← Chapters

ညဈေးတန်းမှ ပဋိပက္ခ

Vol. 1 Ch. 10

ညဈေးတန်းမှ ပဋိပက္ခ

Vol. 1 Ch. 10

~"ပြန်စဉ်းစားကြည့်မယ်ဆိုရင်... ငါတို့ မြူခိုးဂိုဏ်းမှာ အဆင့်နိမ့် ဝိညာဉ်လက်နက်ဖြစ်တဲ့ 'ရွှမ်ယဲ့ ဓားပျံ' တစ်လက် ရှိခဲ့ဖူးတယ်... ဒါပေမယ့် ရှောင်ဖန်ကူ ကောင်စုတ်လေးက ထွက်သွားတော့ ယူသွားခဲ့တာ နှမြောစရာပဲကွာ... ဒေါသထွက်ဖို့ကောင်းလိုက်တာ"

ဟိုယွင်ကျဲက သက်ပြင်းချရင်း ပြောလိုက်၏။

ထိုဓားပျံသည် ဂိုဏ်းချုပ်ဟောင်းကြီးက ဝိညာဉ်ကျောက်တုံး အမြောက်အမြား အကုန်အကျခံပြီး ဝယ်ယူထားခဲ့သော တစ်ခုတည်းသော ဂိုဏ်းပိုင် ဝိညာဉ်လက်နက် ဖြစ်၏။ ယခုတော့ ပါသွားခဲ့တော့၏။

ရှီလေ့လည်း မကျေမနပ် ဖြစ်နေ၏။

"အဲ့ဒီကောင်စုတ်လေးက ငါတို့ဂိုဏ်းကို သစ္စာဖောက်ပြီးတော့ အဆင့် (၁) ချင်းယွန်ဂိုဏ်းကို ဝင်သွားတာ... အဲ့ဒီဂိုဏ်းက ရေပေါ်ဖြူမြို့တော် မြို့စားမင်းအိမ်တော်ထက်တောင် အဆင့်အတန်း ပိုမြင့်နေသေးတယ်... ငါတို့ အင်အားလောက်နဲ့ ပြန်ယူဖို့ဆိုတာ မလွယ်ဘူး"

"နောင်တစ်ချိန်ကျရင် ပြန်ယူလို့ရမှာပါ"

ယဲ့ဖုန်းက နှစ်သိမ့်ကယ မိုယင်၏ လေညှင်းစီး ဓားပျံကို ညွှန်ပြလိုက်၏။

"သွားကြစို့... မြို့ထဲ ဝင်ကြမယ်"

"ဟုတ်ကဲ့"

တပည့် (၄) ယောက် ဓားပျံပေါ် ခုန်တက်လိုက်ကြ၏။

မိုယင်နှင့် လီကျောက်ကျောက်က ရှေ့ဆုံးတွင်၊ ယဲ့ဖုန်းက အလယ်တွင်၊ ဟိုယွင်ကျဲနှင့် ရှီလေ့က နောက်ဆုံးတွင် နေရာယူလိုက်ကြ၏။

"ဝီ…"

ဓားပျံကြီး တုန်ခါသွား၏။

ဓားပျံကြီးခမျာ ဒီအရွယ်နှင့် မထမ်းဆောင်သင့်သော ဖိအားများကို ခံစားနေရရှာပြီး၊ (၁၀) မိုင်ကျော် ဝေးကွာသော ရေပေါ်ဖြူမြို့တော်ဆီသို့ လူ (၅) ယောက်ကို သယ်ဆောင်ကာ ပျံသန်း ထွက်ခွာသွားလေသည်။

ယဲ့ဖုန်း လုံးဝ မသိလိုက်သော အရာတစ်ခု ရှိသေးသည်။

သူတို့ မြူခိုးတောင်ထိပ်မှ ထွက်ခွာသွားပြီး မကြာမီမှာပင်၊ အမွေးပွပွ အဖြူရောင် သတ္တဝါလေး တတစ်ကောင်သည် ဟောင်းနွမ်းနေသော ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ ပြေးဝင်လာခဲ့၏။

၎င်းသည် မိခင်ရင်ခွင်သို့ ပြန်ရောက်လာသည့်နှယ် ခန်းမဆောင်အနှံ့ လိုက်လံ အနံ့ခံနေပြီး၊ နောက်ဆုံးတွင် စားပွဲအောက်၌ ဝင်ခွေကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့၏။

...

ကောင်းကင်ယံထက်တွင်...

လေညှင်းစီး ဓားပျံသည် လူ (၅) ယောက်ကို သယ်ဆောင်လျက် ပျံသန်းနေ၏။

ဒါက ယဲ့ဖုန်းအတွက် ပထမဆုံးအကြိမ် ပျံသန်းဖူးခြင်း မဟုတ်ပေ။

ဂိုဏ်းချုပ်ဟောင်းကြီးက သူ့ကို ခေါ်လာစဉ်ကလည်း 'ရွှမ်ယဲ့ ဓားပျံ' ဖြင့် ခေါ်ဆောင်လာခဲ့ဖူးသည်။

ဓားပျံပေါ်တွင် ရပ်လိုက်သည်နှင့် ခြေထောက်များက သံလိုက်ကဲ့သို့ ကပ်နေပြီး၊ ပြုတ်ကျမည်ကို စိုးရိမ်စရာ မလိုဘဲ တည်ငြိမ်နေလေသည်။

"ရွှစ်"

ဓားပျံ၏ အရှိန်မှာ အံ့မခန်း လျင်မြန်လှသည်။

လက်ဖက်ရည် တစ်ခွက် သောက်ချိန်၏ တစ်ဝက်လောက် အချိန်အတွင်းမှာပင် သူတို့အဖွဲ့သည် အရှေ့ဘက် မြို့တံခါးဝသို့ ဆင်းသက်ရောက်ရှိလာပြီး မြို့ထဲသို့ ဝင်ရောက်လာကြ၏။

ယဲ့ဖုန်းသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ကြေးပြား (၁၀) တွဲ (စုစုပေါင်း ကြေးပြား ၁၀၀၀၀) ဖြင့် လဲလှယ်လိုက်၏။

ရှန်ကျိုးကုန်းမြေတိုက်ကြီးတွင် ဝိညာဉ်ကျောက်တုံးများကို ရွှေ၊ ငွေ၊ ကြေးပြားများဖြင့် အချိန်မရွေး လဲလှယ်နိုင်သော်လည်း၊ ပြန်လည် ဝယ်ယူသည့်အခါတွင်မူ ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်သူများ၏ သဘောဆန္ဒအပေါ်တွင်သာ မူတည်သည်။

ယခု ယဲ့ဖုန်းမှာ ဆာလွန်းသဖြင့် မူးမေ့လဲလုနီးပါး ဖြစ်နေပြီဖြစ်ရာ၊ တန်ဖိုးကို ဂရုမစိုက်နိုင်တော့ဘဲ ဝိညာဉ်ကျောက်တုံး တစ်တုံးကို မရမက လဲလှယ်လိုက်ရခြင်း ဖြစ်၏။

ပုံမှန်ဆိုလျှင် ရွှေ (၁၀) ကျပ်သား ပေးရင်တောင် ဝိညာဉ်ကျောက်တုံး တစ်တုံး ရချင်မှ ရမည်။

သူတို့သည် အနီးနားရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဝင်ရောက် စားသောက်ကာ ဗိုက်ဖြည့်လိုက်ကြ၏။ ထို့နောက် ဆန်ဆိုင်များနှင့် ဟင်းသီးဟင်းရွက် ဈေးတန်းများသို့ သွားရောက်ကာ မြူခိုးဂိုဏ်းအတွက် လဝက်စာ ရိက္ခာများကို ဝယ်ယူကြ၏။

"ပြန်ဖို့ အချိန်တန်ပြီ... မနက်ဖြန် မနက်ကျရင် တပည့် စုဆောင်းဖို့ ပြန်လာကြရဦးမယ်" ယဲ့ဖုန်း ပြောလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... တောင်အောက်ကို ခဲရာခဲဆစ် ဆင်းရတာပါ... ပြန်မသွားခင် ညဈေးတန်းလေး ဘာလေး လျှောက်ကြည့်ရအောင်လေနော်"

လီကျောက်ကျောက်သည် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် ချိတ်ဆွဲထားသော မီးပုံးများကို ကြည့်ရင်း မိန်းကလေးတို့၏ သဘာဝအတိုင်း ဈေးဝယ်ထွက်ချင်စိတ်များ ပေါ်ပေါက်လာသည်။

အချိန်မှာ ညနေစောင်းနေပြီ ဖြစ်၏။

မိုင် (၃၀) ပတ်လည် ကျယ်ဝန်းသော ရေပေါ်ဖြူမြို့တော်၏ မြို့မနေရာတွင် လူဦးရေ (၈) သိန်းကျော် နေထိုင်ပြီး၊ ညဘက်တွင် စည်ကားသိုက်မြိုက်လှရာ ညဈေးတန်း လျှောက်လည်ရန် အလွန် ကောင်းမွန်လှပေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း မျက်မှောင် ကြုတ်လိုက်မိ၏။

ဒီအချိန်ကြီး ရေပေါ်ဖြူမြို့တော်ထဲတွင် ဆက်နေလျှင် ပြဿနာ တစ်ခုခု တက်တော့မည်ဟု သူ့စိတ်ထဲတွင် အလိုလို ခံစားနေရသည်။

သူ့အထင်ကို သက်သေပြလိုက်သကဲ့သို့ပင်... လမ်းမကြီး၏ ရှေ့ဘက်မှ အနက်ရောင် ဝတ်စုံများ ဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့် သူတို့ဆီသို့ လျှောက်လာနေကြ၏။

ခေါင်းဆောင်ဖြစ်သူမှာ ပါးစပ်ရွဲ့နေပြီး အသားမည်းမည်းနှင့် လူငယ် တစ်ဦး ဖြစ်၏။

"မင်းတို့ပါလား"

စစ်ထိုက်ကျန်ပင်။

စစ်ထိုက်ကျန်သည် ယဲ့ဖုန်း၊ ဟိုယွင်ကျဲ နှင့် အဖွဲ့ကို မြင်လိုက်ရသောအခါ ဒေါသကြောင့် နှာခေါင်းများပင် ရွဲ့စောင်းသွားရသည်။

"မင်းက မီးတိမ်တိုက်လက်ဝါးသိုင်း မိပြီး ဒဏ်ရာအပြင်းအထန် ရထားတာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလောက် မြန်မြန် ပြန်ကောင်းလာတာလဲ" ရှီလေ့က ပါးစပ်က လွှတ်ခနဲ မေးလိုက်မိ၏။

"မင်း ပါးစပ်ကို ‌ပိတ်ထားစမ်း"

စစ်ထိုက်ကျန် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေ၏။

သူ ရှုံးနိမ့်ခဲ့သည့် သတင်းသည် မြို့တစ်မြို့လုံး ပျံ့နှံ့နေပြီဖြစ်ရာ မျက်နှာဖော်စရာပင် မရှိတော့ပေ။ အခု ရှီလေ့က သူ့ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား၏။

"ဟေ... ခင်ဗျားတို့ အဝတ်အစားတွေက... အလယ်အဆင့် 'ဟေးရွှမ်ဂိုဏ်း' ရဲ့ ဝတ်စုံတွေပါလား"

ဟိုယွင်ကျဲက မျက်စိလျင်စွာဖြင့် ပထမဆုံး သတိထားမိလိုက်၏။

နှစ်ပေါင်းများစွာ ကြာမြင့်လာပြီးနောက် ဂိုဏ်းအဆင့် သတ်မှတ်ချက်များသည် စနစ်တကျ ဖြစ်လာခဲ့၏။ အနိမ့်မှ အမြင့်သို့ အဆင့်နိမ့်၊ အလယ်အဆင့် နှင့် အထက်အဆင့် ဟူ၍ အဓိက (၃) မျိုး ခွဲခြားထားသည်။ ထိုဂိုဏ်းများ၏ အထက်တွင် ကြယ်အဆင့်ဂိုဏ်းများ ရှိပြီး ကြယ် (၁) ပွင့်မှ ကြယ် (၅) ပွင့် အထိ အဆင့် (၅) ဆင့် ရှိသည်။

ရှန်ကျိုးကုန်းမြေတိုက်ကြီး၏ အထွတ်အထိပ်တွင် ရှိနေကြသူများမှာမူ ကြယ် (၅) ပွင့်အဆင့်ကိုပင် ကျော်လွန်သွားကြသော 'အင်မော်တယ် နယ်မြေမြတ်' များ ဖြစ်ကြ၏။

ရေပေါ်ဖြူမြို့တော်တွင် ဂိုဏ်းပေါင်း ရာနှင့်ချီ ရှိသော်လည်း ကြယ်အဆင့်ဂိုဏ်း တစ်ခုမျှ မရှိပေ။ အမြင့်ဆုံးမှာ အထက်အဆင့် ဂိုဏ်း (၃) ဂိုဏ်းသာ ရှိသည်။

ထိုဂိုဏ်းများ၏ အောက်တွင် ဟေးရွှမ်ဂိုဏ်းကဲ့သို့သော အလယ်အဆင့် ဂိုဏ်းပေါင်း တစ်ဒါဇင်ကျော် ရှိ၏၊ ဂိုဏ်းချုပ်တိုင်းသည် ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံဆင့် ခွန်အား ပိုင်ဆိုင်ထားကြကာ စုပေါင်းအင်အား ကြီးမားလှသည်။

"ဒီဝတ်စုံကို မှတ်မိတယ်ဆိုရင်... ဒါ ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်းတို့ သိမှာပါ"ဟု စစ်ထိုက်ကျန်က ရင်ဘတ်ကို ပုတ်ရင်း မောက်မာစွာ ပြောလိုက်၏။

သွေးရောင်မြွေဂိုဏ်းသည် ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်ကို ဆုံးရှုံးလိုက်ရသဖြင့် ပြောင်းရွှေ့ပေးရုံမှ တစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဂိုဏ်းချုပ် ကျောက်တာ့ကျန်းသည် ဖိတ်ကြားချက် တစ်ခု ရရှိခဲ့ပြီး၊ သွေးရောင်မြွေဂိုဏ်း တစ်ဂိုဏ်းလုံးကို ဦးဆောင်ကာ အလယ်အဆင့် ဟေးရွှမ်ဂိုဏ်းသို့ ဝင်ရောက် ပူးပေါင်းလိုက်ခြင်း ဖြစ်၏။ ဟေးရွှမ်ဂိုဏ်းက အထက်အဆင့် ဂိုဏ်းအဖြစ် တက်လှမ်းရန် ကြိုးစားနေချိန်တွင် အင်အားဖြည့်တင်းပေးလိုက်ခြင်း ဖြစ်လေ၏။

အလယ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်သည့်အားလျော်စွာ ဟေးရွှမ်ဂိုဏ်းတွင် ငွေကြေးဓန ကြွယ်ဝလှသည်။

ဂိုဏ်းချုပ်က 'အဆင့်နိမ့် ကုသခြင်းဆေးလုံး' တစ်လုံး ထုတ်ပေးလိုက်သဖြင့် စစ်ထိုက်ကျန်၏ ဒဏ်ရာ အများစုမှာ နေ့ဝက်အတွင်း သက်သာပျောက်ကင်းသွားခဲ့ခြင်း ဖြစ်၏။

ဒီည စစ်ထိုက်ကျန်က စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်လာခြင်း ဖြစ်၏။

သို့သော် ဒီနေရာမှာ ယဲ့ဖုန်းတို့အဖွဲ့နှင့် ပက်ပင်းတိုးမိလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူ့ရင်ထဲတွင် ဒေါသအဟုန်များ ရုတ်ချည်း မြင့်တက်လာရ၏။

"ဝိုင်းထားလိုက်ကြ"

သူ့လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ချီစုစည်းခြင်း အဆင့် ရှိသော တပည့် တစ်ဒါဇင်ကျော်က မြူခိုးဂိုဏ်း အဖွဲ့လေးကို ချက်ချင်း ဝိုင်းထားလိုက်ကြ၏။

"ကံဆိုးတာပဲကွာ"

ယဲ့ဖုန်း စကားပင် မပြောနိုင်တော့ချေ။

ရေပေါ်ဖြူမြို့တော်၏ စည်းကမ်းအရ မြို့တွင်းတွင် ဓားပျံစီးခြင်းကို တားမြစ်ထားသည်။ သို့မဟုတ်လျှင် သူ ချက်ချင်း ဓားပျံစီးပြီး ထွက်ပြေးမိမှာ သေချာသည်။

"မင်းတို့ စည်းကမ်း ဖောက်ဖျက်ချင်တာလား"

ဟိုယွင်ကျဲ ရှေ့ထွက်လာပြီး စစ်ထိုက်ကျန်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"ဒါ မြို့လယ်ခေါင်နော်... မင်းတို့ ဒီမှာ ရန်ဖြစ်ရဲလို့လား"

"အသက်အန္တရာယ်ဖြစ်မယ့် နေရာတွေကို မတိုက်သရွေ့... ပစ္စည်းတွေ မခိုးသရွေ့... တပည့်ချင်း ရန်ဖြစ်တာလောက်ကို မြို့စားမင်းအိမ်တော်က ဂရုစိုက်မှာ မဟုတ်ပါဘူးကွ" စစ်ထိုက်ကျန်က ယုတ်မာသော အပြုံးဖြင့် ပြောလိုက်၏။ ဒီလိုအခြေအနေမျိုးကို သူ ရင်းနှီးကျွမ်းဝင်နေပုံ ရသည်။

သူ နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်ရာ တပည့် တစ်ဒါဇင်ကျော်က သိုင်းကွက်များ စတင် ထုတ်ဖော်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။

"ဂိုဏ်းချုပ်ဦးလေးကို ကာကွယ်ထား"

ရှီလေ့သည် ချက်ချင်းပင် အထွတ်အထိပ်ရောက်နေသော 'သံမဏိဒိုင်းကာသိုင်း' ကို ထုတ်ဖော်လိုက်ပြီး ပထမဆုံး ခံတပ်စည်းအဖြစ် ရှေ့မှ ရပ်လိုက်၏။

လီကျောက်ကျောက်နှင့် ဟိုယွင်ကျဲတို့က ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြ၏။

နောက်ဆုံးတွင်မူ ဓားပျံကို ကျောတွင် လွယ်ထားသော မိုယင် ရှိနေ၏။

သူမ ဝင်ရောက် ပါဝင်ခြင်း မရှိသေးပေ။ ရှေ့မှ လူ (၄) ယောက်၏ ညီညွတ်သော ကာကွယ်မှုကို ကြည့်ရင်း သူတို့ကြားက သံယောဇဉ်ကို နားမလည်နိုင်အောင် ဖြစ်နေမိ၏။

'ဒီလောက် ခိုင်မာတဲ့ သံယောဇဉ်မျိုး ဒီလောကကြီးထဲမှာ တကယ် ရှိသေးတာလား'

မိုယင် နားမလည်နိုင်ပေ။

သို့သော် သူမကို မြူခိုးဂိုဏ်းသို့ စေလွှတ်လိုက်သူ၏ စကားကို သတိရလိုက်သောအခါ မိုယင် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ဝင်ရောက်ကူညီရန် ပြင်ဆင်လိုက်၏။

"ငြိမ်ငြိမ်လေး နေပြီး အထုခံလိုက်ကြစမ်းပါ... ဒါဆိုရင် မင်းတို့ ဒဏ်ရာ သက်သာလိမ့်မယ်" စစ်ထိုက်ကျန်က ဘဝင်မြင့်စွာ ပြောလိုက်၏။

တစ်ယောက်ချင်း မနိုင်ရင်တောင်... အုပ်စုလိုက် ဝိုင်းရိုက်ရင်တော့ ရမှာပေါ့ကွ။

ရုတ်တရက် အချက် တစ်ချက်ကို သတိရလိုက်ပြီး သူ အသံနှိမ့်ကာ မှာကြားလိုက်၏။

"မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုတော့ မထိနဲ့နော်... ပြဿနာ ကြီးသွားလိမ့်မယ်... ကျန်တဲ့ကောင်တွေကို ကြိုက်သလောက် ရိုက်"

"ရွှပ်"

လီကျောက်ကျောက်၊ ဟိုယွင်ကျဲ နှင့် ရှီလေ့တို့သည် ချက်ချင်းပင် ကျောချင်းကပ် ရပ်လိုက်ကြပြီး၊ ယဲ့ဖုန်းကို ဘေးသို့ ထုတ်ပယ်လိုက်ကြ၏။

"ဟေြကောင်တွေ... ငါ့ကို ကာကွယ်မယ်ဆို"

ယဲ့ဖုန်း၏ ပါးစပ်အနည်းငယ် လှုပ်ရွသွားရသည်။

"စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ဦးလေး... သူတို့ ဦးလေးကို မထိရဲပါဘူး... ထိရင် မြို့စားမင်းအိမ်တော်က အပြစ်ပေးလိမ့်မယ်" ရှီလေ့က လေးလေးနက်နက် ပြောလိုက်၏။

ထိုမြင်ကွင်းကို ကြည့်ရင်း မိုယင် မျက်လုံးများ လှန်လိုက်မိ၏။

သို့သော် ဒီလိုဂိုဏ်းမျိုးက ပိုပြီး စိတ်ဝင်စားစရာ ကောင်းသလို၊ လက်တွေ့လည်း ပိုကျသည်ဟု သူမ ခံစားမိလိုက်၏။ သူမကို စေလွှတ်လိုက်သူ ပြောသလိုပင် သူမနှင့် အလွန် ကိုက်ညီမည့် ဂိုဏ်းမျိုး ဖြစ်ပုံရသည်။

"အားလုံး ဝိုင်းတိုက်ကြ"

စစ်ထိုက်ကျန်၏ အမိန့်ပေးသံနှင့်အတူ လူတစ်ဒါဇင်ကျော် ပြေးဝင်လာကြ၏။ အချို့က 'မီးလျှံလှံရှည်သိုင်း' ကို ထုတ်ဖော်ပြီး၊ အချို့က 'မီးမြွေသိုင်း' ကို ထုတ်ဖော်ကာ အရှိန်အဟုန် ပြင်းစွာဖြင့် တိုက်ခိုက်လာကြ၏။

"ငါတို့ (၃) ယောက်တည်းနဲ့ တောင့်ခံနိုင်မယ် မထင်ဘူး"

ရှီလေ့ ခေါင်းနပမ်း ကြီးသွားရသည်။

ဟိုယွင်ကျဲနှင့် လီကျောက်ကျောက်တို့လည်း မျက်နှာများ တင်းမာနေပြီး၊ အသေအကြေ တိုက်ခိုက်ရမလား စဉ်းစားနေကြ၏။

"စိတ်ရှုပ်စရာ ကောင်းလိုက်တာ"

ဟိုယွင်ကျဲတို့ အုပ်စု အထုခံရတော့မည်ဟု ထင်မှတ်လိုက်စဉ်မှာပင်... အနောက်ဘက်ဆီမှ အေးစက်စက်နှင့် စိတ်မရှည်သော အသံတစ်ခု ထွက်ပေါ်လာရာ အားလုံး လန့်ဖျပ်သွားကြ၏။

"ဂလန်"

တောက်ပသော ဝိညာဉ်အလင်းရောင်များ ဖြာထွက်နေသည့် ဓားပျံတစ်လက်သည် ကောင်းကင်ယံတွင် လှပသော မျဉ်းကွေးတစ်ခု ဆွဲသားကာ ပျံသန်းလာသည်။

ဓားပျံ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် စစ်ထိုက်ကျန်နှင့် သူ့လူတစ်ဒါဇင်ကျော်မှာ ဓားချီစွမ်းအင် ၏ ရိုက်ခတ်မှုကြောင့် လွင့်စင်ထွက်သွားကြ၏။ ဝတ်ရုံများ ပေါက်ကွဲထွက်ကာ ဖရိုဖရဲ လဲကျကုန်ကြ၏။

"ငါ့ အဝတ်အစားတွေ"

စစ်ထိုက်ကျန်သည် သူ၏ အဝတ်အစားများ ဓားချီစွမ်းအင်ကြောင့် အစိစိအမွှာမွှာ ဖြစ်သွားပြီး ကိုယ်ပေါ်တွင် အဝတ်စုတ်များသာ ကျန်ရစ်တော့သည်ကို တွေ့လိုက်ရသည်။

လေတိုက်လိုက်သောအခါ တစ်ကိုယ်လုံး အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

သူ မျက်လုံးများ ပြူးကျယ်လျက် ယဲ့ဖုန်း၏ အနောက်တွင် ရပ်နေသော မိုယင်ကို လှမ်းကြည့်လိုက်၏။ သူမသည် လက်ဖြင့် ဓားစည်းတံဆိပ် ပုံစံ လုပ်ထားပြီး၊ ဓားပျံတစ်လက် သူမ၏ ဘေးပတ်လည်တွင် ဖြည်းညှင်းစွာ လှည့်ပတ်နေသည်ကို တွေ့လိုက်ရသည်။

"ဓား... ဓားသမားလား"

စစ်ထိုက်ကျန် တုန်လှုပ်သွား၏။ ဟိုယွင်ကျဲကို ပညာပေးဖို့ အစီအစဉ်ကို မေ့ပစ်လိုက်ပြီး၊ သူ၏ အရေးကြီးသော အစိတ်အပိုင်းများကို အမြန် ဖုံးအုပ်ကာ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထွက်ပြေးလေတော့၏။

"ပြေးကြဟေ့"

ကျန်လူများလည်း ကစဉ့်ကလျား ထွက်ပြေးကုန်ကြ၏။

"ခွပ်... ခွပ်... ခွပ်"

ထိုအချိန်မှာပင် အဝေး တစ်နေရာမှ မြင်းခွာသံများ လျင်မြန်စွာ နီးကပ်လာသံကို ကြားလိုက်ရပြီး၊ ရှိသမျှလူအားလုံး၏ အာရုံများကို ဖမ်းစားသွားလေတော့၏။

All Chapters