← Chapters

မျက်နှာမဲ့တစ္ဆေ (၃)

Vol. 4 Ch. 204

မျက်နှာမဲ့တစ္ဆေ (၃)

Vol. 4 Ch. 204

မနက်ခင်းလေးမှာတော့ အပြာရောင်နဲ့အနီရောင်ကို မျှမျှတတ အသုံးပြုထားတဲ့ ဟိုတယ်အခန်းထဲ ကျွန်မနိုးထလာခဲ့ပါတယ်။ တစ်ယောက်ခန်းတစ်ခန်းဖြစ်ပြီးတော့ စားပွဲပေါ်မှာတင်ထားတဲ့ ပန်းနုရောင်နှင်းဆီပွင့်လေးကလည်း သိပ်ကိုလှနေတာပါ။ ဒါပေမဲ့ ကျွန်မကိုစောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံကြောင့် ချက်ချင်း စိတ်ပျက်မိသွားတော့တာပဲ။

“ပါစီဗယ်၊ နင်က ငါ့ဘက်သားမဟုတ်ဘူးလား။ ဘာလို့ငါ့ကို စောင့်ကြည့်နေတာတုန်း။”

တကယ်လည်း ပါစီဗယ်က ကျွန်မအခန်းထဲမှာရှိနေတာဖြစ်ပြီး ထိုင်ခုံမှာထိုင်နေတယ်။ သူ့ကိုယ်ရေးအရာရှိဖြစ်ပုံပေါ်တဲ့ မျက်နှာ ပက်တီးပတ်ထားပေမဲ့ ခန္ဓာကိုယ်အချိုးအစားလှပတဲ့ စစ်သမီး ကောင်မလေးလည်းရှိနေပြီး ပါစီဗယ်ကို ပန်းသီးအခွံနွှာပြီး ခွံကျွေးနေသေးတာ။

“ဘယ်တတ်နိုင်မလဲ... ငါ့ရဲ့သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ နက်ဆန်က မင်းကိုညဖက်သေချာစောင့်ကြည့်ထားဖို့ တောင်းဆိုလာတာကိုး။ ဒါမှတစ်ဖက်ခန်းမှာရှိနေတဲ့ မိုနီကာကို မင်းမနှောင့်ယှက်နိုင်မှာတဲ့လေ။”

“ရှင်....”

ကျွန်မဒေါသထွက်လွန်းလို့ အိပ်ရာပေါ်ကနေခုန်ထပြီး ပါစီဗယ်ရဲ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပါတယ်။ အနားမှာ ရှိနေတဲ့ ကိုယ်ရေးအရာရှိမလေးလည်း အကြောက်လွန်ပြီး မြူအဖြစ်ပြောင်းသွားရော။

“မလိမ်ဘဲ မှန်မှန်ပြောစမ်း....” ကျွန်မက သူ့ကိုလက်သီးနဲ့ ထိုးတော့မလိုရွယ်လိုက်တော့ ချက်ချင်းမျက်နှာပြောင်းသွားပြီး ကျွန်မကိုစပ်ဖြီးဖြီးနဲ့ပြောလိုက်လေရဲ့။

“နက်ဆန်က ငြင်းလို့ရတယ်ပြောလိုက်ပေမဲ့ ဒီလိုဆိုရင် ကိုကမင်းနဲ့အတူ တစ်ညလုံးရှိနေနိုင်မှာလေ။”

ခွက်...

“သေပါပြီဗျ။” အကြောင်းအရင်းမှန်ကို ကြားရပြီးနောက်မှာတော့ ကျွန်မ စိတ်ထိန်းမနေတော့ဘဲ ပါစီဗယ့်မျက်နှာကို ထိုးချလိုက်တယ်။ မကြာဘူး၊ နှာခေါင်းကနေ မြူတွေအများကြီးပန်းထွက်လာပြီး ကြမ်းပြင်ပေါ်ကို သူထိုင်နေတဲ့ ထိုင်ခုံနဲ့အတူ လဲကျသွားလေရဲ့။

“ဒါနဲ့... ခုနက ကောင်မလေးကို ရှင်အရင်က ထုတ်သုံးတာ မမြင်ဖူးပါဘူး။ ရှင်က ကျွန်မဆီက လျှိုထားတာလား။”

“မ... မဟုတ်ပါဘူးကွာ... သူကတိုက်ခိုက်ရေးတပ်သားမဟုတ်လို့ သိပ်မသုံးဖြစ်တာပါ။”

“အော်... တခြားကိစ္စတွေအတွက်တော့ သုံးတယ်ပေါ့လေ။ တွေးကြည့်ရအောင်....”

ဖျောက်... ဖျောက်....

ကျွန်မ လက်ဆစ်တွေကို ချိုးလိုက်တယ်။ ပါစီဗယ့်မျက်နှာက ဖြူဖျော့သွားပြီး...

“ဆယ်... ဆယ်ဗီ၊ မင်းကိုယ်ထဲမှာ အဆိပ်တွေရှိနေသေးတယ်နော်။ အရမ်းအားစိုက်ရင် အဆိပ်တွေထကြွလာလိမ့်မယ်။”

အမယ်၊ ကျွန်မကို စိုးရိမ်ဖို့ သတိရသေးတယ်ပေါ့။ ဒီအကောင်က ကျွန်မကို ကာကွယ်ပေးပါမယ်ဘာညာပြောပြီး အပြီးသတ်ကျ အားကိုးရတာ မဟုတ်ဘူးလေ။ အခုဆိုရင် မိုနီကာနဲ့တောင် အလိုတူအလိုပါ ဖြစ်နေပြီ။ ရန်သူရဲ့ရန်သူက မိတ်ဆွေဆိုတာမျိုးဖြစ်နေတာ များလားပဲ။ မိုနီကာကို နက်ဆန်အနားကပ်ခွင့်ပေးမှ သူကျွန်မနား ကပ်နေလို့ရမှာလေ။ အရင်ကနားမလည်ခဲ့ပေမဲ့ အခုတော့ နားလည်သွားပြီ။ ပညာနည်းနည်းပါးပါးပေးမှဖြစ်မယ်။

“ပါစီဗယ်... နောက်တစ်ခါ နက်ဆန်ပေါက်ကရပြောတိုင်း လိုက်လုပ်ဦးမလား....”

“ဟုတ်... ဟုတ်ကဲ့....”

“လုပ်ဦးမယ်ပေါ့လေ၊ ကဲဟယ်။”

ခွက်... ခွက်... ခွက်....

မျက်နှာကို သုံးချက်ဆင့်ထိုးပြီးနောက်တော့ ပါစီဗယ်စွမ်းအား ကုန်သွားပြီးတော့ ဂီတသေတ္တာလေးဖြစ်သွားတယ်။ ကျွန်မလည်း အဲဒီသေတ္တာကို အိပ်ရာခင်းနဲ့ပတ်ထားလိုက်ပြီး ရေနွေးနဲ့ရေချိုး၊ မျက်နှာသစ်သွားတိုက်ပြီး အဝတ်လဲလိုက်တယ်။ အဲဒီနောက် ဂီတသေတ္တာကိုပိုက်ပြီးတော့ အခန်းပြင်ကို ထွက်ခဲ့တာပေါ့။

ကျွန်မတို့တည်းနေတဲ့ဟော်တယ်ကို လူမီဘူတိဟော်တယ်လို့ ခေါ်တယ်။ မြို့လယ်ခေါင်တည့်တည့်မှာရှိတာဆိုပေမဲ့လို့ အဆောက်အအုံက ဂေါ့သစ်ရီနေးဆန့်စတိုင်ပါ။ အတွင်းပိုင်း အပြင်အဆင်တွေကတော့ ၁၉၅၀လောက်က ဂန္တဝင်ပုံစံနဲ့ခေတ်သစ် ပုံစံကို ရောနှောထားခဲ့တာ။ ကြမ်းခင်းတွေက သစ်လွင်တောက်ပ နေပြီးတော့ အနီရောင်၊ ခရမ်းနဲ့အပြာလို နန်းဆန်တဲ့ အရောင်တွေကို ပရိဘောဂတွေမှာသုံးထားတယ်။

မကြာခင်မှာပဲ ကျွန်မနက်ဆန်တို့ကို ဟိုတယ်အောက်က ဘားအသေးလေးနဲ့တွဲထားတဲ့ စားသောက်ဆိုင်မှာ တွေ့လိုက်ရတယ်။ မိုနီကာက နက်ဆန်ရဲ့ပခုံးကိုမှီပြီး အိပ်နေတယ်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ကျွန်မရင်ထဲအောင့်သွားသလိုပဲ။

မိုနီကာနဲ့အတူရှိနေတာကြာပြီမလို့ ဒီမိန်းကလေးက မဆိုးမှန်း ကျွန်မသိပါတယ်။ အဆိပ်မိတုန်းက သူကျွန်မကိုကာကွယ်ပေးဖို့ ကြိုးစားခဲ့တာကိုလည်း အသိအမှတ်ပြုတယ်။ နက်ဆန်အနားမှာ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့နှစ်ယောက်လုံးရှိနေတော့မယ် ဆိုတာကို လက်ခံလိုက်ပြီဆိုပေမဲ့ ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အကြိမ်တိုင်း နှလုံးအိမ်ထဲမှာ ဆိုးဝါးတဲ့ခံစားချက်ကို ရနေဆဲ။

“ရှင်ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးခဲ့သင့်တာ။”

ကျွန်မတီးတိုးပြောလိုက်ရင်း ဆိုင်ထဲဝင်လိုက်တယ်။ ဆိုင်ထဲမှာင ငြိမ့်ညောင်းတဲ့တေးဂီတသံကို ဖွင့်လှစ်ထားပြီး အမေရိကန် တေးရေးဆရာကြီး နေးလ် ဆဒဲက(Neil Sadeka)ရဲ့သီချင်းပါ။ ဟိုဟိုဒီဒီကနေတစ်ဆင့် ကြားဖူးတာတော့ သူကသီချင်းပေါင်း ငါးရာလောက်ရေးခဲ့သတဲ့။

“Everyday I face tomorrow knowing you’ll be there,

I see your smile in every little thing we uesd to share,

The memory of you is everywhere.

And My World, keeps getting smaller everyday

I run but i cant run away

Your with me everywhere i go.”

ကြည့်ရတာ ငါ့ကမ္ဘာကြီးက ကျဥ်းမြောင်းလာနေတယ်ဆိုတဲ့”My world is getting Smaller Everyday” ဖြစ်ပုံပါပဲ။ ပြီးတော့ သီဆိုနေတာက ဖီလစ်ပိုင်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Manilyn Rynes ပါ။ တကယ့်ကိုပါရမီပါတဲ့ အဆိုရှင်တစ်ယောက်ပေါ့။

ကျွန်မလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိတယ်။ မိုနီကာ ကျွန်မတို့နဲ့အတူရှိနေခဲ့ကတည်းက နက်ဆန်နဲ့ရှိနေရတဲ့ ကျွန်မအချိန်တွေနည်းသွားခဲ့တယ်။ သူက ကျွန်မရှိနေတာကို မမေ့ခဲ့ပေမဲ့ ကျွန်မအတွက်တော့ မလုံလောက်ခဲ့ဘူး။

သူ့ရင်ထဲမှာ ရှိနေတဲ့ကျွန်မက တစ်နေ့ထက်တစ်နေ့ သေးငယ်သွားသလိုပဲ။ အဲဒီခံစားချက်နဲ့အတူ ကျွန်မရဲ့ကမ္ဘာကြီး တစ်ခုလုံး သေးငယ်လာခဲ့သလိုပေါ့။

...

“ဒီနေ့ အယ်မာရောက်မလာဘူးပဲ။” နက်ဆန်က သူ့ဖုန်းကို နောက်ဆုံးအကြိမ်အဖြစ်ကြည့်လိုက်ရင်း ပိတ်လိုက်တယ်။ ကျွန်မအထင်တော့ သူအယ်မာဆီကနေ စာရမရစစ်နေခဲ့တာ ထင်ပါတယ်။

“ တွေးကြည့်ခါမှ အမှုအကြောင်း တစ်ခုခုထူးခြားရင် ကျွန်မတို့ကို ပြောမယ်ဆိုပြီးတော့ ပြောခဲ့တာပဲ။” ကျွန်မက ပြောလိုက်တော့ နက်ဆန်က ခေါင်းညိတ်ပြတယ်။

“မထူးခြားလို့လားမှမသိတာ။” ကျွန်မအခုလိုသုံးသပ်တော့ နက်ဆန်က အလိုမကျဟန်နဲ့ ခေါင်းခါပြလိုက်ပြန်တယ်။

“အရင်ကဆိုရင် ထူးခြားတာမရှိရင်တောင် ငါတို့ဆီလာတတ်တယ်။ ငါတို့ကိုယ်တိုင်မှာကိုက EUOC သိချင်တဲ့အရာတွေရှိနေတာလေ။”

အဲဒါကတော့မှန်တယ်လို့ ကျွန်မထင်တယ်။ EUOCက ကျောင်းခြောက်ကျောင်းကို ပေါ်တင်ရောလျှို့ဝှက်ပြီးတော့ပါ လေ့လာနေတာမဟုတ်လား။ အယ်မာရဲ့စုံစမ်းရေးအလုပ်ဆိုတာက ကျွန်မတို့လိုပဲ လမ်းကြုံလို့ ဒေသခံအေဂျင်စီတွေကို ဝင်ကူတာမျိုးလို့ ကျွန်မထင်တယ်။ တကယ့်အဓိကမစ်ရှင်က ကျွန်မတို့ဆီမှာဖြစ်မှာ။

“ဒီတော့ ဘာလုပ်ကြမလဲ၊ ကျွန်မတို့ သူ့ကိုဆက်သွယ်ကြမလား။”

ကျွန်မက ဒီစကားကိုပြောမိပြီးနောက်မှာပဲ ချက်ချင်းခေါင်းခါ လိုက်မိတယ်။ ဘာကြောင့်ကပ်ပါးတစ်ကောင်ကို လိုက်ရှာနေမှာလဲ။ မိုနီကာမှာတော့ တခြားအကြံတစ်ခုခုရှိနေတဲ့ပုံပဲ။ သူက စပျစ်ဖျော်ရည်ကို လက်စသတ်လိုက်ပြီး...

“ဒါလင်၊ ကျွန်မတို့တွေ မြို့ထဲလျှောက်သွားကြရအောင်။ အမြဲတမ်း အလုပ်အလုပ်အလုပ်ချည်းပဲ လုပ်နေရရင် ပျင်းစရာမကောင်းဘူးလား။” မိုနီကာရဲ့ အဓိကဦးစားပေးအစီအစဥ်က နက်ဆန်နဲ့အတူတူ ပျော်စရာ အချိန်တွေကိုဖြတ်သန်းဖို့လေ။

“ဒါပေမဲ့ ဒါက ရန်သူ့နယ်မြေထဲမှာ။” နက်ဆန်က ငြင်းဖို့ကြိုးစားပေမဲ့ မိုနီကာက ကြောင်လေးတစ်ကောင်လိုမျိုး နက်ဆန်ကိုကြည့်လိုက်တော့ သူ့မှာမငြင်းနိုင်တော့ဘူး။

...

“ဒါလင်... ရိုမားဘာ့ဂ်က အလယ်ခေတ်ကတည်းက ဖရန့်ဖွတ်မြို့ရဲ့ အလယ်ဗဟိုဖြစ်ခဲ့တာတဲ့။ မလှဘူးလား၊ ဟိုနားမှာ တရားမျှတမှု နတ်သမီးရဲ့ကြေးရုပ်ကြီး ရှိသေးတယ်။”

မိုနီကာက နက်ဆန်ရဲ့လက်ကိုဆွဲပြီး ကျွန်မတို့ရှေ့ကနေ ပြေးနေတယ်။ ကျွန်မကလည်းနက်ဆန်ရဲ့လက်တစ်ဖက်ကို ကိုင်ထားပြီး နောက်ကနေ ပြေးလိုက်ဖြစ်ပါတယ်။

ကျွန်မတို့ရောက်နေတဲ့နေရာက အလယ်ခေတ်တုန်းက တည်ဆောက်ထားတဲ့အဆောက်အဦးတွေနဲ့ပြည့်နှက်နေပြီး ဂေါ့သစ်စတိုင်အမိုးချွန်နဲ့ဘုရားကျောင်းတွေ၊ ခေါင်မျိုးမက်မက်နဲ့ သစ်သားအိမ်ကြီးတွေနဲ့ပြည့်နှက်လို့။ အဆောက်အအုံဟောင်းတွေ ဆိုပေမဲ့လို့ အဖြူရောင်နဲ့အနီရောင်တောက်တောက်ဆေးတွေ သုတ်ထားတဲ့အတွက်ကြောင့် မြို့ဟောင်းကြီးလို့မထင်ရဘဲ သစ်လွင်လှပနေတဲ့ အလယ်ခေတ်မြို့တော်ကြီးတစ်ခုလို့သာ ခံစားရစေပါတယ်။

မြို့တော်ရင်ပြင်ရဲ့အလယ်တည့်တည့်မှာတော့ ၁၆ ရာစုနှစ်က သွန်းလုပ်ခဲ့တဲ့ တရားမျှတမှုနတ်သမီးရဲ့ချိန်ခွင်ကိုင်ထားတဲ့ ကြေးရုပ်ထုကြီးက မားမားမတ်မတ်ပေါ့။

“ရုပ်ထုကြီးရှေ့မှာ ဓာတ်ပုံရိုက်ရအောင်... ကျိန်စာသံလိုက်မ၊ နင်ကဓာတ်ပုံရိုက်၊ ငါတို့က ပို့စ်ပေးမယ်။”

မိုနီကာက ကျွန်မလက်ထဲ သူ့ဖုန်းကိုထိုးထည့်ပေးပြီး ဓာတ်ပုံရိုက်ခိုင်းတယ်။ ကျွန်မလည်း စိတ်အချဥ်ပေါက်နေတာမလို့ နက်ဆန်ရဲ့ဆူပုပ်မျက်နှာကြီးကိုပဲ အနီးကပ်ဆွဲရိုက်ပြီးတော့ ဘေးကအရူးမပုံမပေါ်အောင် စီစဥ်ပေးလိုက်တယ်။

“အား... သောက်ရူးမ၊ နင်အဲဒီလိုလုပ်စရာလားဟဲ့။” မကြာခင်မှာပဲ ဓာတ်ပုံလာကြည့်တဲ့ မိုနီကာက ကျွန်မရင်ဘတ်ကို တဘုန်းဘုန်း ထုတော့တာပဲ။

...

“ဝါး... diplodocus ကြီးက ခမ်းနားလိုက်တာ။ အဲဒီလောက် လည်တံရှည်ကြီးနဲ့ဆိုတော့ လည်ပင်းမညောင်းဘူးလားမသိဘူး။”

ဆန့်အန်းဘရော့ဂ် သဘာဝသမိုင်းပြတိုက်ကိုရောက်တော့ မိုနီကာက ဧရာမလည်တံရှည်အသီးအရွက်စား ဒိုင်နိုဆောကြီးရဲ့ အရိုးစုရှေ့မှာ ရှိုးထုတ်နေပြန်တယ်။

“ ရှေးဟောင်းသစ်ကုလားအုတ်ကြီးကိုများ အဆန်းလုပ်လို့။” ကျွန်မကတော့ နက်ဆန်အနားမှာရှိနေရင်း မိုနီကာကို အမြင်ကပ်ကပ်နဲ့ပြောလိုက်မိတယ်။

...

မြို့လယ်ခေါင်က ဘာမှန်းမသိတဲ့ ငါးထပ်ဂေါ့သစ်အိမ်ဟောင်းကြီး ရှေ့ကိုရောက်ပြန်တော့ မိုနီကာက လက်ညိုးတထိုးထိုးနဲ့ “ဝက်ဆိုက်ထဲမှာ ရေးထားတာတော့ စာရေးဆရာကြီး ဂိုသဲ့ရဲ့နေအိမ်တဲ့။”

“သူ့စာအုပ်တွေကို အခုခေတ်မှာဖတ်ကြသေးလို့လား။”

မိုနီကာ နက်ဆန်ကိုဦးဆောင်ပြီး ရှေ့ကသွားနေတာမြင်ရလေလေ ကျွန်မစိတ်ထဲက အဆိုးမြင်မှုတွေ ပိုများလာလေပဲ။

...

နေ့လယ်ပိုင်းရောက်တော့ ဂျာမန်ဂေါ့သစ်လုံးချင်းအိမ်လေး တစ်အိမ်မှာဖွင့်ထားတဲ့ စားသောက်ဆိုင်မှာဝင်ထိုင်ဖြစ်ကြတယ်။ နေ့လယ်စာစားချိန်ဖြစ်ပေမဲ့လို့ လူရှင်းနေတယ်။ ကြားရက်မလို့ ထင်တာပါပဲ။ ဟင်းပွဲတွေကိုကြည့်လိုက်တော့လည်း တကယ့်ကို စားချင်စရာလေးတွေ။

မိုနီကာကတော့ ကျွန်မကိုမဲ့ရွဲ့ကြည့်နေရင်း “အစားပုပ်မ၊ နင်မီနူးတစ်ခုလုံးပြည့်အောင် မှာဦးမှာမဟုတ်လား။ နင်ပိုက်ဆံ မရှင်းရတိုင်း....”

“နင်ကျွေးရတာမှမဟုတ်တာ၊ ငါ့ကိုဝယ်ကျွေးတာ နက်ဆန်လေ။ စာချုပ်ထဲမှာကိုထည့်ရေးထားတယ်။ နေစားပြီးတဲ့။”

ကျွန်မက ပြန်ခံပြောတော့မှ မိုနီကာအသံတိတ်သွားတယ်။ နက်ဆန်ကတော့ ကျွန်မကိုကြည့်ရင်း

“သူစားချင်တာစားပါစေလို့...” ပြုံးယောင်သန်းတဲ့နေတဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။ အောင်မလေး၊ သူက ကျွန်မရှိသေးမှန်း မမေ့သေးဘူးပဲ။

ဒီတစ်ခါတော့ ဘီယာရော့ခ်လို့ခေါ်တဲ့ ပေါင်မုန့်တစ်မျိုးကို မှာစားဖြစ်ခဲ့ပါတယ်။ ရိုးရိုးပေါင်မုန့်လုံးထဲမှာကို ကျိတ်ထားတဲ့ အမဲသားထည့်ထားတာ။ မအီအောင်နဲ့အနံပျောက်အောင်လို့ ကြက်သွန်တို့ဂေါ်ဖီတို့လည်းပါတာပေါ့။ စေးစေးပိုင်ပိုင်နဲ့ ချိုချိုလေးပဲ။ အရံအနေနဲ့ကတော့ ဂျာမန်အာလူးပန်ကိတ် ပါဦးမယ်။ အာလူးနဲ့ကြက်သွန်းကို ထောင်းပြီးတော့ ကြက်ဥ၊ ထောပတ်ထည့်ပြီးကြော်ထားတာလေ၊ အပြင်ခွံကြွက်ရွနေပြီး အချိုတည်းဖို့အကောင်းဆုံးပဲ။

သောက်စရာအနေနဲ့ကတော့ ဗီတာကိုလာလေးပါမယ်။ ဗီလာကိုလာဆိုတာကတည်းက သူ့သမိုင်းနဲ့သူတဲ့။ စစ်အေးကာလမှာ ကိုကာကိုလာကိုအရှေ့ဂျာမဏီနဲ့ ဆိုဗီယက်လွမ်းမိုးတဲ့နိုင်ငံတွေမှာမရောင်းရဆိုပြီး ပိတ်ပင်ထားတာမလို့ အရှေ့ဂျာမဏီက သူ့ကိုယ်ပိုင်ကိုလာဖန်တီးခဲ့တာ။

ဆိုဗီယက်ဗိုလ်ချုပ်ကြီးတစ်ယောက်တောင် အရောင်ချွတ်ထားတဲ့ ကိုလာကို ဗော့ကာပုလင်းထဲထည့်ပြီး ခိုးသောက်ရတာကိုး။

စစ်အေးကာလပြီးနောက်မှာ ကိုကာကိုနဲ့ပက်စီလာဝင်လာပြီး စျေးကွက်ရှယ်ယာအများစုကို သိမ်းပိုက်သွားခဲ့ပေမဲ့ ဗီတာကိုလာက ဒေသခံတွေကြားထဲမှာနာမည်ကြီးပြီးတော့ အခုထိရှိနေတုန်းပဲ။

သောက်ကြည့်တော့....

“အင်း... ကိုလာနဲ့တူပေမဲ့ လီမွန်နံရပြီး သစ်သီးဖျော်ရည်နဲ့ ပိုတူတာပဲ။” ဒါက ကျွန်မရဲ့ကောက်ချက်ပါ။

“ဆိုင်ရှင်၊ ရှင်းမယ်။” စားလို့သောက်လို့ပြီးတော့ ကျွန်မတို့တွေ ထွက်ခွာသွားဖို့ပြင်ကြတယ်။ ဒါပေမဲ့ရုတ်တရက်ဆိုသလို ကောင်းကင်ကြီး တစ်ခဏတာမှောင်ကျသွားပြီး အလင်းရောင်က သက်တံအလင်းလိုမျိုးဖြစ်သွားတယ်။ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့ ကျွန်မတို့ရှိနေတဲ့စားသောက်ဆိုင်ကို ဂေါ့သစ်ဘုရားကျောင်းပြတင်းက မှန်စီဖန်ချပ်နဲ့တူတဲ့ သလင်းကျောက်တွေက အမိုးခုံးတစ်ခုလိုမျိုး ဖုံးအုပ်ထားနှင့်ပြီးပြီ။

“ မြေအမျိုးအစား အထွတ်အမြတ်လက်နက်တစ်ခုရဲ့အစွမ်းပဲ။ မြေကျောင်းတော်ရောက်လာပြီ....” နက်ဆန်က မျက်နှာပျက်သွားပြီး ပြောလိုက်လေရဲ့။

All Chapters