← Chapters

အခန်း (၁၀၁၅)

Vol. 69 Ch. 1015

အခန်း (၁၀၁၅)

Vol. 69 Ch. 1015

ရီဖုန်းသည် ထိုမေးခွန်းကိုကြားချိန်၌ သူ၏အတိတ်ဘဝကို ပို၍လွမ်းဆွတ်သတိရသွားပြီး မျှော်လင့်တကြီးအကြည့်ဖြင့် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်မိသည်။

"နဂါးမုတ်ဆိတ်ခေါက်ဆွဲ..."

"အဲ့ဒါက နာမည်အတိုင်းပါပဲ... ကျွန်တော့်ရဲ့ဇာတိမြေက အရသာရှိတဲ့ အစားအသောက်ပါ"

ဒုန်း...

ဝေ့သုန်းဟိုင်၏နှလုံးသား ထိတ်လန့်မှုကြောင့် တုန်ခါသွားသည်။

နဂါးနှုတ်ခမ်းမွှေးများသည် အလွန်တန်ဖိုးရှိသော သူတော်စင်ရတနာများပင်။ ထိုအရာတစ်ချောင်းတည်းဖြင့်ပင် ပြင်ပလောက၌ သွေးချောင်းစီးစေနိုင်သည်။ သို့ရာတွင် စီနီယာသည် ထိုအရာများကို ခေါက်ဆွဲအဖြစ် လုပ်စားနိုင်သည်ဟုဆိုသဖြင့် တစ်နပ်တည်းတွင် ဘယ်နှချောင်း ထည့်စားနေသနည်း။

ထိုသို့ဆိုလျှင် ယနေ့ရိတ်သိမ်းနိုင်မှုသည် အမှန်တကယ်ကို မလုံလောက်သေးချေ။

'ဒါ.. ဒါက ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်မျိုးလဲ'

စီနီယာနှင့်သူတို့အကြားရှိ ကွာဟချက်သည် မိုးနှင့်မြေကြီးကဲ့သို့ အလွန်ကွာခြားသည်။

ရွှေရောင်နဂါးမုတ်ဆိတ်ခေါက်ဆွဲ တစ်ပန်းကန်ကို မြင်ယောင်ကြည့်လိုက်ရုံဖြင့် ဝေ့သုန်းဟိုင်၏ ကျောပြင်တပြင်လုံး ထိတ်လန့်မှုကြောင့် ကြက်သီးမွေးညှင်းထသွားသည်။

သို့ရာတွင် သူ ရီဖုန်းကို ကြည့်လိုက်သည့်အချိန်၌ ကြယ်ရောင်များကဲ့သို့ တောက်ပနေသည့် မျက်လုံးများအတွင်းမှ ခံစားချက်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ဘဝ၏အနိမ့်အမြင့်များကို ဖြတ်သန်းပြီးပြီဖြစ်သော သက်ပြင်းချသံနှင့် ဘဝပေါင်းတစ်ရာလောက် ဖြတ်သန်းခဲ့သည့်အလား နက်ရှိုင်းသော လောကဓံအတိမ်အနက်ကို တွေ့လိုက်ရသည့်အလားပင်။

ဝေ့သုန်းဟိုင်သည် အစောပိုင်းက ရီဖုန်း ပြောဆိုလိုက်သည့် စကားများကို ပြန်စဉ်းစားပြီး နက်နက်နဲနဲ တွေးတောလိုက်မိသည်။

"ကျွန်တော့်ရဲ့ဇာတိမြေက အရသာရှိတဲ့ အစားအသောက်..."

ထိုစကားလုံးများကို ပြန်သတိရပြီးနောက် စီနီယာ ငေးမောကြည့်နေသည့် ကြယ်များစုံလင်သော မိုးကောင်းကင်ယံကို မော့ကြည့်လိုက်မိသည်။

ဖြစ်နိုင်သည်မှာ...

ရုတ်တရက်...

ဝေ့သုန်းဟိုင်သည် ကြောက်မက်ဖွယ် အမှန်တရားတစ်ခုကို သဘောပေါက်လိုက်သည့်အလား ထိတ်လန့်တကြားဖြစ်သွားကာ သူ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။

ဟူး...

သူသည် ပဉ္စမအဆင့် သူတော်စင်တစ်ပါး ဖြစ်သည့်တိုင် ဤအချိန်တွင် သူ အလွန်ထိတ်လန့်နေသဖြင့် စကားမပြောနိုင် ဖြစ်သွားသည်။

သူ၏ထိပ်ပြောင်လုနီးပါး ဖြစ်နေသည့် ခေါင်းကို အလျင်အမြန်ဖုံးအုပ်လိုက်ပြီး ဝေ့သုန်းဟိုင်၏ မျက်နှာအမူအယာသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်ကြောက်ရွံမှုသို့ ပြောင်းလဲသွားသည်။ ကံကောင်းစွာဖြင့် ရီဖုန်းသည် သူ၏ဇာတိမြေကို လွမ်းဆွတ်နေမှုအတွင်း၌ နစ်မြုပ်နေပြီး ဝေ့သုန်း ဟိုင်ကို သတိမထားမိချေ။

ရီဖုန်း၏ တည်ငြိမ်အေးဆေးသော အမူအယာကို ကြည့်ပြီးနောက် ဝေ့သုန်းဟိုင်သည် သူ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။ ဤစီနီယာသည် စိတ်ကူးမယဉ်နိုင်လောက်အောင် ပြိုင်ဘက်ကင်းသော ဆရာကြီးတစ်ယောက် ဖြစ်သည်ကို သူ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။

သူတော်စင်တစ်ပါးသည် ဤလူငယ်ကို တပည့်အဖြစ် ရွေးချယ်မည်ဟု ပြောဆိုခဲ့သလော...

သူ အပျော်သဘော ပြောဆိုခဲ့သော စကားများကို ပြန်စဉ်းစားကြည့်ချိန်တွင် သူ အလွန်ရှက်ရွံမိသဖြင့် သူ၏မျက်နှာ နီမြန်းသွားသည်။

စိတ်လှုပ်ရှားမှုနှင့်လေးစားမှုများကြားတွင် ဝေ့သုန်းဟိုင်၏မျက်လုံးများ၌ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ ထို့ပြင် သူ၏စိတ်နှလုံးသားထဲတွင် ကာလရှည်ကြာ သိမ်းဆည်းထားသော စိတ်ဆန္ဒတစ်ခု လှုပ်ရှားလာပုံရသည်။

ဤလူသာ လှုပ်ရှားမည်ဆိုလျှင် ထိုကိစ္စ သေချာပေါက် အောင်မြင်ပေလိမ့်မည်။

အသက်ရှူချိန် အနည်းငယ်ခန့်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် သူသည် နောက်ဆုံး၌ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် သတ္တိမွေးကာ ပြောဆိုလိုက်သည်။

"ရီ... ညီအစ်ကိုရီ... ဒီနေ့ မင်းနဲ့ တွေ့ဆုံရတာ တကယ့်ကို ငါရဲ့ဘဝသုံးခုလုံးစာ ကံကောင်းမှုကြီးပါပဲ... တကယ်လို့ ညီအစ်ကိုရီက ဒီရက်ပိုင်း အားမယ်ဆိုရင် အပြင်လောကကို စူးစမ်းလေ့လာဖို့ စိတ်ဝင်စားလား"

"ငါ တကယ်ကို ရှက်မိပါတယ်... ပြီးတော့ ငါက ဖုံးကွယ်မထားရဲပါဘူး... ငါမှာ မင်းကို တောင်းဆိုစရာ ကိစ္စတစ်ခု ရှိနေလို့ပါ..."

ရီဖုန်းသည် ထိုအသံကိုကြားချိန်တွင် လှည့်ကြည့်လိုက်၏။ ထို့နောက် သူကစူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ငါတို့ ဘယ်ကိုသွားရမှာလဲ"

ထိုပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော စကားသည် ဝေ့သုန်းဟိုင်၏စိတ်နှလုံးသားကို ကြီးမားသော မျှော်လင့်ချက်များ ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်သွားစေသည်။ သူ၏ မျှော်လင့်ချက်များ ချက်ချင်းမြင့်တက်လာပေ၏။

သူ အမှန်အတိုင်း အလျင်အမြန် တုံ့ပြန်အဖြေပေးလိုက်သည်။

"အဲဒါက ဒဏ္ဍာရီလာ 'ရှေးဟောင်းစင်္ကြန်လမ်း' ပါ... ငါက မင်းရဲ့အကူအညီကို မတောင်းသင့်ပါဘူး... ဒါပေမဲ့ ငါ့အတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုက အဲ့ဒီနေရာမှာ ပျောက်သွားလို့ပါ... ပြီးတော့ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပါ..."

ဝေ့သုန်းဟိုင်သည် ရှေးဟောင်းစင်္ကြန်လမ်း၏ ကြောက်မက်ဖွယ်ကောင်းမှုကို ကောင်းစွာသိရှိထားသောကြောင့် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲချေ။

ဤစီနီယာသည် သူ့အပေါ်၌ ကြီးမားစွာ ကျေးဇူးပြုထားပြီးလေပြီ။ ရှေးဟောင်းစင်္ကြန်လမ်း၏ အန္တရာယ်ကြီးမားမှုကြောင့် စီနီယာမှ ငြင်းပယ်လျှင်ပင် သဘာဝကျပေ၏။ သူသည် ဤမျှဖြင့် ကျေးဇူးတင်နေလေပြီ။ မည်သည်ကြောင့် ကျေးဇူးတရားကို ကျေးဇူးကန်းမှုနဲ့ ပြန်ဆပ်နိုင်မည်နည်း။

မည်သူက တွေးထင်ခဲ့မိမည်နည်း...

ဝေ့သုန်းဟိုင်၏ စိုးရိမ်တကြီး ပြောစကားများ အဆုံးမသတ်သေးမီမှာပင်..

ရီဖုန်းက အနည်းငယ်စိတ်ပျက်ပြီး အထီးကျန်ဆန်စွာဖြင့် ပြောစရာစကားမဲ့စွာ သက်ပြင်းချလိုက်သည်။

"ဟူး..."

"အဲဒီနေရာကိုး... ကျွန်တော်က အဲ့ဒီနေရာကို အကြိမ်နည်းနည်းလောက် လျှောက်သွားဖူးပေမဲ့ သိပ်စိတ်ဝင်စားဖို့ မကောင်းဘူး... ဒါပေမဲ့ ခင်ဗျားက တစ်ခုခုကိုရှာဖို့ လိုနေတယ်ဆိုတော့ ကျွန်တော်လည်း လုပ်စရာ မရှိတာနဲ့...ခင်ဗျားနဲ့အတူ လိုက်ခဲ့ပေးမယ်"

ဟူး...

ဤစကားများသည် ဝေ့သုန်းဟိုင်၏ခန္ဓာကိုယ်ကို တုန်ခါသွားစေသည်။

သူ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်မှုသည် မြင့်မားသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ဖြစ်နေပြီး သူသည် အချိန်အတော်ကြာသည့်တိုင် စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ချေ။

သူသည် ကြည်ညိုလေးစားစွာဖြင့် ရီဖုန်းကို အချိန်အတော်ကြာ မော့ကြည့်နေမိသည်။ ထို့နောက် သူသည် သက်ပြင်းချပြီး ကျေးဇူးတင်စကားပြောရုံသာ တတ်နိုင်တော့သည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်... ညီအစ်ကိုရီ"

​ဤစီနီယာသည် သူ မျှော်လင့်ထားသည့်အတိုင်းပင်။

ရှေးဟောင်းစင်္ကြန်လမ်းကဲ့သို့ အန္တရာယ်များသော နေရာကို သူ အကြိမ်ကြိမ် လျှောက်သွားဖူးပြီး ပျင်းရိနေပုံရသည်။ ဤကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်မျိုးသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။

ဝေ့သုန်းဟိုင်သည် အလွန်စိတ်လှုပ်ရှားနေပြီး ပျာယာခတ်သွားကာ လေဟာနယ်ကို ဆွဲဖွင့်လိုက်ပြီး စီနီယာကို အရင်သွားရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

သူ၏ အကန့်အသတ်ရှိသော ပါရမီနှင့် အသက်အရွယ်ကြီးရင့်မှုသာ မရှိရင် သူ့ကို မျက်နှာသာပေးမည် မဟုတ်မှန်း သိနေသည့်တိုင် သူသည် တပည့်အဖြစ် ချက်ချင်းခံယူပြီး ဦးညွှတ်အရိုအသေပြုမိပေမည်။

ဝေ့သုန်းဟိုင်၏ တည်ကြည်လေးနက်သော အမူအယာကို မြင်တွေ့ချိန်တွင် ရီဖုန်းလည်း ငြင်းပယ်မနေတော့ဘဲ လေဟာနယ်အက်ကွဲကြောင်းထဲသို့ အရင်ဝင်သွားလိုက်သည်။

ရွာသို့ ပြန်ရောက်ချိန်၌...

ရွာတံခါးဝတွင် ​ဝေ့သုန်းဟိုင်သည် အကြိမ်ကြိမ် ကျေးဇူးတင်စကားပြောဆိုကာ နောက်နှစ်ရက်အကြာတွင် ရှေးဟောင်းစင်္ကြန်လမ်းသို့သွားရန် ချိန်းဆိုလိုက်ကြ၏။ ထို့နောက် ဝေ့သုန်းဟိုင်သည် ထပ်ခါတလဲလဲ ဦးညွှတ်အရိုအသေပြုပြီး ရိုသေလေးစားသော အမူအယာဖြင့် ထွက်ခွာသွားသည်။ သူသည် ရီဖုန်းကို ထပ်မံ၍ အနှောက်အယှက်မပြုရဲတော့ချေ။

အဘိုးအို၏ စိတ်လှုပ်ရှားစွာ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ပြီး ရီဖုန်းသည်လည်း မတတ်သာသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

သူသည် နဂါးနှုတ်ခမ်းမွှေး လက်တစ်ဆုပ်စာရဲ့ တစ်ဝက်သာ ပေးခဲ့ပြီး အဘိုးအိုသည် သူ့အတွက် လမ်းပြလုပ်ပေးခဲ့ခြင်းပင်။

ရလဒ်အနေဖြင့် ထိုအဘိုးအိုက မယုံနိုင်လောက်အောင် ယဉ်ကျေးသွားပြီး အဆုံးသတ်၌ သူ့ထံမှ နဂါးနှုတ်ခမ်းမွှေးများ၏ တစ်ဝက်ကိုပင် ပြန်ပေးခဲ့ပေ၏။ ဤသည်မှာ မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သနည်း။ ဤအဖိုးအိုသည် အမှန်တကယ်ကို ဖြူစင်ရိုးသားသောလူပင်။

ရီဖုန်းသည် သူ၏လက်ထဲမှ နဂါးနှုတ်ခမ်းမွှေး တစ်ရာကျော်ကို ကြည့်လိုက်ပြီး...

သူ့ထံ၌ အောင်မြင်မှုနှင့်ရိတ်သိမ်းရရှိမှု ခံစားချက်များ ပြည့်နှက်နေကာ လျစ်လျူရှုသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ထို့နောက် သူသည် ခြံဝန်းထဲသို့ အေးအေးလူလူ ဝင်သွားကာ ယနေ့အတွက် ဝိုင်အရက်နှင့်မြည်းရန် အမြည်းပြင်ဆင်ရင်း အလုပ်ရှုပ်နေတော့သည်။

ခြံဝန်းငယ်လေးထဲမှ မီးဖိုချောင်သည် နွေးထွေးပြီး ငြိမ်းချမ်းနေပေ၏။

သို့ရာတွင် ရွာအတွင်းရှိ အခြေအနေကမူ လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။

ရွာတံခါးဝမှ လျှောက်လှမ်းလာပြီး မကြာမီမှာပင်...

နံဘေး၌ မည်သူမျှမရှိသည်ကို မြင်တွေ့ချိန်၌ ဝေ့သုန်းဟိုင်က နဂါးနှုတ်ခမ်းမွှေးများကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ရုတ်တရက် အရူးအမူး ပြေးလွှားလိုက်သည်။ သူသည် စီနီယာကို နှောင့်ယှက်မိမည်အား စိုးရိမ်မိသဖြင့် လေဟာနယ်ကို ထပ်မံ၍မခွဲရဲတော့ချေ။

သူသည် တခြားလူများကို ဆက်သွယ်ရန်အတွက် နတ်ဘုရားစိတ်အာရုံကိုသာ အသုံးပြုပြီး သူ၏ခြေထောက်များက လေပန်ကာကဲ့သို့ လည်ပတ်လှုပ်ရှားနေသည်။

ဖုန်မှုန့်များ တထောင်းထောင်းထလာပြီး သူသည် တောင်၏နောက်ကျောဘက်ကို တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။

သူ ထိုနေရာသို့ ရောက်ရှိသွားချိန်၌ တောင်ခြေရင်းရှိ သစ်တောနံဘေးမှ ဇရပ်တစ်ခုရှေ့တွင် မတ်တတ်ရပ်လိုက်သည်။

ပုံရိပ်အနည်းငယ်က လေဟာနယ်ကိုခွဲပြီး ထွက်ပေါ်လာကြသည်။ သူတို့တစ်ယောက်ချင်းစီသည် သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား အရင်ဆုံး အံ့အားသင့်သွားပြီး နောက်ပိုင်းတွင် လှောင်ပြောင်ရယ်မောသံတွေ ထွက်ပေါ်လာသည်။

"ဒါက... ဖူး..."

"လူအိုကြီးဝေ့... မင်း ကျင့်ကြံရင်း ရူးသွားတာလား... သာမန်လူတစ်ယောက်လို ပြေးလာတယ်ဆိုတော့ မင်း တကယ်ကို အခြေအနေ မကောင်းတော့ဘူး"

"တပည့်လက်ခံတာ ဘယ်လိုလဲ... မင်းပုံစံကြည့်ရတာတော့ မအောင်မြင်ဘူး မဟုတ်လား"

"ဟမ့်... သူက အရင်စပြီးလှုပ်ရှားတာတောင် ဂျူနီယာတစ်ယောက်ကို တပည့်လက်ခံတာက ဘာများ ခက်ခဲလို့လဲ"

"အင်း... သူက အခွင့်အရေးကောင်း ရခဲ့ရင်တောင်...ပါရမီရှိတဲ့ ဂျူနီယာတစ်ယောက်ကို တပည့်လက်ခံလိုက်တာနဲ့ ကြွားစရာ သိပ်မရှိပါဘူး"

"သူ့ကို ဒီဂုဏ်ယူစရာ အခိုက်အတန့်လေး ပေးလိုက်ပါ... ဘာပဲဖြစ်ဖြစ် ဒါက ဖုနန်ထျန်းကို စနောက်ဖို့ပဲလေ...ဘယ်သူပဲ အောင်မြင်သွားပါစေ ဒါက အတူတူပါပဲ"

မိတ်ဆွေဟောင်းများသည် အနည်းငယ် မနာလိုဖြစ်နေသောလေသံဖြင့် နောက်ပြောင်ကြသည်။

ယခင်ကဆိုလျှင် ဝေ့သုန်းဟိုင်သည် သေချာပေါက် ပြန်လည်ငြင်းခုံပြီး အသာစီးရရန် ကြိုးစားမိပေမည်။ ဤသည်မှာ သူတို့၏အေးဆေးတည်ငြိမ်သော နေ့စဉ်ဘဝနှင့် အပြန်အလှန် စနောက်နေထိုင်သော ပျော်ရွှင်မှုပင်။

ယခုချိန်၌ ဝေ့သုန်းဟိုင်သည် အမှန်တရားကို သိရှိသွားလေပြီ။

သူသည် ဤစနောက်သော စကားများကို ဂရုစိုက်မည် မဟုတ်သည့်အပြင် စီနီယာကို တပည့်အဖြစ်လက်ခံခြင်းနှင့် ပတ်သက်သည့် မသိနားမလည်သော မှတ်ချက်စကားများကိုလည်း သူ၏စိတ်ထဲတွင် ထားနေမည် မဟုတ်ချေ။

ဒါ့အပြင် စီနီယာက ဒီမှာ ရှိနေပေမဲ့ ဖုနန်ထျန်းက သူ့ရဲ့ စစ်မှန်တဲ့ စွမ်းရည်ကို မသိသေးပုံရသည်။ ဒါက သူ သီးခြားနေလိုစိတ် ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြသနေတာကြောင့် ကောင်းကင်လျှို့ဝှက်ချက်ကို သူ ဘယ်လိုလုပ် ထုတ်ဖော်ရဲမှာလဲ။

ဝေ့သုန်းဟိုင်သည် စိတ်လှုပ်ရှားစွာဖြင့် သူ၏စိတ်နှလုံးသားမှ လျှို့ဝှက်ချက်ကိုသာ ပြောပြလိုက်သည်။

"အားလုံးပဲ... ဒီကိစ္စက အရေးမကြီးတော့ဘူး"

"နောက်နှစ်ရက်နေရင် ငါက ပျောက်သွားတဲ့ ပစ္စည်းတစ်ခုကို ရှာဖို့ 'ရှေးဟောင်းစင်္ကြန်လမ်း' ကို သွားမယ်... တာအိုရောင်းရင်းတွေထဲက ငါနဲ့အတူ လိုက်ခဲ့ချင်တဲ့သူ ရှိလားလို့ ငါ သိချင်တယ်"

ထိုစကားများ ထွက်ပေါ်လာသည်နှင့် အဘိုးအိုများ၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကြသည်။

"မင်း ရူးနေလား..."

"တပည့်လက်ခံတာ အဆင်မပြေရင်တောင် သေလမ်းရှာဖို့ မလိုပါဘူး...."

"ဟုတ်တယ်... မင်းရဲ့ ရတနာက ရှေးဟောင်းစင်္ကြန်လမ်းရဲ့ နက်ရှိုင်းတဲ့နေရာမှာ ပျောက်သွားတာ... ငါတို့ ငယ်ငယ်တုန်းက မိုက်ရူးရဲဆန်ပြီး အဲ့ဒီနေရာကို သွားခဲ့လို့ သေလုမျောပါးဖြစ်ခဲ့ဖူးတယ်... ငါတို့ရဲ့ အခုလက်ရှိ တိုးတက်လာတဲ့ ကျင့်ကြံဆင့်နဲ့တောင် အဲ့ဒီနေရာက အရမ်းအန္တရာယ်များနေတုန်းပဲ"

တည်ကြည်လေးနက်သွားသော အခြေအနေကို မြင်တွေ့ချိန်၌ ဝေ့သုန်းဟိုင်က ပြုံးပြီး အတွင်းသတင်းအနည်းငယ်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး... ဘာမှထိတ်လန့်နေဖို့ မလိုပါဘူး... ဒီခရီးစဉ်က ဘာအန္တရာယ်မှ မရှိဘူး... ဆန့်ကျင်ဘက်အနေနဲ့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုတောင် ရှိနေနိုင်တယ်"

သို့ရာတွင် မည်သူကမျှ ဝေ့သုန်းဟိုင်၏စကားကို မယုံကြည်ကြချေ။

မျက်စိတစ်မှိတ်အတွင်း အဘိုးအိုများသည် သူ့ကို တားဆီးရန် ကြိုးစားလိုက်ကြ၏။ ထို့နောက် သူတို့သည် လေဟာနယ်ထဲသို့ ပျံသန်းကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးသွားကြတော့သည်။

သူနှင့်အတူ ထင်းခုတ်လေ့ရှိပြီး အစဥ်အမြဲ အရက်မူးနေတတ်သော စီနီယာအစ်ကိုကျူးဝူရ တစ်ယောက်တည်းကသာ တည်ကြည်လေးနက်သော ကတိတစ်ခုကို ပေးခဲ့သည်။

"နှစ်တွေအများကြီး ကြာပြီးတာတောင် မင်းက အဲ့ဒီကိစ္စကို မေ့ပျောက်လို့ မရနိုင် ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"

"မင်းက စိတ်မအေးနိုင်မှတော့ ငါက မင်းရဲ့အစ်ကိုကြီးအနေနဲ့ ဒီခရီးစဉ်မှာ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်... အောင်မြင်တာပဲဖြစ်ဖြစ် ကျရှုံးတာပဲဖြစ်ဖြစ် အနာဂတ်မှာ မင်းက ဒီကိစ္စကို ဆက်ပြီးတွယ်တာမနေရတော့ဘူး..."

စီနီယာအစ်ကို၏သံယောဇဉ်ကို ခံစားမိသဖြင့် ဝေ့သုန်းဟိုင်သည်လည်း အလွန်အမင်း စိတ်လှုပ်ရှားသွားပေ၏။

တစ်ချိန်တည်းမှာပင် သူသည် သူ့စီနီယာအစ်ကို၏ဆုံးဖြတ်ချက်အတွက် ဝမ်းသာအားရ ဖြစ်သွားသည်။

"စီနီယာအစ်ကို... ကျွန်တော့်ကို ယုံပါ... ဒီတစ်ခါ သေချာပေါက် အောင်မြင်မှာပါ... ပြီးတော့ အစ်ကိုကြီးအတွက်လည်း အခွင့်အရေးတစ်ခု ရလာလိမ့်မယ်"

အခွင့်အရေး...

အခွင့်အရေးတဲ့လား... သောက်ကျိုးနည်း။

နှစ်ပေါင်းများစွာ နောင်တရမှုတစ်ခုအတွက် သူ၏ဂျူနီယာညီလေးက ရူးသွပ်လုနီးပါး ဖြစ်နေလေပြီ....

သူ မည်သည့်အပြစ်မျိုးကို ကျူးလွန်ခဲ့မိသနည်း....

ကျူးဝူရ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသော အမူအယာ ရှိနေကာ မတတ်သာ၍ လက်မြှောက်လိုက်ရသောပုံစံ ပေါက်နေသည်။

"ဟူး..."

သူသည် ဤကိစ္စကို သဘောတူလိုက်သော်လည်း သူ၏စိတ်ထဲတွင် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးလေပြီ။

ရှေးဟောင်းစင်္ကြန်လမ်း​၏ နက်ရှိုင်းသောနေရာသို့ သွားခြင်းသည် မည်မျှထိ အန္တရာယ်များကြောင်း သူ သိရှိထားသည်။ သူသည် အသက်ကယ်မှော်ရတနာ အလုံအလောက် ယူသွားရမည်ဖြစ်ပြီး သူ၏ ကာလရှည်ကြာ ချိတ်ပိတ်ထားသော မွေးရာပါ သူတော်စင်ရတနာသည်ပင် အလင်းရောင် ပြန်မြင်ရရန် လိုအပ်ပေလိမ့်မည်။

​​ဤခရီးစဉ်သည် သေမင်းလက်မှ ပွတ်ကာသီကာ လွတ်မြောက်ရမည့် ခရီးစဉ်ဖြစ်မည်မှာ သေချာပေါက်ပင်။

'ဟူး... သူ့မှာ ဒီလိုမျိုး ဒုက္ခပေးတတ်တဲ့ ဂျူနီယာညီလေးရှိအောင် ဘယ်သူက ဖန်တီးခဲ့တာလဲ...'

All Chapters