← Chapters

အခန်း (၁၀၁၆)

Vol. 69 Ch. 1016

အခန်း (၁၀၁၆)

Vol. 69 Ch. 1016

အချိန်နှစ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ရီဖုန်းသည် မူလက နဂါးနှုတ်ခမ်းမွှေးအချို့ကို အဘိုးအိုဖုနှင့် မျှဝေစားသုံးရန် ရည်ရွယ်ထားခဲ့ပေ၏။ မည်သို့ပင်ဆိုစေကာမူ သူတို့သည် ခြံဝန်းတစ်ခုတည်းတွင် အတူနေထိုင်ကြသူများဖြစ်ရာ ကံကောင်းခြင်းများကို မျှဝေခြင်းသည် သင့်လျော်မှန်ကန်သော အပြုအမူပင်။ ဤအရာသည် ပမာဏ အလွန်မများသော်လည်း အရသာမှာမူ အလွန်ကောင်းမွန်သည်။

သို့ရာတွင် မည်သူက တွေးထင်ထားမိမည်နည်း...

အဘိုးအိုဖုသည် ယခုလတ်တလောတွင် တစ်စုံတစ်ခု ပူးကပ်ခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်။

နှစ်ရက်လုံးလုံး သူသည် ရေတစ်ပေါက်မျှ မသောက် ထမင်းတစ်လုတ်မျှ မစားဘဲ ထူးဆန်းသော ပီအိုနီပန်းများကို စိုက်ပျိုးရန်သာ အာရုံရောက်နေခဲ့သည်။

ရီဖုန်းသည် ရွေးချယ်စရာ မရှိတော့သဖြင့် သူတစ်ယောက်တည်းသာ မြိန်ရေရှက်ရေ စားသောက်လိုက်ရသည်။

ညနေခင်းတွင် သူသည် နဂါးနှုတ်ခမ်းမွှေးသုပ်နှင့် နဂါးနှုတ်ခမ်းမွှေးကြော်ဟူ၍ ဟင်းပွဲနှစ်ပွဲကို စီစဉ်လိုက်သည်။ ကုန်ကြမ်းတစ်ခုတည်းကို နည်းလမ်းနှစ်မျိုးဖြင့် စားသုံးရခြင်းမှာ အလွန်စိတ်ကျေနပ်ဖွယ် ကောင်းပေ၏။

သူသည် ဝိုင်အရက် အနည်းငယ် သောက်လိုက်ခြင်းနှင့်အတူ ဘဝသည် လှပနေတော့သည်။

'ဖဲကစားဖို့ လူနှစ်ယောက်လောက်ပဲ လိုတော့တာ...'

ဟူး...

ပျော်ရွှင်စရာ အချိန်များကား အမြဲတစေ အလွန်တိုတောင်းသည်။ သူ နှစ်နပ်မျှ စားပြီးရုံဖြင့် နဂါးနှုတ်ခမ်းမွှေးများ ကုန်သွားခဲ့လေပြီ။

နံနက်ခင်းအချိန်၌...

ရီဖုန်းသည် ပုံမှန်အတိုင်း စောစောထလာခဲ့ပြီး သူ့ထံ၌ လန်းဆန်းတက်ကြွမှုများဖြင့် ပြည့်ဝနေသည်။

သူသည် ခြံဝန်းထဲတွင် သက်သောင့်သက်သာ ထိုင်ကာ လက်ဖက်ရည်သောက်ရင်း ခြံထောင့်၌ အဘိုးအိုတစ်ယောက် မြေကြီးတူးဆွပြီး ပန်းများကို စေ့စေ့စပ်စပ် စိုက်ပျိုးနေသည်အား ထိုင်ကြည့်နေလိုက်သည်။ ထိုသို့ ကြည့်ရှုနေရသည်မှာ နံနက်ခင်း အားကစားသတင်း ကြည့်ရသည့်အလား စိတ်လန်းဆန်းမှုကို ခံစားရစေပေ၏။

သို့ရာတွင် အချိန်တခဏကြာမျှ ကြည့်ရှုပြီးနောက် အဘိုးအိုဖုသည် လှုပ်ရှားမှုအနည်းငယ်ကိုသာ ထပ်ခါတလဲလဲ လုပ်ဆောင်နေသည်ဖြစ်ရာ ဟင်းသီးဟင်းရွက် ကြော်လှော်သည်လောက်ပင် ကြည့်မကောင်းတော့ချေ။

ရီဖုန်း စိတ်ဝင်စားမှု လျော့ပါးသွားခဲ့သည်။

ထို့ကြောင့် သူသည် ပုံမှန်အတိုင်း ရွာအဝင်ဝရှိ အဘိုးအိုများကို ရှာဖွေပြီး စကားစမြည်ပြောဆိုရန် အေးအေးလူလူ ထွက်ခွာလာခဲ့သည်။

မကြာသေးမီ ရက်များအတွင်း သူသည် ရွာ၏ အမာခံ အသိုင်းအဝိုင်းထဲသို့ ဝင်ရောက်နိုင်ခဲ့လေပြီ။ သူသည် အဘိုးအို အဘွားအိုများ၏ အတင်းအဖျင်း ပြောသံများကို နားထောင်ခြင်းဖြင့် လူတိုင်း၏ လျှို့ဝှက်ချက်များကို ရှင်းရှင်းလင်းလင်း သိရှိနေပေ၏။

အိမ်မှ ထွက်လာပြီး မကြာမီတွင်...

ရီဖုန်းသည် ရွာ၏ ရှုခင်းအလှဆုံးနှင့် လျှို့ဝှက်စကားဝိုင်းဖွဲ့ပြောရာ နေရာဖြစ်သော မိုးမခပင်ကြီးဆီသို့ ရောက်ရှိလုနီးပါး ဖြစ်နေချိန်၌ ဝေ့သုန်းဟိုင် လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။

ဝေ့သုန်းဟိုင်သည် စိတ်လှုပ်ရှားနေပုံရပြီး အနည်းငယ်လည်း စိုးရိမ်ပူပန်နေပုံရသည်။ သူ၏ ခါးတွင် ချိတ်ဆွဲထားသော ပုဆိန်ငယ်လေးသည် တောက်ပနေပြီး ဝိုင်ဘူးသီးခြောက်မှာမူ အသံမြည်ခြင်း မရှိဘဲ တိတ်ဆိတ်နေသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ဘူးသီးခြောက်အတွင်းတွင် ဝိုင်အရက်အပြည့် ပါလာပုံရသည်။

"ရီ... ညီအစ်ကိုရီ... မင်္ဂလာနံနက်ခင်းပါ"

ဤမိတ်ဆွေကြီးသည် စိတ်လှုပ်ရှားနေပြီး အပြည့်အစုံ ပြင်ဆင်ထားသည်ကို မြင်လိုက်ရချိန်၌ ရီဖုန်းသည် နောက်ဆုံးတွင် သတိရသွားပေ၏

'ဒီနေ့က ငါတို့ စွန့်စားခန်းထွက်ဖို့ သဘောတူထားတဲ့ နေ့ဖြစ်နေတာပဲ... လွန်ခဲ့တဲ့ နှစ်ရက်က စားသောက်ရတာ အရမ်းပျော်စရာကောင်းလို့ ငါ ကတိပေးထားတာကို မေ့လုနီးပါး ဖြစ်သွားတယ်'

အရက်သောက်ခြင်းသည် ကိစ္စများကို အမှန်တကယ်ပင် ရှုပ်ထွေးကာ မေ့လျော့စေတက်သည်။

ရီဖုန်းသည် ထိုကိစ္စကို ပြန်အမှတ်ရသွားပြီးနောက် အပြုံးနှင့် ပြောဆိုလိုက်သည်။

"အစ်ကိုဝေ့... စောင့်နေတာ ကြာပြီလား...ကောင်းပြီလေ....အခုပဲ ထွက်ခွာကြစို့"

ရှေးဟောင်းစင်္ကြန်လမ်းဆိုသည်မှာ ကြီးကျယ်သောကိစ္စ မဟုတ်သော်လည်း ရီဖုန်းထံ၌ စိတ်အားထက်သန်မှု အပြည့်ရှိနေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ သူသည် အကြွေးတင်နေသည်ဟု ခံစားရ၏။ အဘိုးအိုဝေ့သည် ယခင်က နဂါးနှုတ်ခမ်းမွှေးတစ်ဝက်ကို သူ့အား ပြန်၍မျှဝေပေးခဲ့ဖူးရာ ထိုကျေးဇူးတရားကို သူ မမေ့လျော့ခဲ့ချေ။

ထို့ပြင် သူ ကတိပေးထားပြီးဖြစ်၍ အဘိုးအိုတစ်ယောက်အတွက် အပျော်ခရီးထွက်သည်ဟုသာ သဘောထားလိုက်တော့မည်ဟု တွေးတောလိုက်သည်။

ဝေ့သုန်းဟိုင်သည် ပို၍ပင် ပျော်ရွှင်သွားပြီး အနည်းငယ် ထိန်းချုပ်ထားသောပုံစံဖြင့် ဦးညွှတ်အရိုအသေပြုကာ ကျေးဇူးတင်စကား ပြောဆိုသည်။

"ညီအစ်ကိုရီ... ဘာတွေ ပြောနေတာလဲ... ငါလည်း အခုမှ ရောက်တာပါ"

ထိုသို့ပြောရင်း သူသည် တောင်းပန်သည့်အပြုံးမျိုး ပြုံးလိုက်ပြီး အနည်းငယ် စိုးရိမ်ပူပန်နေသော လေသံဖြင့် ဆက်လက်၍ ပြောဆိုသည်။

"ငါနဲ့လိုက်ချင်တဲ့ အစ်ကိုကြီးတစ်ယောက်လည်း ရှိတယ်... ညီအစ်ကိုရီ... အဲဒီကိစ္စကို ဘယ်လိုသဘောရလဲ..."

ရီဖုန်းသည် ထိုစကားကို ကြားချိန်၌ ခေါင်းညိတ်လိုက်ပြီး များစွာစဉ်းစားမနေတော့ပေ။

"သူ လိုက်ချင်ရင် လိုက်ခဲ့ပါစေ.. ဒါက စုဝေးပြီး လည်ပတ်ဖို့ အခွင့်အရေးကောင်းပဲ... ခဏလောက် စောင့်ပြီးမှ အတူတူ ထွက်ခွာကြတာပေါ့"

အဘိုးအိုဝေ့၏ ဖြူစပြုနေသော နားထင်ဆံစများကို ကြည့်ပြီး ရီဖုန်း စိတ်လှုပ်ရှားသွားကာ အားကျမိသွားသည်။

သူတော်စင်တစ်ပါး၌ပင် ကျဆုံးမည့်နေ့ ရှိတတ်စမြဲပင်။

ဤလူတွင် အစ်ကိုကြီးတစ်ယောက် ရှိနေသေးပေ၏။ နှစ်ပေါင်းများစွာ ညီအစ်ကိုသံယောဇဉ်သည် ကြီးမားခိုင်မြဲပြီးနောက် ယခုကဲ့သို့ အတူတူ လျှောက်လည်ကြသည်မှာ ရှားပါးပြီး အမှန်တကယ်ကို အားကျဖွယ်ကောင်းသည်။

သူတို့သည် ဤကဲ့သို့ စုဝေးပြီး လျှောက်လည်ကြခြင်းက အမှတ်တရကောင်းတစ်ခု ဖြစ်လာစေမည်မှာ သေချာပေါက်ပင်။

ဤကမ္ဘာတွင် ကင်မရာ မရှိသည်မှာ နှမြောဖွယ်ကောင်းသည်။ အဖွဲ့လိုက်ဓာတ်ပုံရိုက်ခွင့်ရလျှင် မည်မျှထိ ကောင်းမည်နည်း။

ထိုအရာကို တွေးမိချိန်၌...

သူ၏တပည့်များနှင့် သူ ယခင်က ရင်းနှီးခဲ့သော မိတ်ဆွေသူငယ်ချင်းများကို လွမ်းဆွတ်မိသွားသည်။ ထို့ပြင် သူ့အား စိတ်အနှောင့်အယှက် ပေးတတ်ကာ သုံးစားမရသော လုပမ်ဝေကိုပင် ပို၍သတိရမိသွားသည်။

အချိန်တခဏတာအတွင်းတွင် ရီဖုန်းသည် ငြိမ်သက်စွာ ရပ်တန့်နေပြီး တည်ကြည်လေးနက်သော အကြည့်ဖြင့် အဝေးတစ်နေရာကို ငေးကြည့်နေမိသည်။

ထိုနက်ရှိုင်းသော အကြည့်ကို မြင်လိုက်ရချိန်၌ ရီဖုန်းသည် တည်ကြည်လေးနက်သော ကိစ္စများကို တွေးတောနေသကဲ့သို့ ရှိနေသဖြင့် ဝေ့သုန်းဟိုင်သည် ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားပေ၏။ စီနီယာသည် ခန့်မှန်းရခက်သောသူ ဖြစ်သည်ဟု သူ တိတ်တဆိတ် တွေးလိုက်မိသည်။

ဤသည်မှာ အမှန်ပင်။

ဤစီနီယာ၏ အဆင့်အတန်းနှင့်ကျင့်ကြံဆင့်အရ နောက်ထပ် အပိုလူတစ်ယောက် ခေါ်လာခြင်းကို လုံးဝစိတ်ထဲထားလိမ့်မည် မဟုတ်ချေ။ ဤရှေးဟောင်းစင်္ကြန်လမ်း ခရီးစဉ်သည် မည်သည့်အန္တရာယ်ကိုမျှ ပေးနိုင်မည် မဟုတ်ပေ။

သူသည် တစ်စုံတစ်ခုကို ပြန်သွားယူရန် ထိုနေရာ၏နက်ရှိုင်းသော နေရာသို့ သွားရလျှင်ပင် စီနီယာအတွက် လက်တစ်ဖက်ကို လှန်လိုက်သကဲ့သို့ လွယ်ကူနေပေလိမ့်မည်။

ဝေ့သုန်းဟိုင်သည် ပို၍စဉ်းစားမိလေလေ ပို၍ မျှော်လင့်မိလေလေ ဖြစ်လာပြီး သူ၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေတော့သည်။

ရုတ်တရက်...

သူ၏နောက်မှ တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အဟွတ်... အဟွတ်"

ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လိုက်သော ချောင်းဟန့်သံသည် မိုးခြိမ်းသံကဲ့သို့ ဖြစ်သွားပြီး ဝေ့သုန်းဟိုင်ကို လန့်ဖျပ်သွားစေသည်။

သူသည် ရုတ်တရက် သတိပြန်ဝင်လာပြီး နောက်သို့လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားပေ၏။

ဤသည်မှာ သူ၏စီနီယာအစ်ကို ကျူးဝူရ ဖြစ်နေသည်ကို မြင်လိုက်ရချိန်၌ ဝေ့သုန်းဟိုင်၏ မျက်နှာအမူအယာ အနည်းငယ်ရှုံမဲ့သွားခဲ့သည်။

ဤသို့ဖြစ်ရခြင်းမှာ သူသည် သူ၏စီနီယာအစ်ကိုကို ကြောက်ရွံ့၍ မဟုတ်​ဘဲ သူ့စီနီယာအစ်ကို၏ ရိုင်းစိုင်းမှုက စီနီယာရီဖုန်းကို စိတ်အနှောင့်အယှက် ဖြစ်စေမည်အား စိုးရိမ်သောကြောင့်ပင်။

အကယ်၍ ဤအနည်းငယ် ရိုင်းစိုင်းမှုက ရီဖုန်းကို မပျော်မရွှင် ဖြစ်စေခဲ့လျှင်...

ထိုအရာသည် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်လာပေလိမ့်မည်။

ဝေ့သုန်းဟိုင်သည် မျက်စိတစ်ဖက်ကို ထပ်ခါတလဲလဲ မှိတ်ပြပြီး အဆက်မပြတ် အရိပ်အမြွက် ပြသနေလိုက်သည်။

ဝေ့သုန်းဟိုင်၏ မျက်စိမှိတ်ပြခြင်းနှင့် မျက်နှာရှုံမဲ့ပြခြင်းကို မြင်သည့်တိုင် ကျူးဝူရသည် ရှင်းရှင်းလင်းလင်း နားမလည်ပေ။ သူသည် နံဘေးရှိ ရီဖုန်းကို သတိထားမိလိုက်သည့်အချိန်တွင်မူ သူ၏မျက်နှာ ပို၍မည်းမှောင်သွားသည်။ ထို့နောက် သူသည် တင်းကြပ်သော သတိပေးချက်ကို နတ်ဘုရားစိတ်အာရုံမှတစ်ဆင့် တိုက်ရိုက်ပေးပို့လိုက်သည်။

"မင်း ဘာတွေ လုပ်နေတာလဲ..."

"ငါတို့က ရှေးဟောင်းစင်္ကြန်လမ်းရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားကြမှာ... ဘာကိစ္စနဲ့ ဒီကောင်လေးကို ခေါ်လာရတာလဲ"

"မင်း တပည့်လက်ခံဖို့ ရည်ရွယ်ထားရင်တောင် အချိန်ရွေးဖို့ လိုသေးတယ်... ဒီခရီးက အရမ်းအန္တရာယ်များတယ်... သူ့ကို ခေါ်လာရင် သူ့ကို စမ်းသပ်ဖို့ဆိုတာ ထည့်မပြောနဲ့.. ငါတို့တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး"

"ဒါက ဝန်ထုပ်ဝန်ပိုးတစ်ခုကို ခေါ်လာတာ မဟုတ်ဘူးလား"

သူ ပေးပို့လိုက်သော အသံသတင်းစကားသည် မယုံနိုင်လောက်အောင် ပြင်းထန်ပြီး ဝေ့သုန်းဟိုင်ကို ဆူပူကြိမ်းမောင်းလိုက်ခြင်းပင်။

သူ၏စီနီယာအစ်ကိုသည် အစဥ်အမြဲ ခန့်ညားထည်ဝါစွာ နေတတ်ပြီး စကားပြော ပြတ်သားသော်လည်း စိတ်ထားနူးညံ့သူ ဖြစ်သည်။

ဝေ့သုန်းဟိုင်သည် တုံ့ပြန်ပြောဆိုလိုသော်လည်း ရီဖုန်း၏ကျင့်ကြံဆင့်ကို သူ ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိပေ။ ဖုနန်ထျန်းပင်လျှင် ရီဖုန်း၏ ကျင့်ကြံဆင့်ကို သိရှိထားခြင်း မရှိချေ။

ထို့ကြောင့် သူသည် သူ၏စီနီယာအစ်ကို စိတ်အေးစေရန် သတင်းစကားများကိုသာ ထပ်ခါတလဲလဲပေးပို့ပြီး မျက်စိမှိတ်ပြ မျက်နှာရှုံမဲ့ပြ ဆက်လုပ်နေရုံသာ တတ်နိုင်တော့သည်။ သူသည် အလွန်စိုးရိမ်သဖြင့် မျက်ရည်များပင် ဝဲလာပေ၏။

အဘိုးအိုနှစ်ယောက်၏ အမူအယာကို ကြည့်ပြီး ရီဖုန်း နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားခဲ့သည်။

ဤပုံစံသည် တစ်ယောက်နှင့်တစ်ယောက် မကြာခဏ မတွေ့ရသော ညီအစ်ကိုနှစ်ယောက်နှင့် တူညီနေသည်။ တစ်ယောက်သည် လာရန် မာနကြီးနေပြီး နောက်တစ်ယောက်ကမူ ခေါင်းမာမာဖြင့် အတင်းအကြပ် ဖိတ်ခေါ်နေခြင်းပင်။

'ဖြစ်နိုင်တာက ဒါက အစ်ကိုကြီးတွေ ဆက်ဆံတဲ့ ပုံစံလား...'

ကျင့်ကြံခြင်းလမ်းကြောင်းသည် အလွန်ပင်ပန်းခက်ခဲပြီး အဆုံးမရှိပုံရသည်။ ဤအဆင့်သို့ ရောက်ရှိချိန်တွင် ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် ဆွေမျိုးများ မရှိသလောက် နီးပါး ဖြစ်နေလေပြီ။ သို့ရာတွင် သူတို့သည် အတူတကွ အပျော်ခရီး ထွက်နိုင်ကြသေးသည်။

ဟူး... တကယ့်ကို အားကျဖို့ ​ကောင်းတာပဲ...

ရီဖုန်းက စဉ်းစားတွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကြားဝင်ဖြန်ဖြေရန် ပြောဆိုလိုက်၏။

"ခင်ဗျားက ဒီကိုရောက်လာမှတော့ အတူတူ သွားကြတာပေါ့"

ထိုစကားကို ကြားလိုက်ရချိန်၌ ဝေ့သုန်းဟိုင်သည် ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့်ကို ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ထပ်ခါတလဲလဲ ခေါင်းညိတ်ကာ လေဟာနယ်ကို ဆွဲဖွင့်လိုက်သည်။ သူသည် ပထမဆုံး ရီဖုန်းကို ဝင်ရောက်ရန် လက်ဟန်ပြပြီးမှ ကျူးဝူရကို အတင်းအကြပ် ဆွဲခေါ်သွားလေ၏။

မျက်စိတစ်မှိတ်အတွင်း သူတို့သုံးဦးသည် ကြယ်တာရာကောင်းကင်ယံတွင် ထွက်ပေါ်လာခဲ့ကြသည်။

All Chapters