အခန်း (၃၉၇-၃၉၉)
Vol. 27 Ch. 397-399
အခန်း(၃၉၇) ခွဲခြမ်းစိတ်ဖြာခြင်း
အိုးခွက်များပေါ်မှ ပန်းချီများသည် အလှဆင်ရန် သက်သက်သာ ဖြစ်သည်ဟု အများက ထင်ထားကြသည်။ ရှောက်ရွှမ်လည်း အစပိုင်းတွင် ထိုကဲ့သို့ပင် တွေးမိသည်။ သို့သော် ဒယ်အိုးကြီးကို မြင်ပါများလာသောအခါ၊ အိုးပေါ်တွင် ဆွဲထားသော ပန်းချီများသည် လျှို့ဝှက်ဆန်းကြယ်ဆန်နေကြောင်း သတိထားမိသွားသည်။
ဒယ်အိုးကြီးပေါ်တွင် ရေးဆွဲထားသော ပန်းချီကားများတွင် အန်းဘမြို့တော်မှ ကျွန်ပိုင်ရှင်များ၏ အောင်မြင်မှုများကို ထည့်သွင်းရေးဆွဲထားသည်။ သေချာလေ့လာကြည့်သောအခါ၊ သူနားမလည်သော ပုံများစွာ ပါဝင်နေသည်ကို သိလိုက်ရသည်။
သူနားလည်သလောက်ဆိုလျှင် စာလုံးများမှာ အန်းဘမြို့တော်၏ ရွှေရောင်အတိတ်နေ့ရက်များ
အကြောင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ သူနားမလည်သော စာလုံးအနည်းငယ်ပါသော်လည်း၊ တစ်ကြောင်းလုံးကို ဖတ်ကြည့်သောအခါ အဓိပ္ပါယ်ကို နားလည်သွားပါသည်။ ဒယ်အိုးများပေါ်တွင် တိမ်ပုံများရေးဆွဲ၍လည်း အလှဆင်ထားပါသည်။ ထို တိမ်များကို ကြည့်ပြီး ရှောက်ရွှမ်စိတ်ထဲ ထူးဆန်းသလို ခံစားနေရသည်။
ပင်လယ်တစ်ဖက်ကမ်းမှ လူများသည်လည်း တိမ်ပုံများကို နောက်ရှူခင်း အနေနှင့် ရေးဆွဲကြသည်။ တိမ်ပုံများသည် လျှို့ဝှက်နက်နဲသောကြောင့်၊ ကွဲပြားသောဟန်တစ်ခုကို ဖြစ်ပေါ်စေပါသည်။
သူရောက်နေသောနေရာမှ လူများရေးဆွဲသောတိမ်ပုံများမှာ ပင်လယ်တစ်ဖက်ကမ်းမှလူများရေးဆွဲသော တိမ်ပုံများထက် ရှုပ်ထွေးပါသည်။ ဒယ်အိုးပေါ်မှ တိမ်ပုံများသည် ရှောက်ရွှမ်မြင်ဖူးသမျှထဲတွင် အရှုပ်ထွေးဆုံး ဖြစ်ပါသည်။
တစ်ချက်ကြည့်လိုက်လျှင် တိမ်ပုံများသည် အလွန်လှပပါသည်။ တိမ်ဝဲကတော့ကို သေချာကြည့်ပါက၊ ထိုတိမ်များသည် သင့်စိတ်ကို ဆွဲဆောင်နေသည်ဟု ခံစားမိမည် ဖြစ်ပါသည်။
ရှောက်ရွှမ်သည် ဒယ်အိုးကြီးပေါ်မှ ပုံများကို သေချာကြည့်နေပါသည်။ သူသည် ရှုပ်ထွေးလှသော တိမ်ပုံများကို မိတ္တူကူးယူထားချင်နေပါသည်။ သားရေကို သုံးရမှာ နှမြောသဖြင့်၊ ရှောက်ရွှမ်သည် သစ်ရွက်ဖားဖားကြီးများကို သွားရှာလာပါသည်။ ဒယ်အိုးကြီးပေါ်မှ ပုံများပေါ်တွင် ဆေးတစ်မျိုးသုတ်လိုက်ပြီးနောက်၊ သစ်ရွက်များနှင့် ကပ်လိုက်သည်။ ထို့နောက် သစ်ရွက်ပေါ်တွင် ပန်းချီပုံများ ပေါ်လာသည်အထိ စောင့်နေလိုက်ပါသည်။ သစ်ရွက်များပေါ်တွင် ပန်းချီပုံများပေါ်လာသောအခါ၊ ရှောက်ရွှမ်သည် ထိုပန်းချီပုံများကို အဝတ်စပေါ်တွင် ကူးယူရေးဆွဲပါသည်။
ဒယ်အိုးကိုယ်ထည်တွင်သာ ပန်းချီပုံများရှိသည် မဟုတ်ပါ၊ ဒယ်အိုး၏ ခြေထောက်များတွင်
လည်း အလှဆင်ထားသော ပုံများ ရေးဆွဲထားပါသည်။ ပုံများကတော့ တိမ်ပုံများသာ ဖြစ်သော်လည်း၊ ကိုယ်ထည်ပေါ်မှ ပုံများလောက်တော့ မရှုပ်ထွေးပါ။ ခြေထောက်ပေါ်မှ ပုံများက ကိုယ်ထည်ပေါ်မှ ပုံများထက် ထင်ရှားပါသည်။
ခြေထောက်ပေါ်မှ ပုံများကိုလည်း ကူးယူလိုက်ပြီး၊ ပုံများကို ဖြည်းဖြည်းချင်း လေ့လာပါသည်။
ဒယ်အိုးကြီးကို ပြုလုပ်ခဲ့သူမှာ တိမ်ပုံများကို နှစ်သက်သော ရှလူမျိုးတစ်ယောက် ဖြစ်ကြောင်းကို ရှောက်ရွှမ်ကြားထားပါသည်။ ရှောက်ရွှမ် သိသလောက်ဆိုလျှင်တော့ တိမ်ပုံများသည် ပထမဆုံးရေးဆွဲသော ပန်းချီများဖြစ်သည်။ တိမ်ပုံများကို သုံးစွဲသော မျိုးနွယ်စုတိုင်းတွင် ရှည်လျားသော သမိုင်းကြောင်းများ ရှိပါလိမ့်မည်။
မီးတောက်ဦးချိုမျိုးနွယ်စု၏ မျိုးနွယ်စုမီးတောက်ပုံစံကို ရှေးယခင်ကတည်းက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ သို့သော် တိမ်ပုံများလောက်တော့ လူသုံးမများပါ။ ဒယ်အိုးကြီးကို ရှ မျိုးနွယ်
စုများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိမ်ပုံများသည် အဓိပ္ပါယ်တစ်ခုခု ရှိရမည် ဖြစ်သည်။
မျိုးနွယ်စုထဲတွင်တော့ အရာအားလုံးမှာ ပုံမှန်ပင် ဖြစ်သည်။ ဆောင်းရာသီကျရောက်တော့မည် ဖြစ်သည်။ အပြင်သို့ သိပ်မထွက်ကြတော့သဖြင့် ရှောက်ရွှမ်သည် ဒယ်အိုးပေါ်မှ၊ စာများ၊ပန်းချီများကို လေ့လာရန် အချိန်ပိုရပါသည်။
ဒယ်အိုးကြီးကိုယ်ပေါ်မှ တိမ်ပုံစံများကို အဝတ်စ၂စပေါ်တွင် ကူးဆွဲပြီးနောက်၊ ရှောက်ရွှမ်သည် နတ်ဆေးဆရာမဆီသွား၍ ရှ မျိုးနွယ်စုတို့၏ မှတ်တမ်းများကို သွဦးတောင်းပါသည်။ နတ်ဆေးဆရာမလည်း ရှ မျိုးနွယ်စုအကြောင်းကို သိပ်မသိသဖြင့် လွန်ခဲ့သော နှစ်၁၀၀က ဘိုးဘေးများ ထားခဲ့သော မှတ်တမ်းများကိုသာ ပေးလိုက်သည်။ သို့သော် ထိုမှတ်တမ်းများကို နတ်ဆေးဆရာမက ပင်လယ်တစ်ဖက်ကမ်းတွင် အသုံးပြုသောစာ ဖြင့်ရေးသားထားခြင်း ဖြစ်သည်။
နတ်ဆေးဆရာမဆီက လိုအပ်သည့် အကူအညီကို သိပ်မရသဖြင့်၊ ရှောက်ရွှမ်သည် သူ့အားသူကိုးရန်သာ ရှိတော့သည်။
တိမ်ပုံများကို လေ့လာရင်းနှင့်၊ ကြိုးထုံးများဖြင့် ဗေဒင်ဟောခြင်းအတတ်ကို သင်နေရသလို ခံစားနေရသည်။ ဤလောကအတွင်းရှိ အရာအားလုံးသည် စည်းမျဉ်းစည်းကမ်းများဖြင့် တည်ရှိနေကြခြင်းဖြစ်သည်။ လူသားများတွင် စည်းကမ်းရှိသလို သားရဲများတွင်လည်း စည်းကမ်းများ ရှိပါသည်။
လူတစ်ယောက်၏ အသံ၊မျက်နှာနှင့် အနံ့များကိုလည်း ဦးနှောက်က အစဉ်အတိုင်းမှတ်သားထားပါသည်။ ထိုမှတ်သားထားမှုများက လူတစ်ယောက်၏ ဖန်တီးနိုင်မှုစွမ်းကို တိုးတက်စေနိုင်ပါသည်။ အစဉ်အတိုင်းမှတ်သားထားခြင်းကြောင့် ရှောက်ရွှမ်လေ့လာနေသလို တိမ်ပုံများကို ဖန်တီးနိုင်ခြင်း ဖြစ်ပါသည်။
ထိုမျှ ရှုပ်ထွေးသော တိမ်ပုံများကို ဖန်တီး
သူများသည် သူတို့၏ ဖန်တီးမှုများတွင် ဟန်ချက်ကို ညီအောင် ထိန်းသိမ်းရမည်ဖြစ်သည်။ ဟန်ချက်ညီသောကြောင့်သာ အခုလို ဒယ်အိုးကြီးပေါ်တွင် တိမ်ပုံများ ရေးဆွဲနိုင်ခြင်း ဖြစ်သည်။
ထိုရှုပ်ထွေးသော တိမ်ပုံများသည် မည်သည့်အရာကို ကိုယ်စားပြုနေပါသနည်း။
ရှောက်ရွှမ်သည် တိမ်ပုံများကို တနေကုန်ကြည့်နေသော်လည်း၊ မည်သည့်ထူးခြားမှုမှ မတွေ့ရပါ။ တိုးတက်မှု သိပ်မရှိသဖြင့်၊ ရှောက်ရွှမ်သည် တောထဲသွားပြီး သစ်ရွက်များကို ကောက်နေပါသည်။မြေပြင်ပေါ်တွင် ကြွေကျနေသော သစ်ရွက်များမှာ ဝါနေပြီဖြစ်သော်လည်း၊ ခြောက်တော့မခြောက်သေးပါ။ သစ်ရွက်များမှာ လူကြီးတစ်ယောက်၏ လက်ဝါးအရွယ်လောက် ရှိပါသည်။
ရှောက်ရွှမ်သည် သစ်ရွက်များကို ကောက်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ အိမ်သို့ရောက်သောအခါ သစ်ရွက်များကို နေလှမ်းထားလိုက်ပါသည်။
ရှောက်ရွှမ်သည် လေးထောင့် သဲလင်ဗန်းတချပ်ကို ပြုလုပ်လိုက်ပါသည်။ သဲလင်ဗန်းသည် အကျယ်၁မီတာခန့်ရှိပြီး၊ ပန်းချီဆွဲရာတွင် လိုအပ်သော သဲများကို ထည့်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ထို့နောက် သူသည် သစ်ကိုင်းတစ်ကိုင်းဖြင့် သဲများပေါ်တွင် ပန်းချီများရေးဆွဲပါသည်။
တိမ်ပုံများသည် တစ်စုတဝေးတည်းဆိုလျှင် အလွန်ရှုပ်ထွေးနေသဖြင့် ရှောက်ရွှမ်သည် တစ်ပုံခြင်းစီ ခွဲထုတ်လိုက်သည်။ ထို့နောက် သဲပေါ်နှင့် သစ်ရွက်များပေါ်တွင် တစ်ပုံချင်းစီ ဆွဲလိုက်ပါသည်။
ဒယ်အိုးပေါ်မှ ပုံများကို အကုန်ကူးယူပြီးစီးရန် ငါးရက်ကြာသွားပါသည်။ ဒါတောင် ပုံများကို တစ်ပုံချင်းစီခွဲ၍ ရေးဆွဲခြင်း အစပဲရှိသေးသည်။ သူ့တွင် အမှား၊အမှန်သိရအောင် ဥပမာကြည့်ရန် မရှိသဖြင့် မှားလား၊မှန်လား မသိပါ။ ပုံများသည် ရှုပ်ထွေးလှသဖြင့်၊ ရှောက်ရွှမ်ကိုယ်တိုင်ပင် ခက်
ခက်ခဲခဲ ဘာသာပြန်ရသည်။
ရှောက်ရွှမ်သည် ၅ရက်လုံး တိမ်ပုံများကိုသာ အပတ်တကုတ်လေ့လာနေခဲ့သည်။ အစာစားရန်နှင့် ကိုယ်လက်သန့်စင်ရန်သာ အနားယူပါသည်။ နောက်ဆုံးတိမ်ပုံစံကို ရေးဆွဲပြီးသွားသောအခါ ရှောက်ရွှမ် အတော်မောသွားပါသည်။ ရှောက်ရွှမ်သည် စွပ်ပြုတ်တစ်ပန်းကန်ကြီးကို သောက်လိုက်ပြီးနောက် အိပ်စက်အနားယူလိုက်ပါသည်။ မနက်လင်းသောအခါ၊ အိမ်ပြင်သို့ ထွက်လာပါသည်။
ထိုနေ့သည် ခါတိုင်းနေ့များလောက် နေ့ရောင်မရှိပါ။ သို့သော် အိမ်ထဲတွင် ၅ရက်လောက် အောင်းနေသော ရှောက်ရွှမ်ကတော့၊ နေရောင်ကို မြင်သဖြင့် မျက်စိများပင် ကျိန်းနေပြီဖြစ်သည်။
ရှောက်ရွှမ်သည် စိတ်အပန်းဖြေရန် တောင်ခြေမှ နေရာများသို့ သွားလည်ရန် စိတ်ကူးနေခြင်း ဖြစ်သည်။ မလှုပ်ရှားတာ ကြာသွားသဖြင့်၊ သူ၏အကြောအချဉ်များ တောင့်တင်းနေပါသည်။ လမ်းနည်းနည်းလျှောက်လိုက်ပါက၊
စိတ်အာရုံများ လန်းဆန်လာနိုင်ပါသည်။
ရာသီဥတုသည် အေးလာပြီဖြစ်ပြီး၊ အပူချိန်လည်း အရင်နေ့များကထက် လျော့ကျသွားပါသည်။
အဝေးမှ တောင်တန်းများကို လှမ်းကြည့်လိုက်လျှင်၊ ကျိုးတိုးကျဲတဲပေါက်နေသော အဝါရောင် သစ်ပင်များကို တွေ့မြင်နိုင်ပါသည်။
ကုန်ပစ္စည်းသွားဖလှယ်သော လူများအားလုံး ပြန်ရောက်နေကြပြီ ဖြစ်သည်။ ကုန်ပစ္စည်း သွားဖလှယ်ခြင်းမှာ သုန့်ကန်းတို့ တစ်ဖွဲ့တည်း မဟုတ်ပါ။ အခြားမျိုးနွယ်စုများနှင့် ကုန်သွားဖလှယ်လာသော အဖွဲ့တွင် ပိုးထည်များ ပါလာပါသည်။
လမ်းလျှောက်လာရင်းနှင့်၊ ရှောက်ရွှမ်သည် အသားတချို့ကို နေလှမ်းထားသည်ကို တွေ့လိုက်ရပါသည်။ အိမ်တိုင်း၏ တံခါးဝများတွင် အရည်အသွေးကောင်းသော အသားများကို ချိတ်ဆွဲထားသည်ကို တွေ့နိုင်ပါသည်။
ရှောက်ရွှမ်သည် သူနှင့် ရင်းနှီးသူတစ်ယောက်ကို “ကျောက်မင်…မင်းဘာလုပ်နေတာလဲ”ဟု လှမ်းနှုတ်ဆက်လိုက်သည်။
သစ်သီးကြီးတစ်လုံးကို ခေါင်းပေါ်ရွက်၍ အိမ်ထဲဝင်သွားသော ကျောက်မင်သည် ရှောက်ရွှမ်၏ အော်သံကို ကြားလိုက်သောအခါ ပျော်ရွှင်စွာနှင့် “ဝါစဉ်ကြီး…ရှောက်ရွှမ်” ဟုအော်လိုက်ပါသည်။
ရှောက်ရွှမ်သည် ကျောက်မင်သယ်လာသော သစ်သီးများကို ကြည့်နေပါသည်။ ထိုသစ်သီးများသည် သူတို့မျိုးနွယ်စုဝင်များ စားလေ့မရှိသော အသီများ ဖြစ်ပါသည်။
“ဘာလုပ်ဖို့လဲ…စွပ်ပြုတ်ပြုတ်ဖို့လား”
တချို့သစ်သီးများမှာ သူတို့မစားသော်လည်း၊ စွပ်ပြုတ်ထဲတွင်တော့ ထည့်ပြုတ်ပါသည်။
“မဟုတ်ဘူး…ခွေးတူဝက်တူတွေ အတွက်”
ကျောက်မင်က ပြန်ဖြေလိုက်ပါသည်။
ရှောက်ရွှမ် မှတ်မိသွားပြီ ဖြစ်သည်။ သူတို့အမဲလိုက်ထွက်တုန်းက ရလာသော ခွေးတူဝက်တူလေးတွေကို ကျောက်မင်ကိုပေးခဲ့ခြင်း ဖြစ်သည်။
“မင်းအကိုကော…အိမ်မှာ မရှိဘူးလား” ရှောက်ရွှမ်က အိမ်ထဲကို ကြည့်လိုက်သောအခါ လူကြီးတစ်ယောက်မှ မတွေ့ပါ။
“သစ်ခုတ်ထွက်သွားတယ်”
ကျောက်မင်က သူမွေးထားသော ခွေးတူဝက်တူများကို ရှောက်ရွှမ်ကို ပြသနေသည်။ ရှောက်ရွှမ်ယူလာသော ခွေးတူဝက်တူပေါက်လေးများမှာ အကောင်တော်တော်ကြီးနေပြီဖြစ်သည်။ ရာသီဉတုက အေးလာသဖြင့်၊ ၎င်းတို့၏ ကိုယ်ပေါ်မှ အမွှေးများသည်လည်း ရှည်လာပါသည်။
ရှောက်ရွှမ်ကို မြင်သောအခါ၊ သားပေါက်လေးများသည် သူတို့၏ မိခင်နားသို့ တိုးကပ်သွားကြသည်။ ကျောက်မင်က သူတို့အတွက် အသိုက်ကို သစ်ကိုင်းခြောက်များ၊ သစ်ရွက်ခြောက်များနှင့် ပြုလုပ်ပေးထားပါသည်။
“ဒီကောင်တွေ အရမ်းလိမ္မာတယ်…အစာသေချာကျွေးရင် အကောင်တွေ ထွားလာမှာ သေချာတယ်” ရှောက်ရွှမ်က ခွေးတူဝက်တူလေးများကို ကြည့်လိုက်ပါသည်။
“ရှောင်ပိ ရဲ့အမေပြောတာတော့ ဒီခွေးတူဝက်တူတွေက ဆောင်းကုန်သွားမှ အကောင်ထွားလာမှာတဲ့…ဆောင်းတွင်ဆိုရင် အစာသိပ်မစားတော့ သိပ်မထွားဘူး” ကျောက်မင်က ပြောလိုက်သည်။ ထို့နောက် ပျော်ရွှင်စွာဖြင့် “ဒီကောင်တွေ ကြီးလာရင် ကျွန်တော် စားမပစ်ဘူး သိလား” ဟု ထပ်ပြောလိုက်ပါသည်။
“ဘာလို့လဲ” ရှောက်ရွှမ် အံ့ဩသွားပါသည်။ ထိုချာတိတ်လေးများသည် မွေးထားသော တိရစ္ဆာန်
များကို သွားရည် တမြားမြားဖြင့် အမြဲ ကြည့်နေလေ့ရှိပါသည်။ အခုတခေါက်တော့ ဘာလို့ ခွေးတူဝက်တူကို မစားပစ်ပါဟု ပြောသနည်း။
ကျောက်မင်က သွားများပေါ်သည်အထိ ပြုံးနေသော်လည်း ရှောက်ရွှမ်အမေးကိုတော့ ပြန်မဖြေပါ။ ထိုအချိန်တွင် သူ့မျက်နှာပေါ်တွင် ဆေးမင်ကြောင်များ မှိန်ပျပျပေါ်လာပါသည်။ ဆေးမင်ကြောင်များသည် တဖြည်းဖြည်းနှင့် ထင်ရှားလာပါသည်။
“နတ်အမှတ်အသားတွေလား” ရှောက်ရွှမ် အံ့ဩသွားပြီးနောက် ပြုံးလိုက်ရင်း “ဂုဏ်ယူပါတယ်ကွာ…အခုဆိုရင် မျိုးနွယ်စုစစ်သည်တော် တစ်ယောက် ဖြစ်လာတော့မယ်”ဟုပြောလိုက်ပါသည်။
အခြားလူများပြောထားသည်များကို ကြားထားသော်လည်း၊ ရှောက်ရွှမ်အနေဖြင့် ရိုးရာအခမ်းအနားပြင်ပတွင် စွမ်းအင်နိုးထသူကို အခုမှမြင်ဖူးခြင်းဖြစ်ပါသည်။ ထိုသို့ကွဲပြားသွားသည်မှာ မီးမျိုးစေ့မရှိခြင်းကြောင့် ဖြစ်နိုင်
ပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တိုင်း၏ သွေးထဲတွင် မီးမျိုးစေ့မှ စွမ်းအင်များ စီးဆင်းနေပါသည်။ သူတို့၏ ကိုယ်ထဲမှ နတ်စွမ်းအင် နိုးထလာသောအခါ၊ မီးမျိုးစေ့၏ စွမ်းအင်သည်လည်း နိုးထလာမည် ဖြစ်သည်။ ရိုးရာအခမ်းအနားရှိသည့် အချိန်ကို စောင့်နေရန် မလိုတော့ပါ။
ထို့ကြောင့် ကျောက်မင်က ခွေးတူဝက်တူများကို မစားတော့ဟု ပြောနေခြင်း ဖြစ်ပါသည်။ မျိုးနွယ်စုစစ်သည်တော် ဖြစ်လာပြီးနောက် သူသည် အခြားသော ကြောက်မက်ဖွယ်သားရဲကြီးများကို စားသောက်နိုင်ပြီ ဖြစ်ပါသည်။
စားစရာမရှိတော့လျှင်လည်း ခွေးတူဝက်တူများကို အခြားလူများထံတွင် ကုန်ပစ္စည်းများနှင့် လဲလှယ်နိုင်ပါသည်။ သူ့အတွက်တော့ အရှုံးမရှိပါ။
တောင်ပေါ်တွင် တစ်ပတ်ပတ်ပြီးသွားသောအခါ၊ ရှောက်ရွှမ်သည် ထင်းများကို သယ်
လာပြီး ကွမ်းယီဆီသို့ သွားပါသည်။
ဟိုအရင်ရက်များက ရှောက်ရွှမ်သည် အိမ်ထဲက အိမ်ပြင်မထွက်ဘဲ၊ အလုပ်များနေသဖြင့် သူ့ကို မည်သူကမျှ မနှောင့်ယှက်ကြပါ။ အခုတော့ ရှောက်ရွှမ် အပြင်ထွက်လာသည်ကို မြင်သောအခါ ဝိုင်းခေါ်ကြပါသည်။
ရှောက်ရွှမ်နှင့် အချိန်အတော်ကြာ စကားပြောပြီးသွားသောအခါ ကွမ်းယီသည် ရှောက်ရွှမ်ကို လေးစားသွားသည်။ ကွမ်းယီသည် ရှောက်ရွှမ်၏မျက်နှာကို မမှတ်မိသော်လည်း၊ လည်ပင်းတွင် ဆွဲထားသော အရိုးကို မြင်လျှင် ရှောက်ရွှမ်မှန်း သိပါသည်။
“ဆောင်းဝင်တော့မယ်…နောက်သုံးရက်အတွင်း နှင်းကျမယ်လို့ နတ်ဆေးဆရာမက ပြောနေတယ်…ဆောင်းတွင်းရိက္ခာအတွက် အမဲလိုက်ဖို့ အကြီးအကဲက ငါတို့ကို ခိုင်းနေပြီ” ကွမ်းယီက ရှောက်ရွှမ်ကို ပြောလိုက်ပါသည်။
ဆောင်းရာသီ အစပျိုးနေပြီ ဖြစ်သည်။ နှင်းများထူထပ်စွာ မကျသေးမီ၊ အမဲလိုက်ထွက်ရမည် ဖြစ်သည်။ နှင်းများ ထူထပ်စွာ ကျလာလျှင် အမဲလိုက်နိုင်တော့မည် မဟုတ်ပါ။
သုန့်ကန်းကတော့ ရှောက်ရွှမ်ကို အမဲလိုက်ခရီးစဉ်တွင် မလိုက်စေချင်ပါ။ ဆောင်းရိက္ခာအတွက် အမဲလိုက်ရခြင်းသည် အန္တရာယ်များပါသည်။
“အမဲလိုက်ခွင့်ပြုပါ…” ရှောက်ရွှမ်သည် ကိုယ့်အားကိုယ်ကိုး၍ သားကောင်တစ်ကောင်ဖမ်းချင်နေပါသည်။ ထိုသားကောင်မှ ရလာသော သားရေကို ရိုးရာအခမ်းအနားတွင် ဝတ်ဆင်ရန် အင်္ကျီချုပ်ရမည် ဖြစ်သည်။
ဆောင်းရာသီသည် သိပ်တော့ မရှည်ပါ။ ဆောင်းကုန်သွားလျှင်၊ မျိုးနွယ်စုအတွက် အရေးအပါဆုံးသော ရိုးရာအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။ ရှောက်ရွှမ်တစ်ယောက် ပင်လယ်တစ်ဖက်ကမ်းကို ရောက်လာပြီးနောက်၊ အခုမှ
ရိုးရာအခမ်းအနားကို ပြန်တက်ရခြင်း ဖြစ်သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၃၉၈)
နှင်းများကျထားသဖြင့် မြေပြင်ပေါ်တွင် ဖြူဖွေးနေပါသည်။
ရှောက်ရွှမ်သည် အမဲလိုက်အဖွဲ့နှင့်လိုက်ပါသွားပြီး၊ အရေခွံထူသော သားကောင်ကို လိုက်ရှာသော်လည်း တစ်ကောင်မှ မတွေ့ပါ။ ဆောင်းတွင်းဆိုလျှင်၊ အရေခွံထူသော သားကောင်များသည် အပြင်သိပ်မထွက်ကြတော့ပါ။ သားမွေးအင်္ကျီများ ချုပ်လုပ်ရန်အတွက်၊ သူတို့သည် အမွှေးအမျှင် ထူသော သားကောင်များကို အလိုရှိနေပေသည်။
ဝါစဉ်ကြီးပုဂ္ဂိုလ်ရှောက်ရွှမ် ပါလာသောကြောင့်၊ အမဲလိုက်ခရီးစဉ်တွင် လူအတော်များများလိုက်လာပါသည်။ အားလုံးက စိတ်ဓာတ်များ တက်ကြွနေကြသည်။
ရှောက်ရွှမ်သည် ခြောက်ခမ်းနေသော မြစ်ကြီးသို့သွား၍ ကျောက်တုံးများကို ကောက်လာပြန်ပါသည်။ သူအားနေသော အချိန်များတွင် အရောင်တောက်သော သလင်းကျောက်များကို ပြုလုပ်ပါသည်။ ထို့နောက် သလင်းကျောက်များကို နေ့တာတိုသော ဆောင်းညများတွင် အသုံးပြုကြပါသည်။ အားလုံးတွင် ထိုသလင်းကျောက်လေးများ ရှိနေသဖြင့် အလင်းရောင်အတွက် စိတ်ပူစရာ မလိုတော့ပါ။
အမဲလိုက်ခရီးစဉ်တွင်၊ ရှောက်ရွှမ်သည် အမွှေးအမျှင်ထူသော သားရဲတစ်ကောင်ကို ဖမ်းမိပါသည်။ ထိုသားရဲ၏ အရေခွံကို ဝတ်စုံချုပ်၍ ရိုးရာအခမ်းအနားတွင် ဝတ်ဆင်မည် ဖြစ်သည်။
တောင်ပေါ်တွင် နှင်းများ ထူထပ်လာသောအခါ၊ မျိုးနွယ်စုဝင်များသည် အပြင်မထွက်နိုင်ကြတော့ပါ။ ရွာအစွန်တွင် စီးနေသော မြစ်ထဲတွင်လည်း ရေများခဲသွားပြီ ဖြစ်သည်။ ဟိုဖက်ဒီဖက်ကူးချင်လျှင် ရေခဲပြင်ပေါ်တွင် လမ်းလျှောက်
သွားရုံသာ ဖြစ်ပါသည်။ ကလေးများကတော့ ရေခဲပြင်ပေါ်တွင် စကိတ်စီးနေကြသည်။
မျိုးနွယ်စုဝင်များအတွက်တော့ ဆောင်းရာသီသည် ပျင်းစရာကောင်းလှသည်။ နေ့စဉ်နေတိုင်း လူ၃ယောက်မှ ၅ယောက် အထိပါဝင်သော အဖွဲ့များက စစ်သည်တော်အသစ်များကို လေ့ကျင့်သင်ကြားပေးကြသည်။ အပြင်ထွက်အမဲလိုက်စရာ မလိုသဖြင့်၊ လေ့ကျင့်မှုများ ပြုလုပ်ရင်း အချိန်ကုန်ဆုံးရပေသည်။
ရှောက်ရွှမ်သည်လည်း အိမ်ထဲတွင်သာ ဒယ်အိုးကြီးကို လေ့လာနေခဲ့သည်။ သို့သော် တခါတရံတွင်တော့ လေ့ကျင့်မှုများတွင်ပါဝင်ပါသည်။ တစ်ခါတရံတွင်တော့ မျိုးနွယ်စု၏ ပန်းပဲဆရာနှင့် စကားသွားပြောပါသည်။ သူတို့အသုံးပြုနေသော ပစ္စည်းကိရိယာများ၏ လုပ်နည်းများကို ဘိုးဘေးများက လေ့လာခဲ့ခြင်းဖြစ်ပြီး၊ ထိုနည်းလမ်းများကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြခြင်းဖြစ်သည်။
သို့သော် တိမ်ပုံများအကြောင်းကို မေးကြည့်သောအခါ ၊ မျိုးနွယ်စု၏ ပန်းပဲဆရာလည်း သိပ်မသိပါ။ ထိုအကြောင်းများကို ဘိုးဘေးများက မှတ်တမ်းတင်ခဲ့သော်လည်း နားလည်ရန် ခက်ခဲသည်ဟု ပြောကြပါသည်။ နတ်ဆေးဆရာများထားခဲ့သော် မှတ်တမ်းများမှာ မပြည့်စုံသဖြင့်၊ ရှောက်ရွှမ်ကောင်းကောင်း နားမလည်ပါ။
ပန်းပဲဆရာများကို ကျေးဇူးတင်သည့်အနေဖြင့်၊ ရှောက်ရွှမ်သည် အရောင်တောက်သော သလင်းကျောက်လေးများကို လက်ဆောင်ပေးခဲ့ပါသည်။
ရှောက်ရွှမ်သည် ဆောင်းတွင်းတစ်တွင်းလုံး တိမ်ပုံစံများကို လေ့လာလိုက်၊ ရေနေကျောက်တုံးများ ပြုလုပ်လိုက်နှင့် အချိန်ကုန်ဆုံးခဲ့ပါသည်။ အပြင်ဘက်တွင် လူသံများဆူညံလာသောအခါမှ၊ ဆောင်းရာသီကုန်ဆုံးကြောင်း ရှောက်ရွှမ် သိလိုက်ပါသည်။
ဆောင်းရာသီကုန်ဆုံးတော့မည် ဖြစ်သလို အမဲ
မလိုက်ရသော နေ့ရက်များလည်း ကုန်ဆုံးတော့မည် ဖြစ်သည်။
“ဆောင်းကုန်တော့မှာပဲ” ရှောက်ရွှမ်သည် သူ့ကိုယ်ပေါ်မှ သစ်ရွက်များကို ခါချလိုက်ရင်း တံခါးကို ဖွင့်လိုက်ပါသည်။
ရှောက်ရွှမ်ကြောင့် တချို့မိသားစုများသည် ညအချိန်တွင် ရေနေကျောက်တုံးများကို အသုံးပြုကြပါသည်။ ထိုသလင်းကျောက်များရှိနေသဖြင့်၊ အလင်းရောင်အတွက် မီးမလိုတော့ပါ။
ကောင်းကင်တွင် ဝိုင်းစက်နေသော လ၂စင်းထွက်ပေါ်လာပြီဖြစ်သည်။ အခုအချိန်ကစတင်၍ လ၂စင်းက ကောင်းကင်ကို အလင်းပေးတော့မည် ဖြစ်သည်။
ဆောင်းရာသီကုန်ဆုံး၍ လများထွက်လာသည်နှင့်၊ မျိုးနွယ်စုသည် ရိုးရာအခမ်းအနား ကျင်းပရန် ပြင်ဆင်ကြပါတော့သည်။
နေရာချင်းသာမတူသော်လည်း၊ ပွဲတော်ကျင်းပမည့် အချိန်ကတော့ အတူတူပင် ဖြစ်ပါသည်။တစ်နေရာက နေ့ဖြစ်နေပြီး၊ တစ်နေရာက ညဖြစ်နေလျှင် ကိစ္စမရှိပါ။ မီးတောက်ဦးချိုမျိုးနွယ်စု၂ခုလုံးသည် အချိန်ကို သတ်မှတ်ရန် လကို အသုံးပြုကြပါသည်။ ၂ဖွဲ့လုံး၏ ရိုးရာအခမ်းအနားကျင်းပမည့်အချိန် တူ၊မတူကိုတော့ သူတို့လည်း မသိပါ။
နတ်ဆေးဆရာမက ရိုးရာအခမ်းအနားကျင်းပမည့်အချိန်ကို ကြေညာရပါသည်။ ကြေညာချက်ထွက်လာပြီးသောအခါ၊ မျိုးနွယ်စုဝင်များ အလုပ်စတင်များကြပြီ ဖြစ်ပါသည်။ ရှောက်ရွှမ်ကတော့ တစ်ဦးတည်းသော ဝါစဉ်ကြီးပုဂ္ဂိုလ်ဖြစ်ပြီး၊ သူ့အထက်တွင် နတ်ဆေးဆရာမနှင့် အကြီးအကဲတို့သာ ရှိပါတော့သည်။
အရင်နှစ်များကလိုပင်၊ စွမ်းအင်နိုးထခါစ ကလေးများသည် အခမ်းအနားကျင်းပချိန်တွင် တောင်ထိပ်၌နေရာယူထားကြမည် ဖြစ်သည်။ ထိုနေ့မှ စတင်၍ သူတို့သည် မျိုးနွယ်စု၏ တရားဝင်စစ်သည်တော်များ ဖြစ်လာကြတော့မည်
ဖြစ်သည်။ စစ်သည်တော်အသစ်များသည် ၎င်းတို့၏ စွမ်းရည်များကို တိုးတက်အောင် လေ့ကျင့်ရမည်ဖြစ်သည်။ ကလေးများလို လျှောက်သွားနေ၍ မရတော့ပါ။
ညရောက်သောအခါ၊ အားလုံးလူစုံနေပြီ ဖြစ်သည်။
နတ်ဆေးဆရာမက မီးဖိုထဲမှ မီးကို စတင်မွှေးလိုက်ပြီဖြစ်သည်။ မီးဖိုနားတွင် ရှောက်ရွှမ်၊အကြီးအကဲနှင့် နတ်ဆေးဆရာမတို့က ရပ်နေပါသည်။
မီးဖိုထဲမှ မီးတောက်များကို ကြည့်ပြီး၊ နတ်ဆေးဆရာမက သီချင်းစတင် သီဆိုပါသည်။ ရုတ်တရက် ရှောက်ရွှမ်သည် မီးဖို၏ အခြားဘက်တွင် အမြင်အာရုံတစ်ခုကို မြင်လိုက်ရသည်။ ရှောက်ရွှမ်သည် ထိုနေရာကို စူးစိုက်ကြည့်နေပါသည်။ ပင်လယ်၏အခြားတစ်ဖက်တွင်၊ ကျန်ရှိနေသေးသော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည်လည်း ရိုးရာအခမ်းအနားကို လေ့ကျင့်နေမည်
လား သူမသိပါ။
အဖွဲ့၂ဖွဲ့ လူချင်း အဆက်အသွယ်မရှိကြသော်လည်း၊ စိတ်ချင်းဆက်သွယ်နေသည်ဟုတော့ ခံစားမိပေသည်။
ယနေ့အခမ်းအနားတွင်၊ အလှဆင်ထားသော အရိုးမှ ဘိုးဘေးများ ပေါ်လာဦးမည်ဟု နတ်ဆေးဆရာမက ထင်နေခဲ့သည်။ သီချင်းဆိုရင်းနှင့် မီးတောက်များကို ကြည့်လိုက်သောအခါ၊ မီးတောက်များက သာမန်ထက်ထူးခြားနေသည်ကိုတွေ့လိုက်ရ၏။
“ဘာတွေဖြစ်နေတာလဲ”
နတ်ဆေးဆရာမက မီးဖိုထဲမှ မီးတောက်များကို အာရုံစိုက်ထားလိုက်သည်။
မီးတောက်များ ထိုကဲ့သို့ ဖြစ်ခြင်းကို သူတို့အားလုံး၂ကြိမ်သာတွေ့ဖူးပါသည်။ တစ်ကြိမ်မှာ မနှစ်က ဖြစ်ပြီး၊ တစ်ကြိမ်မှာ အခုအကြိမ်ဖြစ်
ပါသည်။
လေမတိုက်ဘဲနှင့် မီးများဝုန်းခနဲ ဖြစ်သွားပါသည်။ ထို့နောက် အိပ်စက်နေသော သားရဲကြီး တစ်ကောင်နိုးထလာသကဲ့သို့၊ မီးတောက်များသည် တဟုန်းဟုန်းတောက်နေပါတော့သည်။
မီးများတဟုန်းဟုန်းတောက်လာပြီးနောက်၊ ဦးချိုကြီး၂ဖက်လည်း ပေါ်လာပါသည်။ ယခုတခေါက်ပေါ်လာသော ဦးချို၂ဖက်က ရှောက်ရွှမ်ကြိုဆိုပွဲတုန်းကထက် ထင်ရှားပေသည်။
ထိုအပြောင်းအလဲများကြောင့် မျိုးနွယ်စုဝင်များအားလုံး အံ့ဩသွားကြပါသည်။ သူတို့သည် ထိုကဲ့သို့ အပြောင်းအလဲမျိုးကို မမြင်ဖူးကြပါ။
သို့သော် ရှောက်ရွှမ်ကတော့ မြင်ဖူးပါသည်။ တစ်ကြိမ်မက မြင်ဖူးခြင်း ဖြစ်သည်။
၎င်းတို့မှာ မီးဖိုထဲမှ မီးတောက်သုံးခုဖြစ်ပါသည်။ ပထမမီးတောက်မှာ တိမ်ညွှန့်
မီးတောက် ဖြစ်ပါသည်။
ရှောက်ရွှမ်၏ စိတ်ထဲတွင် သေချာသွားသောအခါ၊ မီးဖိုထဲမှ မီးတောက်မှာ ပိုအားကောင်းလာပါသည်။ ကောင်းကင်အထိ ထိုးတက်တော့မလို တောက်လောင်နေပါသည်။ မီးတောက်ကို ကြည့်ရသည်မှာ မီးတောက်အစစ်တစ်ခုနှင့် မတူဘဲ၊ ရောင်ပြန်ဟပ်နေသလို ခံစားရပါသည်။
မီးဖိုထဲမှ တဟုန်းဟုန်းတောက်နေသော မီးတောက်ကြီးကိုကြည့်ပြီး၊ မျိုးနွယ်စုဝင်များ အံ့ဩနေကြပါသည်။
“အဲဒါ…”
နတ်ဆေးဆရာမက မီးတောက်ကြီးကို ကြည့်ရင်း ဗလုံးဗထွေး ပြောဆိုနေသည်။ သူမစိတ်ထဲတွင် ထင်မြင်ချက်တစ်ခုပေါ်လာပါသဖြင့် ရှောက်ရွှမ်ကို လှမ်းအကဲခတ်လိုက်မိသည်။
“အဲဒါ ဒုတိယမီးတောက် ပျံလွှားမီးတောက်ပဲ”
ရှောက်ရွှမ်က ဖြည်းညှင်းစွာပြောလိုက်သည်။
အတူတူပင်ဖြစ်သည်။ မျိုးနွယ်စု၂ခုလုံး၏ မီးဖိုများမှာ အတူတူပင်ဖြစ်သည်။
ယနေ့ည၊ ယခုအချိန်တွင် မီးတောက်ဦးချိုမျိုးနွယ်စု၂ခုလုံး မီးဖိုကြီးများသည် မီးများ အတူတူတောက်လောင်နေကြသည်။
ရှောက်ရွှမ်၏လည်ပင်းတွင် ဆွဲထားသော အရိုးလေးချောင်းမှာ အရောင်များလက်လာသည်။ မီးဖိုထဲမှာ မီးညွှန့်များက အရိုးများကို ကူးစက်သွားပြီး၊ မီးတောက်ဘီလူးကြီးတစ်ကောင် ဖြစ်ပေါ်လာလေသည်။
ယခင်အခေါက်က မြင်ဖူးထား၍သာ၊ အားလုံးအိန္ဒြေရနေကြခြင်း ဖြစ်သည်။ တဖြတ်ဖြတ်လှုပ်ရှားနေသော မီးညွှန်များကို ကြည့်ရင်း၊ အားလုံးမင်သက်နေကြသည်။ သူတို့အားလုံးသည် ထိုကဲ့သို့မြင်ကွင်းမျိုးကို တခါမှ မမြင်ဖူးကြပါ။
ထူးဆန်းနေသော်လည်း၊ သူတို့ စိတ်ထဲတွင် ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသည်။
မီးတောက်ဘီလူးကြီးသည် ရှောက်ရွှမ်လှမ်းကြည့်နေသော အရပ်မျက်နှာကို လှမ်းမျှော်ကြည့်နေပါသည်။
ထိုနေရာသည် ပင်လယ်၏တစ်ဖက်ကမ်းတွင်ရှိသော သားရဲများ ပျော်စံရာမြေဖြစ်ပါသည်။
ပင်လယ်တစ်ဖက်ကမ်းမှ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက်တော့၊ ယနေ့ည အခမ်းအနားသည် လေးနက်မှုရှိပါသည်။ ပျောက်ဆုံးသွားတာကြာပြီဖြစ်သော ရှောက်ရွှမ်အတွက် သူတို့ စိတ်ပူနေကြပါသည်။ သဲကန္တာရထဲက အဖြစ်အပျက်များ ပြီးဆုံးကတည်းက၊ ရှောက်ရွှမ် ပျောက်သွားခြင်းဖြစ်သည်။ နတ်ဆေးဆရာသည် လူများလွှတ်၍ ရှောက်ရွှမ်ကို ရှာခိုင်းပါသေးသည်။ အချိန်အတော်ကြာ စုံစမ်းပြီးသောအခါ၊ ရှောက်ရွှမ်သည် ပင်လယ်ကြီးထဲခုန်ချ
သွားပြီး ပြန်ပေါ်မလာတော့ကြောင်းကို သိသွားကြပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ကန္တာရထဲမှ မြို့တော်များကို သွားတိုက်ခိုက်ရန်လုပ်လိုက်သေးသော်လည်း၊ နတ်ဆေးဆရာက တားခဲ့ပါသည်။
“အားရွှမ် မသေသေးပါဘူး” နတ်ဆေးဆရာသည် ဘိုးဘေးများ၏ အရိုးများထည့်ထားသော သေတ္တာလေးကို ကိုင်ထားရင်း သေချာစွာပြောလိုက်ပါသည်။
ယနေ့ညတွင် လူအတော်များများသည် ရှောက်ရွှမ်အကြောင်းများကို စဉ်းစားနေကြပါသည်။ မီးဖိုထဲမှ မီးတောက်ဘီလူးကြီးတစ်ကောင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ထားပေ။
ရှောက်ရွှမ်ရှိနေလျှင်တော့ ထိုဘီလူးကြီးပေါ်လာလျှင်လည်း သူတို့ကြောက်ရွံ့နေမည် မဟုတ်ပါ။ အခုတော့ ရှောက်ရွှမ်က သူတို့နှင့် အတူရှိမနေတော့ပေ။
ပေါ်ထွက်လာသော မီးတောက်ဘီလူးကြီးသည် သူ့အောက်တွင်ရှိသော လူများကို စိတ်မဝင်စားပါ။ မီးတောက်ဘီလူးကြီးသည် တဖြည်းဖြည်းနှင့် အရပ်မျက်နှာတစ်ဖက်သို့ ဦးလှည့်လိုက်သည်။
မီးတောက်နေသော သေတ္တာကိုကြည့်လိုက်သောအခါ၊ နတ်ဆေးဆရာသည် လက်များတုန်လှုပ်လာသည်အထိ စိတ်များလှုပ်ရှားလာကြသည်။
“သူတွေ့သွားပြီ…ငါတို့ညီနောင်တွေကို အားရွှမ် ရှာတွေ့သွားပြီ”
အခြားသူများက နတ်ဆေးဆရာ ပြောသည်ကို နားမလည်ကြပေ။ ရှောက်ရွှမ် အသက်ရှင်နေသေးသည်ဆိုတာကိုသာ နားလည်ကြသည်။ သူတို့အတွက်တော့ ထိုမျှနားလည်လျှင် လုံလောက်ပြီ ဖြစ်သည်။
“သူဘယ်တော့ ပြန်လာမှာလဲ”
အခြားလူများကတော့ နတ်ဆေးဆရာသည် ရှောက်ရွှမ်တစ်ယောက်တည်းကိုသာ ဆိုလိုသည်ဟု ထင်နေကြသော်လည်း အကြီးအကဲအော့ကတော့ ရှောက်ရွှမ်တစ်ယောက်တည်းကို ဆိုလိုခြင်း မဟုတ်ကြောင်း သိပါသည်။
အခမ်းအနားပြီးသောအခါ၊ အားလုံးမှာ စိတ်တွေလှုပ်ရှားနေကြသည်။
သားရဲများပျော်စံရာမြေတွင် နေထိုင်သော မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ရှောက်ရွှမ်ပြန်လာမည့် အချိန်ကို မျှော်နေပါသည်။ နတ်ဆေးဆရာနှင့် အကြီးအကဲကတော့ ရှောက်ရွှမ်အနေဖြင့် ပျောက်ဆုံးနေသော အခြားတဝက်ကို ရှာတွေ့၊မတွေ့ သိချင်နေပါသည်။ မီးတောက်ဘီလူးကြီးက ပင်လယ်၏ အခြားတစ်ဖက်ကို ကြည့်နေပါသည်။ ဘိုးဘေးများက ၎င်းတို့ကို တစ်ခုခုပြောပြနေခြင်း ဖြစ်လိမ့်မည်။ တချို့လူများက ထိုအကြောင်းများကို စဉ်းစားမိပြီး၊ ညဘက်တွင် အိပ်မပျော်ကြတော့ပါ။
အကြီးအကဲကျန်းလော်သည် ကမ်းရိုးတန်းသို့ လူတစ်ဖွဲ့ကို စေလွှတ်ပြီး၊ ရေအောက် လမ်းတစ်ခု ရှိ၊မရှိ သွားကြည့်ခိုင်းပါသည်။ သို့သော် သွားကြည့်သောသူများသည် စိတ်ပျက်ပြီး ပြန်လာကြပါသည်။
မည်သည့်ရေအောက်လမ်းကြောင်းမှမရှိပါ။ ရှောက်ရွှမ်ပင်လျှင် မည်သည့် ရေအောက်လမ်းကြောင်းမှ မတွေ့ပါ။ အချိန်မကျသေးတာလည်း ဖြစ်ချင်ဖြစ်မည်။
လမ်းရှိလျှင်တောင် အခြားလူများသည် ထိုလှိုဏ်ခေါင်းထဲတွင် အသက်ရှင်နိုင်၊မရှင်နိုင် မသေချာပါ။
ရေအောက်လမ်းမတွေ့သည့်အတွက်တော့ ရှောက်ရွှမ်စိတ်မပျက်သွားပါ။ ပင်လယ်၏ ဤဘက်ကမ်းသည် ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး၊ အချေနေထိုင်ရန် ကောင်းမွန်ပါသည်။ သို့သော် ရှောက်ရွှမ်ကတော့ ပင်လယ်၁ဖက်ကမ်းတွင် ကျန်ခဲ့သော
မျိုးနွယ်စု၏ အခြားတဝက်စီ ပြန်ချင်နေပြီ ဖြစ်ပါသည််။
သင်္ဘောတည်ဆောက်ရန်တော့ မဖြစ်နိုင်ပါ။ ထိုမျှရှည်လျားသော ရေလမ်းခရီးအတွက် သင်္ဘောတစ်စီးဆောက်လုပ်ရန်မှာ ခက်ခဲပါသည်။ ထို့ပြင် သင်္ဘောဖြင့် ပင်လယ်ကို ဖြတ်ကူးခြင်းမှာ အလွန်အန္တရာယ်များပါသည်။
သို့သော် ပင်လယ်အောက်ခြေတွင်ရှိသော တံတားကို ရေပေါ်ပေါ်အောင် ပြုလုပ်နိုင်လျှင်တော့ ဤတိုက်ကြီးမှ လူများသည် ဟိုဘက်တိုက်သို့ ကူးနိုင်ကြမည်ဖြစ်သည်။
သို့သော် ရှောက်ရွှမ်တွင် ထိုကဲ့သို့ အစွမ်းမျိုးမရှိပါ။ သူတို့အနေဖြင့် အခွင့်အရေးနောက်တစ်ကြိမ် ပေါ်ချိန်ကိုသာ စောင့်ရန် ရှိတော့သည်။
ရွာသို့ပြန်ရောက်လာချိန်တွင် ရာသီဉတုက ပူနွေးနေပြီဖြစ်သည်။ အချို့လူများက ရွာထဲတွင် လယ်ကွင်းလေးများပြုလုပ်ပြီး
ကောက်ပဲသီးနှံများကို စိုက်ပျိုးနေကြပါသည်။ အများကြီးစိုက်ပျိုးခြင်းမဟုတ်ဘဲ၊ အစားအသောက်အတွက် လုံလောက်ရန် စိုက်ပျိုးခြင်း ဖြစ်ပါသည်။ အမဲလိုက်ခြင်းက အရေးပါသလို၊ စိုက်ပျိုးရေးကလည်း အရေးပါကြောင်း နတ်ဆေးဆရာမက သူတို့ကို ပြောထားသည်။
နောက်ထပ် အမဲလိုက်ခရီးစဉ်စတင်ရန် အချိန်အနည်းငယ်လိုနေပါသေးသည်။ လယ်ကွင်းထဲတွင် အလုပ်ရှုပ်နေသော သူများကိုကြည့်ရင်း၊ ရှောက်ရွှမ်သည် သူသိလိုသည်များကို အတွေ့အကြုံရင့် လယ်သမားများဆီမှ မေးမြန်းနေပါသည်။ ထိုသို့ မေးမြန်းရင်းဖြင့်၊ သူ့တွင် အရေးကြီးသော ပစ္စည်းတစ်ခုရှိနေသေးကြောင်း သတိရသွားပါသည်။
သူသည် လောင်ကျွီနှင့်အတူ ရွှေကောက်ပဲသီးနှံတချို့ကို ရရှိခဲ့ဖူးသည် မဟုတ်ပါလား။ ရှောက်ရွှမ်တွင် အခုထက်ထိတိုင် ရွှေကောက်ပဲသီးနှံတချို့ ရှိနေပါသေးသည်။ သူသည် ထိုသီးနှံများကို စိုက်ပျိုးရန် ရည်ရွယ်ချက်ဖြင့် ယူလာခဲ့ခြင်း ဖြစ်
ပါသည်။ သို့သော် ရှောက်ရွှမ်သည် အလုပ်များနေသဖြင့်၊ ရွှေကောက်ပဲသီးနှံအကြောင်းကို မေ့နေခဲ့ခြင်းပင်။
ရှောက်ရွှမ်သည် ကောက်ပဲသီးနှံများ ထည့်ထားသော အိတ်ကို ဆွဲထုတ်လိုက်သည်။ အပြင်သို့ ထုတ်ယူလိုက်သောအခါ၊ ကောက်ပဲသီးနှံများသည် အရောင်အဆင်းမရှိတော့ပေ။
အရောင်ရင့်နေသော ရွှေကောက်ပဲသီးနှံများကို ကြည့်လိုက်ပြီးနောက်၊ ရှောက်ရွှမ်သည် ရွှေကောက်ပဲသီးနှံများကို အိတ်ထဲပြန်ထည့်လိုက်သည်။ ထို့နောက်သူသည် သီးနှံအိတ်ကို အတွေ့အကြုံရင့် လယ်သမားတစ်ဦးစီ ယူသွားလေသည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၃၉၉) ရွှေကောက်ပဲသီးနှံစိုက်ပျိုးခြင်း
ရာသီဉတုမှာ အေးလာပြီ ဖြစ်သည်။ လေထုထဲတွင် အစိုဓာတ်များနေပြီး နေထွက်လာသောအခါ ပုံမှန်ပြန်ဖြစ်သွားသည်။
ရှောက်ရွှမ်သည် ရွှေကောက်ပဲသီးနှံများထည့်ထားသော အိတ်ကိုသယ်ရင်း တောင်အောက်သို့ ဆင်းလာလေသည်။ ထို့နောက် သူသည် အတွေ့အကြုံရှိသော လယ်သမားများထံတွင် စုံစမ်းမေးမြန်းလိုက်သည်။
လယ်စိုက်ခြင်းအတွေ့အကြုံရှိသော အဖွားအိုတစ်ယောက်နှင့် စကားပြောဆိုပြီးနောက်၊ ရှောက်ရွှမ်သည် ရွှေကောက်ပဲသီးနှံများကို အဖွားအိုအား ပြသရန် ဆုံးဖြတ်လိုက်သည်။
ရှောက်ရွှမ်သည် လယ်ဘယ်လိုစိုက်ရမလဲ သိပါသည်၊ သို့သော် သူမသိသေးသော အပင်များစွာ
ရှိနေပါသည်။ သူသည် ဤဘက်ကမ်းသို့ရောက်ကတည်းက၊ အပင်များ၊ ဆေးမြစ်များအကြောင်းကို အပြင်းအထန်လေ့လာခဲ့သည်။ သို့သော် သူ့အဆင့်မှာ အလွန်နိမ့်နေပါသေးသည်။ သူသိသော အပင်တချို့ရှိသော်လည်း၊ အဓိက အပင်များမှာ စရိုက်လက္ခဏာများ တပင်နှင့် တပင်မတူကြပါ။ ထို့ကြောင့် ရှောက်ရွှမ်အနေဖြင့် အတွေ့အကြုံရင့်လယ်သမားများထံတွင် မေးမြန်းရန်သာ ရှိတော့သည်။
တောင်အလယ်မှစ၍ တောင်ခြေအထိ၊ လယ်ကွင်းများကနေရာအနှံ့ပင်။ လယ်ကွင်းများကို မိသားစုများက ပိုင်ဆိုင်ကြသည်။ လယ်ကွင်းများတွင် ဘာပင်စိုက်ပျိုးမလဲကို မျိုးနွယ်စုက မဆုံးဖြတ်ပါ။ လယ်ကွင်းပိုင်ရှင်များကသာ ဆုံးဖြတ်သည်။
ရှောက်ရွှမ်သည် တောင်ခြေနားတွင် ရှိသော လယ်ကွက်တစ်ကွက်ကို ရောက်သွားသည်။ ထိုလယ်ကွက်တွင် ချီချီဟုခေါ်သော တခေါင်းလုံး
ဆံပင်ဖြူနေသည့် အဖွားအိုတစ်ယောက်ရှိပါသည်။ သူမ၏ အမေမှာ စိုက်ပျိုးရေးကျွမ်းကျင်သော ထိုက်ဟယ်မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ချီချီသည် စိုက်ပျိုးရေး ကျွမ်းကျင်ပါသည်။ မျိုးနွယ်စုဝင်များသည် မေးစရာရှိပါက သူ့ထံတွင် လာမေးကြရသည်။
“ရောက်လာပြီလား” ချီချီသည် ရှောက်ရွှမ်ကို မြင်သောအခါ မတ်တပ်ရပ်လိုက်သည်။ လူအများက ခေါင်းဆောင်များကို လေးစားစွာ ဆက်ဆံခြင်းမှာ ထုံးစံတစ်ခုပင် ဖြစ်ပါသည်။
ချီချီကလည်း မတ်တပ်ရပ်၍ နှုတ်ဆက်ခြင်းက ပိုသင့်တော်မည်ဟုတွေးမိပါသည်။ သို့သော် ရှောက်ရွှမ်က သူမကို ရပ်ခိုင်းမနေတော့ပါ။
ရှောက်ရွှမ်သည် ဘာစကားမှမပြောဘဲ၊ ကောက်ပဲသီးနှံအိတ်ထဲမှ ကောက်ပဲသီးနှံအချို့ကို သွန်ချလိုက်ကာ “ဒါတွေကို တချက်လောက်ကြည့်ပေးပါလား”
ချီချီသည် အရောင်ရင့်နေသော ရွှေကောက်ပဲသီးနှံများကိုကြည့်လိုက်ပါသည်။ သူမသည် ထိုကဲ့သို့ ကောက်ပဲသီးနှံများကို မမြင်ဖူးပါ။
ကောက်ပဲသီးနှံများကို ကြည့်ပြီးနောက် ခေါင်းခါယမ်းလိုက်ကာ “ဒါမျိုးကောက်ပဲသီးနှံကို အခုမှ မြင်ဖူးတာ…ရွှေကောက်ပဲသီးနှံလို့ခေါ်တယ်ဆို ဟုတ်လား”
“ဟုတ်ပါတယ်”
ရှောက်ရွှမ်က ထိုကောက်ပဲသီးနှံရလာသည့်နေရာကို သူမအား ပြောပြလိုက်သည်။ ကောက်ပဲသီးနှံစိုက်ပျိုးလို့ရနိုင်လောက်မည့် နေရာကိုသူမလည်း မပြောနိုင်ပါ။ ထိုအပင်သည် မည်သို့ မြေအမျိုးအစားကို ကြိုက်နှစ်သက်လဲ မည်သူမျှ မသိပါ။တချို့အပင်များက နေရောင်ခြည်ကိုကြိုက်သော်လည်း၊ တချို့အပင်များက နေရောင်ခြည်ကို မကြိုက်ပါ၊ တချို့က ရေကြိုက်ပြီး၊ တချို့က ရေမကြိုက်ပါ။ တစ်ပင်
နှင့် တစ်ပင် မတူညီကြပါ။
“နေရာတိုင်းမှာ နည်းနည်းစီစိုက်ကြည်ပြီး၊ ဘယ်နေရာက အကောင်းဆုံးလဲဆိုတာ စောင့်ကြည့်မယ်လေ…ပြီးရင် အကောင်းဆုံးနေရာမှာ စိုက်ကြမယ်…” ထိုအပင်များသည် အဖိုးတန်သည်ဟု ရှောက်ရွှမ်က ပြောထားသည်ကို အမှတ်ရသွားပြီး၊ စကားဆက်မပြောတော့ပါ။
ရွှေကောက်ပဲသီးနှံများသည် ရှားပါးသော ကောက်ပဲသီးနှံဖြစ်ပါသည်။ စမ်းသပ်မှုများ ပြုလုပ်၍ ကောက်ပဲသီးနှံများကို ဖြုန်းတီးပစ်၍ မဖြစ်ပါ။ သို့သော် သူမသည် သိချင်နေပါသည်။ ကောက်ပဲသီးနှံများကို စမ်းသပ်စိုက်ပျိုးကြည့်ချင်နေပါသည်။ သူမဘဝတလျှောက်လုံး အပင်စိုက်ပျိုးခြင်းနှင့်သာ ကုန်ဆုံးခဲ့ရသည်။ ရွှေကောက်ပဲသီးနှံများသည် သူမအတွက် စိတ်ဝင်စားစရာ အလွန်ကောင်းနေသည်။ ကောက်ပဲသီးနှံများကို အနံ့ခံကြည့်လိုက်ပြီးသောအခါ၊ ထိုကောက်ပဲသီးနှံကို အလွန်သဘောကျသွားလေတော့သည်။
သို့သော် ရှောက်ရွှမ်သည် ဝါစဉ်ကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပြီး၊ သီးနှံများမှာ ရှားပါး သီးနှံများ ဖြစ်ပါသည်။ သူမအနေဖြင့် ထိုသီးနှံများကို ရှောက်ရွှမ်ဆီမှ တောင်းထားရန် မသင့်တော်ပါ။
ရှောက်ရွှမ်သည် သီးနှံ၁၀၀ကို ရေတွက်လိုက်ပြီး၊ ထိုသီးနှံ၁၀၀ကို ချီချီ့ကို ပေးလိုက်ကာ “အချိန်ရမယ်ဆိုရင် အဲဒါလေးတွေ စိုက်ပေးထားပါလား”ဟုပြောလိုက်သည်။
ချီချီသည် အတွေ့အကြုံရင့်လယ်သမားတစ်ယောက် ဖြစ်ပါသည်။ သူမ၏ အကူအညီရလျှင် ရှောက်ရွှမ်တော်တော် သက်သာသွားမည် ဖြစ်ပါသည်။ ရှောက်ရွှမ်တစ်ယောက်တည်း ကြိုးစားသည်ထက် ပိုထိရောက်သွားမည် ဖြစ်ပါသည်။
ရှောက်ရွှမ်၏ စကားကို ကြားသောအခါ၊ သူမသည် အလျင်အမြန် “ဟုတ်ကဲ့…သေချာစိုက်ထားလိုက်ပါ့မယ်”ဟုပြောလိုက်ပါသည်။
သူမသည် ပြောရင်းနှင့် အဝတ်အိတ်တစ်လုံးကို ဆွဲထုတ်လိုက်ပြီး သီးနှံ၁၀၀ကို အိတ်ထဲထည့်လိုက်ပါသည်။ သူမသည် မိတ်ဆွေများနှင့် တိုင်ပင်ပြီး အစီအစဉ်ရေးဆွဲမည်ဟု ဆုံးဖြတ်လိုက်သည်။ အောင်မြင်သွားလျှင် ရှောက်ရွှမ်က သူမကို ဆုချမည် ဖြစ်သည်။ မျိုးစေ့မှာ အလွန်ရှားပါးသဖြင့် စမ်းသပ်စိုက်ပျိုးမှု အောင်မြင်မှ ဖြစ်မည်။
မျိုးစေ့များပေးပြီးနောက်၊ ရှောက်ရွှမ်သည် လယ်ကွင်းများထဲတွင် စိုက်ပျိုးနေကြသူများကို ကြည့်နေပါသည်။ သူတို့သည် မြေကို ဆွရန်၊ရေလောင်းရန်၊ ရိတ်သိမ်းရန် စသော အလုပ်များအတွက် ကိရိယာမျိုးစုံကို အသုံးပြုကြပါသည်။ မြို့ကြီး၆မြို့ရှိ ကျွန်ပိုင်ရှင်များဆီမှ နည်းစနည်းအတော်များများကို သင်ယူခဲ့ကြသည်။ ကိရိယာများကို လယ်စိုက်ရန်၊ အပင်စိုက်ရန် အသုံးပြုခဲ့ကြသည်။ ကိရိယာအများစုမှာ သစ်သားနှင့် ကျောက်တံးကို ပေါင်းစပ်ပြုလုပ်ထားခြင်း ဖြစ်သည်။ ကျွန်ပိုင်ရှင်များကတော့ သံထည်များ
ကို အသုံးချသည်ဟု ကြားဖူးကြသော်လည်း၊ သံထည်ပစ္စည်းများမှာ တန်ဖိုးကြီးပါသည်။ ကျောက်တုံးနှင့် သစ်သားကို အသုံးပြုခြင်းသည်လည်း အလုပ်ဖြစ်သည်။
ရှောက်ရွှမ်သည် သူတို့၏ လယ်ယာသုံးကိရိယာများကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေးသည်။ ရှောက်ရွှမ်ပြုလုပ်ပေးသော ကိရိယာများနှင့် လယ်ကိုပင် လွယ်ကူစွာ ထွန်ယက်လာနိုင်သည်။
ပစ္စည်းသိပ်မစုံသဖြင့်၊ ထွန်တုံးကို ရိုးရိုးရှင်းရှင်းပင် ပြုလုပ်သည်။ အစောပိုင်းတွင်တော့ သစ်သားနှင့် ကျောက်တုံးများကို အသုံးပြုသည်။ အကြိမ်ပေါင်းများစွာ အဆင့်မြှင်တင်ပြီးနောက်၊ ထွန်တုံးများသည် ပေါ့ပါးလာပြီး၊ ခေါင်းကို ဘယ်ညာလှည့်၍ ရသွားပြီး လိုအပ်သလို အသုံးပြု၍ ရသွားပါသည်။ ထိုတွန်တုံးကြောင့် ယခင်ထက်လွယ်ကူစွာ ထွန်ယက်စိုက်ပျိုးသွားနိုင်ပြီပင်။
ရှောက်ရွှမ်က ထိုတွန်တုံးအသုံးပြုနည်းများကို လယ်သမားများအား ပြသလိုက်သည်။
ကျွန်ပိုင်ရှင်များတွင်တော့ ထိုကဲ့သို့ ကိရိယာများ ရှိနိုင်သော်လည်း၊ မျိုးနွယ်စုဝင်များကတော့ အခုမှ မြင်ဖူးကြခြင်း ဖြစ်ပါသည်။ အားလုံးက တပျော်တပါး စုဝေးရောက်ရှိလာကြသည်။
“အဲဒါဘာကြီးလဲဗျို့”
“လယ်ထွန်ရင် သုံးရတဲ့ ကိရိယာလား” အားလုံးက သိချင်နေကြသည်။
ထွန်တုံးများကို ကျွဲ၊နွားများတွင် တပ်ဆင်အသုံးပြုရမည် ဖြစ်သည်။ သို့သော် သူတို့တွင် လယ်ထွန်ရလောက်အောင် ယဉ်ပါးသော တိရစ္ဆာန်မရှိသဖြင့်၊ လူနှင့် လယ်ထွန်ရမည် ဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကတော့ သန်မာတောင့်တင်းကြသဖြင့်၊ ထွန်တုံးကို
အခက်အခဲမရှိ ဆွဲနိုင်ကြသည်။
“အဲဒီလိုလုပ်လိုက်ရင် မြေကြီးကို အစိတ်စိတ်အမြွှာြမွှာကွဲအောင် လုပ်ပြီးသား ဖြစ်သွားရော…ဒီထွန်တုံးကို သုံးမယ်ဆိုရင် လယ်ထွန်ခြင်းက ပိုလွယ်သွားမှာပါ”
လက်တွေပြသပြီးနောက်၊ လယ်သမားမျာကို စမ်းသုံးကြည့်ခိုင်းသည်။
အားလုံးလိုလိုက စမ်းသပ်ကြည့်ချင်နေသော်လည်း၊ နောက်ဆုံးတွင် ချီချီ၏ မြေးအငယ်ဆုံး ကျီလင်က ရရှိသွားပေသည်။
ကျီလင်သည် အသက်၁၅၊၁၆လောက်သာရှိပါသေးသည်။ သူမသည် အသက်ငယ်သေးသော်လည်း နတ်စွမ်းအင်ကတော့ နိုးထပြီးသား ဖြစ်ပါသည်။ သူမသည် အမဲလိုက်ထွက်ရာမှ ပြန်လာသည်မှာ မကြာသေးပါ။ ဒီရက်ပိုင်းများတွင် ကင်းစောင့်ရန်လည်း အလှည့်မကြသဖြင့်၊ အားလပ်နေသောအချိန်တွင် ချီချီ့အား လာ
ရောက်ကူညီပေးနေခြင်း ဖြစ်ပါသည်။
သူမသည် ရှောက်ရွှမ်လုပ်သလို ထွန်တုံးကို ဆွဲလိုက်၏။ အနောက်မှ အမျိုးသမီးတစ်ဦးက တွန်းပေးလေသည်။
ကျောက်တုံးတစ်တုံးကို ဝင်တိုက်မိသည် ထင်သည်။ ခဏလောက်သွားပြီးနောက်၊ ထွန်သည် ရပ်တန့်သွားသည်။ သူမသည် မြေကြီးထဲမှ ဖရဲသီးတစ်လုံးစာလောက်ရှိသော ကျောက်တုံးကြီးတစ်တုံးကို ဆွဲထုတ်ပြီး၊လွှတ်ပစ်လိုက်သည်။
ရှောက်ရွှမ်သည် မြစ်ထဲကျသွားသော ကျောက်ုံးကြီးကို လိုက်ကြည့်နေပါသည်။ ထို့နောက် ကျီလင်တစ်ယောက်သူမသူငယ်ချင်းများနှင့် လယ်ထွန်နေသည်ကို ကြည့်နေသည်။
ရှောက်ရွှမ် ဘာမှမပြောနိုင်တော့ပါ။
မိန်းကလေးများသည် သန်မာကြပေသည်။
လယ်တွင် အလုပ်လုပ်ကြသူများမှာ စွမ်းအင်မနိုးထသေးသောသူ များသော်လည်း၊ တစ်ခါတရံတွင် မျိုးနွယ်စုစစ်သည်တော်များပါ ဝင်ရောက်လုပ်ကိုင်ကြသည်။ အမဲလိုက်ရန်၊ ကင်းစောင့်ရန် မလိုသောနေ့များတွင် သူတို့သည် လယ်ကွင်းများတွင် လာကူညီပေးကြသည်။
ရွာထဲတွင် လူတန်းစား၂မျိုးရှိပါသည်။ တစ်မျိုးမှာ နတ်စွမ်းအင်မရှိသော အားနည်းသည့် လူတန်းစားဖြစ်ပြီး၊ ကျန်တစ်မျိုးမှာ စွမ်းအင်နိုးထပြီးသား မျိုးနွယ်စု စစ်သည်တော်များ ဖြစ်ကြသည်။
အပင်စိုက်ပျိုးရန် လူအတော်များများက ကူညီကြပါသည်။ ရွာထဲရှိ လယ်ကွင်းများတွင် စိုက်ပျိုးသည်သာမက၊ မြစ်ကမ်းနံဘေးတွင်လည်း အပင်များကို စိုက်ပျိုးထားပါသည်။ သူတို့သည် စိုက်ပျိုးမည့်မြေကို မီးရှို့ပစ်ပြီး၊ မီးလောင်မြေပေါ်တွင် အပင်များစိုက်ပျိုးသည့် နည်းစနစ်ကို အသုံးပြုသည်။
အရှေ့မှ လူက တွင်းကြီးများကို ကိရိယာ တစ်ခုဖြင့်တူးသွားပြီး၊ နောက်မှလူများက တွင်းများထဲတွင် မျိုးစေ့များ လိုက်ထည့်ကြပါသည်။ မျိုးစေ့များချရင်းနှင့် သူတို့သည် ငှက်များကိုလည်း မောင်းထုတ်ရပါသေးသည်။
သူတို့၏အဓိကအစာအရင်းအမြစ်မှာ အမဲလိုက်ခြင်းဖြစ်ပြီး၊ ဒုတိယအရင်းအမြစ်မှာ ရွာတွင်းက လယ်များဆီမှ ရရှိခြင်းဖြစ်သည်။ ရွာပြင်တွင် စိုက်ပျိုးထားသည်များက အချိန်ဖြုန်းသည့် အနေဖြင့်သာ စိုက်ပျိုးထားခြင်း ဖြစ်သည်။ထိုအပင်များကို ရိတ်သိမ်းပြီးသွားလျှင်၊ နောက်တစ်နေရာသို့ ပြောင်းရွှေ့စိုက်ပျိုးမည် ဖြစ်သည်။
ရှောက်ရွှမ်ကတော့ ရွာအပြင်က လယ်ကွင်းများကို မသွားပါ။ သူသည် အကျယ်၇၀စတုရန်းမီတာရှိသော လယ်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ပြီး၊ ရွှေကောက်ပဲသီးနှံ အပင်၁၀၀ကို စိုက်ပျိုးလိုက်သည်။
ရွှေကောက်ပဲသီးနှံကို တောင်ကုန်းတစ်ခုပေါ်တွင် ရှာတွေ့လာခြင်းဖြစ်သည်။ ရှောက်ရွှမ် အခုနေနေသော နေရာသည်လည်း တောင်ကုန်းတစ်ခုပေါ်တွင် ဖြစ်သည်။ သိပ်တော့မမြင့်သော်လည်း ရှောက်ရွှမ်က နောက်တောင်ကုန်းတစ်ခုကို မရှာချင်တော့ပါ။ သူ့တွင် ငှက်များကို ခြောက်ထုတ်ရန် အချိန်မရှိပါ။
ရာသီဉတုနှင့် မြေဆီလွှာအရည်အသွေး မတူညီသော်လည်း၊ ရှောက်ရွှမ်ကတော့ ထိုအချက်များကို သိပ်စဉ်းစားမနေပါ။ စမ်းသပ်စိုက်ပျိုးခြင်းသာဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်က ပေါ့ပေါ့ပါးပါးသာ သဘောထားပါသည်။ အပင်ပေါက်လာလျှင် ကောင်းမည် ဖြစ်ပြီး၊ မပေါက်လာလျှင်လည်း ကျန်နေသေးသော သီးနှံများကို စားပစ်၍ ရပါသည်။
ရက်အနည်းငယ်ကြာပြီးသောအခါ၊ မျိုးစေ့သည် အညှောင့်ပေါက်လာပါသည်။ မျိုးစေ့အားလုံး၏ တစ်ဝက်ကျော်ကျော်လောက်က အညှောင့်ပေါက်လာသဖြင့်၊ ရှောက်ရွှမ် ကျေနပ်
သွားပါသည်။
သို့သော် ချီချီက သူ့ကို ခေါ်ခိုင်းလိုက်သည့်အခါ၊ သူ့အပင်ပေါက်လေးများတွင် အရွက် ၂ရွက်၊၃ရွက်သာ ရှိကြောင်း သတိထားလိုက်မိပါသည်။ ချီချီတို့၏ မျိုးစေ့ ၉၀ရာခိုင်နှုန်းက အညှောင့်ပေါက်လာပြီဖြစ်သည်။
ချီချီတို့သည် ကျွမ်းကျင်သူများ မဟုတ်ပါလား။
ရှောက်ရွှမ်သည် အပင်ပေါက်လေးများကို ကြည့်ပြီး ပျော်ရွှင်နေသည်။ ဘယ်သူပင်စိုက်စိုက်၊ ရှင်သန်ဖို့သာ အရေးကြီးပါသည်။
ချီချီတို့က ပို၍ပင် စိတ်လှုပ်ရှားပျော်ရွှင်နေကြပါသည်။ သူတို့သည် နေ့စဉ်လိုလို အပင်ပေါက်လေးများကို သွားကြည့်ကြသည်။ တောင်ကုန်းအနှံ့တွင်လည်း သင်တော်မည့် မြေနေရာများကို ရှာဖွေပြီး၊ တစ်နေရာလျှင် မျိုးစေ့၁၀စေ့ စိုက်ပျိုးထားသည်။ သူတို့ ရွေးချယ်စိုက်ပျိုးထားသော
နေရာ၁၀နေရာအနက်၊ တောင်ခြေတွင် စိုက်ပျိုးထားသော အပင်များသည် အခြေအနေအကောင်းဆုံး အပင်များ ဖြစ်နေလေသည်။
(ဆက်ရန်…)