← Chapters

အခန်း (၁၀၁၁)

Vol. 69 Ch. 1011

အခန်း (၁၀၁၁)

Vol. 69 Ch. 1011

နေ့ရက်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ရီဖုန်းသည် ရွာထဲတွင် နေထိုင်သောဘဝနှင့် အသားကျနေပြီဖြစ်ကာ ပုံမှန်အတိုင်း စောစောထလာခဲ့လေ၏။

သူသည် အနာဂတ်တွင် သူ၏အစားအသောက်များကို နတ်ဘုရားအဆင့် ဟင်းချက်စွမ်းရည်ဖြင့် လှပသပ်ရပ်ပြီး အရသာရှိစေရန်အတွက် အဘိုးအိုဖု၏ ဟိတ်ဟန်များသော ဟင်းချက်နည်းများကို လေ့လာရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သို့ရာတွင် မီးဖိုချောင်ထဲသို့ သူ ဝင်သွားချိန်၌ မည်သူ့ကိုမျှ မတွေ့ရချေ။

အဘိုးအို၏လုပ်ရိုးလုပ်စဉ်များ ပျက်ကွက်သွားခြင်း ဖြစ်သလော.....

ရီဖုန်း စဉ်းစားတွေးတောနေစဉ်မှာပင် အိမ်မကြီးဆီမှနေ၍ ရင်းနှီးနေသော သီချင်းညည်းသံတစ်သံ ထွက်ပေါ်လာသည်။

"သာယာလှပတဲ့ နွေဦးနေ့လေးပါပဲ... ပန်းတွေနဲ့ လိပ်ပြာတွေက အလှချင်းပြိုင်နေကြတယ်..."

ထိုအသံထဲတွင် ပျော်ရွှင်မှုနှင့် ပေါ့ပါးမှုအရိပ်အယောင်များ ပါဝင်နေသည်။

သူသည် ထိုအသံကို နားထောင်ပြီး သွားကြည့်လိုက်ရာ အဘိုးအိုကို တွေ့လိုက်ရသည်။ ထိုအဖိုးအို၏ပုံစံသည် သန့်စင်တောက်ပနေပေ၏။

သူသည် ပုံမှန် ဝတ်နေကျ ရိုးရိုးအဝတ်အစားများအစား ကျယ်ပြန့်သော ခေါင်းလောင်းလက်များပါပြီး နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်ရုံရှည်ကြီးနှင့် အစိမ်းနုရောင် အပေါ်ထပ်ဝတ်ရုံပါးကို ဝတ်ဆင်ထားသည်။

ဤသည်မှာ ရှေးလူကြီးများ ပြောခဲ့သည့် တောင်းမှာအကွပ် လူမှာအဝတ်ဆိုသည့် စကားအတိုင်းပင်။

ဤဆိုရိုးစကားသည် အကြွင်းမဲ့ မှန်ကန်ပေ၏။ အဝတ်အစား ပြောင်းလဲလိုက်ရုံဖြင့် ဤတဏှာရူးအဘိုးအိုသည် ကြည့်ပျော်ရှုပျော် ဖြစ်သွားရုံသာမက သူ၏အရှိန်အဝါလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

အဘိုးအိုသည် ကြေးမုံမှန်ကြီးတစ်ချပ်၏ရှေ့တွင် မတ်တတ်ရပ်ကာ မုတ်ဆိတ်ရိတ်နေသည်။

သူ၏လက်ထဲမှ ဓားပါးလေးသည် ကျွမ်းကျင်စွာ ရွေ့လျားနေပြီး သေသပ်လှပသော ဆိတ်မုတ်ဆိတ်ပုံစံကို ဖော်ဆောင်နေပေ၏။ ဤသည်မှာ သူ့ကို ဖိုသီဖတ်သီ ဖြစ်မနေစေဘဲ ရင့်ကျက်မှုနှင့်လောကဓံကို ကြံ့ကြံ့ခံနိုင်သည့်ပုံစံကို ဖြည့်စွက်ပေးထားသည်။

သူ၏မျက်ခုံးထက်သို့ ဝဲကျနေသော အနက်ရောင်ဆံနွယ်တစ်မျှင်က သူ့ထံတွင် ရှိရင်းစွဲဖြစ်သော ပေါ့ပါးလွတ်လပ်သည့် ဆွဲဆောင်မှုကို ပြီးပြည့်စုံစွာ ပံ့ပိုးထားသည်။

ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့သော အပြုံးတစ်ပွင့်နှင့် ပေါင်းစပ်လိုက်ချိန်တွင် သူ၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး သူ့ကို ရင့်ကျက်တည်ငြိမ်သော လျှို့ဝှက်ကျွမ်းကျင်ပညာရှင် အဘိုးအိုတစ်ဦးနှင့် တူညီသွားစေသည်။

သူ၏အမူအရာနှင့် ရုပ်ရည်သွင်ပြင်ကို ခန့်ညားသော အဘိုးအိုတစ်ဦးအဖြစ် သေချာပေါက် ဖော်ပြနိုင်ပေ၏။

ဤအဘိုးအိုသည် လူငယ်ဘဝတွင် ပတ်ဝန်းကျင်ရှိရွာများ၌ နာမည်ကျော်ကြားခဲ့သော ပျိုတိုင်းကြိုက်လူငယ်တစ်ဦး ဖြစ်ခဲ့မည်မှာ သေချာပေါက်ပင်။

ရီဖုန်း၏ အတိတ်ဘဝတွင်သာဆိုလျှင် အကယ်၍ ဤအဘိုးအိုသာ လူစည်ကားရာ ရင်ပြင်တစ်ခု၌ ပေါ်လာပါက သူ၏နှုတ်ခမ်းထောင့်ကွေးရုံ အပြုံးလေးတစ်ခုဖြင့် လူအများ၏အာရုံစိုက်မှုကို ရယူနိုင်ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးအမြောက်အများကို ဆွဲဆောင်နိုင်ပေလိမ့်မည်။

သူနှင့်တွေ့ဆုံရသည့် တခြားမည်သည့် အဘိုးအိုမဆို သူ့ကို ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။

ဤအခြေအနေသို့ ရောက်ရှိသည့်တိုင် အဘိုးအိုသည် ပြင်ဆင်၍ မပြီးသေးချေ။

သူသည် ကြေးမုံထဲရှိ သူ၏ပုံရိပ်ကို သူ ပြန်သဘောကျနေပြီး နေရာစုံထောင့်စုံမှ အကြိမ်ကြိမ် စစ်ဆေးနေကာ ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို ပြုံးလိုက်သည်။

ရုတ်ခြည်းဆိုသလိုပင် သူသည် နေရာတစ်နေရာမှ သစ်သားသေတ္တာငယ်တစ်ခုကို ထုတ်လိုက်ပြီး ထူထဲသောဖုန်မှုန့်များကို မှုတ်ထုတ်ကာ ရှေးဟောင်းပစ္စည်းတစ်ခုကို တူးဖော်တွေ့ရှိသကဲ့သို့ ဂရုတစိုက် ဖွင့်လိုက်၏။

သူသည် ထိုအထဲမှ သစ်သားစတချို့ကို ယူလိုက်ပြီး အမွှေးတိုင်ထွန်းရန်အတွက် အမွှေးတိုင်အိုးထဲတွင် အနုစိတ်ကျကျ စီစီရီရီ ထည့်ထားလိုက်သည်။

ညင်သာသော လေနုအေးတစ်ချက် တိုက်ခတ်လာခြင်းနှင့်အတူ စိတ်ကိုငြိမ်သက်စေသော ရနံ့သင်းသင်းလေး ပျံ့လွင့်လာကာ လူတစ်ယောက်၏စိတ်ဝိညာဉ်ကို လန်းဆန်းစေသည်

ဖုနန်ထျန်းသည် နောက်ဆုံးတွင် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး တံခါးဝရှိ ရီဖုန်းကို သတိထားမိသွားပုံရသည်။

"ကောင်လေး... ဒီဝတ်စုံနဲ့ ငါဘယ်လိုနေလဲ"

ရီဖုန်းက လက်မထောင်ပြလိုက်ပြီး သူ၏မျက်လုံးများထဲတွင် သိလိုစိတ်များ ပြည့်နှက်နေပေ၏။

"လူအိုကြီး... ခင်ဗျားက အဲ့ဒီဝတ်စုံနဲ့ တော်တော်ကြည့်ကောင်းနေတာပဲ... စားသောက်ပွဲ သွားမလို့လား"

ဖုနန်ထျန်းက ရီဖုန်းကို မာန်ပါပါတစ်ချက်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းပေါ်မှ အပြုံးကို ထိန်းချုပ်လိုက်သည်။

"အဟမ်း... ငါ့မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိတယ်... ဒါကြောင့် ဒီနေ့ မင်း ဆန္ဒရှိတာကို လုပ်နိုင်တယ်... ဒီရွာရဲ့ပတ်ဝန်းကျင်မှာ အံ့အားသင့်ဖို့ကောင်းတဲ့ နေရာတွေ အများကြီး ရှိတယ်... အနောက်ဘက်မှာ စွေ့ဟူရေကန် ရှိတယ်... အဲ့ဒီမှာ ငါးမျှားပြီး လှေစီးလို့ရတယ်... အရှေ့ဘက်မှာ ယွင်ဖုန်းဒုက္ခပင်လယ် ရှိတယ်... အဲ့ဒီမှာ ရှုခင်းကြည့်ပြီး အမဲလိုက်လို့ရတယ်"

"အတိုချုပ်ပြောရရင် ဒီနေ့ ငါ မင်းအတွက် အချိန်မပေးနိုင်ဘူး... မင်း အပြင်ထွက်ပြီး ပျော်ပျော်ပါးပါး နေသင့်တယ်... ပြီးတော့ ငါ့ရဲ့ အရေးကြီးကိစ္စကို မနှောင့်ယှက်နဲ့"

ဖုနန်ထျန်း၏ မျက်နှာထားနှင့်လေသံသည် အထူးတလည် လေးနက်နေသဖြင့် ရီဖုန်းက ခေါင်းညိတ်ပြပြီး အလိုက်သင့် နေလိုက်သည်။

"အင်း... ကောင်းပြီလေ"

သူ အံ့အားသင့်သွားရသည်မှာ သူ သဘောတူလိုက်သည်နှင့် တပြိုင်နက် ခြံဝင်းထဲမှ မောင်းထုတ်ခံလိုက်ရခြင်းပင်။ သူ မထွက်ခွာမီ ဖုနန်ထျန်းသည် သူ့ကို စိတ်အားထက်သန်စွာဖြင့် လမ်းညွှန်ပေးခဲ့ပြီး နေမဝင်မီ ပြန်မလာရန် တင်းကျပ်သော ညွှန်ကြားချက်များနှင့်အတူ နေရာကောင်းတချို့ကို မိတ်ဆက်ပေးခဲ့သည်။

ရီဖုန်းသည် ကြောင်တောင်တောင်ဖြင့် ထွက်လာကာ ရွာအပြင်ဘက်သို့ ရောက်လုနီးပါး ဖြစ်နေသော်လည်း သူ စဉ်းစားလေလေ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရလေလေပင်။

ဤအဘိုးအိုသည် ယခုလတ်တလောတွင် လျှို့ဝှက်ဆန်းကြယ်စွာ ပြုမူနေပြီး ယနေ့မနက်တွင် သတို့သားလောင်းအသစ်ကဲ့သို့ ဝတ်စားထားကာ သူ၏အကောင်းဆုံး အဝတ်အစားများကိုပင် ဝတ်ဆင်ထားသည်။ ဤအဘိုးအိုသည် မည်သည့်အရာကို ကြံစည်နေသနည်း။

ရီဖုန်းသည် ပြင်းပြသော စူးစမ်းလိုစိတ်ကြောင့် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လှည့်လိုက်၏။

သူသည် ရင်းနှီးနေသော ခြံဝန်းငယ်လေး၏အပြင်ဘက်သို့ ရောက်လာကာ တင်းကြပ်စွာ ပိတ်ထားသော တံခါးကို တွန်းဖွင့်တော့မည့်ဆဲဆဲအချိန်၌....

ခြံဝင်းထဲမှ အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာသည်။

"ဘာကိစ္စလဲ"

သူမ၏အသံသည် ရန်သူတစ်ယောက်ကို စကားပြောနေသည့်အလား အနည်းငယ် အေးစက်တင်းမာနေပေ၏။

"ဟီး ဟီး... ခရမ်းရွှေနှင်းဆီတွေ ပွင့်တော့မှာမို့လို့ မင်းကို လာကြည့်ဖို့ အထူးဖိတ်ခေါ်လိုက်တာပါ"

ဖုနန်ထျန်းက သူ၏လက်ကိုပွတ်သပ်ရင်း ပြောဆိုလိုက်သည်။ သူ့အသံတွင် စိုးရိမ်ပူပန်မှုနှင့် ကို့ရို့ကားရားနိုင်မှု အရိပ်အယောင်များ ပြည့်နှက်နေကာ သူ၏အသက်အရွယ်နှင့် လုံးဝမလိုက်ဖက်ဘဲ အတွေ့အကြုံမရှိသော လူငယ်လေးတစ်ယောက်အလားပင်။

'ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ'

ရီဖုန်းသည် ထိုစကားများကြောင့် ခြေထောက်ပင် ခေါက်လုနီးပါး ဖြစ်သွားလေ၏။

သူသည် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်သွားပြီး မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သိရှိရန် တံခါးကြားမှသာ ချောင်းကြည့်လိုက်သည်။

ခြံဝင်းထဲတွင်...

လှပချောမောသော အမျိုးသမီးတစ်ဦးက စားပွဲရှေ့တွင် ထိုင်နေသည်။ သူမသည် အသက်အရွယ်ရနေပြီ ဖြစ်သော်လည်း အလွန် နုပျိုနေဆဲဖြစ်ပြီး သူမ၏မျက်နှာပေါ်တွင် အိုမင်းသော အရိပ်အယောင်မရှိဘဲ ရင့်ကျက်သော ဆွဲဆောင်မှုသာ ရှိနေသည်။

သူမ၏ ပြေပြစ်သော ခန္ဓာကိုယ်ကို ရိုးရှင်းသော အဝါရောင်ဖျော့ဖျော့ဝတ်စုံရှည်ဖြင့် ကောက်ကြောင်းဖော်ထားပြီး နှစ်ချို့ဝိုင်ကဲ့သို့ ညှို့ငင်ဖမ်းစားနိုင်သော ဆွဲဆောင်မှုကို ထုတ်လွှတ်ထားသည်။

အဘိုးအိုသည် သူမ၏ဘေးတွင် မတ်တတ်ရပ်ပြီး သူ၏မျက်နှာပေါ်တွင် မျက်နှာလိုမျက်နှာရလုပ်သော အပြုံးမျိုး ရှိနေသည်။

သူ၏အမူအယာနှင့် လှုပ်ရှားမှုများကို အလွန်အမင်း ထိန်းချုပ်ထားသဖြင့် မည်သူက အိမ်ရှင် မည်သူက ဧည့်သည် ဖြစ်သည်ကို မသဲကွဲတော့ချေ။ သူသည် လက်တစ်ဖက်ဖြင့် ခြံဝန်းထဲရှိ နှင်းဆီပန်းများကို ညွှန်ပြနေပြီး သူ၏မျက်လုံးများထဲတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေပေ၏။

"ထင်အာ... ဒါတွေက မင်းအကြိုက်ဆုံး ခရမ်းရွှေနှင်းဆီတွေလေ..."

ဤကဲ့သို့ ရင်းရင်းနှီးနှီး ခေါ်ဝေါ်လိုက်ခြင်းကြောင့် ရီဖုန်းသည် သောက်လက်စရေကို မှုတ်ထုတ်မိလုနီးပါး ဖြစ်သွားသည်။

သူသည် အရေးကြီးကိစ္စတစ်ခုဟု ထင်ခဲ့သော်လည်း အမှန်အားဖြင့် ရည်းစားဟောင်း အလည်လာခြင်း ဖြစ်နေသည်။

ရီဖုန်းသည် ရယ်ရခက် ငိုရခက် ဖြစ်နေပြီး သူ့ကိုယ်သူ ကျဥ်းထဲကျပ်ထဲ ကျရောက်နေသည်ဟု ခံစားလိုက်ရသည်။

တခြားလူများ၏ပြောစကားကို ခိုး၍နားထောင်ခြင်းက မှားယွင်းကြောင်း သူ သိရှိထားသည်။ သို့ရာတွင် သူ ဤနေရာသို့ ရောက်နေပြီဖြစ်သောကြောင့် ဤအီလည်လည်မြင်ကွင်းကို သည်းခံကြည့်ပြီး အဘိုးအိုအတွက် တိတ်တဆိတ် အားပေးနေရုံသာ ရှိတော့သည်။

သူ၏ မျှော်လင့်တကြီး ကြည့်ရှုနေမှုအောက်တွင်....

အမျိုးသမီးက ပန်းခြံကို ဂရုမစိုက်သည့်အလား တစ်ချက်သာ ကြည့်လိုက်သည်။

သူမ၏မျက်လုံးများတွင် အထင်အမြင်သေးမှုများ ထင်ဟပ်နေပြီး သူမ၏အကြည့်ကို လျှင်မြန်စွာ လွှဲလိုက်၏။

သူမက ပိုးလက်ကိုင်ပဝါဖြင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်လိုက်ပြီး သူမ၏မျက်ခုံးကို မိုးမခပင်ကဲ့သို့ တွန့်ချိုးကာ ညည်းညူလိုက်သည်။

"ဒီနှင်းဆီတွေရဲ့အနံ့က စူးရှလွန်းပြီး အမြင်ရိုင်းတယ်... ကျွန်မက အဲ့ဒီလို အပေါ်ယံဆန်တဲ့ အရာတွေကို မကြိုက်တာ ကြာပြီ... ကိုးလွှာသွေးပီအိုနီပန်းတွေက ကြည့်ရတာ ပိုပြီး သာယာတယ်"

ဖုနန်ထျန်း၏မျက်နှာအမူအယာ တောင့်တင်းသွားပြီး သူ၏မျက်လုံးများ မှေးမှိန်သွားသည်။

သို့ရာတွင် ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာပေါ်တွင် အပြုံးများ ပြန်၍ဝေဆာလာကာ အလျင်အမြန် သဘောတူလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်... ငါလည်း ဒီနှင်းဆီတွေက အမြင်ရိုင်းလွန်းတယ်လို့ ထင်တယ်... ကိုးလွှာသွေးပီအိုနီပန်း... နောက်ဆိုရင် ငါက ကိုးလွှာသွေးပီအိုနီပန်းတွေပဲ စိုက်တော့မယ်"

စကားဆုံးသည်နှင့် ဖုနန်ထျန်းသည် သူ တယုတယ စိုက်ပျိုးထားသော နှင်းဆီပန်းများကို ပေါင်းပင်များအလား ပြတ်ပြတ်သားသား တူးထုတ်လိုက်၏။

သူသည် အလုပ်ရှုပ်နေပြီး ဖုန်မှုန့်များ ပေကျံနေကာ သူ၏ တင့်တယ်လှပသော ဝတ်ရုံရှည်ကြီးပင် ညစ်ပေသွားခဲ့သော်လည်း မကျေနပ်မှု တစ်စုံတစ်ရာ

မပြသချေ။ ဤသည်မှာ သူ၏ပုံမှန် ကပ်စေးနည်းသော ပုံစံနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ပင်။

ဒါက...

ဒါက ပန်းတွေကို ကာကွယ်ဖို့ သေတဲ့အထိ တိုက်ခိုက်မယ့် အဘိုးအိုမှ ဟုတ်သေးရဲ့လား...

ရီဖုန်း ကြက်သေသေသွားပြီး စကားမပြောနိုင် ဖြစ်သွားသည်။

အချိန်တခဏကြာပြီးနောက်..

ပန်းခြံတစ်ခုလုံး ပြောင်သလင်းခါသွားပြီး အဘိုးအိုက အိမ်ထဲမှနေ၍ အဖုံးပါသော ပန်းကန်လုံးတစ်ခုကို ယူဆောင်လာခဲ့သည်။

"ထင်အာ... ဒါက လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ တိမ်တိုက်တောင်ထိပ်မြူခိုး လက်ဖက်ရည်ပဲ"

ကျောက်စားပွဲပေါ်သို့ လက်ဖက်ရည်ခွက်ကို တင်လိုက်ရင်း ဖုနန်ထျန်းက မျှော်လင့်စောင့်စားနေသော အပြုံးတစ်ခုကို ပြုံးလိုက်၏။

လှပသော အမျိုးသမီးက နောက်ဆုံးတွင် ထိုအရာကို ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။

သူမသည် တင့်တယ်လှပသောပုံစံဖြင့်လက်ဖက်ရည် သောက်လိုက်သည်နှင့် ဖုနန်ထျန်း၏အပြုံး မသိမသာ ပွင့်လန်းလာသည်။ ဤသည်မှာ နှစ်တစ်ထောင် သက်တမ်းရှိသော နတ်ဘုရားလက်ဖက်ရည်ကို သူကိုယ်တိုင် မြည်းစမ်းရသည်ထက် ပိုပြီးနှစ်သက်သဘောကျနေပုံရကာ ဖော်ပြ၍မရနိုင်သော စိတ်ကျေနပ်မှုကို ခံစားနေရသည့်အလားပင်။

ကံမကောင်းစွာဖြင့် ပျော်ရွှင်ချိန်များသည် တည်မြဲခြင်းမရှိချေ။

လှပသော အမျိုးသမီးသည် တစ်ငုံသာ သောက်ပြီး လက်ဖက်ရည်ခွက်ကို ဂရုမစိုက်သည့်အမူအယာဖြင့် ပြန်ချလိုက်၏။

"ရှင်က လက်ဖက်ရည်သောက်ဖို့သက်သက်နဲ့ ကျွန်မကို ဖိတ်လိုက်တာလား"

သူမ၏လေသံသည် အေးစက်ရုံသာမက အလွန်ရိုင်းစိုင်းသည်။

အိမ်ရှင်တစ်ယောက်သည် ဧည့်သည်ကို ဖိတ်ခေါ်ပြီး ဧည့်ခံကာ လက်ဖက်ရည်ကို ကိုယ်တိုင် ဖျော်ပေးချိန်၌ လက်ဖက်ရည်၏အရည်အသွေးကို ထည့်မတွက်ဘဲ ကျေးဇူးတင်ကြောင်း ပြောဆိုသင့်သည်။ သို့ရာတွင် ဤအမျိုးသမီးကမူ လှောင်ပြောင်သရော်နေပေ၏။

အဘိုးအိုသည် အမှားလုပ်မိသွားသည့်အလား မျက်နှာအမူအယာ ပျက်ယွင်းနေသည်။

ရီဖုန်းသည် သူ၏သွေးပေါင်ချိန် သိသိသာသာ တက်လာသည်ကို ခံစားလိုက်ရပြီး ကိုယ်ချင်းစာစိတ်ပင် ဝင်လာမိသည်။

သို့သော် သူ တဖန်ပြန်ကြည့်လိုက်ချိန်၌...

ဖုနန်ထျန်းကမူ ဒေါသထွက်ခြင်း မရှိသည့်အပြင် နာကြည်းမှု အရိပ်အယောင်ပင် မပြသချေ။ ထိုအစား သူသည် မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏အင်္ကျီလက်ထဲမှ ပိုးသေတ္တာတစ်လုံးကို အလျင်အမြန် ထုတ်လိုက်သည်

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ထင်အာ... ဒါက လျှို့ဝှက်နယ်မြေတစ်ခုကနေ ငါ ရထားတဲ့ အင်္သချေစိတ်ဝိညာဉ်ပုလဲလေ... ဒါကို ယူသွားပြီးရင် အမှုန့်ကြိတ်ပြီးတော့ မင်းရဲ့မျက်နှာမှာ လိမ်းလိုက်... ဒါက အလှအပအတွက် ထူးခြားတဲ့ အာနိသင်တွေ ရှိတယ်"

အင်္သချေစိတ်ဝိညာဉ်ပုလဲသည် အလွန်ရှားပါးပြီး ထိုအရာကို ဖြစ်ပေါ်လာမည့် အခြေအနေများမှာ အလွန်တင်းကြပ်သည်။ ထိုအရာကို ထုတ်လုပ်ရန်အတွက် သက်ရှိများအားလုံး၏ အနှစ်သာရကို စုပ်ယူနိုင်သော နတ်ဘုရားကမာကောင်၏ အထူးသွေးမျိုးဆက် လိုအပ်ပြီး ကောင်းကင်နှင့်မြေပြင်၏ မရေမတွက်နိုင်သော အနှစ်သာရများ ပါဝင်ကာ ကျင့်ကြံခြင်းအတွက် အလွန် အကျိုးရှိစေသည်။

ထိုကဲ့သို့ ထိပ်တန်း နတ်ဘုရားပုလဲကို သူတော်စင်များကပင် ရတနာတစ်ပါးအဖြစ် သတ်မှတ်ကြသည်။

အပြင်လူများသာ ရှိနေပြီး ထိုကဲ့သို့ တန်ဖိုးရှိသော ရတနာကို မျက်နှာလိမ်းရန် အမှုန့်ကြိတ်မည်ဟု ကြားလိုက်ရပါက ဒေါသတကြီး ဖြစ်သွားကြမည်ဖြစ်ပြီး နတ်ဘုရားလက်ဆောင်ကို ဖြုန်းတီးသည်ဟု စွပ်စွဲကြပေလိမ့်မည်။

ဖုနန်ထျန်းကမူ ဂရုစိုက်ပုံမရဘဲ သူ၏မျက်လုံးများသည် လှပသော အမျိုးသမီးထံ၌သာ ရှိနေသည်။

ထိုလှပသော အမျိုးသမီး၏အပြုအမူများကမူ ပို၍ပင် ဆိုးရွားလာပေ၏။ သူမသည် ထိုပုလဲကို ပေါ့ပေါ့တန်တန်သာ ကြည့်လိုက်ပြီး သူမ၏မျက်ခုံးများ ပို၍တွန့်ချိုးသွားကာ သူမ၏မျက်နှာအမူအယာ ပို၍အေးစက်တင်းမာသွားသည်။

"နှစ်ပေါင်းရှစ်ထောင်သက်တမ်းရှိတဲ့ အင်္သချေစိတ်ဝိညာဉ်ပုလဲလေးလား"

"ငါတို့ မတွေ့ရတာ ဒီလောက်ကြာပြီကို ရှင်က ဒီလိုပစ္စည်းမျိုးနဲ့ ငါ့ကို လာပြီးချော့နေတာလား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ အမှတ်မထင် တွေ့ခဲ့တဲ့ လူတစ်ယောက်က ငါ့ကို နှစ်ပေါင်းတစ်သောင်းသက်တမ်းရှိတဲ့ အင်္သချေစိတ်ဝိညာဉ်ပုလဲကို ပေါ့ပေါ့ပါးပါး ပေးခဲ့သေးတယ်"

သူမ၏ ဂရုမစိုက်သော ညည်းညူသံတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။

ထိုသို့ဆိုသည့်တိုင် သူမ၏လက်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပိုးသေတ္တာကို ယူလိုက်ပြီး သူမ၏ ပွယောင်းယောင်းဝတ်ရုံလက်ထဲသို့ ထည့်လိုက်သည်။

သူမသည် လက်ဆောင်ကို လက်ခံလိုက်သည်အား မြင်တွေ့ချိန်၌ ဖုနန်ထျန်းက မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ပြောဆိုသည်။

"ဟုတ်ကဲ့... ဟုတ်ကဲ့... ဒါက မှန်တာပေါ့.."

"ဒီတစ်ခါ... ဒီတစ်ခါက ငါ နည်းနည်းအလျင်လိုသွားလို့ပါ... ပြီးတော့ ဒီရက်ပိုင်းမှာ ငါက အခွင့်အရေးတွေ မကြုံရလို့ပါ... နောက်တစ်ခါကျရင် မင်းအတွက် ရှားပါးရတနာတစ်ခုကို သေချာပေါက် ယူလာခဲ့ပါ့မယ်"

ဤစကားများသည် ထိရောက်မှုရှိပုံရပြီး လှပသော အမျိုးသမီးက နောက်ဆုံးတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။

သူတို့၏ စကားပြောဆိုမှုသည် အလွန် သဘာဝကျပြီး လုပ်ငန်းစဉ်တစ်ခုလုံးသည် အလေ့အကျင့် ရနေသည့်အလားဖြစ်နေကာ သူတို့နှစ်ဦးလုံးသည် ဤကဲ့သို့ပုံစံကို ကျင့်သားရနေပုံရပေ၏။

ဤကိစ္စအားလုံးကို မြင်လိုက်ရချိန်၌...

ရီဖုန်းသည် ထုံကျဉ်လုနီးပါး ဖြစ်သွားပြီး ဒေါသထွက်လာသည်။

အဘိုးအို၏ ဤကဲ့သို့ အောက်ကျနောက်ကျနိုင်သော ဘက်ခြမ်းကို မြင်တွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဤသည်မှာ သိသိသာသာ ဖွန်ကြောင်သောလုပ်ရပ်ပင်။ အဘိုးအိုအတွက် ဤသည်မှာ မတရားဟု သူ စိတ်ရင်းမှန်ဖြင့် ခံစားလိုက်ရသည်။

သူ တိတ်တဆိတ် ညည်းညူနေစဉ်မှာပင်

လှပသော အမျိုးသမီးထံတွင် နောက်ထပ် လှည့်ကွက်တစ်ခု ရှိပုံရပြီး သူမ၏အပြုံးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

ရုတ်ခြည်းဆိုသလိုပင် သူမသည် စိတ်ဒုက္ခရောက်နေသော အမူအယာကို ပြသလိုက်ပြီး သူမ၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားကာ စာမျက်နှာကို လှန်လိုက်သည့်အလား သူမ၏မျက်နှာအမူအယာ ပြောင်းလဲသွားပေ၏။

"ရှင်က တကယ့်ကို တွေးခေါ်မြော်မြင်တတ်တာပဲ"

"အင်္သချေစိတ်ဝိညာဉ်ပုလဲက နှစ်ပေါင်း နှစ်သောင်းအဆင့်ကို ရောက်တဲ့အချိန်မှာ အာနိသင်က အထူးသိသာတယ်လို့ ငါကြားဖူးတယ်..."

"ဒါပေမဲ့ နှမြောစရာပဲ... နှစ်ပေါင်း နှစ်သောင်းသက်တမ်းရှိတဲ့ ရတနာကို ငါက ဘယ်လိုလုပ် မျှော်လင့်ရဲမှာလဲ... မြင်တွေ့ခွင့်ရရင်ပဲ ငါ အရမ်း ပျော်ရွှင်မိမှာပါ..."

သူမ ထိုစကားကိုပြောနေစဉ်မှာပင် သူမ၏ တောင့်တလွမ်းဆွတ်နေသော မျက်လုံးများဖြင့် ဖုနန်ထျန်းကို ကြည့်လိုက်သည်။

ထိုအကြည့်တစ်ချက်တည်းဖြင့် ဖုနန်ထျန်းသည် စွမ်းအင်များ ပြည့်ဝသွားပုံရပြီး သူ၏ရင်ဘတ်ကို အလျင်အမြန် ပုတ်ကာ တုံ့ပြန်လိုက်၏။

"ငါ ရှာမယ်... ငါ ရှာမယ်... ငါ ရှာပေးမယ်"

"ထင်အာလိုချင်တာ မှန်သမျှ ငါ အကုန်ရှာပေးမယ်"

လှပသော အမျိုးသမီးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် မတ်တတ်ထရပ်ကာ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။

သူမ၏ပုံရိပ် ပျောက်ကွယ်သွားသော်လည်း သင်းပျပျရနံ့တစ်ခုက လေထဲတွင် ကျန်ရစ်နေပုံရကာ ဖုနန်ထျန်းကို ညှို့ငင်ဖမ်းစားထားပြီး မလှုပ်ရှားနိုင်အောင် ဖြစ်စေသည်။ သူသည် ကြောင်အပြီး ငေးငိုင်နေသော အပြုံးဖြင့် နေရာတွင် ထိုင်နေလေ၏။

သူ၏လက်ထဲတွင် ပူနွေးနေဆဲ လက်ဖက်ရည်ကို ကိုင်ထားရင်း သူ၏မျက်နှာအမူအယာကလည်း နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။

သူ့၏ ငေးငိုင်ပြီး မိန်းမောနေသော အမူအယာကို မြင်လိုက်ရသောအခါ ရီဖုန်း လုံးလုံးလျားလျား ဆွံ့အသွားသည်။

အဘိုးအိုအတွက် မတရားဟု သူ ထပ်ခါတလဲလဲ ခံစားခဲ့ရသော်လည်း အဘိုးအိုက ဤသည်ကို အလွန် နှစ်သက်နေပုံ ပေါ်သည်။ ဤသည်မှာ ရိုးရိုးဖွန်ကြောင်ကောင် မဟုတ်တော့ချေ။ ဤသည်က ဖွန်ကြောင်သူတော်စင် ဖြစ်နေလေပြီ။

ကိုယ့်ကိုယ်ကိုယ် သင့်တင့်လျောက်ပတ်သော တန်ဖိုးထားမှုရှိသည့် လိမ္မာရေးခြားရှိသော လူငယ်တစ်ယောက်အနေဖြင့် ရီဖုန်းသည် ဆက်ပြီး ထိန်းချုပ်မထားနိုင်တော့ချေ။

"ဝုန်း..."

သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး အကြံဉာဏ်ပေးရန် ဝင်သွားလိုက်၏။

"လူအိုကြီး... ခင်ဗျားက အရမ်းစွမ်းအားကြီးတဲ့ သူတော်စင်တစ်ပါးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား... ဘာလို့ ဒီလိုမျိုး နှိမ့်ချနေရတာလဲ"

ရီဖုန်း ဝင်လာသည်ကို မြင်တွေ့ချိန်၌ ဖုနန်ထျန်းသည် လန့်ဖျပ်သွားပြီး ထိတ်လန့်တကြား မတ်တတ်ထရပ်လိုက်သည်။ သူသည် ရှက်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခု ပေါက်ကြားသွားသကဲ့သို့ ပျာယာခတ်နေပေ၏။

ရီဖုန်း၏စကားလုံးများကို သေချာကြားလိုက်ရချိန်၌...

အဘိုးအို၏အကြည့်သည် တုန်လှုပ်ခြင်း မရှိတော့ပေ။ သူသည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်စွာ ပြန်ထိုင်လိုက်သည်။

"ကောင်လေး... မင်းက ငယ်ပါသေးတယ်... မင်း အချစ်ကို နားမလည်ပါဘူး"

ရီဖုန်း အံ့အားသင့်သွားပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားကာ စကားမပြောနိုင်ဘဲ ထိုင်ချလိုက်သည်။

"အချစ်...ဟုတ်လား..."

"ဒါက ဘာသောက်ကျိုးနည်းအချစ်မျိုးလဲ... ခင်ဗျားက တစ်ဖက်သတ် ဖွန်ကြောင်ကောင် ဖြစ်နေတာပဲ"

ဖုနန်ထျန်းသည် ရီဖုန်းပြန်ပြောလိုက်သော စကားကြောင့် တောင့်တင်းသွားပြီး ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

"ဖွန်ကြောင်ကောင်ဆိုတာက ဘာလဲ... ကောင်းတဲ့စကားလုံးတော့ မဟုတ်လောက်ဘူး"

All Chapters