← Chapters

အခန်း (၂၀၅၃)

Vol. 146 Ch. 2053

အခန်း (၂၀၅၃)

Vol. 146 Ch. 2053

“အဘိုးကြီး မင်းအသိနောက်ကျသွားခဲ့ပြီ.. ဒီအခြေအနေအထိရောက်လာမှတော့ မင်းရဲ့ အသက်ကို ငါ့ဆီမှာ ထားခဲ့လိုက်တော့”

ကျန်းချန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို မထီမဲ့မြင်ပြုံးကာ ပြောဆိုလိုက်သည်။

သူက လမ်းစဥ် ၁၀မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး သူတော်စင် နတ်ဘုရားအဆင့်ကို ကျော်လွန်သွားခဲ့သည့် နောက်ပိုင်းတွင် သူ၏ တိုက်ခိုက်ရေး စွမ်းအားကို အကုန်အစင်မထုတ်ဖော်ခဲ့ရပေ။

ယခု သူ့ရှေ့မှ အဘိုးအိုသည် ကောင်းကင်အရှင်အထွတ်အထိပ် အဆင့်ကျင့်ကြံသူ ဖြစ်သည့် အပြင် အလွန်ခိုင်မာသော အခြေခံအုတ်မြစ်လည်း ရှိ၍ သူ၏ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ရန် အတွက် အကောင်းဆုံးပြိုင်ဘက် တစ်ယောက် ဆိုလည်း မမှားပေ။

ထို့ကြောင့် ကျန်းချန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို အသုံးချကာ သူ၏ တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ချင်နေခဲ့ခြင်းပင်။

“ဝိညာဥ်ငြိမ်းသတ်ခြင်းစည်းတံဆိပ်”

ကျန်းချန်က ဆန်းကြယ်သော လက်ဟန်များကို ထုတ်ဖော်ကာ လူသားဧကရာဇ် စည်းတံဆိပ်၏ ပထမဆုံးစည်းတံဆိပ် ဖြစ်သော ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ကောင်းကင်ယံတွင် ကြီးမား‌သော အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် ရှေးဟောင်း မှော်စည်းတံဆိပ်တစ်ခုကဲ့သို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်ယံကို ရှုပ်ထွေးစေကာ တောင်တန်းနှင့် မြစ်ချောင်းများကိုပင် ဗြောင်းဆန်စေခဲ့သည်။

ကျန်းချန်၏ စည်းတံဆိပ်ကို မြင်လျှင် ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

“လောကဖျက်ဆီးဝိညာဥ်ပင်လယ်”

သူက နယ်မြေနတ်ဘုရား၏ မူလရင်းမြစ် စွမ်းအားကို လောကကိုပင် ဖျက်ဆီးနိုင်သော ဝိညာဥ်ပင်လယ် အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်အား ပိတ်ဆို့လိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်သည် မူလကတည်းကပင် ဝိညာဥ်လမ်းစဥ် စွမ်းအားများ၏ ရန်သူ ဖြစ်သည်။

ထို့ကြောင့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ဝိညာဥ်ပင်လယ်သည် အနက်ရောင် စည်းတံဆိပ်အောက်တွင် ချက်ချင်းဆိုသလို ပြိုလဲသွားခဲ့သည်။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကလည်း တုန်ယင်သွားခဲ့ပြီး ကောင်းကင်ယံကနေ ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

“ကျူးရှန်းစည်းတံဆိပ်”

ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်ကို တစ်ကွက်တည်းဖြင့် နောက်ဆုတ်စေခဲ့ပြီးနောက်တွင် ကျန်းချန်သည် ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်ကို အသက်ရှူဖို့ပင် အခွင့်အရေး မပေးခဲ့ပေ။

သူက ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်ကို ထပ်မံ တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

တုန်လှုပ်ဖွယ်စွမ်းအင် ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းသည် မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော် အထက် ကောင်းကင်ယံ တစ်ခုလုံးကို ရှုပ်ထွေးသွားစေခဲ့သည်။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် ကျူးရှန်းစည်းတံဆိပ်ဖြင့် ထပ်မံ ထိုးနှက်ခံလိုက်ရပြီး နောက်သို့ တစ်ဖန် ဆုတ်သွားခဲ့ရသည်။

သူက ခန္ဓာကိုယ်ဟန်ချက်ကို ကောင်းစွာ မထိန်းချုပ်နိုင်ခင်မှာပင် ကျန်းချန်သည် တတိယမြောက်စည်းတံဆိပ် ဖြစ်သည့် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ပြန်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ထိတ်လန့်သွားခဲ့ပြီး အကာအကွယ်အလွှာကို အလျင်အမြန် စုစည်းလိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ထိုအကာအကွယ်အလွှာကို ချက်ချင်းပင် ကြေမွသွားစေခဲ့ပြီး ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို သက်ရောက်သွားခဲ့သည်။

“ဖူး..”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ပေထောင်ချီအကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်မှ လူတိုင်းသည် ထိုမြင်ကွင်းကိုမြင်လျှင် မှင်တက်နေခဲ့ကြပြီး ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူငါးဦး ထဲတွင် တစ်ဦး အပါအဝင်လည်း ဖြစ်၏။

ဤကဲ့သို့ အစွမ်းထက် ကျင့်ကြံသူကိုပင် ကျန်းချန်သည် စည်းတံဆိပ် သုံးခုတည်းဖြင့် အနိုင်ယူခဲ့သည်။

“ဒါ.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ဒါက လမ်းစဥ် ၁၀မျိုးရဲ့ တကယ့် စွမ်းအားလား.. တကယ်ကို ကြောက်စရာပဲ”

ကျန်းချန်ကို စိုက်ကြည့်နေရင်း ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

လမ်းစဥ် ၁၀ပါး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်အရှင်အထွတ်အထိပ် အဆင့်ကို လုံးဝ ကျော်လွန်သွားခဲ့သည်။

သူက ကျန်းချန်၏ ရှေ့တွင် ခုခံနိုင်စွမ်း လုံးဝမရှိခဲ့ပေ။

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ထုတ်ကာ အထဲမှ ရွှေရောင်သွေးစက် တစ်စက်ကို လျင်မြန်စွာ မျိုချလိုက်သည်။

“ဝုန်း..”

ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်က ထိုအဆီအနှစ် သွေးတစ်စက်ကို မျိုချလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဥ်စွမ်းအားများသည် လျင်မြန်စွာပင် မြင့်တက်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် နတ်စွမ်းအားသည် ပတ်ဝန်းကျင်တွင် ပျံ့နှံ့လာခဲ့သည်။

ထိုစွမ်းအားကို ခံစားမိလျှင် ကျင့်ကြံသူ အများအပြားသည် တုန်လှုပ်သွားခဲ့ကြသည်။

ဤအချိန်တွင် အမြင်စူးရှသော ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ တစ်ဦးက လေးနက်စွာ ပြောလိုက်၏။

“ဒါက နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ သွေးအဆီအနှစ်ပဲ ဖြစ်ရမယ်”

“နတ်ဘုရင်အဆင့်၏ သွေးအဆီအနှစ်” ဟူသောစကားကို ကြားလျှင် လူတိုင်းသည် အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့ကြသည်။

နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ အဆီအနှစ် သွေးတစ်စက်သည် အစွမ်းထက် မှော်ဆေးဝါး အများစုထက်ပင် အဆပေါင်းများစွာ ပို၍ အဖိုးတန်သည်။

ထို့အပြင် နတ်ဘုရင်သွေးအဆီအနှစ် တစ်စက်စီတိုင်းတွင် နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများလည်း ပါဝင်နေ၏။

နတ်ဘုရင်သွေးအဆီအနှစ်သည် ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူကို နတ်ဘုရင်အဆင့်အား ထိုးဖောက်ရာတွင် အကူအညီများစွာ ဖြစ်စေသည့် အပြင် သွေးစွမ်းအားနှင့် ပါရမီကိုပါ ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။

ပို၍ ထူးခြားသော အချက်မှာ နတ်ဘုရင် သွေးအဆီအနှစ်ကို တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်ခြင်းပင်။

ဆိုရလျှင် သေရေးရှင်ရေး အခြေအနေနှင့် ပတ်သက်သော အရေးကြီးသည့် အချိန်တွင် နတ်ဘုရင် သွေးအဆီအနှစ် တစ်စက်ကို မျိုချလိုက်သည်နှင့် ထိုသွေးအဆီအနှစ် တစ်စက်သည် ပုံမှန် တိုက်ခိုက်ရေးစွမ်းအားထက် အဆပေါင်းများစွာ သာလွန်သောစွမ်းအားကို ထုတ်ဖော်ပေးနိုင်မည် ဖြစ်သည်။

မှန်ပါသည်။ နတ်ဘုရင်သွေးအဆီအနှစ် ကဲ့သို့ အဖိုးတန်ရတနာကို ပုံမှန်အားဖြင့် မည်သူကမှ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် မျိုချမည် မဟုတ်ပေ။

သို့သော်လည်း ကောင်းကင်ကိုပင် ဆန့်ကျင်နေသော တုနှိုင်းမဲ့ပါရမီရှင် ဖြစ်သည့် ကျန်းချန်နှင့် ရင်ဆိုင်ရချိန်တွင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် နတ်ဘုရင် သွေးအဆီအနှစ် တစ်စက်ကို မဖြစ်မနေ အသုံးပြုရန် လိုအပ်လာခဲ့ချေပြီ။

“ကျန်းချန်.. မင်းက ငါ့ကို နတ်ဘုရင်အဆင့် သွေးအဆီအနှစ်တစ်စက် အသုံးပြုဖို့အတွက် ဖိအားပေးနိုင်ခဲ့လို့ မင်းကိုယ်မင်း ဂုဏ်ယူဖို့ လုံလောက်နေပြီ”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။

“မင်းက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ အဆုံးစွန် ကန့်သတ်ချက်ကို ကျော်လွန်ပြီး လမ်းစဥ် ၁၀ပါးရဲ့ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားရင်တောင် ဒီနေ့ မင်းအတွက် သေဖို့ တစ်လမ်းပဲ ရှိတယ်”

နတ်ဘုရင်အဆင့် အဆီအနှစ် သွေးတစ်စက်တွင် နတ်ဘုရင်အဆင့်၏ စွမ်းအား အနည်းငယ် ပါဝင်နေသည် ဖြစ်ရာ လက်ရှိအချိန်တွင် သူက စစ်မှန်သော နတ်ဘုရင်အဆင့်နှင့် မယှဥ်နိုင်လျှင်ပင် သာမန်ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်၏ စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေခဲ့ပြီ မဟုတ်ပါလော။

“သေစမ်း..”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က တုံ့ဆိုင်းမနေခဲ့ဘဲ မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားကို တစ်ဖန် ပြန်လည်စုစည်းကာ ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။

ဤတစ်ခေါက် ဓားချက်သည် ယခင် ထုတ်‌ဖော်လိုက်သော ဓားချက်ထက် ၁၀ဆကျော် ပို၍ အစွမ်းထက်၏။

ဓားချက်က အလွန်တရာပင် အစွမ်းထက်လွန်းပြီး အချိန်နှင့်နေရာလွတ်ကို ထိုးဖောက်သွားခဲ့သည်။

“နတ်ဘုရင် သွေးအဆီအနှစ်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က နတ်ဘုရင်သွေးအဆီအနှစ်ကို မျိုချပြီးနောက်တွင် ထုတ်ဖော်လိုက်သည့် ကြောက်ဖွယ်မက်ရာ ကောင်းသော စွမ်းအားကို ခံစားမိလျှင် ကျင့်ကြံသူများသည် အသက်ရှူရပ်မတတ်ပင် ထိတ်လန့်သွားခဲ့ကြသည်။

သူတို့၏ အကြည့်များက ကျန်းချန်၏ ကိုယ်ပေါ်သို့ စုပြုံ၍ ကျရောက်နေခဲ့ကြ၏။

ဤတစ်ကြိမ်တွင်လည်း ကျန်းချန်က အံ့ဖွယ် ကိစ္စရပ်များကို ဖန်တီးကာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ သွေးအဆီအနှစ်ကနေ ကောင်းချီးပေးထားသည့် ဓားချက်ကို တားဆီးနိုင်မနိုင် သိချင်နေခဲ့ကြသည်။

“ဟားဟား ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်.. မင်းက နတ်ဘုရင်ရဲ့သွေးအဆီအနှစ် တစ်စက်ကို မျိုချလိုက်တာနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား.. ဒါက အရမ်းကို စိတ်ကူးယဥ်ဆန်လွန်းသွားပြီ.. မင်းသိထားရမှာက တကယ့် နတ်ဘုရင်အစစ် လာရင်တောင် ငါက လုံးဝ မကြောက်ရွံ့ဘူး ဆိုတာပဲ.. နတ်ဘုရင်ရဲ့သွေးအဆီအနှစ် တစ်စက်လောက်ကတော့ ငါ့အနေနဲ့ စာတောင် မဖွဲ့ဘူး”

စကားဆုံးသည်နှင့် ကျန်းချန်၏ ကျောဘက်တွင် ရွှေရောင်ဓားပုံရိပ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုဓားက လေထုကို လျင်မြန်စွာ ထိုးဖောက်သွားရင်း ဧရာမဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုဓားကနေ ထွက်ပေါ်နေသော ဝိညာဥ်စွမ်းအားများသည် ကောင်းကင်ယံတွင် ပြည့်နှက်နေခဲ့၏။

“ဖျက်ဆီးစမ်း”

ကျန်းချန်က သူ၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်ကာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ထိုအချိန်တွင် ရှေးဟောင်းမြို့တော် တစ်ခုလုံး၏ အထက်ကောင်းကင်ယံသည် ရုတ်တရက် မှောင်မိုက်သွားခဲ့ပြီး ရှုပ်ထွေးသော လောကကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုလောကထဲတွင် ဧရာမ ရွှေရောင်ဓားနှင့် မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားသည် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့နေခဲ့ကြ၏။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခုသည် ကောင်းကင်ယံတွင် တစ်ခဏမျှ ထိပ်တိုက် ရင်ဆိုင်ပြီးသွားသောအခါ၌ အဆုံးသတ်တွင် ဧရာမ ရွှေရောင်ဓားသည် တဖြည်းဖြည်း အသာစီးရလာခဲ့သည်။

နတ်ဘုရင်သွေးအဆီအနှစ် တစ်စက်ဖြင့် ကောင်းချီးပေးခြင်းကို ခံထားရသည့် မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားသည် ကျန်းချန်၏ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ယှဥ်ပြိုင်နိုင်စွမ်း မရှိသည်မှာ လုံးဝကို ထင်ရှားနေခဲ့သည်။

အဆုံးသတ်တွင် ဧရာမ ရွှေရောင်ဓားသည် မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားကို ကြေမွသွားစေခဲ့ပြီး လေထုကို ဆက်လက် ထိုးဖောက်ကာ ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။

“အား..”

ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထံမှ ဆိုးဆိုးဝါးဝါးအော်ဟစ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ပေထောင်ချီ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး သူလွင့်စင့်သွားသည့် လမ်းကြောင်း တစ်လျှောက်ရှိ နေရာလွတ်များသည် ဆက်တိုက်ဆိုသလို ပျက်စီးသွားခဲ့ရသည်။

အခန်း(၂၀၅၃)ပြီး၏။

All Chapters