← Chapters

မျက်နှာမဲ့သရဲ (၄)

Vol. 4 Ch. 205

မျက်နှာမဲ့သရဲ (၄)

Vol. 4 Ch. 205

အယ်မာက သူငှားထားတဲ့တိုက်ခန်းကို ပြန်လာခဲ့တယ်။ အိတ်ကို စားပွဲပေါ်ပစ်တင်ပြီးတဲ့နောက် တစ်ယောက်အိပ်မွေ့ရာပေါ်ကို ထိုင်ချကာ သက်ပြင်းချလိုက်တယ်။ အခုတလောအလုပ်ပင်ပန်းတဲ့ အတွက်ကြောင့် ဇက်ကြောတွေလည်းတက်နေပြီ။ ဖန်ခွက်ထဲ ရေအပြည့်ဖြည့်လိုက်ပြီး ဖြည်းဖြည်းချင်းစီမော့ချ အသက်ကို ဝဝရှုပြီးမှပဲ သူ့ဝမ်းဗိုက်ကိုလက်နဲ့ထိလိုက်မိတယ်။

“ကလေး၊ နင်မွေးလာရင် အမေနင့်ကိုဂရုစိုက်နိုင်ပါ့မလား။ တစ်ယောက်တည်းအထီးကျန်နေတော့မှာပဲ။”

အဲဒီနောက်တော့ သူ့ပုံစံက ချက်ချင်းတည်ကြည်သွားခဲ့ပြီးတော့ အခင်းဖြစ်ပွားရာနေရာကနေ ယူလာခဲ့တဲ့ နမူနာမြေမှုန်စတချို့ ထည့်ထားတဲ့ ပလက်စတစ်အိတ်အကြည်ကိုထုတ်လိုက်တယ်။ သူ့မျက်ခုံးနှစ်ခုက အလယ်မှာစုဆုံသွားပြီး နှုတ်ခမ်းကိုမဲ့လိုက် ပါတော့တယ်။

“ဘာလို့ ဒီမှော်ပညာကို ရင်းနှီးနေရတာပါလိမ့်။”

အယ်မာက ပြောပြောဆိုဆိုနဲ့အိတ်ထဲကနေ ဟောင်းနွေးနေတဲ့ သားရေစာအုပ်တစ်အုပ်ကို ထုတ်လိုက်ပါတယ်။ မြေကျောင်းတော် မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အရိပ်စာအုပ်တစ်အုပ်ပါပဲ။ ကျောင်းတော်တိုင်းရဲ့အယ်ဒါတွေမှာ ဒီစာအုပ်တွေရှိကြပြီး သူတို့ဘဝတစ်လျှောက်လုံး သင်ယူခဲ့သမျှကို နောက်မျိုးဆက်တွေ သင်ယူနိုင်ဖို့ချရေးကြတယ်။ အချိန်တန်တဲ့အခါမှာတော့ နောက်မျိုးဆက်ဆက်ခံသူအတွက် သင်ထောက်ကူတစ်ခုလိုမျိုး ဖြစ်လာပါတော့တယ်။

“ပရိုပင်ကိုး....” အယ်မာက မှော်နှင်တံကိုဝေ့ယမ်းလိုက်ပြီးတော့ တီဗွီရီမုကို ချိန်လိုက်တယ်။ တီဗွီရီမုက တစ်ချက်တုန်ခါသွားပြီး စားပွဲပေါ်မှာ ချာချာလည်သွားပြီ။ ဘက်ထရီအဖုံးကို ဖွင့်ကြည့်တဲ့ အခါမှာတော့ ပြာမှုန့်တွေပဲကျန်ရစ်တော့တယ်။

“ဒီအတိုင်းဆိုရင် လွှတ်ထားပေးလို့မဖြစ်တော့ဘူး။ တကယ့်ကို အန္တရာယ်များတာပဲ။”

အယ်မာက သူ့ကိုယ်ပိုင် မှော်ဆရာသေတ္တာကို ဆွဲဖွင့်လိုက်တယ်။ ပြီးတဲ့နောက်တော့ ပြာမှုန့်တွေကို စားပွဲအလယ်မှာပုံလိုက်ပြီး ကလျာဏီပင်ရောနှောထားတဲ့ သန့်စင်ပြီးဆားနဲ့ တြိဂံဇောက်ထိုးပုံ စည်းကို ဖန်တီးလိုက်တယ်။ ပြီးတဲ့အခါမှာတော့ ကြည်လည်တောက်ပနေတဲ့ သဘာဝခရစ်စတယ်ဖန်လုံးကို ပြာမှုန်တွေပေါ်မှာညီညာအောင်တင်လိုက်ပြီး ဂါထာတစ်ပုဒ်ကို စတင်ရွတ်ဆိုပါတော့တယ်။

“ အို... တယ်ရာမွန်တာ... ကွာဆီယန် ဗီယန်... လူးကပ်မွန်းစတာ...”

ရုတ်တရက်ပြာမှုန့်တွေက ထပ်မံလောင်ကျွမ်းသွားပြီး လေထုထဲမှာ အခိုးအငွေ့တွေအဖြစ်နဲ့ပြောင်းလဲပြီး သလင်းကျောက်ဖန်လုံးရဲ့ စုပ်ယူမှုကိုခံလိုက်ရတယ်။ နောက်တော့ ကြည်လင်နေခဲ့တဲ့ သလင်းကျောက်ဟာ စတင်နောက်ကျိလာခဲ့ပြီးနို့နှစ်ရောင် အခိုးအငွေ့တွေနဲ့ပြည့်နှက်လာခဲ့တယ်။ အယ်မာက အဲဒီဖန်လုံးကို အနည်းငယ်စိုက်ကြည့်ပြီးချိန်မှာတော့ ဖန်လုံးထဲမှာပုံရိပ်တချို့ စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။

“အဲဒီနေရာလား... အရင်ဆုံး သွားကြည့်လိုက်တာ ကောင်းမယ်နဲ့ တူတာပဲ။”

အယ်မာက ချက်ချင်းပဲ တိုက်ခန်းကနေ ပြန်ထွက်လာခဲ့တယ်။ ဓာတ်လှေကားကထွက်ပြီး ကားပါကင်ကိုရောက်တော့ လက်ထဲမှာ ကားသော့ကိုလှည့်ကစားရင်း ကားတံခါးလော့ကို ဖြေတယ်။ မကြာခင်မှာပဲ ဖို့ဒ်ကားက လူပြတ်တဲ့လမ်းတစ်ခုထဲကိုဝင်ရောက် သွားခဲ့ပါပြီ။

အယ်မာက ကားပေါ်ကနေဆင်းပြီးတော့ အဆောက်အဦးတစ်ခုကို လှမ်းကြည့်လိုက်တယ်။ အိုဟောင်းနေတဲ့ အိမ်ဟောင်းတစ်လုံးပါ။ လူနေတဲ့အရိပ်အယောင်မတွေ့ရဘူး။ အယ်မာရဲ့နှုတ်ခမ်းတွေက ကွေးညွှတ်သွားခဲ့ပြီး ဖုန်းဆီကိုလက်ရောက်သွားခဲ့တယ်။

“မြန်မြန်အကြောင်းကြားလိုက်တာကောင်းမယ်...”

ဖောက်...

ရုတ်တရက် အယ်မာ့လက်ထဲကဖုန်းက ပေါက်ကွဲထွက်သွားတယ်။ အဲဒီအရှိန်ကြောင့် အယ်မာဒူးထောက်ကျသွားပြီး သူ့ကမှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ ဒါပေမဲ့သူ့ခန္ဓာကိုယ်က ထိန်းချုပ်မရဘဲ လေထဲကိုမြောက်တက်လာခဲ့ကာ တစ်နေရာကိုရွေ့သွားခဲ့တယ်။ ဂျာကင်အင်္ကျီအထူကြီးဝတ်ထားပြီး မျက်နှာမှာနှာခေါင်းစည်း တပ်ထားတဲ့သူရှေ့ရောက်သွားချိန်မှာတော့ ရပ်တန့်သွားခဲ့ပါပြီ။

အဲဒီလူက သူ့ရဲ့လက်အိတ်ဝတ်ထားတဲ့လက်ကို မြှောက်ထားပြီး လေထုထဲကအယ်မာကို ဆုပ်ကိုင်ထားသလိုမျိုး ပြုမူနေခဲ့တာ။ အဲဒီနောက် အယ်မာကိုကြည့်လိုက်ပြီး....

“ဒီအထိတောင် ခြေရာခံလိုက်နိုင်ခဲ့တာပဲ။ တော်လိုက်တာ။ ငါက နင့်ကိုလိုက်ရှာဖို့လုပ်နေတာ၊ အပင်ပန်းခံစရာတောင် မလိုတော့ဘူးပဲ။”

ဝုန်း….

အယ်မာက မှော်နှင်တံနဲ့တိုက်ခိုက်ဖို့ကြိုးစားပေမဲ့ ရန်သူက လက်ကိုဖြန့်လိုက်တယ်။ အယ်မာမြေကြီးပေါ်ကိုပြုတ်ကျသွားပြီး တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်နေပြန်တယ်။ ရန်သူက သိပ်ကိုအင်အားကြီးလွန်းတယ်လို့ခံစားလာရပြီး သူ့မျက်လုံးထဲက လူရိပ်က စတင်ပြီးနှစ်ထပ်ဖြစ်လာတယ်။

“မဟုတ်ဘူး… အခုငါရှုံးသွားလို့မဖြစ်သေးဘူး။” အယ်မာက ထရပ်လိုက်တယ်။ ဒါပေမဲ့ရန်သူက တစ်ချက်လက်ယမ်းတာနဲ့ လက်ထဲကမျှော်နှင်တံ လွင့်စင်သွားခဲ့ပြီး လူကိုယ်တိုင်ပါ နံရံတစ်ခုနဲ့ရိုက်မိအောင် ပစ်လွှတ်ခံလိုက်ရတယ်။

“ကလေး… နင့်အမေက အသုံးမကျခဲ့ဘူးပဲ။” အယ်မာက ရန်သူကို ကြည့်လိုက်ပြန်တယ်။ ပုံရိပ်နှစ်ခုထပ်သွားပြီးနောက်မှာတော့ ဦးထုပ်ဝိုင်းကိုဆောင်းထားပြီး တုတ်ကောက်နဲ့လမ်းလျှောက်နေတဲ့ ရော့ဝဲလ်ကိုသာ သူမြင်ရတော့တယ်။ တစ်ကိုယ်လုံးတုန်ယင်နေခဲ့ပြီး ခုခံဖို့အင်အားမရှိတော့ဘူး။

“အားနည်းတဲ့သူတွေက အဲဒီနတ်ဘုရားခန္ဓာကို ထိန်းသိမ်းထားဖို့ မထိုက်တန်ဘူး။ အားနည်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်။”

“ငါလုပ်မှကိုဖြစ်မယ့် အရာတစ်ခုအတွက် အဲဒီနတ်ဘုရားခန္ဓာကို လိုအပ်တယ်။” ဦးထုပ်ဝိုင်းနဲ့လူ၊ ရော့ဝဲလ်က သူ့ရဲ့ဖြစ်တည်မှုနဲ့ ဝိညာဥ်ရဲ့ နက်ရှိုင်းတဲ့အတွင်းပိုင်းထိ နစ်ဝင်နေတဲ့ ဒီစကားတွေကို ပြောခဲ့ဖူးတယ်။

ကြောက်ရွံစိတ်က ခန္ဓာကိုယ်ကိုဖုံးလွှမ်းသွားပြီးတဲ့အခါတိုင်းမှာ အယ်မာရဲ့စိတ်က အတိတ်ကိုပြန်ရောက်သွားပြီး လက်တွေ့ဘဝကို လုံးဝမေ့လျော့သွားတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ အရာအားလုံးကို မေ့လျော့သွားပြီး အတိတ်ရဲ့ဒဏ်ရာတွေထဲမှာပဲ ပိတ်လှောင်ခံထား ရပါတော့တယ်။ အယ်မာပေါင်နှစ်ခုပူးကပ်သွားပြီးတဲ့နောက် မျက်ရည်တွေကျဆင်းလာခဲ့ပြီး ကလေးတစ်ယောက်လို စတင် အော်ဟစ်ငိုယိုမိတော့တာပဲ။

နှာခေါင်းစည်းနဲ့သူက လက်ကိုဝေ့ယမ်းလိုက်တယ်။ မကြာခင်မှာပဲ နှင်းဖုံးလွှမ်းနေတဲ့ လမ်းမပေါ်မှာ ရေအိုင်တစ်ခု ဖြစ်လာခဲ့တယ်။

…

“ငါ့မြေးကို ပြန်လွှတ်ပေးပါ။” ကျွန်မတို့ရှေ့မှာထိုင်နေတဲ့ အဖွားက လေသံမာမာနဲ့နက်ဆန်ကို ပြောခဲ့တာပါ။ ဒီအဖွားနဲ့အဖွဲ့က ကျွန်မတို့ ဆိုင်ကနေထွက်ခါနီးမှရောက်လာခဲ့တာ။

အပြင်က သလင်းကျောက်အမိုးခုံးနံရံကြီးကလည်း သူတို့လက်ချက် ဆိုလားပဲ။ နက်ဆန်ပြောတာတော့ မြေကျောင်းတော်ကတဲ့။ ကျွန်မနက်ဆန်ကိုကြည့်တော့ နက်ဆန်က နောက်ပြောရမယ့်စကားကို သေချာရွေးနေပုံရပြီးတော့ မျက်လုံးကိုခဏမှိတ်ထားကာ ပြန်ဖွင့်လိုက်ပါတယ်။

“တောင်တန်းသခင်မ၊ ဘာဖြစ်ခဲ့လဲဆိုတာ ကျုပ်မသိဘဲနဲ့ ပြဿနာတစ်ခုကို ကျုပ်ဘယ်လိုဖြေရှင်းရမှာလဲ။”

နက်ဆန်ပြောသလိုပဲ ကျွန်မကိုယ်တိုင်လည်း ဒီအဖွားနဲ့ အဖွားနောက်မှာရပ်နေတဲ့ လူနှစ်ယောက် ဘာကြောင့် ရောက်လာမှန်းကိုမသိတာ။ ဟုတ့်တယ်၊ အခုကျွန်မတို့နဲ့ ဆန့်ကျင်ဘက်ခုံမှာထိုင်နေတာက စုစုပေါင်းလူသုံးယောက်။

အလယ်ကခုံ၊ နက်ဆန်နဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတာက ရီတာ ဘယ်လာဝှစ်ဆိုတဲ့ အသက်ရှစ်ဆယ်ကျော် အဖွားအိုတစ်ယောက်ပါ။ အရိပ်ထဲမှာရှိနေတဲ့ ပါစီဗယ်ပြောပြတာတော့ မြေကျောင်းတော်ရဲ့ အယ်ဒါတဲ့လေ။ သူ့ဆံပင်တွေအားလုံးက ဖြူဖွေးနေပြီးတော့ မီးခိုးရောင်ဆံပင်ဆိုလို့ ညာဖက်ထောင့်နားလေးမှာပဲကျန်တာ။ ဒါက သူ့နတ်တစ်ပိုင်းဖြစ်ကြောင်းပြယုဂ်ထင်တာပဲ။

ညာဘက်ခုံ၊ မိုနီကာနဲ့မျက်နှာချင်းဆိုင်မှာတော့ အသက်လေးဆယ် လောက်ရှိပုံရတဲ့ မျက်နှာမှာအမာရွတ်တွေနဲ့လူကြီးထိုင်နေပါတယ်။ သူ့ကိုတော့ ဘယ်သူမှန်းကျွန်မမသိဘူး။ ဒါပေမဲ့အယ်ဒါနဲ့ အတူတူလာတာဆိုတော့ အားနည်းမယ်မထင်ဘူး။ ဆီနိတ်တာ တစ်ယောက်ယောက်ထင်တာပဲ။

တတိယတစ်ယောက်ဖြစ်ပြီး ကျွန်မနဲ့မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့သူကတော့ ဆယ်ကျော်သက်အရွယ်ကောင်မလေး တစ်ယောက်ပါ။ သူ့မျက်လုံးတွေက ပတ္တမြားလိုမျိုးနီရဲနေပြီး စုတ်ဖွာနေတဲ့ ချယ်ရီရောင်ဆံပင်ရှည်တွေရှိတယ်။ ပြုံးထားပြီး မျက်နှာက ပြီးပြည့်စုံလွန်းတာကြောင့် အရုပ်မလေးလိုပဲ။

အဲ… တကယ့်အရုပ်မလို့ပြောရမလား။ သူ့လက်တွေမှာက သာမန်အဆစ်တွေအစား ရုပ်သေးတွေမှာတွေ့ရတဲ့အဆစ်မျိုး ဖြစ်နေတာရယ်။ ဝတ်စားဆင်ယင်ပုံက ကျောင်းသူလေးလိုမျိုး စကတ်ဝတ်ထားပြီး ဖဲပြားပါတဲ့ရှပ်အင်္ကျီပေါ်မှာ မှော်ဆရာ ဂျာကင်အတိုကိုဝတ်ထားတာ။ အသားအရေကအစ တကယ့် အရုပ်မအတိုင်းပဲ။ လည်ပင်းမှာတော့ သက်တံရောင် ဖြာထွက်နေတဲ့ ပတ္တမြားလည်ဆွဲတစ်ခုရှိနေတယ်။

“မသိချင်ယောင်ဆောင်နေတာလား…. တကယ်မသိတာလား။” အဖွားရီတာကထပ်မေးတော့ နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပြီး…

“ကျုပ်တကယ်မသိဘူး။”

ကျွန်မလည်းပဲ ခေါင်းကိုညိတ်ပြလိုက်ပြီး ဝင်ပြောဖြစ်တာပေါ့။ “အဖွားရေ၊ တကယ်က အဖွားမြေးက ဘယ်သူလဲတောင် ကျွန်မတို့မသိပါဘူး။”

အဖွားရီတက ကျွန်မကိုသဘောမကျဟန်နဲ့ကြည့်လိုက်တယ်။ လူကြီးတွေ စကားပြောနေတာကို ဝင်မပါနဲ့ဆိုတဲ့ပုံစံမျိုး။ ဒါကြောင့် ကျွန်မဇက်ကိုပုထားမိတာပေါ့။

“ညအရှင်၊ ဒီကောင်မလေးက…”

“ အမှောင်ကျောင်းရဲ့စိန့်ပီတာဇဘတ်မြို့တော် ဆီနိတ်တာပါ။ တာဝန်ထမ်းဆောင်ရမယ့်အစား လျှောက်သွားနေလို့ ဖမ်းလာပြီး တာဝန်ထမ်းဆောင်မယ့်နေရာကို လိုက်ပို့ပေးနေတာ… အား…”

နက်ဆန်က ကျွန်မတို့ခရီးစဥ်အစစ်ကို တစ်ဖက်လူမသိအောင် လုပ်ဇာတ်ထိုးပြီးပြောနေတာမှန်းသိပေမဲ့ သူ့ပြောနေတဲ့ပုံစံက ကျောင်းမတက်ချင်တဲ့ကလေးကို ကျောင်းလိုက်ပို့နေသလိုမျိုး ဖြစ်နေတာလေ။ အဲဒါနဲ့ ခုံအောက်ကနေ သူ့ခြေထောက်ကို ဆောင့်နင်းလိုက်တယ်။

မိုနီကာကတော့ ကျွန်မတို့ဖြစ်နေတာကိုကြည့်ပြီး နှုတ်ခမ်းကိုလက်နဲ့ ဖုံးကွယ်လိုက်ရင်း ခိုးရယ်နေတယ်။ အဖွားရီတကတော့ ကျွန်မတို့ နှစ်ယောက်လုံးကို မျက်လုံးမှေးကြည့်လိုက်ပြီး

“ကာအယ်… အကြားအမြင်မှော်ဖန်လုံးကိုထုတ်လိုက်။”

“ဟုတ်…” မျက်နှာမှာအမာရွတ်နဲ့ဆီနိတ်တာကြီးက သဘာဝ သလင်းကျောက်နဲ့လုပ်ထားတဲ့ ဖန်လုံးတစ်လုံးကိုထုတ်လိုက်ပြီး ကျွန်မတို့ရှေ့မှာချပြတယ်။ ဖန်လုံးထဲမှာ နို့နှစ်ရောင်အခိုးအငွေ့တွေ စီးဆင်းနေပြီးတော့ ပုံရိပ်တချို့ကိုပြသနေတာ။

“နေစမ်းပါဦး…” ကျွန်မလည်း ဖန်လုံးနားကိုကပ်ပြီး ကြည့်လိုက်တယ်။ မနေ့က ကျွန်မတို့နဲ့အယ်မာတို့မြစ်ကမ်းနားမှာ စကားပြောနေတဲ့ မြင်ကွင်းမဟုတ်လား။

“မဟုတ်မှလွဲရော… အယ်မာက အဖွားရဲ့မြေးလား။ ပြီးတော့ အဖွားက သမီးတို့သူ့ကို ဖမ်းထားတယ်လို့ ထင်နေတာလား။”

အဖွားရီတက ခေါင်းညိတ်ပြတယ်။ ကာအယ်ဆိုတဲ့သူကတော့ “ကျုပ်တို့သခင်မလေးက ဒီမြို့ကိုပြန်ရောက်လာတာ မကြာသေးဘူး။ သူကျုပ်တို့ကို မျက်နှာချင်းမဆိုင်ရဲလို့ လာမတွေ့ခဲ့ပေမဲ့ ကျုပ်ကတော့ ဖန်လုံးနဲ့အမြဲစောင့်ကြည့် နေခဲ့တာပါ။ ပထမတော့မမလေးက ခင်ဗျားတို့ဆီကနေ ထွက်လာပြီး အိမ်ပြန်ရောက်လာတယ်။ အဲဒီနောက် အိမ်ကနေ ပြန်ထွက်သွားပြီး တစ်နေရာအရောက်မှာ ဖန်လုံးကဘာမှ ဆက်မပြတော့ဘူး။ ကျုပ်သွားကြည့်တော့ တိုက်ခိုက်ထားတဲ့ အရိပ်အယောင်ကိုပဲတွေ့ရပြီး မမလေးကိုမတွေ့ရတော့ဘူး။”

တကယ်ကြီးလား။ အယ်မာက မြေမှော်အသုံးပြုသူမှန်း ကျွန်မသိပေမဲ့ မြေကျောင်းတော်အယ်ဒါရဲ့မြေးဖြစ်နေ ခဲ့တာပဲ။ ပြောခါမှ အယ်မာက သူ့နောက်နာမည်နဲ့တစ်ခါမှ မိတ်မဆက်ခဲ့ဖူးဘူး။

“ဒါပေမဲ့ ဘာလို့ရှင်တို့သခင်မလေးက ရှင်တို့နဲ့အဆက်အသွယ် မလုပ်ရတာလဲ။”

ကျွန်မစပ်စုချင်စိတ်ပြင်းပြလာပြီးမေးလိုက်ပေမဲ့ ဖြေတဲ့သူက အဖွားရီတမဟုတ်ဘဲ မိုနီကာဖြစ်နေတယ်။

“ဒီလောက်သိသာနေတာကို နင်မတွေးမိဘူးလား။ အမှောင်ကျောင်းရဲ့ဆီနိတ်တာဟောင်းရော့ဝဲလ်က အယ်မာရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ယူခဲ့တဲ့သူပဲဖြစ်လိမ့်မယ်။ နတ်တစ်ပိုင်း တစ်ယောက်အတွက် နတ်ခန္ဓာဆုံးရှုံးသွားတာက သေတာထက် ဆိုးတဲ့အရာတစ်ခုပဲ။ ခွန်အားနဲ့ဆက်ခံသူရာထူးကို ဆုံးရှုံးရမယ့်အပြင် နတ်ခန္ဓာကိုမစောင့်ရှောက်နိုင်တဲ့ အားနည်းတဲ့သူဆိုပြီး ခွဲခြားဆက်ဆံခံရတော့မှာပဲ။”

အဖွားအိုရီတက တုန်ယင်နေတဲ့လက်နှစ်ဖက်ကိုအတူတကွ ဆုပ်ကိုင်လိုက်ပြီး “အဲဒီအတိုင်း အတိအကျဖြစ်ခဲ့တာပဲ။ တစ်နေ့တော့ ငါ့မြေးက တခြားသူတွေလှောင်ပြောင်တာကို မခံနိုင်တော့ဘဲ အိမ်ကနေထွက်ပြီး ကောင်းကျိုးမပေးတဲ့ အစိုးရအဖွဲ့ထဲဝင်ခဲ့တာ။”

“အဲဒါတွေအကုန်လုံး နင့်ကြောင့်ပဲ… နင်တို့က သူ့ဘဝကို ယူသွားပြီးပြီ။ အခုသူ့ဆီက ဘာလိုချင်ပြန်ပြီလဲ။” အဖွားရီတရဲ့လေသံက ပိုပြင်းထန်လာတယ်။ ဆီနိတ်တာ ကာအယ်ရော ဆယ်ကျော်သက်ကောင်မလေးကပါ ကျွန်မတို့ကို တိုက်ခိုက်ဖို့ပြင်လိုက်တယ်။

ကာအဲလ်ကို သဲတွေက မြွေနဂါးတစ်ကောင်လို ဝန်းရံထားပြီးတေည့ ကောင်မလေးရဲ့လည်ဆွဲကနေ သလင်းကျောက်ဓားတစ်ခု ထွက်လာပြီးကျွန်မလည်ပင်းကို ထောက်ထားလိုက်တယ်။

“ငါ့မြေးကိုပြန်မပေးရင် နင်ရောနင့်လူတွေရော ဒီမြို့ကနေ ထွက်သွားဖို့မစဥ်းစားနဲ့ညအရှင်။ ဘာပဲပေးဆပ်ရပေးဆပ်ရ နင့်ကိုငရဲဘုံကိုးထပ်မှာ လောင်ကျွမ်းနေရအောင်လုပ်ပစ်မယ်။”

နက်ဆန်ကတော့ တုန်လှုပ်နေပုံမရဘဲ ပြောလိုက်တယ်။ “ဒီကိစ္စက တကယ်ပဲ ကျုပ်နဲ့မဆိုင်ဘူး။ လက်ရှိအယ်မာစုံစမ်းနေတဲ့အမှုနဲ့ ပတ်သက်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ညအရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အာမခံပြီး သူ့ကိုရှာပေးပါ့မယ်။”

အဖွားရီတကတော့ ခေါင်းကိုမော့ပြီး ကမ္ဘာပေါ်မှာရယ်စရာ အကောင်းဆုံးဟာသတစ်ခုကို နားထောင်လိုက်ရသလိုမျိုး ရယ်ပြန်တယ်။

“ဟားဟား… နင်တို့အမှောင်ကျောင်းတော်ရဲ့ဂုဏ်ပုဒ်က ဘာမှသုံးစားလို့ရတာမဟုတ်ဘူး။ ဒီလိုလုပ်ရအောင်၊ ကောင်မလေးနှစ်ယောက်ကို ဒီအဖွားကြီးလက်ထဲမှာထားခဲ့။ နှစ်ဆယ့်လေးနာရီအတွင်း ငါ့မြေးကိုရှာမတွေ့ရင်ပဲဖြစ်ဖြစ် ငါ့မြေးတစ်ခုခုဖြစ်တာပဲဖြစ်ဖြစ် သူတို့အသေပဲ။”

“ဟင်….ဘယ်လိုလုပ်ပြီး ကျွန်မတို့က အပေါင်ပစ္စည်း ဖြစ်သွားရတာလဲ။” ကျွန်မနားကိုကျွန်မ မယုံနိုင်ဖြစ်နေပြီ။ မကြာဘူး၊ ဆီနိတ်တာကာအယ်က မှော်နှင်တံကိုလှုပ်လိုက်တော့ ကျွန်မနဲ့မိုနီကာကို သဲမြွေနဂါးက ဖမ်းချုပ်ထားပြီးနေပြီ။

“ဟဲ့… ဟဲ့… ငါက စကူးဘတ်မင်းသမီးနော်။ နင့်ရွံစရာကောင်းတဲ့ သဲတွေနဲ့ ငါ့ကိုမထိနဲ့။ အကုန်ညစ်ပတ်ကုန်ရင် ဒါလင့်နားကို ဘယ်လိုလုပ်သွား…” မိုနီကာကအော်ဟစ်ပြီးဆန့်ကျင်ပေမဲ့ ကာအယ်က သူ့ပါးစပ်ကိုပါသဲတွေနဲ့ဖုံးထားလိုက်တာမလို့ နားညည်းသက်သာသွားရော။

နက်ဆန်က ကျွန်မတို့ကိုကူညီချင်ပေမဲ့ နေ့ဘက်ဖြစ်နေတာမလို့ ဓားမြှောင်နှစ်လက်ကို ဆင့်ခေါ်နိုင်ရုံပဲ ရှိခဲ့ပါတယ်။ အဖွားရီတက ပြုံးလိုက်ပြီး…

“ကြည့်ရတာ မင်းမှာရွေးစရာမရှိတဲ့ပုံပဲ။ မင်းကို လွတ်လွတ်လပ်လပ်ရှာခိုင်းထားတာကိုအသုံးချပြီး ထွက်ပြေးမယ်တော့ မကြံနဲ့နော်။ ဒေါ်ရသီ….”

“ဟုတ်….” အရုပ်မလေးက နက်ဆန်နောက်ကိုလျှောက်သွားပြီး ရပ်နေလိုက်တယ်။ သူ့မျက်နှာက ပြုံးနေတုန်းပါပဲ။ အဖွားရီတက နက်ဆန်ကိုကြည့်လိုက်ပြီးတော့ ပြောလိုက်ပြန်တယ်။

“ ဒေါ်ရသီက ငါကိုယ်တိုင်ဖန်တီးထားတဲ့ အသိဉာဏ်ရှိ စက္ကောမရုပ်ပဲ။ ပြဒါးရှင်ကျောက်တုံးနဲ့တွဲထားတာဖြစ်လို့ ဘယ်လောက်ထိခိုက်ထိခိုက် မှော်စွမ်းအင်ရှိနေသမျှ ပြန်ကောင်းလာနိုင်တယ်။ တိုက်ခိုက်နိုင်စွမ်းကလည်း အားမနည်းဘူး။ သူက မင်းနောက်ကလိုက်ပြီး စောင့်ကြည့်နေလိမ့်မယ်။”

“ဪ….” နက်ဆန်က တစ်ခွန်းပဲပြောလိုက်ပြီး သူ့အရိပ်ထဲကနေ ပါစီဗယ်ထွက်လာတယ်။

“ဒါဆိုရင်ကျုပ်ကလည်း ကျုပ်လူတွေကို ခင်ဗျားထိခိုက်အောင် မလုပ်နိုင်အောင် အစောင့်ထားခဲ့လို့ရမလား။”

“ရတယ်…” အဖွားရီတက ခွင့်ပြုလိုက်တယ်။

ဒါပေမဲ့ ကျွန်မကတော့ ပါစီဗယ်ကို ကျွန်မတို့နဲ့အတူထားခဲ့မယ့် ကိစ္စကိုသဘောမတူချင်ဘူး။ အခုနက်ဆန်မှာက မော်လီအပါအဝင် တခြားလက်နက်အဖြစ်ပြောင်းနိုင်သူတွေမရှိဘူး။ သရဲစုံတွဲက အဲဒီလောက်အားကောင်းတာမှမဟုတ်တာ။ သူ့အတွက် အန္တရာယ်ရှိနိုင်တယ်။

“နက်ဆန်… ရှင်ပါစီဗယ်ကိုခေါ်သွား… သူ့ကိုရှင်လိုတယ်… ဝူး…” ကျွန်မအော်ပြောလိုက်ပေမဲ့ သဲတွေကကျွန်မပါးစပ်ကို ဖုံးအုပ် သွားပြန်တယ်။ နက်ဆန်ကတော့ ဒေါ်ရသီနဲ့အတူဆိုင်ပြင်ကို သွားနေပါပြီ။

“ပါစီဗယ်… ဆယ်ဗီကို စိတ်ချထားခဲ့မယ်နော်။”

“ ငါ့ရဲ့မင်းသမီးလေးကို မဲ့တစ်ပေါက်တောင်မစွန်းအောင် ကာကွယ်မှာမလို့ မင်းငါ့ကိုပြောစရာတောင်မလိုဘူး။”

အဲဒီနောက်တော့ သူတို့ကျွန်မမြင်ကွင်းကနေ ပျောက်ကွယ် သွားပါတော့တယ်။

All Chapters