အခန်း (၂၀၅၂)
Vol. 146 Ch. 2052
ဒေါသတကြီးကြုံးဝါးသံက မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်၏ အထက် ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့ပြီး မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ လူတိုင်းကို တစ်ခဏမျှ မှင်တက်သွားစေခဲ့သည်။
အစောပိုင်းတွင် ကျန်းချန်သည် ကောင်းကင်အရှင်အဆင့်ကျင့်ကြံသူ ငါးဦးကို တစ်ဦးတည်း ရင်ဆိုင်ကာ ကြောက်မက်ဖွယ် စွမ်းအားများကို ပြသခဲ့သည်။
ရွှယ်ရွှမ်း အဖွဲ့အစည်းကဲ့သို့ မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ ထိပ်တန်း အင်အားစုသည်ပင် ကျန်းချန်နှင့် ရင်ဆိုင် အတွေ့၌ ခေါင်းငုံ့ရန်သာ ရွေးချယ်ခဲ့ရသည်။
ဤကဲ့သို့သော အချိန်တွင် ကျန်းချန်ကို ပြဿနာရှာရဲသည်အထိ မည်သူက သတ္တိရှိနေပါမည်နည်း။
လူတိုင်းက အံ့သြ တုန်လှုပ်သွားကြပြီး အသံလာရာ ဆီသို့ ခေါင်းမော့ကာ ကြည့်လိုက်ကြသည်။
အဝေးရှိ ကောင်းကင်ယံကနေ အနက်ရောင် အလင်းများ လွှမ်းခြုံနေသော အနက်ရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်သို့ တန်းတန်းမတ်မတ် လာနေသည်ကို အားလုံးက မြင်တွေ့လိုက်ရသည်။
ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအို ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါသည် ရှေးဟောင်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ကျင့်ကြံသူ အများအပြားသည် အနက်ရောင်ဝတ် အဘိုးအို၏ အရှိန်အဝါအောက်တွင် ၎င်းတို့၏ စိတ်ဝိညာဥ်များ တုန်ယင်နေသည်ဟု ခံစားခဲ့ရသည်။
“ဒါက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ မဟုတ်လား”
“အမှန်ပဲ.. ဒီအဘိုးအိုက သာမန် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ မဟုတ်ဘူး.. ငါ့ ခန့်မှန်းချက်မမှားဘူးဆိုရင် ဒီအဘိုးအိုက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်တဲ့ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ပဲ ဖြစ်ရမယ်”
‘လက်စသတ်တော့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ဖြစ်နေတာကိုး.. ဒီလူရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်ကိုတောင် ရောက်နေခဲ့ပြီ.. သူ့ရဲ့ခွန်အားက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးမှာတောင် ထိပ်ဆုံးငါးဦး စာရင်းထဲ ပါဝင်ဖို့ လုံလောက်တယ်.. ဘာလို့ သူက ကျန်းချန်ကို ပြဿနာလာရှာရတာလဲ”
“........”
လူတိုင်းသည် ရှေးဟောင်းမြို့တော်၏ အထက် ကောင်းကင်ယံတွင် ထွက်ပေါ်လာသော ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်ဝန်းများတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြ၏။
ယခု ထိပ်တိုက် ရင်ဆိုင်နေသော လူနှစ်ဦးတွင် တစ်ဦးမှာ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူနှစ်ဦးကို ဆက်တိုက်ဆိုသလို သတ်ဖြတ်ပစ်ကာ ရွှယ်ရွှမ်း အဖွဲ့အစည်းကိုပင် ခေါင်းငုံ့စေခဲ့သော တုနှိုင်းမဲ့ပါရမီရှင် တစ်ဦးဖြစ်ပြီး နောက်တစ်ဦးကမူ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စုရှစ်စုထဲမှ တစ်စု ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးစု၏ ခေါင်းဆောင် ဖြစ်သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ရှေးဟောင်းမြို့တော်၏ အထက် ကောင်းကင်ယံတွင် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ထို့နောက်တွင် စိတ်ဝိညာဥ်ကိုပင် တုန်လှုပ်စေလောက်သည့် သူ၏ အေးစက်စက် အသံသည် ကောင်းကင်ယံတွင် တစ်ဖန် ပျံ့နှံ့လာခဲ့သည်။
“ကျန်းချန်.. မင်းက ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှာ မင်းကို လာရှာခိုင်းထားတယ် မဟုတ်လား.. အခု ငါရောက်လာခဲ့ပြီ”
ထိုစကားကိုကြားလျှင် ကျန်းချန်က ခြေတစ်လှမ်း လှမ်းလိုက်ရာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်နှင့် ပေတစ်ထောင်အကွာအဝေးတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။
သူက သူ့ရှေ့မှ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို အေးစက်စက်ကြည့်ကာ ပြောလိုက်၏။
“အဘိုးကြီး...ငါ ကွေးယွီရှန်းကို ခိုင်းခဲ့ပေမဲ့ မင်းက တကယ်ပဲ ငါ့လက်ထဲမှာ အသေခံဖို့ အတွက် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ဆီ အပြေးလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
“ဟမ့် ကျန်းချန်.. မင်းက ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ ကြီးကျယ်တဲ့ အစီအစဥ်ကို ဖျက်ဆီးပစ်ခဲ့တယ်.. မင်းက ငါတို့ကို စိန်မခေါ်ခဲ့ရင်တောင် ငါတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မင်းကို အလွှတ်ပေးဖို့ အစီအစဥ်မရှိဘူး.. ဒီနေ့ မင်းငါ့လက်ထဲမှာ မုချသေစေရမယ်”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ဒေါသတကြီး ကြုံးဝါးလိုက်ပြီးနောက်တွင် ကြောက်မက်ဖွယ် ဝိညာဥ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ကာ ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားခဲ့သည်။
လူတိုင်းသည် ရှေးဟောင်းမြို့တော်၏ အထက် ကောင်းကင်ယံတွင် အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းသည့် ရှေးဟောင်းနတ်ဆိုးတစ်ပါး ဆင်းသက်လာသလို ခံစားခဲ့ရသည်။
ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်၏ စွမ်းအားသည် ကျယ်ပြောလှသော သမုဒ္ဒရာ ကဲ့သို့ ရှေးဟောင်းမြို့တော် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ရှေးဟောင်းမြို့တော်အတွင်းရှိ ကျင့်ကြံခြင်းအဆင့် အားနည်းသော ကျင့်ကြံသူများသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဥ်စွမ်းအားအောက်တွင် သေဆုံးသွားခဲ့ကြပြီး နယ်မြေနတ်ဘုရား အများစု၏ မျက်နှာထက်တွင်လည်း ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ထိုမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်၏ ဖိအားနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။
သူက ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
“အဘိုးကြီး ငါနောက်ဆုံး တစ်ခေါက် ထပ်ပြောမယ်.. မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုကို မပျက်သုဥ်းချင်ဘူး ဆိုရင် ငါ့ကို ပြဿနာ လာမရှာတာ အကောင်းဆုံးပဲ”
“ခွေးမသား.. သေခါနီးတာတောင် ငါ့ကို ခြိမ်းခြောက်ရဲတယ် သွားသေလိုက်စမ်း”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
ထို့နောက်တွင် သူက ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ နက်မှောင်သော ဓားရှည်တစ်လက်သည် လေထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။
ထိုဓားချက်က အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းပြီး ရှေးဟောင်းမြို့တော် အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးကိုပင် စိတ်ဝိညာဥ်စွမ်းအား ပင်လယ် အဖြစ်သို့ ပြောင်းလဲသွားစေခဲ့၏။
အနက်ရောင်ဓားအလင်းက ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်ကာ နေရာလွတ်အက်ကြောင်း တစ်ခုကဲ့သို့ မယုံကြည်နိုင်လောက်သော အမြန်နှုန်းဖြင့် ကျန်းချန်ဆီ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
“ဒါက ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုရဲ့ နာမည်ကျော် နတ်ဘုရင်အဆင့် နည်းစနစ် ဖြစ်တဲ့ မဟာဝိညာဥ်ဖျက်ဆီးကောင်းကင်ဓားသိုင်းပဲ”
မျက်စိရှင်သူ အချို့က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ထုတ်ဖော်လိုက်သော နည်းစနစ်ကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်ကြသည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်သော ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် သမိုင်းကြောင်း ရှည်လျားသော မျိုးနွယ်စု တစ်စု ဖြစ်၏။
ရှေးခေတ်ကာလက မဟာကပ်ဘေးကြီး ဖြစ်ပေါ်လာပြီးနောက်တွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေသည် ထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ကာ နတ်ဘုရင်အဆင့် ကျင့်ကြံသူများ မွေးဖွားခဲ့ခြင်း မရှိတော့ပေ။
သို့သော်လည်း နတ်ဘုရင်အဆင့်နှင့် ပတ်သက်သည့် လက်နက်များနှင့် နည်းစနစ်များကမူ ရှိနေပါသေး၏။
ယခု ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ထုတ်ဖော်လိုက်သော မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓား နည်းစနစ်သည်လည်း နတ်ဘုရင်အဆင့် နည်းစနစ်များထဲမှ တစ်ခု ဖြစ်သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ကောင်းကင်အရှင်အထွတ်အထိပ်အဆင့် ခွန်အားနှင့် ထိုနတ်ဘုရင်အဆင့်နည်းစနစ်ကို ပေါင်းစပ်လိုက်မည် ဆိုလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးမှာပင် ယှဥ်ပြိုင်နိုင်သူ လက်ချိုးရေတွက်၍ပင် ရ၏။
ရှင်းလင်းစွာ ဆိုရလျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ထုတ်ဖော်လိုက်သော ဓားချက်သည် ယခင်က ကောင်းကင်အရှင်ငါးပါး ပူးပေါင်းတိုက်ခိုက်သည်ထက်ပင် ပို၍ အစွမ်းထက်၏။
ဤအချိန်တွင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့ကြသည်။
ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသော ပြိုင်ဘက်ကင်းပါရမီရှင် ကျန်းချန်သည် ၎င်း၏ မရှုံးနိမ့်နိုင်သည့် ဒဏ္ဍာရီကို ဆက်လက် ရေးသားနိုင်ပါမည်လော။
ကျန်းချန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားကို တားဆီးနိုင်မနိုင် သူတို့ သိချင်နေခဲ့ကြသည်။
“ဒီလောက်လေးပဲလား”
ကျန်းချန်က လှောင်ပြုံး ပြုံးလိုက်ပြီး မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားသိုင်းကို အမှုမထားဘဲ ရေရွတ်လိုက်သည်။
ထို့နောက်တွင် သူက လက်ညှိုးထိပ်မှ ဓားစွမ်းအားကို ထုတ်ဖော်လိုက်ရာ ရောင်စုံဓားစွမ်းအားသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားကို ထိမှန်သွားခဲ့သည်။
“ဝုန်း..”
ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မဟာဝိညာဥ်ဖျက်ဆီးကောင်းကင်ဓားသည် ကျန်းချန်၏ ဓားစွမ်းအားအောက်တွင် ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်ကို အားလုံးက မြင်လိုက်ရ၏။
“အရမ်းကို အစွမ်းထက်လွန်းတာပဲ”
လူအများက အံ့အားသင့်နေကြပြီး အတော်လေး ထိတ်လန့်နေခဲ့ကြသည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် နတ်ဘုရင်အဆင့် နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း ကျန်းချန်၏ လက်ထဲတွင် အလွယ်တကူပင် ရှုံးနိမ့်သွားခဲ့ရသည်။
ဤကဲ့သို့သော စွမ်းအားမျိုးသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လွန်းနေခဲ့၏။
“ဒီကောင်လေးက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေတဲ့ ကောင်းကင်နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ”
သူ့ရှေ့မှ အခြေအနေကို ကြည့်ကာ ပင်းယွမ် ကောင်းကင်အရှင်သည် စိတ်ထဲတွင် တုန်လှုပ်နေသော်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူက ကျန်းချန်နှင့် ရန်သူလုပ်ရန် မရွေးချယ်မိခဲ့ပေ။
သို့မဟုတ်လျှင် သူ၏ ရွှယ်ရွှမ်း အဖွဲ့အစည်းသည် အမှန်တကယ်ပင် အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါလော။
“မင်းက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်ဖြတ်ထားတဲ့ ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။
သူ၏ နက်မှောင်သော မျက်စိသူငယ်အိမ်ထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။
ကောင်းကင်နတ်ဘုရား အဆင့်တွင် လမ်းစဥ် ၉မျိုး၏ ကမ္ဘာ့စွမ်းအားသည် အဆုံးစွန်သောအဆင့် ဖြစ်သည်။
ဤသည်မှာ နတ်ဘုရားနယ်မြေ၏ သံမဏိဥပဒေသ တစ်ခုဆိုလည်း မမှားပေ။
ရှေးကာလကတည်းကပင် ထိုသံမဏိဥပဒေသကို မည်သူကမှ မချိုးဖျက်နိုင်ခဲ့ပေ။
ထိုအချိန်က အမှောင်ဝိညာဥ် ကောင်းကင်အရှင် အသတ်ခံခဲ့ရသည်မှာ ကျန်းချန်က အမှောင်ဝိညာဥ် ကောင်းကင်အရှင်ကို သတ်ဖြတ်ရန် အတွက် နတ်ဘုရင်အဆင့်၏ အစွမ်းထက်နည်းစနစ် အချို့ကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်မည်ဟု သူထင်ခဲ့သည်။
ယခုအခါတွင်မူ သူ၏ ခန့်မှန်းချက်သည် လုံးဝကို မှားယွင်းနေခဲ့ပြီ ဖြစ်သည်။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် လမ်းစဥ် ၉မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသော အဆင့် ဖြစ်ပြီး ကောင်းကင်အရှင် နှင့်ပင် ယှဥ်တိုက်နိုင်သော အဆင့် ဖြစ်သည်။
သူ့ရှေ့မှ လူငယ်ကမူ လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူတော်စင် ကောင်းကင်နတ်ဘုရားထက်ပင် သာလွန်သော အဆင့်ကို ရောက်ရှိနေသည့် ကောင်းကင်ကို ဆန့်ကျင်နေသော ပါရမီရှင် ဖြစ်၏။
အခန်း(၂၀၅၂)ပြီး၏။