← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

ဆရာတစ်ရာဂေဟာ အပြင်ဘက် ကွင်းပြင်တွင်...

စုကျိုအမြင်အာရုံမှာ ဖောင်းကားနေသော သူ့ ညာဘက်အင်္ကျီလက်ကြောင့် ခဏတာကွယ်သွားခဲ့သည်။ သူမ ‘လေဟုန်ပို့လက်ဝါး’ တိုက်ကွက် ၉ ခုအား တစ်ခုပြီးတစ်ခု မရပ်မနား ဆက်တိုက်ထုတ်လွှတ်လိုက်တော့သည်။

“ဝါး... ကျဲရဲ့ လက်ဝါးလေအဟုန်က တကယ်အားကောင်းတာပဲ!”

စုကျီကျီသည် ထွက်ပေါ်လာသော လေပြင်းနှင့် ဖုန်မှုန့်များကိုမျက်စိမှေးကြည့်ရင်း အားကျသဖြင့် ရေရွတ်လိုက်သည်။

“ဒီလေက အရမ်းပြင်းတာပဲ၊ တစ်ခါ အထိခံလိုက်ရရင် ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်တိုင်တောင် မထိန်းချုပ်နိုင် လောက်တော့ဘူး”

စုကျိုသည် တခြားကျင့်ကြံသူများထံမှ တိုက်ကွက်များအား ကူးယူအသုံးပြုနိုင်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ချက်ချင်းထပ်မံအော်ဟစ်လိုက်ပြန်သည် -

“လက်ဝါးတိုက်က်ကွက်လာနေတယ်— ဘေးကလူတွေ အကုန် ဘေးဖယ်ကြ!”

လူပေလူတေမှာ အံ့အားသင့်စွာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ၊ လက်ဝါးတိုက်ကွက်ကို အမိအရထိမှန်သွားပြီး လေဝဲအတွင်း ပိတ်မိနေသော ချန်ကျိုးအားမြင်လိုက်ရသည်။ သူ လွတ်မြောက်ရန် လုံးဝမတတ်နိုင်ဘဲ ပိုးစာပင်ကိုသာ အတင်းဖက်တွယ်ရင်း တဖြည်းဖြည်းသေးငယ်သွားကာ နောက်ဆုံးအစိမ်းရောင် အစက်ကလေးတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်...

“...”

“ဟင် ? အစ်ကို... ကျွန်မကို ရှာနေတာလား?”

စုကျိုသည် လက်ဝါးတိုက်ကွက် ၉ ခုလုံးကို ထုတ်လွှတ်ပြီးနောက်၊ ငြိမ်ကျသွားသော သူ့အစိမ်းနုရောင် အင်္ကျီလက်ကို ပြန်ချကာ လမ်းမပေါ်တွင် သူမဆီသို့ပြေးလာနေခဲ့သော ထိုလူကို အေးစက်စွာကြည့်လိုက်သည်။

သူမ မျက်ခုံးပင့်လိုက်ပြီး ထိုလူတွင် ဒဏ်ရာမရသည်ကို အတည်ပြုပြီးနောက် မေးလိုက်သည် - “တစ်ခုခု လိုအပ်လို့လား?”

လူပေလူတေ : “...”

ဟုတ်ကဲ့... လိုအပ်တာပေါ့။

လူကြမ်းက သတို့သမီးကို လုမယ်၊ သူရဲကောင်းက လာကယ်မယ်...

ဒါပေမဲ့ အခု သူရဲကောင်းက အရင်ပျောက်သွားပြီလေ!

“မဟုတ်... မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး”

လူပေလူတေမှာ မျှော်လင့်ချက်မဲ့သော မျက်နှာပေးဖြင့် ဖြေလိုက်ရတော့သည်။

စုကျို ခေါင်းညိတ်ပြပြီး စုရှင်းချန်အားပိုးစာစိုက်ခင်းဆီသို့ ပြန်မောင်းရန် ပြောလိုက်သည်။

နေပူရှိန်ကြောင့် သွေးစွမ်းအင်လျော့နည်းနေသော စုကျိုကို စုကျီကျီက ကောက်ရိုးဖျာလေးဖြင့် လုံအောင်အုပ်ပေးထားသည်။ စုကျီကျီသည် ရင်ခုန်သံများမြန်နေဆဲ ဖြစ်သော်လည်း သစ်ကိုင်းလေးခုအဖြစ် ပြောင်းလဲသွားသော သူ့ ဝိညာဉ်စမ်းသပ်လက်ပတ်ကို ငုံ့ကြည့်ကာ ကျင့်စဉ်သုံးမျိုးအား ဟိုဘက်ဒီဘက်ပြောင်းလဲစမ်းသပ်ရင်း တခိခိ ရယ်မောနေသည်။

သူ့ ခန္ဓာကိုယ်မှ နီ၊ စိမ်း၊ ဖြူ ရောင်စုံ မီးခိုးတန်းလေးများ ထွက်ပေါ်နေသည်။

“အာ... ဒီနေ့ ဘယ်ကျင့်စဉ်ကို အရင်ကျင့်ရမလဲ ? ခန္ဓာ ကိုယ်ကြံ့ခိုင်ရေးလား၊ အခြေခံအုတ်မြစ်လား၊ ဒါမှမဟုတ် သွေးစွမ်းအင်လား ? ကျီကျီ တကယ်ဆုံးဖြတ်ရခက်နေပြီ!” စုကျီကျီကမူ စိတ်ညစ်ဟန်ဖြင့် သက်ပြင်းချလိုက်သည်။

စုရှင်းချန်၏တင်းစေ့ထားသော နှုတ်ခမ်းများမှာလည်း ပြေလျော့သွားပြီး ကလေးတစ်ယောက်လိုပြုံးယောင်သန်းလာသည်။

ဟုတ်တယ်

ဘယ်ကျင့်စဉ်ကို အရင်ကျင့်ရမှာလဲ ?

၎င်းတို့သည် အဆင့်မြင့်ကျင့်စဉ် သုံးမျိုးစလုံးတစ်ပြိုင် တည်း တတ်မြောက်ခဲ့ကြသဖြင့် ခဏတာဝေခွဲမရ ဖြစ်နေကြခြင်းပင်။ ကျင့်စဉ်များစွာ ဝယ်ယူနိုင်သော ချမ်းသာသည့် ကျင့်ကြံသူများရင်ဆိုင်ရသည့် ဒုက္ခမှာ ဤကဲ့သို့ပင် ဖြစ်မည်လား ?

အရင်က ချမ်းသာသော ကျင့်ကြံသူများ၏စိတ်ဓာတ်ကို မနှစ်မြို့ခဲ့သော စုရှင်းချန်သည် ယခုအခါ စိတ်အနည်းငယ် ပျော့ပြောင်းသွားပြီး မျက်မှောင်ကြုတ်ထားသည်များမှာလည်း ပြေလျော့သွားတော့သည်။

ပြာလွင်သောကောင်းကင်အား မော့ကြည့်ရင်း လန်းဆန်းသော နွေဦးလေညင်းကို သူ ခံစားလိုက်ရသည်။

“နင့်အတွက် ပိုလွယ်မယ်ထင်တာကို ရွေးလိုက်လေ” ဟု စုရှင်းချန်က ညီမ ဖြစ်သူကိုလမ်းညွှန်လိုက်သည် - “အဲဒါမှ ကျင့်ကြံမှုက ပိုမြန်မှာ”

“အားလုံး ခက်နေတာပဲကိုး” စုကျီကျီက သက်ပြင်းချလိုက်ပြန်သည်။ သို့သော် သူမသည် ချက်ချင်းပြန်လည် တက်ကြွလာပြီး ကျင့်စဉ်သုံးမျိုးကိုပျော်ရွှင်စွာ အလှည့်ကျ ပြောင်းလဲနေတော့သည်။

စုကျိုမှာမူ ထိုကဲ့သို့ ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင် လုံးဝမရှိပေ။

အဟုတ်ပဲ မဟုတ်ဘူးလား ?

လူကြီးတွေက ရွေးချယ်မှုမလုပ်ကြဘူး။

တစ်ခုတည်းကို သင်ယူနေရသည်မှာ ပျင်းစရာကောင်းသည်။ ချိုတာရော ငန်တာရော ရောနှောနေမှသာ အမြဲ တမ်းတက်ကြွနေမည်ဖြစ်သည်။ ဒါ့ပြင် အကုန်လုံးကိုမစမ်းကြည့်ဘဲနဲ့ ဘယ်အရာက ကိုယ့်နဲ့အကိုက်ညီဆုံးလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ ?

စုကျို ပြုံးလိုက်ပြီး သူ့ သွေးစွမ်းအင်ကိုပြန်လည်ပြုစုပျိုးထောင်ခြင်းအပေါ်မှာသာ ဆက်လက်အာရုံစိုက်ထားလိုက်သည်။

“ဒါနဲ့ ဒုတိယအစ်ကို... မျိုးစေ့ရွေးရမယ့် အချိန် ရောက်တော့မယ် မဟုတ်လား?”

ပျော်ရွှင်စွာ ကျင့်ကြံနေသော စုကျီကျီသည် စိုက်ခင်းအလုပ်ကိုသတိရသွားပြီး လှည်းမောင်းနေသော စုရှင်းချန်ကို စိုးရိမ်တကြီးမေးလိုက်သည်။

ထိုစဉ်မှာပင် ကောင်းကင်ယံမှ ခံ့ညားထည်ဝါသော အသံကြီး ထွက်ပေါ်လာတော့သည်။

[ ပထမထပ်ရှိ ကျင့်ကြံသူအားလုံး သတိပြုရန်! မွန်းတည့်ချိန် ကျော်လွန်သွားပြီဖြစ်သည်၊ ဤလအတွက် ပိုးစာမျိုး စေ့များ ရွေးချယ်ရမည့်အချိန်ရောက်ပြီဖြစ်သည်! ]

[ ကျေးဇူးပြု၍ ‘မျိုးစေ့ရွေးချယ်ရေး မျှော်စင်’သို့ အမြန်ဆုံး လာရောက်ကြပါ။ ဤမျှော်စင်ကို နောက်ထပ်တစ်နာရီအတွင်း ပိတ်သိမ်းပါမည်! ]

စုကျို ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ့ ပါးစပ်ထဲတွင် စုကျီကျီ အတင်းထည့်ပေးထားသော အသားမုန့်ကြီး တစ်ခုရှိနေသဖြင့် - “သွားကြစို့” ဟုသာ မောင်နှမနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်ရသည်။

“သွားကြည့်ရအောင်”

စုရှင်းချန်သည် မြည်းလှည်းကို ကျေးလက်လမ်းအတိုင်း ချက်ချင်း မောင်းနှင်လိုက်တော့သည်။ သူ့ခန္ဓာကိုယ်မှလည်း စုကျီကျီကဲ့သို့ပင် နီ၊ ဖြူ၊ စိမ်း ရောင်စုံဝိညာဉ်စွမ်းအင်များမှာ နီယွန်မီးများအလား တစ်လှည့်စီတောက် ပနေတော့သည်။

စုကျို: “...”

“တောက်... ငါတို့က သုံးနှစ်သားအရွယ်တွေကျနေတာပဲ”

“ကလေးဆန်လိုက်တာ!”

စုကျို ခန္ဓာကိုယ်ကို တစ်ချက်လှည့်လိုက်ရာ သူ ကိုယ်တိုင်လည်း နီယွန်မီးတစ်ခုလို ရောင်စုံအလင်းများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

ပိုးစာစိုက်ခင်း၏အလယ်ဗဟိုတွင် ရှစ်မြောင့်ပုံစံ၊ ကိုးထပ်မြင့်သော ကန်တော့ချွန်ပုံစံ ဖန်စီမျှော်စင်ကြီးတစ်ခုမှာ ကောင်းကင်ယံမှ ဖြည်းညှင်းစွာဆင်းသက်လာသည်။ မျှော်စင်၏ထောက်တိုင်များ၊ ထောင့်တိုင်များ၊ လက်ရန်းများနှင့် အပြင်ဘက် နံရံများအားလုံးတွင် ပိုးစာပင်များပေါ်၌ နားနေသော ရွှေရောင်ပိုးကောင်များနှင့် ပိုးမျှင်ငင်နေသော အမျိုးသမီးများ၏ရောင်စုံမှင်ပန်းချီကားများဖြင့် ဝန်းရံထားသည်။

[ မျိုးစေ့ရွေးချယ်ရေး မျှော်စင် ဖွင့်လှစ်လိုက်ပြီ! ]

[ တစ်ဦးလျှင် အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းသာ ရွေးချယ်ခွင့်ရှိသည်! ]

မျှော်စင်၏အောက်ခြေတွင် တံခါးသုံးပေါက်ပါသော အဝင်ဝငါးခုမှာ ပွင့်နေပြီဖြစ်သည်။ စုကျိုသည် မြည်းလှည်းပေါ်လှဲလျက် မျှော်စင်ရှေ့ရှိ ကွင်းပြင်သို့ရောက်လာချိန်တွင် မျှော်စင်၏ရှစ်မြောင့်ပုံစံ အမိုးပေါ်၌ ထိုင်နေသော သို့မဟုတ် ရပ်နေသော လူကိုးယောက်ကိုတွေ့လိုက်ရသည်။

နေရောင်ကို ကျောပေးထားသဖြင့် ထိုကိုးယောက်၏မျက် နှာများကို သဲသဲကွဲကွဲ မမြင်ရသော်လည်း ၎င်းတို့၏နဖူး၊ ပါးပြင်နှင့် နှုတ်ခမ်းများပေါ်တွင် ရွှေရောင်ဂဏန်းများ တောက်ပနေသည်။

ထိုအထဲတွင် လူတစ်ယောက်မှာ ထူးထူးခြားခြား ထင်ရှားနေသည်။ သူသည် လက်ရန်းကို မှီလျက် ညာဘက်ခြေထောက်ကို တွဲလောင်းချထားပြီး ဝတ်ဆင်ထားသော နီလာပြာရောင် ဝတ်ရုံပေါ်တွင် “သင့်တင့်မျှတခြင်းသည် ချမ်းသာခြင်းကို ဆောင်သည်” နှင့် “အပြုံးဖြင့် ဧည့်ခံပါ” ဟူသော ရွှေစာတန်းထိုး ကျောက်စိမ်းဖဲကြိုးများ ဆင်ယင်ထားသည်။

၎င်းမှာ ကျူးပိုင်ယွီပင်။

သူသည် အရိပ်ထဲတွင် ပုလဲရောင် မျိုးစေ့လေးတစ်စေ့ကို လက်ဖဝါးထဲ၌ ပစ်တင်ကစားနေရင်း စုကျိုကိုတစ်ချက်လှမ်းကြည့်လိုက်သော်လည်း သူမအား မသိသလိုဟန်ဖြင့် ချက်ချင်းမျက်နှာလွှဲသွားသည်။

တစ်ချိန်တည်းမှာပင် မျှော်စင်ရှေ့ရှိ အသိပေးဘုတ်ပေါ်တွင် နီရဲသော စာသားများပေါ်လာသည် -

【 မျှော်စင်ကိုးထပ်မြောက်ရှိ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့များ ရွေးချယ်ပြီးပြီ။ 】

【 မျှော်စင်ခုနစ်ထပ်မြောက်ရှိ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့များ ရွေးချယ်ပြီးပြီ။ 】

【 မျှော်စင်ရှစ်ထပ်မြောက်ရှိ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့များ... ရွေးချယ်ပြီးပြီ။ 】

...

【 မျှော်စင်သုံးထပ်မြောက်ရှိ ပထမတန်းစား အဆင့်မြင့် ပိုးစာမျိုးစေ့များ... ရွေးချယ်ပြီးပြီ။ 】

အဆင့်မြင့် ပိုးစာမျိုးစေ့ ၉ အိတ် ရွေးချယ်ပြီးသွားခြင်းမှာ မျှော်စင်ထိပ်ရှိ ရွှေရောင်အလင်းတန်းများ ထွက်နေသော လူကိုးယောက်နှင့် အရေအတွက် ကိုက်ညီနေသည်ကို စုကျို သတိထားမိလိုက်သည်။

“ဒီလမှာ ဂေဟာမှူးခရီးထွက်နေတယ်၊ ဒါကြောင့် မျှော်စင်ထဲမှာ ထိပ်တန်းအဆင့် မျိုးစေ့က တစ်အိတ်ပဲ ကျန်တော့တယ်” ဟု စုရှင်းချန်က အပေါ်ကိုမော့ကြည့်ရင်း လျင်မြန်စွာ ကောက်ချက်ချလိုက်သည်။

မျှော်စင်ထိပ်ရှိ ကိုးယောက်မှာ ဤအထပ်၏အဆင့် ၂ မှ ၁၀ အတွင်းရှိသော ထိပ်တန်းပညာရှင်များဖြစ်ကြသည်။ စုကျို စိတ်ထဲမှတွက်ချက်လိုက်သည် - ဆိုလိုသည်မှာ လစဉ် ထိပ်တန်းမျိုးစေ့ ၁၀ အိတ်သာထွက်ရှိပြီး အဆင့်အမြင့်ဆုံး ၁၀ ယောက်က အမြဲဦးအောင် ယူလေ့ရှိကြသည်။ ၎င်းတို့သည် ကျင့်ကြံမှုမြင့်သလို မြန်လည်း မြန်ကြသဖြင့် အရင်ရောက်သူက အရင်ရခြင်းပင်။

စုကျို မျက်ခုံးပင့်လိုက်သည် - “ဝင်ရအောင်” အချိန်ဖြုန်းနေ၍ မဖြစ်တော့ချေ။

သို့သော် သူတို့ မျှော်စင်ဆီသို့ ဦးတည်လိုက်သည်နှင့် စုရှင်းချန် ဘာမှမလုပ်ရသေးမီမှာပင် သူတို့မြည်းလှည်းမှာ လူအုပ်ကြီး၏ ဝိုင်းဝန်းခြင်းကို ခံလိုက်ရသည်။

“သူ တကယ်ပဲ သူတော်စင်အဆင့်ပါရမီ နိုးထလာတာပဲ! သူ့ ခါးတံဆိပ်က ခရမ်းရွှေရောင်သစ်သားဖြစ်သွားပြီ!”

“စုကျို... နင့်ရဲ့ ပါရမီက မျိုးစေ့ရွေးတဲ့နေရာမှာ ဘာအားသာချက်တွေ ရှိလဲ ?”

“ငါ နင်နဲ့ အသင်းဖွဲ့ချင်တယ်! ဝိညာဉ်ကျောက်တုံး ၁၀၀၀ ပေးမယ်!”

“သူတော်စင်အဆင့် ပါရမီက မျက်စိအားကောင်းတာ ဒါမှမဟုတ် ဝိညာဉ်အပင်တွေနဲ့ ဆက်သွယ်နိုင်တာမျိုးဆိုရင် ငါ ၁၅၀၀ ပေးမယ်!”

“ဖယ်ကြစမ်း! ငါ အရင် ကမ်းလှမ်းတာဟ!”

“စုကျို... ငါ့ကို ကြည့်ပါဦး! ငါက နင်ကြိုက်တဲ့ အသားဖြူဖြူ၊ အရပ်ရှည်ရှည် လူပျိုကြီးကျင့်ကြံသူလေ! ငါ့အမေက ပြောတယ်၊ ငါက ချန်ကျိုးထက်တောင် ပိုချောသေးတယ်တဲ့!”

“...”

စုကျိုသည် အစပိုင်းတွင် စိတ်ဝင်တစား နားထောင်နေသော်လည်း နောက်ဆုံးစကားကို ကြားလိုက်ရသောအခါ ထိုစကားပြောသူ လူပုလေးကိုကြည့်ပြီး သွားကျိန်းသွားတော့သည်။

စုရှင်းချန်နှင့် စုကျီကျီတို့သည် ဘေးပတ်ပတ်လည်မှ အမျိုးသားကျင့်ကြံသူများကို သတိကြီးစွာထား၍ကြည့်ကာ စုကျိုအား မျိုးစေ့ရွေးချယ်ရေးမျှော်စင်ထဲသို့ အမြန်တွန်းပို့လိုက်ကြတော့သည်!

[ စုကျို အဆင့် ၉၉၊ မျိုးစေ့ရွေးချယ်ရေး မျှော်စင်သို့ ဝင်ရောက်သည် ]

[ စုကျီကျီ အဆင့် ၄၈၃၀၊ မျိုးစေ့ရွေးချယ်ရေး မျှော်စင်သို့ ဝင်ရောက်သည် ]

[ စုရှင်းချန် အဆင့် ၂၃၀၃၊ မျိုးစေ့ရွေးချယ်ရေး မျှော်စင်သို့ ဝင်ရောက်သည် ]

သူတို့ဝင်သွားသည့် တစ်ခဏမှာပင် မျှော်စင်တံခါးပေါ်၌ သူတို့သုံးဦး၏ အချက်အလက်များ ပေါ်လာသည်။

“ဘာ! သူက ထိပ်တန်း ၁၀၀ ထဲ ရောက်နေပြီလား ?”

“နေ့ဝက်အတွင်းမှာတင် အဆင့် ၄၀၀၀ ကျော်တက်သွားတာလား?!”

စုကျိုအရိပ်မှာ မျှော်စင်ထဲသို့ ပျောက်ကွယ်သွားပြီး အပြင်ဘက်တွင်တော့ ဆူညံသံများဖုံးလွှမ်းကျန်ရစ်ခဲ့သည်။

“ဝမ်အာ... ငါ့သား ချန်ကျိုး ဘယ်မှာလဲ ? သူ ဘယ်ရောက်သွားတာလဲ ? မင်းနဲ့အတူ အပြင်ထွက်သွားတာလေ၊ အခု မျိုးစေ့ရွေးပွဲမှာ ဘာလို့ မင်းတစ်ယောက်တည်း ရှိနေရတာလဲ?”

မျှော်စင်အဝင်ဝတွင် အဖွားအိုချန်သည် လျူပလူတေ ဝမ်အာ့လက်မောင်းကို အသည်းအသန်ဆွဲကိုင်ကာ မေးမြန်းနေတော့သည်။ သူမ မျှော်စင်ရှေ့တွင်စောင့်နေသည်မှာ ကြာလှပြီဖြစ်သည်။ စုကျိုတို့ မောင်နှမတစ်သိုက်မျှော်စင်ထဲ ဝင်သွားသည်ကို မြင်လိုက်ရသော်လည်း သူ့သား ချန်ကျိုးကိုတော့ အရိပ်အယောင်မျှမတွေ့ရသေးပေ။

သူ တကယ့်ကို ထိတ်လန့်နေပြီဖြစ်သည်။

“ဘာဖြစ်လို့လဲ ? မင်းတို့က စုကျိုဆီသွားပြီး ‘သူရဲကောင်းက မင်းသမီးကို ကယ်တဲ့’ ပြဇာတ် ကပြကြမလို့ မဟုတ်လား...”

အဖွားအိုချန် အသံကြီးမှာ ချက်ချင်းတိုးသွားသည်၊ ဤကိစ္စမှာ ဂုဏ်ယူစရာမဟုတ်သည်ကို သူ သိသည်။

“စုကျိုတောင် မျှော်စင်ထဲရောက်သွားပြီ၊ မင်းလည်း ပြန်ရောက်နေပြီ၊ ငါ့သားကော ဘယ်မှာလဲ?!”

လူပေလူတေ ဝမ်အာသည် အစောပိုင်းဆရာတစ်ရာဂေဟာရှေ့တွင် ကြုံခဲ့ရသည့် မယုံနိုင်စရာမြင်ကွင်းကို ပြန်တွေးမိပြီး ကြောက်စိတ်များမပြေသေးပေ - “သူလား ? ဖွီး! သူက ဘယ်လို သူရဲကောင်းမျိုး လုပ်ချင်နေတာလဲ!”

“သူက လေတိုက်လို့ လွင့်ပါသွားတာဖြင့် ကြာလှပြီ!”

“?” အဖွားအိုချန် မျက်လုံးများ ပြူးထွက်သွားသည်။

စုကျို၏ကျွမ်းကျင်လှသော လက်ဝါးတိုက်ကွက်မှာ အုပ်ချုပ်ရေးမှူး တောက်ရန်နှင့် တစ်ပုံစံတည်းဖြစ်နေရုံမက၊ ပြင်းအား၊ အရှိန်နှင့် အတိုင်းအတာမှာ အလွန်ကြီး မားလှသဖြင့် အဆင့် ၅၉ ရှိသော ချန်ကျိုးပင် မတွန်းလှန်နိုင်ဘဲ မျက်စိတစ်ဆုံးနေရာအထိ လွင့်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

ဝမ်အာ ထိုအကြောင်းကို တွေးမိရုံနှင့်တင် ကြောက်လန့်နေမိသည်။ တော်သေးသည်မှာ သူ ဘာမှမဖြစ်ခဲ့ခြင်းပင်!

“ခင်ဗျားတို့သားအမိကတော့ ငါ့ကို ဒုက္ခပေးနေတာပဲ! ငါ့စိတ်ငြိမ်အောင် ဝိညာဉ်ကျောက်တုံး ၅၀၀ ထပ်ပေး! မဟုတ်ရင် ဒါတွေကို စုရှင်းချန် ဆီ သွားတိုင်မယ်!”

“ဘာ...”

အဖွားအိုချန်မှာ စိုးရိမ်စိတ်နှင့် ဒေါသတို့ ဒွန်တွဲနေတော့ သည်။

အကယ်၍ လစဉ် မျိုးစေ့ရွေးချယ်မှုကိုသာ လွဲချော်ခဲ့ပါက ပထမထပ်ရှိ ကျင့်ကြံသူတစ်ဦးအတွက် အဆုံးသတ်ပင်။ စိုက်ခင်းမှထွက်ကုန်မရှိလျှင် ၎င်းတို့၏အဆင့်မှာလည်း အောက်ဆုံးသို့ မလွဲမသွေရောက်ရှိသွားပေလိမ့်မည်။

[ မျိုးစေ့ရွေးချယ်ရေး မျှောစင် ပိတ်ရန် မိနစ် ၃၀ သာ လိုတော့သည်။ ]

မျှော်စင်နှင့် ငါးမိုင်ခန့်အကွာရှိ လူသူကင်းမဲ့သော ပိုးစာစိုက်ခင်းထဲတွင် ချန်ကျိုးသည် သူ့ကြေးနီနွားလှည်းကို တောင်ဘက်သို့ အသည်းအသန် မောင်းနှင်နေရရှာသည်...

မျိုးစေ့ရွေးချယ်ရေး မျှော်စင်အတွင်း၌

စုကျိုသည် မောင်နှမနှစ်ယောက်၏စောင့်ရှောက်မှုဖြင့် မျှော်စင်အတွင်းရှိ ဂူတစ်ခုထဲသို့ဝင်လာခဲ့သည်။ ဂူနံရံများပေါ် တွင် မြင့်မားသော ပိုးစာပင်ကြီးများရှေ့တွင် သာမန်လူသားများမှ ဒူးထောက်ကာ မိုးရွာရန်ဆုတောင်းနေသည့် ပုံများကို ရေးဆွဲထားသည်။

ဂူအတွင်း၌ ပိုးကောင်ပုံများ ထွင်းထုထားသော ရွှေနှင့် ကျောက်စိမ်းတိုင်ကြီး လေးတိုင်ရှိပြီး၊ အလယ်တွင် ကန့်လန့်ကာ ချထားသော သစ်သား နတ်ကွန်းငယ်တစ်ခု ရှိသည်။ လှေကားထစ်သုံးထပ်ပါသော ထိုနတ်ကွန်းရှေ့တွင် တောက်ပနေသော ဝိညာဉ်ကျောက်တုံးများ၊ သစ်သီးများ၊ မက်မွန်သီးများနှင့် ဝိညာဉ်ပိုးစာရွက်များကို ပူဇော်ထားကြသည်။

စုကျီကျီသည် နတ်ကွန်းရှေ့သို့ အမြန်သွားကာ အရိုအသေပြုလိုက်သည် - “မျိုးစေ့ရွေးချယ်မှု အောင်မြင်ဖို့အတွက် ပိုးစာနတ်သမီးလေးက ကျွန်မရဲ့ကျဲ၊ ဒုတိယအစ်ကိုနဲ့ ကျွန်မကို စောင့်ရှောက်ပေးဖို့ တောင်းပန်ပါတယ်ရှင်”

ထို့နောက် သူ့ အိတ်ထဲမှ အဖိုးတန်ဝိညာဉ်ကျောက်တုံး သုံးတုံးကို ထုတ်ယူကာ ပူဇော်လိုက်သည်။

စုကျို၏တည်ငြိမ်သော မျက်နှာမှာ အနည်းငယ်တွန့်သွားပြီး သူ နှမြောနေမိသည်။ ဝိညာဉ်ကျောက်တုံးသုံးတုံးဆို သည်မှာ ငွေဖြစ်သည် မဟုတ်ပါလား ?

“ရပြီ၊ တော်ပြီ၊ ကျောက်တုံးတွေကို ပြန်ယူလိုက်တော့”

စုကျိုသည် ကမ္ဘာပျက်ကပ်ထဲ ရှင်သန်ခဲ့သူပီပီ နတ်ဘုရားများကို ဘယ်တုန်းကမှမယုံကြည်ခဲ့ပေ။

အကယ်၍ နတ်ဘုရားတွေက တကယ်အစွမ်းထက်တယ်ဆိုရင်တောင် လူတိုင်း ဆုတောင်းနေကြတာလေ၊ အားလုံးကိုတော့ ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာလဲ ?

စုကျီကျီ ပါးစပ်လေး အဟောင်းသားဖြစ်သွားရသည်။

စုကျို သူ့ကို ကြည့်ကာ - “ဒါဆိုရင် ငါ့အတွက် ပူဇော်တဲ့ ကျောက်တုံးတစ်တုံးကိုပြန်ယူလိုက်၊ ဒီမှာ လူပေါင်းလေးထောင်ကျော်ရှိတာ၊ နတ်ဘုရားက ကာကွယ်ပေးနေရင် တောင် ညမိုးချုပ်တဲ့အထိ ပြီးမှာ မဟုတ်ဘူး၊ ငါက နတ် သမီးလေး အလုပ်မရှုပ်အောင် ဝန်ထုတ်ဝန်ပိုးလျှော့ပေး နေတာလေ၊ နားလည်လား ?”

နတ်ဘုရားတွေကို ဆုတောင်းနေမယ့်အစား ကိုယ့်ကိုကိုယ်အားကိုးတာ ပိုကောင်းသည် မဟုတ်ပါလား ? စုကျိုက သူ့အား မြန်မြန်လုပ်ရန်လက်ယမ်းပြလိုက်သည်။ စုကျီကျီသည် သူ့ကျဲပြောသည်မှာလည်း ကျိုးကြောင်းဆီလျော် သည်ဟု ထင်သွားသဖြင့် ကျောက်တုံးကိုပြန်ယူလိုက်တော့သည်။

စုကျိုတို့ ထွက်ခွာသွားပြီးနောက် သစ်သားနတ်ကွန်းရှေ့ရှိ ဝါးကန့်လန့်ကာမှာ ညင်သာစွာလှုပ်ခတ်သွားသည်။ မိုင်ပေါင်းသောင်းချီဝေးသော တိမ်တိုက်များကြားတွင် ထိုင်နေသောပုဂ္ဂိုလ်တစ်ဦးသည် သူ့ နက်မှောင်သော မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်တော့သည်။

စုကျို နတ်ကွန်းဘေးရှိ ကွင်းပြင်သို့ရောက်လာသောအခါ ပိုးစာမျိုးစေ့များပြည့်နေသော ဝါးခြင်းတောင်း ၈၁ ခြင်းကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ကိုးတန်း၊ ကိုးခုစီဖြင့် စနစ်တ ကျစီထားခြင်းဖြစ်သည်။

ရိုးရိုးမျက်စိဖြင့် ကြည့်မည်ဆိုလျှင် ထိုခြင်းတောင်းထဲရှိ ပိုးစာမျိုးစေ့များမှာ အရွယ်အစားနှင့် ပုံသဏ္ဌာန်အားဖြင့် အနက်ရောင် ပိုးစာသီးလေးများနှင့် ဆင်တူနေပြီး ထူးထူး ခြားခြား ကွာခြားမှုမရှိလှပေ။

သို့သော် မျှော်စင်အတွင်းရှိ လူအများမှာ မြေပြင်တွင် ဆောင့်ကြောင့်ထိုင်၍ မျိုးစေ့များကိုအသည်းအသန်ရွေး ချယ်နေကြသည်။ ၎င်းတို့ခန္ဓာကိုယ်များမှ ပင်ကိုယ်ဝိညာဉ်စွမ်းအင်များထွက်ပေါ်နေကြသည် - အချို့မှာမြန်ဆန်သောအရှိန်ရှိသဖြင့် သူတို့ခြေထောက်များမှာ လေဟုန်စီးနေသကဲ့သို့ ဖြစ်နေပြီး၊ အချို့မှာမူ စူးရှသောအမြင်အာရုံရှိသဖြင့် မျိုးစေ့များကို အသေအချာစစ်ဆေးရွေးချယ်နေကြသည်။

စုကျိုသည် ထိုလူများ၏ ခါးရှိ သစ်သားတံဆိပ်များကို သတိထားကြည့်လိုက်ရာ ၎င်းတို့ ပါရမီစွမ်းရည်များမှာ ‘လျင်မြန်ခြင်း’ နှင့် ‘စူးရှသော အမြင်အာရုံ’ ကဲ့သို့သော အရာများ ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။

ယခုမှပင် စုရှင်းချန်နှင့် စုကျီကျီတို့၏အဆင့်များ အဘယ့်ကြောင့် မမြင့်ရသနည်းဆိုသည်ကို သူ နားလည်သွားတော့ သည်။ အကြောင်းမှာ ၎င်းတို့၏ပါရမီများသည် ပိုးစာပင်စိုက်ပျိုး၍အသက်မွေးရသော ဤအထပ်တွင် အသုံးဝင်မှု အကန့်အသတ်ရှိနေသောကြောင့်ပင်။

“ဒုတိယအစ်ကို... ဒီတစ်ခြင်းကတော့ တော်တော်လေး ကောင်းတဲ့ပုံပဲ” ဟု ဆိုကာ စုကျီကျီ သူ့‘သစ်ရွက်ပေါက် ပါရမီ’ ကို အသုံးပြုလိုက်သည်။

သို့သော် သူ့ နည်းလမ်းမှာ အလွန်ပင်ပန်းလှသည်။ သူ့ ပါရမီ အားနည်းသည်ကို သူကိုယ်တိုင် သိထားသဖြင့် မျိုးစေ့များထည့်ထားသော ဝါးခြင်းတောင်းထဲမှ မျိုးစေ့များကို လက်ဖြင့် မန္တန်စီရင်ကာ ချက်ချင်းသစ်ရွက်ပေါက်လာသော မျိုးစေ့များကိုသာ ‘မျိုးစေ့ကောင်း’ အဖြစ်သတ် မှတ်ခြင်းသာ။

ဤနည်းလမ်းမှာ ဝိညာဉ်စွမ်းအင်ကို အလွန်ကုန်ခမ်းစေရုံမက တစ်ခြင်းချင်းစီကိုလက်ဖြင့် စမ်းသပ်နေရသဖြင့် အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်းမှာ အကုန်စမ်းသပ်ရန် လုံးဝမလုံလောက်ပေ။

“ဒီတစ်ခြင်းက ကျဲအတွက်၊ ဒါက ဒုတိယအစ်ကို့အတွက်” စုကျီကျီသည် သစ်ရွက်အများဆုံး ပေါက်လာသော ခြင်းတောင်းများကို သူတို့နှစ်ဦးအားခွဲပေးလိုက်သည်။

စုရှင်းချန်၏ ‘သန်မာသော သစ်သား’ ဝိညာဉ်စွမ်းအင်မှာ မျိုးစေ့ရွေးချယ်ရာတွင် အသုံးမဝင်သဖြင့် သူသည် ညီမဖြစ်သူအတွက် ဝါးခြင်းတောင်းများကို ဝိုင်းမပေးရုံသာ တတ်နိုင်ရှာသည်။

စုကျိုသည် ခေတ္တမျှကြည့်နေပြီးနောက် မိန်းကလေးငယ်လေး ရွေးချယ်ထားသော ဝါးခြင်းတောင်း သုံးခြင်းကို ငုံ့ကြည့်၍ စစ်ဆေးလိုက်သည်။

[ ပထမတန်းစား အလတ်စား ပိုးစာမျိုးစေ့များဖြစ် ကြောင်း အတည်ပြုသည်: ခန့်မှန်းတန်ဖိုး ဝိညာဉ်ကျောက်တုံး ၁၅၀... ]

[ ပထမတန်းစား အလတ်စား ပိုးစာမျိုးစေ့များဖြစ် ကြောင်း အတည်ပြုသည်: ခန့်မှန်းတန်ဖိုး ဝိညာဉ်ကျောက်တုံး ၁၄၂... ]

[ ပထမတန်းစား အောက်တန်းစား ပိုးစာမျိုးစေ့များဖြစ် ကြောင်း အတည်ပြုသည်: ခန့်မှန်းတန်ဖိုး ဝိညာဉ်ကျောက်တုံး ၁၁၉... ]

မဆိုးလှပေ။ သို့သော် အကောင်းဆုံးတော့ မဟုတ်သေးပေ။ အထူးသဖြင့် မိန်းကလေးငယ်လေးက သူမကိုယ်တိုင်အတွက် ချန်ထားရန်ပြင်ဆင်နေသည့် အိတ်ထဲတွင် အောက်တန်းစားမျိုးစေ့များ ပါဝင်နေသည်။

စုကျိုသည် ချွေးဒိုင်ဒိုင်ကျကာ အမောတကောဖြစ်နေသော စုကျီကျီကို ကြည့်ကာ လက်ဖျောက်တစ်ချက် တီးလိုက်သည်။

“နောက်ဆုတ်လိုက်တော့... ငါပဲ လုပ်လိုက်မယ်”

All Chapters