← Chapters

စာရင်းသွင်းတပည့် စုဆောင်းခြင်း

Vol. 1 Ch. 15

စာရင်းသွင်းတပည့် စုဆောင်းခြင်း

Vol. 1 Ch. 15

~"ငါ့သားကို ယဲ့ဖုန်းက လက်ဗလာနဲ့ ဒီလိုဖြစ်အောင် လုပ်လိုက်တယ် ဟုတ်လား" လုံကျန်းချွမ်းက သက်တော်စောင့်နှစ်ယောက်ကို စိုက်ကြည့်ရင်း မေးလိုက်၏။

"ဟုတ်... ဟုတ်ကဲ့ပါ"

သက်တော်စောင့်နှစ်ယောက် ဘာမှ ဖုံးကွယ်မထားရဲပေ။

"အသေးစိတ် ပြောပြစမ်း"

"ဂိုဏ်းချုပ် ယဲ့ဖုန်းရဲ့ ခန္ဓာကိုယ်မှာ ဘာဝိညာဉ်စွမ်းအင် လှုပ်ရှားမှုမှ မရှိပါဘူး... ပြီးတော့ သူက ဘာလျှို့ဝှက်လက်နက်မှလည်း မသုံးပါဘူး... သူက ထူးဆန်းတဲ့ သိုင်းကွက်တွေကို သုံးလိုက်တာပါ... သခင်လေးခမျာ ဘာမှ ပြန်မလုပ်နိုင်လိုက်ပါဘူး"

"ဘာသိုင်းကွက်တွေလဲ"

လုံကျန်းချွမ်း စိတ်ဝင်စားသွား၏။

သက်တော်စောင့်နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဇဝေဇဝါ ဖြစ်သွားကြ၏။

"ဂိုဏ်းချုပ်ယဲ့ အော်တာတော့... 'ကြိုးကြာဖြူ အတောင်ပံဖြန့်ခြင်း'၊ 'ခြေလှမ်းပြောင်းပြီး လက်ဝါးရိုက်ခြင်း'၊ 'လေးကိုင်းပုံစံ ခြေကန်ချက်'၊ 'နောက်ပြန်လှည့်ပြီး ဆွဲခြင်း' ဆိုလားပဲ... နာမည်တွေက ထူးဆန်းနေပါတယ်"

လုံကျန်းချွမ်း - "ခြေလှမ်းပြောင်းပြီး လက်ဝါးရိုက်ခြင်း ဟုတ်လား"

သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သက်တော်စောင့်နှစ်ယောက်ကို လက်ဝှေ့ယမ်းကာ ထွက်သွားခိုင်းလိုက်၏။

"ကဲ... မင်းတို့ သွားလို့ ရပြီ"

"ဟုတ်ကဲ့"

သက်တော်စောင့်နှစ်ယောက် ထွက်သွားပြီးနောက် လုံကျန်းချွမ်း မျက်လုံးများ ကျဉ်းမြောင်းသွား၏။

"ချီစုစည်းခြင်း (၅) ဆင့်မြောက် ရောက်နေတဲ့ ငါ့သားကို ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်နဲ့ ဒီလောက်ထိ ဖြစ်အောင် လုပ်လိုက်နိုင်တယ် ဆိုတော့... ယဲ့ဖုန်းရဲ့ ခန္ဓာကိုယ်က ငါနဲ့ ယှဉ်နိုင်လောက်တဲ့အထိ သန်မာနေတာ ဖြစ်မယ်... ဒါဆိုရင် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း သာမန် မဖြစ်နိုင်ဘူး"

"မြူခိုးဂိုဏ်းက တပည့်တွေ အကုန်လုံး သိုင်းပညာတွေကို အဆင့်ကြီးအောင်မြင်မှု၊ အထွတ်အထိပ်အဆင့်ထိ ရောက်အောင် ကျင့်ကြံထားနိုင်ကြတာက... ကျွမ်းကျင်သူတစ်ယောက်ရဲ့ လမ်းညွှန်မှု ရှိလို့ပဲ ဖြစ်မယ်"

"အဲ့ဒီ ကျွမ်းကျင်သူက ယဲ့ဖုန်းပဲ ဖြစ်ရမယ်"

"မြူခိုးဂိုဏ်းက... သူ့အစွမ်းအစတွေကို တော်တော် ဖုံးကွယ်ထားနိုင်တာပဲ"

လုံကျန်းချွမ်း အမြင်တွင် ယဲ့ဖုန်းသည် ဆေးဝါးအချို့ကို သုံးပြီး သူ၏ ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများကို လုံးဝ ပျောက်ကွယ်သွားအောင် ဖုံးကွယ်ထားသည်ဟု ထင်မြင်မိ၏။

ဘာရည်ရွယ်ချက်နှင့် လုပ်သလဲ ဆိုတာကိုတော့ သူ မခန့်မှန်းနိုင်ပေ။

သို့သော် လုံကျန်းချွမ်း တစ်ခုတော့ သိသည်။

ယဲ့ဖုန်းလို လူမျိုးက အလွန် အန္တရာယ်များသည်။

ထို့အပြင် နတ်ဆိုးသားရဲများ သောင်းကျန်းတတ်သည့် ရာသီဥတုကလည်း နီးကပ်လာပြီ ဖြစ်ရာ၊ အင်အားအတိအကျ မသိရသေးသော မြူခိုးဂိုဏ်းနှင့် ရန်သူဖြစ်သွားလျှင် လုံမိသားစုအတွက် အကျိုးမရှိဘဲ အထိနာရုံသာ ရှိပေလိမ့်မည်။

ထို့ကြောင့် လုံကျန်းချွမ်းသည် လုံမိသားစုအတွင်း အမိန့်တစ်ခု ထုတ်ပြန်လိုက်၏။

"ငါ့အမိန့်ကို အောက်ခြေအထိ ဖြန့်လိုက်... မြူခိုးဂိုဏ်းက လူတွေကို တွေ့ရင် တတ်နိုင်သမျှ ရှောင်ကြ... ထိပ်တိုက် မတွေ့ကြနဲ့... ရန်သူ လုံးဝ မဖြစ်စေနဲ့"

အမိန့်သည် လုံမိသားစုအတွင်း လျင်မြန်စွာ ဖြန့်ကျက်သွားလေသည်။

လုံအိမ်တော်၏ သီးသန့် ခြံဝင်းတစ်ခုအတွင်း...

ငွေရောင်ဆံပင်၊ အပြာရောင် မျက်လုံးများနှင့် လူငယ်လေးတစ်ဦးသည် ထိုသတင်းကို ကြားလိုက်ရသောအခါ လှပသေသပ်စွာ ပြင်ဆင်ထားသော အိပ်ခန်းတစ်ခုထဲသို့ ပြေးဝင်သွားလိုက်၏။ အခန်းထဲတွင် စက္ကူညှပ်နေသော အသက် (၃၀) ဝန်းကျင် အမျိုးသမီးတစ်ဦးကို သူက ပြောလိုက်၏။

"အမေ... မြူခိုးဂိုဏ်းက အရမ်း စွမ်းတယ်လို့ ကြားတယ်... လုံမိသားစုတောင် သူတို့ကို ကြောက်နေရတယ်တဲ့... သား အဲ့ဒီဂိုဏ်းကို ဝင်ချင်တယ်"

အမျိုးသမီး ခေါင်းမော့လာသည်။ သူမ၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း အလွန် လှပတင့်တယ်နေဆဲပင်။

သူမက ခါးသက်စွာ ပြုံးလိုက်ပြီး ပြောသည်။

"လုံမိသားစုမှာ နေရတာ မကောင်းလို့လား သားရယ်"

ငွေရောင်ဆံပင်နှင့် လူငယ်လေး လက်သီးဆုပ်လိုက်၏။

"ဒါပေမယ့် ဦးလေးက သားကို ကျင့်ကြံခွင့် မပေးဘူး... ကျင့်ကြံခွင့် မရှိရင် သား ဘယ်သူလဲ ဆိုတာ ဘယ်လို လုပ် သိနိုင်မှာလဲ"

"မင်းဦးလေးက မင်းကို ကာကွယ်ချင်လို့ တားထားတာပါ... ပြီးတော့ မင်းရဲ့ ဇာစ်မြစ်ကို မသိတာက ပိုကောင်းပါတယ်"

အမျိုးသမီးက ခေါင်းပြန်ငုံ့သွားပြီး စက္ကူဆက်ညှပ်နေလိုက်၏။

လူငယ်လေး နှုတ်ခမ်းကို ကိုက်လိုက်ပြီး အိပ်ခန်းထဲမှ တိတ်တဆိတ် ထွက်ခွာလာခဲ့၏။

သူ့နာမည်က လုံထျန်းရှင်း။ မိခင်၏ မျိုးရိုးအမည်ကို ယူထားခြင်း ဖြစ်၏။

ဖခင်က ဘယ်သူလဲ ဆိုတာကိုတော့ သူ့မိခင်ကလွဲလျှင် လုံမိသားစု တစ်ခုလုံးတွင် မည်သူမျှ မသိကြပေ။

လုံထျန်းရှင်းသည် ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်သည်။ ရေပေါ်ဖြူမြို့တော်မှ ထွက်ခွာပြီး ပြင်ပကမ္ဘာကြီးကို လေ့လာချင်သည်။ ပြီးတော့ သူ့ဇာစ်မြစ်ကိုလည်း ရှာဖွေချင်သည်။

သို့သော်၊ သူ့ဦးလေး လုံကျန်းချွမ်းက ခွင့်မပြုပေ။

လုံမိသားစုထဲမှာ နေရတာ လုံခြုံသော်လည်း၊ လုံထျန်းရှင်းက "လှောင်အိမ်ထဲက ငှက်ကလေး" လိုမျိုး လွတ်လပ်မှု မရှိသော ဘဝကို မလိုချင်ပေ။

"ကမ္ဘာကြီးက ကျယ်ပြောတယ်... ငါ သွားကြည့်ချင်တယ်"

လုံထျန်းရှင်းသည် ဝတ်ရုံခြုံလိုက်၏။

ထို့နောက်၊ ငယ်စဉ်ကတည်းက လေ့ကျင့်ထားသော နံရံကပ် အတတ်ပညာဖြင့် အစောင့်အကြပ် သိပ်မတင်းကျပ်သော လုံအိမ်တော်၏ ခြံစည်းရိုးကို အလွယ်တကူ ကျော်လွှားပြီး ထွက်ခွာလာခဲ့လေတော့သည်။

...

ဂိုဏ်းတစ်ရာ ကွင်းပြင်...

ယဲ့ဖုန်း နေပူထဲတွင် ထိုင်နေ၏။

တစ်နာရီ ကြာသွားပြီ ဖြစ်သော်လည်း မြူခိုးဂိုဏ်းသို့ ဝင်ရောက်မည့်သူ တစ်ယောက်မျှ မရှိသေးပေ။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။

(၄) ရက် ရှိသွားပြီ။

အကဲဖြတ်ကာလ ကုန်ဆုံးရန် (၃) ရက်သာ လိုတော့၏။

ဒီအချိန်အတွင်းမှာ စာရင်းသွင်းတပည့် (၆) ယောက် ထပ်ရမှ ဖြစ်မည်။ မဟုတ်လျှင် တာဝန်ကျရှုံးသွားလိမ့်မည်။

"ကျွန်တော် မြူခိုးဂိုဏ်း ဝင်ချင်ပါတယ်"

ထိုအချိန်တွင် ကလေးဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ဝမ်းသာအားရ ခေါင်းမော့ကြည့်လိုက်ရာ၊ ဝတ်ရုံခြုံထားသော အရပ်ပုပု လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

'ဒီကောင်လေး အရပ်က (၅) ပေတောင် မပြည့်ဘူး ထင်တယ်'

ကုလားထိုင်ပေါ်တွင် ထိုင်နေသော ယဲ့ဖုန်းသည် မတ်တပ်ရပ်နေသော ထိုသူကို ကြည့်ရန် ခေါင်းမော့နေရသော်လည်း၊ ထိုသူ၏ အရပ်ပုနေကြောင်း သိသာနေ၏။

သို့သော် ဂိုဏ်းဝင်ရန်အတွက် အရပ်က အဓိက မဟုတ်ပေ။

ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးကို ဖွင့်လိုက်ပြီး ဝတ်ရုံခြုံထားသူကို အကဲခတ်လိုက်ရာ၊ ထိုသူ၏ နှလုံးသားတွင် သဘာဝအလျောက် ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု ရှိနေပြီး၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း ကောင်းမွန်ကြောင်း တွေ့လိုက်ရသည်။ ပါရမီလည်း မဆိုးလောက်ပေ။

ထို့အပြင် စနစ်ကလည်း "သတ်မှတ်ချက်နှင့် မကိုက်ညီပါ" ဟု သတိမပေးသဖြင့်၊ သူ ထင်သည့်အတိုင်း စာရင်းသွင်းတပည့် ဖြစ်ရန် သင့်တော်သူ ဖြစ်နေ၏။

"နာမည်၊ မွေးသက္ကရာဇ်၊ ပါရမီ၊ ကျင့်ကြံခြင်းအဆင့်၊ နောက်ကြောင်း... အကုန် ပြောပြပါ"

ယဲ့ဖုန်းသည် မှတ်တမ်းစာအုပ်ကို ထုတ်လိုက်ပြီး ဝတ်ရုံခြုံထားသူကို စိုက်ကြည့်နေ၏။ ထိုသူက ခေါင်းကို တမင် ငုံ့ထားပြီး မျက်နှာမမြင်ရအောင် ဖုံးကွယ်ထားသည်ကို သတိထားမိလိုက်၏။

သို့သော် အသားအရေ နုဖတ်နေသော ချောမောသည့် ကောင်လေး တစ်ယောက် ဖြစ်ကြောင်းကိုတော့ ဝိုးတဝါး မြင်နေရသည်။

'ဟွန်း... ရှက်တတ်တဲ့ပုံပဲ'

ယဲ့ဖုန်း တွေးလိုက်၏။

"နာမည်က လုံထျန်းရှင်း... အသက် (၁၃) နှစ်... ပါရမီကတော့ ဘယ်လောက်ရှိမှန်း မသိဘူး... ကျင့်ကြံခြင်းအဆင့် မရှိသေးပါ... လုံမိသားစုကပါ"

ရုပ်ဖျက်ထားသော လုံထျန်းရှင်းက အသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

"လုံမိသားစုက ဟုတ်လား"

ဘေးနားမှ လူများ မျက်လုံးပြူးသွားကြ၏။

လုံချီထျန်း အရိုက်ခံရပြီးတာနဲ့ ချက်ချင်းပဲ သူလျှို လွှတ်လိုက်တာလား။

ဒါပေမယ့် ဒီသူလျှိုရဲ့ အရည်အချင်းက ညံ့လွန်းမနေဘူးလား။

ရောက်တာနဲ့ ကိုယ့်နာမည်ကိုယ် ဖော်တဲ့ သူလျှိုမျိုး ဘယ်မှာ ရှိလို့လဲ။

"မင်းက လုံမိသားစုကလား... လုံချီထျန်းနဲ့ ဘာတော်လဲ" ယဲ့ဖုန်းလည်း အံ့သြသွား၏။ တပည့်များကလည်း လုံထျန်းရှင်းကို ထူးဆန်းစွာ ကြည့်နေကြ၏။

"လုံချီထျန်းက ကျွန်တော့် ဝမ်းကွဲအစ်ကိုပါ"

လုံထျန်းရှင်းသည် ယဲ့ဖုန်း လက်မခံမည်ကို စိုးရိမ်သဖြင့် ခြင်ညည်းသံလောက်သာ ရှိသော အသံတိုးတိုးလေးဖြင့် ဖြေလိုက်၏။

သို့သော်... "ဒုန်း" ခနဲ အသံနှင့်အတူ ယဲ့ဖုန်း တံဆိပ်တုံး ထုပြီးသွားတော့၏။

"ငါက ဂိုဏ်းချုပ် ယဲ့ဖုန်း ပါ... ဒီနေ့ကစပြီး မင်းက မြူခိုးဂိုဏ်းရဲ့ ဆဌမမြောက် တပည့် ဖြစ်သွားပြီ... ဟိုမှာ မင်းရဲ့ စီနီယာအစ်ကို အစ်မတွေ... ရှီလေ့၊ ဟိုယွင်ကျဲ၊ လီကျောက်ကျောက်၊ မိုယင် တို့ပဲ"

ယဲ့ဖုန်း မတ်တပ်ရပ်လိုက်ပြီး ဘေးနားရှိ ရှီလေ့မှစကာ တပည့်များကို မိတ်ဆက်ပေးလိုက်၏။

ပဉ္စမတပည့် ရှုဟုန်ယွီ ကတော့ အတွေ့အကြုံ ရှာဖွေရန် ထွက်ခွာနေသဖြင့်၊ သူမအတွက် နေရာတစ်ခု ချန်လှပ်ထားပေးလိုက်၏။

"ဂိုဏ်းချုပ်က ကျွန်တော့်ကို တကယ် လက်ခံတာလား"

လုံထျန်းရှင်း စိတ်လှုပ်ရှားစွာ ခေါင်းမော့လိုက်၏။

သို့သော် ခေါင်းမော့လိုက်သည့် အရှိန်နှင့် ကွင်းပြင်မှ လေတိုက်ခတ်မှုကြောင့် ခေါင်းဆောင်းမှာ လန်တက်သွားပြီး၊ ငွေရောင်ဆံပင်နှင့် အပြာရောင် မျက်လုံးများ ပေါ်ထွက်လာတော့၏။

"ဟာ..."

"ဒါ လုံမိသားစုက တူလေး မဟုတ်လား"

"ကြားတာတော့ သူက လူသားစစ်စစ် မဟုတ်ဘူးတဲ့... လုံကျန်းချွမ်းရဲ့ ညီမလေးနဲ့ တခြားမျိုးနွယ်စုက ယောက်ျားတစ်ယောက် ရခဲ့တဲ့ ကလေးတဲ့"

"လုံမိသားစု ခေါင်းဆောင် လုံကျန်းချွမ်းက ပြဿနာတက်မှာစိုးလို့ သူ့ကို ကျင့်ကြံခွင့် ပိတ်ထားတာလို့ ပြောကြတယ်"

"ဘယ်သူ ထင်မှာလဲ... သူက မြူခိုးဂိုဏ်းကို ဝင်လာလိမ့်မယ်လို့... သူ့ဦးလေး သိရင် ဖင် ပွင့်ထွက်အောင် ရိုက်မှာကို မကြောက်ဘူးလား မသိဘူး"

"ဘာကြောက်စရာ ရှိလဲ... လုံကျန်းချွမ်းသာ သူ့ကို ရိုက်ရဲရင်... လုံထျန်းရှင်းက နှစ်သစ်ကူး ပထမလမှာတင် ဆံပင်ညှပ်ပစ်လိုက်မှာ သေချာတယ်"

"..."

လူအုပ်ကြီးထံမှ တအံ့တဩ ရေရွတ်သံများ ထွက်ပေါ်လာသည်။

ပြောဆိုသံများ ဆူညံသွား၏။

"မျိုးနွယ်ခြားလား"

မိုယင်သည် လုံထျန်းရှင်းကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

ရေပေါ်ဖြူမြို့တော်သို့ လာရာလမ်းတွင် မျိုးနွယ်ခြား အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးပြီး၊ သရေကျအောင် တိုက်ခိုက်ခဲ့ရဖူးသည်။

ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လီကျောက်ကျောက် တို့မှာမူ အံ့သြသွားကြသော်လည်း ရွံရှာမုန်းတီးမှု မရှိဘဲ စူးစမ်းလိုစိတ် သက်သက်ဖြင့်သာ ကြည့်နေကြ၏။

လုံထျန်းရှင်းသည် တကယ်ကို ချစ်စရာ ကောင်းလှသည်။

ငွေရောင်ဆံပင်ရှည်များကို အနီရောင် ဖဲကြိုးလေးဖြင့် လိပ်ပြာပုံသဏ္ဍာန် စည်းနှောင်ထားသည်။ အပြာရောင် မျက်ဝန်းများမှာ အပြာရောင် ရေကန်ကြီးတစ်ခုအလား ကြည်လင်တောက်ပနေ၏။

သို့သော် ယခုအချိန်တွင်... သူ၏ မျိုးနွယ်ခြား ပုံစံကို လူတွေ မြင်သွားကြသဖြင့် ထိုလှပသော မျက်ဝန်းများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေရှာသည်။

"မကြည့်ကြပါနဲ့"

သူ ကပျာကယာ ခေါင်းဆောင်းကို ပြန်ဆွဲအုပ်လိုက်ပြီး၊ မျက်လုံးများကို လက်ဖြင့် အုပ်ကာ လက်ချောင်းကြားမှတစ်ဆင့် လူများ၏ တုံ့ပြန်မှုကို စိုးရိမ်တကြီး ချောင်းကြည့်နေလေသည်။

All Chapters