အခန်း (၁၀၁၂)
Vol. 69 Ch. 1012
ရီဖုန်းက ထိုစကားလုံး၏အဓိပ္ပါယ်ကို ရှင်းပြလိုက်သည်။
ဖုနန်ထျန်းကမူ ဒေါသထွက်မည့်အစား ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏မုတ်ဆိတ်ကို ပွတ်သပ်ကာ ခေါင်းညိတ်လိုက်၏။
"အမှန်ပဲ... ငါက ဖွန်ကြောင်ကောင်တစ်ယောက်ပဲ"
ဤစကားကို ကြားချိန်၌ ရီဖုန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။
"လူအိုကြီး... ဖွန်ကြောင်ကောင်ဆိုတာက ကောင်းတဲ့စကားလုံးလို့ ခင်ဗျား ထင်နေတာလား..ခုဏက အမျိုးသမီးက ခင်ဗျားရဲ့ ခံစားချက်တွေကို လုံးဝဂရုမစိုက်ဘူးဆိုတာ ခင်ဗျား မသိဘူးလား"
"ခင်ဗျား ဒီလို ဆက်လုပ်နေရင် ကိုယ့်ကိုယ်ကိုယ် နာကျင်စေရုံပဲ ရှိမယ်... ခင်ဗျားက သူ့ကို ဘယ်လောက်ပဲများတဲ့ ရတနာတွေ ပေးပါစေ... သူက ဂရုမစိုက်တာမျိုး ဖြစ်နိုင်တယ်"
ဖုနန်ထျန်း၏မျက်နှာ တင်းမာသွားပြီး ပြင်းထန်စွာ ဆုံးမလိုက်သည်။
"မင်း ဘာသိလို့လဲ... ဖွန်ကြောင်ကောင်ဖြစ်တယ်ဆိုတာ တွက်ချက်မှု မရှိသင့်ဘူး"
"အချစ်မှာ... ဘယ်သူ ရှုံးပြီး ဘယ်သူ အနိုင်ရလဲ ဆိုတာ မပြောနဲ့... အချစ်ကို တွက်ချက်လို့ ရလား"
ရီဖုန်း၏မျက်နှာတွင် မေးခွန်းထုတ်လိုမှုများဖြင့် ပြည့်နှက်နေပြီး သူ ပြန်မပြောဘဲ မနေနိုင်တော့ချေ။
"ဒါပေမဲ့ ဒါက လုံးဝ အချစ်မဟုတ်ဘူး... ဒါက ခင်ဗျားရဲ့ တစ်ဖက်သတ် ဖွန်ကြောင်မှုကြီးပဲလေ"
"ခင်ဗျားက ပန်းတွေ အများကြီး စိုက်တယ်... ပြီးတော့ နေ့တိုင်း မနက်စာ လုပ်ပေးတယ်... သူ့ရှေ့မှာ အရမ်း နှိမ့်ချနေတယ်... ခင်ဗျား ဘာတွေ ရခဲ့လဲ"
"ငါ စိတ်လှုပ်ရှားမှုတွေ ရခဲ့တယ်"
ဤအချိန်တွင် ဖုနန်ထျန်းက ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောဆိုသည်။
"တစ်ခါတုန်းက ငါ လျှို့ဝှက်နယ်မြေတစ်ခုမှာ ဒဏ်ရာရတုန်းက သူက ဘာလို့ ကောင်းကင်ရတနာတွေ ယူမလာတာလဲလို့ ငါ့ကို မေးခဲ့တယ်... ငါ ဒဏ်ရာရတယ်လို့ ပြောတော့ သူမက ငါ့ကို သေချာဂရုစိုက်ဖို့တောင် ပြောခဲ့သေးတယ်"
ရီဖုန်း၏ လောကအမြင်သည် ဤစကားကို ကြားချိန်၌ ပြိုလဲသွားသည်။
ဒီအဘိုးကြီးက တော်တော်လေး ရူးသွပ်နေတာပဲ...
ဖုနန်ထျန်းကမူ ဖွင့်ဟပြောဆိုလိုက်ပြီးနောက် သူ၏မျက်လုံးများ တောက်ပလာသည်။
"မင်းက ငယ်ပါသေးတယ်... စစ်မှန်တဲ့ သံယောဇဉ်ရဲ့ အဖိုးတန်မှုကို နားမလည်သေးဘူး"
"ပြောရရင်... ထင်အာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နာမည်ကြီး အလှပဂေးတစ်ဦးပဲ... သူ့ကို နှစ်သက်သဘောကျတဲ့သူတွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်... ဒါပေမဲ့ နှစ်တွေ ကုန်လွန်လာတဲ့အချိန်မှာ ငါတစ်ယောက်တည်းပဲ သူ့ရဲ့ဘေးနားမှာ ကျန်နေခဲ့တယ်"
"ဒီလိုဖြစ်လာတာကြောင့် ငါ့ကို ကျင့်ကြံသူအများကြီးက ချီးကျူးကြပြီးတော့ ယွင်ရှင်းကြယ်နယ်မြေမှာ အသစ္စာအရှိဆုံးလူလို့ ခေါ်ကြတယ်"
"တကယ်တော့ ဒါက အပေါ်ယံနာမည်ကောင်းသက်သက်ဖြစ်ပြီးတော့ ပြောပလောက်တာ မရှိပါဘူး..."
"တကယ်တော့... ထင်အာအပြင် တခြားအလှပဂေး တော်တော်များများကိုလည်း ငါ သဘောကျခဲ့တာပါ"
"သူတို့ တောင်းဆိုတဲ့အရာ မှန်သမျှကို ငါ ဘယ်တုန်းကမှ မငြင်းခဲ့ဘူး... နောက်ပိုင်း လမ်းခွဲသွားရင်တောင် ငါ ဘယ်တုန်းကမှ မမှုခဲ့ဘူး"
"ဒါဆို... ကောင်လေး... မင်း နားလည်ပြီလား"
ဖုနန်ထျန်းက မေးမြန်းလိုက်သည်။
"ဘာကို နားလည်ရမှာလဲ"
ရီဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။
"မင်းက ငါ့ကို ထင်အာက လှည့်ဖြားနေတယ်လို့ ထင်နေတာ... ဒါပေမဲ့ တကယ်တော့ ငါက သူ့ကို လှည့်ဖြားနေတာ"
"သူက ငါ့ဆီကနေ နှစ်တစ်ထောင်လောက်ပဲ ဖွန်ကြောင်ခဲ့ခဲ့ရတာ... ငါကတော့ နှစ်ထောင်ပေါင်းများစွာကြာအောင် ဖွန်ကြောင်ခဲ့တာ...."
"အရာရာတိုင်းက ငါ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်"
အော်... ဒီလိုကိုး
ရီဖုန်းက နားထောင်ရင်း သူ၏တာအိုနှလုံးသား ပြိုလဲလုနီးပါး ဖြစ်သွားသည်
သူသည် သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အဘိုးအိုကို အရိုအသေပြုကာ ခြံဝန်းထဲမှ အလျင်အမြန် ထွက်ပြေးခဲ့သည်။
သူသည် လုပ်စရာမရှိသဖြင့် ရွာရိုးကိုးပေါက် လျှောက်သွားရင်း အဘိုးအိုအနည်းငယ်နှင့် စကားပြောရန် ရည်ရွယ်ခဲ့သော်လည်း လူ များများစားစားကို မတွေ့ရချေ။ ရွာတစ်ရွာလုံး ထူးထူးဆန်းဆန်းစွာ တိတ်ဆိတ်နေပုံရသည်။
ရီဖုန်းသည် ပို၍ပို၍ပျင်းရိလာပြီး အဘိုးအို၏ ယခင်က အကြံပေးချက်ကို ရုတ်တရက် သတိရသွားသည်။
သူ ပျင်းနေသဖြင့် အချိန်ဖြုန်းရန် ငါးမျှားသည်က ပိုကောင်းပေမည်။ သူသည် အရသာအပြောင်းအလဲအနေဖြင့် ငါးကင်ကိုပင် စားနိုင်ပေ၏။
သူ စဉ်းစားလေလေ ပို၍စိတ်လှုပ်ရှားလေလေပင်။
ရီဖုန်းသည် ငါးမျှားတံတစ်ချောင်းကို ထုတ်ယူပြီး ရွာအနောက်ဘက်ရှိ စွေ့ဟူရေကန်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။
မကြာမီတွင် သူသည် ရေကန်ဘေးတွင် တစ်ယောက်တည်း ထိုင်ကာ ငါးမျှားနေလေ၏။
လေညှင်းက ညင်သာစွာ တိုက်ခတ်နေပြီး ရေမျက်နှာပြင် တည်ငြိမ်နေသည်။
တိတ်ဆိတ်ပြီး ကြည်လင်သော ရေကန်ဘေးတွင် ထိုင်နေခြင်းကြောင့် ရီဖုန်း၏စိတ်ခံစားချက်များ ပြေလျော့သွားပြီး ရှုပ်ထွေးနေသော အတွေးအားလုံးကို ဘေးဖယ်ထားလိုက်သည်။
ဤကဲ့သို့ အပန်းဖြေစရာကောင်းပြီး လှပသော မြင်ကွင်းနှင့် ရင်ဆိုင်ရချိန်၌ ရီဖုန်းက ပျော်ရွှင်မှုကို ခံစားရသည်။
သူသည် ပေါ့ပါးလွတ်လပ်မှုနှင့် စိတ်လန်းဆန်းမှုအပြည့်ဖြင့် ကဗျာတစ်ပုဒ်ကို မရွတ်ဆိုဘဲ မနေနိုင်တော့ချေ။
"ပေတစ်ရာ ရေလှိုင်းထ
ကြေးမုံကဲ့ ပွင့်လှစ်ကာ
စိမ်းရိပ်ညို စင်မြင့်ဖျား
စာငှက်များ နားခိုရာ...
စွေ့ကန်တော် ရေအောက်နက်
စားဖွယ်မက် ဝှက်သိုထား
ဘယ်သူများ အားယားလို့
မျှားယူနိုင်မည်နည်း...."
ရီဖုန်း၏စိတ်ခံစားချက် ပြောင်းလဲသွားသည်နှင့်အမျှ သူ၏မျက်လုံးများ တည်ငြိမ်သွားသည်။ အစပိုင်းက သူ၏ငါးမျှားလိုစိတ် ပြင်းပြမှု လျော့နည်းသွားကာ လက်ရှိအပန်းဖြေမှုကို နှစ်သက်မှုဖြင့် အစားထိုးသွားခဲ့သည်။
သူ၏အသံ ကျရောက်သွားသည်နှင့် တပြိုင်နက် ချီးကျူးသံတစ်သံက အဝေးမှ ထွက်ပေါ်လာသည်ကို မည်သူ သိနိုင်မည်နည်း....
"ကောင်းလိုက်တဲ့ ကဗျာ... ကောင်းလိုက်တဲ့ စာသားတွေ..."
သူ အသံလာရာသို့ ကြည့်လိုက်ချိန်၌ ဝါးဦးထုပ်ဆောင်းထားသော အဘိုးအိုတစ်ဦးသည် လက်များကိုနောက်ပစ်ကာ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ကောင်လေး... မင်းမှာ တကယ်ကို ပေါ့ပါးလွတ်လပ်တဲ့ စိတ်နေသဘောထားမျိုး ရှိနေတာပဲ"
ထိုအဘိုးအိုသည် ချီးကျူးပြီးနောက် အဝေးမှ ငါးမျှားတံကို ကြည့်ပြီး ခေါင်းခါယမ်းကာ ပြုံးလိုက်သည်။
"ဒါပေမဲ့ တစ်ယောက်တည်း ငါးမျှားတာက ဘာအဓိပ္ပါယ် ရှိလို့လဲ"
ရီဖုန်းက မတ်တတ်ထရပ်လိုက်ပြီး ဂရုတစိုက်ကြည့်လိုက်ချိန်၌ ထိုလူသည် သူ၏ရှေ့တွင် ရောက်နေလေပြီ။
ထိုအဘိုးအို၏နားထင်မှ မုတ်ဆိတ်ကျင်စွယ်များ ဖြူဖွေးနေပြီး သူ့ကိုကြည့်ရသည်မှာ ထင်းခုတ်သမားတစ်ဦးနှင့် တူညီနေသည်။ သူသည် ခါးတွင် ဝိုင်အရက်ဘူးသီးခြောက်တစ်လုံးကို ချည်ထားပြီး အလွန်ပေါ့ပါးလွတ်လပ်ပုံရသည်။
ယဉ်ကျေးမှုအရ ရီဖုန်းက ခေါင်းညိတ်ပြပြီး တုံ့ပြန်အဖြေပေးလိုက်သည်။
"လူအိုကြီး... ခင်ဗျားလည်း ဒီရွာမှာ နေတာလား... ဘာလို့ ကျွန်တော် အရင်က မတွေ့ဖူးတာလဲ"
အဘိုးအိုက ဝိုင်အရက်တစ်ကျိုက် မော့သောက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
"ဟား ဟား ဟား ဟား"
"ငါ့နာမည်က ဝေ့ပါ... အဘိုးအို... မင်း ငါ့ကို ထင်းခုတ်သမားဝေ့လို့ ခေါ်နိုင်တယ်... ငါက ဒီရွာမှာ နှစ်တွေအကြာကြီး နေထိုင်ခဲ့ပြီးတော့ ဖုနန်ထျန်းရဲ့မိတ်ဆွေဟောင်းပါ... ဒါပေမဲ့ ငါက ပုံမှန်အနေနဲ့ တောင်နက်ကြီးထဲမှာ ထင်းခုတ်နေလေ့ရှိတယ်... ဒါကြောင့် မင်း ငါ့ကို မတွေ့ဖူးတာ သဘာဝကျပါတယ်"
ထိုသို့ပြောရင်း သူက ရက်ရောစွာဖြင့် ဝိုင်အရက်ဘူးသီးခြောက်ကို လက်ကမ်းပေးလိုက်သည်။
ထိုကဲ့သို့ စိတ်ထားပွင့်လင်းသူကို မြင်တွေ့ချိန်၌ ရီဖုန်းသည်လည်း ကောင်းမွန်သော စိတ်ခံစားချက်ကို ခံစားရပြီး ဝိုင်အရက်ဘူးသီးခြောက်ကို ယူလိုက်ကာ ကျေးဇူးတင်စကား ပြောဆိုသည်။
"ဒါဆိုရင် ဒီလိုကိုး... ဝိုင်အရက်ကောင်းအတွက် စီနီယာကို ကျေးဇူးတင်ပါတယ်..."
တစ်ဖက်လူသည် အဘိုးအိုဖု၏သူငယ်ချင်းဟု ဆိုသောကြောင့် ရီဖုန်း၏စိတ်ထဲတွင် ဤလူအိုကြီးသည်လည်း အနည်းငယ်အရည်အချင်းရှိမည်ဟု ခန့်မှန်းမိသည်။
အဘိုးအိုဖုသည် သူ့ကိုယ်သူ သူတော်စင်တစ်ပါးဟု ပြောဆိုခဲ့ပေ၏။ ထိုကြောင့် သူ၏မိတ်ဆွေဟောင်းသည် သာမန်ကျင့်ကြံဆင့်၌ ရှိနေမည် မဟုတ်ချေ။
သို့ရာတွင် သူ၏ရှေ့တွင် ဝိုင်အရက်ကောင်း ရှိနေသည်ကို သူ ငြင်းပယ်ရန် အကြောင်းပြချက်မရှိချေ။
ဝိုင်အရက်ကို တစ်ကျိုက်မော့သောက်လိုက်သောအခါ ရီဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားသည်။
"ဟား ဟား... ဒါက ဝိုင်အရက်ကောင်းပဲ..."
ရီဖုန်း ဤမျှထိ စိတ်အားထက်သန်စွာ သောက်နေသည်ကို ကြည့်ပြီး ဝေ့သုန်းဟိုင်၏မျက်လုံးများ မှေးစင်းသွားပြီး စိတ်ပိုင်းဖြတ်လိုက်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
သူသည် ဤလူငယ်၏စွမ်းရည်ကို စုံစမ်းရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းပင်။ ထို့နောက် သူသည် ဤလူငယ်ကို တပည့်အဖြစ် လက်ခံရန် ဆုံးဖြတ်ပေမည်။ ဤသည်မှာ သူတို့ မိတ်ဆွေကောင်းများအကြားရှိ သဘောတူညီချက်တစ်ခုပင်။
တပည့်သိမ်းသွင်းခြင်းသည် သူတို့၏ကိုယ်ပိုင်စွမ်းရည် ပြိုင်ဆိုင်မှုဖြစ်ပြီး အစဉ်လိုက်လုပ်ဆောင်ရမည်ဟု သဘောတူညီခဲ့ကြသည်။ သူတို့သည် သူတို့၏သက်ဆိုင်ရာစွမ်းရည်များကို မသိမသာ ပြသရပေမည်။ ဤသည်မှာ လျှို့ဝှက်နေထိုင်သော ထိပ်သီးကျင့်ကြံသူများ ပိုင်ဆိုင်သော မာန်မာနပင်။
သို့ရာတွင် ဤပထမဆုံး တွေ့ဆုံမှုတွင် ဝေ့သုန်းဟိုင် အံ့အားသင့်ခဲ့ရသည်။
ဝိုင်သူတော်စင်အနေဖြင့် သူ သယ်ဆောင်လာသော ဝိုင်က သာမန် ဖြစ်နိုင်မည်လော...
ဤဘူးသီးခြောက်အတွင်းတွင် သန့်စင်သော ယန်တာအိုစွမ်းအား ပါဝင်သည့် ကြက်သွေးနီမီးတောက်ဝိုင်အရက်ပါရှိပြီး အလွန်ပြင်းထန်သည်။
အဘိုးအိုအချို့ပင်လျှင် သူတို့၏ သောက်နိုင်စွမ်းအရ ထိုဝိုင်အရက်ကို သောက်ရပေ၏။
ဤလူငယ်ကမူ တစ်ကျိုက်တည်းနှင့် ဝိုင်အရက်ဘူးသီးခြောက်တစ်ဝက်ကို ဂလုဂလုမြည်အောင် သောက်ချလိုက်သည်။
သူသည် အသက်ရှူချိန် အနည်းငယ်ကြာမျှ စောင့်ဆိုင်းခဲ့သော်လည်း လူငယ်သည် မျက်နှာအမူအယာပင် ပြောင်းလဲသွားခြင်း မရှိချေ။