ့ပြီး၊ တကယ်တမ်းတွင် ချီစုစည်းခြင်း (၇) ဆင့်မြောက်သို့ ရောက်ရှိနေမှန်း သိလိုက်ရသည်။ အဆင့်နိမ့်ဂိုဏ်းများမှ ဂိုဏ်းချုပ်များနှင့် ရင်ပေါင်တန်းနိုင်သော အဆင့်ပင်။

စာရင်းသွင်းတပည့်သစ် တစ်ယောက် ရရှိလိုက်သဖြင့် အကဲဖြတ်ကာလ တာဝန်ပြီးစီးမှုနှုန်းသည် ယခင် (၅၀%) မှ (၅၇%) သို့ တိုးတက်သွားခဲ့၏။

'ဒီနှုန်းအတိုင်းဆိုရင် နောက်ထပ် စာရင်းသွင်းတပည့် (၆) ယောက်လောက် ထပ်ရရင် တာဝန်ပြီးပြီ'

ယဲ့ဖုန်း စိတ်ထဲတွင် မျှော်လင့်ချက်များ ကြီးထွားလာသည်။

မကြာမီအချိန်အတွင်း ယဲ့ဖုန်း၏ ခေါင်းထဲသို့ ပထမအဆင့် သိုင်းပညာများဖြစ်သော 'ကျောဘက်မှ ဓားချက်' နှင့် 'အလင်းစီးကြောင်း ဓားသိုင်း' တို့၏ အထွတ်အထိပ်အဆင့် မှတ်ဉာဏ်များ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

လတ်တလောတွင် သူကိုယ်တိုင် သိုင်းပညာ မထုတ်ဖော်နိုင်သေးသော်လည်း၊ ပါးစပ်ဖြင့် ပြောပြလမ်းညွှန်ရာတွင်မူ "ဘုရင်တစ်ဆူ" ဖြစ်နေပြီ ဖြစ်ရာ၊ ထုံထိုင်းသူ တစ်ယောက်ကိုပင် သူ ပြောသည့်အတိုင်း လိုက်လုပ်ခိုင်းလျှင် တတ်မြောက်သွားနိုင်ပေမည်။

‘တပည့်သစ် ရတာ တကယ် ကောင်းတာပဲ’

ယဲ့ဖုန်းသည် တံခါးဝတွင် ရပ်နေသော တပည့် (၄) ယောက်ကို ကြည့်ရင်း ဖခင် တစ်ယောက်ကဲ့သို့ ကြင်နာသော အပြုံးဖြင့် ပြုံးပြလိုက်၏။

အနောက်ဘက်သို့ ဝင်လုဆဲဆဲ နေမင်းကြီးကို ကြည့်ကာ ပြောလိုက်၏။

"မိုးချုပ်တော့မယ်... ထမင်းစားကြစို့"

"ကျွန်မ ချက်လိုက်မယ်"

လီကျောက်ကျောက်က နောက်ဖေးဘက်သို့ အလျင်အမြန် ပြေးသွား၏။

သို့သော် မကြာမီတွင် သစ်သားဇလုံအလွတ် တစ်ခုကို ကိုင်ဆောင်လျက် ပြန်ပြေးလာပြီး၊ "ဂိုဏ်းချုပ်ဦးလေး... ဒုက္ခပါပဲ... ဆန်ကုန်နေပြီ... ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကလည်း ပုပ်ကုန်ပြီ" ဟု စိုးရိမ်တကြီး ပြောလိုက်လေ၏။

"ဟေ"

ယဲ့ဖုန်း လက်တုန်သွားပြီး ဝိညာဉ်ကျောက်တုံးသေတ္တာကို လွတ်ကျလုနီးပါး ဖြစ်သွားရသည်။

"ဂွီ... ဂွီ"

လူတိုင်း၏ ဝမ်းဗိုက်ထဲမှ ဆန္ဒပြသံများ ပြိုင်တူ ထွက်ပေါ်လာကြ၏။

"ကျွန်တော် တောင်အောက်ဆင်းပြီး စားစရာ သွားဝယ်လိုက်မယ်"

ရှီလေ့က ထွက်ခွာရန် ပြင်လိုက်၏။

ယဲ့ဖုန်း အလျင်အမြန် တားလိုက်၏။ "ညရောက်တော့မယ်... မင်းတစ်ယောက်တည်း တောင်ဆင်းတာ အန္တရာယ်များတယ်"

ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်ရှိ တောင်တန်းများသည် ဆက်စပ်နေပြီး၊ ရံဖန်ရံခါ နတ်ဆိုးသားရဲများ သောင်းကျန်းတတ်သဖြင့် လုံခြုံမှု မရှိလှပေ။

"ကျွန်မ လိုက်ပို့ပေးမယ်"

မိုယင်သည် ချွန်ထက်သော ဓားတစ်လက်ကို ဆွဲထုတ်လိုက်၏။ သူမက ဓားအား လက်ချောင်းဖြင့် တစ်ချက် ပုတ်လိုက်ရာ လေထဲတွင် ကြီးထွားလာပြီး တစ်ပေအကျယ်၊ ဆယ်ပေအရှည် ရှိသော ဓားပျံတစ်လက်အဖြစ် ပြောင်းလဲသွားကာ မြေပြင်မှ ပေဝက်ခန့်အကွာတွင် ဝဲပျံနေလေသည်။

"အဆင့်နိမ့် ဝိညာဉ်လက်နက် 'လေညှင်းစီး ဓားပျံ' ပါလား"

ဟိုယွင်ကျဲ အံ့အားသင့်စွာ အော်ဟစ်လိုက်မိ၏။

All Chapters