အခန်း (၁၀၁၄)
Vol. 69 Ch. 1014
"ဟားဟားဟား..."
"ဒီကောင်က တကယ်ကြီးတာပဲ... အသားပိုထွက်မှာ သေချာတယ်... အရမ်းကောင်းတယ်... ပြီးရင် ကျွန်တော်တို့ ညီတူမျှတူ ခွဲဝေယူကြတာပေါ့"
ရီဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဓားကိုဝှေ့ယမ်းကာ ရူးသွပ်နေသော သူ၏ပုံစံသည် မည်သည့်အရာကိုမျှ မသိနားမလည်သည့် လူရိုးလူအတစ်ယောက်နှင့် တူညီနေသည်။
ဝေ့သုန်းဟိုင်သည် ကြက်သေသေသွားပြီး အလွန်ထိတ်လန့်သွားသဖြင့် လေထုထဲတွင် သူ၏ခန္ဓာကိုယ်ယိမ်းယိုင်သွားကာ သူ့မုတ်ဆိတ်မွှေးလက်တစ်ဆုပ်ကို မတော်တဆ ဆွဲနှုတ်လိုက်မိသည်။
ဤလူငယ်သည် ပဉ္စမအဆင့် လေဟာနယ်သားရဲထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ညီတူညီမျှ ခွဲဝေယူရန်ပင် ပြောနေပေ၏။ ဤကောင်စုတ်လေးသည် သေလမ်းရှာနေခြင်းပင်။
လေဟာနယ်သားရဲ၏ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ကြီးသည် မိုးကောင်းကင်ကို လွှမ်းခြုံထားသည်။ ဝေ့သုန်းဟိုင်သည် အလွန်စိုးရိမ်ပူပန်နေသဖြင့် ကျယ်လောင်စွာ အော်ဟစ်၍ ဆဲဆိုမိလုနီးပါးပင်။
သို့ရာတွင် သူ၏အနာဂတ်တပည့်လေး အသက်အန္တရာယ်ရှိနေသဖြင့် ပြုတ်ထွက်သွားသော မုတ်ဆိတ်မွှေးကိုပင် ဂရုမစိုက်နိုင်တော့ချေ။ သူသည် သူ၏မျက်လုံးများကို မှေးစင်းပြီး သူ၏ချစ်လှစွာသော တပည့်လေးကို ကယ်တင်ရန် ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
သို့ရာတွင် မည်သူ တွေးထင်ခဲ့မိမည်နည်း....
ရီဖုန်းက အရှိန်ထပ်မြှင့်လိုက်ပြီး ရှေ့သို့ပြေးဝင်ကာ သူ၏ဓားကို မြှောက်လိုက်သည်။
"ဝှစ်.. "
ကြည်လင်ပြတ်သားသော အသံတစ်သံက ကောင်းကင်နှင့်မြေပြင်အနှံ့ ပဲ့တင်ထပ်သွားပေ၏။
ပဉ္စမအဆင့် လေဟာနယ်သားရဲသည် ချက်ချင်းထက်ခြမ်းကွဲသွားပြီး တောင်ကြီးကဲ့သို့ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ဘေးတစ်ဖက်တစ်ချက်စီသို့ ပြုတ်ကျသွားရာ သဲပင်လယ်တစ်ခုလုံး တုန်ခါသွားပြီး လေစီးကြောင်းများ လှိုင်းထန်သွားသည်။
နောက်တစ်ချက်... နောက်ထပ် တစ်ချက်တည်းပဲလား....
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
လေထုထဲတွင်ရှိနေသော ဝေ့သုန်းဟိုင် ကြက်သေသေသွားပြီး သူ၏နှုတ်ခမ်းများ စတင်၍တုန်ရီလာသည်။ သူ ကြောင်ငေးနေစဉ်မှာပင် နောက်ထပ် ဓားချက်နှစ်ချက် ထွက်ပေါ်လာပြီး ယခင်ကထက် သိသိသာသာ ပို၍ကျွမ်းကျင်နေပေ၏။
"ရွှပ်... ရွှမ်..."
ရီဖုန်းသည် သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်သည်နှင့် ငွေရောင် နဂါးနှုတ်ခမ်းမွှေးနှစ်ချောင်းက သူ၏လက်ထဲသို့ ရောက်ရှိလာသည်။
ရီဖုန်း ဝမ်းသာအားရ ဖြစ်သွားပြီး နောက်ပြန်လှည့်ကာ လက်ပြလိုက်ပြီး သူ၏သွားများပေါ်သည်အထိ ပြုံးပြလိုက်သည်။
"လူအိုကြီး... လူအိုကြီး...."
"ဒီကောင်က တကယ်ပဲ ပိုကြီးတယ်... ကျွန်တော်တို့တွေ အများကြီးစားရတော့မယ်"
ထိုအသံထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသော်လည်း ဝေ့သုန်းဟိုင်သည် အလွန် စိတ်ကူးယဉ်ဆန်နေသကဲ့သို့ ခံစားရသည်။ ထိုအသံသည် အဝေးမှ လာသောကြောင့် လေစီးကြောင်းများ တိုက်ခတ်လာမှုနှင့်အတူ ပျောက်ကွယ်သွားပုံရပြီး ပို၍ဝေးကွာကာ ဝေဝါးလာသည်။
ဝေ့သုန်းဟိုင်သည် အသံတစ်စုံတစ်ရာကို တဖြည်းဖြည်း မကြားရတော့သည့်အလား ထိုမြင်ကွင်းကို ငေးကြည့်နေမိသည်။
သူ၏စိတ်ထဲတွင် ဗလာဟင်းလင်းဖြစ်သွားကာ သူ ဇဝေဇဝါ ဖြစ်သွားသည်။ ဤတစ်ကြိမ်တွင် သူ အမှန်တကယ်ကို ဇဝေဇဝါ ဖြစ်သွားခြင်းပင်။
သားရဲတစ်ကောင်... ဓားတစ်ချက်... နှစ်ကြိမ်စလုံး သပ်ရပ်ပြီး တိကျနေသည်။ ဤသည်က အမှန်တကယ်ကို လေဟာနယ်သားရဲတစ်ကောင်အား ခုတ်ပိုင်းနေခြင်း ဖြစ်နိုင်သလော။ ဂေါ်ဖီထုပ်တစ်ထုပ်ကို ခုတ်လျှင်ပင် ဤမျှထိ လွယ်ကူပြီး သက်တောင့်သက်သာ ရှိမည်မဟုတ်ပေ။
ထိုသက်တောင့်သက်သာနှင့် ပျော်ရွှင်နေသော အပြုံးကို သူ ကြည့်လိုက်ချိန်၌ ထိုလူငယ်ထံတွင် စိတ်ဖိစီးမှု အနည်းငယ်မျှ မရှိဘဲ ဟင်းသီးဟင်းရွက် ရိတ်သိမ်းရသဖြင့် ပျော်ရွှင်နေသည့်အလားပင်။ ဤလူငယ်သည်အမဲလိုက်နေခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ယခင်က ပထမအဆင့် လေဟာနယ်သားရဲသည် ကိစ္စမရှိချေ။ ဝေ့သုန်းဟိုင်အနေဖြင့် အကယ်၍ သူ အလေးအနက်ထားပါက ထိုသားရဲကို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်အား သူ သိရှိထားသည်။
သို့ရာတွင် ယခုကြုံတွေ့ရသည့် ပဉ္စမအဆင့် လေဟာနယ်သားရဲသည် မွေးရာပါ နတ်ဘုရားစွမ်းရည်များကို နားလည်ထားပြီးဖြစ်သော ထူးဆန်းသည့် သားရဲတစ်ကောင်ပင်။ ထိုသားရဲ၏ ဧရာမလက်မများသည် ထိပ်တန်း သူတော်စင်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ပြီး သူ၏ခန္ဓာကိုယ်သည် စိတ်ကူးမယဉ်နိုင်လောက်အောင် မာကျောသည်။ ဝေ့သုန်းဟိုင်ကိုယ်တိုင်ပင်လျှင် ထိုသားရဲကို အနိုင်ရမည်ဟု ယုံကြည်ချက် လုံးလုံးလျားလျား မရှိပေ။
သို့ရာတွင် ထိုသားရဲ ဓားတစ်ချက်တည်းဖြင့် ချက်ချင်း အသတ်ခံလိုက်ရသည်။
ဤသည်မှာ မည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားမျိုး ဖြစ်သနည်း။ မည်ကဲ့သို့ သာလွန်ထူးကဲသော ကျင့်ကြံဆင့်နယ်ပယ်မျိုး ဖြစ်သနည်း။
သူသည် ရီဖုန်း၏ကျင့်ကြံဆင့်ဆင့်ကို မမြင်နိုင်သေးသော်လည်း ဝေ့သုန်းဟိုင်သည် အရူးမဟုတ်ပေ။ သူနှင့်တစ်ဖက်လူကြား ကွာဟချက်သည် မည်မျှထိ ကြီးမားကြောင်း သူ ချက်ချင်း နားလည်သွားပေ၏။
ဒီလူငယ်က... ဒီလူငယ်မိတ်ဆွေလေးက...
မဟုတ်ဘူး... ဒီဆရာကြီးက သူ့ရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားတာပဲ....
ဝေ့သုန်းဟိုင်သည် အံ့အားတသင့် ကြည့်နေပြီး နောက်ဆုံးတွင် ရီဖုန်း၏စွမ်းအားကို အသိအမှတ်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် စကားမပြောနိုင်ဘဲ တိတ်တဆိတ် ညည်တွားလိုက်သည်။ ထိုအဘိုးအိုဖုနန်ထျန်းသည် ဤကဲ့သို့တည်ရှိမှုမျိုးကို တပည့်အဖြစ် ခေါ်ယူလိုသည်ဟု မရှက်မကြောက် ကြွားဝါရဲပေ၏။
ဤသည်က ဟာသပြက်လုံးတစ်ခု မဟုတ်လော....
ဖုနန်ထျန်း၏ မပြောပလောက်တဲ့ ကျင့်ကြံဆင့်ဖြင့် ဤဆရာကြီးကို ယှဉ်ပြိုင်နိုင်မည်လော...
တခြားအရာအားလုံးကို ဘေးဖယ်ထားလျှင်ပင် အစောပိုင်းက ရီဖုန်း ပေါ့ပေါ့ပါးပါး ခုတ်ပိုင်းလိုက်သော ဓားချက်ကို ဖုနန်ထျန်း တားဆီးနိုင်မည် မဟုတ်ချေ။ ထို့ပြင် သူတို့အုပ်စုအတွင်းမှ မည်သူမှလည်း တားဆီးနိုင်မည် မဟုတ်ပေ။
ယခု သူ ပြန်စဉ်းစားကြည့်ချိန်၌ သူတို့သည် သူတို့၏စွမ်းရည်များကို ပြသပြီး ဤလူငယ်ကို တပည့်အဖြစ် လက်ခံဖို့ရန်နှင့် ဤကိစ္စကို သူတို့အကြား ပြိုင်ပွဲတစ်ခုအဖြစ် သဘောထားပြီး စမ်းသပ်မှုတစ်ခုကို ဖန်တီးရန်ပင် ဆွေးနွေးခဲ့ကြ၏။
ဖြစ်နိုင်သည်မှာ ဤဆရာကြီး၏မျက်လုံးထဲတွင် သူတို့၏နတ်ဘုရားစွမ်းရည်ဟူသည့်အရာများသည် ကလေးကစားစရာ သက်သက်သာ ဖြစ်ပေလိမ့်မည်။ ဤကဲ့သို့ တည်ရှိမှုမျိုးကို သူတို့သည် တပည့်အဖြစ် လက်ခံနိုင်မလော...။
ဟူး...
ဝေ့သုန်းဟိုင်သည် သူ့ရှေ့ရှိမြင်ကွင်းကို ကြက်သေသေစွာဖြင့် ကြည့်နေပြီး ခါးသည်းသော အပြုံးတစ်ခုကိုသာ အတင်းအကျပ် ပြုံးနိုင်တော့သည်။ သူ၏လက်ထဲရှိ မုတ်ဆိတ်မွှေးများကို လေစီးကြောင်းများနှင့်အတူ လွင့်ပါးသွားစေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး လေထုထဲတွင် တောင့်တင်းသွားသည်။
နောက်ဆုံးတွင် သူသည် အမှန်တရားကို တွေ့မြင်လိုက်ရပြီး သူ၏စိတ်နှလုံးသားအတွင်းတွင် ရယ်ရွှင်ဖွယ်ကောင်းမှုကိုသာ ခံစားလိုက်ရသည်။ ထိုလူငယ်သည် အဝေးမှနေ၍ သူ့ကို ကြည့်လိုက်ချိန်၌ သူ၏စိတ်ခံစားချက်များ မယုံနိုင်လောက်အောင် ရှုပ်ထွေးနေပြီး မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိတော့ချေ။ သူ့ထံ၌ ရှက်ရွံ့မှုနှင့်ဇဝေဇဝါဖြစ်မှုများ အဆက်မပြတ် ရောယှက်နေသည်။
ဤကဲ့သို့ ဝေ့သုန်းဟိုင် အဆင်မပြေဖြစ်နေသော အချိန်အခိုက်အတန့်မှာပင်...
တုန်ခါမှုကြီးတစ်ခုကြောင့် သူ ထိတ်လန့်သွားသည်။ သဲပင်လယ်ကြီးသည် ထပ်မံ၍ တုန်ခါလာပေ၏။ ဤတုန်ခါမှုသည် ယခင်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ သဲပင်လယ်ကြီးသည် ဒီရေကဲ့သို့ လှိုင်းထနေရုံသာမက လေဟာနယ်အတွင်း၌ပင် လှိုင်းများပျံ့နှံ့နေပုံရသည်။
သဲထဲမှ ထွက်ပေါ်လာသော ရွှေရောင်ဖျော့ဖျော့ ဧရာမ လက်မကြီးကို မြင်လိုက်ရုံဖြင့် ဝေ့သုန်းဟိုင်၏မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့မှုများ ထွက်ပေါ်လာသည်။
"ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ရွှေရောင်ရှိနေခြင်းသည် ပဉ္စမအဆင့်၏အထက်ရှိ လေဟာနယ်သားရဲတစ်ကောင်ဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။
ဤအဆင့်တွင် ထိုသားရဲ မွေးရာပါ နတ်ဘုရားစွမ်းရည်များအပေါ် နားလည်သဘောပေါက်မှုသည် အလွန်တိုးတက်လာပေမည်။ ထိုသားရဲသည် ဒဏ္ဍာရီလာ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်နေပြီဖြစ်ကာ နှစ်တစ်ထောင်ကြာပြီးနောက်မှသာ ကြုံတောင့်ကြုံခဲ မြင်တွေ့ရလေ့ရှိသည်။ ထိုကဲ့သို့ ဧရာမသားရဲကြီး၏ရှေ့မှောက်တွင် သူ ထွက်ပြေးရန်ပင် ရုန်းကန်ရပေလိမ့်မည်။
မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသကဲ့သို့ မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များက ဝေ့သုန်းဟိုင်၏မျက်လုံးများတွင် ထင်ဟပ်နေပြီး သူ၏မျက်နှာ ဖြူဖျော့သွားသည်။
စီနီယာဆိုတာ ဘာလဲ.. ဆရာတစ်ဦးရဲ့ အပြုအမူဆိုတာက ဘာလဲ...
သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် အော်ဟစ်လိုက်၏။
"မြန်မြန်... ဒီနေရာကနေ မြန်မြန် ထွက်ပြေးတော့...."
သို့ရာတွင် ရီဖုန်းသည် သူ၏စကားကို မည်သည်ကြောင့် ကြားနိုင်မည်နည်း။ ယခင်ထက် သိသိသာသာ ပို၍ကြီးမားသည့် နောက်ထပ် ထွက်ပေါ်လာသော လေဟာနယ်သားရဲကို ကြည့်ပြီး သူ ဝမ်းသာပျော်ရွှင်နေကာ သွားရည်ကျလုနီးပါးပင်။ သူသည် ဓားကိုမြှောက်ကာ ရှေ့သို့ ပြေးတက်သွားပြီး သူ၏မျက်လုံးများအတွင်းတွင် ဝမ်းသာအားရဖြစ်မှုများ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟားဟားဟား..."
ထိုကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရပြီးနောက် ဝေ့သုန်းဟိုင်၏မျက်နှာ ပြာနှမ်းသွားကာ သူ၏မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤတစ်ကြိမ်တွင် ထိုစီနီယာပင်လျှင် အနိုင်ယူနိုင်ပါ့မလော...
သူ့ထံ၌ မကောင်းသောနိမိတ်တစ်ခု ထွက်ပေါ်မလာမီမှာပင် ကြည်လင်ပြတ်သားသော အသံတစ်သံ ထပ်မံ၍ ထွက်ပေါ်လာသည်။
"ဝှစ် .."
ထို့နောက် နောက်ထပ်ဓားချက်နှစ်ချက် ထွက်ပေါ်လာကာ ယခင်ထက် ပို၍ပင် ကျွမ်းကျင်နေသည်။
"ရွှပ်... ရွှမ်..."
ရီဖုန်းသည် ရွှေရောင်ဖျော့ဖျော့ နဂါးနှုတ်ခမ်းမွှေးများကို လေထဲတွင် ဝှေ့ယမ်းနေပြီး သူ၏အပြုံး ပို၍ပင် တောက်ပလာသည်။
"လူအိုကြီး...လူအိုကြီး"
"ဒီနှစ်ချောင်းက အရမ်းတုတ်ပြီး ကြီးတာပဲ... ဒါက ရာမင်ခေါက်ဆွဲလိုပဲ... ငါတို့ ချမ်းသာပြီ... ဒီတစ်ခါ ငါတို့ တကယ် ချမ်းသာပြီ"
ဘုန်း...
ဝေ့သုန်းဟိုင် သူ့ဦးနှောက် ဗလောင်ဆူနေသည်ကို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလိုပင် သူ၏စိတ် ဗလာဟင်းလင်း ဖြစ်သွားသည်။
ယခင်ဓားချက်နှစ်ချက်သည် အံ့အားသင့်ဖွယ်ကောင်းပြီး ထိတ်လန့်စရာကောင်းသည်ဆိုလျှင် ဤဓားချက်သည် လောကကြီးအပေါ် သူ၏အမြင်ကို လုံးလုံးလျားလျား ဖျက်ဆီးလိုက်ခြင်းပင်။ ဤသည်မှာ အမှန်တကယ်ကို တရားလွန်ပေ၏။ ပဉ္စမအဆင့်အထက်တွင်ရှိသော လေဟာနယ်သားရဲသည်လည်း ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသလော။
'ဒါက... ဒါက ဘယ်လို ကျင့်ကြံဆင့်နယ်ပယ်မျိုးလဲ....'
သဲပင်လယ်ကြီး လှိုင်းထလာပြီး ဧရာမပုံရိပ်ကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်ကို ကြည့်ပြီး ဝေ့သုန်းဟိုင်၏နှလုံးသည် ထိတ်လန့်မှုကြောင့် လည်ချောင်းဝ ရောက်လာသော်လည်း သူ၏စဉ်းစားနိုင်စွမ်းများ ပျောက်ဆုံးနေလေပြီ။
သူ၏မြင်ကွင်းထဲတွင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီး ဓားဖြင့် ရိတ်သိမ်းနေသည့် အဖြူရောင်ပုံရိပ်တစ်ခုသာ ရှိနေသည်။ လောကကြီးအပေါ် သူ၏အမြင်များ လုံးလုံးလျားလျား ပြိုလဲသွားလေပြီ။
ဤလောကကြီးအတွင်း၌ လေဟာနယ်သားရဲများအကြောင်း ပြောဆိုကြချိန်တွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး အလွန် သတိထားကြသည်။ တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများပင်လျှင် သူတို့၏ လောဘကြောင့် ရံဖန်ရံခါ၌ လေဟာနယ်သားရဲများကို အမဲလိုက်ကြသော်လည်း အလွန်သတိထားကြပြီး တစ်ကြိမ်တစ်ခါမျှ ပေါ့ပေါ့ဆဆ မနေရဲကြချေ။
ယခု၌မူ.. လေဟာနယ်သားရဲ အုပ်စုကြားတွင် တစ်ကိုယ်တည်း ပျော်ရွှင်စွာရိတ်သိမ်းနေသော လူတစ်ယောက် အမှန်တကယ် ရှိနေသလား...
ဖရဲသီးနှင့်ဟင်းသီးဟင်းရွက်များအလား လေဟာနယ်သားရဲများကို ခုတ်ထစ်နေသော ထိုဟန်ပန်သည် သိုးအုပ်ထဲသို့ ကျားတစ်ကောင် ဝင်သွားသည်ထက် ပို၍ပေါ့ပါးဖျတ်လတ်နေသည်။ ဝေ့သုန်းဟိုင်သည် မျက်မြင်ကိုယ်တွေ့ မြင်နေရသည့်တိုင် ဤသည်မှာ အလွန်စိတ်ကူးယဉ်ဆန်သည်ဟု ခံစားမိပေ၏။
သူ နှစ်ပေါင်းသန်းနှင့်ချီ စုဆောင်းလာသော အတွေ့အကြုံများနှင့် တာအိုနှလုံးသားသည် ဤအချိန်အခိုက်အတန့်တွင် ပြိုလဲသွားတော့သည်။ သူသည် ကြက်သေသေနေသော အမူအယာဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
ဤဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ရှိပြီးနောက် ဝေ့သုန်းဟိုင် ထုံကျဉ်သွားသည်။ သူသည် အရာအားလုံးကို မေ့လျော့သွားပေ၏။ သူ၏မျက်လုံးထဲတွင် လက်ဝှေ့ယမ်းလိုက်ရုံဖြင့် ရိတ်သိမ်းနေသော ထိုကြောက်မက်ဖွယ်ပုံရိပ်သာ ရှိပြီး သူထံ၌ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူ အနည်းငယ်မျှ မာနမကြီးရဲတော့ချေ။
သူသည် လက်နောက်ပစ်ထားသော ဆရာတစ်ဦး၏အမူအယာကို မေ့ထားလိုက်သည့်အပြင် လေဟာနယ်သားရဲများ မည်သည်ကြောင့် အုပ်စုလိုက်ကြီး ထွက်ပေါ်လာသည်ကိုပင် သူ စိတ်မဝင်စားနိုင်တော့ပေ။
သူသည် ရိုးရှင်းပြီး တန်ဆာဆင်ထားခြင်းမရှိသော ထိုဓားရိပ်များကိုသာ ဂရုတစိုက် လေ့လာနေသည်။ ထိုအရာများတွင် မဟာတာအို၏ အဆုံးမဲ့ နက်နဲသိမ်မွေ့သော အမှန်တရားများ ပါဝင်နေပုံရပြီး လူတစ်ယောက်ကို ရုန်းမထွက်နိုင်အောင် ဖြစ်စေကာ သူ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်တို့ကို လုံးလုံးလျားလျား ဖမ်းစားထားသည်။
ထိုဓားချက်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူသည် ထိုးထွင်းသိမြင်မှုအမြောက်အများကို ရရှိသွားပေ၏။ ဝေ့သုန်းဟိုင်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားပြီး သူ စိတ်လှုပ်ရှားသွားကာ သူ၏အသက်ရှူသံကိုပင် သတိထား၍ ထိန်းချုပ်ထားလိုက်သည်။
နှမြောဖွယ်ကောင်းသည်မှာ သူ၏နားလည်နိုင်စွမ်းသည် အကန့်အသတ် ရှိနေခြင်းပင်။ ထင်းခုတ်သကဲ့သို့ ရိုးရှင်းသော ထိုဓားနည်းစနစ်တွင် ပါဝင်သော မဟာတာအိုသဘောတရားသည် အလွန်နက်နဲသိမ်မွေ့သဖြင့် အချိန်တိုအတွင်း၌ သူ နားလည်သဘောပေါက်နိုင်ရန် ခက်ခဲသည်။
မျက်စိတစ်မှိတ်အတွင်းတွင် နေရာတိုင်း၌ လေဟာနယ်သားရဲအလောင်းများ ရှိနေသည်ကို သူ မြင်လိုက်ရပြီး ရှည်လျားသော ဓားရိပ်များ မရှိတော့ချေ။ ဝေ့သုန်းဟိုင်ထံ၌ နောင်တများဖြင့် ပြည့်နှက်နေသော်လည်း သူ ထပ်မံ၍ မတောင်းဆိုရဲတော့ပေ။
သူ၏မြင်ကွင်းထဲတွင် ရင်းနှီးနေသော ပုံရိပ်သည် စိတ်လှုပ်ရှားသော အမူအယာဖြင့် ချဉ်းကပ်လာပြီး ယခင်အတိုင်း နူးညံ့သိမ်မွေ့နေဆဲဖြစ်ကာ ပြောင်းလဲခြင်း မရှိချေ။ ထိုလူငယ်သည် လက်တစ်ဖက်ဖြင့် ဓားတစ်လက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်အတွင်းတွင် နဂါးနှုတ်ခမ်းမွှေးများဖြင့် ပြည့်နှက်နေသည်။
သူ၏အပြုံးက ရိုးရှင်းပြီး ရိုးသားဖြူစင်မှုများဖြင့် ပြည့်နှက်နေပေ၏။
"လူအိုကြီး..."
"ဒီတစ်ကြိမ်မှာ ကျွန်တော်တို့တွေ တကယ်ကို အများကြီး ရလိုက်တယ်... နဂါးနှုတ်ခမ်းမွှေးတွေ အများကြီးရမှတော့ ကျွန်တော်တို့ ကောင်းကောင်း စားလို့ရပြီ... တစ်ယောက်တစ်ဝက်စီ ခွဲယူကြမယ်"
လူငယ်၏ဟန်ဆောင်မှုကင်းမဲ့သည့် ဖော်ရွေသော အပြုံးကို ကြည့်ပြီး ဝေ့သုန်းဟိုင်ထံတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။
ဤကဲ့သို့အချိန်မျိုး၌ပင် ဤဆရာကြီးသည် သာမန်လူတစ်ယောက်နှင့် တူညီနေကာ သူ့ကိုယ်သူ ဂျူနီယာတစ်ယောက်ကဲ့သို့ သဘောထားနေသည်။ ဆရာကြီးသည် နာမည်ဂုဏ်သတင်း ဟူသည့်အရာကို ဂရုမစိုက်ဘဲ သူ့ကိုပင် အလွန်ဖော်ရွေစွာ ဆက်ဆံနေပြီး ဤတန်ဖိုးရှိသော နဂါးနှုတ်ခမ်းမွှေးများကို ခွဲဝေပေးချင်နေသည်။
ဤစီနီယာ၏မျက်လုံးထဲတွင် နဂါးနှုတ်ခမ်းမွှေးဟူသည်မှာ မည်သည့်ထူးခြားချက်မျှ မရှိသော်လည်း သူ့အတွက်ကမူ အလွန်တန်ဖိုးရှိသည်။ ဤကဲ့သို့ အမူအယာနှင့် စိတ်ထားမြင့်မြတ်မှုမျိုးသည် ရိုးရှင်းမှုသို့ပြန်သွားသော အဆင့်တွင်ရှိသည့် တည်ရှိမှုကြီးများ၏ နှိမ့်ချနေထိုင်မှုတစ်ခုပင်။
ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်မျိုးအား သူ အမှန်တကယ်ကို လက်လှမ်းမမီနိုင်ချေ။
ဆရာကြီး.. ဤသည်မှာ အစစ်အမှန် ဆရာကြီးတစ်ယောက်ပင်။
အတိတ်တွင် သူနှင့် သူ၏မိတ်ဆွေများသည် တောင်တန်းများပေါ်တွင် သီးခြားနေထိုင်ခဲ့ကြ၏။ သူသည် သူ့ကိုယ်သူ သီးသန့်နေထိုင်သော ဆရာကြီးတစ်ယောက်ဟုပင် ထင်မှတ်ခဲ့ဖူးသည်။ ယခုချိန်၌ သူသည် ဤကြောက်မက်ဖွယ်ကောင်းသော ဓားသိုင်းကွက်များကို ထပ်ခါတလဲလဲ မြင်တွေ့ရပြီး စီနီယာ၏ ထူးခြားသော စိတ်နေစိတ်ထားကို မြင်တွေ့လိုက်ရသည်။ ဝေ့သုန်းဟိုင်သည် ရိုးရှင်းသော မဟာတာအိုမှာ မည်သည့်အရာဖြစ်ပြီး အစစ်အမှန် ပြိုင်ဘက်ကင်း ဆရာကြီးဆိုသည်မှာ မည်သို့သောလူမျိုးကို ဆိုလိုသည်အား နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။
သူ့ထံ၌ ဂုဏ်ယူဝံ့ကြွားမှုများနှင့် ရှက်ရွံ့မှုများ ရောယှက်နေပြီး သူ မလေးမစား မလုပ်ရဲတော့ပေ။ သူသည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရိုးသားဖြူစင်မှုများ ထင်ဟပ်နေသည်။
"စီနီယာ... မင်းက ငါ့ကို အားနာလွန်းနေပြီ... ငါက ဒါတွေကို လက်မခံရဲပါဘူး"
ရုတ်တရက် အကြောင်းပြချက်မရှိဘဲ ဦးညွှတ်အရိုအသေပြုခြင်း ခံလိုက် သဖြင့် ရီဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။ သူသည် ဓားကို ပြန်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ တခြားမည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။
ရီဖုန်း၏မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေပြီး သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။
"လူအိုကြီး... ခင်ဗျား ဘာလုပ်နေတာလဲ... ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ထိ ယဉ်ကျေးနေတာလဲ... ပြီးတော့ ကျွန်တော့်ကို ဘာလို့ 'စီနီယာ' လို့ ခေါ်နေတာလဲ..."
သူ၏စကားများတွင် သူ အမှန်တကယ်ကို နားမလည်နိုင်သည့်အလား အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ဝေ့သုန်းဟိုင်က ရီဖုန်းကိုမော့ကြည့်ပြီး ရိုသေလေးစားစွာ ပြောဆိုသည်။
"စီနီယာ့ရဲ့စွမ်းအားက ထူးကဲပြီးတော့ ဒီကြောက်ဖို့ကောင်းတဲ့ လေဟာနယ်သားရဲတွေကို အလွယ်တကူ သတ်ဖြတ်နိုင်မှတော့ ငါက မင်းကို စီနီယာလို့ခေါ်မှ သဘာဝကျမယ် မဟုတ်လား...."
"အော်...အဲ့ဒီလိုလား..."
ရီဖုန်းသည် ရုတ်တရက် နားလည်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းကို ကုတ်လိုက်ပြီးနောက် ရယ်ပြုံးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"ဘာမှ မဟုတ်ပါဘူး... ကျွန်တော်က သူတော်စင်တစ်ယောက်ပါပဲ... ခင်ဗျား ကျွန်တော့်ကို အဲ့ဒီလို ခေါ်ဖို့ မလိုပါဘူး... အဲဒါက ကျွန်တော်တို့ကြားမှာ အရမ်းသူစိမ်းဆန်သလို ခံစားရစေတယ်... ကျွန်တော့်ကို ရီဖုန်းလို့ပဲ ခေါ်ပါ"
"ငါက ဘယ်လိုလုပ်ပြီး ခေါ်ရဲမှာလဲ"
ဝေ့သုန်းဟိုင် ပြောဆိုသည်။
"ဘာမှ ပြဿနာမရှိဘူး... အဲ့ဒီလိုပဲ ခေါ်ပါ"
ရီဖုန်းက လက်ဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲရှိ အစားအစာကိုကြည့်ကာ ပေါင်းရမည်လော ကင်ရမည်လောကို စဥ်းစားတွေးတောနေသည်။ သို့ရာတွင် မည်သည့်နည်းလမ်းမျှ အဆင်ပြေမည့်ပုံမရှိချေ။ ထိုနဂါးနှုတ်ခမ်းမွှေးများကို ဤအတိုင်း စားရန်မှာလည်း အလွန်ပေါ့ပေါ့ဆဆ နိုင်လွန်းသည်။ သူသည် ပို၍ခမ်းနားထည်ဝါသော နည်းလမ်းဖြင့် ပြင်ဆင်ရန် လိုအပ်ပုံရသည်။
ဝေ့သုန်းဟိုင်ကမူ ရီဖုန်း သာမာန်ကာလျှံကာ ပြောဆိုလိုက်သော စကားများကို ကြားချိန်တွင် သူ့ထံ စိတ်ခံစားမှုများဖြင့် ပြည့်နှက်သွားသည်။ ဤလူသည် စိတ်နေစိတ်ထားအရဖြစ်စေ စွမ်းအားအရဖြစ်စေ သူတို့ထက် ကျော်လွန်ပြီး ရိုးရှင်းမှုသို့ ပြန်သွားသော နယ်ပယ်သို့ ရောက်ရှိနေလေပြီ။
သူသည် ရီဖုန်းကို ညွှန်ကြားထားသည့်အတိုင်း နာမည်တပ်ခေါ်မည် ဖြစ်သော်လည်း သူ၏မသိစိတ်အတွင်း၌ ရီဖုန်းအပေါ် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။
"ဒါတွေက တစ်ရာလေးဆယ့်လေးချောင်းရှိတယ်... ကျွန်တော်တို့ တစ်ဝက်စီ ခွဲယူကြမယ်"
ရီဖုန်းက သေသေချာချာရေတွက်ပြီး သူ၏လက်ထဲရှိ နဂါးနှုတ်ခမ်းမွှေးတစ်ဝက်ကို ခွဲဝေပေးလိုက်သည်။ သူသည် ထိုနဂါးနှုတ်ခမ်းမွှေးတစ်ဝက်ကို ကြည့်ပြီး အနည်းငယ် နှမြောတသ ဖြစ်နေမိသည်။
ဝေ့သုန်းဟိုင်သည် ပို၍ပင် စိတ်လှုပ်ရှားသွားပေ၏။ သူသည် တုန်ယင်နေသော လက်များဖြင့် နဂါးနှုတ်ခမ်းမွှေးတစ်ဆုပ်ကို ရိုသေလေးစားစွာ ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်... စီနီယာ... ညီအစ်ကိုရီရဲ့ ရက်ရောတဲ့ လက်ဆောင်အတွက်ပါ"
ရီဖုန်းက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောဆိုလိုက်သည်။
"အရမ်းယဉ်ကျေးမနေပါနဲ့... နှမြောစရာကောင်းတာက ဒီနဂါးနှုတ်ခမ်းမွှေးတွေက နည်းနည်းတော့ နည်းနေတယ်... အရက်နဲ့တွဲပြီး အမြည်းအနေနဲ့ အကြိမ်ရေနည်းနည်းလောက်ပဲ စားလို့ရမယ်... မဟုတ်ရင် ကျွန်တော်တို့က 'နဂါးမုတ်ဆိတ် ခေါက်ဆွဲ'ကို လုပ်စားကြည့်လို့ ရနိုင်လောက်တယ်"
နဂါးနှုတ်ခမ်းမွှေး တစ်ရာကျော်ရှိနေပြီး တချို့သည် ရွှေရောင်အရာများပင်။ စီနီယာသည် ဤအရာကို နည်းသည်ဟု ယူဆနေသလော။
ဝေ့သုန်းဟိုင်သည် ဤစကားကို ကြားချိန်၌ အံ့အားသင့်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် ရီဖုန်း၏အမြင်ကို ပို၍လေးစားမိပြီး လမ်းညွှန်မှုရယူရန်အတွက် သတိထားပြီး မေးမြန်းလိုက်၏။
"ညီအစ်ကိုရီ... အဲ့ဒီ နဂါးမုတ်ဆိတ်ခေါက်ဆွဲဆိုတာက ဘာလဲ"