အခန်း (၂၀၅၄)
Vol. 146 Ch. 2054
“မဖြစ်နိုင်ဘူး”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က မယုံကြည်နိုင်စွာ အော်ဟစ်ရေရွတ်လိုက်သည်။
ထို့နောက် သူက နတ်ဘုရင်သွေးအဆီအနှစ် တစ်စက်ကို ထပ်မံ မျိုချကာ ကျန်းချန်ကို သတ်ဖြတ်ရန် အတွက် မဟာဝိညာဥ်ဖျက်ဆီး ကောင်းကင်ဓားနည်းစနစ်ကို ထပ်မံ အသုံးပြုခဲ့သည်။
သို့သော်လည်း ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ တိုက်ခိုက်မှုကို ကျန်းချန်သည် လုံးဝ ကြောက်ရွံ့မှု မရှိခဲ့ပေ။
သူက ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်၏ သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်ခဲ့ပြီး ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
“ဝုန်း..”
ကောင်းကင်ယံတွင် ကျယ်လောင်သော ပေါက်ကွဲသံထွက်ပေါ်လာပြီး လေထု တစ်ခုလုံးသည် စွမ်းအင်များဖြင့် ရှုပ်ထွေးသွားခဲ့သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် တစ်ဖန် လွင့်စင်သွားခဲ့ပြီး ခန္ဓာကိုယ်ကလည်း အဆက်မပြတ် ကွဲအက်လာခဲ့သည်။
သူ့ ခန္ဓာကိုယ်မှ ထွက်လာသော သွေးများသည် သူ၏ အနက်ရောင်ဝတ်စုံကိုပင် ကြက်သွေးရောင်နီးပါး အထိ ပြောင်းလဲသွားစေခဲ့သည်။
“အဘိုးကြီး သေဖို့သာ ပြင်ထားလိုက်တော့”
ကျန်းချန်က ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို အသက်ရှူဖို့ပင် အခွင့်အရေးလုံးဝမပေးခဲ့ပေ။
သူက လမ်းစဥ် ၁၀ပါး၏ စွမ်းအားကို လှုံ့ဆော်၍ လက်သီးချက်တစ်ချက်ကို ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထံသို့ ပစ်သွင်းလိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး နတ်ဘုရင်သွေးတစ်စက်ကို နောက်ထပ် မျိုချလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ဖဝါးထဲ၌ မဟာလမ်းစဥ်စွမ်းအားကို ထုတ်လွှတ်နေသည့် အနက်ရောင်တံဆိပ်ပြား တစ်ခု ပေါ်လာခဲ့၏။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို စုစည်း၍ ထိုတံဆိပ်ပြားကို လှုံ့ဆော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော အနက်ရောင်အလင်းတန်းသည် တံဆိပ်ပြားထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လက်သီးချက်ကို ချေဖျက်ပစ်လိုက်သည်။
“ကျန်းချန် မင်းငါ့ကို စောင့်နေပါ.. ငါတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုက မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က ကျန်းချန်၏ တိုက်ခိုက်မှုကို အနက်ရောင်စည်းတံဆိပ်အား လှုံ့ဆော်၍ ချေဖျက်ပြီးနောက်တွင် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်၏ အပြင်ဘက် ဆီသို့ ထွက်ပြေးသွားခဲ့သည်။
လမ်းစဥ် ၁၀ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသည့် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်သည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် စိတ်ကူးထားသည်ထက်ပင် လုံးဝကို ကျော်လွန်နေခဲ့သည်။
သူက နတ်ဘုရင်အဆီအနှစ် သွေးစက်များကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ယခု သူက ကျန်းချန်နှင့် ရင်ဆိုင်ရင်း နတ်ဘုရင်သွေးအဆီအနှစ် သုံးစက်ကို အသုံးပြုခဲ့ရပြီ ဖြစ်၏။
သူသာ အလျင်အမြန် မထွက်ခွာခဲ့လျှင် ယနေ့တွင် ထိုနေရာ၌ အမှန်တကယ် ကျဆုံးသွားနိုင်လောက်သည် မဟုတ်ပါလား။
“မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရဲ့ ထိပ်တန်းအင်အားစုလို့ မပြောရဘူး.. ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှာ ဝှက်ဖဲတွေအများအပြား ရှိနေတာပဲ”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင် ထွက်ပြေးသွားသည်ကိုမြင်လျှင် ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းအင်အားစုများ ဖြစ်သော မဟာနတ်မျိုးနွယ်စု ရှစ်စုတွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မပေါ်ပေါက်သည်မှာ ကြာပြီ ဖြစ်သည်။
သို့သော်လည်း ထိုအင်အားစုများသည် နတ်ဘုရင်အဆင့်နှင့်သက်ဆိုင်သော ရတနာများကို ပိုင်ဆိုင်ထားကြပြီး ၎င်းတို့၏ ခွန်အားသည် သာမန် နယ်မြေနတ်ဘုရား အင်အားစုများထက်ပင် များစွာ သာလွန်၏။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ခေါင်းဆောင် အနေဖြင့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ထံတွင် ဝှက်ဖဲ အများအပြားရှိသည်။
သူ့တွင် နတ်ဘုရင်အဆင့်၏ သွေးအဆီအနှစ် အများအပြားရှိသည် သာမက အနက်ရောင်တံဆိပ်ပြား ကဲ့သို့ နတ်ဘုရင်အဆင့် လက်နက်လည်း ရှိ၏။
ထိုအကြောင်းများကြောင့် ကျန်းချန်သည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို လိုက်လံ မဖမ်းဆီးခဲ့ပေ။
သူက ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သာ သူသေကိုယ်သေ တိုက်ခိုက်လာမည် ဆိုလျှင် အားထုတ်မှုများစွာ ပြုလုပ်ရလိမ့်မည် ဖြစ်၏။
ဤတိုက်ပွဲမှတစ်ဆင့် ကျန်းချန်သည် သူ၏ လက်ရှိ တိုက်ခိုက်ရေး စွမ်းအားကို ယေဘုယျအားဖြင့် နားလည်လာခဲ့သည်။
သူ၏ စွမ်းအားကို အကုန်အစင် ထုတ်သုံးမည်ဆိုလျှင် နတ်ဘုရင်အဆင့်၏ စွမ်းအားတချို့ကို ရင်ဆိုင်နိုင်သော်လည်း စစ်မှန်သော နတ်ဘုရင်ကိုမူ အနိုင်ယူရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ကိစ္စတွေ ပြီးဆုံးသွားရင် အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ်ကျင့်ကြံပြီး နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားရမယ်”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် နတ်ကုန်းမြေတိုက်၏ လူငယ် မျိုးဆက်များထဲတွင် ပြိုင်ဘက် အနည်းငယ်သာ ရှိတော့မည် ဖြစ်၏။
သို့သော်လည်း ဤမျှလောက်သော ခွန်အားသည် သူ့အတွက် မလုံလောက်ပေ။
ဆိုရလျှင် နတ်ကုန်းမြေတိုက်ကြီးတွင် ကျန်းချန်၏ အစွမ်းထက် ပြိုင်ဘက်များစွာ ရှိကြသည်။
တောင်ပံနက် ခွန်ပန်မျိုးနွယ်စု၊ ရှေးဟောင်းသူတော်စင်နဂါးနန်းတော်နှင့် ဝိညာဥ်နတ်ဆိုးဘုရားကျောင်း စသည့် အင်အားစု အားလုံးသည် နတ်ကုန်းမြေတိုက်၏ နာမည်ကျော် အင်အားစုများ ဖြစ်ကြသည်။
ထို့အပြင် မုန့်ချင်းရွှယ်နှင့် ကူဖုန်းအာကို သိမ်းသွင်းထားသည့် ရှေးဟောင်း နတ်ဖီးနစ်မျိုးနွယ်စုနှင့် သူ့ဖခင်နှင့် ပတ်သက်နေနိုင်ဖွယ် ရှိသည့် လူသားဧကရာဇ် နန်းတော်သည်လည်း အလွန်တရာ အစွမ်းထက်သော နတ်ဘုရင် အင်အားစုများ ဖြစ်ကြသည်။
သူ့အနေဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်မှသာလျှင် ထိုနတ်ဘုရင်အင်အားစုများနှင့် ယှဥ်ပြိုင်ရန် စစ်မှန်သော အရည်အချင်း ရှိလာလိမ့်မည် မဟုတ်ပါလော။
သို့သော်လည်း လမ်းစဥ် ၁၁မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ရန်အတွက်မူ ကျန်းချန်သည် လုံးဝ မတွေးတောတော့ပေ။
သူသာ ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ဒဏ္ဍာရီလာ မြေကြီးနတ်သလင်းကျောက်များကို အရေအတွက်များစွာ မရရှိခဲ့လျှင် လမ်းစဥ် ၁၀ပါး၏ ကမ္ဘာ့စွမ်းအားကို ဤမျှလောက်အထိ မြန်မြန်ဆန်ဆန် ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။
လမ်းစဥ် ၁၁ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ချင်သည် ဆိုလျှင် ထိုအချိန်ကထက် ၁၀ဆ ပိုမိုသည့် အခွင့်အလမ်းကို မကြုံတွေ့ရမချင်း သူ၏ ခန္ဓာကိုယ်ထဲတွင် အဆ ၁၀၀ စနစ် ရှိနေလျှင်ပင် မဖြစ်နိုင်သလောက် ဖြစ်၏။
ထိုထက် ပို၍ အရေးကြီးသည်မှာ ကိုယ်ခံပညာလမ်းစဥ်အရေအတွက်ကို ပိုမို ပိုင်ဆိုင်ထားလေ၊ ခွန်အားက ပိုမိုအစွမ်းထက်လေလေ ဖြစ်သော်လည်း အဆုံးသတ်တွင် ယင်းမှာ ကောင်းကင်နတ်ဘုရား အဆင့်သာလျှင် ရှိနေဆဲပင်။
စွမ်းအားအဆင့်အရ ကောင်းကင်နတ်ဘုရားအဆင့်၏ စွမ်းအားသည် နတ်ဘုရင်အဆင့်၏ စွမ်းအားနှင့်ယှဥ်လျှင် များစွာ နိမ့်ကျသည်။
ထိုအကြောင်းကြောင့်ပင် မဟာကောင်းကင်နတ်ဘုရား အများစုသည် နယ်မြေနတ်ဘုရားများနှင့် ယှဥ်ပြိုင်ရာတွင် အသာစီးယူခြင်းကို ခံရလေ့ရှိခြင်း ဖြစ်သည်။
မြေကြီးအရှင်အဆင့်ကို ရင်ဆိုင်နိုင်သည့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်နှင့် ကောင်းကင်အရှင် အဆင့်ကို ရင်ဆိုင်နိုင်သည့် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် တို့သည်လည်း ထို့အတူပင် ဖြစ်၏။
ဤသည်မှာ ကောင်းကင်နတ်ဘုရား အဆင့်နှင့် နယ်မြေနတ်ဘုရားအဆင့်တို့၏ ကြားရှိ စွမ်းအား ကွာဟချက်ကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ ကောင်းကင်နတ်ဘုရား အဆင့်နှင့် နတ်ဘုရင်အဆင့် တို့၏ စွမ်းအားအဆင့် ကွာခြားချက်သည် ပို၍ပင် ဆိုးရွားနိုင်သည် မဟုတ်ပါလား။
သူက လမ်းစဥ် ၁၀ပါး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် နတ်ဘုရင်အဆင့်၏ စွမ်းအားတချို့ကို ကာကွယ်နိုင်ရုံလောက်သာ အစွမ်းရှိသည်။
သူသာ ကောင်းကင်နတ်ဘုရားအဆင့်တွင် ကိုယ်ခံပညာ၏ လမ်းစဥ် ၁၁မျိုးကို ပိုင်ဆိုင်နိုင်ရန် ဆက်လက် ကျင့်ကြံနေမည်ဆိုလျှင် အလွန်တရာ ခက်ခဲမည့်အပြင် နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့သည်လည်း များစွာ ဝေးကွာသွားလိမ့်မည် ဖြစ်၏။
ထို့ကြောင့် ထူးခြားသည့် ကံကြမ္မာနှင့် မကြုံတွေ့ရလျှင် ကျန်းချန်သည် လမ်းစဥ် ၁၀ပါး၏ ကမ္ဘာ့စွမ်းအားဖြင့်ပင် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။
“ပင်းယွမ် ကောင်းကင်အရှင်.. မင်းတို့ ရွှယ်ရွှမ်း အဖွဲ့အစည်းက သတင်းထူးရတာနဲ့ ပိုင်ယွီတည်းခိုခန်းမှာ ငါ့ကို လူလွှတ်ပြီး ရှာလိုက်ပါ”
ကျန်းချန်က ထွက်ပြေးသွားသော ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင်ကို ငေးကြည့်ပြီး နောက်တွင် ပင်းယွမ်ကောင်းကင်အရှင် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူက မရေမတွက်နိုင်သည့် အံ့သြထိတ်လန့်နေသော အကြည့်များအောက်မှာပင် ရွှယ်ရွှမ်းအဖွဲ့အစည်း၏ အထက် ကောင်းကင်ယံကနေ ပျောက်ကွယ်သွားခဲ့သည်။
“ဒီလူက ငါ့ကို ပြဿနာမရှာတာ ငါအတော် ကံကောင်းသွားတာပဲ”
သူ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားသော ကျန်းချန်ကို မြင်လျှင် ပင်းယွမ် ကောင်းကင်အရှင်သည် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် အမှန်တကယ်ကိုပင် ကောင်းကင်ကို အဆုံးစွန်အထိ ဆန့်ကျင်နေခဲ့သည်။
ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ခေါင်းဆောင် ဝိညာဥ်ဖျက်ဆီးကောင်းကင်အရှင် ပင်လျှင် နတ်ဘုရင် သွေးအဆီအနှစ်ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
သူက ကံကောင်းစွာဖြင့် အစောပိုင်းတွင် အရှုံးပေးရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။
သို့မဟုတ်လျှင် သူက ရွှယ်ရွှမ်း အဖွဲ့အစည်း၏ ဝှက်ဖဲများကို အသုံးပြုခဲ့လျှင်ပင် ကျန်းချန်ကို ထိန်းထားနိုင်မည် မဟုတ်လောက်ချေ။
----------------------
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ကနေ ထွက်ပြေးလာပြီးနောက်တွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု ဆီသို့ ပြန်လာခဲ့သည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ထိပ်တန်းအဆင့် အကြီးအကဲများသည် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ဆိုးရွားလှသော အသွင်အပြင်ကို မြင်လျှင် အသက်ရှူရပ်မတတ် ထိတ်လန့်သွားခဲ့ကြသည်။
“ခေါင်းဆောင် ဘာတွေဖြစ်ခဲ့တာလဲ.. ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ပြင်းထန်တဲ့ ဒဏ်ရာတွေကို ရခဲ့ရတာလဲ”
ကောင်းကင်အရှင်အဆင့် အကြီးအကဲ တစ်ဦးက အံ့သြထိတ်လန့်သော အမူအရာဖြင့် မေးခွန်းထုတ်လိုက်သည်။
သူတို့ ခေါင်းဆောင်၏ ခွန်အားနှင့် ပတ်သက်၍ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အကြီးအကဲ အားလုံးသည် ရှင်းရှင်းလင်းလင်း သိထားခဲ့ကြသည်။
သူတို့ ခေါင်းဆောင်သည် ကောင်းကင်အရှင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ထဲမှ တစ်ဦးဖြစ်ကာ ၎င်းကို ယှဥ်ပြိုင်နိုင်သူ အရေအတွက်သည် လက်ချိုးရေတွက်၍ပင် ရသည်။
ထို့အပြင် သူတို့ ခေါင်းဆောင်၏ လက်ထဲတွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဝှက်ဖဲများလည်း ရှိသည်။
သို့ဖြစ်ရာ သူတို့၏ ခေါင်းဆောင်ကို ယခုကဲ့သို့ အခြေအနေမျိုးအထိ မည်သူက လုပ်ဆောင်ခဲ့မှန်း သူတို့ အမှန်တကယ် မတွေးနိုင်ခဲ့ကြပေ။
ဆိုရလျှင် မဟာနတ်မျိုးနွယ်စု ရှစ်စု၏ မျိုးနွယ်စုခေါင်းဆောင်များ ကိုယ်တိုင် လှုပ်ရှားခဲ့လျှင်ပင် သူတို့ခေါင်းဆောင်ကို ဤမျှဆိုးရွားသော အခြေအနေအထိ ဖန်တီးနိုင်မည် မဟုတ်ချေ။
“တောင်ဝိညာဥ်မျိုးနွယ်စု တင်ပြတဲ့သတင်းက အနည်းငယ်မှားယွင်းနေခဲ့တယ်”
ထိုစကားကို ပြောလိုက်သည့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်နှာသည် အလွန်တရာပင် အကျည်းတန်နေခဲ့သည်။
“အနက်ရောင်မြူတောထဲက ဝိညာဥ်တွေကို သတ်ဖြတ်ခဲ့တဲ့သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် မဟုတ်ဘူး.. အဲဒီလူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေတဲ့ တုနှိုင်းမဲ့ ကောင်းကင် နတ်ဘုရား တစ်ပါးပဲ”
အခန်း(၂၀၅၄)ပြီး၏။