← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

စုကျိုသည် (၃၅) ထပ်မြောက်မှ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှုများကို လုံးဝ မသိရှိလိုက်ပေ။

သေဆုံးသူ ဖုရှင်း (နံပါတ် ၆) ၏ သင်္ချိုင်းကို တူးဖော်မည်ဟု သူမ ပို့လိုက်သော သတိပေးချက်မှာ မည်သည့်ထူးခြားမှုမျှ မရှိခဲ့သလို၊ မနေ့ညက အသုံးမကျသော ကျင်းချန် (နံပါတ် ၅) ထံ ပို့လိုက်သော အကြွေးတောင်းခံလွှာမှာလည်း အကြောင်းပြန်ကြားချက် မရှိခဲ့ပေ။

သို့သော် ဤသည်မှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။

သူမ သတင်းပို့ခြင်းမှာ လူသားဆန်စွာ အသိပေးရုံသက် သက်သာဖြစ်ပြီး၊ သေနေသောသူ သို့မဟုတ် လူယုတ်မာတစ်ယောက်ဆီမှ အကြောင်းပြန်လာလိမ့်မည်ဟု မမျှော် လင့်ထားခဲ့ပေ။ အကြွေးစာရင်းထဲမှ ဖုရှင်း၏မြှုပ်နှံရာနေရာ ‘ရှီဟဲမြို့’ ကို မှတ်သားပြီးနောက် စုကျိုသည် သွေးစွမ်းအင် ဖြည့်တင်းခြင်းနှင့် ပိုးစာပင်များပြုစုခြင်းဟူသော သူမ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြန်လည်စတင်လိုက်သည်။

ခုနစ်ရက်အတွင်းမှာပင် သူမသည် ပိုးစာစိုက်ခင်းကို ကာကွယ်ရန် မန္တန်အမျိုးမျိုးနှင့် အမွှေးတိုင်အိုးများကို ဝယ်ယူခဲ့သည်။ ယခုအခါ ပိုးစာပင်များမှာ သူ့ထက်ပင် အရပ်ရှည်နေကြပြီဖြစ်ပြီး ခက်မများတွင် စိမ်းစိုသောအရွက်များ ဝေဆာနေပြီဖြစ်သည်။

“ပိုးကောင်နတ်သမီးလေးခင်ဗျာ... ကျွန်မတို့ကို ကောင်း ချီးပေးတော်မူပါ”

လွန်ခဲ့သော ရက်အနည်းငယ်၏နံနက်ခင်းတိုင်းတွင် စုကျီကျီသည် သစ်သားအိမ်လေးထဲ၌ ပိုးကောင်နတ်သမီးရုပ်တုရှေ့ ဒူးထောက်ကာ ဆုတောင်းနေခဲ့သည်။

ယနေ့သည် ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး ဝိညာဉ်ပိုးကောင်ဂေဟာ၏ပထမထပ်တွင် ဝိညာဉ်ပိုးကောင်များအတွက် ပိုးစာရွက်များ ရွေးချယ်သည့်နေ့ ဖြစ်သည်။ စိုက်ခင်းထဲတွင် ပိုးစာရွက်အသစ်များ ဝေဆာနေပြီဖြစ်သည်။ ယနေ့ ဝိညာဉ်ပိုးကောင်များ၏ ရွေးချယ်ခြင်း မခံရသော ပိုးစာပင်များကို အနိမ့်ဆုံးအဆင့်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဂေဟာမှ လက်ခံမည်မဟုတ်ပေ။ ထိုအပင်များကို ထင်းအဖြစ်သာသုံးနိုင်တော့မည်ဖြစ်သည်။ ဝိညာဉ်ပိုးကောင်များ၏ရွေးချယ်ခြင်းခံရသော အရွက်များကိုမူ ဝိညာဉ်ပိုးကောင်ဂေဟာမှ ဝိညာဉ်ကျောက်တုံးများဖြင့် ဝယ်ယူမည်ဖြစ်သည်။

ဝိညာဉ်ကျောက်တုံး ဈေးနှုန်းမှာ အထူး၊ အလတ်နှင့် အနိမ့် ဟူ၍ အဆင့်သုံးဆင့်အလိုက်ကွဲပြားသည်။ ထို့ကြောင့် လစဉ် ဤအချိန်ရောက်တိုင်း ပထမထပ်ရှိ အခန်းတိုင်းတွင် တိတ်တဆိတ် ဆုတောင်းပွဲများနှင့် ပူဇော်ပွဲများကျင်းပကြလေ့ရှိသည်။

ယခုလတွင် စုရှင်းချန်သည် မက်မွန်သားဖြင့် ပူဇော်စင်အသစ်တစ်ခုကို အထူးပြုလုပ်ပေးခဲ့ပြီး စုကျီကျီသည် သူမ ပုံမှန်ဆိုလျှင် နှမြော၍မစားရက်သော ဝိညာဉ်ဆန်နှင့် ငါး၊ အသားများကို တင်မြှောက်ထားသည်။

“ဒီနေ့ ဝိညာဉ်ပိုးကောင်တွေ ပထမထပ်ကို ဆင်းသက်လာမှာပါ၊ နတ်သမီးလေးက ကျွန်မတို့ စိုက်ခင်းက ပိုးစာရွက်တွေကို ဝိညာဉ်စွမ်းအင်ပြည့်ဝပြီး လတ်ဆတ်နုပျိုနေအောင်၊ ဝိညာဉ်ပိုးကောင်တွေ အကြိုက်တွေ့အောင် ကူညီပေးပါ၊ အရွက်တိုင်းစစ်ဆေးမှုကို အောင်မြင်ပြီး ဂေဟာက လက်ခံပါစေရှင်”

စုကျိုသည် ထိုမိန်းကလေးငယ်၏ တိုးတိုးလေးရေရွတ်ဆုတောင်းနေမှုကို နားထောင်ရင်း၊ ကြည်ညိုလေးစားစွာ လက်အုပ်ချီထားသော သူမ မျက်နှာလေးကို ငြိမ်သက်စွာ ကြည့်နေမိသည်။

“ကျဲက မက်မွန်သားတွေ အများကြီးထုတ်ပေးလို့ တော်သေးတာပေါ့၊ မဟုတ်ရင် ကျွန်မတို့မှာ ပူဇော်စရာစင်တောင်ရှိမှာမဟုတ်ဘူး၊ အရင်တုန်းကဆိုရင် တခြားသူတွေရဲ့ အခန်းထဲက ပိုးကောင်နတ်သမီးရုပ်တုတွေကိုပဲ ခိုးပြီး ဆုတောင်းခဲ့ရတာ” စုကျီကျီ ပြုံးရွှင်စွာဖြင့် ထရပ်လိုက်သည်။

စုကျိုကမူ သစ်သားအိမ်ထောင့်မှာပုံနေသည့် သစ်သားပုံကြီးကို ကြည့်ပြီး နှုတ်ခမ်းတစ်ချက်တွန့်လိုက်မိသည်။ လွန်ခဲ့တဲ့ ခုနစ်ရက်အတွင်းမှာ သူမရဲ့ ကူးယူခြင်းပါရမီကို တော်တော်လေးသုံးဖြစ်ခဲ့သည်။

တစ်ခါက သူမ မြည်းလှည်းကို ကူးယူမိရာမှ အဆင့် ၁ မြည်းလှည်း တည်ဆောက်ပုံ ဒီဇိုင်း၊ အရှိန်မြှင့်စက်ကွင်း ဒီဇိုင်းနဲ့ သစ်သားပုံ ၉ ပုံ ရလာခဲ့သည်။ စုရှင်းချန်သည် လက်မှုပညာ ကျွမ်းကျင်သူပီပီ ထိုသစ်သားကောင်းများကို ပြန်လည်အသုံးပြုကာ ကုလားထိုင်များသာမက ပူဇော်စင်များနှင့် ပိုးကောင်နတ်သမီး ရုပ်တုများကိုပါထုလုပ်၍ ပထမထပ်တွင် ပြန်ရောင်းခဲ့သည်။

စုရှင်းချန်သည် ထိုအခွင့်အရေးကို အသုံးချကာ ဝိညာဉ်ပိုးကောင်များကို အမှီပြု၍ အသက်မွေးနေကြသော အောက်ခြေကျင့်ကြံသူများထံမှ ဝိညာဉ်ကျောက်တုံး ၇၀၀ ကျော်ရှာဖွေနိုင်ခဲ့သည်။ သူသည် ထိုကျောက်တုံးများ၏ တစ်ဝက်ကို သိမ်းထားပြီး ကျန်တစ်ဝက်ကိုတော့ စုကျိုကို မန္တန်စက္ကူများဝယ်ခဲ့သည့် အကြွေးအဖြစ်ပြန်ပေးခဲ့သည်။

“အစ်ကို... ဖယ်ပေးပါဦး” စုကျီကျီ တံမြက်စည်းကို ပြန်ကိုင်ကာ အိမ်ရှေ့မှ ဖုန်များကို အိမ်ထဲသို့လှည်းဝင်နေပြန်သည်။

“ပိုးစာမြေကို တစ်ခါလှည်းရင် ပိုးစာပန်းရဲ့ မွန်မြတ်တဲ့ အငွေ့အသက်တွေ အိမ်ထဲကမထွက်ဘူး၊ ပိုးစာမြေကို နှစ်ခါလှည်းရင် ပိုးစာဘုရင်နဲ့ ပိုးစာနတ်ဘုရားတို့ ငါ့အိမ်ထဲ ကြွလာမယ်” စုကျီကျီက အလေးအနက် ရွတ်ဆိုနေသည်မှာ တကယ့်ကို အယူသီးသူလေး တစ်ယောက်အတိုင်းပင်။

“ကဲ... တော်ပြီ” စုကျိုက လက်ယမ်းလိုက်သည် - “အရင်ဆုံး ထမင်းစားဦး၊ ပြီးမှ နင့်အလုပ်တွေ ဆက်လုပ်” သူပင် ထိုကလေးမလေး၏ စည်းချက်ကျကျရွတ်ဆိုမှုတွေကြားမှာ လိုက်ပါစီးမျောနေမိလေပြီ။

စုကျီကျီ လိမ္မာပါးနပ်စွာ ‘ဟုတ်ကဲ့’ ဟု ပြန်ထူးပြီး စားပွဲကို အမြန်ရှင်းလိုက်သည်။ စုရှင်းချန်လည်း သူ့ သစ်သားထုလုပ်ခြင်း အလုပ်ကိုခေတ္တရပ်နားထားသည်။ ကလေးနှစ်ယောက်လုံးကတော့ အပြင်ဘက်ကိုမျှော်လင့်ချက်အပြည့်၊ မျက်လုံးလေးတွေ ဝင်းပလျက် ကြည့်နေကြတော့သည်။

သိပ်မကြာမီမှာပင် ထန်းလျက်ခန့်အရွယ် ကိုယ်တစ်ပိုင်းရွှံ့ရုပ်လေးများမှာ ဟန်ချက်မညီစွာ ယိမ်းထိုးရင်း အိမ်ထဲသို့ တန်းစီဝင်လာကြသည်။ ရုပ်တုတစ်ခုစီက လက်မောင်းနှစ်ဖက်ဖြင့် ပန်းကန်လုံးတစ်လုံးစီကိုမလာကြရာ... စုစုပေါင်း ပန်းကန်လုံး ၁၈ လုံးထဲတွင် ဝိညာဉ်ကျောက်စိမ်းဆန်များမှာ လျှံထွက်နေတော့သည်!

သူတို့နှင့်အတူ နေထိုင်သော အဘိုးအိုမှာတော့ မှင်သက်သွားရပြန်သည်။

ဒါကို ဘယ်နှစ်ကြိမ်ပဲ မြင်ဖူးမြင်ဖူး... အမြဲတမ်း တုန်လှုပ်စရာကောင်းနေဆဲပင်!

စုကျိုက တည်ငြိမ်စွာပင် မျက်နှာမော့ကြည့်လိုက်သည် - "အဘိုး... ကျွန်မတို့နဲ့အတူ စားမလား ? အိမ်ထဲမှာ ဒီထမင်းပန်းကန်တွေအကုန်လုံး ထားဖို့ နေရာတောင် မရှိတော့ဘူး”

ကျင့်ကြံမှုအားနည်းသော ထိုအဘိုးအိုလက်များမှာ အနည်း ငယ် တုန်ယင်နေသည်။

ကြည့်လိုက်တော့လည်း သစ်သားအိမ်လေးထဲမှ လေးယောက်ထိုင် ထမင်းစားပွဲလေးမှာ တကယ်ပြည့်လျှံနေပြီ ဖြစ်သည်။ တောင်ငယ်လေးများပမာပုံနေသော ဝိညာဉ်ဆန်ပန်းကန် ၁၈ လုံးမှာ စားပွဲတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ၁၂ လုံးသာ ဆံ့တော့သည်။

စုကျိုနှင့် သူ့ မောင်နှမနှစ်ယောက်မှာတော့ မျက်လုံးလေးများဝင်းပလျက် ပန်းကန်နှစ်လုံးစီကို အပိုင်စီးထားကြပြီ။

အိမ်ထဲရှိ အဘိုးအို: "..."

"မင်းတို့ပဲ စားကြပါ၊ ဒါတွေက အရမ်းဈေးကြီးတဲ့ ပိကန်း ဝိညာဉ်ဆန်တွေပဲဟာ”

"အို... အဘိုးက မစားဘူးဆိုရင် ကျီကျီတစ်ယောက်တည်း ၆ ပန်းကန်လုံး ကုန်အောင်စားရတော့မှာပေါ့" စုကျီကျီက သူ့ ဝမ်းဗိုက်လေးကို ပွတ်ရင်း ငိုချင်သလို အမူအရာလေးဖြင့် - "ကျီကျီ တကယ် ထပ်မစားနိုင်တော့ဘူး”

အဘိုးအိုမှာ မျက်နှာနီသွားပြီး နောက်ဆုံးတွင် ပန်းကန်တစ်လုံးကို ယူကာ ဝိညာဉ်ကျောက်တုံး ၂၀ ထားခဲ့ပြီး ထွက်သွားတော့သည်။

"၁၀ တုံးပဲ ပေးပါ" စုကျိုက ကျောက်တုံးတစ်ဝက်ကို ပြန်ပစ်ပေးလိုက်သည်။

အဘိုးအို ကျေးဇူးတင်စွာဖြင့် ထွက်သွားရာ အိမ်လေးထဲတွင် သူတို့မောင်နှမ သုံးယောက်တည်းသာ ကျန်ရစ်တော့ သည်။ စုကျီကျီနှင့် စုရှင်းချန်တို့မှာ မျက်လုံးများဝင်းပလျက် စတင်စားသောက်ကြတော့သည်!

တစ်ယောက်ကို ၆ ပန်းကန်စီ!

ပိကန်းဝိညာဉ်ဆန်ဆိုသည်မှာ တစ်ပန်းကန်ကို ဝိညာဉ်ကျောက်တုံး ၂၀ ပေးရသည်။ တစ်နပ်တည်းနှင့် တစ်ယောက်ကို ၁၂၀ ဖိုး စားနေကြခြင်းပင်!

စုကျီကျီ စားရင်းနှင့် လေတက်ကာ - "နေ့တိုင်း ဒီလောက်အများကြီး စားနေရတော့ ကျီကျီရဲ့ကျင့်ကြံမှုက တော် တော်မြန်လာတယ်၊ ဝလည်း ဝလာသလိုပဲ”

စုကျို ငေးကြည့်နေမိသည်။ သူမ၏ ပိန်လှီသော လက် မောင်းလေးများမှာလည်း အနည်းငယ် ပြည့်ဖြိုးလာသယောင်ရှိသည်။ ချန်ကျိုးထံမှ ကူးယူထားသည့် ထိုထူးခြားသည့် ဆန်များမှာ အကုန်ကောင်းသော်လည်း တစ်ခုသာ ခြွင်းချက်ဖြစ်နေသည်။ ၁၀ ရက်အတွင်း ကုန်အောင်စားရမည်ဖြစ်သည်။

ဟူး... သက်တမ်းကုန်ဆုံးရက် ရှိနေတာကိုး။

"စားနိုင်သလောက် စားကြစမ်းပါ" စုကျို အကြောင်းပြချက် ပေးလိုက်သည် - "တကယ်လို့ မကုန်ရင်တော့... နက်ဖြန်ကျ သွန်ပစ်ရုံပဲ ရှိတာပေါ့”

စုကျီကျီနှင့် စုရှင်းချန်တို့မှာ ချက်ချင်းခေါင်းငုံ့ကာ ထမင်းများကို ပါးစပ်ထဲ အတင်းသွတ်သွင်းကြတော့သည်။

စားရမယ်။

ကုန်အောင် စားရမယ်!

သိပ်မကြာမီမှာပင် မောင်နှမနှစ်ယောက်လုံးမှာ အစားအ သောက်တွေကြားမှာ တွေဝေငေးမောသွားကြသည်။ စုကျိုလည်း ဗိုက်အရမ်းတင်းလာသဖြင့် အပြင်ဘက်သို့ ထွက်၍ လမ်းလျှောက် အစာချေလိုက်သည်။

"ဒုတိယအစ်ကို... အခုလို ဖြစ်နေတာ သိပ်ကောင်းတာပဲနော်" စုကျီကျီ လေတက်ရင်း မျက်လုံးလေးများ မှေးစက်ကာ ပျော်ရွှင်နေသည်။

စုရှင်းချန်မှာ အတော်ကြာ တိတ်ဆိတ်နေပြီးမှ - "အင်း”

သိပ်ကောင်းတာပေါ့။

ဒါပေမဲ့ တစ်ခုခုတော့ လိုနေသေးတယ်။

တကယ်လို့ သူမသာ အမြဲတမ်း ဒီလိုမျိုးကောင်းပေးခဲ့ရင်... အရင်ကတည်းက ဒီလိုမျိုးဖြစ်ခဲ့ရင် ဘယ်လောက်တောင် အဆင်ပြေလိုက်မလဲ ?

'ငါကပဲ မျှော်လင့်ချက်တွေ အရမ်းများနေတာလား?'

စုရှင်းချန် လက်လှမ်းပြီး ညီမလေး နဖူးကို အသာအယာ ထိလိုက်သည်။ သူမ မျက်ခုံးကြားရှိ အစိမ်းနုရောင် ဝိညာဉ်အရွက်လေးမှာ အဆင့်နိမ့်ပါရမီရှင်ဖြစ်ကြောင်း ဖော်ပြနေသော်လည်း ယခုအခါ အရွက်တစ်ဝက်ခန့်သာမြင်ရတော့ပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေပြီပင်။

"တကယ်လို့ အရင်ကတည်းက ဒါမျိုးတွေ ရှိခဲ့ရင်၊ ပြီးတော့ သူမသာ ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆေးလုံးတွေကို ခိုးမသွားခဲ့ရင်... ကျီကျီရဲ့ ပါရမီက အခုထက်အများကြီး ပိုကောင်းမှာ၊ အခုချိန်မှာ ကျီကျီရဲ့ ပါရမီကို မြှင့်တင်ပေးနိုင်မယ့် ဝိညာဉ်ဆေးပင်တွေသာ ရှိရင် သိပ်ကောင်းမှာပဲ”

စုကျီကျီ၏ ပျော်ရွှင်နေသော မျက်နှာလေးမှာ ခေတ္တ တည်သွားပြီးမှ ပြန်ပြုံးပြလိုက်သည် - "ဒုတိယအစ်ကို... အဆင် ပြေပါတယ်၊ ကျဲက အခု ကျွန်မတို့အပေါ် အရမ်းကောင်းနေပြီပဲ၊ ကျီကျီ တကယ်ပျော်ပါတယ်၊ သာမန်လူတစ်ယောက်လိုပဲ နေထိုင်ရရင်လည်း ကိစ္စမရှိပါဘူး”

စုရှင်းချန် မျက်လုံးများကိုမှိတ်လိုက်ပြီး "အင်း" ဟုသာ တိုးတိုးလေး ဖြေလိုက်မိသည်။

အိမ်တံခါးဝတွင် ရပ်နေသော စုကျိုသည် ခေတ္တတိတ် ဆိတ်သွားပြီးမှ ကာထားသော လိုက်ကာကို လှန်ကာ ဝင်လာခဲ့သည် -

"အင်း... ဟုတ်လား ?"

တစ်ယောက်ကတော့ အနိုင်ကျင့်ခံနေရတဲ့ မုန့်လုံးကြီး၊ နောက်တစ်ယောက်ကတော့ မုန့်လုံးလေး... ငါတော့ စကားတောင် မပြောချင်တော့ဘူး။

"အခိုးခံရရင်လည်း... ပြန်လုယူရုံပဲ ရှိတာပေါ့”

ဘာကို အောင့်သက်သက် ဖြစ်နေမှာလဲ ?

စုကျိုသည် တံခါးပေါင်ကိုမှီရင်း မျက်ခုံးပင့်ကာ စုကျီကျီကို လက်ဟန်ဖြင့် ခေါ်လိုက်သည်။

"ထွက်ခဲ့စမ်း၊ ကောင်မလေး... ငါနဲ့အတူ အကြွေးသွားတောင်းရအောင်”

စုရှင်းချန်မှာ အံ့အားသင့်သွားသည်။ စုကျီကျီကမူ ချက် ချင်းပင် မျက်နှာလေးဝင်းပလာပြီး သူ့ ဝမ်းနည်းမှုများမှာ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

ဒီတစ်ခါကော ‘လူသတ် အင်္ကျီလက်’ နဲ့လား? ဒါမှမဟုတ် ကျောက်စိမ်းဆန် ၁၈ ပန်းကန်နဲ့လား?

ဒါမှမဟုတ် တခြားတစ်ခုခုလား?

စုကျီကျီသည် ချက်ချင်းပင် ထရပ်လိုက်ပြီး စုကျိုနောက်မှ အိမ်ပြင်သို့ အပြေးလိုက်ထွက်ခဲ့သည်!

“ဒုတိယအစ်ကို... ခဏနေရင် စိုက်ခင်းကို အစ်ကိုတစ် ယောက်တည်းပဲ အရင်သွားနှင့်တော့နော်~”

“...”

[ ချန်ကျိုး... ရေမိုးချိုးသန့်စင်ပြီး စိုက်ခင်းမှာ ငါ့ကို စောင့်နေပါ။ — စုကျို ]

မထွက်ခွာမီ စုကျိုသည် ပိုးစာရွက်ဖြင့် သတင်းစကားပေးပို့ထားပြီးသား ဖြစ်သည်။ စုကျီကျီ ထိုစာကိုတစ်ချက်ကြည့်ပြီးနောက် သူမ့ အမူအရာမှာ ထူးဆန်းသွားသည်။

လွန်ခဲ့သော ခုနစ်ရက်အတွင်း ချန်ကျိုးသည် စုကျိုနှင့် ပြန်လည်သင့်မြတ်ရန် ကြိုးပမ်းသည့်အနေဖြင့် ပစ္စည်းများစွာ ယူဆောင်လာခဲ့သည်။ အရင်တုန်းကတော့ စုကျိုကသာ သူ့ကို အမြဲပေးခဲ့ရတာ။ ဒါပေမဲ့ ယခုမူ အခြေအနေက လုံးဝပြောင်းပြန်ဖြစ်သွားချေပြီ။

ဒီခံစားချက်က တကယ့်ကိုလန်းဆန်းလှသည်! စုကျီကျီသည် အတူနေအဘိုးအိုနွားလှည်းပေါ်တွင် ထိုင်ရင်း ပြုံးမစိဖြစ်နေသည်။

စုကျိုသည် သူ့ ညာဘက်လက်တွင် ပတ်ထားသော အဝတ်စုတ်များကို တစ်လိပ်ချင်း ဖြည်းဖြည်းချင်းဖြေလိုက်သည် - “သူက နင့်ရဲ့ပါရမီအတွက် လျော်ကြေးမပေးနိုင်ရင် တောင် တခြားတစ်ခုခုနဲ့တော့ လျော်ကြေးပေးရမှာပေါ့”

“စောင့်ကြည့်နေလိုက်” စုကျီကျီက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ယနေ့တွင် ပိုးစာစိုက်ခင်းတစ်ခုလုံးမှာ ဝိညာဉ်စွမ်းအင်များ ဝန်းရံနေသော မြင့်မားလှသည့် ပိုးစာပင်ကြီးများဖြင့် ပြည့်နှက်နေသည်။ လူအများအပြားမှာ ယနေ့ကျင်းပမည့် ‘ပိုးကောင်ရွေးချယ်မှု ဝိညာဉ်အရွက်စစ်ဆေးခြင်း’ အတွက် စောစောစီးစီး ရောက်ရှိနေကြသည်။

သိပ်မကြာမီမှာပင် စုကျိုနှင့် ညီမလေးတို့သည် စိုက်ခင်းသို့ ဆိုက်ရောက်လာကြပြီး လိုက်ပို့ပေးသော အဘိုးအိုကို နှုတ်ဆက်လိုက်ကြသည်။ ယခုအခါ သူတို့၏ အဆင့်နိမ့်မြေကွက်မှာ လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ ‘နေရောင် ခြည်မန္တန်’ များ၏ အစွမ်းကြောင့် ပိုးစာပင်များမှာ ပုံမှန်ထက် ပိုမြင့်မားနေပြီး အရွက်များမှာ ဝိညာဉ်စွမ်းအင်များဖြင့် တောက်ပနေသည်။

စုကျို ရပ်လိုက်သည်နှင့် ကောင်းကင်ယံတွင် အရှိန်ပြင်းစွာ မောင်းနှင်လာသော နွားလှည်းတစ်စီး၏ပုံရိပ်ယောင်ပေါ် လာသည်။ ‘မူ’ ခနဲ အော်သံနှင့်အတူ ချန်ကျိုးသည် ကြေးနီနွားလှည်းပေါ်မှ စိတ်အားထက်သန်စွာ ခုန်ဆင်းလာပြီး စုကျိုထံသို့ ပြုံးရွှင်စွာပြေးလာတော့သည်။

စုကျို၏ ထက်မြက်သော မျက်လုံးများက ချန်ကျိုး၏ မျက်ဝန်းထဲတွင် မြှုပ်ကွယ်နေသော လောဘစိတ်ကိုမလွတ်တမ်း မြင်လိုက်သည်။ သူသည် စိုက်ခင်းထဲရှိ ကျောက်စိမ်းရောင် ပိုးစာပင်အုပ်မိုးမှုကြီးနှင့် စိမ်းစိုနေသော အရွက်များကိုကြည့်ကာ လိုချင်တပ်မက်နေခြင်းပင်။

“ကျိုအာ... မင်း နောက်ဆုံးတော့ ငါ့ကို အကူအညီ တောင်းပြီပဲ”

“တကယ့်ကို ထိပ်တန်းမျိုးစေ့တွေပဲ၊ မင်းရဲ့ စိုက်ခင်းက ဒီနေ့ ဝိညာဉ်ပိုးကောင်တွေရဲ့ အကြိုက်ဆုံးဖြစ်မှာ သေချာတယ်၊ နောက်ဆုံးအဆင့် ပေါင်းမြက်ရှင်းတာနဲ့ ရေလောင်းတာလေး လုပ်ပေးလိုက်ရင် ပြီးပြီ”

လွန်ခဲ့သော ရက်အနည်းငယ်က ချန်ကျိုးသည် သူမအား အလွန်အမင်း ဖားယားနေခဲ့သည်။ အားဆေးတချို့ ယူလာပေးလိုက်၊ အချစ်စာလွှာတွေနဲ့ ချိုသာတဲ့ စကားတွေ ပြောလိုက်နှင့်ပင်။ စုကျိုမှာတော့ နားခါးလှပြီ။

သူမသည် ခြောက်ရက်တိုင်တိုင် စောင့်ခဲ့ရပြီး ယနေ့တွင်တော့ သူ့ကို ကူးယူနိုင်မည့် ခုနစ်ရက်မြောက်အချိန်ကန့် သတ်ချက် ပြည့်မြောက်သွားပြီဖြစ်သည်။

“ကျိုအာ... ပြီးခဲ့တဲ့ ရက်တွေက မင်း ငါ့ကိုငြင်းခဲ့ပေမဲ့ ဒီနေ့တော့ မင်း အိပ်မက်ကနေ နိုးလာပြီပေါ့လေ!”

ချန်ကျိုး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟို ကျူးပိုင်ယွီဆိုတဲ့ ကောင်က ငါ့လောက် မကောင်းပါဘူး၊ သူက အဆင့် ၁၀ ပဲ ရှိတာ၊ မင်းနဲ့ တကယ် လက်တွဲချင်ပါ့မလား ? သူ မင်းကို ကစားနေတာပါ၊ သူက မင်းကို ဝိညာဉ်ပစ္စည်းတချို့ပေးပြီး စိုက်ပျိုးဖို့ ကူညီပေးရုံနဲ့ မင်းက သူ့ကို ယုံနေတာလား?”

ညဘက် စုကျို စိုက်ခင်းတွင် အလုပ်လုပ်နေသည်မှာ ကျူးပိုင်ယွီ၏ဝိညာဉ်လက်နက်ဟုသာ ချန်ကျိုးကထင်နေခဲ့သည်။ အမှန်တကယ်တော့ ထိုအရာမှာ ကျူးပိုင်ယွီ၏ ‘ခေါင်းမပါသော ကိုယ်အထက်ပိုင်း’ ရွှံ့ရုပ်များမှန်း သူ မသိရှာပေ။

“ဒါပေမဲ့ ရပါတယ်၊ အခု မင်း ငါ့ဆီ ပြန်လာချင်ပြီဆိုတော့ ငါ မင်းကို ခွင့်လွှတ်ပေးပါ့မယ်၊ ဒီနေ့ ဝိညာဉ်ကျောက်တုံး မရရင်တောင် ငါ မင်းကို ကူညီမှာပါ!”

ချန်ကျိုးသည် ဒူးထောက်ထိုင်လိုက်ပြီး ပေါင်းမြက်ရှင်းသည့် မန္တန်ကို ရွတ်ရန်ပြင်လိုက်သည်။

“ဒါပေမဲ့ ကျိုအာ... မင်းစိုက်ခင်းက အရွက်တွေရဲ့ ဆယ်ပုံတစ်ပုံလောက်ကို ငါ့ကို ပေးလို့ရမလား ? မင်းအတွက်လည်း အများကြီးကျန်ပါသေးတယ်၊ ဒါဆိုရင် ငါ ဒီလထဲမှာ အဆင့် ၄၀ ထဲ ရောက်သွားနိုင်တယ်၊ ပြီးတော့ နောက်လကျရင် မင်းရဲ့ မြင့်မြတ်တဲ့ပါရမီကြောင့် ဝိညာဉ်ဆေး လုံး ၁၂ လုံးလောက် ထပ်ရမှာပဲ၊ ငါ့ကို ၉ လုံးလောက် ပေး...”

ချန်ကျိုး စကားပြောရင်း စုကျို၏တည်ငြိမ်လှသော မျက် ဝန်းနက်ကြီးများနှင့် ဆုံလိုက်ရရာ သူ့ နှလုံးခုန်သံမှာ တစ်ချက်ရပ်သွားရသည်။

“၆ လုံး! ကျိုအာ... ၆ လုံးပဲ ပေးပါ!”

“နောက်လအစကျရင် ငါတို့ ‘ရာအိမ်မှူးထောင်း’ ဆီသွားပြီး တာအိုလက်တွဲဖော်အဖြစ် မှတ်ပုံတင်ကြမယ်၊ သုခ ဒုက္ခတွေကို အတူတူမျှဝေကြမယ်လေ...” ချန်ကျိုး လက် ချောင်း လေးချောင်းထောင်ကာ ကတိသစ္စာဆိုလိုက်သည်။

သို့သော် သူ လက်မြှောက်လိုက်သည်နှင့် စုကျိုကမူ သူ့ ညာဘက်လက်မောင်းအား သံညှပ်ကြီးတစ်ခုလိုတင်း တင်းကြပ်ကြပ် ဖမ်းဆုပ်လိုက်တော့သည်!

ချန်ကျိုး မှင်သက်သွားသည်။ စုကျို၏ယခင်က ဖြူဖျော့နေသော မျက်နှာမှာ ယခုအခါသွေးရောင်လွှမ်းနေပြီး၊ နာခံတတ်သော သူမ မျက်ဝန်းနက်များမှာ ယခုအခါစူးရှထက် မြက်နေကာ အေးစက်လှသော ဓားသွားများပမာနှယ်။

“အပိုတွေ ပြောမနေနဲ့၊ နင့်ရဲ့ အမှိုက်စကားတွေ နားထောင်ဖို့ ငါ့မှာ အချိန်မရှိဘူး” စုကျို နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

-

[ ချန်ကျိုး (လူသားကျင့်ကြံမှု အဆင့် ၇) ကို စစ်ဆေးတွေ့ရှိရသည်။ ]

-

“အို... နင်တောင် အဆင့်တက်သွားပြီပဲ”

စုကျို အတော်လေး ကျေနပ်သွားပုံရသည်။

[ ချန်ကျိုး၏ အစိတ်အပိုင်းတစ်ခုကို အောင်မြင်စွာ ကူးယူနိုင်ခဲ့သည်။ ]

[ ကူးယူခြင်း စတင်နေသည်... ]

စုကျိုသည် ချန်ကျိုးလက်မောင်းကို ပေါ့ပေါ့ပါးပါးပင် ဘေးသို့ တွန်းထုတ်လိုက်ပြီး သူမလက်ကို သူ့အဝတ်အစားများနှင့် ပွတ်ကာ သုတ်လိုက်သည်။

ချန်ကျိုး ခေတ္တမျှ မှင်သက်သွားသည်။ ဒီလုပ်ရပ်က ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ ?

စုကျို မျက်ခုံးပင့်လိုက်ရင်း - “နင်ါအတွက် ဒါပဲ၊ နောက်ခုနစ်ရက်နေလို့ ကိုယ်လက်သန့်စင်ပြီးရင် အကြွေးလာဆပ်ဖို့ ပြန်လာခဲ့ဦး”

ချန်ကျိုး နောက်တစ်ကြိမ်ကြောင်သွားရပြန်သည်။ ‘ပြန်လာခဲ့ဦး’ ဆိုတာ ဘာကိုဆိုလိုတာလဲ ? ဒီနေ့ သူ အကြွေးဆပ်ရမယ့် အလုပ်တစ်ခုခု လုပ်ခဲ့လို့လား ?

“ကျိုအာ... မင်း ငါ့ကို ထိတွေ့တာကို ငါ ဝမ်းသာပါတယ်၊ ဒါပေမဲ့ အကြွေးဆပ်တာကျတော့—”

သူ စကားမဆုံးသေးမီမှာပင် သူ့ မျက်ခုံးကြားရှိ ဂဏန်းများထဲမှ ဖြူလွှလွှမြွေတစ်ကောင်ကဲ့သို့သော ဝိညာဉ်မျဉ်းတစ်ကြောင်း ထွက်ပေါ်လာပြီး ‘မှန်ကန်သောစကား ပဋိညာဉ်’ အဖြစ် ပြောင်းလဲကာ စုကျို ရှေ့မှောက်သို့ ကျရောက်လာသည်။

[ ချန်ကျိုးသည် အကြွေးဆပ်ရန်အတွက် စုကျို၏ထိတွေ့မှုကို ကြည်ဖြူစွာ လက်ခံပါသည်။ ]

[ ဤပဋိညာဉ်ကို ကောင်းမှုဆိုးမှု ခန်းမမှ ကြီးကြပ်သည်။ ဖောက်ဖျက်ပါက မိုးကြိုးပစ်ခြင်း ခံရမည်။ ]

ချန်ကျိုး: “?”

ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? သူ စကားတစ်ခွန်းပဲ ပြောရသေးတယ်၊ အထိအတွေ့လေး တစ်ခုပဲ ရှိသေးတာကို ပဋိညာဉ်စည်းမျဉ်းတွေက အလိုအလျောက်အသက်ဝင်သွားတာလား ?

“စုကျို... မဟုတ်ဘူး၊ ကျိုအာ... မင်းရဲ့ မြင့်မြတ်တဲ့ ပါရမီက ဘာလဲ ?” ချန်ကျိုး ရုတ်တရက် စိတ်ထဲ မလုံမလဲဖြစ် လာရသည်။

သူမ ထိပ်တန်းအဆင့် မျိုးစေ့ကိုရွေးချယ်ခဲ့သည့် နေ့မှစ၍ ဝိညာဉ်ပိုးကောင်ဂေဟာ၏ ပထမထပ် တစ်ခုလုံးတွင် သူမ၌ ‘ဝိညာဉ်အပင်များနှင့် ဆက်သွယ်နိုင်သော မြင့်မြတ်သည့်ပါရမီ’ ရှိသည်ဟု ကောလာဟလများ ပျံ့နှံ့နေခဲ့သည်။ သို့သော် ယနေ့ စုကျို လုပ်ရပ်များနှင့် အလိုအ လျောက် ဖြစ်ပေါ်လာသော ပဋိညာဉ်ပါ အကြောင်းအရာများက ချန်ကျိုးကို ထိုယူဆချက်အပေါ် သံသယဝင်လာစေသည်။

“ဆက်သွယ်ရေး အမျိုးအစား မဟုတ်ဘူးလား ?”

စုကျိုက ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။ သူ့ သိုလှောင်ရုံ စာရင်းထဲတွင် ချက်ချင်း ပေါ်လာသော အချက်အလက်များကို ကြည့်လိုက်သည် -

[ ချန်ကျိုးထံမှ ဝိညာဉ်ဆန် အဆုပ်လိုက်ကို မိတ္တူ ၉ ခု ကူးယူပြီးစီး ]

[ ချန်ကျိုးထံမှ ဝိညာဉ်ကျောက်တုံး ၁၃ တုံးကို မိတ္တူ ၉ ခု ကူးယူပြီးစီး ]

...

[ ချန်ကျိုး၏ အခြေခံအုတ်မြစ်ကို မိတ္တူ ၉ ခု ကူးယူပြီးစီး ]

သိုလှောင်ရုံ စာရင်းကို ဖတ်နေစဉ် စုကျို မျက်နှာအမူအရာမှာ ပိုထူးဆန်းလာသည်။ ဒုတိယအကြိမ် ကူးယူခြင်းက ဒီလောက်အထိ ‘ပေါများ’ လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သူ ချန်ကျိုးကို ကြည့်ကာ ဗီလိန်တစ်ယောက်လို ခပ်ညစ်ညစ်ပြုံးလိုက်သည် - “ငါ့ရဲ့ ပါရမီလား ?”

သူ ပြောလိုက်သည်နှင့် သူ့ခါးမှ သစ်သားတံဆိပ်ပြားပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဝင်းခနဲ ပေါ်လာပြီး၊ ချန်ကျိုး မျက်စိထဲတွင် မြူမှုန်များဖုံးကွယ်ထားသော ‘ပါရမီ’ ဆိုသည့် စာလုံးများမှာ အထင်အရှားပေါ်ထွက်လာတော့ သည် -

[ မြင့်မြတ်သောအဆင့် ပါရမီ: လေးဆသော ရလဒ် တောက်ရန်၏ စမ်းသပ်ချက်အရ) ]

“လေးဆ! ဒါကိုး!” ချန်ကျိုး မျက်လုံးများတွင် လောဘရိပ်များ ဝင်းခနဲဖြစ်သွားပြီးမှ သက်ပြင်းချလိုက်သည်။ အန္တရာယ်ရှိတဲ့ ဝိညာဉ်စွမ်းအင်မျိုး မဟုတ်လို့ တော်သေး တာပေါ့။ သူမ သူ့ကို ရန်မမူနိုင်ဘူးလေ။

သို့သော် သူ စကားပြောပြီးသည်နှင့် စုကျို အင်္ကျီလက်ထဲမှ လက်သန်းခန့်အရွယ်ရှိသော တောက်ပသည့် အစိမ်းရောင် မုန်လာဥလေးအချို့သည် မြေပြင်ပေါ်ရှိ ပေါင်းမြက်များကြားသို့ လိမ့်ကျလာသည်။

ထိုပုံသဏ္ဌာန်၊ ထိုအချောင်းလိုက် အနေအထား၊ ထိုအရှည်...

ချန်ကျိုး မှင်သက်သွားသည်။ သူ အနောက်သို့ ခြေလှမ်းကျယ်ကြီး ဆုတ်လိုက်ပြီး မျက်နှာတစ်ခုလုံးနီရဲသွားတော့ သည်! သူ့ အသံထဲ မယုံကြည်နိုင်မှုတို့ဖြင့် တုန်ယင်သွားသည်။

“ဒါ... ဒါက ဘာလဲ၊ စုကျို!”

စုကျို ခနဲ့တဲ့တဲ့ ပြုံးလိုက်ရင်း ညာဘက်လက်ကို မြှောက်ပြလိုက်သည်။ သူမ သူ့အား လက်သန်းလေး ထောင်ပြရင်း နောက်ပြောင်လိုက်သည် -

“ဒါ ဘာလဲဆိုတာ... နင် တကယ်ပဲ မသိဘူးလား ?”

“!!!”

All Chapters