← Chapters

အန္တရာယ် အာရုံခံနိုင်စွမ်း

Vol. 1 Ch. 11

အန္တရာယ် အာရုံခံနိုင်စွမ်း

Vol. 1 Ch. 11

~စစ်ထိုက်ကျန်သည် မြင်းစီးလာသော လူလတ်ပိုင်းအရွယ် ချပ်ဝတ်အနက်ဝတ် တပ်ဖွဲ့ကြီးကို မြင်လိုက်ရသောအခါ မျက်နှာပျက်ယွင်းသွားပြီး ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားလေသည်။

"ဒါ မြို့စားမင်းအိမ်တော် လက်အောက်ခံ 'အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့' ပဲ"

"ကြားဖူးတာတော့ အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ဝင်တိုင်းက မြို့စားမင်းအိမ်တော်က ငယ်ငယ်ကတည်းက မွေးစားပြီး လေ့ကျင့်ပေးထားတဲ့ သိုင်းပညာရှင်တွေတဲ့... ပါရမီက သာမန်ပဲ ရှိပေမဲ့ သစ္စာရှိမှုမှာတော့ ပြိုင်ဘက်ကင်းပဲ ဆိုပါလား"

"သူတို့က နှစ်ပေါင်း (၂၀) (၃၀) လောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားကြတာ... အနည်းဆုံး ချီစုစည်းခြင်း (၅) ဆင့်မြောက် ရောက်မှသာ အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ထဲ ဝင်ခွင့်ရကြတာ... အားလုံးက သွေးမြေကျတဲ့ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့ကြသူတွေမို့ စွမ်းအားက အတော်လေး ကြီးမားတယ်"

"ပုံမှန်ဆိုရင် အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့က မြို့တွင်း လုံခြုံရေးကိုပဲ တာဝန်ယူတာ... အခုလို အလုံးအရင်းနဲ့ ထွက်လာကြတာက... စစ်ထိုက်ကျန်နဲ့ မြူခိုးဂိုဏ်းတို့ ရန်ဖြစ်နေတဲ့ ကိစ္စကြောင့်များလား"

"ဟိုမှာ ကြည့်စမ်း... ဦးဆောင်လာတဲ့သူက အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူး 'ကျိုးကျားချိုင်' ပဲ... သူက သံမဏိလို မာကျောခက်ထန်တဲ့သူလို့ နာမည်ကြီးတယ်... အလယ်အဆင့် ဂိုဏ်းချုပ်တွေတောင် သူ့ကိုဆိုရင် လေးစားရတယ်"

လမ်းဘေးဝဲယာရှိ လူအုပ်ကြီးသည် ဘေးသို့ ကပ်ဖယ်ပေးလိုက်ကြပြီး တီးတိုး ဆွေးနွေးငြင်းခုံနေကြ၏။

လမ်းမကြီးတစ်ခုလုံး ဗြုန်းစားကြီး ရှင်းလင်းသွားသကဲ့သို့ ဖြစ်သွားလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် စစ်ထိုက်ကျန်နှင့် သွေးရောင်မြွေဂိုဏ်းသားဟောင်းများကို အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့က မြင်သွားကြ၏။

“ဟီ..”

ရှေ့ဆုံးမှ ဦးဆောင်လာသော ဒုတိယတပ်မှူးကျိုးသည် မြင်းဇက်ကြိုးကို ဆွဲလိုက်ရာ မြင်းဟီသံက မိုးခြိမ်းသံပမာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွား၏။

ထိုသူသည် အသက် (၄၀) ကျော်အရွယ်ခန့် ရှိပြီး၊ ဘယ်ဘက်ပါးပြင်ပေါ်တွင် ကြက်ခြေခတ်ပုံစံ ဓားဒဏ်ရာတစ်ခု ရှိနေ၏။ ချီစုစည်းခြင်း (၉) ဆင့်မြောက် အရှိန်အဝါများက သူ့ထံမှ ဖြာထွက်နေ၏။

သူ၏ အေးစက်သော အကြည့်များ ဝေ့ဝဲလိုက်သည်နှင့် လမ်းမကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။

"ဒုတိယတပ်မှူးကျိုး... ကျွန်တော်တို့ မတရား အလုပ်ခံရတာပါဗျာ"

စစ်ထိုက်ကျန်သည် မျက်လုံးများ ကလည်ကလည် လုပ်လိုက်ပြီး၊ ဒုတိယတပ်မှူးကျိုးထံသို့ အပြစ်မဲ့သော သားကောင်ငယ်တစ်ကောင်အလား အော်ဟစ်တိုင်တန်းလိုက်လေသည်။

"မင်းတို့က ဘယ်သူတွေလဲ... ဘာတွေ ဖြစ်ခဲ့ကြတာလဲ"

ဒုတိယတပ်မှူးကျိုးက ထက်ရှသော အသံဖြင့် မေးလိုက်၏။

သူ့အကြည့်အောက်တွင် ဖိအားများ ခံစားလိုက်ရသဖြင့် စစ်ထိုက်ကျန် ကပျာကယာ ပြန်ဖြေလိုက်၏။

"ကျွန်တော်တို့က ဟေးရွှမ်ဂိုဏ်းက တပည့်တွေပါ... ညဈေးတန်း လမ်းလျှောက်ထွက်လာတုန်း မထင်မှတ်ဘဲ မြူခိုးဂိုဏ်းက လူတွေနဲ့ ပက်ပင်းတိုးပြီး ဝိုင်းရံ ပိတ်ဆို့တာ ခံလိုက်ရပါတယ်... သူတို့က လမ်းမလယ်ခေါင်မှာ ကျွန်တော်တို့ကို စော်ကားကြပါတယ်ဗျာ... ဒုတိယတပ်မှူးကျိုး အနေနဲ့ ကျွန်တော်တို့ဘက်ကနေ တရားမျှတမှု ရှိအောင် ဖြေရှင်းပေးပါ"

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း၊ ဟိုယွင်ကျဲ နှင့် အဖွဲ့သားများ ဒေါသအိုး ပေါက်ကွဲသွားကြရသည်။

ပြဿနာ စရှာတာက စစ်ထိုက်ကျန် ဖြစ်ပါလျက်နှင့်၊ အခုတော့ သူကပဲ ခံရသူအဖြစ် ဟန်ဆောင်ပြီး တိုင်တန်းနေသည် မဟုတ်ပါလော။ သောက်ကျင့်ယုတ်လိုက်သည့် ဖြစ်ခြင်း။

"ဟေ... မြူခိုးဂိုဏ်း ဟုတ်လား"

ဒုတိယတပ်မှူးကျိုးသည် ယဲ့ဖုန်းနှင့် အဖွဲ့ကို အံ့သြစွာ လှမ်းကြည့်လိုက်၏။

ထို့နောက် စစ်ထိုက်ကျန်ဘက်သို့ ပြန်လှည့်လာပြီး မဲ့ပြုံး တစ်ချက် ပြုံးကာ ပြောလိုက်၏။

"မင်း ဆိုလိုချင်တာက... မင်းတို့ လူ (၁၀) ယောက်ကျော်က မြူခိုးဂိုဏ်းက လူ (၅) ယောက်ကို မနိုင်ဘူး ဆိုတဲ့ သဘောလား"

ထိုစကားသည် စစ်ထိုက်ကျန်၏ နားထဲသို့ ဆူးတစ်ချောင်းလို စူးဝင်သွားပြီး၊ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။

"အဲ့ဒါက..."

စစ်ထိုက်ကျန် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် အဝေး တစ်နေရာမှ မြင်းစီးလာသော အခြားလူ တစ်ယောက် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ပြောင်စင်နေသော ခေါင်းတုံးနှင့် အနည်းငယ် ဝဖြိုးသော ခန္ဓာကိုယ်ပိုင်ရှင်၊ ဂိုဏ်းနှစ်ခုကြား တိုက်ပွဲကို ကြီးကြပ်ပေးခဲ့သည့် 'တာဝန်ခံကျိုး' ပင် ဖြစ်လေသည်။

သူသည် ဒုတိယတပ်မှူးကျိုးကို ကြည့်ကာ မေးလိုက်၏။

"ညီလေး... မင်း ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"

"ဟေးရွှမ်ဂိုဏ်းက တပည့်တွေပါဆိုပြီး လာတားနေတဲ့ လူတစ်စု ရှိနေလို့ပါ အစ်ကိုကြီး" ဒုတိယတပ်မှူးကျိုးက လေထဲတွင် တုန်ရီနေသော စစ်ထိုက်ကျန်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ဪ... သူတို့လား"

တာဝန်ခံကျိုးသည် စစ်ထိုက်ကျန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အဝေးမှ ယဲ့ဖုန်းနှင့် အဖွဲ့ကို လှမ်းကြည့်လိုက်ရာ ဘာဖြစ်ခဲ့သည်ကို အလွယ်တကူ ခန့်မှန်းမိလိုက်၏။

စစ်ထိုက်ကျန်က မကျေနပ်နိုင်ဘဲ လမ်းဘေးတွင် ရန်စောင်ပြီး လက်စားချေရန် ကြိုးစားခဲ့ခြင်းသာ ဖြစ်ပေမည်။

သို့သော် စစ်ထိုက်ကျန်တို့ အဖွဲ့ ဒီလောက် သနားစရာကောင်းသော အခြေအနေထိ ရောက်သွားအောင် အရိုက်ခံလိုက်ရသည်ကတော့ အမှန်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။

ထိုသို့ တွေးမိရင်း တာဝန်ခံကျိုး၏ အကြည့်များသည် ယဲ့ဖုန်း၏ အနောက်တွင် ရပ်နေသော မိုယင်ထံသို့ ရောက်ရှိသွားပြီး၊ သူမထံမှ ထွက်ပေါ်နေသော ထက်ရှသည့် ဓားအရှိန်အဝါကို ခံစားမိလိုက်၏။

'မိမိရဲ့ အစွမ်းအစကို တမင် ဖုံးကွယ်ထားတဲ့ ချီစုစည်းခြင်း (၇) ဆင့်မြောက် ဓားသမား တစ်ယောက် ပါနေတာကိုး... မြူခိုးဂိုဏ်းက တကယ်ပဲ နဂါးတွေ ပုန်းအောင်းပြီး ကျားတွေ ဝပ်နေတဲ့ နေရာ ဖြစ်နေပါရောလား'

တာဝန်ခံကျိုးသည် မြူခိုးဂိုဏ်းအပေါ် ပိုမို စိတ်ဝင်စားလာမိ၏။

သူသည် ဒုတိယတပ်မှူးကျိုးကို ပြောလိုက်၏။

"မင်း ခရီးဆက်လိုက်ပါ... ဒီကိစ္စကို ငါ ရှင်းလိုက်မယ်"

"ကောင်းပါပြီ"

ဒုတိယတပ်မှူးကျိုးသည် အချိန်မဖြုန်းလိုသဖြင့် ချက်ချင်းပင် မြင်းကို ဒုန်းစိုင်းကာ ထွက်ခွာသွားလေတော့၏။

ဒုတိယတပ်မှူးကျိုးနှင့် မြင်းသည်တော်တပ်ဖွဲ့သည် မြို့အရှေ့ဘက်သို့ ဦးတည်သွားနေကြကြောင်း ယဲ့ဖုန်း သတိထားမိလိုက်၏။

'ညကြီးမိုးချုပ် ဘယ်လို တာဝန်မျိုးမို့လို့ မြို့ပြင်ထွက်သွားကြတာပါလိမ့်'

ယဲ့ဖုန်း စိတ်ထဲတွင် မေးခွန်းထုတ်မိသော်လည်း၊ မေးမြန်းရန် သူ့တာဝန် မဟုတ်သဖြင့် စိတ်ထဲ၌သာ ရေရွတ်လိုက်မိ၏။

ဒုတိယတပ်မှူးကျိုးနှင့် အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက်၊ တာဝန်ခံကျိုး၏ မျက်နှာပေါ်မှ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စစ်ထိုက်ကျန်ဘက်သို့ တည်တင်းသော မျက်နှာထားဖြင့် လှည့်ကာ မကျေမနပ် ပြောလိုက်၏။

"မင်းက ပြဿနာ စရှာတယ်... ပြီးတော့ တစ်ဖက်လူ တစ်ယောက်တည်းရဲ့ လက်ချက်နဲ့ ဖရိုဖရဲ ဖြစ်သွားရတယ်... အခုကျတော့ ခံရသူပါဆိုပြီး တိုင်တန်းရဲသေးတယ်ပေါ့... မင်းက ဟေးရွှမ်ဂိုဏ်းရဲ့ သိက္ခာကို ချနေတာပဲ... ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ထွက်သွားစမ်း"

"ဟုတ်... ဟုတ်ကဲ့ပါဗျာ"

‘ချီးပဲ၊ ချီးပဲ ၊ မိစ္ဆာကြီးတွေ ‘

စစ်ထိုက်ကျန်မှာ အပြင်ပန်းတွင် ရိုကျိုးနေပုံ ပေါက်သော်လည်း၊ စိတ်ထဲတွင်မူ မိုးမွှန်အောင် ကျိန်ဆဲလျက် သူ့လူများကို ခေါ်ကာ ကပျာကယာ ထွက်ပြေးသွားလေတော့၏။

"ဂိုဏ်းချုပ်ယဲ့... ခုနက လန့်မသွားဘူး မဟုတ်လား"

ထိုအခါမှ တာဝန်ခံကျိုးသည် ယဲ့ဖုန်းဘက်သို့ လှည့်လာပြီး ဆက်ပြောသည်။

"ကျွန်တော် အနီးနားက စားသောက်ဆိုင်မှာ လက်ဖက်ရည် သောက်နေရင်း အဖြစ်အပျက် အားလုံးကို မြင်ခဲ့ပါတယ်... ခင်ဗျားတို့ဂိုဏ်းက တကယ်ပဲ ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ... ဓားသမား တစ်ယောက်တောင် ရှိနေသေးတယ်"

"တာဝန်ခံကျိုး မြှောက်ပြောလွန်းပါပြီဗျာ"

တာဝန်ခံကျိုး ဘာကြောင့် ဒီနေရာသို့ ရောက်နေသည်ကို ယဲ့ဖုန်း နောက်ဆုံးတွင် နားလည်သွားပြီး၊ လက်သီးဆုပ်ကာ ယဉ်ကျေးစွာ တုံ့ပြန်လိုက်၏။

စစ်ထိုက်ကျန်ကို တာဝန်ခံကျိုးက မောင်းထုတ်လိုက်သဖြင့် ယဲ့ဖုန်းအနေဖြင့် တာဝန်ခံကျိုးအပေါ် အကြွေးတစ်ခု တင်သွားသလို ခံစားလိုက်ရသည်။

သို့သော် ဒီညအတွက် အကြီးမားဆုံး အောင်မြင်မှုမှာ မိုယင်၏ လက်ချက်သာ ဖြစ်၏။

သူမသာ မပါလာခဲ့လျှင် ဟိုယွင်ကျဲနှင့် အဖွဲ့မှာ သေချာပေါက် အာလူးမီးဖုတ်သလို ရစရာ မရှိအောင် အရိုက်ခံလိုက်ရမည်မှာ သေချာသည်။

"ဪ... ခုနက လူက ကျွန်တော့် ညီလေး ကျိုးကျားချိုင် ပါ... အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ရဲ့ ဒုတိယတပ်မှူးပေါ့... ကျွန်တော့်နာမည်ကတော့ ကျိုးကျားချန် ပါ... ဂိုဏ်းကိစ္စတွေနဲ့ ပတ်သက်ပြီး ဂိုဏ်းချုပ်ယဲ့ နားမလည်တာ ရှိရင် ကျွန်တော့်ကို မေးမြန်းနိုင်ပါတယ်"

ပြောပြီးသည်နှင့် ကျိုးကျားချန်သည် ဆက်သွယ်ရန်အတွက် ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြား တစ်ခု ချန်ထားခဲ့ပြီး မြင်းစီးထွက်ခွာသွားလေသည်။

ယဲ့ဖုန်း ကျေးဇူးတင်စကားပင် မပြောလိုက်ရသေးခင်၊ တစ်ဖက်လူမှာ လမ်းမကြီးအဆုံးသို့ ရောက်ရှိပျောက်ကွယ်သွားခဲ့ပြီး မြို့အရှေ့ဘက်သို့ ဦးတည်သွားလေသည်။

‘ ဘာလို့ သူတို့အကုန်လုံး မြို့အရှေ့ဘက်ကို သွားနေကြတာလဲ... အဲ့ဒီဘက်မှာ အန္တရာယ် တစ်ခုခု ရှိနေလို့များလား... အခု ငါတို့ ပြန်သွားရင် အဲ့ဒီအန္တရာယ်နဲ့ တိုးမိနေမလား’

ယဲ့ဖုန်း စိုးရိမ်တကြီး တွေးလိုက်မိ၏။

'ဟေ... ထူးဆန်းလိုက်တာ... ဘာလို့ ငါက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင် ခန့်မှန်းနိုင်သလို ခံစားနေရတာပါလိမ့်'

ယဲ့ဖုန်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။

"တီ... ဂိုဏ်းချုပ် တစ်ယောက်အနေဖြင့် လူကြီးမင်းတွင် ဂိုဏ်းအတွင်း ကျရောက်လာနိုင်သော အန္တရာယ်များကို ကြိုတင် မြင်တွေ့နိုင်သည့် 'ဂိုဏ်းအန္တရာယ် အာရုံခံနိုင်စွမ်း' ရှိနေပါပြီ... ထိုအန္တရာယ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်မှာ လူကြီးမင်း၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်"

စနစ်က ရုတ်တရက် ဝင်ရောက် ရှင်းပြလေသည်။

ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိ၏။

ဟွန့်။ စနစ်တွင် လုပ်ဆောင်ချက်များစွာ ရှိသော်လည်း တစ်ခုချင်းစီ အစပျိုးမှသာ ပေါ်လာတတ်သည်ကိုး။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်မတို့ ပြန်ကြတော့မလားဟင်"

လီကျောက်ကျောက်က ကြောက်ရွံ့စွာ မေးလိုက်ခြင်းပါ။

စစ်ထိုက်ကျန်၏ နှောင့်ယှက်မှုကြောင့် သူမခမျာ မြို့တော်၏ ညဈေးတန်း လျှောက်လည်ချင်စိတ်များ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။

"ရှားရှားပါးပါး အပြင်ထွက်ရတာပဲ... ဈေးမလျှောက်ဘဲ ပြန်လို့ ဘယ်ဖြစ်မလဲ... ပြီးတော့ ညဈေးတန်းမှာ

မိန်းမလှလေးတွေ အများကြီး ရှိတာ... မကြည့်ဘဲ ပြန်သွားရင် နစ်နာလွန်းရာ ကျမှာပေါ့"

ထိုသို့၊ ယဲ့ဖုန်းက လေးနက်သော မျက်နှာထားဖြင့် ပေါက်ကရ ပြောလိုက်၏။

အန္တရာယ်ကို ကြိုတင် မသိခဲ့လျှင် သူလည်း ယခုချက်ချင်း ပြန်ပြီး အိပ်ချင်နေပြီ ဖြစ်၏။ သို့သော် စနစ်အကြောင်းကို ထုတ်ပြော၍ မရသဖြင့် ဤအကြောင်းပြချက်ကိုသာ သုံးလိုက်ရခြင်း ဖြစ်၏။

မိန်းမလှလေးများ အကြောင်း ကြားလိုက်ရသောအခါ ဟိုယွင်ကျဲနှင့် ရှီလေ့တို့မှာ ဝမ်းသာလွန်းသဖြင့် ကခုန်လုမတတ် ဖြစ်သွားကြ၏။

"ဟွန်း... နှာဘူးတွေ"

မိုယင်သည် ဓားပျံကို သိမ်းဆည်းလိုက်ပြီး လက်ပိုက်ကာ နှာခေါင်းရှုံ့လိုက်သော်လည်း ကန့်ကွက်ခြင်း မပြုပေ။

ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အလှအပကို ကြည့်ရသည်ကို နှစ်သက်ကြစမြဲပင်။ မိန်းကလေးများက ပို၍ပင် နှစ်သက်တတ်ကြသေးသည်။

မြူခိုးဂိုဏ်းသားများ လျင်မြန်စွာ သဘောတူညီမှု ရရှိသွားကြပြီး၊ ရှေ့တွင် (၃) ယောက်၊ နောက်တွင် (၂) ယောက် နေရာယူကာ ညဈေးတန်းကို စတင် လျှောက်လည်ကြလေတော့၏။

...

ရေပေါ်ဖြူမြို့တော်၏ အရှေ့ဘက် (၁၀) မိုင်အကွာ...

ရွံ့နွံတောတစ်ခု အတွင်း၌...

"ဝုန်း"

ဒုတိယတပ်မှူး ကျိုးကျားချိုင်သည် အရိပ်မည်းတစ်ခု၏ ရိုက်ခတ်မှုကြောင့် လွင့်စင်ထွက်သွားပြီး ရင်ဘတ်မှ ချပ်ဝတ် အင်္ကျီ ကွဲအက်သွား၏။

သူ့ဘေးပတ်လည်တွင် အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ဝင် အများအပြား ဖရိုဖရဲ လဲကျနေကြပြီး၊ အားလုံးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားကြ၏။

"ဂါးးးးး"

အမှောင်ထုထဲမှ စူးရှသော ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာရာ ဒုတိယတပ်မှူးကျိုးနှင့် သူ့လူများ၏ ကျောရိုးထဲထိ စိမ့်တက်သွားအောင် ကြောက်ရွံ့သွားစေသည်။

"မပူနဲ့ ညီလေး"

ထိုအချိန်တွင် တာဝန်ခံ ကျိုးကျားချန် မြင်းစီးလျက် ရောက်ရှိလာသည်။ သူ၏ လက်နှစ်ဖက်ဖြင့် လက်သင်္ကေတများ ရေးဆွဲလိုက်သည်။ တဆက်တည်း၌၊ ကျောဘက်မှ ဝိညာဉ်အလင်းရောင်များ ပွင့်ဖူးလာပြီး ဇလုံ ပုံစံ အလင်းဒိုင်းကာကြီး တစ်ခုအဖြစ် စုစည်းသွားကာ ရွံ့နွံတောနက်ထဲသို့ ပြင်းထန်စွာ ဖိချလိုက်၏။

“အူး”

နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်သံကြီးတစ်ခု ဆက်လက် ထွက်ပေါ်လာသည်။

"ငါ့ရဲ့ 'ဝိညာဉ်အလင်း ဒိုင်းကာ' က (၁၀) ခါ အသက်ရှုစာလောက်ပဲ တောင့်ခံနိုင်မှာ... အခု အခွင့်ကောင်းတုန်း မြန်မြန် ဆုတ်ကြတော့"

တာဝန်ခံ ကျိုးကျားချန် အော်ဟစ် သတိပေးလိုက်၏။

"ဆုတ်မယ်"

စွန့်စားရဲသည့် အခြေအနေ မဟုတ်မှန်း သိလိုက်သဖြင့်၊ ဒုတိယတပ်မှူး ကျိုးကျားချိုင်သည် ဒဏ်ရာအပြင်းအထန် ရထားသော အနက်ရောင်ချပ်ဝတ် တပ်ဖွဲ့ဝင်များကို ဦးဆောင်ကာ ချက်ချင်း ပြန်လည် ဆုတ်ခွာသွားကြလေတော့၏။

All Chapters