← Chapters

မျက်နှာမဲ့တစ္ဆေ (၁)

Vol. 4 Ch. 202

မျက်နှာမဲ့တစ္ဆေ (၁)

Vol. 4 Ch. 202

“လှလှလေးနေ၊ လှလှလေးပြုံးမှ ငါတို့အလုပ်က အလုပ်ဖြစ်တာ။” ဂျနီဖာက ဂျူနီယာ ဧည့်ကြိုတွေကို ပြောလိုက်တယ်။ အားလုံးက သေချာနားစိုက်ထောင်ရင်းနဲ့ ခေါင်းညိတ်လိုက်ကြပါတယ်။ ဒီနေရာက နာမည်ကြီးLounge တစ်ခုပါ။ ဘားနဲ့တွဲထားပြီး အရက်ရောင်းပေမဲ့ ကတဲ့ခုန်တဲ့နေရာမျိုးတော့မဟုတ်ဘူး။ အဲဒီအစားငြိမ်သက်စွာနဲ့ ယမကာသောက်သုံးရင်း၊ စာရင်းသောက်ရင်း တစ်ယောက်နဲ့တစ်ယောက်မိတ်ဖွဲ့ စကားပြောကြတဲ့နေရာပေါ့။ ဘားနဲ့စားသောက်ဆိုင်တွဲထားသလိုမျိုးဖြစ်ပြီး စင်တင်တေးဂီတလည်းရှိတယ်။

အဲဒီထဲမှာ အထူးခြားဆုံးဝန်ဆောင်မှုကတော့ လူတွေကိုလက်ခံ စကားပြောဧည့်ခံပေးတဲ့ ဧည့်ကြိုတွေပါပဲ။ ယောက်ျားလေးရော မိန်းကလေးတွေကိုပါခန့်ထားတာဖြစ်ပြီး အားလုံးက ရုပ်ရည် ချောမောပြေပြစ်ကြတယ်။ သူတို့တွေက စကားပြောကောင်းတယ်၊ လှလှလေးပြုံးတတ်တယ်။ ပြီးတော့ လူတိုင်းသဘောကျအောင် နေတတ်ကြတယ်။

ဒါကြောင့် ဒီလိုနေရာမျိုးကို ပိုက်ဆံတတ်နိုင်တဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းက လူငယ်တွေအပါအဝင် လူလတ်ပိုင်းတွေလည်း လာတတ်ကြပါတယ်။ တချို့ကတော့အပျော်အတွက်ဆိုပေမဲ့ တချို့ကတော့ အထီးကျန်လှတဲ့ခေတ်သစ်ကမ္ဘာကြီးထဲမှာ စကားပြောဖော်တစ်ယောက်ရဖို့၊ တစ်နေ့တာကြုံခဲ့ရသမျှကို ဖောက်သည်ချဖို့တို့ပေါ့။

ဂျနီဖာကတော့ ဒီဆိုင်ရဲ့နာမည်ကြီးတစ်ယောက်။ ဒီအလုပ်ကို လုပ်နေခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီ။ သူ့မှာမျက်နှာလှလှလေး ရှိတယ်။ နားဝင်ချိုအောင်ပြောနိုင်တဲ့ မွေးရာပါအသံမျိုးရှိတယ်။ နေ့တိုင်း အလှဆုံးပြုံးတတ်အောင်လေ့ကျင့်ထားပြီး သေသပ်ကျနစွာ ဝတ်စားတတ်သူပေါ့။

“ကောင်းပြီ။ ဒီနေ့တော့ ဒီလောက်ပဲ။ အလုပ်ဆင်းချိန်လည်း ရောက်ပြီဆိုတော့ ဘိုင်ဘိုင်....”

ဂျနီဖာက ဂျူနီယာလေးတွေကို နှုတ်ဆက်ပြီးတဲ့နောက်မှာတော့ သူ့ပစ္စည်းတွေကို အိတ်ထဲပြန်ထည့်လိုက်ပြီး ဖန်ခွက်တစ်ခွက်ကို သန့်ရှင်းရေးလုပ်နေတဲ့ မန်နေဂျာကို နှုတ်ဆက်လိုက်ပါတယ်။

“ ဂျာကြီး၊ ကျွန်မသွားတော့မယ်နော်။ “

မန်နေဂျာက ခေါင်းညိတ်လိုက်ပြီး နာရီကိုမော့ကြည့်ပါတယ်။ မနက်သုံးချက်တီးနေပြီ။ ဖရန့်ဖွတ်ခ်မြို့က မြို့ကြီးတစ်မြို့ပေမဲ့ ဒီလိုအချိန်တချို့နေရာတွေမှာ လူပြတ်တယ်။ ဂျာကြီးက သက်ပြင်းချလိုက်ပြီး...

“အခုတလော လူပျောက်မှုတွေများနေတယ်နော်၊ ကားနဲ့လိုက်ပို့ပေးရမလား။”

“ရပါတယ်၊ အိမ်က ဒီနားလေးပဲဥစ္စာ။” ဂျနီဖာက ငြင်းလိုက်ပြီး လမ်းမပေါ်တက်သွားတယ်။ တကယ်လည်း သူအလုပ်လုပ်တဲ့ Loungeနဲ့ ငှားထားတဲ့တိုက်ခန်းနဲ့က သိပ်မဝေးလှပါဘူး။ ဆိုင်ပြင်ကို ရောက်တဲ့အခါမှာတော့ ဖောက်သည်တချို့က မပြန်သေးဘဲ လမ်းပေါ်တက်စကားပြောနေတာ တွေ့ရတယ်။

“ဟိုင်း၊ ဂျနီဖာ။”

“နောက်မှတွေ့မယ်။”

“အင်း၊ နောက်မှတွေ့မယ်။”

သူတို့ကိုလက်ပြ နှုတ်ဆက်ပြီးတဲ့နောက် ကိုယ့်လမ်းကိုယ်သွားဖြစ်တာပေါ့။

“အေးလိုက်တာ....”

လူပြတ်တဲ့လမ်းကြားတစ်ခုကိုဖြတ်တဲ့အချိန် လေပြင်းပြင်း တစ်ချက်တိုက်သွားတဲ့အတွက် မာဖလာကိုသူတင်းတင်းဆွဲစေ့ လိုက်မိတာပေါ့။ သူ့ခြေထောက်သူ ပြန်ကြည့်မိတယ်။ စတော်ကင် အနက်ရောင်ရောင်ဝတ်ထားပေမဲ့ အေးစိမ့်လွန်းတဲ့ ဂျာမဏီဆောင်းကို အံ့တုနိုင်ဖို့တော့ ဝေးပါသေးတယ်။

“အိမ်ရောက်မှ မာတီနီတစ်ခွက်သောက်ပြီး အပန်းဖြေလိုက်ဦးမယ်။”

ရှပ်... ရှပ်....

လမ်းလျှောက်နေရင်းတန်းလန်းကနေ နောက်ကနေ ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိမနေဘူး။ ဂျနီဖာရဲ့လှပတဲ့ မျက်နှာပေါ်မှာ အလိုမကျတဲ့အမူအရာမျိုး ပေါ်လာခဲ့တယ်။

ရုပ်ရည်ချောမောပြီး လူများစွာနဲ့ပြောဆိုဆက်ဆံရတဲ့ အလုပ်မျိုးကို လုပ်နေတာဖြစ်လို့ နောက်ယောင်ခံလိုက်တတ်တဲ့နှာဘူးတွေနဲ့ ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို လူတွေအကြောင်းကို တွေးမိတာနဲ့တင် သူ့နှုတ်ခမ်းကို ဆူလိုက်မိတယ်။

“လူ့အမိုက်တွေ...” ဂျနီဖာက တီးတိုးရေရွတ်လိုက်ရင်း လက်က အိတ်ထဲကိုရောက်သွားတယ်။ အဲဒီနောက်လျှပ်စစ်ကျင်စက်ကို ခလုတ်ဖွင့်လိုက်ပြီး မသမာသူအနားကပ်လာရင် ပြန်ခုခံဖို့ အသင့်လုပ်ထားရတာပေါ့။

“ဟင်... ငါပဲစိတ်ထင်တာများလား....”

လမ်းဆုံးအောင်လျှောက်ပြီးတဲ့အထိ ဘယ်သူမှအနားကပ်မလာတဲ့ အပြင် ခြေသံပါပျောက်သွားတဲ့အတွက် ဂျနီဖာ တွေဝေသွားတာပေါ့။ ဒါပေမဲ့ မလုံခြုံသလိုမျိုး၊ စောင့်ကြည့်ခံနေရသလိုမျိုး ခံစားချက်ကတော့ ပျောက်ကွယ် မသွားခဲ့ပါဘူး။ အဲဒီအစား ပိုတောင်အားကောင်းလာသေးတယ်။

“အိပ်ရေးမဝတာများလို့များလား... ပိတ်ရက်တွေ ကောင်းကောင်းအိပ်ဦးမှပါ။”

ဂျနီဖာက ကိုယ့်ဘာသာရေရွတ်လိုက်ရင်းနဲ့ ရှေ့ဆက်အလျှောက် လမ်းမီးတိုင်တွေက ပုံမှန်ထက်ပိုလင်းလတ်လာပြီးတော့ ကျွမ်းတော့မလိုမျိုး မီးခိုးငွေ့တွေ အူထွက်လာခဲ့တယ်။

“ဘုရားဘုရား....”

ဖောင်း... ဖောင်း... ဖောင်း....

သူ့မျက်စိရှေ့မှာတင် မီးတိုင်ကမီးလုံးတွေ ပေါက်ကွဲထွက်သွားတဲ့ အတွက်ကြောင့် ကြောက်လန့်တကြားထိုင်ချလိုက်မိတယ်။ ပြီးမှ ဖုန်းမီးကိုဖွင့်ပြီး တိုက်ခန်းရှိရာဘက်ကို အတင်းပြေးသွားမိတာ။ မီးသီးတွေပေါက်ကွဲကုန်တာ တိုက်ဆိုင်တာကြောင့်ပဲလား၊ တခြားအကြောင်းအရင်းကြောင့်ဆိုတာလား သူမတွေးတတ်။ သူ့နှလုံးအိမ်ကလည်း ရင်ဘတ်ထဲကနေ ပွင့်ထွက်လုမတတ် ခုန်နေပြီး ဆောင်းတွင်းနှင်းတောထဲမှာကို ချွေးတွေထွက်နေပြီ။

“တော်သေးတာပေါ့....”

ကွန်ဒိုအဆောက်အအုံထဲကိုရောက်တော့ လုံခြုံရေးရှိမနေတာ သတိထားမိပေမဲ့ အနည်းဆုံးတော့ အပြင်မှာမဟုတ်တော့တဲ့ အတွက်ကြောင့် သူစိတ်ကိုလျှော့ထားလိုက်မိတယ်။ အဲဒီနောက် ဓာတ်လှေကားကိုတောင် မစောင့်တော့ဘဲ အရေးပေါ်လှေကားကို အသုံးပြုကာ တတိယထပ်အထိပြေးတက်သွားလိုက်တယ်။

တိုက်ခန်းရှေ့ကိုရောက်တော့ တံခါးဖွင့်ဖို့အတွက် အိတ်ဖွင့်ပြီး သော့ရှာလိုက်တယ်။ ဒါပေမဲ့...

ဖျစ်... ဖျစ်...

တတိယထပ်စင်္ကြံလမ်းပေါ်က မီးချောင်းတွေလည်း တဖျတ်ဖျတ် လတ်လာပြန်တယ်။ လင်းသွားလိုက်၊ မှိန်သွားလိုက်နဲ့ အချိန်မရွေး ကျွမ်းကုန်တော့မလိုပဲ။ ပြီးတော့ သူ့ကိုကြည့်နေတဲ့ မျက်လုံးတစ်စုံကို ခံစားလိုက်မိတာကြောင့် စင်္ကြံလမ်းဆုံးကို လှမ်းကြည့်လိုက်တော့ ဆောင်းရာသီဝတ် ဂျာကင်အထူကြီး ဝတ်ထားပြီး မျက်နှာမှာ နှာခေါင်းစည်းအမည်းတပ်ထားပြီး ခေါင်းစွပ်ကို နိမ့်နိမ့်ဆောင်းထားတဲ့ မိန်းမတစ်ယောက်ကို မြင်လိုက်ရတယ်။

အဲဒီမိန်းမရဲ့မျက်လုံးတွေက သဘာဝမကျစွာရဲရဲနီနေပြီး မျက်တောင်မခတ်တန်း ဂျနီဖာကိုစိုက်ကြည့်လို့။

“ရှင်ဘယ်သူလဲ... ကျွန်မရဲခေါ်လိုက်မှာနော်။” ဂျနီဖာက အော်ပြီး လှမ်းသတိပေးရင်းကနေ ကျင်စက်ကိုမြင်အောင် မြှောက်ပြတယ်။ ဒါပေမဲ့ မျက်ဝန်းနီနီတွေရှေ့ရောက်တာနဲ့ ကျင်စက်ကသူ့ဘာသာ ရှော့ခ်ဖြစ်သွားပြီး ထပေါက်တယ်။

ဖောင်း....

“အား....” ဂျနီဖာ ကျင်စက်ကိုပစ်ချလိုက်မိတယ်။ သူ့လက်ကို ကြည့်လိုက်တော့ အသားနီလန်တဲ့အထိစုတ်ပြတ်သပ်နေပြီ။ ဖုန်းကိုထုတ်ပြီး အရေးပေါ်နံပါတ်ကိုနှိပ်ဖို့လုပ်တော့လည်း ဖုန်းကပွင့်မလာဘူး။ တစ်ဖက်က မျက်လုံးနီနဲ့လူကတော့ ခြေတစ်လှမ်းချင်းစီ သူ့ဆီကိုလျှောက်လာနေတယ်။ သူ့လက်ထဲမှာတော့ ဓားတစ်လက်....

“မင်းရဲ့မျက်နှာကလှတယ်... ငါ့ကိုပေး....”

“ရှင်အနားကပ်မလာနဲ့....” ဂျနီဖာက ချက်ချင်းနောက်ဆုတ်ပြီး အရေးပေါ်လှေကားနားကိုပြေးတယ်။ ဒါပေမဲ့ ပေါင်နောက်က ပူခနဲခံစားလိုက်ရပြီး ဒူးထောက်ကျသွားတယ်။ သူ့လက်တွေက ပူနွေးနီရဲနေတဲ့အရည်တွေကို ကြမ်းပြင်မှာစမ်းသပ်လိုက်မိပြီး သွေးတွေဖြစ်မှန်း သဘောပေါက်လိုက်မိတယ်။

“တစ်ယောက်ယောက်ကယ်ကြပါ... တစ်ယောက်ယောက်....”

ကြောက်လန့်မှုက အထွတ်အထိပ်ရောက်လာပြီး ဂျနီဖာစတင် ငိုကြွေးတယ်။ လှုပ်ရှားလို့မရတော့တဲ့ခြေတစ်ဖက်ကို တရွတ်တိုက် ဆွဲရင်းနဲ့ ဆက်ပြေးဖို့ကြိုးစားပေမဲ့ မျက်လုံးနီလူရဲ့ခြေလှမ်းကျဲက ပိုမြန်တယ်။

အကျယ်ကြီး အော်ဟစ် အကူအညီတောင်းခဲ့ပေမဲ့ ဘယ်သူမှ ရောက်မလာခဲ့ဘူး။ သေလုဆဲဆဲအချိန်မှာ ကိုယ်တစ်ယောက်ပဲ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြောင့် ဂျနီဖာရဲ့နှလုံးသားတစ်ခုလုံး မှောင်မိုက်လာခဲ့တယ်။

“ကျွန်မတောင်းပန်ပါတယ်... ရှင်ဘာလိုချင်လို့လဲ... ပိုက်ဆံဆိုလည်းယူသွားပါတော့။”

နောက်ဆုံး သွေးဆုံးရှုံးတွေများလွန်းတာကြောင့် မပြေးနိုင် ဖြစ်နေပြီဖြစ်တဲ့ ဂျနီဖာက နံရံတစ်ခုကိုမှီရင်း ပိုက်ဆံအိတ်ကို ကမ်းပေးလိုက်တယ်။ မျက်လုံးနီကတော့ အနားရောက်လာပြီး ပိုက်ဆံအိတ်ကို အသုံးမဝင်တဲ့အရာတစ်ခုလိုကြည့်ကာ ဆောင့်ဆွဲပြီး လွှင့်ပစ်လိုက်တယ်။

“မျက်နှာ... မင်းမျက်နှာငါ့ကိုပေး....” မျက်လုံးနီက စကားတစ်ခွန်းကိုပဲ ထပ်ခါတလဲလဲပြောနေပြီး ဂျနီဖာရဲ့ပေါက်နောက်မှာစိုက်နေတဲ့ ဓားမြှောင်ကို ပြန်ဆွဲထုတ်လိုက်တယ်။ နောက်တော့ သူ့လက်တွေနဲ့ ဂျနီဖာရဲ့မျက်နှာကို တယုတယစတင်ထိတွေ့လိုက်တယ်။

‘အေးစက်နေတာပဲ....’ ဂျနီဖာပထမဆုံးတွေးမိတဲ့အတွေးက အဲဒါပဲ။ သာမန်လူတစ်ယောက်မှာမရှိသင့်တဲ့ အထိအတွေ့မျိုး။ ပြီးတော့ အနီးကပ်ရောက်မှ ဒီလူရဲ့မျက်လုံးတွေက မျက်လုံးနဲ့ မတူညီသလို မျက်တောင်လည်းမခတ်သေးမှန်း သတိထားမိပြန်တယ်။

ဒါပေမဲ့ ဂျနီဖာအဲဒီအကြောင်းကို ဆက်ပြီးမတွေးနိုင်တော့ပါဘူး။ မျက်လုံးနီက သူ့ဓားနဲ့ ဂျနီဖာရဲ့မေးအောက်ကိုထိုးသွင်းခဲ့လို့ပါ။

“အား.....” အသည်းခိုက်လုမတတ် ကျယ်လောင်တဲ့ အော်ဟစ်သံ ထွက်လာပြီးတဲ့နောက် ကွန်ဒိုအဆောက်အဦးတစ်လုံး ပြန်လည် ငြိမ်သက်သွားခဲ့တယ်။

....

ကျွီ... အနက်ရောင်ဖို့ခ်ကားတစ်စီးက ကားလမ်းမပေါ်မှာ ထိုးရပ် လိုက်ပါတယ်။ ကားလမ်းရဲ့နံဘေး ဇိမ်ခံကွန်ဒိုအဝင်ဝမှာတော့ ဂျာမန်ရဲကားတစ်ဒါဇင်လောက်ရှိနေပြီး ရဲတွေက ကွန်ဒိုတိုက်ခန်း နေထိုင်သူတွေကို စစ်မေးနေကြတယ်။

ဘုတ်...

ကားတံခါးပွင့်သွားပြီးနောက် စတော့ကင်ရှည်ကိုဝတ်ထားတဲ့ ရှည်လျားတဲ့ပေါင်တံနဲ့ ရင့်ကျက်တဲ့အမျိုးသမီးတစ်ယောက် ဆင်းလာခဲ့တယ်။ သူ့ရဲ့ဝမ်းဗိုက်က အနည်းငယ်ရှေ့ထွက်နေပြီး ခန္ဓာကိုယ်ထဲမှာ တခြားအသက်တစ်ခုရှိနေမှန်း သိသာလို့ပေါ့။

“မဒမ်... ဒီနေရာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေပဲ ဝင်ခွင့်ရှိပါတယ်။” ရဲသားတစ်ယောက်က အယ်မာကို တားဆီးလိုက်တယ်။ အယ်မာက သူ့ဘလေဇာထဲသိမ်းထားတဲ့ တံဆိပ်ပြားကိုထုတ်ပြလိုက်တယ်။ ကတ်ပြားပေါ်က ရွှေရောင် ဥရောပသမဂ္ဂမြေပုံနဲ့ငါးထောင့်ကြယ်ကိုမြင်ရတော့ ရဲသားက ချက်ချင်းမျက်လုံး ပြူးသွားပြီး အရာရှိတွေကိုသွားပြောတယ်။

“တကယ်ပဲ ဒီအမှုက သာမန်အမှုမဟုတ်ဘူးကိုး။” ရဲမှူးကြီး တစ်ယောက်က အယ်မာနားရောက်လာပြီး သက်ပြင်းချတယ်။ အယ်မာကတော့ ရဲမှူးကိုအထင်သိပ်မကြီးတဲ့ပုံစံနဲ့ကြည့်ပြီး

“တစ်ခုခုထူးခြားတာ သတိထားမိလား....”

“ဒီလမ်းတစ်ခုလုံးက မီးတိုင်တွေအားလုံးပျက်စီးနေတယ်။ နစ်နာသူက ရုန်းကန်အော်ဟစ်ထားပုံရပေမဲ့ အိမ်နီးနားချင်းတွေ ဘယ်သူမှအသံမကြားဘူး။”

ရဲမှူးက အယ်မာကို ဓာတ်လှေကားကနေတစ်ဆင့် အခန်းဖြစ်ရာကို ခေါ်သွားပါတယ်။ တတိယထပ်ကိုရောက်တော့ တောင့်တင်းနေပြီ ဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ရုပ်အလောင်းကို နံရံမှာမှီလျက် တွေ့လိုက်ရတယ်။ မှုခင်းရဲတွေက ရုပ်အလောင်းကိုဓာတ်ပုံ ရိုက်နေဆဲဖြစ်ပြီး မှုခင်းဆေးသိပ္ပံပညာရှင်းလည်း DNA နမူနာတွေကို အိတ်ထဲပြန်ထည့်နေဆဲပါ။

“ဝေါ့....” အယ်မာက လက်ကိုင်ပဝါကိုထုတ်ပြီး ပါးစပ်ကို ဖုံးအုပ်လိုက်မိတယ်။ မြင်နေရတဲ့မြင်ကွင်းက တကယ့်ကို အော်ဂလီဆန်ချင်စရာကောင်းတယ်။ တတိယထပ်ရဲစင်္ကြံတစ်ခုလုံး သွေးတွေအိုင်ထွန်းနေပြီး နံရံတွေမှာတော့သွေးလက်ဝါးရာတွေ။ သေဆုံးသူအမျိုးသမီးရဲ့မျက်နှာမှာ အရေပြားမရှိတော့ဘဲ မေးရိုးနဲ့ကြွက်သားတွေကို အတိုင်းအသားမြင်နေရပါတယ်။

“သေဆုံးသူက ဘယ်သူလဲ...” အယ်မာက စိတ်ခိုင်ခိုင် ထားလိုက်ပြီးတော့ ဆက်မေးလိုက်တယ်။

“ဂျနီဖာ ဒန်နီရယ်ဆိုတဲ့ ၃၅ နှစ်အရွယ် ဇိမ်ခံစားသောက်ဆိုင် ဧည့်ကြိုပါ။ ပေါင်နောက်ကဒဏ်ရာနဲ့ မျက်နှာအလွှာခံရတာကြောင့် သွေးထွက်လွန်ပြီးသေဆုံးခဲ့တာ။ ရန်သူရယ်လို့မရှိပေမဲ့ အလုပ်မှာမသိသင့်တာတစ်ခုခုသိသွားလို့ နှုတ်ပိတ်ခံရတယ် ထင်ခဲ့ရပေမဲ့...”

ရဲမှူးကြီးက စကားကို ခဏရပ်လိုက်တယ်။ ဂျနီဖာအလုပ်လုပ်တဲ့ နေရာမျိုးက လူပေါင်းစုံလာတဲ့နေရာမျိုးပါ။ အထက်တန်းလွှာ ဆိုတာမျိုးက သန့်ရှင်းတဲ့ငွေတွေနဲ့ချမ်းသာလာသူတွေရှိသလို ငွေမည်းတွေ၊ ရာဇဝတ်မှုတွေနဲ့ အမြင့်ကိုရောက်လာသူတွေလည်း ရှိကြပါတယ်။ ယမကာပါးစပ်ထဲဝင်နေတဲ့အချိန် စကားကျွံထားပြီးမှ တစ်ဖက်လူ ကိုယ့်လျှို့ဝှက်ချက်တွေကိုသိသွားမှန်းသတိရပြီးတော့ လူလျှော့ခိုင်းခဲ့တဲ့ အမှုအခင်းတွေ အများကြီးပါပဲ။

“နှုတ်ပိတ်ခံရတာဆိုရင် မျက်နှာကိုလွှာသွားစရာ အကြောင်းမရှိဘူးမဟုတ်လား။” အယ်မာက သူ့ဘာသာသူ စဥ်းစားပြီး ဖြတ်ပြောလိုက်ပေမဲ့ ရဲမှူးကြီးက မကျေမနပ်မဖြစ်ဘဲ ခေါင်းညိတ်ပြတယ်။

“ဟုတ်ပါတယ်.... ပြီးတော့ လှီးဖြတ်ထားတာက ခွဲစိတ်ဆရာဝန် တစ်ယောက်မဟုတ်ရင် လုပ်နိုင်မယ့်ပုံစံမရှိဘူး။ ပြောရရင် တော်တော်ကိုကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မျိုးမှလုပ်နိုင်မှာ။ နစ်နာသူကရုန်းကန်နေတာကိုတောင် တိတိကျကျရအောင် ပိုင်းဖြတ်သွားခဲ့သေးတာ။”

အယ်မာက မျက်လုံးတွေကိုမှေးလိုက်တယ်။ အဲဒီနောက် တစ်ခါသုံး လက်အိတ်စွပ်လိုက်ပြီး စင်္ကြံပေါ်မှာကျနေတဲ့ လျှပ်စစ်ကျင်စက်ကို ကောက်လိုက်လေရဲ့။ ဘက်ထရီခန်းကိုဖွင့်လိုက်တော့ ပြာမှုန့်တွေ ထွက်ကျလာခဲ့တယ်။

“ဒီအမှုက တော်တော်စိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲ။” အယ်မာက ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ရဲမှူးကြီးကိုပြောလိုက်ပါပြီ။

“အခုကစပြီး ဒီအမှုကို ရှင်တို့အရေးမပိုင်တော့ဘူး။ ဥရောပသမဂ္ဂ သဘာဝလွန်ကောင်မရှင်က ဆက်ကိုင်တွယ်လိုက်မယ်။ ဒီတိုက်ကလူတိုင်းကို တစ်နေရာတည်းမှာစုစည်းထားလိုက်။”

All Chapters