ဒဏ္ဍာရီလာ ဂိုဏ်းစောင့် နတ်ဆိုးသားရဲ
Vol. 1 Ch. 12
~"ဝုန်း"
ကျိုးညီအစ်ကိုနှစ်ယောက် ရွံ့နွံတောထဲမှ လွတ်မြောက်သွားသည်နှင့် တစ်ပြိုင်နက်၊ အမှောင်ထဲမှ သတ္တဝါကြီးသည် 'ဝိညာဉ်အလင်း ဒိုင်းကာ' ကို ဆုတ်ဖြဲလိုက်ပြီး အပြင်ဘက်ရှိ ကျောက်တုံးကြီးတစ်တုံးပေါ်သို့ ခုန်တက်လိုက်လေသည်။
လရောင်အောက်တွင် ၎င်း၏ ပုံသဏ္ဍာန် အမှန် ပေါ်လာတော့၏။
အရွယ်အစား သိပ်မကြီးပေ။ တစ်မီတာကျော်ကျော်လောက်သာ ရှိမည်။ ကျောဘက်တွင် အမွေးဖြူများ ရှိပြီး၊ ဝမ်းဗိုက်ပိုင်းတွင် အမွေးမည်းများ ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကျစ်လျစ်ခိုင်မာသော ကြွက်သားများဖြင့် ဖွဲ့စည်းထားသည်။
အကယ်၍သာ ယဲ့ဖုန်း ဒီနေရာတွင် ရှိနေခဲ့လျှင် ထိုသတ္တဝါကို မြင်သည်နှင့် အသက်ရှုမှားသွားပေလိမ့်မည်။
ဘာလို့လဲဆိုတော့...ဒါက ပျားစား ခွေးတူဝက်တူ ဖြစ်နေ၍ပါပင်။
"အစ်ကိုကြီး ခေါင်းပြား" ဟု အမည်ပြောင်ပေးထားကြသော ထိုကောင်သည် ကောင်းကင်၊ မြေကြီး၊ လေထု မကျန် အရာအားလုံးကို စိန်ခေါ်ရဲသူ ဖြစ်၏။ ထူထဲသော အရေပြား၊ သန်မာသော ခန္ဓာကိုယ်နှင့် ဘာကိုမှ မကြောက်တတ်သော စိတ်ဓာတ် ပိုင်ဆိုင်ထား၏။ နေ့တိုင်း ရန်မဖြစ်ရလျှင် မနေနိုင်၊ ရန်ဖြစ်ဖို့ လမ်းရှာနေတတ်သော အကောင်မျိုး တည်း။
ကျင့်ကြံခြင်းကမ္ဘာတွင် ကြီးပြင်းလာသော ဤ "အစ်ကိုကြီး ခေါင်းပြား" သည် ခန္ဓာကိုယ် သေးငယ်သော်လည်း၊ ၎င်း၏ လက်သည်းနှင့် သွားများသည် အလွန် မာကျောထက်မြက်လှသည်။ လက်သည်းတစ်ချက် ကုတ်လိုက်ရုံဖြင့် ပေါင်တစ်ထောင် အလေးချိန်ရှိသော ကျောက်တုံးကြီးကိုပင် အမှုန့်ကြိတ်ပစ်နိုင်သည်။
၎င်းသည် ကောင်းကင်ကို မော့ကြည့်ပြီး "ငါက ဆရာကြီးကွ" ဟူသော အဓိပ္ပာယ်ပါသည့် ဟိန်းဟောက်သံ တစ်ခု ပြုလုပ်လိုက်လေသည်။
["ပျားစား ခွေးတူဝက်တူကောင်” ဆိုတာကတော့ အတောင်ပံပါပြီး အဆိပ်ပြင်းတဲ့ ပျားမျိုး ဖြစ်ပါတယ်။ နို့တိုက်သတ္တဝါ တစ်မျိုးပါ။ ပုံစံက ပျံကျကျ၊ ခြေလေးချောင်းနဲ့ ခွေးတူဝက်တူ မျိုးနွယ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်က မဲမဲတုတ်တုတ်၊ ကျောပေါ်မှာ အဖြူရောင် (သို့) မီးခိုးရောင် အမြှောင်းကြီး ပါပါတယ်။
ပျားအုံတွေကို ဖျက်ပြီး ပျားရည်နဲ့ ပျားလောင်းတွေကို အရမ်းကြိုက်လို့ "ပျားစား ခွေးတူဝက်တူ" လို့ ခေါ်တာပါ။ ကမ္ဘာ့သတ္တိအကောင်းဆုံး: ဂင်းနစ်စံချိန်မှတ်တမ်း မှာ ကမ္ဘာ့သတ္တိအကောင်းဆုံး သတ္တဝါအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူ့ရဲ့ အရေခွံက အရမ်းထူပြီး ပျော့ပျောင်းတာကြောင့် ခြင်္သေ့တွေ၊ ကျားသစ်တွေ ကိုက်လို့မရသလို၊ မြွေဆိပ်ပြင်းတွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။ မြွေဟောက်လို အကောင်မျိုးကိုတောင် ပြန်ကိုက်သတ်စားလေ့ ရှိပါတယ်။ ]
[ တရုတ် အွန်လိုင်း ဝတ္ထုတွေနဲ့ အင်တာနက် ပေ့ခ်ျတွေမှာ ပျားစား ခွေးတူဝက်တူကို "အစ်ကိုကြီး ခေါင်းပြား" လို့ တင်စားခေါ်ဝေါ်ကြတာက အကြောင်းရင်း (၂) ချက် ရှိပါတယ်။
တရုတ်လို 平头哥 (Píngtóu Gē - ဖိန်ထိုကော) လို့ ခေါ်ပါတယ်။
သူ့ရဲ့ ခေါင်းနဲ့ ကျောကုန်းပေါ်က အဖြူရောင် အမွှေးတွေက လူတွေ ညှပ်တဲ့ "ထိပ်ပြား ဘိုကေ" ပုံစံနဲ့ တူနေလို့ပါ။
ဆံပင်ကို ထိပ်ပြားနေအောင် ညှပ်ထားတဲ့ လူမိုက်ရုပ် ပေါက်နေတာကြောင့် "ခေါင်းပြား" လို့ ခေါ်တာ ဖြစ်ပါတယ်။
တရုတ်စကားမှာ "Ge" (ကော- အစ်ကိုကြီး) ဆိုတာ ရပ်ကွက်လူမိုက်၊ ဂိုဏ်းစတား ခေါင်းဆောင်တွေကို လေးစားသမှုနဲ့ ခေါ်တဲ့ အခေါ်အဝေါ်မျိုးပါ။
ပျားစား ခွေးတူဝက်တူက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး (ခြင်္သေ့ဖြစ်ဖြစ်၊ မြွေဖြစ်ဖြစ် ဝင်ချတယ်။ ရန်ဖြစ်ရင် တစ်ဘဝလုံး မှတ်ထားတယ် (အငြိုးကြီးတယ်)။ လမ်းလျှောက်ရင်တောင် ဘယ်သူ့မှ ဂရုမစိုက်တဲ့ ဟန်ပန်နဲ့ လျှောက်တယ်။
ဒါကြောင့် သူ့ပုံစံက "ဆံပင်ထိပ်ပြား ညှပ်ထားပြီး ဘယ်သူ့မှ ဂရုမစိုက်တဲ့ လူမိုက်ကြီး" နဲ့ တူတာကြောင့် "အစ်ကိုကြီး ခေါင်းပြား" လို့ နာမည်တွင်နေတာ ဖြစ်ပါတယ်။
တရုတ်အင်တာနက်မှာ ဒီအကောင်အတွက် နာမည်ကြီးတဲ့ ဆောင်ပုဒ်တောင် ရှိပါသေးတယ် - "တစ်ဘဝလုံး ရန်ပွဲထဲမှာပဲ နေတယ်။ ရန်မဖြစ်ရရင် ရန်ဖြစ်ဖို့ သွားနေတဲ့ လမ်းမှာပဲ ရှိတယ်” တဲ့နော်။ ]
...
ရေပေါ်ဖြူမြို့တော်၊ ညဈေးတန်း...
ယဲ့ဖုန်းသည် သူ့တပည့်များနှင့်အတူ လမ်းဘေးဆိုင် တစ်ဆိုင်တွင် အသားကင် စားနေ၏။
"ဝလိုက်တာဗျာ"
ရှီလေ့က ဗိုက်ကို ပုတ်လိုက်ပြီး လမ်းပေါ်တွင် လမ်းလျှောက်နေကြသော ရှေးခေတ် အလှပဂေးလေးများကို ကြည့်ကာ ကျေနပ်နေ၏။
ဘေးနားရှိ ဟိုယွင်ကျဲလည်း ထိုနည်းတူပင်။
ကောင်မလေး လီကျောက်ကျောက်ကမူ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေ၏။ ယဲ့ဖုန်းအတွက် အသားကင်များကို လှီးဖြတ်ပေးနေရင်း အလုပ်ရှုပ်နေ၏။
မိုယင်လည်း စားနေသော်လည်း ဇာပုဝါအောက်မှတစ်ဆင့် တံစို့ကို ပါးစပ်ထဲ ထည့်ကာ စားနေခြင်း ဖြစ်၏။ မြို့ထဲရောက်ကတည်းက မျက်နှာကို တစ်ခါမှ မဖော်ပြသလို၊ အစားလည်း နည်းနည်းသာ စားသည်။
ထိုအချိန်တွင် အန္တရာယ် အာရုံခံစားမှု လျော့နည်းသွားပြီ ဖြစ်ကြောင်း ယဲ့ဖုန်း သတိထားမိလိုက်ပြီး၊ မြူခိုးဂိုဏ်းသို့ ပြန်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်၏။
သူ လက်ခုပ်တီးလိုက်ပြီး ကြေးပြားအနည်းငယ်ဖြင့် အသားကင်ဖိုး ရှင်းလိုက်၏။
"စားပြီး သောက်ပြီးပြီဆိုတော့ ပြန်ကြစို့... မနက်ဖြန် မနက်စောစော ပြန်လာကြတာပေါ့"
"ဟုတ်ကဲ့"
တပည့်များ လက်သုတ်လိုက်ကြပြီး ယဲ့ဖုန်းနောက်မှ လိုက်ပါကာ မြို့ပြင်သို့ ထွက်ခွာလာကြ၏။ ထို့နောက် ဓားပျံစီးပြီး ပြန်လာခဲ့ကြ၏။
ခဏအကြာတွင်...
သူတို့အဖွဲ့ မြူခိုးဂိုဏ်းသို့ ရောက်ရှိလာကြသည်။
ပွင့်ဟနေသော ဂိုဏ်းတံခါးကြီးကို ကြည့်ပြီး ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားရသည်။
စစ်ထိုက်ကျန်က တံခါးကို ကန်ဖွင့်လိုက်ကတည်းက ပြန်မပိတ်ရသေးပေ။ ဝင်ရထွက်ရတာတော့ လွယ်ကူသွား၏။
သို့သော် မြူခိုးဂိုဏ်းသည် ဟာလာဟင်းလင်း ဖြစ်နေပြီဖြစ်ရာ ထူးဆန်းသော အရာများ ဝင်ရောက်လာရန် လွယ်ကူနေ၏။
"ဟင်... နတ်ဆိုးအငွေ့အသက်တွေ ရနေတယ်"
ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် အာရုံခံစားမှု ကောင်းမွန်သော မိုယင်က ချက်ချင်း သတိပေးလိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဂိုဏ်းချုပ်ခန်းမဆောင်ရှိ စားပွဲအောက်ကို လက်ညှိုးထိုးပြလိုက်၏။
"စားပွဲအောက်မှာ ချီစုစည်းခြင်း (၃) ဆင့်မြောက်နဲ့ ညီမျှတဲ့ အဆင့်နိမ့် နတ်ဆိုးစစ်သည် အဆင့် မြေခွေးနတ်ဆိုး တစ်ကောင် ရှိနေတယ်"
"ဘယ်မှာလဲ... နတ်ဆိုးက ဘယ်မှာလဲ"
အကြောက်လွန်တတ်သော လီကျောက်ကျောက် လန့်ဖျပ်သွားပြီး ချက်ချင်းပင် 'မီးတိမ်တိုက်လက်ဝါးသိုင်း' ကို ထုတ်ဖော်လိုက်ရာ လက်ဝါးပြင်တွင် မီးတောက်ငယ်လေး လင်းလက်လာပြီး ပတ်ဝန်းကျင်ကို အလင်းရောင် ပေးလိုက်၏။
"အလယ်... ချစ်စရာကောင်းလိုက်တဲ့ မြေခွေးဖြူလေး"
စားပွဲအောက်တွင် အိပ်ပျော်နေသော မြေခွေးဖြူလေးကို မြင်လိုက်ရသောအခါ လီကျောက်ကျောက်၏ အကြောက်တရားများ ပျောက်ဆုံးသွားပြီး၊ ချက်ချင်း ပြေးဖက်ကာ နူးညံ့အိစက်သော အမွေးဖြူဖြူလေးများကို ပွတ်သပ်ချင်စိတ် ပေါက်သွား၏။
"အဆင့်နိမ့် နတ်ဆိုးစစ်သည် အဆင့် ဆိုတော့ မခေဘူးပဲ"
ယဲ့ဖုန်း အံ့သြသွား၏။
ရှန်ကျိုးကုန်းမြေတိုက်ကြီးတွင် နတ်ဆိုးသားရဲများအတွက် ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်သတ်မှတ်ချက်များ ရှိသည်။ နတ်ဆိုးစစ်သည် ၊နတ်ဆိုးဗိုလ်ချုပ်၊ နတ်ဆိုးဘုရင် စသည်ဖြင့်...။
နတ်ဆိုးစစ်သည် ဘုံ သည် လူသားတို့၏ ချီစုစည်းခြင်း ဘုံ နှင့် ညီမျှသည်။
ထိုကဲ့သို့သော သတ္တဝါများသည် အသိဉာဏ် အနည်းငယ် ရှိကြပြီး၊ အထူးသဖြင့် မြေခွေးဖြူ မျိုးနွယ်များသည် ပိုမို ဉာဏ်ကောင်းကြ၏။
"ဟာ... သတိရပြီ... ဒါ ဟိုတုန်းက မြေခွေးအိုကြီးရဲ့ ကလေးများ ဖြစ်နေမလား" ရှီလေ့သည် လွန်ခဲ့သော နှစ်အနည်းငယ်က အဖြစ်အပျက်ကို ပြန်လည် သတိရသွားပြီး မျက်လုံးများ ပြူးကျယ်သွား၏။
အားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြ၏။
ထိုအခါ၊ ရှီလေ့ ကပျာကယာ ရှင်းပြလိုက်၏။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ဂိုဏ်းချုပ်ဟောင်းကြီးနဲ့ ကျွန်တော် တောင်အောက်ဆင်းပြီး နတ်ဆိုးဖမ်းထွက်တုန်းက ကိုယ်ဝန်ဆောင် မြေခွေးဖြူမကြီး တစ်ကောင်ကို ကယ်ခဲ့ဖူးပါတယ်... ဒီမြေခွေးဖြူလေးက အဲ့ဒီမြေခွေးမကြီးရဲ့ ကလေး ဖြစ်လောက်တယ်... အနံ့ခံပြီး ဒီကို လိုက်လာတာ နေမှာ"
လီကျောက်ကျောက်ကလည်း ဝင်ပြောလာသည်။
"ကျွန်မ ငယ်ငယ်တုန်းက အမေ ပြောဖူးတယ်... နတ်ဆိုးတွေက ကျေးဇူးသိတတ်တယ်တဲ့... တစ်ယောက်ယောက်က သူတို့ကို ကယ်တင်ခဲ့ရင်... သူတို့ ကြီးပြင်းလာပြီး လူယောင်ဖန်ဆင်းနိုင်တဲ့အခါ ကျေးဇူးပြန်ဆပ်ဖို့ ရောက်လာတတ်ကြတယ်တဲ့"
"ဟုတ်လောက်တယ်... ရေပေါ်ဖြူမြို့တော်မှာ ပုံပြောဆရာတွေ ပြောပြဖူးတဲ့ 'ကျေးဇူးသိတတ်သော မီးမြေခွေး' ပုံပြင်လိုမျိုးပေါ့"
ဟိုယွင်ကျဲက အတွေးများထဲတွင် မျောပါသွား၏။
"ပုံပြင်ထဲမှာတော့... စာသင်သား တစ်ယောက်က မြေခွေး တစ်ကောင်ကို ကယ်တင်ခဲ့တယ်... နောက်တော့ အဲ့ဒီမြေခွေးက ဆံပင်နီနီနဲ့ အလှပဂေးလေးအဖြစ် ပြောင်းလဲသွားပြီး စာသင်သားကို လက်ထပ်လိုက်တယ်... သမီးချောလေးတွေတောင် မွေးလာကြသေးတယ်တဲ့"
မိုယင် ဘာမှ ဝင်မပြောပေ။
သူမသည် လှပစွာ ရပ်နေပြီး၊ မျက်နှာကို ဇာပုဝါအနက်ဖြင့် ဖုံးအုပ်ထားသဖြင့် မည်သို့သော မျက်နှာထား ဖြစ်နေသည်ကို မည်သူမျှ မသိနိုင်ပေ။
တပည့်များ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်ကို ကြည့်ပြီး ယဲ့ဖုန်း နှုတ်ခမ်းမဲ့လိုက်မိ၏။
‘ဒဏ္ဍာရီပုံပြင်တွေ ဟုတ်လား။
ငါ မကြားဖူးဘူးများ ထင်နေလား။
ရွှီရှန် ၊ တုန်းယုံ ၊ နင်ချိုက်ချိန်... ဒီကောင်တွေ တစ်ယောက်မှ ရိုးရိုး မဟုတ်ကြဘူး။
ပထမ နှစ်ယောက်ရဲ့ ဇာတ်လိုက်မင်းသမီးတွေက မြွေဖြူမ နဲ့ နတ်သမီး ဆိုတော့ လက်ခံလို့ ရသေးတယ်... တတိယတစ်ယောက်ကတော့ 'သရဲစီးသူရဲကောင်း' လို့တောင် နာမည်ပြောင် ရထားတဲ့ကောင်... တကယ်တမ်းသာ သိလိုက်ရရင် မင်းတို့တွေ ကြောက်လွန်းလို့ သေးပါ ထွက်သွားမယ်။’
သို့သော် ယဲ့ဖုန်း စိတ်ထဲတွင်သာ ညည်းတွားလိုက်၏။
ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်၏။
"အဲ့ဒါတွေ နောက်မှ ဆက်ပြောကြ... အခု အရေးကြီးတာက ဒီမြေခွေးဖြူလေးက ငါတို့အပေါ် ရန်လိုစိတ် ရှိမရှိ သိဖို့ပဲ... မရှိဘူးဆိုရင်တော့ မွေးထားလို့ ရတယ်"
အဆင့်နိမ့် နတ်ဆိုးစစ်သည် အဆင့် ဆိုတော့ ချီစုစည်းခြင်း (၃) ဆင့်မြောက်နှင့် ညီမျှသည်။
‘ဂိုဏ်းထဲမှာ မွေးထားရင် 'ဂိုဏ်းစောင့် နတ်ဆိုးသားရဲ' အဖြစ် ပြုစုပျိုးထောင်ပေးလို့ ရလောက်တယ်... ဒါပေမယ့် စနစ်မှာ အဲ့ဒီလုပ်ဆောင်ချက် ပါပါ့မလား မသိဘူး’
ယဲ့ဖုန်း တွေးတောလိုက်မိ၏။
"တီ..တီ..တီ.. ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့... သင့်ဂိုဏ်းအတွက် 'နတ်ဆိုးသားရဲ ပြုစုပျိုးထောင်ရေးဆောင်' ကို တည်ထောင်နိုင်ပါတယ်... သို့သော် လောလောဆယ် အကဲဖြတ်ကာလ မပြီးဆုံးသေးသဖြင့် ဖွင့်လှစ်လို့ မရနိုင်သေးပါ"
စနစ်က ရုတ်တရက် အသိပေးသံ ထုတ်လွှတ်လိုက်၏။
ယဲ့ဖုန်း ပါးစပ် လှုပ်ရွသွားရ၏။
‘ဒီလခွမ်းစနစ်က အမြဲတမ်း မမျှော်လင့်တဲ့ အချိန်မှာ ထထအော်တတ်တယ်... ငါ့ကို လန့်သေအောင် လုပ်ပြီးမှ နောက်ထပ် လက်ခံသူ အသစ် ရှာဖို့ ကြံနေတာလား မသိဘူး။’
'မဖွင့်ရသေးဘူး ဆိုတော့လည်း... အကဲဖြတ်ကာလ တာဝန်ကိုပဲ အရင် ပြီးအောင် လုပ်ကြတာပေါ့’
ယဲ့ဖုန်း အစီအစဉ် ချလိုက်၏။
ထိုအချိန်တွင် လီကျောက်ကျောက်သည် မြေခွေးဖြူလေးကို ပွေ့ချီလိုက်၏။ ၎င်းက မျက်လုံးဝိုင်းကြီးများဖြင့် လူတိုင်းကို လိုက်ကြည့်နေ၏။
ထို့နောက်မှာတော့၊ ပြန်အိပ်ပျော်သွား၏။
"ဟောဗျာ... လူစိမ်း မကြောက်ဘူးပဲ"
ယဲ့ဖုန်း အံ့သြသွား၏။
"တကယ်လို့ ဒီမြေခွေးဖြူလေးက ဂိုဏ်းချုပ်ဟောင်းကြီး ကယ်ခဲ့တဲ့ မြေခွေးအိုကြီးရဲ့ သားသမီး ဆိုရင်တော့... သူက မျိုးရိုးလိုက်တဲ့ မှတ်ဉာဏ်တွေ ပါလာပြီး ဒီနေရာရဲ့ အငွေ့အသက်ကို ရင်းနှီးနေလို့ ဖြစ်မှာပါ"
တိတ်ဆိတ်နေသော မိုယင်က ဝင်ပြောသည်။
"ဖြစ်နိုင်တာကတော့... မြေခွေးအိုကြီး သေသွားပြီး ဒီကလေးလေးပဲ ကျန်ရစ်ခဲ့တာ နေမှာ... အဲ့ဒါကြောင့် အနံ့ခံပြီး ဒီကို လိုက်လာတာ ဖြစ်လောက်တယ်"
မိုယင်၏ စကားသည် အဓိပ္ပာယ်ရှိလှသည်ဟု ယဲ့ဖုန်း ခံစားမိလိုက်၏။
နတ်ဆိုးသားရဲများတွင် အားကောင်းသော မျိုးရိုးလိုက် မှတ်ဉာဏ်များ ရှိတတ်ကြ၏။
ရှန်ကျိုးကုန်းမြေတိုက်ကြီးသို့ စတင် ရောက်ရှိလာစဉ်ကတည်းက ဤအချက်အလက်များကို သူ သိရှိထားပြီး ဖြစ်၏။
နတ်ဆိုးသားရဲများသည် လက်စားချေရာတွင် နာမည်ကြီးလှသည်။ တတ်နိုင်သမျှ သူတို့ကို သွားမစတာ အကောင်းဆုံးပင်။
အထူးသဖြင့် 'အစ်ကိုကြီး ခေါင်းပြား' လိုမျိုး ချစ်စရာကောင်းပြီး ထုံပေပေနိုင်သော သတ္တဝါမျိုးကို ပို၍ပင် မစသင့်ပေ။
"လူစိမ်း မကြောက်ဘူးဆိုတော့ မွေးထားလိုက်ကြတာပေါ့... နောက်ပိုင်းကျရင် ဂိုဏ်းစောင့် နတ်ဆိုးသားရဲ ဖြစ်လာအောင် လေ့ကျင့်ပေးလို့ ရမရ ကြည့်ကြတာပေါ့"
ယဲ့ဖုန်း ဆုံးဖြတ်ချက် ချလိုက်၏။
"ဝမ်းသာစရာပဲ"
လီကျောက်ကျောက်သည် မြေခွေးဖြူလေး၏ အမွေးများကို ပွတ်သပ်ရင်း ပျော်ရွှင်စွာ ပြောလိုက်၏။
"ဒီနေ့ကစပြီး သူ့နာမည်ကို 'ရှောင်ပိုင်' (Xiao Bai - အဖြူလေး) လို့ ခေါ်ကြမယ်"
ရှောင်ပိုင် တဲ့လား... ရိုးလိုက်တဲ့ နာမည်။
ယဲ့ဖုန်း ဝေဖန်ချင်စိတ် ပေါက်သွားသော်လည်း တပည့်မလေး စိတ်မကောင်းဖြစ်မည် စိုးသဖြင့် မြိုသိပ်လိုက်ရသည်။
"ကဲ... အနားယူကြတော့... မနက်ဖြန် မနက်စောစော ရေပေါ်ဖြူမြို့တော်ကို သွားပြီး တပည့်သစ် စုဆောင်းကြရဦးမယ်"
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဝိညာဉ်ကျောက်တုံး သေတ္တာပေါ်တွင် ထိုင်လိုက်ပြီး၊ မကုန်သေးသော ဝိညာဉ်မျက်လုံးဆေးရည် ပုလင်းကို ယူကာ မျက်လုံးများကို ဆက်လက် သုတ်လိမ်း ဆေးကြောနေလိုက်၏။ ဝိညာဉ်မျက်လုံး ပွင့်လာပြီး 'အသက်ရှုသံအာရုံခံအဆင့်' သို့ ရောက်ရှိရန် ကြိုးစားနေခြင်း ဖြစ်၏။
သို့သော် ဆေးရည်တစ်ပုလင်း ကုန်ခါနီးသည်အထိ ဘာမှ ထူးခြားမှု မရှိသေးပေ။
"အရည်အသွေး မမီတဲ့ ပစ္စည်းများလား"
ယဲ့ဖုန်းသည် ပုလင်းငယ်လေးကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်မိ၏။
"ပါရမီ ညံ့လေလေ... ဝိညာဉ်မျက်လုံး ဖွင့်တဲ့အခါ ဆေးရည် ပိုကုန်လေလေ ပါပဲ"
ဘေးနားတွင် ကျင့်ကြံနေသော မိုယင်က ရုတ်တရက် ထပြောလိုက်၏။
ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။
"ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ပါရမီက အဲ့ဒီလောက်တောင် ညံ့ပါ့မလား"
"ပါရမီ ညံ့တာ တစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး... ရှင်က မသန့်ရှင်းတဲ့ အရာတွေကို ကြည့်တာ များလွန်းလို့... အဲ့ဒါတွေကို ဆေးကြောဖို့ ဆေးရည် အများကြီး လိုနေတာလည်း ဖြစ်နိုင်ပါတယ်"
မိုယင်က ထပ်ဖြည့်ပြောလိုက်၏။
ယဲ့ဖုန်း ပိုမို ရှုပ်ထွေးသွား၏။
မသန့်ရှင်းတဲ့ အရာတွေ ကြည့်တာ များလွန်းလို့ ဟုတ်လား။
မဖြစ်နိုင်တာ... ရာဂဏန်းလောက်ပဲ ရှိတာကို... အဲ့ဒါ များတယ် ခေါ်လား။
ပြီးတော့... မသန့်ရှင်းတာက စိတ်လေ... မျက်လုံးမှ မဟုတ်တာ။
စဉ်းစားလေလေ... ယဲ့ဖုန်း ပိုမို ရှုပ်ထွေးလေလေ ဖြစ်နေရသည်။
ယဲ့ဖုန်း၏ လက်မှိုင်ချနေသော မျက်နှာထားကို ကြည့်ရင်း၊ မိုယင်၏ ဇာပုဝါအောက်ရှိ နှုတ်ခမ်းနီနီလေးများ ကွေးညွတ်သွားပြီး ပြုံးလိုက်မိ၏။
'ဒီဂိုဏ်းချုပ်က တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ'
သူမ ပြန်လည် တိတ်ဆိတ်သွားပြီး လက်ဟန်များ ရေးဆွဲကာ ကျင့်ကြံခြင်းလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းနေလိုက်၏။ အဆင့်မြင့်သော နေရာ တစ်ခုသို့ ရောက်ရှိရန် ရည်မှန်းထားလေသည်။
ယဲ့ဖုန်းကမူ အရှုံးမပေးလိုပေ။
ဆေးရည် တစ်ပုလင်းလုံး ကုန်သည်အထိ ဆက်လက် ကြိုးစားသော်လည်း၊ နောက်ဆုံးတွင် အိပ်ငိုက်လွန်းသဖြင့် မျက်လုံးများ ဖွင့်မရတော့ဘဲ စူပုပ်ပုပ်ဖြင့် အိပ်စက်လိုက်ရတော့၏။