အခန်း (၂၇)
Vol. 3 Ch. 27
“ဟေး... ဟိုရှေ့မှာ အဝတ်အသစ်တွေ ရောင်းနေတယ်လို့ ကြားလား? အဝတ်သန့်စင်တဲ့ မန္တန်တစ်ခုတောင် ၃၀ ပေးရတာကို၊ ဟိုမှာတော့ တစ်ကိုယ်လုံးစာ အဝတ်အထည်တွေကို ၂၀ တည်းနဲ့ ရောင်းနေတာတဲ့!”
“၅၀ ဖိုးနဲ့အထက် ဝယ်ရင် ဝိညာဉ်စမ်းသပ်လက်ပတ် တစ်ခု အလကားပေးတယ်တဲ့!”
“ဘာ ? တကယ်လား? ငါတို့ ဂေဟာက ထွက်တဲ့ အထည်တွေလား?”
“ဟုတ်တယ်! အဆင့်နိမ့်ပေမဲ့ ဈေးကတော့ အတော်ချိုတယ်! သွားဝယ်ဦးမှ၊ အိတ်သွန်ဖိတ်စင် ရောင်းနေတာဆိုတော့ ကုန်သွားဦးမယ်!”
စုရှင်းချန်သည် ထိုစကားကို ကြားသည်နှင့် ရပ်တန့်သွားပြီး သူ့ကျောက်စိမ်းခုတင်ကို အိတ်ထဲအမြန်ထည့်ကာ ထိုလူနှစ်ယောက်နောက်သို့ အပြေးလိုက်တော့သည်။ ဒီနေ့ သူ ဝိညာဉ်ကျောက်တုံး ၃၀၀ ရထားသည်ဆိုတော့ ညီမလေးအတွက် အဝတ်သစ်ဝယ်ပေးနိုင်ပြီမဟုတ်ပါလား ? ဂေဟာမှထွက်သော ပိုးထည်များမှာ တခြားနေရာထက် အဆပေါင်းများစွာ သာလွန်သည်။
သူသည် ပေါက်တူးကိုတောင်ဝှေးအဖြစ် အသုံးပြုရင်း လူအုပ်ကြီးနောက်သို့ အမြန်လိုက်သွားသည်။ အနှေးတွင် နွားလှည်းတစ်စီးကိုပါ အပူကပ်စီးလိုက်သေးသည်။ သို့သော် နီးကပ်လာလေလေ သူ စိတ်မသက်မသာဖြစ်လာလေလေပင်။
ဒီနွားလှည်းက ဘာလို့ သူ့တို့ရဲ့မြေရိုင်းစိုက်ခင်းနဲ့ ပိုပိုနီးလာရတာလဲ ?
ထို့ပြင် ရင်းနှီးနေသော မြည်းလှည်းနှင့် ဝှီးချဲကိုပါ မြင်လိုက်ရသည်...
“ပိုးထည် ၁၀ လိပ်ပဲ ကျန်တော့တယ်!”
“ကျွန်တော် သုံးလိပ်ယူမယ်!”
“ကျွန်တော့်ကိုလည်း တစ်လိပ် အမြန်ပေးပါ!”
“ရော့... ရော့...”
စုရှင်းချန်သည် နွားလှည်းပေါ်မှ ခုန်ဆင်းလိုက်ရာ၊ မြည်းလှည်းပေါ်တွင် ခြေထောက်ချိတ်ကာလှဲနေသော စုကျိုကို တွေ့လိုက်ရသည်။ သူမ ဘေးတွင် ဝိညာဉ်ကျောက်တုံးများမှာ တောင်ငယ်လေးတစ်ခုပမာစုပုံနေတော့သည်။ လှည်းရှေ့တွင်တော့ ချွေးတလုံးလုံးဖြင့် စုကျီကျီသည် ပိုးထည်လိပ် သုံးလိပ်ကိုပိုက်လျက် ဝယ်သူကို အကြွေပြန်အမ်းနေလေသည်။
“ဪ... ရောက်လာပြီလား ?” စုကျိုက အဝတ်ပတ်ထားသော ညာဘက်လက်ကိုမြှောက်ပြရင်း စုရှင်းချန်ကို နှုတ် ဆက်လိုက်သည် - “မတော်တဆမှုလေး နည်းနည်း ဖြစ်သွားလို့လေ”
စုရှင်းချန်: “...”
ဘယ်လို မတော်တဆမှုမျိုးက ပိုးထည်လိပ်တွေနဲ့ ဝိညာဉ်စမ်းသပ်လက်ပတ်တွေကို ဒီလောက်အများကြီးထွက်လာစေတာလဲ! လမ်းတစ်လျှောက်လုံးမှာ ပိုးထည်လိပ်တွေ၊ လက်ပတ်တွေ ကိုင်သွားတဲ့သူ အယောက် ၃၀ မက သူ မြင်ခဲ့ရပြီးသားဖြစ်သည်။ သူ့ အစွမ်းကို ထပ်သုံးလိုက်ပြန်ပြီလား?
“ဒါနဲ့... ပထမထပ်မှာ ရီယွမ်အဆင့် ၆ ရှိတဲ့ ဆံပင်တွေကို လိုချင်တဲ့ ကျင့်ကြံသူတွေ ရှိမလား သိလား ?”
စုကျို သူ့ ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြလိုက်ရာ၊ ချော မွေ့နက်မှောင်နေသော ဆံနွယ်ကျစ်ဆံမြီးကြီး တစ်စုကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။
စုရှင်းချန်: “…………”
[ စုကျို၏ ရီယွမ်အဆင့် ၆ နက်မှောင်သော ဆံနွယ်- ကျင့်ကြံသူ၏ ဝိညာဉ်အသက်ဓာတ် ပါဝင်နေသဖြင့် ချောမွေ့တောက်ပကာ လေထဲတွင် တလွင့်လွင့်ဖြစ်နေမည်။ သာမန်လူများ၏ ဆံပင်နှင့်မတူဘဲ နေရောင်အောက်တွင် ဝိညာဉ်အလင်းပြန်မှုကို ထုတ်လွှတ်သည်။ ]
[ ဆံပင်ကွက်ပြီး ကျွတ်သူများ၊ ထိပ်ပြောင်သူများနှင့် စိတ်သောကကြောင့် ဆံပင်ကျွတ်တတ်သော ကျင့်ကြံသူများအတွက် အလွန်သင့်တော်သည်။ ဆံပင်တုအဖြစ် အသုံးပြုပါက အလိုအလျောက် တောက်ပနေမည်ဖြစ်ပြီး အထူးတ လည် ပြုပြင်ထိန်းသိမ်းရန် မလိုပေ။ ခိုင်ခံ့ပြီး နှစ်ခွမဖြစ်သလို ပြတ်တောက်ရန်လည်း မလွယ်ကူပါ။ ]
[ ခန့်မှန်းဈေး- ဝိညာဉ်ကျောက်တုံး ၇၉၉ ]
စုရှင်းချန်နဲ့ စုကျီကျီတို့က ဆံပင်အလွန်သန်သူတွေဖြစ်လို့ ဒီလိုဆံပင်တုမျိုး သူတို့မိသားစုအတွက် မလိုအပ်ပါဘူး။
“ဒါကို... ဘာလို့ လမ်းဘေးမှာတင် မရောင်းတာလဲ ?” စုရှင်းချန်က မေးလိုက်သည်။
“ငါ့မှာလည်း သိက္ခာဆိုတာ ရှိသေးတယ်လေ”
“…” စုရှင်းချန် စကားထစ်သွားရသည် - “ဒါဆိုရင်လည်း အသုံးအဟောင်းဈေးကွက်ကိုသွားပြီး ဝယ်မယ့်သူရှိမလား ကြည့်ရတာပေါ့”
စုကျို မြည်းလှည်းပေါ်တက်လိုက်ပြီး စုကျီကျီကမူ သူမ၏ ဝိညာဉ်စွမ်းအင်ဖြင့် ‘ဝိညာဉ်စမ်းသပ်လက်ပတ်’အား ဖွင့်ပြသည်ကို ကြည့်နေလိုက်သည်။
လက်ပတ်ပေါ်တွင် ‘ကျင့်ကြံဖော်များ၏ သတင်းစကား’၊ ‘ထိပ်တန်းအချက်အလက် မျှဝေခြင်း’၊ ‘ကိုယ်ရေးအချက် အလက် စုံစမ်းခြင်း’၊ ‘ပစ္စည်းဟောင်းဈေးကွက်’ နှင့် ‘အထူးတာဝန်များ’ ဟူသော သစ်ကိုင်းသဏ္ဌာန် ဝိညာဉ်ပုံရိပ်လွှာများ ချက်ချင်းပေါ်လာသည်။
စုကျိုသည် အသုံးပြုပုံကို လျင်မြန်စွာလေ့လာလိုက်ပြီး စိတ်ကူးလိုက်သည်နှင့် ‘ပစ္စည်းဟောင်းဈေးကွက်’ မှာ ပိုးစာရွက်ဟောင်းများဖြင့် ချုပ်လုပ်ထားသော စာအုပ်တစ်အုပ်ကဲ့သို့ပွင့်လာတော့သည်။ စာမျက်နှာတစ်ခုစီတွင် အတန်း ၅ တန်း၊ ကော်လံ ၄ ခုဖြင့် စုစုပေါင်း ပစ္စည်း ၂၀ ရောင်းရန်ရှိသည်။
ယနေ့တွင် လူတိုင်း ပိုးစာပင်စိုက်နေကြသောကြောင့် ပထမစာမျက်နှာ ၁၀ မျက်နှာလုံးမှာ ‘နွေးထွေးသော နေရောင်ခြည်မန္တန်’ နှင့် ‘ပိုးမွှားနှင် အမွှေးတိုင်’ ကဲ့သို့သော စိုက်ပျိုးရေးပစ္စည်းများချည်းပင်။ ဈေးနှုန်းများမှာ အတော်ကြီးမြင့်ပြီး တစ်ခုလျှင် ဝိညာဉ်ကျောက်တုံး ၁၀၀ ပေးရသည်။
စုကျိုသည် သူ့ ဗလာကျင်းနေသော စိုက်ခင်းအားပြန်ကြည့်လိုက်ရာ မန္တန်စက္ကူတစ်ရွက်မှ မရှိချေ။
“ကျဲက ဈေးနှုန်းနဲ့ ပစ္စည်းအကြောင်းကို ဝိညာဉ်စွမ်းအင်သုံးပြီး ဒီမှာရေးလို့ရတယ်” ဟု စုကျီကျီ ဒဏ်ရာကြောင့် အရာအားလုံးမေ့သွားသော အစ်မဖြစ်သူကို သနားဂရုဏာဖြင့်ပြောပြသည်။
စုကျို ခေါင်းညိတ်လက်ခံလိုက်ပြီး ‘နေရောင်ခြည်မန္တန်’ ၏ ပစ္စည်းအကြောင်းအရာများကို ဖတ်ကြည့်ရာစာလုံးအနည်းငယ်သာ ပါရှိသည်။ ဖတ်ပြီးသည့်တိုင် ထိုပစ္စည်း ၏အာနိသင်ကို သူ ဝေခွဲမရဖြစ်နေဆဲပင်။
သို့သော် သူကမူ မတူပေ။
စုကျိုသည် မေးစေ့ကို လက်ဖြင့်ထောက်ကာ ‘သန့်စင်ပြီးသား ဆံနွယ်စစ်စစ်’ ၏ ဖော်ပြချက်တွင် သူ့ ဝိညာဉ်အသိဖြင့် စတင်ရေးသားလိုက်သည် -
【 ထူးခြားသော ဆံနွယ်၊ ထူးခြားသော မိမိကိုယ်ကို ပိုင်ဆိုင်စေမည်။ 】
“...”
【 ရီယွမ်အဆင့် ၆ အမျိုးသမီးကျင့်ကြံသူ၏ဆံနွယ်စစ်စ စ်၊ တစ်စုလျှင် ဝိညာဉ်ကျောက်တုံး ၇၉၉ တုံးသာ။ 】
【 ယနေ့မှစ၍... ပန်တင်းကြောင့် ယုံကြည်မှုအပြည့် ရှိနေပါပြီ! 】
【 အရောင်းရဆုံး! ယခုနှစ်အတွက် ၉ ခုသာ ကျန်တော့ သည်! 】
စုရှင်းချန် နှုတ်ခမ်းများ တွန့်သွားရသည်။ အဲ့လောက်ထိ ရေးဖို့မလိုပါဘူး။
သို့သော် မြည်းလှည်းမှာ ၅ မိုင်ပင် မရွေ့ရသေးမီ စုကျို၏ ဝိညာဉ်စမ်းသပ်လက်ပတ်မှာ လင်းလာတော့သည်။
[ ကျင့်ကြံမှု မြန်လွန်းမှာ ကြောက်သူ ] : ၉ ခုပဲ ကျန်တော့တာလား ? အကုန်ယူမယ်!
[ ကျင့်ကြံမှု မြန်လွန်းမှာ ကြောက်သူ ] : ဒါပေမဲ့ အခုတလော အလုပ်များနေလို့အပြင်မထွက်နိုင်သေးဘူး။ နောက်ရက်မှ လာလဲလို့ ရမလား ?
[ ကျင့်ကြံမှု မြန်လွန်းမှာ ကြောက်သူ ] : တကယ်ပဲ ချောမွေ့တာလား ?
စုကျို ရိုးသားစွာပြန်ဖြေလိုက်သည် - “အတွင်းစိတ်ကနေ အပြင်ဘက်အထိ သဘာဝအတိုင်း တောက်ပနေစေမှာပါ”
ထို [ ကျင့်ကြံမှု မြန်လွန်းမှာ ကြောက်သူ ] ဆိုသူမှာ အလွန်ကျေနပ်သွားပုံရသည် - “အကုန်ယူမယ်၊ အလုပ်အားတာနဲ့ နောက်နှစ်ရက်နေရင် လာလဲမယ်၊ ပစ္စည်းကောင်းရင် နင့်ဆီကပဲ ဆက်ဝယ်မယ်”
တကယ့် ဘော့စ်ကြီးပဲ။
စုကျို မျက်လုံးများ တောက်ပသွားသည်။ ပိုက်ဆံရမည့်လမ်းစ ရှိနေပြီဆိုမှတော့ ကိုယ့်ကိုကိုယ် မကြာခဏကူးယူရမည်ကို သူ မမှုတော့ပေ။ သူ ထိုနာမည်ကြီး ကျင့်ကြံသူကိုပြန်ဖြေလိုက်သည် - “ကောင်းပါပြီ၊ စောင့်နေပါ့မယ်”
စုကျို ပစ္စည်းစာရင်းကို စစ်ဆေးကြည့်ရာ ကျစ်ဆံမြီးများမှာ တာရှည်ခံသဖြင့် ရက်အနည်းငယ်စောင့်ရသည်မှာ ပြဿနာမရှိပေ။
“ကြည့်စမ်း၊ ဒါက ကြော်ငြာစာသားရှိတာနဲ့ မရှိတာ၊ စိတ်ပါလက်ပါ ရောင်းတာနဲ့ မရောင်းတာရဲ့ ခြားနားချက်ပဲ” ဟု စုကျို အစောပိုင်း သူ့အား လှောင်ပြုံးပြခဲ့သော စုရှင်းချန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီမှာကြည့်၊ ရောင်းမထွက်ဘဲ ကျန်နေတဲ့ ‘နေရောင်ခြည်မန္တန်’ စာမျက်နှာ ၁၀ မျက်နှာလုံးကိုကြည့်လိုက်ဦး၊ ဟဲဟဲ”
စုရှင်းချန်: “...” သူက ချက်ချင်း ခေါင်းလွှဲသွားသည်။ ဒီအစ်မကတော့ အတော်လေး စွမ်းပုံရသည်။
ထိုသူ၏ အမည် [ ကျင့်ကြံမှု မြန်လွန်းမှာ ကြောက်သူ ] ကို မြင်လိုက်ရသောအခါ စုကျို လက်ထဲမှ ယားကျိကျိ ဖြစ်လာသည်။ သူမ၏ သိုလှောင်ရုံသည် ဆရာကြီးတစ်ယောက်နှင့် တွေ့တိုင်း အမြဲတမ်း အလုပ်ရှုပ်တတ်သည် မဟုတ်ပါလား! သူမသည် လက်ပေါ်တွင် ပတ်ထားသော အဝတ်စုတ်များကို သေချာပြန်စစ်လိုက်သည်၊ မတော်တဆ ကူးယူမိမှာ စိုးသောကြောင့် ဖြစ်သည်။
“ငါတို့လည်း ‘နေရောင်ခြည်မန္တန်’ အချို့ ဝယ်သင့်လား?”
အရောင်းစွမ်းဆောင်ရည် ကောင်းမွန်ပြီးနောက် စုကျိုသည် မြည်းလှည်းပေါ်တွင် ထိုင်လျက် အဆင့်မြင့် မြေကွက်များပေါ်တွင် ဝါးရောင်မန္တန်စက္ကူများ ကပ်ထားပြီး အမွှေးတိုင်များ ထွန်းထားသည်ကို သတိပြုမိသွားသည်။
သူမ သေချာကြည့်လိုက်ရာ အချို့မှာ စိုက်ကျင်းဘေးတွင် နေမင်းငယ်လေးများပမာ တောက်ပနေသော ‘နေရောင်ခြည်မန္တန်’ များ ဖြစ်ပြီး၊ အချို့မှာ ခြောက်သွေ့နေသော မြေပေါ်သို့ ဝိညာဉ်စမ်းရေများကို လှမ်းဖြန်းပေးနေသော ‘ရေလောင်းမန္တန်’ (Watering Talismans) များ ဖြစ်သည်။ အမွှေးတိုင်အိုးများပေါ်တွင်မူ ‘ပိုးမွှားကိုးမျိုး နှင်ထုတ်ခြင်း’ ဟူသော စာလုံးများကို ထွင်းထုထားသည်ကို တွေ့လိုက်ရသည်။
မန္တန်စက္ကူတွေ ကပ်ထားတဲ့ မြေကွက်တွေထဲမှာတော့ ပိုးစာပင်ပေါက်လေးတွေဟာ မယုံနိုင်စရာကောင်းလောက်အောင် အရပ်ရှည်နေကြသည်။ နေ့လယ်ခင်း တစ်ချိန်တည်းမှာတင် ခါးလောက်အထိ မြင့်တဲ့ ပျိုးပင်လေးတွေ ဖြစ်နေကြပြီ။
စုကျိုက သူမရဲ့ သုံး-လေးလက်မ အရွယ် ပျိုးပင်လေးတွေကို အားဆေးအကောင်းစားတွေ ကျွေးထားလို့ တော်တော်ထွားပြီလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ သူမရဲ့ အပင်လေးတွေက ကလေးပေါက်စလေးတွေလိုပါပဲ။
“နှမြောစရာကြီး! ထိပ်တန်းအဆင့် ပထမတန်းစား မျိုးစေ့တွေကို ဒီအတိုင်း မြေကြီးထဲ စိုက်ထားပြီးတော့ ကာကွယ်တဲ့ မန္တန်စက္ကူ တစ်ရွက်တောင် မသုံးဘူး!”
“ညရောက်ရင်တော့ ပထမထပ်မှာရှိတဲ့ တွားသွားသတ္တဝါတွေနဲ့ ငှက်တွေ အကုန်လာစားကြတော့မှာပဲ”
“ဒီလို ထိပ်တန်းမျိုးစေ့မျိုးကို ငါ့ကိုပေးလိုက်တာကမှ ပိုတန်ဦးမယ်...”
“ဒီညမှာတင် အအေးမိပြီး အပင်တွေ အများကြီး သေကုန်ကြတော့မှာ!”
ဘေးလူတွေရဲ့ စကားကြောင့် စုကျို တွန့်ဆုတ်သွားပြီး စုရှင်းချန်နဲ့ စုကျီကျီတို့ကို လှည့်ကြည့်လိုက်သည်။