သခင်လေး 'လုံချီထျန်း'
Vol. 1 Ch. 13
~မနက်ခင်း အရုဏ်တက်ချိန်သို့ ရောက်ရှိလာတော့၏။
ယဲ့ဖုန်း မျက်လုံးများကို ဖွင့်လိုက်၏။
ထိုအခိုက်အတန့်တွင်... ကမ္ဘာကြီးတစ်ခုလုံးသည် အရောင်အသွေးစုံလင်သော ရောင်စုံမှန်ပြောင်း (ကယ်လီဒိုစကုပ်ပ်) ကြီးတစ်ခုအလား ထူးဆန်းစွာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး လန့်ဖျပ်သွား၏။
"အမေရေ... သရဲမြင်နေရပြီ"
သူ၏ အော်ဟစ်သံကြောင့် မြူခိုးဂိုဏ်းတစ်ခုလုံး ပွက်လောရိုက်သွားရသည်။
"ဂိုဏ်းချုပ်ဦးလေး... ဘာဖြစ်လို့လဲ"
ပထမတပည့်ကြီး ရှီလေ့က စိုးရိမ်တကြီး မေးလိုက်၏။ ဟိုယွင်ကျဲနှင့် လီကျောက်ကျောက်တို့လည်း စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။
"ငါ မျက်စိကန်းသွားပြီ ထင်တယ်ကွာ"
ယဲ့ဖုန်းသည် သူ့ရှေ့တွင် ရပ်နေသော ရှီလေ့ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်လိုက်ရာ ရှီလေ့၏ ကိုယ်ပေါ်တွင် ရောင်စုံအလင်းများ စီးဆင်းနေသည်ကို မြင်လိုက်ရသည်။ မျက်စိကျိန်းစရာပင် ကောင်းလှသည်။
"မျက်စိကန်းတယ် ဟုတ်လား"
ရှီလေ့က ယဲ့ဖုန်း၏ မျက်နှာရှေ့တွင် လက်ဝှေ့ယမ်းပြလိုက်၏။
"မကန်းရင်... ဘာလို့ မင်းကိုယ်ပေါ်မှာ သက်တန့်ရောင် ဘူးသီးရုပ် လိုမျိုး အလင်းရောင်တွေပဲ မြင်နေရတာလဲကွ"
[ဒီသက်တန့်ရောင် ဘူးသီးရုပ် 葫芦娃 (ဟူလုဝါး) ဆိုတာ ၁၉၈၆ ခုနှစ်လောက်က အရမ်းခေတ်စားခဲ့တဲ့ တရုတ် ကာတွန်းကား (Calabash Brothers) ပါ။ ဒီကာတွန်းထဲမှာ ဘူးသီးညီနောင် (၇) ယောက် ရှိပါတယ်။
သူတို့ (၇) ယောက်က သက်တံ့ရောင် (၇) မျိုး ဖြစ်တဲ့ (အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာနု၊ အပြာရင့်၊ ခရမ်း) အရောင်တွေအတိုင်း တစ်ယောက်တစ်ရောင် ရှိကြတာပါ။ ]
ယဲ့ဖုန်း၏ မျက်နှာမှာ ငိုမဲ့မဲ့ ဖြစ်နေ၏။
ကျင့်ကြံခြင်း မအောင်မြင်သေးခင်မှာ မျက်စိကန်းသွားရတယ်တဲ့လား။ ငါ့ဘဝက ဆိုးရွားလိုက်တာ။
"ဂုဏ်ပြုပါတယ် ဂိုဏ်းချုပ်ဦးလေး... ဦးလေး 'ဝိညာဉ်မျက်လုံး' နိုးထသွားတာပါ"
တပည့်များက မစိုးရိမ်သည့်အပြင် ဝမ်းသာအားရ ပြောဆိုလိုက်ကြ၏။
မိုယင်လည်း ကျင့်ကြံခြင်း ပြီးဆုံးသွားပြီဖြစ်ရာ ယဲ့ဖုန်းကို အံ့သြစွာ ကြည့်လိုက်မိ၏။
'တစ်ညတည်းနဲ့ ဝိညာဉ်မျက်လုံး နိုးထသွားတယ် ဆိုတော့... ဒီပါရမီက အနည်းဆုံး အလယ်အဆင့် အရိုးတည်ဆောက်ပုံလောက်တော့ ရှိမှာပဲ'
အထက်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ဆိုင်ထားသော သူမပင်လျှင် ဝိညာဉ်မျက်လုံးဆေးရည် အသုံးပြုပြီးနောက် (၆) နာရီတိတိ အချိန်ယူခဲ့ရသည်။ ယဲ့ဖုန်းက တစ်ညတည်းနှင့် အောင်မြင်သွားသည် ဆိုတော့ သူမနှင့် သိပ်မကွာခြားလှပေ။
"ဘာ... ငါက ဝိညာဉ်မျက်လုံး နိုးထသွားတာလား"
ယဲ့ဖုန်း၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများ အစားထိုး ဝင်ရောက်လာသည်။
"ဂိုဏ်းချုပ်ဦးလေး... ဝိညာဉ်မျက်လုံးကို ဘယ်လိုသုံးရမလဲ ကျွန်တော် သင်ပေးမယ်... အရင်ဆုံး ဝိညာဉ်မျက်လုံးနဲ့ ပုံမှန်အမြင်အာရုံကို စိတ်ဆန္ဒအတိုင်း ပြောင်းလဲနိုင်အောင် လေ့ကျင့်ရမယ်... အသေးစိတ် အချက်အလက်တွေ အများကြီး ရှိတယ်... သေချာ နားထောင်နော်" ရှီလေ့က လေးနက်စွာ ပြောလိုက်၏။
သူ့အကူအညီဖြင့် ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံး ပြောင်းလဲအသုံးပြုပုံကို လျင်မြန်စွာ တတ်မြောက်သွားလေသည်။
စိတ်ကူးလိုက်ရုံဖြင့် ကမ္ဘာလောကကြီးထဲတွင် စီးဆင်းနေသော ရောင်စုံအလင်းတန်းများကို မြင်တွေ့နိုင်ပြီ ဖြစ်၏။
၎င်းတို့က သဘာဝတရား၏ ဝိညာဉ်စွမ်းအင်တွေပင်။ အမြဲတမ်း ရွေ့လျားနေကြသည်။
ဝိညာဉ်စွမ်းအင် ပါဝင်သော မည်သည့် အရာမဆို ဝိညာဉ်မျက်လုံး၏ အကြည့်အောက်မှ လွတ်ကင်းနိုင်မည် မဟုတ်ပေ။
ဥပမာအားဖြင့် - ယဲ့ဖုန်းသည် မြေခွေးဖြူလေးကို ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်လျှင် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို မြင်တွေ့ရပေမည်။
ဝိညာဉ်မျက်လုံး မသုံးဘဲ ရိုးရိုးကြည့်လျှင်မူ ပုံမှန်မြင်ကွင်းများကိုသာ မြင်ရမည် ဖြစ်၏။ သို့သော် ယခင်ကထက်မူ အမြင်အာရုံ ပိုမို ကြည်လင်ပြတ်သားလာသည်။
(၁၀) မီတာ အကွာတွင် ရှိသော ပုရွက်ဆိတ်တစ်ကောင်၏ ခြေထောက် တစ်ချောင်းချင်းစီကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ဖြစ်၏။
‘ဒါဟာ ကျင့်ကြံသူတစ်ယောက် ဖြစ်လာတဲ့ ခံစားချက်ပါလား’
ယဲ့ဖုန်း၏ မျက်နှာထားသည် တဖြည်းဖြည်းနှင့် ဟာသဆန်လာသည်။
သူသည် ဝိညာဉ်မျက်လုံးကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ရာ... ချက်ချင်းပင် အတွေးများ နက်ရှိုင်းသွားရသည်။
သူ့ကိုယ်ပေါ်မှာ ဝိညာဉ်စွမ်းအင် လုံးဝ မရှိချေ။
'ငါ့မှာ ကျင့်ကြံခြင်းအဆင့် ရှိတယ် မဟုတ်ဘူးလား... ဘာလို့ ဝိညာဉ်စွမ်းအင် မရှိတာလဲ’
ယဲ့ဖုန်း နားမလည်နိုင် ဖြစ်သွား၏။
သူ စနစ်ကို အလျင်အမြန် ဖွင့်ကြည့်လိုက်၏။
[ ဂိုဏ်းချုပ် - ယဲ့ဖုန်း ( ချီစုစည်းခြင်း ၉ ဆင့်မြောက် အထွတ်အထိပ် + ) ]
ဒီကျင့်ကြံခြင်း အဆင့်က သူ့တပည့် (၄) ယောက်ဖြစ်သော ရှီလေ့၊ ဟိုယွင်ကျဲ၊ လီကျောက်ကျောက် နှင့် မိုယင် တို့၏ စုစုပေါင်း အဆင့်ဖြစ်ပြီး နောက်ဆုံးတွင် "+" သင်္ကေတလေး တစ်ခု ပါနေ၏။
ဆိုလိုသည်မှာ ပုံမှန် ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်ထက် အနည်းငယ် သာလွန်သည် ဟူသော သဘောပင်။
သို့သော် ဝိညာဉ်မျက်လုံး နိုးထလာသည့်တိုင်အောင် ယဲ့ဖုန်းသည် သူ့ကျင့်ကြံခြင်းအဆင့်ကို မခံစားမိသေးပေ။
မြင်တောင် မမြင်ရသေးပေ။
'ခွေးစနစ်... ဘာသဘောလဲကွ'
ယဲ့ဖုန်း အနည်းငယ် ဒေါသထွက်လာသည်။
ကျင့်ကြံခြင်းအဆင့် မရှိရင်လည်း မရှိဘူးပေါ့... အခုကျတော့ နာမည်ဘေးမှာ "ချီစုစည်းခြင်း ၉ ဆင့်မြောက် အထွတ်အထိပ် +" လို့ လာပြထားတယ်... ဒါ လူကို ဂျင်းထည့်တာ မဟုတ်ဘူးလား။
ကံကောင်းတာတစ်ခုက ဝိညာဉ်မျက်လုံး နိုးထလာပြီ ဖြစ်သဖြင့် နောက်ပိုင်း ကိုယ့်ဘာသာ ကျင့်ကြံဖို့ ပြဿနာ မရှိတော့ခြင်းပင်။
ယဲ့ဖုန်း စိတ်ကို ပြန်လည် စုစည်းလိုက်ပြီး လက်ဝှေ့ယမ်းကာ ကြေညာလိုက်၏။
"သွားကြစို့... ရေပေါ်ဖြူမြို့တော်ကို သွားပြီး တပည့်သစ် စုဆောင်းကြမယ်"
"ဂိုဏ်းချုပ်ဦးလေး... ရှောင်ပိုင် (အဖြူလေး) ကို ဘယ်လို လုပ်မလဲ"
လီကျောက်ကျောက်က သူမ ရင်ခွင်ထဲတွင် အိပ်ပျော်နေသော မြေခွေးဖြူလေးကို ညွှန်ပြလိုက်၏။ သူတို့ စကားပြောနေသည့်တိုင်အောင် နိုးမလာဘဲ ပိုမို သက်သောင့်သက်သာရှိမည့် အနေအထားကိုပင် ရွေးချယ်ကာ ဆက်အိပ်နေလေသည်။
"ခေါ်သွားလိုက်ပါ"
...
"ဝူးးးး"
ဓားပျံကြီးသည် ယခင်ကထက် ပိုမို လေးလံသော ဖိအားကို ထမ်းပိုးလျက် ကောင်းကင်ယံသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး၊ ရေပေါ်ဖြူမြို့တော်ဆီသို့ ဦးတည် ထွက်ခွာသွားလေသည်။
ဝေဟင်အလယ်တွင်...
ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးကို အသုံးပြုပြီး မြူခိုးတောင်ထိပ်ကို ပြန်လှည့်ကြည့်လိုက်ရာ၊ တောင်ထိပ်တွင် ရောင်စုံ 'ဝိညာဉ်စွမ်းအင် လေပွေ' တစ်ခု ရှိနေပြီး၊ ထိုနေရာတွင် ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အခြားနေရာများထက် အဆပေါင်းများစွာ ပိုများနေသည်ကို တွေ့လိုက်ရသည်။
ဒါက ဒဏ္ဍာရီလာ 'မင်္ဂလာမြေ' ပင် ဖြစ်၏။
အခြေခံအကျဆုံး အဆင့်သာ ဖြစ်သော်လည်း၊ အဆင့်နိမ့်ဂိုဏ်း အများစုသည် ထိုကဲ့သို့ နေရာမျိုးကို ရွေးချယ်ပြီး အခြေစိုက်လေ့ ရှိကြ၏။
နာရီဝက် ကြာပြီးနောက်...
ရေပေါ်ဖြူမြို့တော်၊ ကွင်းပြင်ကျယ်ကြီး တစ်ခု၌…၊
ဤနေရာသည် မြို့စားမင်းအိမ်တော်က ဂိုဏ်းအသီးသီးအတွက် အထူး တည်ဆောက်ပေးထားသော "ဂိုဏ်းတစ်ရာ ကွင်းပြင်" ဖြစ်၏။ စားပွဲနှင့် ထိုင်ခုံ အလွတ်ပေါင်း ရာနှင့်ချီ ရှိနေပြီး၊ ဂိုဏ်းများ တပည့် စုဆောင်းလိုသည့်အခါ ဤနေရာတွင် လာရောက် စုဆောင်းလေ့ ရှိကြ၏။
စောသေးသော်လည်း ဂိုဏ်းပေါင်း တစ်ဒါဇင်ကျော်မှ လူများ ရောက်ရှိနေကြပြီ ဖြစ်၏။
ယဲ့ဖုန်းသည် ဝါးလုံး နှစ်ချောင်း ထောင်လိုက်ပြီး အဖြူရောင် ပိတ်စ တစ်ခု ချိတ်ဆွဲလိုက်၏။ ပိတ်စပေါ်တွင် "သိုင်းပညာ အာမခံ သင်ကြားပေးသည်" ဟူသော စာတန်းကို ရေးသားထားရာ၊ ဂိုဏ်းအသီးသီးမှ တပည့်များ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလေသည်။
"ဟေ... ဒါ မနေ့က သွေးရောင်မြွေဂိုဏ်းကို နိုင်သွားတဲ့ မြူခိုးဂိုဏ်း မဟုတ်လား... သိုင်းပညာ အာမခံ သင်ကြားပေးမယ် တဲ့... ငါ့ကို သင်ပေးပါလားကွ"
ဝက်တစ်ကောင်လို ဝဖြိုးနေသော အမျိုးသားတပည့် တစ်ယောက်က ဘဝင်မြင့်စွာ လမ်းလျှောက်လာပြီး ပိတ်စပေါ်မှ စာတန်းကို လက်ညှိုးထိုးပြလိုက်၏။
"မင်းက ငါတို့ဂိုဏ်း ဝင်ခွင့် သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး"
ယဲ့ဖုန်းက ဝက်ပုတ်ကြီးကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
ဝိညာဉ်မျက်လုံးကို အသုံးပြုပြီး ကြည့်လိုက်ရာ ထိုသူ၏ ကိုယ်ပေါ်ရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆအရ ချီစုစည်းခြင်း (၃) ဆင့်မြောက် ကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း သိလိုက်ရသည်။ လက်ခံလိုက်လျှင် စာရင်းသွင်းတပည့် ဖြစ်လာနိုင်၏။
သို့သော် ထိုသို့ တွေးလိုက်မိစဉ်မှာပင် စနစ်၏ အသိပေးချက် ပေါ်လာသည်။
"အခြားဂိုဏ်း တစ်ခုမှာ ဝင်ရောက်ထားသူ ဖြစ်တဲ့အတွက် သတ်မှတ်ချက်နဲ့ မကိုက်ညီပါ"
ထို့ကြောင့် ယဲ့ဖုန်း ငြင်းပယ်လိုက်ခြင်း ဖြစ်၏။
"ဖူး... ငါက အလယ်အဆင့်ဂိုဏ်းက တပည့်ကွ... မင်းတို့လို အဆင့်နိမ့်ဂိုဏ်းစုတ်လေးကို ဘာကိစ္စ ဝင်ရမှာလဲ... ပြီးတော့ သိုင်းပညာ အာမခံ သင်ပေးမယ် ဆိုတာကလည်း လိမ်ညာနေတာ နေမှာပါ"
ဝက်ပုတ်ကြီးက မျက်လုံးကို မှေးစင်းလိုက်ပြီး ယုတ်မာသော လေသံဖြင့် ပြောလိုက်၏။
"မင်းနဲ့ တခြားလူတွေ ဘာကွာခြားလဲ သိလား” ဟု ယဲ့ဖုန်းက သူ့ကို စိုက်ကြည့်ပြီး မေးလိုက်သည်။
ဝက်ပုတ်ကြီး ကြောင်သွား၏။ "ဘာကွာလို့လဲ"
"ကွာတာက... မင်းက ငါတို့ရှေ့မှာ လာရပ်နေတော့ တခြားလူတွေထက် နေရာပိုယူပြီး ကွယ်နေတာပဲ... ဒါကြောင့် ကျေးဇူးပြုပြီး ဖယ်ပေးပါ... ငါတို့ တပည့်သစ် စုဆောင်းတာကို လာမနှောင့်ယှက်ပါနဲ့"
"ဒုန်း"
ယဲ့ဖုန်းသည် ဂိုဏ်းချုပ်တံဆိပ်တုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်၏။ ထိုအရာကို မြင်လိုက်ရသောအခါ ဝက်ပုတ်ကြီး ပါးစပ်ပိတ်သွားပြီး ချက်ချင်း ထွက်ခွာသွားလေတော့၏။
ယဲ့ဖုန်းသည် အဆင့်နိမ့်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်သော်လည်း၊ မြို့စားမင်းအိမ်တော်၏ အကာအကွယ် ရရှိထားသူ ဖြစ်သည်။
ချီစုစည်းခြင်း (၃) ဆင့်မြောက် ဝက်ပုတ်ကြီး အနေဖြင့် သူ့ကို သွားထိပါးရဲမည် မဟုတ်ပေ။
"ရှီလေ့... ကြော်ငြာလိုက်စမ်း"
ယဲ့ဖုန်း အမိန့်ပေးလိုက်၏။
ရှီလေ့သည် စားပွဲဘေးတွင် မတ်တပ်ရပ်လိုက်ပြီး၊ လက်နှစ်ဖက်ကို ပါးစပ်နားတွင် အသံချဲ့စက်သဖွယ် တေ့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဖြတ်သွားဖြတ်လာ မိဘပြည်သူများခင်ဗျာ... လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကြီး လာပါပြီ... မြူခိုးဂိုဏ်းကို ဝင်တာနဲ့ 'ဝိညာဉ်မျက်လုံးဆေးရည်' တစ်ပုလင်း လက်ဆောင် ရရှိမှာ ဖြစ်ပြီး၊ သိုင်းပညာ တတ်မြောက်အောင် သင်ကြားပေးမယ်လို့လည်း အာမခံပါတယ်... လူဦးရေ ကန့်သတ်ထားလို့ ဦးသူယူ စနစ်ပါခင်ဗျာ... ကုန်ရင် မရတော့ပါဘူးနော်"
အသံထွက်ပေါ်လာသည်နှင့် လူအများအပြား လှည့်ကြည့်လာကြ၏။
"ဝိညာဉ်မျက်လုံးဆေးရည် လက်ဆောင်ပေးမယ် ဟုတ်လား"
"သွားကြည့်ရအောင်ဟေ့"
လမ်းသွားလမ်းလာများ စိတ်ဝင်စားလာကြ၏။
"မြူခိုးဂိုဏ်း ဝင်ရင် ဆေးရည်ရမယ် ဆိုတာ တကယ်လား"
"လိမ်တာရော မဟုတ်ဘူးလား"
"အဆင့်နိမ့်ဂိုဏ်း တစ်ခုမှာ ဘယ်လိုလုပ် ဒီလောက်များတဲ့ ဆေးရည်တွေ ရှိမှာလဲ"
အများစုကတော့ စပ်စုချင်စိတ်ဖြင့် လာကြည့်ကြခြင်း ဖြစ်၏။
"မြူခိုးဂိုဏ်းက သွေးရောင်မြွေဂိုဏ်းကို အနိုင်ယူပြီး ဂိုဏ်းပိုင်ဆိုင်မှု စာချုပ်နဲ့ ဝိညာဉ်ကျောက်တုံး (၁၀၀)၊ ဝိညာဉ်မျက်လုံးဆေးရည် (၁၀) ပုလင်း လဲလှယ်ထားတာလေ... အခု သူတို့က တော်တော် ချမ်းသာနေတာ"
လူလတ်ပိုင်းအရွယ် လမ်းသွားလမ်းလာ တစ်ဦးက ဝင်ပြောလိုက်၏။
သူသည် မြူခိုးဂိုဏ်းနှင့် သွေးရောင်မြွေဂိုဏ်းတို့၏ တိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသူ ဖြစ်သဖြင့် "အမှန်တရား" များစွာကို သိရှိထားသူ ဖြစ်၏။
"တကယ်ကြီးလား"
အသက်ရှုသံအာရုံခံအဆင့်သို့ မရောက်သေးသော သာမန်လူများ၏ မျက်လုံးများ အရောင်တောက်လာကြပြီး၊ ရှည်လျားသော တန်းကြီးတစ်တန်း ချက်ချင်း ဖြစ်ပေါ်လာတော့၏။
"မြူခိုးဂိုဏ်း တဲ့လား... နာမည်တော့ မဆိုးပါဘူး... ဒီသခင်လေး စိတ်ဝင်စားသွားပြီ"
ထိုသို့၊ ပေါ့ပျက်ပျက်နိုင်သော လူငယ် တစ်ဦး၏ အသံ ထွက်ပေါ်လာရာ အားလုံး လှည့်ကြည့်လိုက်ကြ၏။
မင်းညီမင်းသား တစ်ပါးကဲ့သို့ ဝတ်ဆင်ထားသော လူငယ် တစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူ၏ ဘယ်ပြန်ညာပြန် လက်မောင်း နှစ်ဖက်တွင် မိန်းမပျိုလေး တစ်ယောက်စီကို တွဲထားလေသည်။
သူ့အနောက်တွင် ဓားကိုယ်စီ ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ် သက်တော်စောင့် (၂) ယောက် ပါလာပြီး၊ သူတို့ထံမှ ချီစုစည်းခြင်း (၅) ဆင့်မြောက် အရှိန်အဝါများ ထွက်ပေါ်နေကာ အလွန် ကြမ်းကြုတ်ခက်ထန်မည့်ပုံ ပေါက်နေ၏။