အခန်း (၂၀၅၁)
Vol. 146 Ch. 2051
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ တိုက်ပွဲကို ကြည့်ရှုနေကြသော ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ကြည့်ကာ အချိန်အတော်ကြာသည် အထိ စကားမပြောနိုင် ဖြစ်နေခဲ့ကြသည်။
ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးပါး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်အတွက် အနိုင်ရရန်အခွင့်အရေး လုံးဝမရှိဟု သူတို့ ထင်ခဲ့ကြသော်လည်း ကျန်းချန် ပြသခဲ့သည့် တိုက်ခိုက်ရေးစွမ်းအားသည် သူတို့စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ငါးယောက် တစ်ယောက် ရင်ဆိုင်ရသော်လည်း ထိုလူငယ်လေးသည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးဦးကို အသာစီးကနေ တိုက်ခိုက်နိုင်ခဲ့သည်။
ထို့အပြင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်တွင်သာ ရှိနေသေး၏။
ဤမျှအထိ ကြောက်မက်ဖွယ် အစွမ်းထက်သော ကောင်းကင်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်မျိုး သူတို့တစ်ခါမှ မတွေးဖူးပေ။
“ဒီကမိတ်ဆွေ.. ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ကိစ္စက ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းရဲ့ ဆန္ဒကြောင့် မဟုတ်ပါဘူး.. ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းက မင်းနဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း တို့ရဲ့ ကြားမှာ ဝင်ရောက် မစွက်ဖက်တော့ဘူးလို့ ကတိပေးပါတယ်”
ပင်းယွမ်နတ်ဘုရားက သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးနောက်တွင် ထိတ်လန့်နေသော အမူအရာဖြင့် ကျန်းချန်ကို ပြောဆိုလိုက်သည်။
ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား ၁၀မျိုးကို ခံစားမိပြီးနောက်တွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်တရာ အားကောင်းလိမ့်မည်ဟု ခန့်မှန်းခဲ့သော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်ဟု ပင်းယွမ် ကောင်းကင်အရှင် မထင်ထားခဲ့ပေ။
ဤကဲ့သို့ သေရေးရှင်ရေးအချိန်တွင် ပင်းယွမ် ကောင်းကင်အရှင်သည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ မျက်နှာကို ဂရုမစိုက်အားတော့ပေ။
သူက ပြတ်ပြတ်သားသားပင် အရှုံးပေးရန် ရွေးချယ်ခဲ့သည်။
ထိုကောင်လေးသည် သူတို့လို ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ ငါးပါးကို အလွယ်တကူပင် အနိုင်ယူခဲ့ပြီး ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကို သူတို့ လုံးဝ ခုခံနိုင်မည်မဟုတ်ချေ။
“ပင်းယွမ်ကောင်းကင်အရှင်.. မင်းတို့က ငါတို့ကို ကူရွှယ်သောင်းကို ရှာဖွေရာမှာ အကူအညီပေးမယ်လို့ ကတိပေးခဲ့တယ်.. မင်းတို့ ဒီကိစ္စမှာ နောက်ဆုတ်နေဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ့တို့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက မင်းကို အလွှတ်ပေးမှာမဟုတ်ဘူး”
ပင်းယွမ် ကောင်းကင်အရှင်၏ စကားကိုကြားလျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါးသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့ကြပြီး ပင်းယွမ်ကောင်းကင်အရှင်ကို ခြိမ်းခြောက် ပြောဆိုလိုက်သည်။
အစောပိုင်းက သူတို့ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးပါး ပူးပေါင်း တိုက်ခိုက်ခဲ့ကြသော်လည်း ကျန်းချန်ကို လုံးဝ အသာစီး မရရှိခဲ့ကြပေ။
အကယ်၍သာ ပင်းယွမ် ကောင်းကင်အရှင်တို့ သုံးပါးသာ နောက်ဆုတ်သွားခဲ့လျှင် သူတို့ နှစ်ဦးတည်းဖြင့် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ပင်းယွမ် ကောင်းကင်အရှင်က ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါး၏ ခြိမ်းခြောက်မှုကို ဂရုမစိုက်ခဲ့ပေ။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက အလွန်တရာ အစွမ်းထက်ပြီး နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သော်လည်း အဆုံးသတ်တွင် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ အဖွဲ့အစည်း မဟုတ်သည့် အတွက် သူတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
ဆိုရလျှင် သူတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းကို စော်ကားမိလျှင်ပင် လွတ်မြောက်ရန်လမ်း ရှိပါသေးသည်။
သို့သော် ကျန်းချန်၏ ရန်သူအဖြစ် ဆက်လက် ရှိနေလျှင်မူ ရွှယ်ရွှမ်း အဖွဲ့အစည်းသည် ရှေးဟောင်းမြို့တော်ကနေ အမှန်တကယ်ပင် ပျောက်ကွယ်သွားရလိမ့်မည် မဟုတ်ပါလား။
ပင်းယွမ် ကောင်းကင်အရှင်က သူတို့ကို လျစ်လျူရှုရန် ရည်ရွယ်ထားသည်အား မြင်လျှင် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်နှစ်ပါး၏ မျက်နှာထက်၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်တရာပင် အစွမ်းထက်သော်လည်း ရွှယ်ရွှမ်း အဖွဲ့အစည်းမှ ကောင်းကင်အရှင်များနှင့် ပူးပေါင်း၍ အသေခံ တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး ရှိနိုင်ပါသေး၏။
ယခု ပင်းယွမ် ကောင်းကင်အရှင်က နောက်ဆုတ်တော့မည်ဖြစ်ရာ သူတို့ နှစ်ဦးတည်းဖြင့် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ထိုသို့ စဥ်းစားမိသည်နှင့် နှစ်ဦးစလုံးသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ရှေးဟောင်းမြို့တော်ကနေ ထွက်ပြေးခဲ့ကြသည်။
“ထွက်ပြေးချင်တယ်လား.. ငါ့ဆရာကို လိုက်လံ ရှင်းလင်းရဲမှတော့ မင်းတို့ရဲ့အသက်ကို ငါ့ဆီမှာ ထားခဲ့ရလိမ့်မယ်”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ခုနစ်စဥ်ကြယ်၏ နောက်ဆုံး ကြယ်နှစ်ပွင့် စွမ်းအားကို ချက်ချင်းပင် လှုံ့ဆော်လိုက်ရာ ကြောက်မက်ဖွယ် ကြယ်ဓားစွမ်းအင်သည် ကောင်းကင်ကနေ ဆင်းသက်လာခဲ့ပြီး ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါးထံ သက်ရောက်သွားခဲ့သည်။
ကြယ်ဓားစွမ်းအင်မှ အရှိန်အဝါသည် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင် နှစ်ပါးကို ချက်ချင်းဆိုသလိုပင် ထိန်းချုပ်လိုက်ပြီး လှုပ်ရှား၍ မရအောင် ဖြစ်စေခဲ့သည်။
နှစ်ဦးစလုံးက နယ်မြေနတ်ဘုရား၏ မူလရင်းမြစ် စွမ်းအားကို အပြည့်အဝ လှုံ့ဆော်ကာ သူတို့၏ ခန္ဓာကိုယ်ကို ကာကွယ်ထားကြသော်လည်း ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့် ထုတ်ဖော်ထားသော နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း၏ စွမ်းအားကို ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦးသည် မည်ကဲ့သို့ ခံနိုင်ရည် ရှိပါအံ့နည်း။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့၏ အကာအကွယ်သည် ကြယ်ဓားစွမ်းအင် အောက်တွင် လုံးဝကို ပျက်စီးသွားခဲ့သည်။
“အား..”
အကာအကွယ်အလွှာ ပျက်စီးသွားပြီးနောက်တွင် ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေသော နာကျင်စွာ အော်ဟစ်သံသည် ပတ်ဝန်းကျင်တွင် ပျံ့လွင့်လာခဲ့သည်။
ကြယ်ဓားစွမ်းအင်က နှစ်ဦးစလုံး၏ ခန္ဓာကိုယ်ကို တို့ဟူးကဲ့သို့ ပိုင်းဖြတ်သွားခဲ့သည်။
၎င်းတို့၏ ခန္ဓာကိုယ်ထံမှ ဝိညာဥ်များပင် ထွက်ပြေးဖို့ အချိန်မရလိုက်ဘဲ ကြယ်ဓားစွမ်းအင်အောက်တွင် ပျက်စီးသွားခဲ့သည်။
“ဓားကွက်တစ်ကွက်တည်းနဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ နှစ်ပါးကို သတ်ဖြတ်လိုက်တယ်လား.. တကယ်ကို သန်မာလွန်းတာပဲ”
မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ ကျင့်ကြံသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။
ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရသည်မှာ ထိုကောင်လေး အတွက် အလွန်တရာပင် လွယ်ကူနေပုံရ၏။
ဤကဲ့သို့သော စွမ်းအားမျိုးသည် ကောင်းကင်နတ်ဘုရားအဆင့် ကောင်လေး တစ်ယောက် ထံတွင် အမှန်တကယ် ရှိနေခဲ့သည်။
ယင်းက မည်မျှပင် ကောင်းကင်ကို ဆန့်ကျင်နေသည့် တည်ရှိမှုနည်း။
ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ နှစ်ဦးကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ စူးရှသော အကြည့်သည် ပင်းယွမ် ကောင်းကင်အရှင်နှင့် အခြားသူများ ဆီသို့ ကျရောက်သွားခဲ့သည်။
“ကျန်းချန်.. မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ကိုတောင် ဆန့်ကျင်နေတယ်လို့ ပြောလို့ရပေမဲ့ ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းက ရှေးဟောင်းမြို့တော်မှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ အဖွဲ့အစည်းပဲ"
"ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းက မင်းအနေနဲ့ အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ အဖွဲ့အစည်းမဟုတ်ဘူး.. ငါတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းနဲ့ မင်းနဲ့ကြားမှာလည်း နက်ရှိုင်းတဲ့ရန်ငြိုး မရှိတဲ့အတွက် သူသေကိုယ်သေ တိုက်ခိုက်ဖို့အထိ မလိုအပ်ဘူးလို့ ငါထင်တယ်.. ငါတို့နှစ်ဖက်လုံး ပြေလည်မှု ရယူလိုက်ရင် ပိုမကောင်းဘူးလား”
ပင်းယွမ် ကောင်းကင်အရှင်သည် ကျန်းချန်၏ အကြည့်ကို ခံစားမိပြီးနောက်တွင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်သည် ရွှယ်ရွှမ်းအဖွဲ့အစည်းမှ အကြီးအကဲလေးဦးကို သတ်ဖြတ်ပြီး ရွှေနေကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကို ပေါက်ကွဲစေခဲ့ကာ ရွှယ်ရွှမ်း အဖွဲ့အစည်းကို များစွာ ဆုံးရှုံးစေခဲ့သည်။
သို့ရာတွင် ထိုဆုံးရှုံးမှုသည် ရွှယ်ရွှမ်းအဖွဲ့အစည်း ခံနိုင်ရည်ရှိသည့် အတိုင်းအတာထဲတွင် ရှိနေပါသေးသည်။
သို့သော်လည်း ကျန်းချန်နှင့်သာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် ပို၍ ကြီးလေးသော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည် ဖြစ်၏။
ရွှယ်ရွှမ်းအဖွဲ့အစည်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် နှစ်သန်းပေါင်းများစွာ ရပ်တည်ခဲ့သော အင်အားစု ဖြစ်ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူကို မပိုင်ဆိုင်ထားလျှင်ပင် အစွမ်းထက် ဝှက်ဖဲအချို့ကို ပိုင်ဆိုင်ထားခဲ့၏။
သို့ရာတွင် ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် အမှန်တကယ်ပင် အလွန်တရာ မြင့်မားနေခဲ့သည်။
ရွှယ်ရွှမ်းအဖွဲ့အစည်းသည် သူတို့၏ ဝှက်ဖဲများကို အသုံးပြုပြီး ကျန်းချန်ကို အနိုင်ယူနိုင်ခဲ့လျှင်ပင် သူတို့၏ ခွန်အားကို အလွန်အမင်း ထိခိုက်စေမည် ဖြစ်ပြီး ရှေးဟောင်းမြို့တော်ရှိ သူတို့၏ အဆင့်အတန်းကို ဆုံးရှုံးစေမည်မှာ သေချာသလောက်ပင်။
ထိုအချိန်သို့ ရောက်လျှင် ရွှယ်ရွှမ်းအဖွဲ့အစည်းသည် အခြားသော အဖွဲ့အစည်းများ၏ သိမ်းပိုက်ခံရနိုင်သည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ထို့ကြောင့် ပင်းယွမ် ကောင်းကင်အရှင်သည် ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်ရမည့် အခြေအနေမျိုးအထိ မလိုချင်ခဲ့ပေ။
ကျန်းချန်က ပင်းယွမ်နတ်ဘုရားကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
“ဒါဆိုရင် မင်းတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းအနေနဲ့ ငါ့ရဲ့သတင်းကို မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးဆီ ဖြန့်ပေးပါ”
ကျန်းချန်က ပင်းယွမ် ကောင်းကင်အရှင်နှင့် အခြားသူများကို ဆက်လက် တိုက်ခိုက်ခြင်းမပြုခဲ့ပေ။
ရွှယ်ရွှမ်း အဖွဲ့အစည်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ကို နှစ်ပေါင်းများစွာ လွှမ်းမိုးနိုင်ခဲ့ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှ မဟာနတ်မျိုးနွယ်စု ရှစ်စုပင် သူတို့ကို အနည်းငယ် ရှိန်ခဲ့ကြသည်။
ထို့အပြင် ရွှယ်ရွှမ်းအဖွဲ့အစည်းတွင် အစွမ်းထက် ဝှက်ဖဲအချို့ရှိမည်မှာ သေချာသလောက်ပင်။
ကျန်းချန်က လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ရွှယ်ရွှမ်း အဖွဲ့အစည်းတွင် ဝှက်ဖဲတချို့ ရှိနေခဲ့လျှင်ပင် မကြောက်ရွံ့ပေ။
သို့သော် ရွှယ်ရွှမ်းအဖွဲ့အစည်းနှင့် သူနှင့်ကြားမှ သဘောထားက ပျော့ပျောင်းသွားပြီ ဖြစ်ရာ ကျန်းချန်သည် ရွှယ်ရွှမ်းအဖွဲ့အစည်းကို ဖျက်ဆီးဖို့ အထိ မလိုအပ်တော့ချေ။
ယနေ့တွင် သူက ရွှယ်ရွှမ်းအဖွဲ့အစည်းကို တစ်ကိုယ်တော်ရောက်လာပြီး ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူငါးဦးနှင့် ရင်ဆိုင်ခဲ့သည်။
သူက ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အကြီးအကဲများကို သတ်ဖြတ်ခဲ့သည်သာမက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်နှစ်ပါးကိုပါ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သောကြောင့် သူ၏ သတင်းသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးကို တုန်လှုပ်စေရန် လုံလောက်နေပြီ ဖြစ်၏။
ထို့ကြောင့် ရွှယ်ရွှမ်းအဖွဲ့အစည်းကို တိုက်ခိုက်နေမည့် အစား မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ထိုသတင်းကို ပိုမိုမြန်ဆန်စွာ ဖြန့်ဝေပေးရန် ရွှယ်ရွှမ်း အဖွဲ့အစည်း၏ စွမ်းအားကို အသုံးပြုသည်က ပိုမို ကောင်းမွန်သည် မဟုတ်ပါလော။
အချိန်တန်လျှင် သူ့ဆရာသည် ထိုသတင်းကို ရရှိပြီး သူ့ဆီသို့ ပိုမိုမြန်ဆန်စွာ လာရောက် ရှာဖွေနိုင်လိမ့်မည် ဖြစ်၏။
“ကောင်းပါပြီ.. ငါအခုပဲ ဒီသတင်းကို ချက်ချင်း ဖြန့်ခိုင်းလိုက်မယ်”
ပင်းယွမ် ကောင်းကင်အရှင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
သူ၏ရင်ထဲတွင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။
ကျန်းချန်သည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်နိုင်သောကြောင့် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ကံကောင်းစွာဖြင့် ထိုကောင်လေးသည် သူတို့ ရွှယ်ရွှမ်းအဖွဲ့အစည်းနှင့် အဆုံးသတ်ထိ ရင်ဆိုင်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း မရှိခဲ့ပေ။
သို့မဟုတ်လျှင် ရွှယ်ရွှမ်းအဖွဲ့အစည်းသည် ယနေ့တွင် မကြုံစဖူး ကြီးလေးသော ထိခိုက်မှုမျိုးကို ခံစားရပေလိမ့်မည်။
ပင်းယွမ် ကောင်းကင်အရှင်ထံမှ စကားကိုကြားလျှင် ကျန်းချန်သည် ပင်းယွမ် ကောင်းကင်အရှင်ကို လျစ်လျူရှုကာ ဤနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ဒေါသတကြီး ကြုံးဝါးသံတစ်သံသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ ကောင်းကင်ယံတွင် ပေါက်ကွဲ၍ ထွက်လာခဲ့သည်။
“ကျန်းချန်ဆိုတဲ့ကောင် ဘယ်မှာလဲ.. မြန်မြန်ထွက်လာခဲ့စမ်း”
အခန်း(၂၀၅၁)ပြီး၏။