← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

စုကျိုက သူ့ လက်ချောင်းငါးချောင်းတွင် ချိတ်ထားသော လက်မအရွယ် ကျောက်စိမ်းခုတင်ဘောင်လေးများ၊ ချစ်စဖွယ် အစိမ်းရောင် ခေါင်းအုံးလေးများနှင့် ပိုးထည်စောင် အသေးစားလေးများကို အခြားလက်တစ်ဖက်ဖြင့် အလျင်အမြန် ညွှန်ပြလိုက်သည်။

“ကြည့်လေ... ဒါ ခုတင် မဟုတ်လို့ ဘာလဲ? ဒီပိုးစောင်လေးကိုလည်း ရှင်ယူသွားလို့ရတယ်၊ ဒီနေ့အတွက်တော့ အပိုဖိုး မယူတော့ပါဘူး”

ကျူးပိုင်ယွီ: “...?”

ဘေးချင်းကပ်လျက် စိုက်ခင်းထဲတွင် စုကျီကျီသည် မြောင်းအသစ်တူးရန် ပေါက်တူးကို အားတင်းဆွဲရင်း သူတို့အနားသို့ ချဉ်းကပ်လာသည်။ စုကျို စကားကိုကြား လိုက်ရသောအခါ ကောင်မလေးမှာ ပေါက်တူးကိုပင် လွှတ်ချလုနီးပါး ဖြစ်သွားရသည်။

သူမသည် သူမထက် သုံးဆခန့် အရပ်ရှည်သော ကျူးပိုင်ယွီကို တစ်ချက်ကြည့်လိုက်ပြီး၊ သူ့ ကျဲ လက်ထဲတွင် ချိတ်ထားသော သူမကိုယ်တိုင်ပင် အိပ်၍မရလောက်အောင် သေးငယ်သည့် လက်မအရွယ် ခုတင်လေးများကိုကြည့်ကာ မှင်သက်သွားတော့သည်။

စုကျီကျီမှာ လွန်စွာအံ့အားသင့်နေသော မျက်နှာပေးမျိုး ဖြစ်နေသည်။

“ကြည့်လေ... ဒီခုတင်လေး ငါးလုံးကို ဘေးချင်းယှဉ်ချလိုက်ရင် ရှင် အနားပေးဖို့လိုနေတဲ့ လက်မောင်းတစ်ဖက်စာအတွက် အတိအကျပဲမဟုတ်ဘူးလား?” စုကျိုက ကျူးပိုင်ယွီကို ကြည့်ကာပြုံးပြလိုက်သည်။

ကျူးပိုင်ယွီ: “...”

စုကျီကျီမှာ ပါးစပ်အဟောင်းသား ဖြစ်နေဆဲပင်။

-

[ ချန်ကျိုး - စုကျို... နင် ငါ့အကူအညီလိုလား ? နင် ငါ့ကို တောင်းပန်ပြီး အခုနက စာကနောက်ပြောင်တာပါလို့ ပြောမယ်ဆိုရင် ငါ စိတ်ပျော့ပြီး နင့်ကို ကူညီပေးနိုင်သေးတယ်။ ]

ပိုးစာရွက်တစ်ရွက် လွင့်ကျလာပြီး စုကျိုအမြင်အာရုံကို ပိတ်ဆို့လိုက်သည်။

[ ချန်ကျိုး - စုကျို... ဒီနေ့ ဒီနေရာအထိ ရောက်အောင် နင် ဘယ်လောက် ကြိုးစားခဲ့ရလဲဆိုတာ ပြန်စဉ်းစားကြည့်ဦး၊ အရင်လိုပဲ ငါ့အမေကို နင့်အတွက် မြောင်းတစ်မြောင်းတူးခိုင်းပေးမယ်၊ နင်က ငါ့ကို ဝိညာဉ်ကျောက်တုံး ငါးရာ ပေးရမယ်၊ ဘယ်လိုလဲ? ]

စုကျိုသည် ထိုစာကို ရွံရှာသော မျက်နှာထားဖြင့် ပုတ်ထုတ်ပစ်လိုက်သည်။

မြောင်းတစ်မြောင်းတူးခ ဝိညာဉ်ကျောက်တုံး ငါးရာတဲ့လား ? အခြားအကူများ၏ ‘တစ်ဧက ဝိညာဉ်ကျောက်တုံး နှစ်ရာ’ ဆိုသည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ချန်ကျိုးမှာ သူမကို ဗြောင်လိမ်နေခြင်းပင်။ ဤသည်မှာ သူ့ အသားကို လှီးစားခြင်းနှင့် ဘာခြားနားမည်နည်း?

စုကျိုသည် ထိုအရှက်မရှိသော စာကို လျစ်လျူရှုလိုက်ပြီး ကျောက်စိမ်းခုတင် ငါးလုံးကို ကျူးပိုင်ယွီထံ ပစ်ပေးလိုက်သည်။

“ငါ ဘယ်သူ့ကိုမှ မလိမ်ဘူး၊ ပိုးစာရွက် စာချုပ်ကလည်း အတည်ဖြစ်သွားပြီပဲ၊ ရှင် ဘာကြောက်နေတာလဲ?”

“ဒါလည်း ဟုတ်တာပဲ”

ကျူးပိုင်ယွီက တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ့ အဖိုးတန်ခါးပတ် ရှစ်ခုမှာ တုန်ခါလျက် လင်းထိန်လာပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်ထွက်လာစေသည်။

သူသည် လေထဲမှ စာချုပ်ပိုးစာရွက်ကို လက်ခံလိုက်သည် - “အကယ်၍ နင်က တစ်ရာတန်တဲ့ ဝိညာဉ်လက်ဖက်ရည် နှစ်ခွက်ကို မပေးနိုင်ဘူးဆိုရင်၊ ဥပဒေကို ထိန်းသိမ်းတဲ့ ‘ကောင်းမှုဆိုးမှု မှတ်တမ်းရုံး’ က နင့်ရဲ့ လစဉ်ထွက်ကုန်ထဲကနေ တိုက်ရိုက်ဖြတ်ပြီး ငါ့ကို ပေးလိမ့်မယ်၊ ငါ ဘာမှ ကြောက်စရာ မရှိဘူး။”

“...” စုကျို ယခုမှပင် ဤအချက်ကို သိလိုက်ရခြင်းဖြစ် သည်။

ကျူးပိုင်ယွီသည် စကားအပိုများများ မပြောတော့ပေ။ သူသည် စုကျို၏ဝှီးချဲနှင့် သုံးလှမ်းအကွာ၊ မြေရိုင်းကွက်၏ အစ၌ ရပ်လိုက်သည်။ သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာကြီးမားလှသော ငွေရောင်ပေါက်တူးကြီးသည် မာကျော သော မြေနက်ကြီးထဲသို့ 'ဒုန်း' ခနဲ အသံမြည်အောင် ရိုက်ခတ်သွားတော့သည်။

လှိုင်းလုံးများ ထကြွလာသကဲ့သို့ပင် ပိုးစာစိုက်ခင်း တစ်ခုလုံးရှိ မြေလွှာများမှာ ပြောင်းပြန်လှန်တက်လာပြီး အတွင်းရှိ မာကျောသော ကျောက်တုံးများမှာလည်း ချက်ချင်းပင် အမှုန့်ဖြစ်သွားတော့သည်။

ပေါက်တူးတစ်ချက်တည်းဖြင့် သူသည် မြောင်းတစ်ခုကို ဖန်တီးပေးလိုက်နိုင်သည်။

စွမ်းအားရှိသမျှ အသုံးပြု၍ ပျိုးကျင်းဝက်ခန့်သာ တူးနိုင်သေးသော စုကျီကျီသည် အားကျစွာဖြင့် မော့ကြည့်နေမိသည်။

“မဆိုးဘူးပဲ” စုကျိုက ခေါင်းညိတ်လိုက်သည်။

ဤအချိန်ပိုင်း အလုပ်သမားမှာ တကယ်ကို တန်ဖိုးရှိလှပေသည်။ သူသည် အမွှေးတိုင်တစ်တိုင်စာအတွင်း အချိန်ဆွဲခြင်း လုံးဝမရှိဘဲ အလုပ်တွင် အလွန်ထိရောက်မှုရှိလှသဖြင့် သူ အတော်လေးကျေနပ်မိသည်။

ကျူးပိုင်ယွီသည် ပေါက်တူးကို ဆယ်ကြိမ်မက တရစပ် လွှဲရိုက်လိုက်ရာ တစ်ဧကစာ မြေကွက်အတွက် မြောင်းများမှာ ပြီးစီးသွားတော့သည်။ သူသည် မတ်တပ်ရပ်ကာ ချွေးသုတ်လိုက်ပြီးနောက် အလုပ်ကို ရပ်နားလိုက်သည်။

“စုကျို... ငါ ပင်ပန်းပြီ”

ပိဿာ ၁၂၀၀ လေးသော ငွေရောင်ပေါက်တူးကို ကိုင်ထားသည့် သူ့ ညာဘက်လက်မောင်းမှာ အနည်းငယ် တုန်ရီနေသည်။ ဤငွေရောင်ပေါက်တူးမှာ သူ့ လက်ရှိခန္ဓာကိုယ်ကြံ့ခိုင်မှု ကန့်သတ်ချက်ကို စမ်းသပ်ရန် ပြုလုပ်ထားခြင်းဖြစ်ရာ တစ်ချက်ချင်းစီလွှဲရိုက်ရသည်မှာ နာကျင်ဖွယ်ရာ စမ်းသပ်မှုတစ်ခုပင်။

“ခံနိုင်ရည်က ဒီလောက်တောင် နည်းတာလား...” စုကျို အံ့အားသင့်သွားရသည်။ အမွှေးတိုင် တစ်တိုင်စာ အချိန်တောင်မပြည့်သေးပေ။

ကျူးပိုင်ယွီ: “...” သူသည် သူ့ စကားကို မကြားချင်ယောင်ဆောင်ကာ စိုက်ခင်းအစပ်သို့လျှောက်လာပြီး သူမပေးသော ကျောက်စိမ်းခုတင်ငယ်လေးကို ယူလိုက်သည်။

အနီးကပ် ကြည့်လိုက်သောအခါ လက်ထဲတွင် ထင်ထား သည်ထက်ပင် သေးငယ်နေသော ဤကျောက်စိမ်းခုတင်လေး၌ သစ်သားအိမ်ရှိ အိပ်ဆောင်ခုတင်ကြီးများတွင် ရှိသော မန္တန်အစီအရင်အတိုင်း ထွင်းထုထားသည်ကို သူ သတိပြုမိလိုက်သည်။ သို့သော် အစီအရင်မှာ သေးငယ်လွန်းလှသဖြင့် အစီအရင်ပုံစံများနှင့် စာသားများမှာ အနည်းငယ် ဝေဝါးနေသည်။

သို့သော် သေသေချာချာ စစ်ဆေးကြည့်လျှင် ထိုအစီအရင်နှစ်ခုမှာ ‘ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေခြင်း’ နှင့် ‘ခွန်အား တိုးပွားစေခြင်း’ အတွက် ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ ကျူးပိုင်ယွီသည် စုကျိုကို တစ်ချက်ကြည့်လိုက်မိသည်၊ သူမ သူ့ကို မလိမ်ခဲ့ပေ။

ဤအရာသည် တကယ်အလုပ်ဖြစ်နိုင်ပေသည်။

သို့သော် သူ ကိုင်ထားစဉ်မှာပင် ခုတင်၏ ဝိညာဉ်ပုံရိပ်မှာ လင်းထိန်လာသည် - [ ဝိညာဉ်ကျောက်တုံး ၁ တုံး ထည့်ပြီးနောက် အမွှေးတိုင်တစ်တိုင်စာ အချိန်အသုံးပြုနိုင် သည်။ ]

ကျူးပိုင်ယွီ: “?”

စုကျို: “ကျွန်မ ပြောသားပဲ၊ သစ်သားအိမ်က ခုတင်တွေနဲ့ ဆင်တူပါတယ်လို့၊ ကျင့်ကြံသူအချင်းချင်း တစ်ယောက်ကိုတစ်ယောက် မလိမ်ပါဘူး”

ဒါဟာ တကယ့်ကို ငွေညှစ်တတ်တဲ့ စတိုင်မျိုးပဲဟု ကျူးပိုင်ယွီ ခံစားလိုက်ရသည်။ သူသည် စိတ်သက်သာရာရသလို ဖြစ်သွားပြီး သူမထံသို့လက်ဝါးဖြန့်ကာ လက်ကမ်းလိုက်သည်။

စုကျိုသည် အဆင့် ၁၀ ရှိသော သူတစ်ယောက်က ဤမျှ ကပ်စေးနှဲလိမ့်မည်ဟု မထင်ထားသော်လည်း သူ့ ကတိအတိုင်း ဝိညာဉ်ကျောက်တုံးငါးတုံးကို အိတ်ထဲမှ ထုတ်၍ သူ့ထံ ပစ်ပေးလိုက်သည်။

ကျူးပိုင်ယွီသည် ထိုကျောက်တုံးများကို ခုတင်ငယ်လေးပေါ်ရှိ အစီအရင်နှစ်ခု၏အလယ်ဗဟိုတွင် ချက်ချင်းထည့်လိုက်သည်။ စုကျိုလည်း စိတ်ဝင်တစားဖြင့် ကြည့်နေမိ သည်။

ထိုအရာသည် စုဘူးတစ်ခုကဲ့သို့ပင် ‘ချောက်’ ခနဲ အသံ မြည်ကာ ဝိညာဉ်ကျောက်တုံးများမှာ ခုတင်မျက်နှာပြင်မှ ပျောက်ကွယ်သွားတော့သည်။ ကျူးပိုင်ယွီမျက်နှာမှာ မပြောင်းလဲပေ။ သစ်သားအိမ်ရှိ ခုတင်ကြီးများကိုလည်း ဤနည်းအတိုင်းပင် သုံးရခြင်းဖြစ်ပုံရသည်။

သို့သော် စုကျိုက ကျူးပိုင်ယွီကို အကဲခတ်နေစဉ်မှာပင် သူ့ အင်္ကျီလက်ထဲမှ ‘ဂလောက်’ ခနဲ အသံတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

သူ ငုံ့ကြည့်လိုက်ရာ သူ့ခြေရင်းတွင် ကျူးပိုင်ယွီ၏ချွေးများ စိုနေသော ရင်းနှီးသည့် ဝိညာဉ်ကျောက်တုံးငါးတုံးမှာ ပြန်လည် ကျရောက်နေသည်ကို တွေ့လိုက်ရသည်။

ကျူးပိုင်ယွီ: “!”

ကျူးပိုင်ယွီ: “??”

စုကျို: “...”

ဒါကတော့ သူ မျှော်လင့်မထားသော အခြေအနေပင်။

သို့သော် သူ့ မျက်နှာပေးမှာ တည်ငြိမ်နေဆဲဖြစ်သည်။ သူမသည် ပဝါဖြင့် ထိုကျောက်တုံးများကို သဘာဝကျကျပင် ကောက်ယူလိုက်ပြီး ကျူးပိုင်ယွီကိုကြည့်ကာ - “နောက်တစ်ခါကျရင် ပိုက်ဆံမထည့်ခင် လက်ကချွေးတွေကို အရင်သုတ်ပါဦး၊ ကျေးဇူးပဲ”

ကျူးပိုင်ယွီမှာ သူ့နဖူးပေါ်မှ နံပါတ်များပင် တဆတ်ဆတ် တုန်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အံကြိတ်ကာ ရယ်မောရင်း - “အဲဒီတော့ ဘာဆက်ဖြစ်မှာလဲ ?”

စုကျိုက သူ့ကို အနားသို့ခေါ်လိုက်သည်။ သူ ငုံ့ပေးလိုက်သည့်အခါ သူမသည် လက်ဝါးပေါ်ရှိ ခုတင်ငယ် ငါးလုံးကို သူ့ပေါက်တူးကိုင်ထား၍ တုန်ရီနေသော ညာဘက်လက် မောင်းပေါ်သို့ ဖိကပ်ပေးလိုက်သည်။

ကျူးပိုင်ယွီ မျက်ခုံးပင့်ကာ ခေတ္တမျှငြိမ်သက်၍ ခံစားကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည် - “... ဘာတုံ့ပြန်မှုမှ မရှိဘူး။”

စုကျိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့ နီလာပြာရောင် အင်္ကျီလက်ကို တံတောင်ဆစ်အထိ လိပ်တင်လိုက်သည်။ ထို့နောက် အေးမြနေသော ကျောက်စိမ်းခုတင်ဘောင်လေးများကို သူ့သန်မာလှသော လက်မောင်းသားများပေါ်သို့ တစ်ခုချင်းစီ ဖိကပ်ပေးလိုက်လေသည်။

ကျူးပိုင်ယွီသည် စုကျို၏အေးစက်သော လက်ထိပ်ကလေးများ သူ့လက်မောင်းသားပေါ်သို့ ထိတွေ့သွားသည်ကိုခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားသည်။

သူသည် နောက်သို့ ချက်ချင်းခြေလှမ်းဝက်ခန့် ဆုတ်လိုက်မိသည်။

“ဒါက တကယ် အလုပ်ဖြစ်မှာလား?”

ကျူးပိုင်ယွီသည် ငွေရောင်ပေါက်တူးကို ဘယ်ဘက်ပုခုံးပေါ်သို့ ပြောင်းတင်လိုက်ပြီး ထူးဆန်းသော မလုံခြုံမှုကြီးနှင့်အတူ ခပ်စောင်းစောင်း မှီရပ်လိုက်သည် - “ဝိညာဉ်လက်ဖက်ရည်က တစ်ခွက်မှ ငါးဆယ်ပဲရှိတာကို နင်က တကယ်ပဲ ဒီလောက်တောင် ကပ်စေးနှဲဖို့လိုလို့လား? ကုသိုလ်မှတ်ရဖို့သာ မဟုတ်ရင် ငါ ဒီလောက်ဝေးတဲ့နေရာကိုလာပြီး ဒါတွေ လုပ်နေမှာ မဟုတ်ဘူး။”

စုကျိုကတော့ သူပြောတာကို မကြားသလိုပင်၊ ညီမငယ်လေးဆီက ကျန်တဲ့ ခုတင်အသေးလေး ၄ လုံးကို ထပ်တောင်းရမလားဟု စဉ်းစားနေသည်။

သို့သော် ၎င်းတို့မှာ အလွန်သေးငယ်သဖြင့် စတင်အလုပ်လုပ်ရန် အချိန်အနည်းငယ်စောင့်ရပုံရသည်။

သူမသည် စိတ်ထဲမှ ဆယ်အထိ တိတ်တဆိတ် ရေတွက်လိုက်သည်။ ထို့နောက် ‘Copying Bug’ ၏ ဘေးထွက်ဆိုးကျိုးကိုသတိရသွားကာ ကျူးပိုင်ယွီ၏ ဒူးခေါင်းများကို စိုးရိမ်တကြီး ကြည့်လိုက်သည် - “ရှင်... ရှင့်ခြေထောက်တွေမှာ တစ်ခုခုခံစားရတာမျိုး ရှိလား ?”

ကျူးပိုင်ယွီ: “မရှိပါဘူး... ခြေထောက်မှာ ဘာဖြစ်ရမှာလဲ? ငါ မြေတူးတာ ခြေထောက်နဲ့ တူးတာမှမဟုတ်တာ”

သို့သော် သူ စကားပြော၍ပင် မဆုံးသေး၊ သူ့ခန္ဓာကိုယ် ဟန်ချက်မှာ ရုတ်တရက် ပျက်ယွင်းသွားပြီး သူ၏ ဘယ်ဘက်ခြေထောက်မှာ မြေပြင်ပေါ်သို့ 'ဘုတ်' ခနဲ ကျသွားတော့သည်!

ကြိုးတစ်ဝက် ပြတ်တောက်သွားသော ရုပ်သေးရုပ်တစ်ခုကဲ့သို့ပင် သူ့ဘယ်ဘက်ခြေထောက်မှာ ထိန်းချုပ်မရတော့ဘဲ ခွန်အားများ ချက်ချင်းဆုံးရှုံးသွားရလေသည်။

“???”

စုကျိုသည် ကြိုတင်နိမိတ် သိလိုက်သဖြင့် သူမ့ ဝှီးချဲပေါ်မှ အမြန်ဆင်းပေးလိုက်သည် - “... ရှင့်ခြေထောက်တွေက အလုပ်လုပ်ဖို့မလိုတော့တာ တော်သေးတာပေါ့”

ကျူးပိုင်ယွီ: “!??”

သူ စကားပြန်ပြောရန် ကြံရွယ်စဉ်မှာပင် ပေါက်တူးကို ကိုင်ထားသော သူ့ ညာဘက်လက်မောင်းမှ ပင်ပန်းနွမ်းနယ်မှုများသည် ဒီရေကျသကဲ့သို့ဆုတ်ခွာသွားသည်ကို ခံစားလိုက်ရသည်။ အားအင်ကုန်ခမ်းသွားသော သူ့ဘယ်ဘက်ခြေထောက်မှ ခွန်အားများသည် သူ့ ညာဘက်လက်မောင်းဆီသို့ တရစပ်စီးဝင်သွားတော့သည်။

အနီးကပ် ကြည့်လိုက်လျှင် သူ့လက်မောင်းမှာ ချက်ချင်းပင် မူလထက် သုံးပုံတစ်ပုံခန့်ဖောင်းကြွလာပြီး သွေးစွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။

သူ အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် ပိဿာ ၁၃၀၀ လေးသော ပေါက်တူးကြီးမှာ မျောပါနေသော သစ်စတစ်ခုကဲ့သို့ပင် ပေါ့ပါးစွာ မြှောက်တက်လာတော့သည်။

စုကျိုသည် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

သူ့ ပစ္စည်းအချက်အလက်များမှာ လုံးဝတိကျလှပေသည်။ ရောင်းသူပြသောပုံနှင့် ဝယ်သူရသော ပစ္စည်းမှာ တစက်က လေးမျှ ကွဲလွဲမှုမရှိပေ။

သူမသည် တကယ်ကို စိတ်ရင်းမှန်သောသူပင်။

သူမ၏နိုးကြားလာသော ပါရမီစွမ်းရည်မှာလည်း သူမကဲ့သို့ပင် အလွန်စိတ်ရင်းမှန်လှသည်။

အကယ်၍ ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများကို စတေးရနိုင်သည်ဟု ဆိုထားပါက ၎င်းသည် အမှန်တကယ်ပင် ဖြစ်ပျက်လာမည်ဖြစ်သည်။

“ညာဘက်လက်မောင်းက ပင်ပန်းတာတွေ ပျောက်သွားပြီမလား ?”

“ကျွန်မ ပြောသားပဲ... လက်မောင်းအား ပြန်ဖြည့်ဖို့ ဝိညာဉ်လက်ဖက်ရည် ဝယ်စရာမလိုပါဘူးလို့၊ ဟုတ်တယ်မလား?”

ကျူးပိုင်ယွီ: “...”

စုကျိုသည် အများအကျိုးကို ရှေးရှုသော စိတ်ဓာတ်လည်း ရှိသလို၊ ‘ကောင်းမှုဆိုးမှု မှတ်တမ်းရုံး’ မှ သူ့ ကုသိုလ်မှတ်များကို ဖြတ်တောက်မည်ကိုလည်းကြောက်ရွံ့နေသဖြင့် သူ့ ဝှီးချဲကို ဖော်ဖော်ရွေရွေပင် ပုတ်ပြလိုက်သည် - “ကဲ... ဒီမှာ ထိုင်လိုက်ပါဦး၊ ဒူးထောက်ပြီး ဒီလောက်အထိ အပင်ပန်းခံမနေပါနဲ့”

ကျူးပိုင်ယွီ: “...!”

တောက်!

သူ့လက်မောင်းမှာ ပြန်လည်ကောင်းမွန်သွားသော်လည်း သူ့ခြေထောက်မှာမူ ပျက်စီးသွားလေပြီ!

ဒါက ဘယ်လိုမျိုး 'ကျောက်စိမ်း အဆိပ်ခုတင်' ပါလိမ့်?!

သို့သော် နောက်တစ်ခဏတွင် သူ့နာကျင်နေသော မျက်နှာ ပေးမှာ ပြောင်းလဲသွားပြီး၊ အလွန်အမင်းသက်သောင့် သက်သာရှိလှသော ခံစားချက်ကြီးကိုပင် ခံစားလိုက်ရလေတော့သည်။

All Chapters