← Chapters

အခန်း (၁၀၁၈)

Vol. 69 Ch. 1018

အခန်း (၁၀၁၈)

Vol. 69 Ch. 1018

အလင်းလမ်းသွယ်ထဲသို့ ဝင်ရောက်လာချိန်မှစ၍ ကျူးဝူရသည် မည်သည့်အန္တရာယ်ကိုမဆို ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားကာ အထူးသတိထားနေခဲ့သည်။

သို့ရာတွင် ဤလူနှစ်ယောက်ကမူ လုံးလုံးလျားလျား ဂရုမစိုက်ဟန် ပြုမူနေကြသည်။

ရီဖုန်းသည် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသေးသူဖြစ်ရာ သူ၏ ပေါက်တတ်ကရ စကားများကို ဟာသပြက်လုံးအဖြစ် လက်ခံနိုင်ပေ၏။

သို့ရာတွင် သူ၏ဂျူနီယာညီလေးကမူ အမှန်တကယ်ကို တရားလွန်သည်။

သူသည် နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့သည့်တိုင် ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေမျိုး၌ ထိုလူငယ်နှင့် ရယ်မောပျော်ရွှင်ကာ စကားပြောဆိုနေသည်။ ဤသည်မှာ အနာကျက်သွားသည့်အချိန်၌ နာကျင်မှုကို မေ့လျော့သွားသည့်အလားပင်။

ထိုစဉ်က...

သူတို့သည် မိုက်ရူးရဲဆန်သော ဂျူနီယာ စီနီယာညီအစ်ကိုများအုပ်စုဖြစ်ပြီး အသိပညာမဲ့စွာဖြင့် ဤအလင်းလမ်းသွယ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့သည် ရှေးဟောင်းခေတ်မှ ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ခဲ့ရပြီး သူတို့အနက်မှ ခြောက်ယောက်သေဆုံးခဲ့ရသည် မဟုတ်လော။

မည်မျှထိ ကြောက်မက်ဖွယ်ကောင်းပြီး ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အမှတ်တရများ ဖြစ်သနည်း...

ယခုအချိန်၌ ပြန်ပြောင်းအမှတ်ရမိလျှင် ကျူးဝူရသည် ကြောက်ရွံ့မှုအကြွင်းအကျန်များကို ခံစားနေရဆဲပင်။

သူ၏ကျင့်ကြံဆင့်သည် အလွန်တိုးတက်လာခဲ့ပြီး ဒေသတစ်ခုကို လွှမ်းမိုးနိုင်စွမ်း ရှိသော်လည်း ကျူးဝူရသည် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိဘဲ ခြေလှမ်းတိုင်းကို အထူးသတိထား၍ လျှောက်လှမ်းနေခဲ့သည်။

သို့ရာတွင် သူ၏ဂျူနီယာညီလေးကမူ နံဘေးမှလူငယ်ဖြင့် ခေါင်းညိတ်ပြလိုက် တုံ့ပြန်အဖြေပေးလိုက် လုပ်နေပြီး ရယ်မောနေခဲ့ပေ၏။

ဤသည်မှာ"မင်းပြောတာ အကုန်မှန်တယ်"ဟု ပြောနေသည့်အလားပင်။

သူသည် စီနီယာတစ်ယောက်နှင့် မည်သည့်နေရာ၌ တူညီသေးသနည်း...

သူသည် ဤလူငယ်ကို တန်ဖိုးထားသည်ဟု ဆိုလျှင်ပင် သူ၏အပြုအမူများသည် အနည်းငယ် မြှောက်ပင့်ရာကျလွန်းသည် မဟုတ်လော....

သူတို့နှစ်ယောက်သားသည် လိုက်ဖက်ညီစွာဖြင့် အလင်းလမ်းသွယ်ကို ခရီးသွားဆွဲဆောင်မှု နေရာတစ်ခုအလား စကားပြောဆိုနေကြသည်။

ဤသည်မှာ စာသားမပါဘဲ သီချင်းဆိုနေသည့် *ကွာဖူနှင့်တူညီပြီး လုံးလုံးလျားလျား သံစဉ်လွဲနေသည်။

သူတို့သည် "ကောလဟာလများ" အကြောင်းကို မသိနားမလည်သော ပျော်ရွှင်မှုများဖြင့် ဆက်လက်၍ ပြောဆိုနေခဲ့ကြသည်။

ဤလူနှစ်ယောက်သည် ရှေးဟောင်းစင်္ကြန်လမ်း၏ အန္တရာယ်များအပေါ် လေးစားမှုမရှိသည့်အပြင် အတိတ်က အမှားများမှ သင်ခန်းစာယူခြင်းလည်း မရှိချေ။ သူတို့သည် ဤကဲ့သို့ ဆက်လက်၍ ရူးကြောင်ကြောင် လုပ်နေပါက မည်သို့ သေဆုံးသွားသည်ကိုပင် သိရှိနိုင်မည် မဟုတ်ချေ။

ကျူးဝူရ၏မျက်နှာသည် တင်းမာနေပြီး မျော်လင့်ချက်များ ဆုံးရှုံးသွားခြင်းကို မြင်တွေ့ရသည့်အလား သူ့ထံတွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ဤငတုံးငအနှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ သူ၏စိတ်ကိုတင်းကာ တိတ်တဆိတ် သတိထားနေလိုက်တော့သည်။

"ဟမ့်"

သူ့ထံမှနေ၍ မကျေနပ်မှုများ ပြည့်နှက်နေသည့် အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။

ရီဖုန်းကမူ ဤသည်ကို ဂရုစိုက်ပုံမရချေ။

ဝေ့သုန်းဟိုင်ကမူ အလွန်အမင်း ထိတ်လန့်သွားပြီး သတိထား၍ စောင့်ကြည့်လိုက်၏။

ရီဖုန်း၏မျက်နှာအမူအယာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိသည်ကို မြင်တွေ့ချိန်၌ သူက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူသည် ရှေ့သို့လျှောက်လှမ်းနေသော ရီဖုန်း၏ သက်သောင့်သက်သာ ပုံပန်းသွင်ပြင်ကို ကြည့်လိုက်သည်။ ထိုလူငယ်၏ ကြယ်များကဲ့သို့ စူးရှတောက်ပသော မျက်လုံးများသည် ရှေးဟောင်းရေတွင်းတစ်တွင်းအလား တည်ငြိမ်နေပေ၏။ လောကကြီးတစ်ခုလုံးက ရိုသေလေးစားရသော အလင်းလမ်းသွယ်သည် သူ၏မျက်လုံးထဲတွင် အနည်းငယ်မျှ အရေးမပါသည့်အလားပင်။

ဤသို့သော အတွေးအမြင်နှင့်ကျင့်ကြံဆင့်နယ်ပယ်သည် သူ့အတွက် လက်လှမ်းမမီနိုင်သော အရာများပင်။

ယနေ့၏ ချောမွေ့သောခရီးစဉ်သည် စီနီယာရီဖုန်း၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဝေ့သုန်းဟိုင်သည် အရာအားလုံးကို နားလည်သဘောပေါက်သွားပြီးနောက် ပို၍ပင် အံ့အားသင့်သွားခဲ့သည်။

သူတို့သည် ရှေး​ဟောင်းစင်္ကြန်လမ်းကို ပို၍ကြာကြာလျှောက်လှမ်းလေလေ ရီဖုန်းအပေါ် သူ ပို၍လေးစားလေလေဖြစ်ပြီး ပို၍သတ္တိရှိလာလေလေပင်။

သူ၏ ယခင်က ကြောက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ ဝေ့သုန်းဟိုင်သည် ရှေ့မှလျှောက်လှမ်းကာ လမ်းပြရန်ပင် ရဲဝံ့လာပြီး တက်ကြွပြီး အားကောင်းသော ခြေလှမ်းများဖြင့် လျှောက်လှမ်းနေခဲ့သည်။

"ညီအစ်ကိုရီ... ဒီဘက်မှာပါ... ငါ ကျန်ခဲ့တဲ့ ပစ္စည်းက ရှေ့နားလေးမှာတင်ပဲ"

သူ၏မျက်နှာသည် တောက်ပနေပြီး မကောင်းသော စိတ်ခံစားချက်များအားလုံး ကင်းစင်သွားခဲ့သည်။

အဘိုးအို ဤမျှထိ ပျော်ရွှင်နေသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းသည်လည်း ဝမ်းမြောက်ဝမ်းသာ လိုက်ပါသွားပေ၏။

"ကောင်းပြီလေ.."

သူတို့နှစ်ယောက်သား စကားပြောဆိုကာ ရယ်မောရင်း ပို၍လျင်မြန်စွာ လျှောက်လှမ်းသွားကြသည်။

သူတို့သည် လမ်းလျှောက်သည်ထက် ပျံသန်းနေသကဲ့သို့ လျင်မြန်နေကြပြီး ကျူးဝူရကမူ အလွန်အံ့အားသင့်နေသဖြင့် အံ့ကြိတ်နေတော့သည်။

အလင်းလမ်းသွယ်တွင် အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး မရေမတွက်နိုင်သော အကြွင်းအကျန်စိတ်ဝိညာဉ်များ ရှိနေသည်။

သူတို့သည် ခြေလှမ်းတိုင်းကို အထူးသတိထား၍ လျှောက်လှမ်းရပေမည်။ ဤကဲ့သို့ မဆင်မခြင် ရှေ့တိုးသွားခြင်းသည် ဘေးအန္တရာယ်ကို ဖြစ်စေမှာ သေချာပေါက်ပင်။

စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျူးဝူရသည် စကားပင် ပြောဆိုနိုင်ခြင်း မရှိတော့ချေ။

သူသည် သူ၏လက်ထဲရှိ သူတော်စင်ပုဆိန်ကိ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်။ ထို့နောက် သူတော်စင်ရတနာ အမျိုးမျိုးကို အသင့်ပြင်ကာ အံ့တင်းတင်းကြိတ်ပြီး သူတို့ကို အမီလိုက်ရန်အတွက် လျင်မြန်စွာ လျှောက်လှမ်းလိုက်သည်။

သူတို့သည် ဧရာမကျောက်တုံးများ စီတန်းနေသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်းသွားကြသည်။

ကျူးဝူရသည် သူ၏ သူတော်စင်ပုဆိန်ကို ဆုပ်ကိုင်ထားပြီး အသည်းအသန် အမီလိုက်ခဲ့သော်လည်း သူ၏ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရချိန်၌ သူ ကြက်သေသေသွားခဲ့သည်။

သူ၏မှတ်ဉာဏ်အရ အစွမ်းထက်သော အကြွင်းအကျန်စိတ်ဝိညာဉ်များဖြင့် ပြည့်နှက်နေသင့်သည့် ကျောက်တုံးလမ်းသည် ယခုအချိန်၌ ပုံရိပ်တစ်ခုမျှ မတွေ့ရတော့ဘဲ နတ်ဆိုးအရှိန်အဝါ လုံးလုံးလျားလျား ကင်းစင်နေသည်။

သူ၏ဂျူနီယာညီလေးသည် မြေပြင်ပေါ်တွင် ထိုင်ချကာ ကျောက်စိမ်းဆွဲပြားတစ်ခုကို ဆုပ်ကိုင်ပြီး မျက်ရည်များ ယိုစီးကျနေသည်ကို သူ မြင်တွေ့လိုက်ရပေ၏။

"ငါ တွေ့ပြီ... ငါ နောက်ဆုံးတော့ တွေ့ပြီ...အိမ်ပြန်ကြစို့... အိမ်ပြန်ကြစို့"

ထိုကျောက်စိမ်းဆွဲပြားသည် သာမန် သူတော်စင်အဆင့်မျှသာ ရှိပြီး ဤသို့သော တုံ့ပြန်မှုနှင့် မတန်ပေ။

သို့ရာတွင် ဤသည်မှာ သူ၏ ဂျူနီယာညီလေးနှင့်ဂျူနီယာညီမလေးတို့ကြားမှ ချစ်ခြင်းမေတ္တာ သက်သေခံဖြစ်ပြီး သူတို့၏လူငယ်ဘဝ အမှတ်တရတစ်ခု ဖြစ်ခဲ့သည်။

တစ်ချိန်က ကျူးဝူရသည် စီနီယာအစ်ကိုအနေဖြင့် ရတနာရှာဖွေမှုတစ်ခုအပြီးတွင် သူတို့အား ထိုအရာကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က အတိတ်တွင် နွေးထွေးမှုများ အလှတရားများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤသည်မှာ ထိုဘေးအန္တရာယ်ရှိသော ခရီးစဉ်အထိပင်။ ထို့နောက် သူတို့သည် သေခြင်းရှင်ခြင်းဖြင့် ကွဲကွာခဲ့ရပြီး ထိုအရာသည် ဝေ့သုန်းဟိုင်၏နှလုံးသားကို နာကျင်စေသော ကိစ္စတစ်ရပ် ဖြစ်လာခဲ့သည်။

ဤအတိုင်း ဆက်သွားပါက ထိုအရာသည် ဝေ့သုန်းဟိုင်၏နှလုံးသားနတ်ဆိုးပင် ဖြစ်လာနိုင်ခြေရှိသည်။

ယခုအချိန်တွင် သူ၏ဂျူနီယာညီလေး ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော ဆန္ဒတစ်ခု ပြည့်ဝသွားသည်ကို မျက်မြင်တွေ့လိုက်ရချိန်၌...

ကျူးဝူရသည် ဖော်ပြ၍မရနိုင်အောင် စိတ်လှုပ်ရှားသွားခဲ့သည်။ သို့ရာတွင် သူသည် သူ၏လက်ထဲရှိ သူတော်စင်ပုဆိန်ကို ချရဲခြင်းမရှိဘဲ သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကို တိတ်တဆိတ် ကြည့်လိုက်သည်။ ကျောက်တုံးလမ်းကြောင်းသည် လုံးလုံးလျားလျား ရှင်းလင်းနေသည်ကိုသာ သူ မြင်တွေ့မိပေ၏။

ဤသည်မှာ အမှန်တကယ်ကို သာယာကြည်နူးဖွယ်ကောင်းသော ပျော်ပွဲစားထွက်သည့်နေရာနှင့် တူညီနေတော့သည်။

တစ်စုံတစ်ခု မှားယွင်းနေလေပြီ..

အလွန်အမင်း မှားယွင်းနေလေပြီ...

ထူးဆန်းသော အတွေးအမျိုးမျိုးသည် ကျူးဝူရ၏စိတ်ထဲသို့ စီးဝင်လာပေ၏။ သူ စဉ်းစားလေလေ ပို၍ထူးဆန်းလေလေ ဖြစ်လာပြီး နေရာမှာပင် တောင့်တင်းသွားခဲ့သည်။

သူသည် ပုဆိန်ကို ကိုင်ဆောင်ပြီး နေရာမှာပင် မတ်တတ်ရပ်နေခဲ့ပြီး လုံးလုံးလျားလျား ကြက်သေသေနေသည်။

သူ၏ကိုယ်ဟန်အနေအထားသည် ရုတ်တရက် ဦးနှောက် ပျက်စီးသွားသော အလုပ်လက်မဲ့ အဘိုးအိုတစ်ဦးနှင့် တူညီနေတော့သည်။

သူ၏ခန္ဓာကိုယ်မှ ရောင်စုံတောက်ပနေသော ပစ္စည်းများနှင့် အခက်အခဲတစ်ခုကို ဖြတ်သန်းနေသကဲ့သို့ သူ၏စိုးရိမ်ပူပန်နေသော အမူအယာကို မြင်လိုက်ရချိန်၌...

အကြောင်းသိသူများက ဤသည်မှာ သူတော်စင်တစ်ပါး၏ ကြွယ်ဝချမ်းသာမှုဖြစ်ပြီး ရတနာအမျိုးမျိုးကို လက်ထဲတွင် ကိုင်ဆောင်ထားခြင်းဖြစ်သည်ဟု ဆိုကြပေမည်။ အကြောင်းမသိသူများကမူ ဤအဘိုးအိုသည် ကြွားဝါနေသည်ဟု ထင်မြင်ကြပေလိမ့်မည်။

"ဒီမှာ အန္တရာယ် မရှိဘူးလို့ ကျွန်တော် ပြောသားပဲ... ဒါက ပျော်ပွဲစားထွက်တာပါပဲလို့... ခင်ဗျားကို ကြည့်ပါဦး... ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ"

ရီဖုန်းက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းရင်း ပြောဆိုလိုက်သည်။

ပျော်ပွဲစားထွက်တာ...

ဤစကားကို ထပ်မံ၍ ကြားလိုက်ရချိန်၌ ကျူးဝူရ၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသော်လည်း သူ ပြန်လည်၍ ငြင်းခုံနိုင်ခြင်း မရှိတော့ချေ။

သူ မယုံကြည်သော်လည်း အမှန်တရားသည် သူ၏ရှေ့တွင် ရှိနေခဲ့သည်။

သူတို့၏ ရှေးဟောင်းစင်္ကြန်လမ်း ခရီးစဉ်သည် ချောမွေ့ရုံမျှသာမက တောက်ပသော ကြယ်ပင်လယ်ကို လာသကဲ့သို့ ဖြစ်နေပြီး သူတို့ သွားလေရာ၌ လှပသော ရှုခင်းများကိုသာ တွေ့မြင်ခဲ့ရသည်။

ဤသည်ကို ပျော်ပွဲစားထွက်ခြင်း မဟုတ်ဟုဆိုလျှင် မည်သည့်အရာ ဖြစ်မည်နည်း။

လူငယ်၏အကြည့်ကို ခံစားမိသော ကျူးဝူရ၏ မျက်နှာအိုကြီး နီမြန်းသွားခဲ့ပြီး ပြန်လည်ချေပနိုင်ခြင်း မရှိတော့ချေ။

ဝေ့သုန်းဟိုင်ကမူ ပို၍သဘာဝကျပြီး လေးစားသောအပြုံးဖြင့် ပြောဆိုလိုက်သည်။

"အာ... ဟုတ်တယ်... ဟုတ်ပါတယ်"

"စီနီယာအစ်ကို... ညီအစ်ကိုရီ ပြောတာ နားထောင်လိုက်ပါ... စိတ်လျော့ပါ... စိတ်လျော့ပါ"

ကျူးဝူရက သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

ယခုလောလောဆယ်တွင် မည်သည့်အန္တရာယ်မျှ မရှိသော်လည်း ပုဆိန်ကို ဆုပ်ကိုင်ထားသော သူ၏လက်သ​ည် အနည်းငယ်မျှ မလျော့ရဲသေးချေ။

တစ်ကြိမ် နာကျင်ဖူးလျှင် နှစ်ကြိမ် ကြောက်တတ်စမြဲပင်။ သူ ဤနေရာတွင် ခံစားခဲ့ရသော ဆုံးရှုံးမှုများသည် သူ၏မှတ်ဉာဏ်ထဲတွင် အထင်အရှား ရှိနေဆဲပင်။ သို့ရာတွင် သူ၏စိတ်ထဲတွင် ဤရှေးဟောင်းစင်္ကြန်လမ်း၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို အဆက်မပြတ် တွေးတောနေမိသည်။

ရီဖုန်းက ပြုံးလိုက်သည်။ ဤလူအိုကြီးသည် အမှန်တကယ်ကို စေ့စပ်သေချာပြီး အမြဲတစေ လေထဲမှအရာများဖြင့် တိုက်ခိုက်နေသည်ဟု စဥ်းစားတွေးတောလိုက်၏။

သို့ရာတွင် သူသည် ထိုလူအိုကြီးကို ဂရုမစိုက်တော့ဘဲ သူ၏ယခင်ကျွမ်းကျင်ထားမှုဖြင့် ထွက်ပေါက်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

ဤတစ်ကြိမ်လမ်းလွှဲသည် အနည်းငယ် ပိုဝေးသော်လည်း သူသည် ရှေးဟောင်းစင်္ကြန်လမ်းကို လေးငါးကြိမ် လျှောက်ဖူးပြီးဖြစ်ရာ ခြေလှမ်းတိုင်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ ဤသည်မှာ သူသည် ဆွေမျိုးများထံသို့ အလည်အပတ်သွားခြင်းနှင့် များစွာကွာခြားခြင်းမရှိပေ။

သူသည် ဤလမ်းနှင့် အလွန်ရင်းနှီးကျွမ်းဝင်စွာဖြင့် လမ်းပြနေခဲ့ပြီး အနည်းငယ်မျှ မရပ်တန့်ဘဲ အေးအေးလူလူ လျှောက်လှမ်းနေခဲ့သည်။

သူ၏နောက်မှနေ၍ အဘိုးအိုနှစ်ဦး လိုက်ပါလာကြသည်။

တစ်ဦးသည် သူ့အပေါ် ပို၍လေးစားလာပြီး နောက်တစ်ဦးကမူ ပို၍ဇဝေဇဝါ ဖြစ်လာသည်။

ရီဖုန်းသည် ထောင့်ချိုးတစ်ခုကို ကွေ့လိုက်ချိန်တွင် ကျောက်တုံးထဲ၌ စိုက်ဝင်နေသော ဓားနှစ်လက်ကို မြင့်တွေ့လိုက်ရသည်။ ထိုဓားနှစ်လက်သည် လမ်းတွင်ကန့်လန့်ဖြတ် တည်ရှိနေပြီး လမ်းပိတ်ထားသည့် လူဆိုးတစ်ဦးအလား ခေါင်းမာမာဖြင့် ပိတ်ဆို့ထားသည်။

ယခင်က ဖုနန်ထျန်းနှင့် လာစဥ်အချိန်တွင် သူသည် သေလိုစိတ် ပြင်းပြနေသဖြင့် ထိုအရာကို ဂရုမစိုက်ခဲ့ချေ။

ယခုတစ်ကြိမ် သူ ပြန်ရောက်လာချိန်တွင်လည်း ထိုဓားနှစ်လက်သည် သူ၏လမ်းကို ထပ်မံ၍ ပိတ်ဆို့နေပေ၏။

ရီဖုန်း၏ စိတ်ခံစားချက် ကောင်းမွန်မှုများ ပျက်စီးသွားပြီး သူ မျက်မှောင်ကြုတ်ကာ ထိုနေရာသို့ ကြည့်လိုက်သည်။

ဤလုပ်ရပ်သည် ဂျူနီယာစီနီယာ ညီအစ်ကိုနှစ်ယောက်၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။

သူ၏အကြည့်အတိုင်း လိုက်ကြည့်လိုက်ချိန်၌...

သူတို့သည် ဧရာမ ကျောက်တုံးနံရံကြီးထဲ၌ စိုက်ဝင်နေသော ရှေးဟောင်းဓားနှစ်လက်ကို မြင်တွေ့မိသည်။ ထိုအရာများပေါ်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။ ပတ်ဝန်းကျင်နေရာတဝိုက်၌ ရှုပ်ထွေးသော တာအိုစွမ်းအားများ လှိုင်းထနေသော်လည်း ဓားရိုးများအနီးသို့ အနည်းငယ်မျှ ချဥ်းကပ်နိုင်ခြင်းမရှိဘဲ ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒက ပိတ်ဆို့ဟန့်တားထားသည့်အလားပင်။

ပြင်ပ၌ ထွက်ပေါ်နေသော ဓားရိုးများကို ကြည့်လိုက်ရုံဖြင့် ဝေ့သုန်းဟိုင်နှင့်ကျူးဝူရတို့ထံတွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားခဲ့သည်။

ဤထူးဆန်းသော ကျောက်တုံးကြီးသည် အလွန်မာကျောပြီး မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိနိုင်ချေ။ အတိတ်တွင် သူတို့၏ ကျင့်ကြံဆင့်ဖြင့် ခြစ်ရာပင် ထင်အောင် မစွမ်းဆောင်နိုင်ခဲ့ချေ။ ယခုချိန်တွင်မူ သူတို့သည်သူတော်စင်ပုဆိန်ကို အသုံးပြုပါက ခြစ်ရာအနည်းငယ်ကို ထင်စေနိုင်ပေလိမ့်မည်။

သို့ရာတွင် ဤဓားနှစ်လက်သည် ကျောက်တုံးကြီးထဲ၌ လုံးဝနီးပါးမြုပ်ဝင်နေသည်။

ဤကဲ့သို့ မြင်ကွင်းကို မျက်မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူတို့နှစ်ဦးလုံးသည် ကြီးမားသော ဖိအားသက်ရောက်မှုကို ခံစားနေရဆဲပင်။ ဤနတ်ဘုရားဓားများ၏ ထက်မြက်မှုနှင့် ယခင် ကိုင်ဆောင်သူ၏ ကြောက်မက်ဖွယ် ကျင့်ကြံဆင့်တို့ကြောင့် သူတို့ထံတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူတို့သည် ရှေးဟောင်းခေတ်မှ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲတစ်ပွဲသို့ ရောက်ရှိသွားသည့်အလား အသက်ရှူချိန် အနည်းငယ်ကြာအောင် အံ့အားသင့်စွာဖြင့် ထိုအရာကို စူးစိုက်၍ ကြည့်နေကြ၏။

ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် ရှေးဟောင်းအတိတ်မှ ထွက်ပေါ်လာခဲ့ပြီး အဝေးမှ ကြည့်ရုံဖြင့်ပင် သူတို့၏စိတ်နှလုံးသားများကို မွန်းကြပ်သွားစေခဲ့သည်။

ဝေ့သုန်းဟိုင်သည် အလျင်အမြန် ရှေ့တိုးပြီး ဦးညွှတ်ကာ သူသိရှိထားသမျှနှင့် ကြားဖူးသမျှကို ပြောပြလိုက်သည်။

"ညီအစ်ကိုရီ... ဒီဓားနှစ်လက်အကြောင်း ကျွန်တော် နည်းနည်း ကြားဖူးတယ်"

"ဒဏ္ဍာရီအရ ဒီရှေးဟောင်းဓားတစ်စုံက လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာကြာကတည်းက ရှေးဟောင်းစင်္ကြန်လမ်းထဲကို မျောပါလာခဲ့တာ.. ဖြစ်နိုင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းလောက်ကပေါ့..အဲဒီအချိန်တုန်းက ဒီဓားတစ်စုံက အရမ်းနာမည်ကြီးခဲ့ပြီးတော့ မရေမတွက်နိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေက ရတနာတွေနဲ့ ဒီဓားတွေကို ယူဆောင်ဖို့ ကြိုးစားခဲ့ကြတယ်"

"ကံမကောင်းစွာနဲ့ အဲ့ဒီလူတွေအားလုံး ဒီဓားနှစ်လက်ကို ဆွဲထုတ်ဖို့ မအောင်မြင်ဘဲ လက်ဗလာနဲ့ ပြန်လာခဲ့ကြရတယ်... တဖြည်းဖြည်းနဲ့ အဲ့ဒီအကြောင်း ပြောတဲ့သူ နည်းလာခဲ့တယ်"

ကျူးဝူရသည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ရိုသေလေးစားမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသည်မှာ အမှန်ပင်။

သူ၏ဂျူနီယာညီလေးသည် အရေးပါသော အသေးစိတ် အချက်အလက်တချို့ကို ချန်လှပ်ထားခဲ့သော်လည်း ဤဓားများသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်မှ စတင်၍ တည်ရှိနေခဲ့သည်မှာ အမှန်ပင်။ ဤဓားနှစ်လက်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းက စကြဝဠာစစ်ပွဲ၏ အကြွင်းအကျန်များ ဖြစ်ပုံရပြီး တစ်ချိန်က လူအမြောက်အများ လိုချင်တောင့်တခဲ့သော်လည်း မရနိုင်ခဲ့သော ရတနာများ ဖြစ်ခဲ့ဖူးသည်။

ရှေးကျပြီး အတွေ့အကြုံရှိသော ပုဂ္ဂိုလ်တချို့မှလွဲ၍ သာမန်သူတော်စင်များသည် ဤဓားနှစ်လက်၏ဒဏ္ဍာရီများကိုသာ ကြားဖူးကြပြီး မျက်မြင်တွေ့ခွင့် မရကြချေ။

ရီဖုန်းသည် ထိုစကားများကို နားထောင်ရင်း ခေါင်းညိတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် နားလည်သဘောပေါက်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

ဤပြဿနာရှာပြီး လမ်းပိတ်နေသော ဓားနှစ်လက်တွင် ဤကဲ့သို့ နောက်ခံသမိုင်းကြောင်းမျိုး ရှိလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။ ဤအချက်သည် ရီဖုန်း၏ စူးစမ်းလိုစိတ်ကို နှိုးဆွလိုက်၏။

'ဒီဓားတွေက တကယ်ပဲ အဲ့ဒီလောက်ထိ အံ့အားသင့်စရာ ကောင်းတာလား'

သူသည် လက်ဆန့်တန်းပြီး ဖုန်တက်နေသော ဓားရိုးတစ်ခုကို မဆုပ်ကိုင်ဘဲ မနေနိုင်တော့ချေ။

ထိုသို့ ဆုပ်ကိုင်လိုက်ခြင်းသည် ဓားရိုးကို ဆုပ်ကိုင်လိုက်ရုံသာမက အဘိုးအိုနှစ်ဦး၏ စိတ်နှလုံးသားကိုလည်း ဆုပ်ကိုင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

သူတို့၏မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားသွားကြသည်။

ဝေ့သုန်းဟိုင်၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူ့ထံ၌ စိတ်ပူပန်မှုနှင့်ကြောက်ရွံ့မှုများ ရောယှက်နေပြီး စီနီယာရီဖုန်း၏စွမ်းအားကို သူ မြင်တွေ့ရ​တော့မည် ဖြစ်သော်လည်း အောင်မြင်မှုရမရကိုမူ သူ အတပ်မပြောနိုင်ချေ။ သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးပြီး ဇဝေဇဝါဖြစ်နေသော အမူအယာတစ်ရပ်ရှိနေသည်။

ကျူးဝူရသည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များ လိုချင်တောင့်တခဲ့သော ရှေးဟောင်းရတနာကို လူငယ်တစ်ယောက်သည် လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်ရန် ကြိုးစားနေသည်။ ဤလူငယ်သည် ကောင်းကင်နှင့်မြေပြင်၏ ကြီးမားကျယ်ပြန့်မှုကို အမှန်တကယ် မသိသည့်အလားပင်။

သူတို့နှစ်ဦး တိတ်တဆိတ် စောင့်ကြည့်နေစဉ်မှာပင် အသံတစ်သံကို ကြားလိုက်ရပေ၏။

"ရွှပ်...."

ရှေးဟောင်းဓားသည် ချက်ချင်းဆွဲထုတ်ခံလိုက်ရသည်။

ဖြစ်စဉ်တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ပြီး သူတို့အား အငိုက်မိသွားစေခဲ့သည်။

သူတို့သည် ရီဖုန်း ဓားရိုးကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်ကိုသာ မြင်တွေ့လိုက်ရသည်။ သူတို့ သေချာမကြည့်ရသေးမီမှာပင် တောက်ပနေသော ရှေးဟောင်းဓားသည် ပေါင်းပင်တစ်ပင် နုတ်လိုက်သကဲ့သို့ ဆွဲထုတ်ခံလိုက်ရသည်။

"ဝီ..."

ဓား၏တုန်ခါသံကြောင့်လော သို့မဟုတ် အခြားအရာကြောင့်လောဟု မသိရသော်လည်း ကျူးဝူရ၏စိတ်ထဲတွင် ဗလာဟင်းလင်းဖြစ်သွားသည်။ သူသည် တဝီဝီအသံများကို ကြားနေရသကဲ့သို့ ခံစားလိုက်ရကာ ကျောက်ဆစ်ရုပ်တစ်ရုပ်အလား နေရာ၌ တောင့်တင်းစွာ မတ်တတ်ရပ်နေခဲ့သည်။

ဝေ့သုန်းဟိုင်၏ မျက်လုံးများတွင် ဝမ်းသာအားရဖြစ်မှု အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ထင်ဟပ်နေပေ၏။

စီနီယာရီဖုန်း၏ကျင့်ကြံဆင့်သည် ထူးကဲသာလွန်သည်ကို သူ သိရှိထားပြီး ထိုဓားကို ဆွဲထုတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။

သို့ရာတွင် ဤမျှထိ လွယ်ကူလိမ့်မည်ဟု သူ အနည်းငယ်မျှ မျှော်လင့်မထားမိချေ။

စီနီယာ၏ကျင့်ကြံဆင့်သည် သူ စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက် ကျော်လွန်ပြီး အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

မရေမတွက်နိုင်သောလူများ လက်မှိုင်ချခဲ့ရသည့် ရှေးဟောင်းဓားတစ်စုံသည် ဤစီနီယာ၏လက်ထဲတွင် ကစားစရာတစ်ခုမျှသာ ဖြစ်နေတော့သည်။

"ဂုဏ်ယူပါတယ်... ညီအစ်ကိုရီ"

"ညီအစ်ကိုရီ လှုပ်ရှားလိုက်တာနဲ့ မျှော်လင့်ထားတဲ့အတိုင်း... ချက်ချင်း အောင်မြင်မှုကို ရတော့တာပဲ"

ဝေ့သုန်းဟိုင်က အလျင်အမြန် ဂုဏ်ပြုစကား ပြောဆိုလိုက်သည်။

ရီဖုန်းကမူ ဇဝေဇဝါ ဖြစ်နေဆဲပင်။ သူ၏လက်ထဲရှိ ဓားနှစ်လက်ကို စိုက်ကြည့်ရင်း သူ့ထံတွင် မေးခွန်းများ ပြည့်နှက်နေသည်။

'ဒီလိုပဲ ဆွဲထုတ်လို့ရတာလား... အဲဒီလောက်ထိ အံ့အားသင့်စရာ မကောင်းပါဘူး'

စိန်ခေါ်မှုတစ်ခုဖြစ်ရန် မဆိုထားနှင့် ရီဖုန်းသည် အောင်မြင်မှု ခံစားချက်ကိုပင် မရရှိခဲ့ဘဲ အလိမ်ခံလိုက်ရသကဲ့သို့သာ ခံစားနေရပြီး အမှိုက်နှစ်ခုကို ကောက်လိုက်ရသည့်အလားပင်။

သို့ရာတွင် အဘိုးအိုဝေ့က သူ့ကို ချီးကျူးနေသဖြင့် သူလည်း အလိုက်သင့်နေလိုက်ပြီး တုံ့ပြန်အဖြေပေးလိုက်သည်။

"ဒါက ကိစ္စငယ်လေးတစ်ခုပါ"

သူတို့နှစ်ယောက်သား စကားပြောဆိုရင်းရယ်မောနေကြသည်မှာ မိတ်ဆွေဟောင်းများအလားပင်။

ဤသည်ကို မြင်တွေ့ချိန်၌...

ကျူးဝူရမှာမူ အချိန်အတော်ကြာသည်အထိ စိတ်မတည်မငြိမ် ဖြစ်နေခဲ့သည်။

သူသည် ရီဖုန်း၏ ကျင့်ကြံဆင့်နယ်ပယ်ကို နားလည်ထားပြီးသော ဝေ့သုန်းဟိုင်နှင့် မတူပေ။ သူထံ၌ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု တစိုးတစိမျှ မရှိခဲ့ဘဲ သူ၏ စိတ်ထဲတွင် ရီဖုန်းကို ပါရမီရှင်ဂျူနီယာလေးတစ်ဦးအဖြစ်သာ အစဥ်အမြဲ ထင်မှတ်ခဲ့သည်။

ရှေးဟောင်းဓားတစ်စုံ ဆွဲထုတ်ခံလိုက်ရသည်နှင့် တပြိုင်နက် ထိုကိစ္စသည် သူ၏ အာရုံကြောများကို တိုက်ရိုက်ထိမှန်သွားခဲ့ပြီး သူ၏ဦးရေပြားကို ထုံကျင်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ ချက်ချင်းနားလည်သဘောပေါက်သွားပေ၏။

'ဒီလူငယ်က ဝန်ထုပ်ဝန်ပိုး မဟုတ်ပါလား... ဒီခရီးစဉ်မှာ ငါတို့ရဲ့ အကြီးမားဆုံး မှီခိုအားထားရာ ဖြစ်နေတာပဲ...သူ့ရဲ့ ကျင့်ကြံဆင့်က သူတို့ထက် အများကြီး သာလွန်တဲ့ လျှို့ဝှက်ဆရာကြီးတစ်ယောက် ဖြစ်နေတာပဲ'

သူ၏ဂျူနီယာညီလေးသည် ယခင်က ဤလူငယ်ကို အလွန်ရိုသေလေးစားနေခဲ့ပြီး ငတုံးငအတစ်ဦးကဲ့သို့ ပျော်ရွှင်နေခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

'ဒါက အမှန်တရားပဲ'

ယခု ပြန်ကြည့်လိုက်သောအချိန်၌..

လမ်းတစ်လျှောက်လုံး သူသည် ပြင်းထန်သော သတိပေးချက်များကို ထပ်ခါတလဲလဲ ပေးခဲ့ပြီး အဆင်အခြင်မဲ့စွာဖြင့် အကြီးအကဲတစ်ဦး၏ ဟန်ပန်ကို ပြသခဲ့သည်။ ဤဆရာကြီးကို သူသည် အသိအမှတ် မပြုခဲ့သော်လည်း တစ်ဖက်လူကမူ တည်ငြိမ်အေးဆေးနေခဲ့ကာ အနည်းငယ်မျှပင် စိတ်မဆိုးခဲ့ချေ။

'ဖြစ်နိုင်တာတော့ ဒီဆရာကြီူနဲ့ ငါ့ဂျူနီယာညီလေးရဲ့ မျက်လုံးထဲမှာ ငါက ငတုံးငအတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်...'

ဤကိစ္စကို နောက်ကျမှ နားလည်သဘောပေါက်လိုက်သဖြင့် ကျူးဝူရထံတွင် ရှက်ရွံ့မှုများ ဒေါသများဖြင့် ပြည့်နှက်သွားခဲ့သည်။

ဒါဆိုရင်...

ဝန်ထုပ်ဝန်ပိုးက တကယ်တော့ ငါ ပါလား...

အရာအားလုံးကို နားလည်လိုက်သော ကျူးဝူရ၏မျက်လုံးများတွင် ရှက်ရွံ့မှုနှင့်ဒေါသများ တလိမ့်လိမ့်ထလာသည်။

သူသည် ဤဒေါသများအားလုံးကို သူ၏ဂျူနီယာညီလေးထံသို့ ပုံချရန်အတွက် အလျင်အမြန် အသံပေးပို့လိုက်၏။

"သောက်ချေးပဲ... မင်းက ဒီဆရာကြီးရဲ့ ကျင့်ကြံဆင့်အကြောင်းကို အစကတည်းက သိနေခဲ့တာ မဟုတ်လား"

"ဒီလောက်ထိ အရေးကြီးတဲ့ ကိစ္စကို မင်း ငါ့ကို စောစော မပြောပြဘူး.... မင်း ငါ့ကို မင်းရဲ့ စီနီယာအစ်ကိုလို့ သတ်မှတ်သေးရဲ့လား..."

"မင်း ငါ့ကို လူပြက်တစ်ယောက်လို ဖြစ်အောင် လုပ်ခဲ့တယ်....ငါက သူတော်စင်ရတနာ အများကြီးကို ပြင်ဆင်ပြီး​တော့ လေထဲက အရာတွေနဲ့ တိုက်ခိုက်နေရတယ်...ပေါက်တတ်ကရတွေ ပြောနေခဲ့ရတယ်... မင်းကွာ...သောက်ရေးကို မပါဘူး..."

သို့ရာတွင် သူ မည်သို့ပင် ဆူပူကြိမ်းမောင်းပါစေ စီနီယာအစ်ကိုဟူသော ဂုဏ်ပုဒ်ကို အသုံးပြု၍ ပြောဆိုစေကာမူ...

ဝေ့သုန်းဟိုင်သည် မလှုပ်မယှက် ရှိနေခဲ့ပြီး ရီဖုန်းနှင့် ရိုသေလေးစားစွာ စကားပြောဆို ရယ်မောနေခဲ့ကာ သူ့ကို လုံးလုံးလျားလျား ဂရုမစိုက်ဟန် ပေါက်နေသည်။

သူ၏စိတ်ကျေနပ်နေသော အပြုံးသည် မြှောက်ပင့်ဖားယားတက်သူတစ်ဦး၏ အပြုံးနှင့် တူညီနေပေ၏။

ဤသည်မှာ သူတော်စင်များအတွက် အမှန်တကယ်ကို အရှက်ရဖွယ်ရာပင်။

ကျူးဝူရ၏မျက်လုံးများအတွင်းတွင် ပို၍ ကြီးမားသောဒေါသများ လောင်ကျွမ်းလာသည်။

'သောက်ချေးပဲ... မင်းက ငါ့ကို မမြှောက်ပင့်တတ်ဘူးလို့ ထင်နေတာလား'

'ငါ ကျူးဝူရက ဂုဏ်သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပါ... ယူရဲသလို စွန့်လွှတ်ရဲပါတယ်'

နောက်ထပ်အချိန်တခဏတွင် သူသည် ပုလဲကဲ့သို့ ဖြူဖွေးသောသွားများ ရယ်မောလိုက်သည်။

"ဟဲ ဟဲ... ညီအစ်ကိုရီ... ဒီဓားတစ်စုံကို ဒီလောက် အလွယ်တကူ ဆွဲထုတ်နိုင်တာက ညီအစ်ကိုရီမှာ တကယ့်ကို သာလွန်ထူးကဲတဲ့စွမ်းအားမျိုး ရှိနေတာပဲ... ညီအစ်ကိုရီကို ကျွန်တော့်ရဲ့ လေးစားမှုက လှိုင်းထနေတဲ့ မြစ်ကြီးလို အဆုံးမရှိ ဆက်တိုက်စီးဆင်းနေတယ်.. ညီအစ်ကိုရီရဲ့စိတ်ဓာတ်က ကောင်းကင်ပေါ်က ပူပြင်းတဲ့ နေမင်းကြီးလိုပဲ... ကောင်းကင်နဲ့ မြေပြင်ကို လင်းလက်စေပြီးတော့ ကျယ်ပြန့်တဲ့ ကြယ်ပင်လယ်ကြီးတောင် မယှဉ်နိုင်ပါဘူး..."

သူသည် အသက်မရှုစတမ်း အလွန်သွက်လက်စွာ ပြောဆိုလိုက်ပြီး တစ်ချက်မျှပင် စကားမထစ်ခဲ့ချေ။

သူသည် ကျပန်းစကားပြောပညာရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပေ၏။

ထိုသို့ပြောဆိုပြီးနောက် ကျူးဝူရသည် ဝေ့သုန်းဟိုင်ကို "ငါလည်း လုပ်တတ်တယ်" ဟု ပြောလိုသည့်အလား အလွန်ဂုဏ်ယူဝံ့ကြွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ရုတ်တရက် ထွက်ပေါ်လာသော ဤစိတ်အားထက်သန်သည့် မြှောက်ပင့်မှုသည် သူ၏ယခင်က တင်းမာခက်ထန်ပြီး အေးစက်သော အမူအယာနှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက် ဖြစ်နေသည်။ ဤှသည်မှာ ရီဖုန်းကိုသာမက သူ၏ ဂျူနီယာညီလေး ဝေ့သုန်းဟိုင်ကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

'ဒါက... ဒါက အပြင်ပန်း အေးစက်ပေမဲ့ အတွင်းစိတ် နွေးထွေးတဲ့ စီနီယာအစ်ကို ဟုတ်သေးရဲ့လား...'

ဤနှစ်များတလျှောက် သူ၏ စီနီယာအစ်ကို ဤမျှထိ စိတ်အားထက်သန်သည်ကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ရီဖုန်းကမူ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

ကျင့်ကြံခြင်းလောက၌ အစွမ်းထက်သူကို ရိုသေလေးစားကြသည်မှာ လူများအားလုံး သိရှိထားသည့်အချက်ပင်။

သူသည် ဤဓားနှစ်လက်ကို ဆွဲထုတ်လိုက်သဖြင့် အဘိုးအိုကျူးကို အံ့အားသင့်သွားစေခဲ့ခြင်း ဖြစ်ပေမည်။ မျှော်လင့်ထားသည့်အတိုင်း သူ၏ ကျင့်ကြံဆင့်သည် ဤအဘိုးအိုနှစ်ဦးထက် အနည်းငယ်ပို၍ သန်မာအားကောင်းနေခဲ့သည်။

ထို့ကြောင့် အဘိုးအိုကျူးသည် သူ့အား ရုတ်တရက် ဤမျှထိ ယဉ်ကျေးစွာ ဆက်ဆံခြင်း ဖြစ်သည်။

ဤအပိုဆောင်း စိတ်အားထက်သန်မှုအတွက်မူ...

ကျူးဝူရ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ဓားနှစ်လက်ကို အဆက်မပြတ် ကြည့်နေသည်အား ရီဖုန်းက ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

ဤဓားနှစ်လက်သည် အထူးအဆန်း မဟုတ်သဖြင့် သူ အလွန်စိတ်ပျက်ခဲ့ရသည်။

သို့ရာတွင် ဤအဘိုးအိုနှစ်ဦးက ထိုဓားနှစ်လက်အား အလွန်တန်ဖိုးထားပုံရသဖြင့် သူတို့အား ပေးလိုက်ရန် သူ ဝန်မလေးချေ။ မည်သို့ပင်ဆိုစေ ထိုအရာများသည် သာမန်ပစ္စည်းများသာ ဖြစ်ပေ၏။

သူသည် သူတို့၏ဝိုင်အရက်ကို သောက်ခဲ့ရပြီး သူတို့​၏ကျေးဇူးကြောင့် ရှားပါးသော နဂါးနှုတ်ခမ်းမွှေးကို စားခဲ့ရသည်။ ထိုကြောင့် ဤအဘိုးအိုများနှင့် မိတ်ဆွေဖွဲ့ခြင်းသည် သူ့အတွက် မည်သည့်အကျိုးယုတ်မှုမျှ မရှိချေ။

အချိန်တခဏကြာပြီးနောက် ရီဖုန်းက ရက်ရောစွာဖြင့် ပြောဆိုလိုက်သည်။

"ခင်ဗျားတို့နှစ်ယောက် ဒီဓားနှစ်လက်ကို ကြိုက်ရင် ယူသွားပြီးတော့ သုံးလိုက်ကြပါ"

သူ ဤစကားကို ဆိုလိုက်သည်နှင့် တပြိုင်နက်...

ဝေ့သုန်းဟိုင်နှင့် ကျူးဝူရတို့သည် မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သွားပြီး သူတို့၏မျက်နှာများပေါ်တွင် ကြောက်ရွံ့မှုများ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။

All Chapters