အခန်း (၁၀၂၀)
Vol. 69 Ch. 1020
လေဟာနယ်သည် ဗြောင်းဆန်နေပြီး နေရာတိုင်းတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့သည်။
ဤအံ့အားသင့်ဖွယ် ပြောင်းလဲမှုကို ထုတ်ဖော်ပြောဆိုလိုက်ချိန်၌ သူတော်စင်များအားလုံး ထိတ်လန့်သွားခဲ့သည်။
ဝေ့သုန်းဟိုင်သည် တည်ကြည်လေးနက်စွာ ခေါင်းညိတ်ပြပြီး ဦးဆောင်၍ ပြောဆိုလိုက်၏။
"အမှန်ပဲ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ အထီးကျန်မြေရိုင်းနယ်မြေကို သွားခဲ့တယ်... လေဟာနယ်သားရဲတွေ အများကြီး ထွက်ပေါ်လာပြီးတော့ လေဟာနယ်အက်ကွဲကြောင်းတွေ ပွင့်ထွက်လာတဲ့ လက္ခဏာတွေ တကယ်ကြီး ရှိနေတယ်... ရွှေရောင် လေဟာနယ်သားရဲတွေတောင် ထွက်ပေါ်လာခဲ့တယ်..."
"အခု ပြန်စဉ်းစားကြည့်ရင် ဒီကိစ္စက အရမ်းထူးဆန်းနေတာကြောင့် သတိထားပြီး ဆက်ဆံရမယ်"
ဝေ့သုန်းဟိုင်က တည်ကြည်လေးနက်သော အသံဖြင့် ပြန်ပြောင်းပြောပြရင်း သူတော်စင် ရှစ်ယောက်လုံး အလေးအနက်ထားသော အမူအယာဖြင့် ရှိနေကြသည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြရင်း အခြေအနေသည် ပို၍တင်းမာလာခဲ့သည်။
"ဒီလို ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးဆိုရင် ငါတို့အပေါ် ကပ်ဘေး ကျရောက်လာမှာကို စိုးရိမ်ရတယ်"
"ငါတို့က ဒီနေရာမှာ နှစ်တွေအများကြီးကြာအောင် စောင့်ကြပ်ခဲ့ကြတယ်... လေဟာနယ်အက်ကွဲကြောင်းတွေ ကျယ်ပြန့်လာပြီးတော့ လေဟာနယ်သားရဲတွေက ယွင်ရှင်းကြယ်နယ်မြေထဲကို ဝင်ရောက်လာပြီး ကြီးမားတဲ့ ဒုက္ခဆင်းရဲတွေ ယူဆောင်လာမှာကို ခွင့်မပြုနိုင်ဘူး"
"အမှန်ပဲ... ဒါက ငါတို့ရဲ့ တာဝန်ပဲ... ငါတို့ ရှောင်လွှဲလို့ မရဘူး"
"ဒီလိုဆိုမှတော့ ငါတို့ အခုပဲ လေဟာနယ်အက်ကွဲကြောင်းတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အထီးကျန်မြေရိုင်းနယ်မြေကို သွားကြစို့"
သူတော်စင်များသည် လှုပ်ရှားရန် ဟန်ပြင်လိုက်ကြပြီး အခြေအနေမှာ အလွန်အရေးတကြီး ဖြစ်နေပုံရသည်။
သို့ရာတွင် ကျူးဝူရသည် ထူးဆန်းသော အရာတစ်ခုကို တွေးမိသည့်အလား သူတို့ကို တားဆီးဟန့်တားလိုက်၏။
"မင်းတို့အားလုံး... ခဏနေကြပါအုံး"
သူတော်စင်များအားလုံး ကျူးဝူရကို ကြည့်လိုက်ကြပြီး သူက မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်သည်။
"ဒီကိစ္စက အရမ်းထူးဆန်းပြီးတော့ လျှော့တွက်လို့ မရဘူး"
"မနေ့က ငါ့ရဲ့ဂျူနီယာညီလေးနဲ့ ငါက ရှေးဟောင်းစင်္ကြန်လမ်းကို သွားခဲ့ကြတယ်... လမ်းတလျှောက်လုံးမှာ အကြွင်းအကျန်စိတ်ဝိညာဉ် တစ်ကောင်တစ်လေမှ မတွေ့ခဲ့ရဘူး... ငါတို့မှာ မင်းတို့ပေးလိုက်တဲ့ မှော်ရတနာတွေရဲ့ ကောင်းချီးတွေ ရှိနေပေမဲ့ ဒီကိစ္စက အရမ်းထူးဆန်းနေတယ်"
"မကြာသေးခင်ကစပြီးတော့ ထူးဆန်းတဲ့ အရာတွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတယ်... ဒီတစ်ကြိမ် လေဟာနယ်အက်ကွဲကြောင်းတွေကို စုံစမ်းစစ်ဆေးတဲ့အချိန်မှာ ငါတို့ မပေါ့ဆသင့်ဘူး... ငါတို့အားလုံး အတူတူ သွားသင့်တယ်"
ရှင်းရှင်းလင်းလင်း ပြောဆိုရလျှင် ကျူးဝူရသည် ရှေးဟောင်းစင်္ကြန်လမ်းတွင် အကြွင်းအကျန်စိတ်ဝိညာဉ်များ ပျောက်ကွယ်သွားခြင်းသည် ရီဖုန်းနှင့် သက်ဆိုင်သည်ဟု လုံးလုံးလျားလျား ထင်မှတ်မထားချေ။
ဤစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူတော်စင်များ၏စိတ်အာရုံကို ချက်ချင်းဆွဲဆောင်သွားနိုင်ပြီး အံ့အားတသင့်ရေရွတ်သံများ ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။
"ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တာလား"
"ဒါဆိုရင် ဒီလေဟာနယ်အက်ကွဲကြောင်းတွေ ကျယ်ပြန့်ပြီး တိုးပွားလာတာက တိုက်ဆိုင်မှုသက်သက် မဟုတ်လောက်ဘူး"
"လူအိုကြီးကျူး ပြောတာ အမှန်ပဲ... ငါတို့က ဒီနေရာမှာ အခြေချနေပြီးတော့ လေဟာနယ် မူမမှန်မှုတွေကို ကာကွယ်ပြီး ရှေးဟောင်းစင်္ကြန်လမ်းကို စောင့်ကြည့်နေတာ... ယွင်ရှင်းကြယ်နယ်မြေက သန်းနဲ့ချီတဲ့ သက်ရှိတွေရဲ့ လုံခြုံရေးက ငါတို့အပေါ်မှာ မူတည်နေတယ်... ငါတို့ မပေါ့ဆသင့်ဘူး"
"အမှန်ပဲ... ဒီနေရာက ယွင်ရှင်းကြယ်နယ်မြေရဲ့ လေဟာနယ် ဆုံမှတ်ပဲ... လှုပ်ရှားမှု တစ်ခုတည်းက နယ်မြေတစ်ခုလုံးကို သက်ရောက်မှု ရှိတယ်... ငါတို့ရဲ့စောင့်ကြပ်မှုက အမှားအယွင်းရှိလို့ မဖြစ်ဘူး... အထီးကျန်မြေရိုင်းနယ်မြေက အက်ကွဲကြောင်းတွေက ဒီနေရာနဲ့ နီးနီးကပ်ကပ် ဆက်စပ်နေတယ်... ဒါကြောင့် ငါတို့တွေ အတူတူသွားပြီး စုံစမ်းသင့်တယ်"
"လေဟာနယ်သားရဲတွေကို ရှင်းလင်းတဲ့ ဒီတိုက်ပွဲကို လျှော့တွက်လို့ မရဘူး"
သူတော်စင်များသည် ဆက်တိုက်ဆွေးနွေးကြပြီးနောက် သူတို့၏အကြည့်များသည် စားပွဲထိပ်ရှိ အဘိုးအိုထံသို့ ရောက်ရှိသွားကြသည်။
ထိုအဘိုးအို၏ဆံပင်များသည် လုံးလုံးလျားလျား ဖြူဖွေးနေပြီး ရှည်လျားသော မျက်ခုံးမွှေးများသည် ပါးပြင်ပေါ်သို့ တွဲကျနေပေ၏။ သူ၏ မှုန်ဝါးသော မျက်လုံးများသည် လောကဓံ၏ အနိမ့်အမြင့်များဖြင့် ပြည့်နှက်နေသည်။ အသက်အလွန်အိုမင်းပုံရသော ဤအဘိုးအိုသည် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအကြာကတည်းက ယွင်ရှင်းကြယ်နယ်မြေတွင် ထိပ်သီးအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလေပြီ။
ထျန်းရှာမဟာမိတ်အဖွဲ့ကဲ့သို့ အင်အားစုများသည်ပင် သူ၏မျက်လုံးထဲတွင် ရိုးအသော ဂျူနီယာများသာ ဖြစ်ကြသည်။
ကျူးဝူရနှင့်ဖုနန်ထျန်းကဲ့သို့ အဘိုးအိုများပင်လျှင် သူနှင့် တွေ့ဆုံချိန်၌ လေးစားရိုသေစွာ ဆက်ဆံကြ၏။
အကြောင်းအရင်းမှာ သူသည် ဓားတာအိုလမ်းစဉ်သို့ ဝင်ရောက်ခဲ့ပြီး ယွင်ရှင်းကြယ်နယ်မြေ၏ ဓားတာအိုအပေါ် နားလည်မှုကို သူတစ်ယောက်တည်းဖြင့် မြှင့်တင်ပေးခဲ့သည်။ သူသည် ခေတ်ကာလတစ်ခုကို အံ့အားသင့်စေခဲ့သော ထူးကဲသည့် ပါရမီကို ပိုင်ဆိုင်ထားသောကြောင့်ပင်။ သူသည် ထိုကဲ့သို့ တန်ဖိုးရှိသော မဟာတာအိုကို လူအများ သိရှိနားလည်အောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ နောင်လာနောက်သား ဓားသူတော်စင်တချို့ပင်လျှင် သူ၏ခြေရာကို အတိုင်းအတာတစ်ခုအထိ လိုက်လျှောက်ခဲ့ကြသည်။
ဤမျှထိ ပါရမီရှိပြီး စွမ်းအားကြီးသော တည်ရှိမှုမျိုးသည် ယွင်ရှင်းကြယ်နယ်မြေအတွက် ဤနေရာကို စောင့်ကြပ်ပေးနေခဲ့သည်။
ဒဏ္ဍာရီလာ ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် စီနီယာတစ်ဦးအဖြစ် သူ၏နာမည်ဂုဏ်သတင်းနှင့် အမှန်တကယ်ကိုလိုက်ဖက်ညီသည်။
ကြီးမားသော ကပ်ဘေးကြီး နီးကပ်လာချိန်တွင်...
အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသော ဤအဘိုးအို၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး တည်ကြည်လေးနက်သော အသံဖြင့် ခိုင်မာပြတ်သားစွာ တုံ့ပြန်လိုက်၏။
"ကောင်းပြီလေ... ငါတို့တွေက နတ်ဆိုးတွေကို သတ်ဖို့ အတူတူ သွားကြမယ်... ပြီးတော့ ရွာကို အတူတူ ပြန်လာကြမယ်"
သူ၏စကားတစ်ခွန်းတည်းဖြင့် ဆုံးဖြတ်ချက် ချလိုက်သည်။
သူတော်စင်များအားလုံး သူတို့၏ မှော်ရတနာများကို ထုတ်လွှတ်လိုက်ကြပြီး သူတို့၏ အရှိန်အဝါများ တညီတညွတ်တည်း ပွင့်အံ့ထွက်လာသည်။ ဤသည်ကြောင့် ငှက်များနှင့် သားရဲများကို လန့်ဖျပ်သွားစေပြီး မိုးကောင်းကင်ယံရှိ တိမ်တိုက်များနှင့်ပင်လယ်ကို အက်ကွဲသွားစေသည်။
မျက်စိတစ်မှိတ်အတွင်း....
လေဟာနယ်ထဲတွင် လှိုင်းများ ပျံ့နှံ့သွားပြီး အထွတ်အထိပ် စွမ်းအားများကို သယ်ဆောင်ထားသော ပုံရိပ်ရှစ်ခု ဝင်ရောက်သွားကာ အလင်းတန်းများအဖြစ် ပြောင်းလဲပြီး နေရာမှ ပျောက်ကွယ်သွားကြသည်။
သူတို့ ပြန်လည်၍ ထွက်ပေါ်လာချိန်၌ မိုင်ပေါင်း သန်းရာနှင့်ချီ၍ ဝေးကွာသော အထီးကျန်မြေရိုင်းနယ်မြေတွင် ရောက်ရှိနေကြသည်။
ကျယ်ပြန့်သော သဲပင်လယ်ကြီးသည် လုံးလုံးလျားလျား ခြောက်ကပ်နေပေ၏။
သူတော်စင်ရှစ်ယောက်သည် မတ်တတ်ရပ်နေကြပြီး သူတို့၏ မျက်နှာအမူအယာများ အလွန်တည်ကြည်လေးနက်နေကြသည်။
လော့ဟုန်ဖေးသည် ရှေ့ဆုံးမှ ဦးဆောင်ထားပြီး အတွေ့အကြုံ အနည်းဆုံးဖြစ်သော ဝေ့သုန်းဟိုင်က နောက်ဆုံးတွင် ရှိနေသည်။
သူတော်စင်များသည် အဝေးကို လှမ်းကြည့်လိုက်ကြ၏။
ဤသဲပင်လယ်ကြီးသည် ဖရိုဖရဲဖြစ်နေကာ ကျယ်ပြန့်သော နေရာတစ်နေရာဖြစ်ပြီး လေဟာနယ်လှိုင်းများက အဆက်မပြတ် နှောင့်ယှက်နေကာ ခြောက်ကပ်မှုမြင်ကွင်းက ယခင်ကထက် ပို၍ကြီးမားနေသည်။ အစွန်အဖျားတွင် ရပ်နေရုံဖြင့်ပင် သူတို့သည် ဖိအားတစ်စုံတစ်ရာကို ခံစားနေရသည်။
ထိုအချိန်မှာပင် အဝေးမှ ကြီးမားသော သားရဲအလောင်းများသည် သူတို့၏အမြင် ဖမ်းစားလိုက်သည်။
သူတော်စင်များ၏ မျက်လုံးများထဲရှိ ဖိအားအရိပ်အယောင်သည် အံ့အားသင့်မှုဖြင့် အစားထိုးခံလိုက်ရပေ၏။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဘယ်သူ လုပ်လိုက်တာလဲ... သူက လေဟာနယ်သားရဲတွေ အများကြီးကို သတ်ဖြတ်ခဲ့တယ်"
"ဒီလိုကျင့်ကြံဆင့်မျိုးက တကယ့်ကို ကြောက်စရာကောင်းလိုက်တာ"
"ဒါက သီးခြားနေထိုင်တဲ့ လူသားအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... ကပ်ဘေးကြီး မပေါ်လာခင်မှာ သူက ကပ်ဘေးကို တိတ်တဆိတ် ရှင်းလင်းလိုက်တာပဲ... ဒီလို မြင့်မြတ်တဲ့ စိတ်ထားက လေးစားစရာပဲ"
သူ့မိတ်ဆွေဟောင်းများ၏ ချီးကျူးသံများကို နားထောင်ရင်း ဝေ့သုန်းဟိုင်သည်လည်း လေးစားမှုဖြင့် ကြည့်နေမိသည်။
လေဟာနယ်သားရဲများ၏ အံ့အားသင့်ဖွယ် ဧရာမ အလောင်းများကို ပြန်မြင်ရသည့်တိုင် စီနီယာရီဖုန်း၏ ထူးကဲသော အမူအယာကို မြင်နေရသကဲ့သို့ ခံစားရပြီး သူ၏လေးစားမှုများ ပို၍နက်ရှိုင်းလာသည်။
သူတော်စင်များသည် အံ့အားသင့်မှု စိတ်လှုပ်ရှားမှုတို့ဖြင့် အံ့အားတသင့် ရေရွတ်နေကြစဉ်တွင် လော့ဟုန်ဖေး၏မှုန်ဝါးသော မျက်လုံးများအတွင်းတွင် ထူးဆန်းသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
လေဟာနယ်သားရဲ အလောင်းများ ရုတ်တရက် ထွက်ပေါ်လာခြင်းနှင့် ထိုကိစ္စကို လှုပ်ရှားခဲ့သော အမည်မသိ တည်ရှိမှုကြီးတို့က အရာအားလုံးကို ပုံမှန်မဟုတ်သကဲ့သို့ ဖြစ်စေသည်။
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ဝေ့သုန်းဟိုင်ကိုကြည့်ပြီး ပြောဆိုလိုက်၏။
"ဒီမြင်ကွင်းက မင်း အရင်က ပြောခဲ့တာနဲ့ တော်တော်လေး ကိုက်ညီနေတယ်... မင်းက ဆရာကြီးတစ်ယောက် လှုပ်ရှားတာကို မြင်ခဲ့တာလား"
ဝေ့သုန်းဟိုင်သည် ထိုကိစ္စကို ထုတ်ဖော်မပြောဝံ့သဖြင့် တည်ကြည်လေးနက်စွာ ဦးညွှတ်ပြီး တုံ့ပြန်အဖြေပေးလိုက်သည်။
"ကျွန်တော် ရောက်သွားတဲ့အချိန်မှာ ဒီနေရာက ဒီလိုဖြစ်နေပြီးသားပါ... ကျွန်တော့်ရဲ့ကျင့်ကြံဆင့်က တိမ်ကောတော့ ဘယ်ဆရာကြီးကိုမှ မမြင်လိုက်ရပါဘူး"
ထိုစကားကို ကြားချိန်တွင်...
လော့ဟုန်ဖေး၏ မျက်လုံးများတွင် နောင်တ အရိပ်အယောင်များ ထင်ဟပ်လာပြီးနောက် တည်ကြည်လေးနက်စွာ အမိန့်ပေးလိုက်သည်။
"မင်းတို့အားလုံး... ဒီခရီးစဉ်က အရမ်းအန္တရာယ်များတယ်... မဆင်မခြင် ရှေ့မတိုးကြနဲ့"
"ငါတို့အားလုံး အတူတူ ရှေ့တိုးပြီးတော့ အတူတူ ဆုတ်ခွာကြမယ်... မဆင်မခြင် မလုပ်ရဘူး... ငါတို့ထဲက တစ်ယောက်ယောက် ဒဏ်ရာရသွားရင် လေဟာနယ်သားရဲတွေကို အခွင့်အရေး ပေးသလို ဖြစ်သွားနိုင်တယ်... မင်းတို့ သတိကြီးကြီးထားပြီးတော့ လှုပ်ရှားဖို့ သတိရပါ"
ရှေးဟောင်းသူတော်စင်သည် အမှန်တကယ်ကို အတွေ့အကြုံ ရင့်ကျက်ပေ၏။ အရေးကြီးသော အခြေအနေကို ရင်ဆိုင်ရချိန်တွင် ဤနေရာ၌ မည်သူ ထွက်ပေါ်လာပြီး လေဟာနယ်သားရဲ အမြောက်အများကို သတ်ဖြတ်ခဲ့သည်ကိုပင် စုံစမ်းရန် ဂရုမစိုက်ဘဲ သူတို့ကို ထပ်မံ၍ သတိပေးလိုက်သည်။
သူတော်စင်များအားလုံးက တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့၏မျက်နှာအမူအယာများ တည်ကြည်လေးနက်နေကြသည်။
သူတို့သည် နောက်ထပ်မိုင်တစ်ရာခန့် ရှေ့သို့ ဆက်လက်၍ ပျံသန်းသွားကြသည်။
မိုးကောင်းကင်ယံတွင် အက်ကွဲကြောင်းများ ထွက်ပေါ်နေလေပြီ။ အဝေးမှ ကြည့်လိုက်လျှင် သဲပင်လယ်၏ ဝေးကွာသော မိုးကုပ်စက်ဝိုင်းမှနေ၍ အက်ကွဲကြောင်းများသည် အထက်သို့ ဆန့်တန်းနေပြီး မှိန်ဖျဖျကောင်းကင်၏ ထက်ဝက်ခန့်ကို နေရာယူထားကာ ဧရာမ ပင့်ကူအိမ်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။
ထိုအက်ကွဲကြောင်းများအတွင်းမှ တလိမ့်လိမ့်ထသော စွမ်းအင်စီးကြောင်းများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ထို့ပြင် အက်ကွဲကြောင်းများသည် အရွယ်အစားများ အဆက်မပြတ် ပြောင်းလဲနေကာ အသက်ရှိသကဲ့သို့ အသက်ရှူနေပြီး အချိန်မရွေး ပွင့်ထွက်သွားနိုင်မည့်ပုံရှိသည်။
ဤအခြေအနေကို မျက်မြင်တွေ့လိုက်ရချိန်၌ သူတော်စင်ရှစ်ယောက်၏ မျက်နှာအမူအယာများ ပို၍တည်ကြည်လေးနက်လာသည်။
ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် ထိုမြင်ကွင်းကို တည်ကြည်လေးနက်စွာကြည့်ပြီး ပြောဆိုလိုက်၏။
"လေဟာနယ်အက်ကွဲကြောင်းတွေ အများကြီး ရှိနေတယ်... အခြေအနေက မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားနေတယ်... ဒီအတိုင်း ဆက်သွားရင် လေဟာနယ်သားရဲတွေ အများကြီး ထွက်လာပြီးတော့ ယွင်ရှင်းကြယ်နယ်မြေတစ်ခုလုံး အန္တရာယ်ကျရောက်လိမ့်မယ်"
သူတော်စင်များအားလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏စိတ်နှလုံးသားထဲတွင် နက်ရှိုင်းသော အကျပ်အတည်း ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူတော်စင်ရှစ်ယောက်သည် မကောင်းသော နိမိတ်ကို ခံစားမိနေပြီဖြစ်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ပျံသန်းလိုက်ကြသည်။
မျှော်လင့်ထားသည့်အတိုင်း....
မိုင်တစ်ထောင်မျှသာ သွားပြီးနောက် အက်ကွဲကြောင်းများ ပို၍ကြီးမားလာပြီး လေဟာနယ် လှိုင်းများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ မိုးကောင်းကင်သည် လှိုင်းထနေသော ရေပြင်အလား ဖြစ်နေပြီး အချိန်မရွေး စုတ်ပြဲသွားနိုင်သကဲ့သို့ ရှိနေသည်။
ပို၍ကျယ်ပြန့်လာသော အက်ကွဲကြောင်းများ၏ အခြေသည် ဝေးကွာသော မိုးကုပ်စက်ဝိုင်းဆီသို့ ဆန့်တန်းနေပေ၏။
အဆုံးမရှိသော အနက်ရောင် မြူခိုးများက မိုးကုပ်စက်ဝိုင်းကို လွှမ်းခြုံထားသဖြင့် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ပေ။
သဲမြေပြင်ပေါ်တွင်...
တုန်ခါမှုများ ဆက်တိုက်ထွက်ပေါ်နေပြီး ကြီးမားသော တွင်းနက်များနှင့် သေးငယ်သော တွင်းနက်များ ဆယ်နှင့်ချီပြီး ရှိနေပေ၏။ ဤသည်မှာ လေဟာနယ်သားရဲများ ထွက်ပေါ်လာတော့မည့်အလား သို့မဟုတ် ထွက်ပေါ်လာပြီးသား ဖြစ်နေသကဲ့သို့ ရှိနေသည်။ ထိုတွင်းနက်ကြီးများအနက်မှ အများစုသည် သဲပင်လယ်ထဲတွင် ပုန်းအောင်းနေကာ လေဟာနယ်၏ဖရိုဖရဲစွမ်းအားများကို လောဘတကြီး စုပ်ယူနေကြသည်။
လေဟာနယ်သားရဲအမျိုးမျိုးသည် တောင်ကုန်းများကဲ့သို့ ဖြစ်နေပြီး သူတို့၏ခန္ဓာကိုယ်များသည် အလွန်ကြီးမားပေ၏။
ပေပေါင်းများစွာ ကြီးမားသည့် အရွယ်အစားရှိသော ဧရာမ ဂဏန်းများ ကြောက်မက်ဖွယ် ကောင်းသော ငွေရောင်ရေဘဝဲများနှင့် ဆင်နှာမောင်းပါသော မျက်နှာရှည်သတ္တဝါများသည် တောအုပ်တစ်ခုအလား ထူထပ်သိပ်သည်းစွာ ပြည့်နှက်နေသည်။
သူတို့၏ ကြောက်မက်ဖွယ်ခန္ဓာကိုယ်များသည် ဖရိုဖရဲ လေဟာနယ်စွမ်းအင်စီးကြောင်းများကို စုပ်ယူရင်း ဆက်လက်၍ ကြီးမားကျယ်ပြန့်နေဆဲပင်။
ရက်အနည်းငယ် အတွင်းမှာပင်....
ဤအထီးကျန်မြေရိုင်းနယ်မြေသည် လေဟာနယ်သားရဲများ၏သုခဘုံ ဖြစ်လာခဲ့သည်။
ဤအတိုင်း ဆက်သွားပါက ရက်အနည်းငယ် အတွင်းတွင် လေဟာနယ်သားရဲများသည် အကန့်အသတ်မရှိ သန်မာလာပေမည်။ ထိုသို့ဖြစ်လာပါက ယွင်ရှင်းကြယ်နယ်မြေမှ သူတော်စင်များအားလုံး စုဝေးလာလျှင်ပင် လေဟာနယ်သားရဲ ဒီရေလှိုင်းကို ခုခံရန် ရုန်းကန်ရပေလိမ့်မည်။
အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။
သူတော်စင်ရှစ်ယောက်လုံး တည်ကြည်လေးနက်သော အမူအယာဖြင့် ရှိနေကြပြီး ယနေ့တွင် ဤခရီးစဉ်ကို လာခဲ့မိခြင်းအတွက် တိတ်တဆိတ် စိတ်သက်သာရာ ရနေကြသည်။ ထိုသို့မဟုတ်ပါက အကျိုးဆက်များကို စိတ်ကူးယဥ်တွေးတောကြည့်၍ပင် ရနိုင်မည် မဟုတ်ပေ။
လော့ဟုန်ဖေးသည် လေထဲတွင် ရပ်တန့်နေပြီး အောက်သို့ငုံ့ကြည့်ကာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်ဟစ်သံတစ်သံက ကောင်းကင်နှင့်မြေပြင်အနှံ့ ပျံ့နှံ့သွားသည်။
"မင်းတို့က ယွင်ရှင်းကြယ်နယ်မြေနဲ့ မဆိုင်ဘူး... လေဟာနယ်အက်ကွဲကြောင်းတွေက မင်းတို့ရဲ့ နယ်မြေပဲ... မင်းတို့က ယွင်ရှင်းကြယ်နယ်မြေရဲ့ နေရာကို ဖျက်ဆီးဖို့ ကြိုးစားရင် မင်းတို့ သေချာပေါက် အပြတ်ရှင်းခံရလိမ့်မယ်"
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံသည် မိုးကောင်းကင်တာအို၏အသံကဲ့သို့ ပျံ့နှံ့သွားပြီး ဧရာမလေဟာနယ်သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် မော့ကြည့်လာကြ၏။
ကြီးမားသောဆင်နှာမောင်းပါသည့် မျက်နှာရှည် သားရဲကြီးက အစွယ်များကို လှစ်ဟပြကာ ရိုင်းစိုင်းစွာရယ်မောလိုက်ပြီး သူ၏မျက်လုံးများထဲရှိ လောဘနှင့်အထင်အမြင်သေးမှုများကို ဖုံးကွယ်မထားနိုင်ချေ။
"လူသားတွေလား"
"မင်းတို့လို နိမ့်ကျပြီး သေးနုပ်တဲ့ သတ္တဝါတွေက ငါတို့ လေဟာနယ်မျိုးနွယ်ကို စိန်ခေါ်ရဲတယ်လား....ငါတို့ ယွင်ရှင်းကြယ်နယ်မြေအပေါ် ဆင်းသက်လာတာက မင်းတို့ရဲ့ဂုဏ်ယူစရာပဲ"
"ဒီနေ့ကစပြီးတော့ ယွင်ရှင်းကြယ်နယ်မြေက ငါတို့ လေဟာနယ်မျိုးနွယ်ရဲ့ နယ်မြေ ဖြစ်သွားပြီ"
သူ၏ကျယ်လောင်သောရယ်မောသံသည် သားရဲများ၏ ဆက်တိုက်အော်ဟစ်သံများကို ဖြစ်ပေါ်စေသည်။ လေဟာနယ်သားရဲများသည် ကြောက်မက်ဖွယ် စွမ်းအားများကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။
ကြီးမားသော တိုက်ပွဲကြီး မလွဲမသွေ ဖြစ်လာတော့မည်ကို မြင်လိုက်ရသဖြင့် သူတော်စင်ရှစ်ယောက်ထံတွင်လည်း သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားကြသည်။
ရုတ်ချည်းဆိုသလိုပင် သူတော်စင်များအားလုံး သူတို့၏မှော်ရတနာများကို ထုတ်လွှတ်လိုက်ကြသည်။
ကြောက်မက်ဖွယ်စွမ်းအားများသည် ရောင်စုံ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဤမှောင်မိုက်သော သဲပင်လယ်ကို လင်းထိန်သွားစေသည်။
အလင်းတန်းရှစ်တန်းသည် ဧရာမအရိပ်များကြားတွင် ရောယှက်နေပြီး ကြောက်မက်ဖွယ်တိုက်ခိုက်မှုများ ကောင်းကင်နှင့်မြေပြင် အနှံ့အပြား၌ ပဲ့တင်ထပ်နေသည်။
သူတော်စင်များ၏စွမ်းအားများ ပဲ့တင်ထပ်နေပြီး ရာနှင့်ချီသည့် လေဟာနယ်သားရဲများသည် အော်ဟစ်နေကြကာ သူတော်စင်တချို့သည်လည်း ရုန်းကန်နေရသည်။ သူတို့၏တာအိုစွမ်းအားအမြောက်အများ ကုန်ခမ်းနေလေပြီ။ သူတော်စင်နယ်ပယ်သည် ဤနေရာတွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ပေ၏။
ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေး၏ဦးဆောင်မှုဖြင့် သူတော်စင်များသည် အစွမ်းကုန် တိုက်ခိုက်နေကြသည်။ တာအိုစွမ်းအားအမျိုးမျိုးသည် ပတ်ဝန်းကျင်နေရာတဝိုက်တွင် ပဲ့တင်ထပ်နေကာ ဓားချီအလင်းတန်းများ ဖြတ်သန်းသွားပြီး ကောင်းကင်ကို ဆုတ်ဖြဲကာ မြေပြင်ကို ကြေမွသွားစေလုနီးပါးပင်။
"မီးတိမ်တိုက် စိတ်ဝိညာဉ်..."
"ရှေးဦး ဓားစိတ်ဆန္ဒ..."
"ချင်းချင်လက်ကောက်..."
"ကောင်းကင်အက်ကွဲပုဆိန်..."
"မဟာလေတိမ်တိုက်လက်ဝါး..."
...
သူတော်စင်များသည် လေထဲသို့ ပျံတက်သွားကြပြီး ထိပ်တန်းသူတော်စင်ပစ္စည်းများတွင် ထူးကဲသော တာအိုစွမ်းအားများ ကိန်းအောင်းနေသည်။ သူတို့သည် သူတို့၏ နတ်ဘုရားစွမ်းရည်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။ ထိုအရာများသည် အလင်းတန်းများအဖြစ် ပြောင်းလဲကာ သားရဲဒီရေလှိုင်းထဲသို့ ဝင်ရောက်သွားပြီး ဧရာမ လေဟာနယ်သားရဲများကို ဆက်တိုက်ရိတ်သိမ်းနေကြသည်။
မျက်စိတစ်မှိတ်အတွင်း အလောင်းများ နေရာအနှံ့အပြားတွင် ပြန့်ကျဲသွားသည်။
သို့ရာတွင် သားရဲဒီရေလှိုင်းသည် ထူထပ်သိပ်သည်းပြီး အဆုံးမရှိနိုင်သကဲ့သို့ ရှိနေကာ သဲပင်လယ်သည် အဆက်မပြတ် တုန်ခါနေသဖြင့် အနိုင်အရှုံး ဆုံးဖြတ်ရန် ခက်ခဲနေသည်။
လော့ဟုန်ဖေးသည် ငွေရောင်လက်သည်း ဧရာမ သားရဲကြီးတစ်ကောင်ကို ဓားချက်အနည်းငယ်ဖြင့် သတ်ဖြတ်လိုက်၏။ ထို့နောက် သူသည် နက်ရှိုင်းသောနေရာရှိ အနက်ရောင်မြူခိုး အက်ကွဲကြောင်းကို စိုးရိမ်ပူပန်တကြီး ကြည့်လိုက်သည်။
"ညီအစ်ကိုကျူး... မင်းက လေဟာနယ် အာရုံခံနိုင်စွမ်း အကောင်းဆုံးပဲ"
"နောက်ပိုင်းကျရင် ငါတို့က ဒီလေဟာနယ်သားရဲတွေကို ထိန်းထားမယ်... မင်းက အခွင့်အရေးယူပြီးတော့ ခိုးဝင်သွားပြီး လေဟာနယ်အက်ကွဲကြောင်းတွေရဲ့ အရင်းအမြစ်ကို စုံစမ်းပါ... တိုက်ပွဲထဲမှာ အချိန်ဆွဲမနေပါနဲ့"
ကျူးဝူရက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူတော်စင်ရှစ်ယောက်သည် အတူတကွ တိုက်ခိုက်ရင်း အကြိမ်ကြိမ် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် နှစ်ဖက်ကြား၌ ကွာဟချက်တစ်ခု ဖန်တီးနိုင်ခဲ့သည်။
ကျူးဝူရက ထိုအခွင့်အရေးကို အရယူပြီး အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ အနက်ရှိုင်းဆုံး နေရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ လမ်းတလျှောက်တွင် အခြားလူများက သူ့ကို အကာအကွယ် ပေးထားပြီး သွေးမြူခိုးများလှိုင်းထနေကာ ဧရာမ သားရဲကြီးများသည် တောင်များပြိုကျသည့်အလား ပြိုလဲနေကြသည်။
သဲများနှင့်ဖုန်မှုန့်များ ပြည့်နှက်နေသော မိုးကောင်းကင်ယံထဲသို့ ကျူးဝူရ၏ပုံရိပ် တိုးဝင်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရမှသာ သူတော်စင်များအားလုံး သက်ပြင်းချနိုင်တော့သည်။
သူတို့သည် ပြင်းထန်သော တိုက်ပွဲကို ပြန်လည် ၍စတင်လိုက်ကြ၏။
သူတို့သည် အချင်းချင်း ချောမွေ့စွာ ပူးပေါင်းဆောင်ရွက်ပြီး အသည်းအသန် တိုက်ခိုက်နေကြသည်။
လေဟာနယ်သားရဲ အရေအတွက်မှာ အလွန် များပြားသည်။ သူတော်စင်ခုနစ်ယောက်သည် လေဟာနယ်သားရဲများ၏ တိုက်ခိုက်မှုကို အင်အားကုန် ခုခံနေရပြီး အသက်ပြင်းပြင်း ရှူရှိုက်နေရပြီ ဖြစ်ကာ သူတို့၏ တာအိုစွမ်းအားအမြောက်အများ ကုန်ခမ်းနေလေပြီ။
တိုက်ပွဲသည် မည်မျှထိ ကြာမြင့်ခဲ့သည်ကို မသိရပေ။
လေဟာနယ်သားရဲဒီရေလှိုင်းကို ယာယီဖိနှိပ်ထားနိုင်ခဲ့ပြီး သူတို့သည် နောက်ဆုံးတွင် အသက်ရှူချိန် ရရှိသွားပေ၏။
ရုတ်တရက်...
မြေပြင်၏တုန်ခါမှုသည် ပို၍ကြောက်မက်ဖွယ် ကောင်းလာသည်။
ရွှေရောင် ဧရာမကျားကြီးတစ်ကောင်သည် မိုးကောင်းကင်ရှိ အက်ကွဲကြောင်းမှ ခုန်ထွက်လာသည်။ ထိုသားရဲ၏ဟိန်းသံသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေကာ သူတော်စင်များ၏ မျက်နှာအမူအယာများကို ပြောင်းလဲသွားစေသည်။
"မဟုတ်ဘူး..."
"ရွှေအလင်းတန်း လေဟာနယ်ကြေမွှခြင်း.... သတ္တမဆင့်အထက် လေဟာနယ်သားရဲ ထွက်ပေါ်လာတာက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ထိတ်လန့်မှုများကြားတွင်...
ထိုကျားသားရဲ၏လက်သည်းသည် မိုးကောင်းကင်ရှိ အက်ကွဲကြောင်းကို စုတ်ဖြဲလိုက်၏။ ကြောက်မက်ဖွယ် ဧရာမပုံရိပ်ကြီးက နေရောင်ကို ဖုံးကွယ်သွားကာ ကျားသားရဲ၏ဟိန်းဟောက်သံသည် မိုင်ပေါင်းထောင်နှင့်ချီ၍ ပဲ့တင်ထပ်သွားပြီး လေထုထဲတွင် လှိုင်းဂယက်များကို ပျံ့နှံ့သွားစေသည်။
မိုးကောင်းကင်ရှိ ပေတစ်ရာအရွယ်အစားခန့်ရှိသော အနက်ရောင်ပုံရိပ်ကြီးကို ကြည့်လိုက်ပြီးနောက် သူတော်စင်ခုနစ်ယောက်၏ မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။
ရွှေရောင်ဧရာမကျားကြီးကမူ ရက်စက်ကြမ်းတမ်းသော အမူအယာရှိပြီး အောက်သို့ ဒေါသတကြီး ငုံ့ကြည့်နေကာ တောက်ပသော နေမင်းကြီးတစ်စင်းအလားပင်။
"လူသားတွေ...."
"မင်းတို့လို အားနည်းတဲ့ သတ္တဝါတွေက ငါ့ရဲ့မျိုးနွယ်ဝင်တွေကို ထိခိုက်အောင် လုပ်ရဲတာလား"
"မင်းတို့က သေလမ်းရှာနေမှတော့ ဒီအရှင်သခင်က မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"
ကျားသားရဲ၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောဟိန်းဟောက်သံသည် မြေပြင်အနှံ့အပြား၌ ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်စွမ်းအားများ ပျံ့လွင့်လာသည်။
ဖုနန်ထျန်း ဝေ့သုန်းဟိုင်နှင့် တခြားသူတော်စင် ငါးယောက်တို့သည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ ထိုအရှိန်အဝါ၏ သက်ရောက်မှုကို ခံရုံမျှဖြင့် သူတို့သည် မြင့်မားသော တောင်ကြီးတစ်လုံး၏ရှေ့တွင် မတ်တတ်ရပ်နေသကဲ့သို့ ခံစားရသည်။ ဤသည်ကြောင့် သူတို့၏စိတ်နှလုံးသားထဲတွင် အစွမ်းအစမဲ့မှု ခံစားချက်များ ပေါက်ဖွားလာပေ၏။
သူတို့၏ရှေ့ရှိ သဲပင်လယ်ထဲသို့ လေဟာနယ်သားရဲများ ဝင်ရောက်လာနေဆဲပင်။
အကြမ်းဖျင်း ခန့်မှန်းကြည့်လျှင် လေဟာနယ်သားရဲအရေအတွက် ရာကျော်နေလေပြီ။
ရွှေရောင်ဧရာမကျားကြီး ဟိန်းဟောက်လိုက်သည်နှင့် ထိုသားရဲများသည် သဲပင်လယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာကြ၏။ သူတို့အားလုံးထံမှ စွမ်းအားများ ပွင့်အံ့ထွက်လာကာ သူတို့၏မျက်လုံးများတွင် ရိုင်းစိုင်းသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ရပ်သည် မိုးကောင်းကင်ကို လွှမ်းခြုံလုနီးပါး ဖြစ်ကာ ကောင်းကင်ယံတခွင်လုံးကို အနက်ရောင် တိမ်တိုက်များဖြင့်ပင် ဖုံးလွှမ်းထားသည်။
သဲပင်လယ်ကြီးသည် ပြင်းထန်စွာ တုန်ခါနေပြီး လေဟာနယ်သည် ဗြောင်းဆန်နေပေ၏။
ဤကြောက်မက်ဖွယ်မြင်ကွင်းကို ရင်ဆိုင်ရချိန်၌ မည်သူမဆို မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားရပေလိမ့်မည်။
ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် လက်နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး လေထဲသို့ ပျံသန်းသွားသည်။ သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များ ပျံ့လွင့်နေပြီး သူ၏ အိုမင်းသောပုံရိပ်သည် အလွန်သေးငယ်နေပုံရသော်လည်း သူသည် ဧရာမကျားကြီးဆီသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
ဧရာမကျားကြီးနှင့် ယှဉ်လိုက်လျှင် လူသားသည် တောင်ကြီးတစ်လုံး၏ရှေ့ရှိ သဲမှုန်လေးတစ်မှုန်ကဲ့သို့ ဖြစ်နေသည်။
သူတို့အကြားရှိ အရွယ်အစားကွာခြားချက်သည် အဆပေါင်း တစ်ထောင်ကျော် ရှိသည်။
ဤမြင်ကွင်းသည် မမေ့နိုင်ဖွယ်ရာ ဖြစ်ပြီး သူတော်စင်များ၏စိတ်နှလုံးသားများကို ချက်ချင်းမွန်းကြပ်သွားစေသည်။
ပေတစ်ထောင်ဧရာမကျားကြီး၏ အနက်ရောင် ပုံရိပ်ကို ရင်ဆိုင်ရချိန်၌...
လော့ဟုန်ဖေးသည် ထိုသားရဲမော့ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ကာ ဆုတ်ခွာမည့်ပုံ မပြသချေ။
"မင်းတို့က ခေါင်းမာတဲ့ ကောင်တွေပဲ... ဒီနေရာက မင်းတို့ရဲ့သင်္ချိုင်း ဖြစ်လာလိမ့်မယ်"
ဖြောင့်မတ်သောချီစွမ်းအင်များ ပျံ့နှံ့သွားပြီး သူတော်စင်များသည်လည်း သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချလိုက်ကြ၏။
သို့ရာတွင် ဧရာမကျားကြီးသည် ဒေါသတကြီး ဟိန်းလိုက်ပြီး သူ၏စွမ်းအားသည် ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးထက်ပင် သာလွန်နေကာ သဲပင်လယ်ရှိ သားရဲဒီရေလှိုင်းသည်လည်း အဆုံးမရှိ ဖြစ်နေသည်။ သူတော်စင်များသည် စွမ်းအားများအားလုံးကို ပေါင်းလိုက်လျှင်ပင် အနိုင်ရရန် ရုန်းကန်ရပေလိမ့်မည်။
သူတော်စင်များအားလုံး အသင့်ပြင်ထားကြသော်လည်း ထိုအချိန်မှာပင် သူတို့သည် ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးထံမှ အသံသတင်းစကားတစ်ခုကို ရရှိလိုက်သည်။
"ဒီတိုက်ပွဲကို ငါတစ်ယောက်တည်း ရင်ဆိုင်မယ်"
"နောက်ကျရင် မင်းတို့အားလုံး ကျူးဝူရကို ကာကွယ်ပေးပြီးတော့ ဒီနေရာကနေ ထွက်ခွာဖို့ အခွင့်အရေးရှာကြတော့... ပြီးတော့ ဒီအက်ကွဲကြောင်းတွေရဲ့အရင်းအမြစ်ကို မင်းတို့ ချိတ်ပိတ်ရမယ်"
ရှေးဟောင်းသူတော်စင် လော့ဟုန်ဖေးသည် သားရဲဒီရေလှိုင်းကို သူတစ်ယောက်တည်း တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။
ဤသည်မှာ တခြားသူတော်စင်များ ဆုတ်ခွာရန်အတွက် အကာအကွယ်ပေးရန်နှင့် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်များကို ဆက်လက်၍ ထိန်းသိမ်းထားရန်ပင်။
ထိုအိုမင်းသောပုံရိပ်သည် လေထဲတွင် ရပ်တန့်နေပြီး ဤအချိန်အခိုက်အတန့်တွင် အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်နေသည့်အလားပင်။
သူတော်စင်များသည် ကြီးမားသော ရိုသေလေးစားမှုဖြင့် သူ့ကို ကြည့်နေကြပြီး သူတို့၏ စိတ်နှလုံးသားများသည် စိုးရိမ်ပူပန်သော သောကမီးများကြောင့် စုတ်ပြဲနေလေပြီ။
တစ်ဖက်တွင် နှစ်ပေါင်းသောင်းနှင့်ချီသော ချစ်ခင်ရင်းနှီးမှု ရှိပြီး အခြားတစ်ဖက်တွင် လူသားမျိုးနွယ်တစ်ခုလုံး၏ သေရေးရှင်ရေးရှိနေသည်။ ဤကဲ့သို့ မဖြစ်နိုင်သော ရွေးချယ်မှုမျိုးကို မည်သူမျှ တည်ငြိမ်စွာ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
သာမန်အားဖြင့် မြှောက်ပင့်ဖားယားတတ်သော ဖုနန်ထျန်းပင်လျှင် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။
ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော ဝေ့သုန်းဟိုင်သည် ပို၍ပြင်းထန်စွာ အံ့တင်းတင်းကြိတ်လိုက်၏။
ဤလေဟာနယ်သားရဲများသည် သူတို့ အနိုင်ယူနိုင်သောအရာများ မဟုတ်ချေ။
စီနီယာရီဖုန်း လှုပ်ရှားမှသာ ရနိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် စီနီယာသည် ဤနေရာ၌ ရှိမနေချေ။
ကြည့်ရသည်မှာ...
သူသည် ထိုရှေးဟောင်းဓားကိုသာ အသုံးပြုရတော့မည့်ပုံပင်။
ဝေ့သုန်းဟိုင်က အံ့တင်းတင်းကြိတ်လိုက်သည်။ သူသည် ထိုရှေးဟောင်းဓားကို ထုတ်မပြချင်ခဲ့သော်လည်း ယခု၌မူ သူ သိုသိုသိပ်သိပ်နေ၍ မရနိုင်တော့ဟု တွေးတောမိသည်။
သူသည် ဟန်ဆောင်မှုများကိုခွာချပြီး အရာအားလုံးကိုရင်း၍ တိုက်ခိုက်ရပေမည်။
သူသည် ခေါင်းအနည်းငယ် မော့လိုက်ပြီး စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြစွာဖြင့် စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။
"အစ်ကိုလော့... ကျွန်တော့်ကို အရင်ဆုံး စမ်းကြည့်ခွင့် ပေးပါလား"
သူ၏အရေးတကြီးအော်ဟစ်လိုက်သံက ပဲ့တင်ထပ်သွားသည်။
လော့ဟုန်ဖေးက အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး တခြားသူတော်စင်ငါးယောက်သည်လည်း ဤကဲ့သို့ ရဲဝံ့မှုကြောင့် နက်နက်ရှိုင်းရှိုင်း စိတ်လှုပ်ရှားသွားကြသည်။
Thank For Reading.