← Chapters

မျက်နှာမဲ့တစ္ဆေ (၂)

Vol. 4 Ch. 203

မျက်နှာမဲ့တစ္ဆေ (၂)

Vol. 4 Ch. 203

ကျွန်မ တကယ်မလိမ်ချင်ဘူး။ ဒီဆိုင်က တကယ့်ကို ဝက်အူချောင်းတွေ၊ အမဲအူချောင်းတွေ၊ ကြက်အူချောင်းတွေကို အဓိကထားပြီးတော့ရောင်းတာ။ မီနူးထဲမှာတင် အမျိုးနှစ်ရာနီးပါး ရှိနေတာရယ်။ ဟင်းပွဲတိုင်းက မတူညီတဲ့ဝက်အူချောင်းအမျိုးမျိုးနဲ့ ပြုလုပ်ထားတာ။

ပထမဆုံးကျွန်မမှာထားတဲ့ဟင်းက ပန်းသီး၊ ဂေါ်ဖီနဲ့ ဝက်အူချောင်း။ နာမည်အတိုင်းပဲ ပန်းသီးစိပ်လေးတွေပါပြီး ပါးပါးလှီးထားတဲ့ဂေါ်ဖီနဲ့။ ညိုနေအောင် ဆီပူနဲ့လှ်ိမ့်ထားတဲ့ ပေါ်ထရီဝက်အူချောင်းလဲပါသေးတယ်။ ဒီဝက်အူချောင်း အမျိုးအစားက အဆီနည်းပြီးအသားများများပါတဲ့အမျိုး။ ကြက်သွန်နီကိုမီးကင်ထားတဲ့ အကွင်းအကွင်းတွေလည်း ပါတာမလို့အနံလေးကို မွှေးနေရော။ ပါးစပ်ထဲထည့်လိုက်တော့ ချိုချိုလေး။

ဒုတိယဟင်းက... တတိယဟင်း.. စတု... [တီး....... စာရေးဆရာမှ ဆယ်ဗီစားနေသောဟင်းများကို မည်သို့မည်ပုံ သရုပ်ဖော်ရမှန်း မသိတော့သဖြင့် ဆင်ဆာဖြတ်ချလိုက်သည်။]

အချိန်ဘယ်လောက်ကြာတဲ့အထိ ကျွန်မစားနေခဲ့မိမှန်းမသိဘူး။ ကျွန်မရှေ့ကို တစ်ရှူးအပြန့်လိုက်ရောက်လာမှ ကမ်းပေးတဲ့ လက်ပိုင်ရှင်ကို လှမ်းကြည့်မိတာ။ ခါတိုင်းလိုပဲ အေးတိအေးစက် မျက်နှာနဲ့နက်ဆန်ပါ။ ဒါပေမဲ့ သူကကျွန်မကိုကြည့်ပြီးတော့ ပြုံးနေသလိုပါပဲ။

“ဆယ်ဗီ၊ မင်းပါးစပ်မှာ ပေကျံနေပြီ။”

“......” ရုတ်တရက် ကျွန်မမျက်နှာတစ်ခုလုံး ထူပူသွားတယ်။ ပြီးတော့ ပိတ်ထားတဲ့ဖုန်းရဲ့ဖန်သားပြင်ကနေတစ်ဆင့် ကိုယ့်မျက်နှာကိုယ် ကြည့်လိုက်တော့ နှုတ်ခမ်းနားမှာ ဆီတွေအကွင်းသား။

မိုနီကာကတော့ ကျွန်မဒုက္ခရောက်နေတဲ့ပုံကိုကြည့်နေရင်း ခုံနောက်လန်ကျလုမတတ်အူတက်နေပါတယ်။ သူက ကျွန်မကို လက်ညိုးထိုးရင်းနဲ့

“အားဟားဟား... အရူးမ၊ နင်ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး ဒါလင်အတွက် အိမ်ရှင်မကောင်းဖြစ်မှာလဲ။ ဒီလိုစားပုံနဲ့ဆိုရင် တစ်နှစ်နှစ်နှစ်လောက်ကြာတာနဲ့ အိုဗာဆိုက်ကြီးဖြစ်နေမှာပဲ။ အိုးဟားဟား... အဟွက်... အဟွက်....”

မိုနီကာက ကျွန်မကိုလှောင်ပြောင်နေရင်းကနေ ပန်းသီဖျော်ရည်ကို ပိုက်ကတစ်ဆင့်စုပ်သောက်လိုက်တယ်။ အသက်ရှုမမှန်သေးလို့ ချက်ချင်းသီးပြီး ပန်းသီးဖျော်ရည်တွေ နှာခေါင်းထဲကနေ ပြန်ထွက်ကျလာရော။

“နင့်ကိုယ်နင်လည်းကြည့်ပါဦး။ သူများကိုကြည့်ပြီး ဆိုင်ထဲမှာ အကျယ်ကြီးအော်ရယ်နေတာ မိန်းမကောင်းတစ်ယောက်ရဲ့ လုပ်ရပ်လား။”

ကျွန်မက နက်ဆန်ပေးတဲ့တစ်ရှူးကိုယူပြီး သန့်ရှင်းရေးလုပ်ရင်းနဲ့ ပြောလိုက်တယ်။ မိုနီကာလည်း ပါးစပ်ကိုလက်ဝါးနဲ့ကာကာ ရယ်ချင်စိတ်ကို ပြန်ထိန်းချုပ်လိုက်တာပေါ့။ နက်ဆန်ကတော့ ကျွန်မတို့နှစ်ယောက်လုံးကို စိတ်ကုန်နေတဲ့အကြည့်နဲ့ကြည့်နေရင်း ပြောလိုက်လေရဲ့။

“စားလို့သောက်လို့ပြီးရင် အိပ်စရာနေရာသွားရှာရအောင်။” သူ့လေသံက လေးလေးကြီးနဲ့။ မနက်ဆယ်နာရီခွဲနေပြီဖြစ်လို့ အိပ်ချင်နေပြီနေမှာ။

“အာရာ... ကြည့်ရတာ မြို့အသစ်မှာ ပျော်နေကြတဲ့ပုံပဲ။” ရုတ်တရက် ဆိုင်ထဲကို ရင်းနှီးနေတဲ့လူတစ်ယောက်ဝင်လာပြီး ကျွန်မတို့တွေကို နှုတ်ဆက်လိုက်တယ်။ ကျွန်မသူ့ကိုကြည့်လိုက်တော့ မျက်နှာကို အရင်မမြင်ဘဲ တောင်မို့မို့ကြီးနှစ်လုံးကို အရင်မြင်မိသွားတာပဲ။ အရင်ထက် ပိုတောင်ကြီးလာသေးတယ်။ အဲဒီလက်နက်ကြီးတွေကို မြင်ပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ်ပြန်ငုံကြည့်မိပြီး ဘယ်တိုင်းပြည် သွားပုန်းလို့ပုန်းရမှန်း မသိတော့ဘူး။

“မစ္စအယ်မာပါလား။ ကြည့်ရတာ ဒါလင်အတွက် ပြဿနာတွေ သယ်လာပြန်ပြီနဲ့တူတယ်။” မိုနီကာက မျက်တောင်ကော့ထားတဲ့ မျက်ခွံတွေနဲ့ မျက်လုံးကိုပေကလပ်ပေကလပ်လုပ်ရင်း ပဲများ လိုက်ပါတယ်။ အယ်မာကတော့ ဆိုင်ထဲမှာရှိနေတဲ့ လူတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျွန်မတို့နဲ့အတူတူတစ်ဝိုင်းထဲ ဝင်ထိုင်လိုက်ပါတယ်။ ပြီးတဲ့နောက်...

“ဒီနေရာက လူများတယ်။ ဟိုတယ်ကိုသွားကြမလား။”

“ဟိုတယ်မငှားရသေးဘူး....” နက်ဆန်က အယ်မာကို ခေါင်းခါပြပြီး သူ့ကိုယ်ပိုင်ပန်းသီးဖျော်ရည်ကို တစ်ခါတည်း မော့ချလိုက်တယ်။ ပြောရရင် နက်ဆန်က ပန်းသီးဖျော်ရည်မှာလို့ မိုနီကာမက မရအရပန်းသီးဖျော်ရည်မှာထားတာလေ။

ဒါကြောင့်ကျွန်မလည်း နောက်ဆုံးကျန်တဲ့ဝက်အူချောင်းကို ကိစ္စဖြတ်လိုက်ပြီး လက်မထောင်ပြလိုက်မိတယ်။

“စားပြီးပြီဆိုတော့ လူရှင်းတဲ့နေရာသွားရအောင်။”

...

ငါးမိနစ်လောက်ကြာတော့ ကျွန်မတို့တွေ အယ်မာရဲ့ကားကိုစီးပြီး လူရှင်းတဲ့ မိန်းမြစ်ကမ်းပါးတစ်နေရာကို ရောက်လာခဲ့ပါတယ်။ နာတာရှာကိုယ်တိုင်က မြစ်ကမ်းပါးနားက ကမ်းပါးမြေကို ထိန်းသိမ်းဖို့ဆောက်ထားတဲ့ အုတ်ဘောင်ပေါ်မှာဝင်ထိုင်တဲ့ အတွက်ကြောင့် ကျွန်မနဲ့မိုနီကာတို့လည်း အတူလိုက်ထိုင်ဖြစ်တယ်။ နေ့လယ်ပိုင်းရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့် ကောင်းကင်ကြီးက ရှင်းလင်းနေပြီဖြစ်ပြီး နေမင်းကြီးကလည်း တိမ်တွေကြားကနေ ထွက်ပေါ်လာပြီ။ တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေပြင်ပေါ်မှာ နေလုံးကြီးရဲ့ပုံရိပ်ရှိနေပြီးတော့ မြူခိုးတွေဝေနေတဲ့ မြစ်ကူးတံတားကြီးနှစ်စင်းကို တစ်ဖက်တစ်ချက်စီမှာ မြင်နေရတယ်။

“ဒီတော့ ဒီတစ်ခါကရော ဘာကိစ္စလဲ။” နက်ဆန်က ကျွန်မတို့ရှေ့မှာ ရပ်နေရင်းနဲ့ မေးလိုက်တယ်။ သူက လက်နှစ်ဖက်လုံးကို အနွေးထည်အိတ်ကပ်ထဲ ထည့်ထားတာ။

“ဒီတစ်ခါကတော့ လူသတ်မှုတွေအများကြီးနဲ့ ဆက်စပ်နေတယ်လို့ ပြောရမလား။” အယ်မာက ချိပ်ပိတ်ထားတဲ့ စက္ကူဖိုင်တစ်ခုကို ထုတ်လိုက်ပြီး ချိပ်စည်းကိုဖဲ့လိုက်တယ်။ အဲဲဒီနောက်အတွင်းက ဓာတ်ပုံတွေကိုပြပါတယ်။ ကျွန်မလည်း လှမ်းကဲကြည့်လိုက်ပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို လုံးဝနောင်တရသွားတော့တာပဲ။

“ဝေါ့... ရက်စက်လိုက်တာ....”

ဓာတ်ပုံတိုင်းလိုလိုက နစ်နာသူတွေက ဆယ်ကျော်သက်နဲ့ လေးဆယ်ကြားရှိတဲ့ အမျိုးသမီးတွေဖြစ်ပြီးတော့ တစ်မျိုး တစ်ဖုံနဲ့ လှပကြသူတွေပါ။ အသားအရောင်မျိုးစုံ၊ အသက်အရွယ်မျိုးစုံ၊ မျိုးစုံတဲ့အလှရှိကြသူတွေ။ သေဆုံးသူအားလုံးရဲ့နောက်ခံက မတူညီကြမှန်း ပုံကိုကြည့်တာနဲ့တင်သိနိုင်တယ်။ ဒါပေမဲ့ တူညီတာ တစ်ခုတော့ရှိပါတယ်။

“ သူတို့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်ယူသွားတာလား။”

နက်ဆန်က ကျွန်မတို့နဲ့အတူ ပုံတွေကို တစ်ချက်ကြည့်လိုက်ပြီး အယ်မာကိုမေးလိုက်တယ်။ အဖြေကိုသိပြီးသားဖြစ်ပေမဲ့လို့ အယ်မာဆီကနေ ပိုများတဲ့သတင်းအချက်အလက်တချို့ သိချင်ပုံပါပဲ။ ပြီးတော့ သူကကျွန်မတို့လို အကြည့်ကိုလွှဲမပစ် ခဲ့ပါဘူး။ ဒါမှကျွန်မသိတဲ့ ညမင်းသားပဲ။

“အင်း... ဒါက အမှောင်ကျောင်းတော်နဲ့ပတ်သက်တဲ့ မှော်အစီအရင်တစ်ခုခုလို့ ရှင်ထင်လား။”

အယ်မာက အားနာမနေဘဲ ဒီစကားကိုပြောခဲ့တာ။ ကျွန်မမှတ်မိတဲ့ အတိုင်းဆိုရင် အမှောင်ကျောင်းတော်မှာ တားမြစ်ထားရတဲ့ ယုတ်ညံ့တဲ့အစီအရင်တွေအများကြီးရှိခဲ့ဖူးတယ်။ ခွေးသေတွေကို အသုံးပြုတာမျိုး၊ ကိုယ်တွင်းအင်္ဂါတွေကိုသုံးရတာမျိုးကနေစလို့ နတ်တစ်ပိုင်းတွေရဲ့နတ်ခန္ဓာတွေကိုသုံးရတဲ့အရာမျိုးအထိပဲ။ အခုလိုသွေးသံရဲရဲသတ်ဖြတ်မှုမျိုးကိုတွေ့ရရင် ဘယ်သူမဆို အမှောင်ကျောင်းတော်ကို တွေးမိကြမှာပဲလေ။

“မဟုတ်ဘူး... အခင်းဖြစ်ပွားတဲ့နေရာမှာ ဘာမှော်အစီအရင် သင်္ကေတမှ ရှိမနေဘူးမဟုတ်လား။ တရားခံက အဲဒီကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အောင်ပွဲအထိမ်းအမှတ်အဖြစ်ယူတာ ဒါမှမဟုတ် အဲဒီအစိတ်အပိုင်းတွေကို တခြားအကြောင်းကိစ္စ တစ်ခုခုကြောင့် ယူလိုက်တာမျိုးဖြစ်နိုင်တယ်။”

နက်ဆန်ရဲ့ရှင်းပြချက်ကို အယ်မာကသေချာနားထောင်ပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပါတယ်။ ပြီးခါမှ အစောပိုင်းကမေးခဲ့ရတဲ့အကြောင်းအရင်းကို ကျွန်မတို့သိအောင် ပြန်ပြောပြတယ်။

“ဒီဖြစ်ရပ်ကိုမြင်ကတည်းက ရှင်တို့မပါမှန်းကျွန်မသိပါတယ်။ ဒါပေမဲ့ ဂျာမဏီရဲ့ကိုယ်စားလှယ်က ရှင်တို့ကျောင်းတော်ကို သိပ်ပြီးကျေနပ်ပုံမရဘူး။ ဒီအမှုကိုကျွန်မသွားကြည့်ပြီးတာနဲ့ ရှင်တို့ပါမပါစုံစမ်းခိုင်းဖို့ ကျွန်မကိုခေါ်တွေ့ခဲ့တယ်။”

“တစ်နည်းအားဖြင့် ရှင်က သံသယတွေရှင်းလင်းဖို့ မေးခဲ့တာပေါ့။” ကျွန်မပြောတော့ အယ်မာက ပြန်ပြုံးပြတယ်။

“အယ်ဒါတစ်ယောက်ဖြစ်တဲ့နက်ဆန်က အမှောင်ကျောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူပဲ။ သူမပါဘူးပြောရင် မပါလို့ပဲ။ လိမ်ပြောခဲ့ရင် ကျောင်းတော်အတွက် မျက်နှာပျက်စရာဖြစ်လိမ့်မယ်။”

နက်ဆန်အနားမှာကျွန်မရှိနေတာ လမကနှစ်တောင်ပြည့်ခါနီးပြီ ဖြစ်တဲ့အတွက် ကျောင်းခြောက်ကျောင်းက လူကောင်းတွေလို့ သတ်မှတ်လို့မရပေမဲ့ လူဆိုးတွေလို့လည်းသတ်မှတ်လို့မရမှန်း နားလည်ထားတယ်။ ထူးခြားချက်က သူတို့တွေအကုန်လုံးက ဂုဏ်သိက္ခာတွေနဲ့ဓလေ့ထုံးတမ်းတွေကို တန်ဖိုးထားကြတာပဲ။

“လောလောဆယ်တော့ ဒီအမှုနဲ့ပတ်သက်ပြီး ကျွန်မတို့တွေလည်း အသေးစိတ်မသိရသေးဘူး။ ဒါပေမဲ့ ရှင်တို့အကူအညီရှိနေပြီမလို့ တရားခံသိရရင်ဖြစ်ဖြစ် မနေ့ကဖြစ်ခဲ့တဲ့အမှုကနေတစ်ဆင့် တစ်ခုခုသိရတာပဲဖြစ်ဖြစ် လှမ်းခေါ်လိုက်ပါမယ်။ အတူပူးပေါင်းပြီးလုပ်ဆောင်ကြတာပေါ့။”

အယ်မာက ကျွန်မတို့နဲ့အတူတူ နာရီဝက်လောက်ထပ်ပြီးတော့ ဆွေးနွေးပြီးတဲ့နောက်မှာ ပြန်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ သူပြောသလောက်တော့ ပုံစံတူအမှုပေါင်းဒါဇင်နဲ့ချီပြီးတော့ ဖြစ်ပျက်ခဲ့ပြီးဖြစ်ပေမဲ့ ဖြစ်ပျက်တဲ့နေရာတွေက တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိသလို လုံခြုံရေးကင်မရာတွေကလည်း ဘာမှမဖမ်းမိ ခဲ့ပါဘူး။ သဲလွန်စမလုံလောက်သေးတဲ့အတွက် စုံစမ်းနေဆဲ ဖြစ်ပြီးတော့ နောက်ခြေလှမ်းကိုမစဥ်းစားရသေးပါဘူး။ အမှုတစ်ခုခု ထပ်ဖြစ်ခဲ့ရင်တော့ နက်ဆန်ကိုခေါ်သွားပြီး အတူစစ်ဆေးနိုင်တယ်လေ။

“အင်း.... ကျွန်မတို့လည်း ဟိုတယ်ပတ်ရှာရအောင်....”

အယ်မာက သူ့ကားပေါ်ကိုသူတက်ပြီးမောင်းထွက်သွားတာမလို့ ကျွန်မတို့တွေ မြစ်ကမ်းဘေးမှာကျန်ခဲ့ပြီ။ တည်းမယ့်နေရာကို မဆုံးဖြတ်ရသေးတာမလို့ သူက ပြန်လိုက်ပို့လို့မရဖြစ်နေတာ။ မြို့ပတ်ပြီးဟိုတယ်ရှာခိုင်းရအောင်ကလည်း သူ့အလုပ်နဲ့သူ ရှုပ်နေတာဆိုတော့။

...

မှောင်မိုက်နေတဲ့ မြေအောက်ခန်းတစ်ခု။

လှပတဲ့မျက်နှာပိုင်ရှင် အမျိုးသမီးတစ်ယောက်က သွေးစွန်းနေတဲ့ ဓားတွေနဲ့ကပ်ကြေးတွေကို ခွဲစိတ်ခန်းစားပွဲပေါ်မှာ ပြန်တင်ထား လိုက်ပါတယ်။ သူ့ဆံပင်တွေက ပိုးပတုံးရောင်လိုနက်မှောင်ပေမဲ့ အသက်မဲ့ပြီး ဆံပင်တုတစ်ခုလို့သာခံစားရတယ်။ မျက်လုံးတွေက ပတ္တမြားရောင်ရှိနေပြီး အသားအရေကတော့ လူသေလိုမျိုး ဖျော့တော့လို့ပေါ့။ ပြောရရင် သူ့မျက်နှာကိုယ်တိုင်ကလည်း ကိုယ်ပိုင်မျက်နှာဆိုတာထက် မျက်နှာဖုံးစွပ်ထားသလိုပါပဲ။

“ငါအရင်ကထက် ပိုလှလာပြီ။ ဒါပေမဲ့ သူငါ့ကိုပြန်ချစ်ဖို့ လုံလောက်ပြီလား။ မလုံလောက်သေးဘူးလား။”

အမျိုးသမီးက ဆောင်းဂျာကင်ကို ပြန်ဝတ်လိုက်ပြီး တစ်ကိုယ်တည်းရေရွတ်လို့။ သူက အခန်းတစ်ဖက်ကို စတင်ပြီး လျှောက်သွားလိုက်တယ်။

အခန်းထဲကလေထုက စိုထိုင်းနေပြီးပုပ်အဲ့အဲ့ အနံရှိနေတယ်။ နံရံရဲ့နေရာတိုင်းမှာ ဆေးရည်စိမ်ထားတဲ့ မျက်နှာအရေခွံတွေ၊ မျက်လုံးတွေ၊ နားရွက်တွေ၊ လက်တွေရှိနေပြီး မြင်ကွင်းက တကယ့်ကို စက်ဆုပ်ရွံရှယ်စရာ။

အမျိုးသမီးက နံရံမှာကပ်ထားတဲ့ ရှေးကြေးမုံချပ်ကြီးရှေ့မှာ ရပ်လိုက်တယ်။ ကြေးဝါကိုပြောင်နေအောင်တိုက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးရဲ့မျက်နှာက ထင်ဟပ်နေပေမဲ့ ဝေဝါးလို့။ ကနုတ်ပန်းတွေဖော်ထားတဲ့မှန်ဘောင်ပေါ်မှာတော့ ရောမခေတ်မတိုင်ခင် ဂျာမဏီဒေသမှာကျက်စားခဲ့တဲ့ ရှေးဆဲလ်တစ်လူမျိုးတွေရဲ့လက်ရာမှော်စာတွေ ရေးထွင်းထားတယ်။

“နံရံပေါ်ကမှန်ကြီးရေ... ဒီမြို့ထဲမှာ ဘယ်သူအလှဆုံးလဲ။”

“နံရံပေါ်က မှန်ကြီးရေ... ဒီမြို့ထဲမှာ ဘယ်သူအလှဆုံးလဲ။”

အမျိုးသမီးက တုန်ယင်နေတဲ့လေသံ၊ မဝံ့မရဲဖြစ်နေသလို အမူအရာနဲ့မှန်ချပ်ကြီးရှေ့မှာ တူညီတဲ့စကားကိုခုနစ်ကြိမ် ခုနစ်ခါတိတိပြောလိုက်တယ်။ ခုနစ်ခါပြည့်တော့မှန်ကြီးရဲ့ ပုံရိပ်တွေက လှိုင်းထကာ တဖြည်းဖြည်းပြောင်းသွားပြီး လှပတဲ့ တခြားအမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ် ပေါ်လာခဲ့ပါတော့တယ်။

“ဒါဘယ်သူလဲ... ငါအခုအထိအလှဆုံးမဟုတ်သေးဘူးလား ဒီမြို့ထဲမှာတောင် အလှဆုံးမဟုတ်ရင်.... သခင်လေးဒီရေဂိုက ငါ့ကိုဘယ်လိုလုပ် ပြန်ကြိုက်မှာလဲ။”

အမျိုးသမီးက ကြောက်လန့်သွားပြီးမှန်ကနေ အကြည့်လွှဲတယ်။ ပြီးတဲ့နောက် ဂျာကင်ထဲကနေ နှာခေါင်းစည်းကိုထုတ်လိုက်ပြီး သူ့မျက်နှာကိုဖုံးထားတယ်။ နေကာမျက်နှာကိုလည်းတပ်လိုက်ပြီး သူ့ရဲ့ဆိုးဝါးလှတဲ့ပုံစံကို တခြားသူတွေမမြင်စေချင်တဲ့အလားပါ။

“ဒီကောင်မ... ဒီကောင်မက.....” အဲဒီနောက်တော့ အမျိုးသမီးက မှန်ထဲကပုံရိပ်ကိုပြန်ကြည့်တယ်။ ဒီတစ်ခါတော့စူးစမ်းနေတာ။ သေသေချာချာကြည့်ပြီးနောက် သူ့မျက်လုံးတွေထဲမှာ လောဘရိပ်တွေနဲ့ပြည့်နှက်လာခဲ့ပါတော့တယ်။

“လှလိုက်တာ... ဝင်းလဲ့နေတဲ့ မျက်လုံးတွေ၊ တောက်ပလိုက်တဲ့ဆံပင်၊ ပြီးပြည့်စုံတဲ့မျက်နှာ၊ ကောင်းလိုက်တဲ့ကိုယ်လုံးကိုယ်ပေါက်၊ ချောမွေ့နေတဲ့အသားအရေနဲ့နှုတ်ခမ်းပါးတွေ။ ငါလိုချင်တယ်... ငါလိုချင်တယ်.... ငါလိုချင်တယ်... သူ့ခန္ဓာကိုယ်ကိုငါရမှဖြစ်မယ်။ ဒါမှ ငါအလှဆုံးဖြစ်လာမှာ။”

အမျိုးသမီးရဲ့တုန်ယင်နေတဲ့စကားသံက တဖြည်းဖြည်းနဲ့ ကျယ်လောင်လာတယ်။ လည်ချောင်းကွဲလုမတတ်အော်သံ ဖြစ်လာပြီးတဲ့နောက်မှာ သူ့နားထင်ကိုယ်သူလက်နှစ်ဖက်နဲ့ ဖိညှစ်လိုက်ပြီးတော့ ရူးသွပ်နေတဲ့အကြည့်တွေနဲ့ နံရံတစ်နေရာမှာ ချိတ်ထားတဲ့ ပန်းချီပုံကိုကြည့်ကာပြောလိုက်တယ်။

“အား... သခင်လေးဒီရေဂို... ကျွန်မအလှဆုံးမိန်းကလေး ဖြစ်လာအောင်ကြိုးစားပါ့မယ်။ ကျေးဇူးပြုပြီးကျွန်မကို ပြန်လှည့်ကြည့်ပေးပါ။ ကျေးဇူးပြုပြီး လူသားမိန်းကလေး တစ်ယောက်လို့ မြင်ပေးပါ။”

All Chapters