မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းကျော်ဇောမှု
Vol. 1 Ch. 8
~ဤတောက်ပနေသော ကျောက်စိမ်းရောင် အတုံးလေးများသည် သဘာဝ ဝိညာဉ်စွမ်းအင်များကို သိမ်းဆည်းထားနိုင်သည့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြ၏။
ကျောက်တုံးတစ်တုံးစီတွင် သိသာထင်ရှားသော စွမ်းအင်ပမာဏ ပါဝင်ပြီး၊ ချီစုစည်းခြင်း (၁) ဆင့်မြောက် ကျင့်ကြံသူတစ်ဦး၏ ကုန်ခမ်းနေသော ချီပင်လယ်ကို ပြန်လည်ဖြည့်တင်းပေးရန် လုံလောက်သည်။
ကျန်ရှိနေသော ပစ္စည်းများမှာမူ လက်မဝက်ခန့် အချင်းရှိပြီး လက်နှစ်လုံးခန့် မြင့်မားသော ကြွေပုလင်းငယ်လေး (၁၀) လုံး ဖြစ်၏။
"ဒါတွေက ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝိညာဉ်မျက်လုံးဆေးရည်တွေလား"
ယဲ့ဖုန်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"ဂိုဏ်းချုပ်ဦးလေး... ဝိညာဉ်မျက်လုံးဆေးရည် ရပြီဆိုတော့ ဦးလေးလည်း ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လို့ ရပြီပေါ့"
လီကျောက်ကျောက်သည် ဝိညာဉ်မျက်လုံးဆေးရည် ပုလင်းလေးတစ်လုံးကို ကောက်ယူရင်း ဝမ်းသာအားရ ပြောလိုက်၏။ သူမ၏ လှပသော မျက်နှာလေးတွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်နေလေသည်။
"ဟေ... ဟုတ်လား"
ယဲ့ဖုန်း မျက်လုံးများ အရောင်တောက်သွား၏။
"ဝိညာဉ်မျက်လုံးဆေးရည်က ငါ့ကို ကျင့်ကြံခြင်းလမ်းပေါ် ရောက်အောင် ပို့ပေးနိုင်တယ်လား... ဒါဆိုရင် ဘယ်လို သုံးရမှာလဲ"
"ကျင့်ကြံခြင်းရဲ့ အခြေခံအဆင့်ဖြစ်တဲ့ 'အသက်ရှုသံအာရုံခံအဆင့်'ကို ဝင်ရောက်နိုင်ဖို့ဆိုရင်... ဒီလောကကြီးထဲမှာ ရှိနေတဲ့ ဝိညာဉ်စွမ်းအင်တွေကို မြင်နိုင်ဖို့ လိုပါတယ်... အဲ့ဒီအတွက် ဝိညာဉ်မျက်လုံးဆေးရည်နဲ့ မျက်လုံးကို ဆက်တိုက် ဆေးကြောပေးရမယ်... ဒါမှသာ စွမ်းအင်တွေကို ကိုယ်ခန္ဓာထဲ စွဲယူပြီး ချီစုစည်းခြင်း အဆင့်ကို တက်လှမ်းနိုင်မှာပါ"
လီကျောက်ကျောက်က စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
"ဪ... အဲ့လိုကိုး"
ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွား၏။
သူ့ယခင်ဘဝက မြင်ကွင်းများနှင့် ယခုမြင်ကွင်းများမှာ တောင်တွေ ပိုစိမ်းပြီး ရေတွေ ပိုကြည်လင်ကာ လူတွေ ပိုချောမောသည်မှ လွဲ၍ ဘာမှ ထူးမခြားနားဘဲ ဝိညာဉ်စွမ်းအင်များကို မမြင်ရသေးခြင်းမှာ... မျက်လုံး မဆေးရသေးသောကြောင့် ဖြစ်နေသည်ကိုး။
"အသက်ရှုသံအာရုံခံအဆင့်ကို ရောက်ဖို့ဆိုရင် ဆေးရည် ဘယ်နှပုလင်းလောက် လိုမလဲ"
ယဲ့ဖုန်း အလျင်အမြန် မေးလိုက်၏။
သူ စိတ်လှုပ်ရှားနေ၏။ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင် လျှောက်လှမ်းရတော့မည်ဟူသော အသိစိတ်က သူ့ကို တက်ကြွစေသည်။
"ပုံမှန်အားဖြင့်တော့ ဆေးရည် ပုလင်းဝက်လောက်ဆို ရပါပြီ... ပါရမီ နည်းနည်းညံ့တဲ့လူတွေဆိုရင်တော့ တစ်ပုလင်းလောက် ကုန်နိုင်ပါတယ်"
လီကျောက်ကျောက်သည် ဂရုစိုက်တတ်သော လက်ထောက်မလေး တစ်ဦးအလား ယဲ့ဖုန်း နားလည်အောင် ရှင်းပြပေးနေ၏။
ဟိုယွင်ကျဲနှင့် ရှီလေ့တို့မှာမူ သေတ္တာထဲရှိ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) ကို စိုက်ကြည့်ရင်း မျက်လုံးများ ပြူးကျယ်နေကြ၏။
သူတို့ တစ်သက်နှင့်တစ်ကိုယ် ဒီလောက်များပြားသော ဝိညာဉ်ကျောက်တုံးများကို တစ်ခါမှ မမြင်ဖူးကြချေ။
ခေတ္တမျှ ကြောင်ငေးနေပြီးမှ...
"အဟမ်း... စည်းစိမ်ဆိုတာ ပြသလို့ မကောင်းဘူး... ဒီသေတ္တာကို ဂိုဏ်းထဲ မြန်မြန် သယ်သွားကြစို့" ဟု ယဲ့ဖုန်းက သတိပေးလိုက်၏။
"ဟုတ်ကဲ့"
ရှီလေ့သည် သစ်သားသေတ္တာကို မလိုက်၏။ သူ့ပုံစံမှာ ကိုယ့်မိန်းမကို ပွေ့ချီသကဲ့သို့ အလွန်အမင်း ဂရုတစိုက် ကိုင်တွယ်နေပြီး၊ ဟောင်းနွမ်းနေသော ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ သယ်ဆောင်သွားလေသည်။
"ဒီနေ့ တပည့်တို့အားလုံး ပင်ပန်းသွားကြပြီ... ဝိညာဉ်ကျောက်တုံး အချို့ကို ယူပြီး ကောင်းကောင်း ကျင့်ကြံကြ... အထူးသဖြင့် ယွင်ကျဲ... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အရင်ဆုံး ခိုင်မာအောင် လုပ်ပါ"
ယဲ့ဖုန်းသည် ဟိုယွင်ကျဲ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။
တပည့် (၃) ယောက်အနက် ဟိုယွင်ကျဲ တစ်ယောက်တည်းသာ 'မီးတိမ်တိုက်လက်ဝါးသိုင်း' ကို အထွတ်အထိပ်အဆင့် ရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး အပင်ပန်းဆုံး ဖြစ်ခဲ့သူ ဖြစ်၏။ ထို့ကြောင့် ဆုချီးမြှင့်ခံရထိုက်ပေသည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"
ဟိုယွင်ကျဲသည် ဝိညာဉ်ကျောက်တုံး (၃) တုံးကို ဂရုတစိုက် ယူလိုက်၏။
လီကျောက်ကျောက်နှင့် ရှီလေ့တို့ကမူ အချင်းချင်း မျက်စပစ်ပြလိုက်ကြပြီး၊ တိတ်တဆိတ် သဘောတူညီမှု ရယူကာ (၂) တုံးစီသာ ယူလိုက်ကြ၏။
သွေးရောင်မြွေဂိုဏ်း၏ စိန်ခေါ်မှုကို တွန်းလှန်နိုင်ခဲ့ပြီး နောက်တစ်နှစ်အထိ အေးအေးဆေးဆေး နေနိုင်ပြီ ဖြစ်သော်လည်း၊ ယဲ့ဖုန်းအတွက် နောက်ထပ် ပြဿနာတစ်ခု ရှိနေသေးသည်။
စနစ်၏ အကဲဖြတ် စာမေးပွဲ...
(၇) ရက်အတွင်း တပည့် (၁၀) ဦး စုဆောင်းရမည်ဖြစ်ပြီး၊ ယခု (၃) ရက် ကုန်ဆုံးသွားပြီ ဖြစ်၏။ အချိန် သိပ်မကျန်တော့ပေ။
'စနစ်ရဲ့ သတ်မှတ်ချက်အရဆိုရင် ရှီလေ့လောက် ကျင့်ကြံခြင်းအဆင့် ရှိသူကိုမှ ဂိုဏ်းသား အဖြစ် သတ်မှတ်တာ...'
'ဒါဆိုရင် စာရင်းသွင်းထားတဲ့ တပည့် ဆိုတာ ဘယ်လိုမျိုးလဲ'
'သာမန်လူလား... ဒါမှမဟုတ် မျက်လုံးဆေးပြီး အသက်ရှုသံအာရုံခံအဆင့်ကို ရောက်မှ ရမှာလား... ဒါမှမဟုတ် ကျင့်ကြံခြင်းအဆင့် မလိုဘဲ စနစ်ရဲ့ စံနှုန်းအတိုင်း သတ်မှတ်မှာလား'
ယဲ့ဖုန်းသည် သေတ္တာထဲရှိ ဝိညာဉ်မျက်လုံးဆေးရည် (၁၀) ပုလင်းကို ငုံ့ကြည့်ရင်း တွေးတောနေမိ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း မေးလိုက်၏။
"တပည့်တွေ အမြန်ဆုံး စုဆောင်းနိုင်မယ့်နေရာက ဘယ်နေရာလဲ"
တပည့် (၃) ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီးနောက်၊ (၁၀) မိုင်ကျော် ဝေးကွာသော ရေပေါ်ဖြူမြို့တော်ရှိရာ ဘက်သို့ လက်ညှိုးထိုးပြလိုက်ကြ၏။
"မြို့လယ်ခေါင်က လူအများဆုံး ဆိုတော့ တပည့်စုဆောင်းဖို့ အမြန်ဆုံး နေရာပေါ့... ဒါပေမယ့် ကျွန်တော်တို့ မြူခိုးဂိုဏ်းက အဆင့်နိမ့်ဂိုဏ်း ဖြစ်နေသလို၊ အရင်က အရမ်း ဆင်းရဲခဲ့တော့ ဘယ်သူမှ ဝင်ချင်ကြမှာ မဟုတ်ပါဘူး"
"အမ်..အဲ့ဒီလောက်တောင် ဆိုးရွားနေတာလား"
ယဲ့ဖုန်း တစ်ယောက် စကားပင် မပြောနိုင်တော့ချေ။
"ဒါဆိုရင် အရင်တုန်းက တပည့်တွေကို ဘယ်လို စုဆောင်းခဲ့ကြတာလဲ"
"အရင်တုန်းကတော့ ဂိုဏ်းချုပ်ဟောင်းကြီးက အနီးအနား ရွာတွေကို တစ်အိမ်တက်ဆင်း လိုက်ခေါ်တာပါ... ဒါပေမယ့် တစ်ယောက်နှစ်ယောက်လောက်ပဲ ရတယ်... သူတို့ကလည်း ဒီရောက်တော့ ထမင်းဝအောင် မစားရဘူးဆိုပြီး ထွက်ပြေးကုန်ကြတာပါ" ရှီလေ့က ရှင်းပြသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း ဆွံ့အသွားရသည်။
ဒီလောက် ဆင်းရဲမွဲတေနေသော ဂိုဏ်းမျိုး ရှိလိမ့်မည်ဟု ထင်မထားမိချေ။
ယဲ့ဖုန်းသည် သေတ္တာထဲရှိ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးရည်ပုလင်းများကို ညွှန်ပြလိုက်၏။
"အရင်က ဆင်းရဲပေမဲ့... အခု ငါတို့မှာ ပိုက်ဆံ ရှိနေပြီပဲ"
သို့သော် စည်းစိမ်ဥစ္စာကို မပြသသင့်ကြောင်း သတိရလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။
"ဒါပေမယ့် အခု ငါတို့ ဒီလောက် ချမ်းသာနေတာကို တခြားဂိုဏ်းတွေက လာလုကြရင် ဘယ်လိုလုပ်မလဲ"
"မပူပါနဲ့ ဂိုဏ်းချုပ်ဦးလေး... ဂိုဏ်းချုပ်ဟောင်းကြီးက မြို့စားမင်းအိမ်တော်ဆီကနေ ဂိုဏ်းပိုင်ဆိုင်မှု စာချုပ် ဝယ်ထားပြီးသားပါ... သူတို့က ကျွန်မတို့အတွက် တရားမျှတမှု ရှိအောင် ကာကွယ်ပေးပါလိမ့်မယ်" လီကျောက်ကျောက်က ဝင်ပြောသည်။
"ဪ... ဂိုဏ်းပိုင်ဆိုင်မှု စာချုပ် ရှိတယ်ဆိုတာ ဆက်ကြေးပေးထားသလိုမျိုးပေါ့"
ယဲ့ဖုန်း ရုတ်တရက် သဘောပေါက်သွား၏။
ထို့နောက် တပည့် (၃) ယောက်က ယဲ့ဖုန်း မသိသေးသော အကြောင်းအရာများစွာကို ရှင်းပြကြ၏။
ရေပေါ်ဖြူမြို့တော် နယ်နိမိတ်အတွင်းရှိ ဂိုဏ်းတိုင်းသည် ဂိုဏ်းပိုင်ဆိုင်မှု စာချုပ် ဝယ်ယူထားပါက မြို့စားမင်းအိမ်တော်၏ အကာအကွယ်ကို ရရှိမည် ဖြစ်၏။
ဂိုဏ်းများ၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို မည်သူမျှ ခိုးယူရဲခြင်း မရှိပေ။ ခိုးယူခြင်းသည် မြို့စားမင်းအိမ်တော်ကို ဆန့်ကျင်ခြင်း မည်သည်။ သို့သော် ရံဖန်ရံခါ ခိုးမှုများတော့ ရှိတတ်သည်။ တပည့်အချင်းချင်း ပဋိပက္ခ အသေးစားများလည်း ရှိတတ်သည်။သို့သော် ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်ရှိသော ဂိုဏ်းတစ်ခုကို ဗြောင်ကျကျ လုယက်ရဲသူ မရှိပေ။
ထို့ကြောင့် ဂိုဏ်းချုပ်များသည် အပြင်ထွက်သည့်အခါ မိမိတို့၏ ရတနာပစ္စည်းများကို တစ်ပါတည်း ယူဆောင်သွားလေ့ ရှိကြ၏။ ထားခဲ့လျှင် ခိုးခံရမည် စိုးသောကြောင့် ဖြစ်၏။
ထိုအကြောင်းများကို သိလိုက်ရသောအခါ ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး သစ်သားသေတ္တာပေါ်တွင် ထိုင်လိုက်၏။
"ဒီနေ့ မင်းတို့ ပင်ပန်းသွားကြပြီ... ဝိညာဉ်ကျောက်တုံးတွေ သုံးပြီး အရင်ဆုံး အားပြန်ဖြည့်ကြ... မနက်ဖြန်ကျရင် ရေပေါ်ဖြူမြို့တော်ကို သွားပြီး တပည့် စုဆောင်းကြမယ်... ပြီးတော့ စားစရာတွေပါ တစ်ခါတည်း ဝယ်လာကြတာပေါ့"
"ဟုတ်ကဲ့ပါ"
တပည့် (၃) ယောက် သဘောတူလိုက်ကြ၏။
သူတို့သည် ချီစုစည်းခြင်း အဆင့်သာ ရှိသေးပြီး၊ ဂိုဏ်းချုပ် ယဲ့ဖုန်းမှာ သာမန်လူသာ ဖြစ်နေသဖြင့် အစာမစားဘဲ နေနိုင်စွမ်း မရှိသေးချေ။ ထို့ကြောင့် စားသောက်ရန် လိုအပ်ပေသည်။
...
ရေပေါ်ဖြူမြို့တော်၊ မြို့လယ်ခေါင်...
"ကြားပြီးပြီလား... မြို့အရှေ့ဘက် (၁၀) မိုင်လောက်မှာ ရှိတဲ့ မြူခိုးဂိုဏ်းက သွေးရောင်မြွေဂိုဏ်းကို အနိုင်ယူလိုက်တယ်တဲ့... ဒါတင်မကဘူး... သူတို့ တပည့်တွေက သိုင်းပညာတွေကို အဆင့်ကြီးအောင်မြင်မှု၊ တချို့ဆို အထွတ်အထိပ်အဆင့်ထိတောင် တတ်မြောက်ထားကြတာတဲ့"
"ဘာ... အထွတ်အထိပ်အဆင့် ဟုတ်လား"
"ဟုတ်တယ်... ကြားတာတော့ အဲ့ဒီတပည့်တွေက ချီစုစည်းခြင်း (၃) ဆင့်၊ (၄) ဆင့်လောက်ပဲ ရှိသေးတာတဲ့... တစ်ယောက်ဆိုရင် တိုက်ပွဲထဲမှာတင် (၅) ဆင့်မြောက်ကို တက်သွားပြီး လူအများကြီးရှေ့မှာ စစ်ထိုက်ကျန်ကို အနိုင်ယူလိုက်တာတဲ့"
"မဖြစ်နိုင်တာကွာ"
လမ်းကြားများထဲတွင် ထိုသတင်းက တဖြည်းဖြည်း လေအလျင်လို ပျံ့လာသည်။
ပွဲသွားကြည့်ခဲ့ကြသော အခြားဂိုဏ်းမှ တပည့်များ မြို့ထဲသို့ ရောက်လာကြသည့်အခါ သတင်းပျံ့နှံ့မှုမှာ ပိုမို လျင်မြန်သွား၏။
နေ့ဝက်အတွင်းမှာပင် မြို့တစ်ဝက်လောက် သတင်းကြားသွားကြပြီး မယုံကြည်နိုင်သော မျက်နှာထားများဖြင့် ပြောဆိုနေကြ၏။
ချီစုစည်းခြင်း (၄) ဆင့်မြောက်နဲ့ ပထမအဆင့် သိုင်းပညာကို အထွတ်အထိပ်ရောက်အောင် ကျင့်ကြံနိုင်တယ် ဟုတ်လား။
ဖြစ်နိုင်ပါ့မလား။
လူ (၉၉) ရာခိုင်နှုန်းက မယုံကြည်ကြပေ။
"အမေ... သား မြူခိုးဂိုဏ်း ဝင်ချင်တယ်" အသက် (၁၀) နှစ်အရွယ် ကလေးတစ်ယောက်က သူ့အမေကို ပူဆာနေ၏။
"ဘာသွားလုပ်မှာလဲ... မြူခိုးဂိုဏ်းက စားစရာတောင် မရှိတော့ဘူး... သူတောင်းစား သွားလုပ်မလို့လား" အမျိုးသမီးက အထင်တသေး ပြောလိုက်၏။
"ကြားတာတော့ သူတို့က သွေးရောင်မြွေဂိုဏ်းရဲ့ ပိုင်ဆိုင်မှု စာချုပ်နဲ့ လဲပြီး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀) နဲ့ ဝိညာဉ်မျက်လုံးဆေးရည် (၁၀) ပုလင်း ရထားတယ်တဲ့... အခု မဆင်းရဲတော့ဘူးကွယ့်" လမ်းတစ်ဖက်ခြမ်းမှ အဘိုးအိုတစ်ဦးက ဝင်ပြောလိုက်၏။
အမျိုးသမီး မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ သားဖြစ်သူကို အိမ်အပြင်သို့ ချက်ချင်း တွန်းထုတ်လိုက်၏။
"သွား... မြူခိုးဂိုဏ်း ဝင်ချင်ရင် အခု သွားတော့"
ရေပေါ်ဖြူမြို့တော်တွင် ထိုကဲ့သို့ ဖြစ်ရပ်များ ရံဖန်ရံခါ ဖြစ်ပွားနေ၏။
မျက်စိတစ်မှိတ်အတွင်း ညနေစောင်းသို့ ရောက်ရှိလာခဲ့တော့၏။
ကျဉ်းမြောင်းသော လမ်းကြားလေး တစ်ခုအတွင်း...
အနက်ရောင် ဝတ်ရုံနှင့် အနက်ရောင် ခမောက်ဆောင်းထားသော လူတစ်ဦးသည် ငြိမ်သက်စွာ ရပ်နေပြီး လူတို့၏ ပြောစကားများကို နားထောင်နေ၏။ ထို့နောက် တိုးညှင်းစွာ ရေရွတ်လိုက်၏။
"မြူခိုးဂိုဏ်း... နောက်ဆုံးတော့ ရှာတွေ့ပြီပဲ"
သူမသည် ကျော့ရှင်းစွာ လှည့်ထွက်လိုက်ရာ ဝတ်ရုံစများ လေထဲတွင် လွင့်ပျံသွား၏။ ရေပေါ်ဖြူမြို့တော်မှ လျင်မြန်စွာ ထွက်ခွာသွားပြီး၊ ဓားပျံ တစ်လက်ကို စီးနင်းကာ မြို့အရှေ့ဘက် (၁၀) မိုင်ခန့်အကွာရှိ မြူခိုးတောင်ထိပ်ဆီသို့ ပျံသန်းသွားလေတော့၏။
—---
မြူခိုးဂိုဏ်းအား ပြန်ကြည့်ကြပါစို့...။
တပည့် (၃) ယောက်သည် သူတို့၏ ဝိညာဉ်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းပြီးကြပြီ ဖြစ်ကာ၊ ကျင့်ကြံခြင်း အဆင့်များလည်း အနည်းငယ် တိုးတက်လာခဲ့ကြ၏။
"ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံရတာ တကယ် မြန်တာပဲ... နောက်ရက်နည်းနည်းလောက်ဆိုရင် ကျွန်မ (၄) ဆင့်မြောက်ကို တက်လှမ်းနိုင်တော့မယ်" လီကျောက်ကျောက်က ပြောလိုက်၏။
"ငါလည်း အတူတူပဲ"
ရှီလေ့ကလည်း ခေါင်းညိတ်ထောက်ခံသည်။
"ကျွန်တော်ကတော့ ကျင့်ကြံခြင်းအဆင့် ခိုင်မာသွားပြီ... နောက် လဝက်လောက်ဆိုရင် (၅) ဆင့်မြောက် အထွတ်အထိပ်ကို ရောက်နိုင်လောက်တယ်" ဟိုယွင်ကျဲလည်း မျက်လုံးဖွင့်လာပြီး သူ၏ တိုးတက်မှုကို မျှဝေလိုက်၏။
ထိုအခါ၊ ယဲ့ဖုန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
သူလည်း တစ်နေကုန် အားမနေခဲ့ပေ။ ဝိညာဉ်မျက်လုံးဆေးရည် တစ်ပုလင်းကို ဖွင့်ပြီး တဘက်သန့်သန့်ဖြင့် တို့ယူကာ မျက်လုံးများကို ဆက်တိုက် သုတ်လိမ်း ဆေးကြောနေခဲ့၏။
သို့သော် မည်သည့် အာနိသင်မှ မပြသေးပေ။
"ရွှပ်"
ထိုအချိန်တွင် တံခါးပေါက်အပြင်ဘက်သို့ ဓားပျံတစ်လက် ဆင်းသက်လာသည့်အသံ ကြားလိုက်ရသည်။
"ဒါ မြူခိုးဂိုဏ်းလား"
အပြင်ဘက်မှ ထွက်ပေါ်လာသော အေးစက်စက် အသံတစ်ခုကြောင့် မြူခိုးဂိုဏ်းသားအားလုံး၏ အာရုံများ ထိုနေရာသို့ ရောက်ရှိသွားကြလေတော့၏။