အခန်း (၁၀၁၃)
Vol. 69 Ch. 1013
ဝေ့သုန်းဟိုင် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏ စိတ်နှလုံးသားထဲ၌ လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
'ဒီကောင်လေးရဲ့ ကျင့်ကြံဆင့်က သာမန် ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး...'
'အင်း... သူ့မှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ...'
ဝေ့သုန်းဟိုင်သည် အခြားမည်သည့်အရာကိုမျှ မမြင်ရလျှင်ပင် ဤလူငယ်အပေါ်၌ စိတ်ဝင်စားမှု အနည်းငယ် ရှိလာသည်။
သူသည် ရီဖုန်း ကမ်းပေးလိုက်သော ဝိုင်ထည့်ထားသည့် ဘူးသီးခြောက်ကို လှမ်းယူလိုက်၏။ ထို့နောက် အတွေးတစ်ခုဖြင့် ပေါ့ပေါ့ပါးပါးပင် ကျီစယ်စနောက်လိုက်သည်။
"ကောင်လေး... ဒီမှာ ငါးမျှားတာ ကောင်းပါတယ်... ဒါပေမဲ့ ကံမကောင်းချင်တော့ ဒီစွေ့ဟူရေကန်ထဲမှာ ငါးသေးသေးလေးတွေပဲ အများကြီး ရှိနေပြီး ဒါတွေအားလုံးက သာမန် ငါးမျိုးစိတ်တွေပဲ... အရသာ သိပ်မရှိလှဘူး... ငါတို့ တောရိုင်းတိရစ္ဆာန်တွေလို လတ်ဆတ်တဲ့ အရာတွေ သွားရှာစားရင် ပိုမကောင်းဘူးလား"
ဤစကားများသည် ရီဖုန်း၏ စိတ်ကို အမှန်တကယ်ပင် ထိမှန်သွားစေသည်။
ရက်ပေါင်းများစွာကြာအောင် သူသည် ကျေးလက်ပုံစံ ဟင်းလျာများကိုသာ စားခဲ့ရသည်။ ထိုအရာများသည် စိတ်ကျေနပ်ဖွယ်ကောင်းပြီး အလွန်အရသာရှိသော်လည်း ကံအကြောင်းမလှစွာဖြင့် ဆီမပါ၊ အသားမပါ ဖြစ်နေသည်။
ထမင်းစားတိုင်း ကြက်ဥပါဝင်ကာ နေ့စဥ်နေ့တိုင်း ကျေးလက်ဟင်းလျာများသာ ဖြစ်နေသည်။ ဒီလိုပုံစံမျိုးနဲ့ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး ကြာကြာနေထိုင်နိုင်မှာလဲ...
ရီဖုန်း အနည်းငယ် ငြီးငွေ့လာလုနီးပါးဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များ လိုက်လံရှာဖွေကာ အသားကင်လုပ်စားရသော ရက်များကို အလွန်လွမ်းဆွတ်တောင့်တနေမိသည်။
ယခုချိန်၌ သူသည် စိတ်တူကိုယ်တူ လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် သဘောတူညီကာ ခေါင်းညိတ်လိုက်သည်။
"အဘိုးအိုဝေ့ ပြောတာ အမှန်ပဲ... ဒါပေမဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဘယ်နေရာမှာ လိုက်ပြီးရှာဖွေလို့ရတယ်ဆိုတာ ခင်ဗျား သိလား..."
ရီဖုန်းသည် သူ၏စကားကို လက်ခံလိုက်သည်အား ကြည့်ပြီး ဝေ့သုန်းဟိုင်က အကျပ်တွေ့နေယောင်ဆောင်လိုက်သည်။
"အင်း... အဲဒါက ခက်တယ်..."
"တောရိုင်းတိရစ္ဆာန် လိုက်ပြီးရှာဖွေဖို့ နေရာတချို့ကို ငါ သိတယ်... ဒါပေမဲ့ အဲ့ဒါတွေက အရမ်း ဝေးလွန်းတယ်... ဒါမှမဟုတ် နည်းနည်း အန္တရာယ်များတယ်... သွားဖို့မလွယ်ဘူး..."
အန္တရာယ်များတာလား...
သူ အချိန်အတော်ကြာ မကြားခဲ့ရသော စကားလုံးများ ထွက်ပေါ်လာသဖြင့် ရီဖုန်း၏ စိတ်နှလုံးသား လှုပ်ရှားသွားပေ၏။
"ကျွန်တော် အဲ့ဒါကို မကြောက်ပါဘူး... အန္တရာယ်များလေလေ... အစားအသောက်က ပိုပြီး အရသာရှိလေလေပဲ မဟုတ်လား"
'ဒီကောင်လေး တကယ် သတ္တိရှိတာပဲ... ငါ စမ်းသပ်ကြည့်ရကျိုးနပ်တယ်'
ဝေ့သုန်းဟိုင်သည် ပို၍စိတ်ကျေနပ်လာပြီး ဆက်လက်၍ အကဲစမ်းလိုက်သည်။
"အင်း... ဒီလိုဆိုရင်တော့ နတ်ဆိုးသားရဲတွေကို သွားရှာကြတာပေါ့... ငါ နတ်ဆိုးသားရဲတွေ အများကြီးရှိတဲ့ နေရာတစ်နေရာကို သိတယ်..."
"အဲ့ဒီနေရာမှာ... နတ်ဆိုးသားရဲတစ်မျိုး ရှိတယ်... အဲ့ဒီနေရာက အရမ်းကြမ်းတမ်းပေမဲ့ အဲ့ဒီက နတ်ဆိုးသားရဲတွေက နတ်ဘုရားတွေတောင် ရှာတွေ့ဖို့ခက်ခဲတဲ့ အရသာကောင်းမျိုး ရှိနေတယ်..."
ရီဖုန်းသည် စိတ်ထိန်းမထားနိုင်တော့ဘဲ သူ၏ငါးမျှားတံကို ချက်ချင်း သိမ်းဆည်းလိုက်၏။
သူ၏ စိတ်အားထက်သန်သော အမူအရာကို မြင်တွေ့ချိန်၌ ဝေ့သုန်းဟိုင်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
သူသည် ညာလက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ သူသည် လက်များကို နောက်ပစ်ကာ ရှေ့သို့ တက်လှမ်းလိုက်၏။ ရီဖုန်းသည် အံ့အားသင့်သွားပြီး သူ မျှော်လင့်ထားသည့်အတိုင်း ဤအဘိုးအို၏ကျင့်ကြံဆင့်မှာ အစွမ်းထက်သည်ဟု တွေးတောကာ နောက်မှထပ်ချပ်မကွာ လိုက်ပါသွားသည်။
သူတို့နှစ်ယောက်သား ပြန်လည်၍ ထွက်ပေါ်လာချိန်၌ သူတို့သည် ယွင်ရှင်းကြယ်နယ်မြေ၏ အစွန်းရှိ လျှို့ဝှက်နယ်မြေတစ်ခုသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ဤနေရာတွင် အနက်ရောင်သဲများ နေရာအနှံ့အပြား၌ တလိမ့်လိမ့်ထနေပြီး သက်ရှိအရိပ်အယောင်ဟူ၍ တစိုးတစိမျှ မရှိချေ။ ခြေထောက်အောက်ရှိ နူးညံ့သော သဲများကို နင်းလိုက်ပြီး ရီဖုန်း မျက်လုံးပြူးသွားသည်။
"ဒီလိုနေရာမျိုးမှာ အရသာရှိတဲ့ အရာတစ်ခုခု တကယ်ကြီး ရှိနိုင်ပါ့မလား..."
ဤသည်မှာ သူ သံသယဝင်နေခြင်း မဟုတ်ချေ။ ဤကဲ့သို့ ခြောက်ကပ်သော မြေရိုင်းနယ်မြေကို ကြည့်ပြီး ဤနေရာတွင် အန္တရာယ်တစ်စုံတစ်ရာ ရှိမည်ဟု သူ မည်သို့မျှ မယုံကြည်နိုင်ပေ။
ဝေ့သုန်းဟိုင်သည် သူ၏ကောက်ရိုးခမောက်ကို ပိုနိမ့်အောင် ဆွဲချလိုက်ပြီး အပြုံးဖြင့် တုံ့ပြန်အဖြေပေးလိုက်၏။
"ဟဲ ဟဲ... ကောင်လေး... မင်း အလျင်မလိုပါနဲ့... သဲမုန်တိုင်း ရပ်သွားတဲ့အချိန်ကျရင်... အရသာကောင်းကို မင်း တွေ့ရပါလိမ့်မယ်"
ဤစကားများတွင် အမှားအယွင်းမရှိချေ။ ဤနေရာကို အထီးကျန်မြေရိုင်းနယ်မြေဟု ခေါ်ဆိုပြီး လေဟာနယ်လှိုင်းထန်မှုများဖြင့် ပြည့်နှက်နေကာ အလွန်အမင်း မတည်ငြိမ်ချေ။ သာမန် သတ္တဝါများသည် ဤနေရာတွင် အသက်မရှင်သန်နိုင်ကြပေ။ သို့ရာတွင် လေဟာနယ်အက်ကွဲကြောင်းများမှတဆင့် အလွန်အစွမ်းထက်သော လေဟာနယ်သားရဲများ ထွက်ပေါ်လာလေ့ရှိသည်။
ဤလေဟာနယ်သားရဲများသည် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။ ထိုသားရဲ၏အရေပြားသည် မာကျောရုံသာမက သူတော်စင်တစ်ပါးထက် မလျော့သော ခွန်အားကိုလည်း ပိုင်ဆိုင်ထားသည်။ ထိုသားရဲသည် ဤနေရာရှိ လေဟာနယ်လှိုင်းထန်မှုများကိုပင် စားသုံးပြီး အာဟာရအဖြစ် အသုံးပြုကာ ကြီးထွားလာနိုင်သည်။
ဤနေရာသည် လေဟာနယ်သားရဲများ၏ မွေးဖွားရာနှင့်ကျက်စားရာ နေရာဖြစ်သည်ဟု ပြောနိုင်ပေ၏။
ဝေ့သုန်းဟိုင်သည် ဤအရာအားလုံးကို သိရှိထားကြောင့်ပင် ရီဖုန်းကို ဤနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။ တောရိုင်းတိရစ္ဆာန်များ လိုက်လံရှာဖွေရန်သည် အယောင်ပြသက်သက်ဖြစ်ပြီး သူ၏ အစစ်အမှန်ရည်ရွယ်ချက်က ရီဖုန်း၏ စစ်မှန်သောစွမ်းရည်ကို စမ်းသပ်ရန်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဆရာများအနေဖြင့် တပည့်များအပေါ် နားလည်သဘောပေါက်မှုမရှိဘဲ လက်လွတ်စပယ် ခေါ်ယူ၍ မရချေ။ ဤနေရာသည် အန္တရာယ်ရှိသော်လည်း သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။ အကယ်၍ အမှားအယွင်းတစ်ခုခု ဖြစ်သွားလျှင်ပင် သူတို့ထံ၌ အသက်အန္တရာယ် မရှိနိုင်ပေ။
သို့သော် လေဟာနယ်သားရဲ အမြောက်အများသည် လေဟာနယ်အက်ကွဲကြောင်းများကြားမှ ထွက်မလာကြချေ။ ဤနေရာတွင် သူတို့၏ကြီးထွားမှုသည် အလွန်နှေးကွေးပေ၏။ ထိုသို့မဟုတ်ပါက ယွင်ရှင်းကြယ်နယ်မြေသည် နတ်ဆိုးသားရဲများ၏ သုခဘုံ ဖြစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ရီဖုန်းသည် ဤကိစ္စများကို မသိရှိဘဲ အရသာရှိသော အစားအစာနှင့် အန္တရာယ်ကို ရှာဖွေလိုစိတ်သာ ရှိနေကာ အနည်းငယ်စိတ်မရှည်စ ပြုလာသည်။
နောက်ဆုံးတွင်....
တလိမ့်လိမ့်ထနေသော အနက်ရောင် သဲများ ရပ်တန့်သွားပြီး အနီးအနားရှိသဲများ ရုတ်တရက် ကျွံ့ကျသွားပေ၏။
မြေပြင်သည် သိသိသာသာ တုန်ခါသွားပြီး သူတို့နှစ်ယောက်သား လေထုထဲတွင် မတ်တတ်ရပ်ကာ အဝေးမှ စောင့်ကြည့်နေကြသည်။
ထို့နောက် ပေအနည်းငယ် လုံးပတ်ရှိသော ဧရာမ လက်မနှစ်ချောင်းသည် ကျွံ့ဝင်သွားသော သဲများအကြားမှ ထွက်ပေါ်လာပြီး သတ္တုရောင် တောက်ပနေကာ စက်ရုပ်တစ်ရုပ်နှင့် အတိအကျ တူညီနေသည်။
ရီဖုန်းသည် ဤပုံစံကို သူ အနည်းငယ် ရင်းနှီးနေပုံရသဖြင့် အံ့အားသင့်သွားသည်။
ယခင်ထက်ပို၍ သိသာထင်ရှားသော မြေငလျင် တုန်ခါမှုပြီးနောက် ဧရာမ အနက်ရောင်အရိပ်တစ်ရိပ်က မြေအောက်မှ တိုးထွက်လာသည်။ အနက်ရောင်သဲများ ပြန့်ကျဲသွားကာ ဟိန်းဟောက်သံများက မိုးကောင်းကင်ကို တုန်ခါသွားစေသည်။
ထိုအရာ၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော ပုံစံကိုကြည့်ပြီး ရီဖုန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါ... ဒါက ဂဏန်း မဟုတ်ဘူးလား... ဒီလက်မတွေက ပေါင်ထောင်နဲ့ချီပြီး အလေးချိန်ရှိလိမ့်မယ်... ဒါက သုံးနှစ်လောက်တောင် စားလို့ရနိုင်တယ်"
ဝေ့သုန်းဟိုင်၏မျက်နှာပေါ်၌ ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထင်ဟပ်ပြီး ဆရာတစ်ဦး၏ပုံပန်းသွင်ပြင်ကို ထုတ်ဖော်ပြသလိုက်သည်။
"ကောင်လေး... မင်းရဲ့ဗဟုသုတက တော်တော်နည်းသေးတာပဲ..."
"ဒါက လေဟာနယ်သားရဲတစ်မျိုးပဲ... သူက ဂဏန်းပုံသဏ္ဌာန် ရှိပေမဲ့ မယုံနိုင်လောက်အောင် စွမ်းအားကြီးတယ်... သူ့ရဲ့အသားက မယုံနိုင်လောက်အောင် မာကျောတယ်... သူ့ရဲ့မျက်တောင်မွှေးကိုပဲ စားလို့ရပြီးတော့ လေဟာနယ်သားရဲတစ်ကောင်မှာ စားလို့ရတဲ့ မျက်တောင်မွှေး နှစ်ချောင်းပဲ ရှိတယ်..."
"ဒါပေမဲ့ ဒါက နတ်ဘုရားတွေတောင် လိုချင်တောင့်တတဲ့ အရသာရှိတဲ့ ဟင်းလျာဖြစ်ပြီး အကျိုးကျေးဇူး အများကြီး ပေးစွမ်းနိုင်တယ်... ပြီးတော့ 'နဂါးနှုတ်ခမ်းမွှေး' လို့ လူသိများကျော်ကြားတယ်..."
သူသည် သားရဲတစ်ကောင်၏ ခေါင်းနှင့် ခြေထောက်များကို စားသည်ဟု ကြားဖူးသကဲ့သို့ ခြေထောက်များနှင့်အမြှီးများကို စားသည်ဟုလည်း ကြားဖူးခဲ့သည်။
သို့ရာတွင် ယခု၌မူ မျက်တောင်မွှေးကို စားရသည်ဟု ဆိုသလော...
ဂဏန်းတစ်ကောင်သည် မည်မျှပင် ကြီးမားပါစေ မျက်တောင်မွှေး တစ်ချောင်းက မည်သို့ စားသောက်နိုင်မည်နည်း...
ထို့ပြင် ထိုအရာကို နဂါးနှုတ်ခမ်းမွှေးဟု ခေါ်ဆိုသလော...
ဤကျယ်ပြောသော လောကကြီးထဲတွင် အမှန်တကယ့်ကို ထူးဆန်းသောအရာများ အမြောက်အများ ရှိနေပေ၏။
ရီဖုန်းသည် ကြောင်အမ်းသွားပြီး ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်သွားခဲ့သည်။
သူ၏ အတွေ့အကြုံမရှိသော ပုံစံကို မြင်လိုက်ရသဖြင့် ဝေ့သုန်းဟိုင်က မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ခပ်သဲ့သဲ့ရယ်မောလိုက်သည်။
"လူငယ်လေး... မင်း အစွမ်းကုန် သတိထားရမယ်... မင်းရဲ့ ခွန်အား မလုံလောက်ဘူးဆိုရင် ဒီလူအိုကြီးက ဝင်ပြီးကူညီပေးမှာပါ"
သူက ပါးစပ်ကသာ ဤသို့ ပြောလိုက်သော်လည်း ဝေ့သုန်းဟိုင်သည် ရီဖုန်း၏ စိတ်ပျက်အားငယ်သွားမည့် အမူအယာကို စိတ်ကူးယဉ်တွေးတောကြည့်ပြီးဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ လေဟာနယ်သားရဲ၏ အရည်ပြားသည် မာကျောပြီး သာမန် သူတော်စင်အဆင့်လက်နက်များဖြင့်ပင် ထိခိုက်အောင် မလုပ်နိုင်ချေ။ ထို့ပြင် ထိုသားရဲသည် လှိုင်းလေထန်သော နေရာများတွင် တစ်နှစ်ပတ်လုံး နေထိုင်သဖြင့် သူ၏ခွန်အားသည် အလွန် ကြောက်မက်ဖွယ်ကောင်းကာ သာမန်လူများကို မြင်လိုက်ရုံနှင့် ကြောက်ရွံ့သွားစေနိုင်သည်။
ဤသားရဲကို ကျင့်ကြံဆင့်စွမ်းအားသက်သက်အပေါ် မှီခိုပြီး အနိုင်ယူရန်မှာ လုံးဝမဖြစ်နိုင်ချေ။
ဤကဲ့သို့ နတ်ဆိုးသားရဲတစ်ကောင်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားရခြင်းမှာ ရှက်ရွံဖွယ် ကိစ္စတစ်ရပ် မဟုတ်ပေ။
အကယ်၍ ဤလူငယ်သာ အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်စာခန့် တောင့်ခံထားနိုင်လျှင် သူ့ကို အလားအလာရှိသော ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်၍ ရနိုင်လေပြီ။
ဤလူငယ်သည် ထိုသားရဲကို ပွတ်ကာသီကာ အနိုင်ရနိုင်သည့် ဂျူနီယာတစ်ယောက်ဆိုလျှင်မူ အနာဂတ်တွင် အကန့်အသတ်မရှိသော အလားအလာများ ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဟု သတ်မှတ်၍ ရနိုင်ပေ၏။
လေဟာနယ်သားရဲကို အသုံးပြုရုံဖြင့် ဤကောင်လေး၏ စိတ်နေသဘောထား ကျင့်ကြံခြင်းနှင့် တိုက်ခိုက်ရေး ဗျူဟာများကို သူ သေသေချာ ချာ စမ်းသပ်နိုင်ပေလိမ့်မည်။ ဤသည်မှာ အမှန်တကယ့်ကို ပြီးပြည့်စုံသော စမ်းသပ်နည်းလမ်းတစ်ခုပင်။
ဝေ့သုန်းဟိုင်သည် တွေးတောမိလေလေ ပို၍စိတ်ပါဝင်စားလာလေလေဖြစ်ကာ သူသည် အပြုံးဖြင့် သူ၏မုတ်ဆိတ်မွှေးကို ပွတ်သပ်လိုက်မိသည်။
သူထံတွင် အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် ဆရာသခင်တစ်ပါး၏ ဟန်ပန်အမူအယာ ရှိနေပေ၏။
ဝေ့သုန်းဟိုင်၏ တည်ကြည်လေးနက်သော အမူအယာကို မြင်လိုက်ရသဖြင့် ရီဖုန်းသည် မေးခွန်းများကို ထပ်မံ၍ မမေးမြန်းတော့ချေ။ သူသည် ကောင်းကင်ကိုပင် ဖုံးလွှမ်းလုနီးပါးဖြစ်အောင် အနက်ရောင်သဲမုန်တိုင်းများကို အဆက်မပြတ် ဖန်တီးနေသည့် အားကောင်းသော ဂဏန်းကြီးကို ကြည့်လိုက်သည်။
ဤဂဏန်းကြီးကို ကြည့်ရသည်မှာ အမှန်တကယ်ကို ခန့်ညားထည်ဝါမည့်ပုံ ပေါက်နေသည်။
ရီဖုန်း၏စိတ်မှလုံးသား ရုတ်တရက် လှုပ်ရှားလာပြီး ဓားတစ်လက်ကို ဆွဲထုတ်ကာ ရှေ့သို့ ပြေးဝင်သွားလေ၏။
ထိုအရာကို မြင်လိုက်ရချိန်၌ ဝေ့သုန်းဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။
အကြောင်းအရင်းမှာ ရီဖုန်း လှုပ်ရှားလိုက်သည်နှင့် သူ အနည်းငယ် စိတ်ပျက်သွားမိသောကြောင့်ပင်။
ရီဖုန်းသည် မဆင်မခြင်ပုံစံဖြင့် မည်သည့်အရာကိုမျှ အကဲခတ်ခြင်း မရှိဘဲ ဓားဆွဲထုတ်ကာ ဝင်ရောက်တိုက်ခိုက်ခြင်းသည် အမှန်တကယ်ကို အနည်းငယ် စိတ်လိုက်မာန်ပါနိုင်လွန်းသည်။
တစ်စုံတစ်ယောက်၏စွမ်းအားသည် မည်မျှထိ မြင့်မားပါစေ သတ္တိသာရှိပြီး နည်းဗျူဟာမရှိလျှင် အလားအလာရှိသော ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်၍ မရနိုင်ပေ။
သို့ရာတွင် နောက်ထပ်အချိန်တခဏ၌...
ထိုနေရာမှနေ၍ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဝှစ်...."
ထိုအသံ အဆုံးသတ်သွားသည်နှင့် လေဟာနယ်သားရဲသည် နှစ်ပိုင်းကွဲထွက်သွားပေ၏။
လေထုထဲတွင် ရှိနေကာ မုတ်ဆိတ်မွှေး သပ်နေသည့် ဝေ့သုန်းဟိုင်၏လက်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏မုတ်ဆိတ်မွှေးတစ်ဆုပ်ကိုပင် ဆွဲနုတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။
"ဟူး...."
နာကျင်မှုနှင့်ထိတ်လန့်မှုတို့ကြောင့် ဝေ့သုန်းဟိုင်က လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။
သူသည် ပြတ်ထွက်သွားသော မုတ်ဆိတ်မွှေးတချို့ကို လက်ထဲတွင် ကိုင်ထားရင်း သူ၏မျက်လုံးများ ပြူးကျယ်နေကာ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
လေဟာနယ်သားရဲသည် မည်မျှထိ အစွမ်းထက်သောသားရဲ ဖြစ်သနည်း။
ဤသားရဲက သာမန်သာဖြစ်သော်လည်း ပထမအဆင့် သူတော်စင် ခွန်အားရှိပြီး အရေပြားသည်လည်း အလွန်မာကျောပေ၏။ သူကိုယ်တိုင် ဤသားရဲကို တိုက်ခိုက်လျှင်ပင် ခွန်အားအနည်းငယ် စိုက်ထုတ်ရပေမည်။
သူသည် မူလက ဤကောင်လေး မောပန်းသွားမည့်အချိန်ကို စောင့်ဆိုင်းပြီးမှ သွားရောက်ကူညီရန် စဉ်းစားထားခဲ့ခြင်း ဖြစ်သည်...
သို့ရာတွင် အမှန်တကယ် ဖြစ်ပျက်သွားသည်မှာ....
ဓားချက်တစ်ချက်တည်းနှင့် အဆုံးသတ်သွားခဲ့သလော...
ဤလူငယ်လေး၏တိုက်ခိုက်မှုက အလွန်ပြတ်သားပြီး သူ၏ခွန်အားသည် သာလွန်ထူးကဲနေသည် မဟုတ်လော...
သူ၏အစီအစဉ်သည် အနည်းငယ် ရှုပ်ထွေးသွားခဲ့လေပြီ။
ကြည့်ရသည်မှာ သူကိုယ်တိုင် အလွန်စိတ်လောသွားခဲ့ပုံပင်။
ဝေ့သုန်းဟိုင်သည် ရုတ်တရက် ကြောင်အမ်းသွားပြီး သဲပြင်ပေါ်သို့ သတိမထားမိဘဲ ဆင်းသက်လိုက်ကာ သူ၏မုတ်ဆိတ်မွှေးကို ဆုပ်ကိုင်ထားရင်း လေထုထဲတွင် ဖရိုဖရဲ ဖြစ်နေတော့သည်။
မလှမ်းမကမ်းတွင်...
ရီဖုန်းသည် "ဒါပဲလား" ဟူသော အမူအယာဖြင့် ပေပေါင်းများစွာ မြင့်မားသည့် ဂဏန်းကြီးကို ကြောင်ငေးကြည့်နေမိသည်။
လေဟာနယ်သားရဲအကြောင်း ကောလာဟလများကို အကုန်ကြားပြီးသည့်နောက် သူသည်လည်း ဤဂဏန်းကောင်က ယုံနိုင်စရာမရှိလောက်အောင် သန်မာမည်ဟု တွေးထင်ခဲ့သည်။ ထိုကြောင့် သူသည် ဓားကိုပင် ဆွဲထုတ်ကာ လေးလေးစားစားနှင့်အလေးအနက်ထား၍ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ထိုသားရဲသည် ဖရဲသီးစိတ်လိုက်သကဲ့သို့ ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းကွဲသွားမည်ဟု သူ တွေးထင်မထားခဲ့ပေ။
ဤကဲ့သို့ မဖြစ်သင့်ချေ။
ရီဖုန်းသည် အနည်းငယ်စိတ်ပျက်သွားပြီး ဂဏန်းကြီး၏ နှစ်ပိုင်းကွဲနေသောခန္ဓာကိုယ်ကို ဆွံ့အနေသော အမူအယာဖြင့် ကြည့်လိုက်သည်။
သူသည် အလွန်ကြည်လင်ပြတ်သားသော မျက်တောင်မွှေးကြီးများကို မြင်လိုက်ရသည့် အချိန်ကျမှသာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ အနည်းဆုံးအနေဖြင့် သူ ရိတ်သိမ်းရန် တစ်စုံတစ်ခု ရရှိသွားပြီဟု တွေးတောလိုက်မိ၏။
သူသည် ချက်ချင်းဆိုသလိုပင် သူ၏ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။
"ရွှပ်... ရွှပ်..."
အသံနှစ်ချက်သာ ကြားပြီးနောက် သူ၏ဓားမြောက်တက်သွားကာ မျက်တောင်မွှေးနှစ်ချောင်း ပြုတ်ကျလာခဲ့သည်။
ထိုမျက်တောင်မွှေးကြီးနှစ်ချောင်းသည် သူ၏လက်ထဲသို့ ကျရောက်လာပြီး ထိုအရာများ၏ အလေးချိန်နှင့်အရွယ်အစားသည် စိတ်ကျေနပ်ဖွယ်ကောင်းလှကာ မျှစ်နှစ်ချောင်း ကိုင်ထားရသကဲ့သို့ ဖြစ်နေသည်။
ဤဂဏန်းသည် အသုံးမကျသော်လည်း ရိတ်သိမ်းနိုင်မှုကမူ ကောင်းမွန်ပေ၏။
မျက်တောင်မွှေးနှစ်ချောင်းဟုသာ ပြောရသော်လည်း ဤသည်မှာ တစ်နပ်စာ လုံလောက်မည့်ပုံပင်။
ရီဖုန်းသည် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာ ရသွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။
သို့ရာတွင် သူ အပြည့်အဝ မပြုံးလိုက်နိုင်ခင်မှာပင် မျက်တောင်မွှေးများသည် လေလျော့သွားသကဲ့သို့ ရုတ်တရက် စတင်ကျုံ့ဝင်သွားပြီး သိသိသာသာ သေးငယ်ပါးလှပ်သွားသည်။
အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ထိုအရာများသည် ခေါက်ဆွဲမျှင်ကဲ့သို့ ပါးလွှာသော ကြိုးမျှင်နှစ်ချောင်းအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားပေ၏။
သူ၏ရိတ်သိမ်းနိုင်မှု သိသိသာသာ လျော့နည်းသွားသည်ကို ကြည့်ရင်း သူ၏နှလုံးသွေး ယိုစီးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရီဖုန်း ကြက်သေသေသွားပြီး ချက်ချင်းဆိုသလိုပင် နောက်သို့ပြန်လှည့်ကြည့်လိုက်သည်။
"စီနီယာ... ဘာ... ဘာဖြစ်သွားတာလဲ... ကျွန်တော် အမြင်မှားသွားတာလား"
သူ၏ အံ့အားတသင့် မေးမြန်းလိုက်သော အသံကို ကြားလိုက်မှသာ ဝေ့သုန်းဟိုင်က နောက်ဆုံးတွင် သတိပြန်ဝင်လာသည်။
ရီဖုန်းသည် ထိတ်ထိတ်ပျာပျာဖြင့် ပြေးလာပြီး သူ၏မျက်နှာတွင် အနည်းငယ် ပျာယာခတ်သော အမူအယာမျိုး ဖြစ်နေသည်။
ရီဖုန်း၏ စိတ်လှုပ်ရှားနေသောပုံစံကို မြင်လိုက်ရချိန်၌ ဝေ့သုန်းဟိုင်သည် နောက်ဆုံးတွင် သူ၏ စီနီယာဟန်ပန်တချို့ကို ပြန်လည်၍ရရှိသွားသည်။
သူသည် ဂုဏ်သိက္ခာ အနည်းငယ် ပြန်ရလာသဖြင့် သူ၏လက်ထဲမှ ပြတ်ထွက်နေသော မုတ်ဆိတ်မွှေးများကို တိတ်တဆိတ် လွှင့်ပစ်လိုက်သည်။
သူသည် ဆရာသခင်တစ်ပါး၏ဟန်ပန်ကို ထိန်းသိမ်းရင်း သူ၏မုတ်ဆိတ်မွှေးကို ဆက်လက်၍ပွတ်သပ်ကာ ဆုံးမစကား ပြောဆိုလိုက်သည်။
"ဟီး ဟီး..."
"လူငယ်လေး... မင်းရဲ့ ဗဟုသုတက တိမ်လွန်းသေးတယ်... ဒီနဂါးနှုတ်ခမ်းမွှေးတွေက ခန္ဓာကိုယ်နဲ့ ကွာသွားတာနဲ့ လေဟာနယ် လှိုင်းတံပိုးတွေကို အလိုအလျောက် ထုတ်လွှတ်လိုက်တယ်... ဒီလို အရသာမျိုးက လောကကြီးမှာ ရှားပါးတယ်... ပေါင်ရာနဲ့ချီပြီးတော့ အလွယ်တကူ ရနိုင်မယ်ဆိုရင် ဘာလို့ အဲ့ဒီလောက်ထိ တန်ဖိုးရှိနေပါ့မလဲ"
ရီဖုန်းက ခေါင်းညိတ်လိုက်သည်။
"ဒါက အနှစ်မပါတဲ့ အကောင်ကြီးသက်သက် ဖြစ်နေတာပဲ... နှမြောစရာ ကောင်းလိုက်တာ..."
တခြားလူများဆိုလျှင် နဂါးနှုတ်ခမ်းမွှေစ တစ်ချောင်း နှစ်ချောင်းခန့် ရရှိနိုင်ရန် အလွန်အမင်း ကြိုးစားရမည်။ ဤကိစ္စကြောင့် သူတို့၏အသက်များ ဆုံးရှုံးသွားနိုင်သည့်အပြင် နှစ်ပေါင်းထောင်နှင့်ချီ၍ ကျင့်ကြံထားသည့်စွမ်းအားများလည်း ပျက်စီးသွားနိုင်သည်။
သို့ရာတွင် ဤကောင်လေးကမူ...
သူသည် နဂါးနှုတ်ခမ်းမွှေးနှစ်ချောင်းကို လွယ်လင့်တကူ ရရှိထားသဖြင့် ယခုချိန်၌ ကြွားလုံးထုတ်နေသည့်အပြင် နောင်တရသောမျက်နှာပေးမျိုး လုပ်ပြနေသည်။
အနှစ်မပါတဲ့ အကောင်ကြီးတဲ့...နှမြောစရာတဲ့...
ဤသည်မှာ မည်မျှထိ မောက်မာထောင်လွှားသော စကားများ ဖြစ်သနည်း...
ဝေ့သုန်းဟိုင်၏မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားပြီး သူ၏ ဆရာသခင် ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် အပြုံးတစ်ခုကို ဖျစ်ညှစ်၍ ဖော်ထုတ်လိုက်ရသည်။
"ဟီး ဟီး... မင်း သိပ်ပြီး စိတ်ပျက်အားငယ်နေဖို့ မလိုပါဘူး... လေဟာနယ်သားရဲတွေက အမြဲတမ်း ရှားပါးတယ်... မင်းအနေနဲ့ ဒီ နဂါးနှုတ်ခမ်းမွှေးနှစ်ချောင်း ရလိုက်တာကကို ကံတော်တော်ကောင်းနေပြီ... မင်းရဲ့ ကျင့်ကြံဆင့်က ထူးခြားတယ်လို့ ငါက သတိထားမိတယ်... မင်းက တကယ့်ကို အလားအလာရှိတဲ့ ပါရမီရှင်ပဲ"
ဝေသုန်းဟိုင်၏လေသံသည် တည်ငြိမ်နေသော်လည်း သူ၏စိတ်နှလုံးသားထဲတွင်မူ အလွန်အမင်း စိတ်လှုပ်ရှားနေလေပြီ။
သူသည် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ဖူးသော်လည်း ဤမျှထိ ပါရမီရှိသော လူငယ်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။
ဤလူငယ်၏ ကျင့်ကြံဆင့်အတိအကျကို လောလောဆယ်တွင် သူ ထွင်းဖောက်မမြင်နိုင်သေးချေ။ သို့ရာတွင် သူ၏တိုက်ခိုက်နိုင်စွမ်းသည် သာမန်သူတော်စင်များထက် ကျော်လွန်ပြီး အမှန်တကယ်ကို သာလွန်ထူးကဲနေသည်။ အကယ်၍ ဤလူငယ်ကို သူ အချိန်ယူပြီး လမ်းညွှန်မှုပေးနိုင်မည်ဆိုလျှင် အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ် ရှိလိမ့်မည် မဟုတ်ချေ။
အနာဂတ်တွင် သူတို့ကဲ့သို့ လူများကိုပင် ကျော်လွန်သွားရန်မှာ မဖြစ်နိုင်သော ကိစ္စတစ်ရပ် မဟုတ်ချေ။
အဘိုးအိုဖုနန်ထျန်းသည် ဤကောင်လေးကို မည်သည်ကြောင့် ဤမျှထိ တန်ဖိုးထားနေသည်မှာ အံ့အားသင့်စရာ ကိစ္စတစ်ရပ် မဟုတ်တော့ပေ။
အမှန်တကယ်ကို ဤလူငယ်လေးထံ၌ ထူးခြားသောအရာတစ်ခု ရှိနေပေ၏။
ဝေ့သုန်းဟိုင်သည် ပို၍တွေးတောလေလေ ပို၍စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး ရတနာတစ်ခုကို စောစီးစွာ ရှာတွေ့လိုက်ရသည့်အလား အောင်ပွဲခံသည့် ခံစားချက်မျိုးကို ရရှိလိုက်သည်။
သူသည် စီနီယာတစ်ယောက်အနေဖြင့် ထိုလူငယ်ကို တပည့်အဖြစ် လက်ခံရန် ပြင်ဆင်ရင်း သူ၏တည်ငြိမ်မှုကို ဆက်လက်၍ ပြသလိုက်သည်။
"လူငယ်လေး... မင်းရဲ့ ကျင့်ကြံခြင်းက မဆိုးပေမယ့် မင်းရဲ့ မဆင်မခြင် လုပ်ရပ်တွေကိုတော့ ဆွေးနွေးဖို့ လိုလိမ့်မယ်... ငါ့ရဲ့အမြင်အရဆိုရင် မင်း တိုးတက်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေသေးသလို မင်းရဲ လောဘကိုလည်း ထိန်းချုပ်ဖို့ လိုတယ်"
"တကယ်လို့..."
သူ ဟန်ရေးပြနေသော်လည်း ရီဖုန်းကမူ ဂရုစိုက်ပုံမရချေ။
သူသည် လက်ထဲမှ နဂါးနှုတ်ခမ်းမွှေး နှစ်ချောင်းကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် နောင်တရခြင်း စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေပေ၏။
"ဟူး... ဒီနှစ်ချောင်းကို ရဖို့အတွက် ကျွန်တော်က အားတွေ အများကြီး သုံးလိုက်ရတာ... တစ်ယောက်တစ်ချောင်း စားမယ်ဆိုရင် ဒါကို အရသာတောင် ခံလိုက်ရမှာ မဟုတ်ဘူး... နောက်ထပ် နည်းနည်းလောက် ပိုရှိရင် ဘယ်လောက် ကောင်းမလဲ"
ဝေ့သုန်းဟိုင်၏ပါးစပ် မဲ့ရွဲ့သွားပြီး ကျိန်ဆဲမိလုနီးပါး ဖြစ်သွားသည်။
သူသည် တပည့်လက်ခံနိုင်ရန်အတွက် အလေးအနက်ထား၍ ကြိုးစားနေခဲ့သည်။
ဤအနာဂတ်တပည့်သည် သူ့ကို ဂရုမစိုက်လိုလျှင်ပင် ကိစ္စမရှိချေ။ ပါရမီရှင်များသည် အနည်းငယ် မောက်မာထောင်လွှားတတ်သည်ကို သူ နားလည်ပေးနိုင်ပေ၏။
သို့ရာတွင် နဂါးနှုတ်ခမ်းမွှေးအတွက် နောင်တရနေသည်ကိုသာ အာရုံစိုက်နေပြီး သူ၏မျက်လုံးထဲ၌ တခြားမည်သည့်အရာမျှ မရှိသည်ကမူ....
ဤသည်က တရားလွန်နေလေပြီ။
သူ၏အနာဂတ် ဆရာသခင်သည် နဂါးနှုတ်ခမ်းမွှေးနှစ်ချောင်းလောက်ပင် မကောင်းသလော....
ဤစမ်းသပ်မှုကို အီးပေါက်သလောက်တောင် သဘောမထားသလော...
ရီဖုန်း၏ နောင်တရနေသော မျက်နှာနှင့် နဂါးနှုတ်ခမ်းမွှေးအတွက် ညည်းညူနေသည်ကို မြင်လိုက်ရချိန်၌ ဝေ့သုန်းဟိုင်သည် ဒေါသထွက်လာပြီး ဤလူငယ်ကို သင်ခန်းစာပေးရန် ဟန်ပြင်လိုက်သည်။
"ဟီး ဟီး..."
"လူငယ်လေး... ဒီ နဂါးနှုတ်ခမ်းမွှေးတွေကို သာမန်ပစ္စည်းတွေလို့ ထင်နေတာလား... လေဟာနယ်သားရဲတွေက အလွန် ရှားပါးတယ်... ဘယ်လိုလုပ် အဲ့ဒီလောက်ထိ အလွယ်တကူ..."
သူ စကားပြောဆိုနေသည့် အချိန်မှာပင် ရုတ်တရက် သဲပင်လယ်တစ်ခုလုံး ပြင်းထန်စွာ စတင်၍ တုန်ခါလာခဲ့သည်။
"ဝုန်း"
သူတို့၏ခြေအောက်မှ တုန်ခါမှုသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ဖြစ်နေသဖြင့် သူတို့ မတ်တတ်ရပ်ရန်ပင် ခက်ခဲလာသည်။
ဤကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုသည် ယခင်ကထက် အဆများစွာ ပို၍ကြီးမားနေခဲ့သည်။
သူတို့နှစ်ယောက်သား ထိတ်လန့်သွားကြပြီး ချက်ချင်းဆိုသလိုပင် လေထုသို့ ပျံသန်းကာ ငြိမ်သက်စွာ စောင့်ကြည့်လိုက်ကြသည်။
သူတို့ အံ့အားတသင့် ကြည့်လိုက်ကြရာ သဲပင်လယ်ကြီးသည် တဝုန်းဝုန်းနေပြီး မိုင်ပေါင်းများစွာအနက်ထိ သိသိသာသာ ကျွံ့ဝင်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော တွင်းနက်ကြီးသည် သဘာဝဘေးအန္တရာယ် တစ်ခုနှင့် တူညီနေပေ၏။
ဝေ့သုန်းဟိုင်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားပြီး သူ၏မုတ်ဆိတ်မွှေးကို သပ်ကာ တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်သည်။
"အရင်တစ်ကောင်ထက် ပိုပြီးအစွမ်းထက်တဲ့ လေဟာနယ်သားရဲ ပေါ်လာပုံပဲ"
ပိုပြီးအစွမ်းထက်တာလား...
ဒါက တကယ် ကောင်းတာပဲ...မဟုတ်ရင် ရိတ်သိမ်းရတာ အရမ်းနည်းနေလိမ့်မယ်...
ထိုစကားသံကြောင့် ရီဖုန်း၏မျက်လုံးများ တောက်ပလာပြီး နဂါးနှုတ်ခမ်းမွှေးများကို သိမ်းဆည်းကာ စူးစိုက်၍ကြည့်လိုက်သည်။
ကျွံ့ဝင်သွားသော နေရာသည် ဆက်လက်၍ကျယ်ပြန့်နေဆဲဖြစ်ပြီး အလွန်ကြီးမားသော ခန္ဓာကိုယ်တစ်ခုက သဲပင်လယ်အတွင်း၌ မွှေနှောက်နေသည့်အလားပင်။ ယခင် လေဟာနယ်သားရဲ၏ အလောင်းပင်လျှင် ကျောက်စရစ်ခဲလေးတစ်လုံးကဲ့သို့ သဲပင်လယ်အတွင်း၌ နစ်မြုပ်သွားပြီး ချက်ချင်းဆိုသလိုပင် အစအနမကျန်အောင် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ကောင်းကင်နှင့်မြေပြင် တုန်ခါသွားစေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။
"ဝေါင်း..."
ပေပေါင်းများစွာအရွယ်အစားရှိသော ဧရာမ လက်မကြီးနှစ်ဖက်သည် သဲပင်လယ်ထဲမှ ထိုးထွက်လာပြီး မိုးကောင်းကင်ယံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။
ငွေရောင်ဧရာမလက်မကြီး ဆန့်ထွက်လာသည့် အချိန်၌ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် စတင်၍ တွန့်လိမ်ပုံပျက်လာသည်။ ကြောက်မက်ဖွယ် အရှိန်အဝါများသည် အဆက်မပြတ် ပြန့်နှံ့လာကာ လေဟာနယ်သည်ရေလှိုင်းများ စီးဆင်းနေသည့်အလား လှိုင်းဂယက်များထလာပေ၏။
ဝေ့သုန်းဟိုင်၏မျက်နှာအမူအယာ ထိတ်လန့်တုန်လှုပ်မှုကြောင့် သိသိသာသာ ပျက်ယွင်းသွားပေ၏။
"ငွေရောင်လက်မ..လေဟာနယ်အက်ကွဲခြင်း..."
"သောက်ကျိုးနည်း... ဒါက ပဉ္စမအဆင့် လေဟာနယ်သားရဲပဲ"
ဝေ့သုန်းဟိုင်သည် ပဉ္စမအဆင့်သူတော်စင် ဖြစ်သော်လည်း အဆင့်တူ လေဟာနယ်သားရဲကို ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း သိရှိထားသည်။ လေဟာနယ်လှိုင်းတံပိုးများကို ဝါးမျိုပြီး လေဟာနယ်စွမ်းအားကို နားလည်သဘောပေါက်ထားသော ဤကဲ့သို့ နတ်ဆိုးသားရဲမျိုး၏တိုက်ခိုက်စွမ်းအားကို ပုံမှန်မဟုတ်ဟု ဖော်ပြနိုင်သည်။
အကယ်၍ ဤနတ်ဆိုးသားထဲသာ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်အသုံးလိုက်ပါက သူ အစွမ်းကုန် ကြိုးစားလျှင်ပင် အနိုင်ရရှိရန် မသေချာချေ။
လက်ရှိတွင် သူသည် ဤအနာဂတ် တပည့်ကိုလည်း စောင့်ရှောက်ရဦးမည် ဖြစ်သဖြင့် သူ အစွမ်းကုန် တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထိုကြောင့် သူ၏စွမ်းအားသည် သေချာပေါက် လျော့နည်းသွားမည်ဖြစ်ပြီး ပဉ္စမအဆင့် လေဟာနယ်သားရဲကို သူ မည်သို့မျှ အနိုင်ယူနိုင်မည် မဟုတ်ချေ။
တစ်ချက် ကြည့်လိုက်ရုံမျှသာ ရှိသေးသော်လည်း ဝေ့သုန်းဟိုင်သည် သူ၏အတွေ့အကြုံမှတဆင့် အခြေအနေကို အကဲဖြတ်ပြီးဖြစ်သည်။
ဆရာသခင်တစ်ပါး အနေဖြင့် သူ၏အနာဂတ် တပည့်ကို သူ ကာကွယ်ရပေမည်။
ဝေ့သုန်းဟိုင်သည် သူ၏မုတ်ဆိတ်မွှေးကို လေးလေးနက်နက် ပွတ်သပ်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် ယုံကြည်ချက်အပြည့် ရှိနေသည်။
"ကောင်လေး... ဒီသားရဲက ယုံနိုင်စရာမရှိလောက်အောင် အစွမ်းထက်တယ်... ငါတို့ လုံးဝ..."
သူ၏စကားမဆုံးခင်မှာပင် သူ၏နားနံဘေးတွင် "ဝှစ်" ဟူသော အသံကို ကြားလိုက်ရသည်။
ထို့နောက် ရီဖုန်းသည် မြေပြင်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ စိတ်လှုပ်ရှားစွာ ရယ်မောရင်း ကြောက်မက်ဖွယ် ငွေရောင်ဧရာမသားရဲကြီးထံ သို့ ပြေးဝင်သွားသည်အား သူ မြင်တွေ့လိုက်ရတော့သည်။