အခန်း (၃၈၅-၃၈၇)
Vol. 26 Ch. 385-387
အခန်း(၃၈၅)
နှစ်စဉ်နှစ်တိုင်း၊ ဆောင်းရောက်ခါနီးလျှင် မျိုးနွယ်စုသည် ခဏခဏအမဲလိုက်လေ့ရှိသည်။ လူအင်အားမလုံလောက်သော ပြဿနာသာ မရှိပါက၊ တောထဲတွင် အချိန်ကြာကြာအမဲလိုက်ကြမည် ဖြစ်သည်။
သူတို့သည် ကျွန်ပိုင်ရှင်များထံတွင် ရောင်းချရန် နှင့် ကုန်ပစ္စည်းဖလှယ်ရန် တိရစ္ဆာန်သားရေများကို ပြင်ဆင်ကြသည်။ ရာသီဥတုက အေးလာသောအခါ၊ သားရေဝယ်လိုအားများ တိုးတက်လာမည် ဖြစ်သည်။ ကျွန်ပိုင်ရှင်များ၏ ကျွန်များက၊ တိရစ္ဆာန်သားရေနှင့် လဲလှယ်ရန် ကုန်ပစ္စည်းများကို အသင့်ပြင်ထားရသည်။
အရည်အသွေးကောင်းသော တိရစ္ဆာန်သားရေများဆိုလျှင် ဈေး၂ဆရပေသည်။
ထိုနည်းလမ်းဖြင့် ရွာထဲတွင် မထုတ်လုပ်နိုင်သော ကောက်ပဲသီးနှံများနှင့် ကြေးလက်နက်ကိရိယာများကို လဲလှယ်ယူရသည်။ အိမ်ထဲတွင် သုံးသော ကိရိယာများဖြင့် တစ်ခါတရံတွင် ရှားပါးသော ပစ္စည်းများကို ဝယ်ယူရရှိနိုင်သည်။
ထိုအချက်များအားလုံးသည် သူတို့ရလာသော သားကောင်ပေါ်တွင် မူတည်ပေသည်။
လွန်ခဲ့သောည၊ အိပ်ရာမဝင်ခင် ရှောက်ရွှမ်သည် လူများ၏ ဆွေးနွေးသံများကို ကြားလိုက်ရသည်။ ကုန်ပစ္စည်းဖလှယ်မည့် အကြောင်းများ ဆွေးနွေးနေကြခြင်းဖြစ်သည်။ သူတို့သည် ရှောက်ရွှမ်ကိုလည်း မေးကြသော်လည်း၊ ရှောက်ရွှမ်က ထိုကဲ့သို့ ကုန်ပစ္စည်းဖလှယ်ခြင်းမျိုး မလုပ်ဖူးပါ။
ဒုတိယမြောက်နေ့၊ နေမထွက်ခင်အချိန်တွင် အဖွဲ့ငယ်များသည် အမဲလိုက်ရန် ထွက်ခွာသွားကြသည်။
ရှောက်ရွှမ်နှင့် ထောင်ကျန်းတို့အဖွဲ့လည်း တောထဲသို့ လျင်မြန်စွာဝင်သွားကြသည်။ သွားရင်းလာရင်းနှင့် ထောင်ကျန်းက မြေပြင်အနေအထားများ အကြောင်းကို ရှင်းပြနေ၏။ ထောင်ကျန်းသည် ထိုအမဲလိုက်လမ်းကြောင်းနှင့် ရင်းနှီးပြီးသား ဖြစ်သဖြင့်၊ အန္တရာယ်ရှိသောနေရာများ၊ ကြောက်မက်ဖွယ်သားရဲများ၊ အဆိပ်ပင်များနှင့် ဆေးပင်များအကြောင်းကို ရှောက်ရွှမ်အား ပြောပြနေသည်။
ရေခမ်းခြောက်နေသော မြစ်တစ်ခုကို ဖြတ်သန်းပြီးနောက်၊ ရှောက်ရွှမ်သည် ရုတ်တရက် ရပ်တန့်လိုက်ပြီး တစ်နေရာကို ကြည့်နေ၏။
ရှောက်ရွှမ်ရပ်လိုက်သောအခါ၊ ကျန်သူများလည်း ရပ်တန့်သွားကြသည်။ ရှောက်ရွှမ်၏ စွမ်းဆောင်ရည်ကို တွေ့မြင်ပြီးသွားပြီ ဖြစ်၍၊ သူတို့သည် ရှောက်ရွှမ်ကို လျှော့မတွက်ရဲတော့ပါ။ ခေါင်းမာသော ကျွေ့ပင်လျှင် ရှောက်ရွှမ်သည် သူတို့ထက် သန်မာကြောင်း ဝန်ခံလိုက်ရသည်။
“ဘာဖြစ်တာလဲ” ထောင်ကျန်းကမေးလိုက်သည်။ ခြောက်ခမ်းနေသော မြစ်ကြီးကို ကြည့်လိုက်သော်လည်း၊ ထူးထူးဆန်းဆန်း ဘာမှမတွေ့ပါ။ ထိုနေရာသည် သူတို့ အကြိမ်ကြိမ်သွားလာဖူးသောနေရာ ဖြစ်သည်။
ရှောက်ရွှ၎င်း်က တစ်စုံတရာကို စိုက်ကြည့်နေရင်း “ မင်းတို့အားလုံး ဒီကစောင့်နေ…ငါသွားကြည့်လိုက်မယ်” ဟုပြောကာ ပြေးထွက်သွားလေသည်။
ရှောက်ရွှမ်ထွက်သွားသောဘက်တွင် မည်သည့်သားရဲမှ မရှိသောကြောင့်၊ ထောင်ကျန်းသည် နောက်မှလိုက်သွားရင်း “ဘာတွေ့လို့လဲ” ဟုမေးလိုက်သည်။
ရှောက်ရွှမ်က ဘာမှမပြောပါ။ ရှောက်ရွှမ်ကိုယ်တိုင်လည်း သိပ်မသေချာပါ။
မြစ်ကမ်းနံဘေးသည် မီတာ၂၀မှ၃၀ဝန်းကျင်ရှိ
ပါသည်။ မြစ်ကြီးသည် အနံကျယ်သော်လည်း၊ ဇောက်မနက်ပါ။
“ဒီမြစ်က မိုးရာသီဆိုရင် ရေရှိတယ်...နှစ်ကုန်ချိန်ရောက်ရင်တော့ ရေတွေခမ်းသွားတယ်” ထောင်ကျန်းက ရှင်းပြလိုက်သည်။ “တစ်နှစ်ပတ်လုံးနီးပါး ရေရှိပါတယ်…နှစ်ကုန်ခါနီးကျမှ ရေတွေခမ်းသွားတာ…ရေရှိတဲ့အချိန်ဆိုရင် အန္တရာယ်များတဲ့ ငါးတွေရှိလို့ ဒီမြစ်ကို မဖြတ်ဘူး”
ရှောက်ရွှမ်သည် မြစ်ကမ်းနံဘေးသို့လျှောက်သွားလေသည်။ မြစ်ကြမ်းပြင်သည် ခြောက်သွေ့လွန်းသဖြင့် အက်ကွဲကြောင်းများဖြစ်ပေါ်နေသည်။ သို့သော် မြစ်ကြမ်းပြင်သည် ရွှံ့များဖြစ်နေသဖြင့်၊ ခြေချလိုက်သည်နှင့် နစ်သွားမည် ဖြစ်သည်။ အပေါ်ယံမျက်နှာပြင်သာ ခြောက်သွေ့နေခြင်း ဖြစ်သည်။ အက်ကွဲကြောင်းများထဲတွင် မြက်ပင်များပေါက်နေ၏။
ရှောက်ရွှမ် စိတ်ဝင်စားသည်မှာ မြစ်ကြမ်းပြင်မှ ကျောက်တုံးများဖြစ်သည်။
“လှံရှိလား…ရှိရင်ခဏငှားပါ” ရှောက်ရွှမ်က လှံတစ်ချောင်းကို လှမ်းငှားလိုက်သည်။
“ငါ့ဟာယူလိုက်” သုန့်လိက သူ့လှံကို လျင်မြန်စွာ လှမ်းပေးလိုက်သည်။
“ကျေးဇူး”
ရှောက်ရွှမ်သည် မြစ်ကြမ်းပြင်ပေါ်တွင် ရှိသော ကျောက်တုံးတစ်တုံးကို လှံဖျားနှင့် လှမ်းတော့ယူလိုက်သည်။ ထို့နောက် ကျောက်တုံးပေါ်မှ ရွှံ့များကို သုတ်လိုက်ပြီး၊ ကျောက်တုံးကို သေချာကြည့်နေပါသည်။
“အဲဒီကျောက်တုံးက တခြားကျောက်တုံးတွေနဲ့ ဘာကွာလို့လဲ” ထောင်ကျန်းက မေးလိုက်သည်။ သူ့အတွက်တော့ ကျောက်တုံးများအားလုံးသည် အတူတူပင် ဖြစ်သည်။ အရွယ်သိပ်မကြီးသဖြင့် ကျောက်လက်နက်ပင် လုပ်၍ရမည် မဟုတ်ပါ။
ရှောက်ရွှမ်က ခေါင်းခါလိုက်ပြီး “စိတ်ထင်တာပါ”
ရှောက်ရွှမ်သည် သူ့လက်သီးဆုပ်လောက်ရှိသော ကျောက်တုံး၂တုံးကို ကောက်ယူလိုက်ပြီး၊ သူ့အိတ်ထဲထည့်လိုက်သည်။ ထို့နောက် သူသည် မြစ်ကမ်းအတိုင်းလျှောက်သွားပြီး၊ အဝေးကို မျှော်ကြည့်နေပါသည်။
“ခင်ဗျားတို့ပြောတဲ့ငါးက အခွံမာမာ၊ သွားထက်ထက်နဲ့ လက်သည်းတွေပါတဲ့ ရေယက်တွေနဲ့ မဟုတ်လား…ပြီးတော့ အမြီးကရှည်ရှည်လား...ကုန်းပေါ်မှာလည်း သွားနိုင်တယ် မဟုတ်လား” ရှောက်ရွှမ်က မေးလိုက်သည်။
အားလုံးက ခေါင်းငြိမ့်ပြပြီး “ဟုတ်တယ်…အဲဒီငါးကို မင်းမြင်ဖူးလို့လား ရှောက်ရွှမ်” ဟုမေးလိုက်ပါသည်။
သူတို့သည် ထိုငါးများကို ဖမ်းလိုသော်လည်း၊ ထိုအန္တရာယ်ငါးများသည် အုပ်စုဖွဲ့ သွားလာလေ့ရှိ
ကြောင်း သူတို့သိလိုက်ရသည်။ မြစ်ထဲတွင် ရေလျှံနေသည့်အချိန်ဆိုလျှင်၊ မုဆိုးများသည် ထိုနေရာတဝိုက်ကို ရှောင်ကွင်းသွားကြပါသည်။ မြစ်ထဲတွင် ရေမရှိသော အချိန်ရောက်မှသာ ထိုနေရာနားကို လာကြခြင်းဖြစ်သည်။
အိတ်ထဲမှ ကျောက်တုံးကို ကိုင်ကြည့်လိုက်ပြီး ရှောက်ရွှမ်မေးလိုက်သည် “အဲဒီမြစ်အတိုင်း သွားရင် ဘယ်ကိုရောက်လဲ”
အခြားလူများက မသိသော်လည်း၊ ထောင်ကျန်းကတော့ အနည်းငယ် သိပါသည်။ မုဆိုးအိုကြီးတစ်ယောက်က သူ့ကို ပြောပြဖူးသောကြောင့် သိနေခြင်းပင်။
“ရှေ့မှာ ဒီထက်ကျယ်တဲ့ မြစ်ကြီးတစ်ခုရှိသေးတယ်လို့ ကြားဖူးတယ်… အဲဒီမြစ်က တောအုပ်ကို ဖြတ်စီးသွားပြီးတော့ သမုဒ္ဒရာထဲ ဝင်သွားတယ်တဲ့…အရမ်းဝေးလွန်းတော့ ငါတို့တွေ တစ်ယောက်မှ မရောက်ဖူးဘူး…တခြားမျိုးနွယ်စုဝင်တွေ ပြောတဲ့စကားကိုပဲ ကြားဖူးတာပါ”
“သမုဒ္ဒရာထဲကို စီးဝင်သည့် မြစ်…ဟုတ်လား” ရှောက်ရွှမ် စဉ်းစားနေသည်။
မြစ်ကြမ်းပြင်ပေါ်မှ ကျောက်တုံးများကို မြင်ဖူးသလို ရှိသဖြင့်၊ ရပ်တန့်လိုက်ခြင်း ဖြစ်သည်။ ကျောက်သားကိုလည်း သူသိနေပါသည်။ မြစ်ကိုဖြတ်ကျော်၍ မျိုးနွယ်စုကို ကူမျိုးနွယ်စုများလက်မှ ကယ်တင်ခဲ့သောနှစ်က၊ မိကျောင်းတစ်ကောင်သည် ရှောက်ရွှမ်ကို ကျောက်တုံးတစ်တုံး ပေးခဲ့ပါသည်။ ထိုအဖြစ်များကို ပြောမည်ဆိုလျှင် ကူမျိုးနွယ်စု၏ ရေလကျောက်တုံးအကြောင်း မပါ၍ မဖြစ်ပေ။
ယခုသူရောက်နေသောနေရာသို့ ကူမျိုးနွယ်စုဝင်များက မရောက်ဖူးသော်လည်း၊ မိချောင်းကတော့ ရောက်လာနိုင်ပါသည်။ ထိုမိကျောင်းသည် ကူမျိုးနွယ်စုက ဟုတ်ချင်မှလည်း ဟုတ်လိမ့်မည်။ မိကျောင်းများသည် သမုဒ္ဒရာထဲမှ ကျောက်တုံးများကို ကောက်ယူလာပြီး၊ မြစ်ထဲတွင် စွန့်ပစ်ခဲ့ခြင်းလား ရှောက်ရွှမ်လည်း မ
သေချာပါ။
“သွားကြမယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။ အမဲလိုက်အဖွဲ့သည် အမဲလိုက်ရဦးမည် မဟုတ်ပါလား။
သုန့်လိသည် ထွက်ခွာသွားသော အဖွဲ့ကို ကြည့်လိုက် မြစ်ကြမ်းပြင်ပေါ်မှ ကျောက်တုံးများကို ကြည့်လိုက်ဖြစ်နေပါသည်။ ထို့နောက် သူသည် ကျောက်တုံးတစ်တုံးကို ပြေးကောက်လိုက်ပါသည်။ ရှောက်ရွှမ်က အရိုးသားရဲကို တစ်ယောက်တည်း အနိုင်ယူနိုင်ခဲ့သဖြင့်၊ သုန့်လိသည် ရှောက်ရွှမ်ကို တော်တော်လေးစားသွားသည်။ ရှောက်ရွှမ်၏ အစွမ်းကိုလည်း ယုံကြည်စိတ်ချသွားသည်။ ရှောက်ရွှမ်က ထိုကျောက်တုံးများကို ထူးဆန်းသည်ဟုထင်သဖြင့်၊ ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ခြင်းဖြစ်သည်။
တခြားလူများလည်း ကျောက်တုံးများကို ကောက်ယူလျှင်ကောင်းမလား စဉ်းစားနေကြသည်။ သို့သော် အဖွဲ့က ထွက်သွားသဖြင့် ကောက်
ချိန်မရလိုက်ပါ။ နောက်တစ်ခေါက် ထိုနေရာမှ ဖြတ်သွားလျှင်တော့ ကောက်ယူနိုင်ပါသေးသည်။ ဆောင်းမဝင်ခင် နောက်တစ်ကြိမ် အမဲလိုက်ရဦးမည် မဟုတ်ပါလား။
ရှောက်ရွှမ်သည် အရိုးသားရဲကို ထူးဆန်းသည့်နည်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း၊ နောက်ပိုင်းတွင်တော့ ပုံမှန်အမဲလိုက်နည်းစနစ်များကိုသာ သုံးပါတော့သည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် တစ်ဦးချင်းခွန်အားကို အလေးပေးသော်လည်း၊ အဖွဲ့လိုက် အတွဲညီညီတိုက်ခိုက်တတ်ရန်လည်း လိုအပ်ပါသည်။ အဖွဲ့လိုက်ဆိုလျှင်၊ သားကောင်များများရမည်ဖြစ်သည်။ ထိုအချိန်တွင် ရှောက်ရွှမ်သည် ခွေးတူဝက်တူများ ဖမ်းရန် ပိုက်ကွန်တစ်ခု ယက်လုပ်နေပါသည်။
ခွေးတူဝက်တူများမှာ သေးငယ်သော သတ္တဝါများဖြစ်ကြပြီး ကြောက်တတ်ကြပါသည်။ အသံနည်းနည်းကြားသည်နှင့် လျင်မြန်စွာ ထွက်ပြေးသွားတတ်ကြသည်။ ရန်သူထွက်ခွာသွားချိန်အထိ၊ သစ်ပင်ချုံနွယ်များထဲတွင်လည်း
ပုန်းအောင်းနေတတ်ပါသည်။ ၎င်းတို့၏ ကိုယ်လုံးများပေါ်တွင် အမှတ်အသားများပါသောကြောင့်၊ ပုန်းအောင်းနေလျှင် အလွယ်တကူရှာတွေ့မည် မဟုတ်ပါ။
ငယ်ရွယ်သော ခွေးတူဝက်တူများမှာ ပိုကြောက်တတ်ကြပြီး အရွယ်ရောက်သော အကောင်များကတော့ စပ်စုတတ်ကြပါသည်။ ၎င်းတို့သည် မိခင်နှင့်သာ နေလေ့ရှိပြီး၊ ခွဲခွာသွားလေ့မရှိပါ။ ထိုရှင်သန်ရေးနည်းဗျူဟာကြောင့် ၎င်းတို့ ယနေ့ထက်တိုင် ရှင်သန်နေခြင်း ဖြစ်ပါသည်။
ထောင်ကျန်းနှင့် သူ့လူများက ခွေးတူဝက်တူများကို သိပ်မလိုချင်သော်လည်း ရှောက်ရွှမ်ကတော့ ဖမ်းလိုက်ပါသည်။ ခွေးတူဝက်တူ သားအမိတသိုက်ကို ရှောက်ရွှမ် ဖမ်းလိုက်ပါသည်။ သူတို့သည် အခြားမုဆိုးတစ်ယောက်ဆီမှ လွတ်လာပြီးချိန်၊ ရှောက်ရွှမ်၏ ပိုက်ကွန်ထဲသို့ ဝင်တိုးမိခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်သည် ထိုကဲ့သို့ သားကောင်မျိုးကို မ
စားချင်ပါ။ လက်ဆောင်ပေးရန် အမဲလိုက်နေခြင်း ဖြစ်သည်။
အမဲလိုက်ခြင်းပြီးဆုံး၍ ရွာသို့ပြန်ရန် အချိန်ကျပြီ ဖြစ်သည်။ အားလုံးသည် စခန်းချရာနေရာတွင် စုရုံးလိုက်ကြပြီး သားကောင်များကို ပြန်သယ်ရန် ပြင်ဆင်နေကြသည်။
သူတို့အမဲလိုက်လမ်းကြောင်း၏တစ်နေရာသည် တိုင်ဟယ်မျိုးနွယ်စုဝင်များ၏ အမဲလိုက်လမ်းကြောင်းနှင့် ထိစပ်နေပေသည်။ မျိုးနွယ်စု၂စုတို့သည် တစ်ယောက်တစ်နေရာ အမဲလိုက်ကြသည်ဖြစ်သော်လည်း၊ တစ်နေရာတွင်တော့ အမဲလိုက်လမ်းကြောင်းက တူနေပါသည်။ ထိုနေရာသည် မြေပြန့်ဖြစ်ပြီး၊ သားကောင်များကို သယ်ယူရ လွယ်ကူပါသည်။
ထိုလမ်းတွင်ရှိသော သစ်ပင်ခြုံနွယ်များကို လမ်းသွားလမ်းလာများက ရှင်းလင်းထားကြသည်။
ကောက်ပဲသီးနှံအထွက်ကောင်းခြင်း၊ သားကောင်များများရခြင်းတို့ကြောင့် သုန့်ကန်းသည် အူရွှင်လာပြီး သီချင်းတစ်ပုဒ်ကို အော်ဆိုပါသည်။ ကျန်သူများလည်း လိုက်ဆိုကြသည်။
ထွက်ပေါ်နေသော သီချင်းသံကြောင့် အခြားသော သားရဲကြီးများ မလာတော့ပါ။ သားကောင်များထွက်ပြေးသွားမှာ စိုးရိမ်သဖြင့်၊ ၎င်းတို့သည် အမဲလိုက်ထွက်လျှင်တော့ သီချင်းမဆိုပါ။ သို့သော် အခုတော့ သီချင်းဆိုရန် အချိန်ကျလာပြီ ဖြစ်သည်။
လမ်းသုံးခွဆုံသောနေရာတစ်နေရာတွင်၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် သားကောင်များကို သယ်ဆောင်နေကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စု၏ သီချင်းသံကို ကြားလိုက်ရသောအခါ၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်သည် စိတ်တိုသွားပြီး “ဒီကောင်တွေ လာပြန်ပြီ” ဟုပြောလိုက်ပါသည်။
အမဲလိုက်အဖွဲ့ခေါင်းဆောင် စိတ်တိုသွား
ပါသည်။
“ခေါင်းဆောင်ကြီး…ဒီကောင်တွေက…”
“ဂရုစိုက်မနေနဲ့…ဒီကောင်တွေကို အရေးလုပ်မနေနဲ့…ကိုယ်သွားစရာရှိတာသွား” ခေါင်းဆောင်က အော်လိုက်ပါသည်။
သို့သော် မီးတောက်ဦးချိုမျိုးနွယ်စု၏ သီချင်းသံမှာ ကျယ်လောင်သဖြင့် လျစ်လျူပြု၍မရပါ။
လမ်းသုံးခွဆုံသို့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များရောက်လာသောအခါ အဖွဲ့၂ဖွဲ့တို့ ဆုံမိကြလေသည်။
သုန့်ကန်းသည် ထိုက်ဟယ်မျိုးနွယ်စု၏ သားကောင်များကို ကြည့်လိုက်ပြီး ကြိတ်ရယ်လိုက်ပါသည်။
ထိုက်ဟယ်အဖွဲ့ခေါင်းဆောင်သည် စိတ်တိုသွားပြီး “ဘာလဲကွ…မင်းတို့က ငါတို့ကို အထင်သေး
တာလား” ဟုအော်ပြောလိုက်သည်။
“မဟုတ်ပါဘူးကွ…အထင်မသေးပါဘူး” သုန့်ကန်းက ပြန်အော်လိုက်သည်။ “သုန့်လိ…မြန်မြန်လာလေကွာ…အကောင်သေးသေးလေးကို ဘာလို့ ဒီလောက်ကြာအောင် သယ်နေတာလဲ”
သုန့်ကန်းနောက်မှ လူများသည် စကားမပြောကြပါ၊သုန့်ကန်းသည် အတွင်းလူများသာသိသော ဟာသကို ပြောလိုက်ခြင်းဖြစ်ပါသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်ကို ရှောက်ရွှမ် သိလိုက်ပါသည်။ မကြာခင်တွင် သုန့်လိနှင့် ကျန်သူများသည် အရိုးသားရဲကြီးကို သယ်ဆောင်၍ ရောက်ရှိလာပါသည်။
အရိုးသားရဲကြီးကို မြင်သောအခါ၊ ထိုက်ဟယ်မျိုးနွယ်စုဝင်များ တိတ်ဆိတ်သွား၏။ အဖွဲ့ခေါင်းဆောင်၏ မျက်နှာမှာလည်း ရှုံ့မဲ့သွားတော့သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၃၈၆) သားကောင်များကို ဝေခွဲခြင်း
ထိုက်ဟယ်အဖွဲ့ခေါင်းဆောင်သည် အံ့ဩသင့်သွားပါသည်။ ထို့နောက် ထိုသူသည် “မွန်မြတ်သစ်သီး”ကို ခိုးသွားသူဖြစ်ကြောင်း သတိရသွားသည်။
သားကောင်များ သယ်ဆောင်လာသော မီးတောင်ဦးချိုမျိုးနွယ်စုဝင်ကလေးသည် သူတို့၏ သစ်သီးကို ဖြတ်လုသွားသူဖြစ်နေပါသည်။
“ရပ်လိုက်စမ်း” ထိုက်ဟယ်ခေါင်းဆောင်က အော်ပြောလိုက်သည်။ ထို့နောက် ရှောက်ရွမ်နားကို ဒေါသတကြီး ရောက်လာသည်။
ထိုက်ဟယ်အဖွဲ့ခေါင်းဆောင်လှုပ်ရှားသည်နှင့် သုန့်ကန်းကလည်း လိုက်လှုပ်ရှားပါသည်။ သုန့်ကန်းသည် ၂ယောက်အလယ်တွင် ဝင်ရပ်လိုက်ပြီး “ဘာလဲ…မင်းကငါတို့သားကောင်တွေကို
လိုချင်လို့လား” ဟုမေးလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်အားလုံး ရပ်တန့်လိုက်ပြီး ထိုက်ဟယ်မျိုးနွယ်စုဝင်များကို ကြည့်နေကြသည်။ သုန့်ကန်းကတခွန်းပြောလိုက်သည်နှင့်၊ သားကောင်များကို ပစ်ချပြီး တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေကြသည်။
ထိုက်ဟယ်မျိုးနွယ်စုဝင်များ တိတ်ဆိတ်သွားကြသည်။
ခေါင်းဆောင်သည် အခြေအနေကို သုံးသပ်ပြီး ဒေါသများကို မျိုသိပ်ထားလိုက်ရသည်။ ဒေါသကို မျိုသိပ်ရင်း သူသည် ရှောက်ရွှမ်ကို ညွှန်ပြရင်း “သူကဘယ်သူလဲ” ဟုမေးလိုက်သည်။
မီးတောက်ဦးချိုမျိုးနွယ်စု၏ အိမ်နီးချင်းမျိုးနွယ်စုတစ်ခု ဖြစ်နေသောကြောင့်၊ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် မျက်မှန်းတန်းမိပါသည်။ ဥပမာအနေနှင့် ပြောရ
လျှင်၊ သူတို့သည် ထောင်ကျန်း၊ကျွေ့နှင့် ဝူကျန်းတို့ကဲ့သို့ လူငယ်စစ်သည်တော်များကို သိထားကြသည်။ သို့သော် သူတို့၏ သစ်သီးကို ဖြတ်လုသွားသူကိုတော့ မသိပါ။
ထိုအချိန်တွင်၊ ထိုင်ဟယ်မျိုးနွယ်စုဝင်များ ဒေါသထွက်ရသည့် အကြောင်းရင်းကို သုန့်ကန်း ခန့်မှန်းမိသွားသည်။ သုန့်ကန်းသည်“ မင်းတို့နဲ့မဆိုင်ပါဘူး” ဟုပြောလိုက်သည်။
ထို့နောက် သုန့်ကန်းသည် သူ့လူများကို အချက်ပြပြီး ထွက်ခွာသွားခဲ့သည်။ ထိုက်ဟယ်မျိုးနွယ်စုဝင်များကတော့ မကျေမနပ်ဖြစ်ကျန်ခဲ့သည်။
ထိုက်ဟယ်မျိုးနွယ်စုဝင်များသည် တိုက်ခိုက်ရန် အင်အားမတောင့်တင်းသဖြင့်၊ မကျေမနပ်ဖြစ်ရုံမှတပါး အခြားဘာမှမတတ်နိုင်ပါ။ သို့သော် ထိုချာတိတ်လေးသည်…။
ထိုက်ဟယ်အဖွဲ့ခေါင်းဆောင်သည် ရွာပြန်
ရောက်လျှင် အကြီးအကဲကို ပြန်ပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုထဲတွင် သူတို့မသိသေးသော လူများရှိနေပါသည်သေးသည်။
ရှောက်ရွှမ်သည် သစ်သီးအကြောင်း ကွမ်းယီကို ပြောပြပြီးသားဖြစ်ပါသည်။
“အဲဒီသစ်သီးကို မွန်မြတ်သစ်သီးလို့ခေါ်တာပေါ့” ထိုသစ်သီးကို ရှောက်ရွှမ်ရထားသည်မှာ ကြာလှပြီဖြစ်သည်။ သူသည် မျိုးနွယ်စု၏ အရေးကိစ္စများကို အရေးပေးနေရသဖြင့် သစ်သီးအကြောင်းကို မေ့သွားခြင်း ဖြစ်သည်။ တခါတရံတွင် သတိရသော်လည်း၊ အရေးကိစ္စများပေါ်လာပါသည်။ အကြီးအကဲကလည်း ထိုသစ်သီကို ထုတ်ယူရန် မပြောသဖြင့်၊ သူလည်း မေ့နေခြင်း ဖြစ်ပါသည်။
“အဲဒီသစ်သီးက ကျွန်တော့်အိမ်မှာ…အိမ်ပြန်ရောက်ရင် ခင်ဗျားကိုပေးမယ်” ရှောက်ရွှမ်က ပြောလိုက်ပါသည်။
“နေပါစေကွာ…ပေးစရာမလိုပါဘူး…မင်းပဲယူထားလိုက်ပါ” သုန့်ကန်းက အလျင်အမြန် ငြင်းဆိုလိုက်သည်။
ကွမ်းယီသဘောကလည်း သုန့်ကန်းနှင့် တစ်ထပ်တည်းပင်။
“အဲဒီသစ်သီးက ငါ့အတွက် သိပ်အသုံးမဝင်ပါဘူး…မျိုးနွယ်စုထဲက စစ်သည်တော်တွေနဲ့ မျှဝေသုံးလိုက်တာက ပိုကောင်းပါတယ်” ထိုသစ်သီး၏ အာနိသင်များကို သိပြီးသောအခါ၊ ရှောက်ရွှမ်သည် ထိုသစ်သီးကို တကိုယ်တည်း အသုံးချလိုစိတ်မရှိတော့ပါ။
ပြန်လာသောအမဲလိုက်အဖွဲ့ကို မျိုးနွယ်စုဝင်များက နွေးထွေးစွာ ကြိုဆိုကြပါသည်။
သစ်ပင်ပင်စည်ဖြင့်လုပ်ထားသော တံတားများကို ခင်းပြီး၊ သားကောင်များကို သယ်ယူရန် အသင့်ပြင်ထားကြပါသည်။
သားကောင်အတော်များများရလာသည်ကို သိလိုက်ရသောအခါ၊ သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။
အရိုးသားရဲကြီးကို တောင်ကုန်းပေါ်ထိ ဆွဲတင်ပြီးသောအခါ၊ ရှောက်ရွှမ်သည် သူ၏ပိုက်ကွန်များကို သိမ်းလိုက်ပါသည်။ ခွေးတူဝက်တူများကိုတော့ ကျောက်မင်တို့ ညီအကိုကို ပေးလိုက်ပါသည်။ သူတို့ ညီအကိုသည် ရှောက်ရွှမ်ကို တညတာ လက်ခံခဲ့သည့်အတွက် ပေးလိုက်ခြင်း ဖြစ်ပါသည်။
ရှောက်ရွှမ်ပြန်ရောက်လာသည်ကို သိသောအခါ၊ ကျောက်မင်သည် အိုးလုပ်နေရာမှ အပြေးအလွှားထလာသည်။ ပေကျံနေသော ရွှံ့များကို သန့်ရှင်းရန်ပင် သတိမရပါ။
ခွေးတူဝက်တူများအကြောင်းသိသော လူကြီးများက ကျောက်ကွမ်းနှင့်အတူ ခွေးတူဝက်တူများကို ဖျက်ကြပါသည်။ ခွေးတူဝက်တူများ အရွယ်ရောက်လာလျှင် စားပစ်သည်က
အကောင်းဆုံးဖြစ်ပါသည်။ ထိုသတ္တဝါလေးများသည် အမေမရှိဘဲ၊ အသက်မရှင်နိုင်ပါ။
“ဒီကောင်တွေက သစ်ကိုင်းတွေ၊ သစ်ရွက်တွေ၊ သစ်သီးတွေ စားတယ်…မြစ်ရှေ့နားက မြက်ပင်ရှည်ရှည်ကြီးတွေဆိုလည်း အရမ်းကြိုက်တယ်” ခွေးတူဝက်တူများအကြောင်း လေ့လာထားသော အဒေါ်ကြီးတစ်ယောက်က ကျောက်မင်ကို ပြောြပနေသည်။
သူတို့နှင့် အတူဝိုင်းကူညီပေးနေသော ရှောက်ရွှမ်ကို နတ်ဆေးဆရာမ အခေါ်လွှတ်လိုက်ပါသည်။ ရလာသော သားကောင်များကို ခွဲဝေပေးရမည့် အချိန်ကျပြီ ဖြစ်သဖြင့် နတ်ဆေးဆရာမက ခေါ်ခိုင်းလိုက်ခြင်း ဖြစ်ပါသည်။
အရိုးသားရဲ၏ အသားများကို အမဲလိုက်အဖွဲ့ဝင်များအားလုံးကို ခွဲဝေပေးလိုက်ပါသည်။ သူတို့သည် အရိုးသားရဲကို ရှောက်ရွှမ်နှင့်အတူ ရွာသို့ သယ်လာကြခြင်း ဖြစ်ပါသည်။ ထို့ပြင် သူတို့ကလည်း အရိုးသားရဲကို လိုချင်နေကြပါသည်။
သားကောင်ကို ခွဲဝေပေးပြီးသောအခါ၊ ရှောက်ရွှမ်သည် မပြန်သေးဘဲ နတ်ဆေးဆရာမဆီ သွားလိုက်ပါသည်။
သူမ၏ အိမ်သည် တိတ်ဆိတ်နေပါသည်။ စစ်သည်တော်များသည် သူမအိမ်နားရောက်လျှင်၊ တိတ်ဆိတ်စွာသွားလာလှုပ်ရှားလေ့ရှိပါသည်။
“ရောက်လာပြီလား” နတ်ဆေးဆရာမသည် ရှောက်ရွှမ်ကို ကြည့်လိုက်ပြီး လက်ထဲက သားရေချပ်ကို ချထားလိုက်သည်။ ထို့နောက် ရှောက်ရွှမ်ကို ဝင်လာရန် အချက်ပြလိုက်သည်။
ပစ္စည်းများသိုလှောင်ရန် ဆောက်ထားသောအခန်းတစ်ခန်းဖြစ်ပြီး ပြတင်းပေါက်များကို ဖွင့်မထားပါ။ အထဲတွင် ကောင်းစွာမြင်ရရန် မီးတုတ်ထွန်းမှ ရမည် ဖြစ်ပါသည်။
နတ်ဆေးဆရာမကတော့ မီးတုတ်မထွန်းပါ။
သူမသည် သေတ္တာတစ်လုံးတင်ထားသော စင်နားသို့ လျှောက်သွားပါသည်။
သူမသည် သေတ္တာကို ယူလိုက်ပြီး ရှောက်ရွှမ်ကို ပေးလိုက်ကာ “မင်းယူထားလိုက်”
ရှောက်ရွှမ်သည် ထိုသေတ္တာလေးကို သိပါသည်။ သေတ္တာထဲတွင် ဘိုးဘေးများ၏ အရိုး၃ချောင်းပါပါသည်။
“အကုန်လုံးပေးတာလား” ရှောက်ရွှမ် အံ့ဩသင့်ပြီး မေးလိုက်သည်။
“ဟုတ်တယ်” သူမသည် ခေါင်းငြိမ့်ပြလိုက်သည်။ “ဘိုးဘေးတွေက မင်းနဲ့အတူနေရတာကို သဘောကျမှာပါ”
ထိုအရိုးသုံးချောင်းသည် အခမ်းအနားတုန်းက အရောင်တောက်လာသော်လည်း၊ ရက်အနည်းငယ်ကြာသောအခါ အရောင်ပြန်မှိန်သွားသည်။ အရင်လောက်တော့ အရောင်မမှိန်တော့
သော်လည်း၊ ရှောက်ရွှမ်လည်ပင်းတွင်ဆွဲထားသော ပုတီးစေ့လိုတော့ အရောင်မတောက်ပပါ။
မျိုးနွယ်စု၂ခြမ်းကွဲသွားပြီးကတည်းက၊ ပုတီးစေ့များသည် အရောင်မတောက်တော့ခြင်း ဖြစ်သည်။ မျိုးနွယ်စုထဲတွင် ရှောက်ရွှမ်မှလွဲ၍ အခြားဝါစဉ်ကြီးပုဂ္ဂိုလ်လည်း မရှိပါ။
ရှောက်ရွှမ်က တွေဝေနေသည်ကို မြင်ရသောအခါ၊ နတ်ဆေးဆရာမက “ငါတို့မျိုးနွယ်စု ၂ဖွဲ့ ပြန်ပေါင်းတဲ့အချိန်ကြအထိ သိမ်းထားပါ”
“ ပျောက်သွားမှာစိုးရိမ်လို့ပါ” ရှောက်ရွှမ်က ပြောလိုက်သည်။
နတ်ဆေးဆရာမသည် မျက်နှာရှုံ့မဲ့သွားပြီး “ လည်ပင်းမှာ ဆွဲထားလိုက်”
“အိမ်ရောက်မှ ဝတ်လို့မရဘူးလား”
“မရဘူး”
ရှောက်ရွှမ်က စောဒကတက်ရန် ဟန်ပြင်နေသည်ကို တွေ့သောအခါ၊ နတ်ဆေးဆရာမသည် မြေပြင်ကို တုတ်နှင့် ဆောင့်ရင်း “အခုချက်ချင်း ဝတ်လိုက်”
“ဟုတ်ကဲ့”
အရိုးများတွင် ကြိုးနှင့်သီရန် အပေါက်များပါပါသည်။ ရှောက်ရွှမ်သည် သူဆွဲထားသော ဆွဲကြိုးကို ဖြုတ်လိုက်ပြီး၊ အရိုး၃ချောင်းကို သားရေကြိုးနှင့် သီလိုက်ပါသည်။ သီပြီးသွားသောအခါ သားရေကြိုးကို ပြန်ချည်လိုက်ပါသည်။
ပုတီးစေ့လေးစေ့လုံးကို အတူတူထားပြီးသွားသောအခါ၊ ကွဲပြားမှုများကို မြင်တွေ့ရပါသည်။ ပုတီးစေ့သုံးစေ့မှာ သိသိသာသာ အရောင်မှိန်နေပါသည်။ သို့သော် ပုတီးစေ့များမှာ လျင်မြန်စွာနှင့် အရောင်လက်လာပြီး၊ ရှောက်ရွှမ် မူလဆွဲထားသော ပုတီးစေ့နှင့် အရောင်တူဖြစ်သွားပါသည်။
ထိုအဖြစ်အပျက်ကို မြင်သောအခါ၊ နတ်ဆေးဆရာမသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ သူမ၏ ဆုံးဖြတ်ချက်မှန်သွားပုံပေါ်ပါသည်။
အရိုးလေးချောင်းကို ဆွဲထားပြီး၊ ရှောက်ရွှမ်သည် နတ်ဆေးဆရာမ၏ အိမ်မှ ထွက်ခွာလာခဲ့သည်။ ဝေစုရထားသော အသားတချို့ကို စွပ်ပြုတ်လုပ်ရန်လည်း ယူဆောင်လာခဲ့ပါသည်။
ထို့နောက် ရှောက်ရွှမ်ဆီသည် မျိုးနွယ်စုဝင်များဆီမှ ကျောက်ဒယ်အိုးကြီးတစ်လုံးကို တောင်းယူလာခဲ့ပါသည်။ ထိုအိုးကြီးကို ဘိုးဘေးများလက်ထက်ကတည်းက အသုံးပြုလာခဲ့ခြင်းဖြစ်သည်။ ပျော်ပွဲရွှင်ပွဲများ ရှိပါက၊ အားလုံး စားသောက်ရန် ထိုအိုးကြီးနှင့် ချက်ပြုတ်လေ့ရှိသည်။
ပထမနေ့တွင် ရှောက်ရွှမ်သည် တောင်ကုန်းထိပ်နားတွင် ချက်ပြုတ်ပါသည်။ ဒုတိယနေ့တွင် အောက်နည်းနည်းဆင်း၍
ချက်ပြုတ်ပါသည်။ တတိယနေ့တွင်တော့ တောင်ခြေတွင် ချက်ပြုတ်ပါသည်။ သားကောင်များ ပေါပေါရလာသဖြင့်၊ အားလုံးအတွက် သုံးရက်စာလောက် ဖူလှုံနေပါသည်။
မွန်မြတ်သစ်သီးကို ခွဲကြည့်လိုက်သောအခါ၊ အထဲတွင် အလုံးလေး အလုံး၂၀ကို တွေ့လိုက်ရပါသည်။
သူသည် သစ်သီးကို ကျန်းလော်ဆီကို ယူသွားပါသည်။ ကျန်းလော်က ရှောက်ရွှမ်၏ လက်ဆောင်ကို တဝက်သာလက်ခံလိုက်ပြီး၊ ကျန်တဝက်ကို သိမ်းထားရန် ရှောက်ရွှမ်ကို ပြောလိုက်သည်။
လုပ်စရာရှိသည်များကို လုပ်ပြီးသောအခါ ရှောက်ရွှမ်သည် အိမ်ပြန်လာ၏။ ထို့နောက် မြစ်ကြမ်းပြင်မှ ကောက်ယူလာသော ကျောက်တုံးများကို လေ့လာနေသည်။
ရှောက်ရွှမ်သည် ကျောက်တုံးများကို ရေဆေး
ထားပြီး၊ အလင်းရောင်ရသော ပြတင်းပေါက်နားမှ စားပွဲပေါ်တွင် တင်ထားပေသည်။ ရှောက်ရွှမ်သည် ကျောက်တုံးများကို ဓားနှင့်ခြစ်ကြည့်ပါသည်။ ကျောက်တုံးများသည် မိကျောင်းကြီးဆီမှရရှိခဲ့သော ကျောက်တုံးလိုပင် မာကြောပေသည်။
အရောင်နှင့် ကျောက်သားမှာလည်း အတူတူပင်ဖြစ်သည်။ သို့သော် ထိုကျောက်တုံးများသည် ကူမျိုးနွယ်စု၏ ရေလကျောက်တုံးနှင့် တူ၊မတူကိုတော့ သူမဆုံးဖြတ်နိုင်သေးပေ။
ရှောက်ရွှမ်သည် သက်ပြင်းချလိုက်ပြီး ကူမျိုးနွယ်စု၏ ရေလကျောက်တုံးများ အကြောင်း ပြန်စဉ်းစားလိုက်သည်။ ကျောက်တုံးများကို ရေလကျောက်တုံးများအဖြစ်အသွင် ပြောင်းနိုင်ခြင်းမှာ မျိုးနွယ်စုမီးတောက်ကြောင့် ဖြစ်သည်။
စဉ်းစားနေရင်းနှင့် အတွေးတစ်ခုပေါ်လာ၏။ စိတ်ထဲတွင် ရှုပ်ထွေးနေသော အရာများကို ရှင်းလင်းလိုက်ပြီး၊ သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသော ကွဲပြားမှုကို လေ့လာကြည့်လိုက်သည်။
သူ့စိတ်ထဲမှ မျိုးနွယ်စုမီးတောက်သည် တောက်လောင်ဆဲဖြစ်သော်လည်း အပေါ်ယံမီးတောက်ကတော့ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။
မှိတ်တုတ်၊မှိတ်တုတ် ဖြစ်လေ၊ မီးတောက်က ပိုတောက်ပလာလေဖြစ်သည်။ မီးတောက်ထဲမှ သေးငယ်သော စွမ်းအင်စီးကြောင်းတစ်ခုကို ရှောက်ရွှမ်ခံစားလိုက်မိသည်။ ထိုစွမ်းအင်စီးကြောင်းလေးသည် ပုခုံးမှ လက်ဝါးသို့ ရောက်လာပြီး ကျောက်တုံးဆီသို့ စီးဆင်းသွားလေသည်။
“ရှဲ…ရှဲ…ရှဲ”
သဲချောင်းတစ်ခုစီးဆင်းသလို အသံထွက်လာပြီး၊ ထိုအသံမှာ ကူမျိုးနွယ်စု၏ ရေလကျောက်တုံးဆီမှ ထွက်သောအသံနှင့် အတူတူပင် ဖြစ်နေတော့သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၃၈၇) တောက်ပနေသော ကျောက်တုံး
အသံများရပ်တန့်သွားသောအခါ၊ သူ့စိတ်ထဲမှ စွမ်းအင်စီးကြောင်းများ ပျောက်ကွယ်သွား၏။
ရှောက်ရွှမ်သည် သူ့လက်ထဲက ကျောက်တုံးကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သာမာန်ကျောက်တုံးတစ်ခုသည် အခုတော့ သလင်းကျောက်နှင့်တူနေပါသည်။ သူသိထားသော ရေလကျောက်တုံးလိုပင်၊ ကိုင်ကြည့်လျှင် အနည်းငယ် အေးပေသည်။
သူ၏ အမြင်အာရုံများ ဝေဝါးသွားသောအခါ၊ ရှောက်ရွှမ်သည် လှုပ်ရှားရန် ပြင်လိုက်သည်။ အချိန်ကြာမြင့်စွာဆောင့်ကြောင့်ထိုင်နေသောကြောင့်၊ အမြင်အာရုံများ ဝေဝါးလာခြင်း ဖြစ်မည်။
ရှောက်ရွှမ်သည် မောပန်းနေ၏။ အနားယူရန်
လိုအပ်နေလေပြီ။
ရှောက်ရွှမ်သည် လက်ထဲမှ ကျောက်တုံးကို ကြည့်လိုက်သည်။ ကူမျိုးနွယ်စု၏ ရေလကျောက်တုံးနှင့် တူသော်လည်း၊ အနည်းငယ် ကွဲပြားပေသည်။
ဤကျောက်တုံးသည် တကယ်ပင် ရေလကျောက်တုံး ဖြစ်နေပြီလား။
အိမ်ထဲသို့ နေရောင်ခြည် ကျရောက်နေ၏။ ရှောက်ရွှမ်သည် အခန်းကို အမှောင်ချရန် ပြတင်းပေါက်များနှင့် တံခါးကို ပိတ်လိုက်သည်။ ရေလကျောက်တုံးဆိုလျှင် အမှောင်ထဲတွင် အရောင်တောက်ရပေမည်။
သို့သော် အခြေအနေက မထူးခြားပေ။ အလင်းရောင်လေးအနည်းငယ် ထွက်လာသော်လည်း အရောင်မှိန်လွန်းလှသည်။ ထိုအလင်းရောင်ဖြင့် စာဖတ်၍ ရနိုင်မည် မဟုတ်ပေ။
ရေလကျောက်တုံးလိုမျိုးအရောင် တောက်ပခြင်းမျိုးမဟုတ်ပါ။ သို့သော် ဂုဏ်သတ္တိခြင်းတော့ အတူတူဖြစ်ပါသည်။ ကျောက်တုံးတစ်တုံးကို ရေလကျောက်တုံးအဖြစ် ပြောင်းလဲလိုက်ရသောကြောင့်၊ ရှောက်ရွှမ်ပင်ပန်းသွားပါသည်။ နောက်ကျောက်တုံး၂တုံးကို ဆက်လက်မပြောင်းလဲနိုင်တော့ပါ။
အနားယူရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံထွက်ပေါ်လာပါသည်။
“ဝါစဉ်ကြီး ရှောက်ရွှမ်…အထဲမှာ ရှိလား….အကြီးအကဲက ခေါ်ခိုင်းလိုက်လို့ပါ” အပြင်ကလူသည် အော်ပြောလိုက်သည်။
ရှောက်ရွှမ်လည်း ထိုလူကို လှမ်းဖြေလိုက်ရင်း၊ ကျောက်တုံးကို စားပွဲပေါ်တင်ထားလိုက်သည်။ ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး၊ လက်ဝါးတွင် ကပ်နေသော ကျောက်မှုံများကို ခါထုတ်လိုက်သည်။
ထို့နောက် ရှောက်ရွှမ်သည် အကြီးအကဲနှင့် တွေ့ရန် ထွက်သွားသည်။ သလင်းကျောက်ကိုတော့ စားပွဲပေါ်ထားခဲ့သဖြင့် နေရောင်ခြည်က သလင်းကျောက်ပေါ် ကျရောက်နေပေသည်။
ရှောက်ရွှမ် ရောက်သွားသောအခါ၊ အကြီးအကဲ၏ အိမ်တွင် လူစည်ကားနေ၏။ သုန့်ကန်း၊ ကွမ်ယီနှင့် အရေးကြီးပုဂ္ဂိုလ်များရောက်ရှိနေပေသည်။ သို့သော် နတ်ဆေးဆရာမတော့မရှိပေ။
“ရှောက်ရွှမ်…လာဟေ့” အကြီးအကဲက သူ့ဘေးနားတွင် ရှိသော ခုံကို ညွှန်ပြလိုက်သည်။
ထိုနေရာသည် နတ်ဆေးဆရာမ၏ နေရာဖြစ်ပြီး သူမ မရှိပါက ထိုနေရာတွင် မည်သူမျှ ဝင်မထိုင်ချေ။ သုန့်ကန်းနှင့် ကျန်သူများသည် ထိုနေရာတွင် အခြားသူတစ်ယောက်ဝင်ထိုင်သည်ကို အခုမှ မြင်ဖူးခြင်းပင်။
ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ရန် အရည်အချင်း ပြည့်မှီပါသည်။
ကျန်းလော်က ကျွန်ပိုင်ရှင်များနှင့် ပြုလုပ်မည့် ကုန်ပစ္စည်းဖလှယ်မှုများကို ဆွေးနွေးရန် ယခုအစည်းအဝေးကို ပြုလုပ်ခြင်းဖြစ်ပါသည်။ သူတို့သည် တော်ဝင်မြို့တော်တွင် ပြဿနာတက်ဖူးသောကြောင့်၊ တော်ဝင်မြို့တော်သို့ သွား၍မရပါ။ အခြားသော မြို့များကိုတော့ သွားလည်၍ ရသည်။
လူတိုင်းတော့ သွားမည်မဟုတ်ပေ။ ကုန်ပစ္စည်းဖလှယ်ရန် သွားမည့်သူများနှင့် လဲမည့် ပစ္စည်းများကို အတည်ပြုကြပါသည်။ မထွက်ခွာခင် နောက်ထပ် အစည်းအဝေး၂ကြိမ် ပြုလုပ်ဦးမည်ဖြစ်သည်။ အနီးကပ်မှ လုပ်သော အစည်းအဝေးဖြစ်သဖြင့်၊ အထူးတလည်လုပ်ပြီး အကြောင်းမကြားတော့ပါ။
“သားမွေဖြူဝယ်လိုအား တက်လာတယ်လို့ ငါကြားထားတယ်…မင်းတို့တွေရော ဘာ
သတင်းကြားသေးလဲ…သေချာပြင်ဆင်သွားကြ…ဈေးတက်သင့်ရင်လည်း တက်ကြ”ဟု အကြီးအကဲက ပြောလိုက်ပါသည်။
မုဆိုးများသည် သူတို့ရလာသော သားရေပစ္စည်းများကို မကြိုက်လျှင် သိမ်းထားကြပါသည်။ အဖြူရောင်သားမွေးသည် သူတို့အတွက် အသုံးမဝင်ပါ။ လွယ်လွယ်နှင့် ညစ်ပေသလို၊ တောထဲတွင် ဝတ်ဆင်ရန်လည်း မသင့်တော်ပါ။ အမဲလိုက်ထွက်ရင်း အဖြူရောင်ဝတ်စုံကြီးကို ဝတ်လျှင် ထင်ထင်ရှားရှားကြီး ဖြစ်နေလိမ့်မည်။ တောထဲတွင် အဖြူရောင်သားရဲများရှားပါပါသည်။ အဖြူရောင်သားကောင်များသည် ဆောင်းဝင်ခါနီးမှ နှင်းတောင်များနားတွင် ထွက်ပေါ်လာတတ်သည်။
“အကြီးအကဲခင်ဗျာ…အစက်အပျောက်တွေပါတဲ့ သားရေကိုရောလိုချင်သေးလား” သုန့်ကန်းက လက်ဝါးများကို ပွတ်ပြီး မေးလိုက်သည်။ ယခုနှစ်တွင် သုန့်ကန်းတို့မိသားစုသည် အစက်အပျောက်များပါသော သားရေများကို အတော်များများ
စုဆောင်းထားပါသည်။ မနှစ်က ကျွန်ပိုင်ရှင်များသည် အစက်အပြောက်များပါသော သားရေများကို အလွန်နှစ်သက်ကြသည်။ အခြားအရောင်များကိုတော့ သူတို့ဝတ်ဆင်ရန် သိမ်းထားရမည် ဖြစ်သည်။
ကျန်းလော်သည် ခဏတွေးလိုက်ပြီး “သူတို့တွေက အစက်အပျောက်တွေ မကြိုက်တော့ဘူးလို့ ကြားတယ်”
သုန့်ကန်းသည် မျက်မှောင်ကို ကြုတ်၊ အံကို ကြိတ်လိုက်ရင်း “ဒီလူတွေဘာလို့ တစ်နှစ်တစ်ခါ စိတ်ပြောင်းနေကြတာလဲ”
ကျန်းလော်သည် သုန့်ကန်းကို လျစ်လျူရှုလိုက်ပြီး၊ ရှောက်ရွှမ်ဘက်သို့ လှည့်လာကာ “ရှောက်ရွှမ်…မင်းကတော့ အခုမှရောက်လာတာဆိုတော့ ရောင်းစရာမရှိဘူးပေါ…ဒါပေမဲ့ ကုန်ပစ္စည်းဖလှယ်တဲ့အကြောင်းကိုတော့ လေ့လာလို့ရပါတယ်”
ကျန်းလော်က ရှောက်ရွှမ်ကို အခြေအနေများအား ရင်းနှီးကျွမ်းဝင်သွားစေချင်သည်။ သို့သော် ရှောက်ရွှမ်တွင် ရောင်းစရာမရှိဖြစ်နေပါသည်။ အခြားလူများ ကုန်ပစ္စည်းများဖလှယ်နေသည်ကို မြင်လျှင်၊ ရှောက်ရွှမ် စိတ်မကောင်း ဖြစ်သွားလိမ့်မည်။
“မစိုးရိမ်ပါနဲ့…ကျွန်တော်နားလည်ပါတယ်” ရှောက်ရွှမ်က ပြုံးပြလိုက်သည်။
သုန့်ကန်းနှင့် ကွမ်းယီတို့က စကားမပြောဘဲ ရှောက်ရွှမ်ကို ကြည့်နေကြသည်။
အစည်းအဝေးပြီးသောအခါ၊ စားသောက်ပွဲကြီးကျင်းပကြသည်။ ရှောက်ရွှမ်ရလာသော အရိုးသားရဲကြီး၏ အသားများကို စားသောက်ကြသည်။
သူတို့နေထိုင်ရာတွင် ဟင်းခတ်အမွှေးအကြိုင်များ မရှိသော်လည်း။ မျိုးနွယ်စုဝင်များသည် ရှိသော သစ်ဥသစ်ဖုများနှင့် အရသာရှိအောင်
ချက်ပြုတ်တတ်ကြပါသည်။
“ဒီလိုမျိုးမစားရတာ ကြာလှပြီ…တော်တော်အရသာရှိတာပဲ” အဖိုးကတစ်ယောက်က နှုတ်ခမ်းများကို လျာနှင့် သပ်ရင်း အော်လိုက်ပါသည်။
နောက်တစ်ယောက်က အခြားသောအရိုးသားရဲတစ်ကောင်ကို လိုက်ခဲ့တုန်းက အကြောင်းကို ပြောနေပါသည်။ အရိုးသားရဲ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အသုံးဝင်ပုံကိုလည်း ရှောက်ရွှမ်ကို ရှင်းပြနေသည်။
နေဝင်သွားသောအခါ ပတ်ဝန်းကျင်ကမှောင်လာသဖြင့် ရှောက်ရွှမ် အိမ်သို့ ပြန်လာပါသည်။
အိမ်ရောက်သောအခါ သူ့အိမ်နားတွင် လူစည်ကားနေကြောင်း သိလိုက်ရသည်။
“ဘာဖြစ်တာလဲ” ရှောက်ရွှမ်က မေးလိုက်သည်။
“ရှောက်ရွှမ်…ပြန်လာပြီလား” သုန့်လိက စိတ်လှုပ်ရှားစွာ အော်လိုက်ရင်း လူအုပ်ကြားထဲမှ တိုးထွက်လာပြီး“ဝါစဉ်ကြီးရှောက်ရွှမ်…ခင်ဗျားအိမ်ထဲကဟာ ဘာလဲ”
တံခါးမှာ သော့မခတ်ထားသော်လည်း၊ မည်သူမျှ အထဲမဝင်ရဲကြပေ။ ပြတင်းပေါက်များလည်း ပွင့်နေသဖြင့်၊ အထဲက ပစ္စည်းကိုလှမ်းယူ၍ရပါသည်။ သို့သော် သူတို့သည် ထိုသို့လုပ်မည်မဟုတ်ပါ။ သူတို့သည် ရှောက်ရွှမ်နှင့် အရမ်းမရင်းနှီးသေးသလို၊ ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ သူတို့သည် ခွင့်ပြုချက်မရဘဲနှင့်၊ ရှောက်ရွှမ် အိမ်ထဲမှပစ္စည်းတစ်ခုကို မယူရဲကြပါ။
လူအုပ်ကြီးသည် အရောင်တောက်နေသော ကျောက်တုံးကိုကြည့်ရင်း သိလိုစိတ်များကို ထိန်းချုပ်ထားခဲ့ရသည်။ အခုတော့ ရှောက်ရွှမ် ပြန်ရောက်လာပြီဖြစ်သဖြင့်၊ အားလုံး စိတ်လှုပ်ရှားသွားကြသည်။
“ငါ့အိမ်ထဲမှာလား” ရှောက်ရွှမ်သည် ရုတ်တရက်နားမလည်နိုင်ဖြစ်သွားသော်လည်း၊ အိမ်ထဲကို ကြည့်လိုက်သောအခါ နားလည်သွားပါသည်။ သူ့အိမ်နားတွင် လူတွေအများကြီးဝိုင်းအုံနေသော်လည်း ရှောက်ရွှမ်သည် အလင်းရောင်ကို မြင်နေရပါသည်။
“ရေလကျောက်တုံးလား”
မဟုတ်ပါ…ရေလကျောက်တုံးနှင့်မတူပေ။ အေးစက်သောအလင်းရောင်မျိုးမဟုတ်ဘဲ၊ ယခုကျောက်တုံးမှ ထွက်နေသော အလင်းရောင်သည် နွေးထွေးပေသည်။
လူအုပ်ကြီးသည် ရှောက်ရွှမ်သွားလို့ရအောင် လမ်းဖယ်ပေးလိုက်ပါသည်။ ရှောက်ရွှမ်သည် အိမ်ထဲသို့ဝင်ပြီး သလင်းကျောက်ကို ကောက်ယူလိုက်ပါသည်။
ရှောက်ရွှမ်ပင် သလင်းကျောက်ကို ကြည့်ပြီး စိတ်ရှုပ်သွားသည်။ သလင်းကျောက်သည် သူ
ထားခဲ့သလို မဟုတ်တော့ပါ။ သလင်းကျောက်သည် ရေလကျောက်တုံးလိုမျိုး အရောင်တွေတောက်နေပါသည်။
ရှောက်ရွှမ်သည် အခြားကျောက်တုံး၂တုံးကို ကြည့်လိုက်ပါသည်။ ထိုကျောက်တုံးများကတော့ သာမန်ကျောက်တုံးများအတိုင်းသာ ရှိသည်။
လူများက ရှောက်ရွှမ်ကို သိလိုစိတ်ပြင်းပြသော မျက်နှာများနှင့် ဝိုင်းကြည့်နေကြသောကြောင့် ရှောက်ရွှမ်သည် သလင်းကျောက်ကို သူတို့အားပေးလိုက်၏။
သလင်းကျောက်ကို ရှောက်ရွှမ်ကိုင်ထားစဉ်က မည်သူမျှ မကိုင်ဝံ့သော်လည်း၊ သုန့်လိလက်ထဲရောက်သောအခါ ဝိုင်းလုကြပါတော့သည်။ သုန့်လိနှင့် အနီးဆုံးလူများက အဆိုးဆုံး ဖြစ်သည်။
ရှောက်ရွှမ် အိမ်ရှေ့တွင် ထိုကဲ့သို့ ရန်ဖြစ်နေရန် မသင့်တော်ပါ။ သုန့်လိသည် ရှောက်ရွှမ်ကို လျင်မြန်စွာ ရှင်းပြလိုက်ပြီး၊ ကျောက်တုံးကို
မြေကွက်လပ်တစ်နေရာသို့ ယူသွားလိုက်ပါသည်။ သူ့နောက်မှ လူအုပ်ကြီးလည်း လိုက်ပါသွားပါသည်။
လူအုပ်ကြီး ထွက်ခွာသွားသောအခါ၊ ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပါသည်။
ရှောက်ရွှမ်သည် စားပွဲဘေးတွင် ထိုင်လိုက်ပြီး၊ ကျောက်တုံး ၂တုံးကို ကိုင်ကြည့်ရင်း စဉ်းစားခန်းဖွင့်နေလေသည်။
(ဆက်ရန်…)