အခန်း (၂၀၅၅)
Vol. 146 Ch. 2055
“သူတော်စင်ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်လွန်နေတဲ့ ကောင်းကင်နတ်ဘုရားလား.. ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲများ၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်နတ်ဘုရားအဆင့်၏ အကန့်အသတ် ဖြစ်သည်။
ယင်းမှာ နတ်ဘုရားနယ်မြေရှိ ကျင့်ကြံသူအားလုံး လက်ခံထားသော အရာတစ်ခုလည်း ဖြစ်၏။
သို့သော်လည်း ယခုအခါတွင် တစ်စုံတစ်ယောက်က သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်သွားပြီဟု သူတို့၏ ခေါင်းဆောင်က ပြောနေခဲ့သည်။
ယင်းမှာ မည်မျှပင် အံ့သြစရာ ကောင်းလိုက်ပါသနည်း။
သိထားရမည့်အချက်မှာ ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်အရှင်နှင့်ပင် ယှဥ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသော ကျင့်ကြံသူသည် နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားနှင့်ပင် ယှဥ်ပြိုင်နိုင်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ဤအချိန်တွင် သူတို့သည် သူတို့၏ မျိုးနွယ်စု ခေါင်းဆောင်က အဘယ်ကြောင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရသည်ကို နားလည်သွားခဲ့ကြသည်။
“ခေါင်းဆောင် အနက်ရောင်မြူတောထဲက ဝိညာဥ်တွေကို သတ်ဖြတ်ခဲ့သူက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကိုတောင် ကျော်လွန်နေတယ် ဆိုမှတော့ ကျွန်တော်တို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုအနေနဲ့ သူ့ကို ကိုင်တွယ်ဖို့ မလွယ်လောက်ဘူး ထင်တယ်”
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် အလေးအနက်ပြောလိုက်သည်။
“အခုအချိန်မှာ အဲဒီကောင်လေးကို ငါ ဂရုစိုက်ဖို့ အချိန်မရှိဘူး”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က သူ၏ လက်ကို ဝှေ့ယမ်းကာ လေးနက်စွာ ပြောလိုက်သည်။
“အခုချိန်မှာ ငါတို့အတွက် အရေးအကြီးဆုံး အလုပ်က ဘိုးဘေးရဲ့ ဝိညာဥ်ကို သူ့ရဲ့ အထွတ်အထိပ် အဆင့်အထိ ပြန်လည် ရရှိအောင် အကူအညီပေးဖို့ပဲ”
ထိုစကားကို ကြားလျှင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲများ၏ အမူအရာများသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အနက်ရောင်မြူတောထဲမှာ မွေးမြူထားတဲ့ ဝိညာဥ်တွေက ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွက် အချိန်တိုအတွင်း အသုံးဝင်ဖို့ ခက်ခဲတယ်.. ဘိုးဘေးရဲ့ ဝိညာဥ်ကို အလျင်အမြန် ပြန်လည် အားဖြည့်ချင်တယ်ဆိုရင် ငါတို့အနေနဲ့ နောက်ထပ် နည်းလမ်းတစ်လမ်းကိုပဲ ရွေးချယ်ရတော့မယ်.. အခုအချိန်မှာ ဘိုးဘေးရဲ့ဝိညာဥ်ကို ပြန်လည် ထူထောင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက သစ်သားဝိညာဥ်နတ်မျိုးနွယ်စုရဲ့ သက်စောင့် ဝိညာဥ်သစ်သီးကို ရယူဖို့ပဲ.. သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ် သစ်သီးက နှစ်ပေါင်းတစ်သောင်းတိုင်းမှာ တစ်ခါသီးလေ့ ရှိတယ်.. အခု သက်စောင့်ဝိညာဥ် သစ်သီး ရင့်မှည့်ဖို့ အချိန်ကို ကျရောက်ခါနီးပြီ”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းများတွင် ထက်ရှသော အလင်းများ လင်းလက်သွားခဲ့ပြီး အလေးအနက် ပြောလိုက်သည်။
“အကြီးအကဲ.. မင်းက သစ်သားဝိညာဥ် နတ်မျိုးနွယ်စုက လူတွေနဲ့ သွားရောက် ညှိနှိုင်းပါ.. ဘယ်လောက်ပဲ ကုန်ကျပါစေ.. သက်စောင့်ဝိညာဥ် သစ်သီးကို မဖြစ်မနေ ဝယ်ယူခဲ့ရမယ်”
သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုတွင် နတ်ဘုရင်အဆင့်ဘိုးဘေး တစ်ဦး၏ ဝိညာဥ်အပိုင်းအစ တစ်ခုသည် ကံကောင်းစွာဖြင့် ကျန်ရှိနေခဲ့သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ထိုဘိုးဘေး၏ ဝိညာဥ်ကို ပြန်လည်အားဖြည့်ရန် အတွက် နည်းလမ်းများကို ရှာဖွေနေခဲ့သည်။
ထို့ကြောင့်လည်း သူတို့က မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အပြင်ဘက်တွင် အနက်ရောင်မြူတော တစ်ခုကို ဖန်တီးခဲ့ခြင်းပင်။
ဆိုရလျှင် သူတို့က ဘိုးဘေး၏ ဝိညာဥ်ကို ပြန်လည် အားဖြည့်ရန်အတွက် ဝိညာဥ်များကို အကျဥ်းချ မွေးမြူ၍ အသုံးပြုခဲ့ကြသည်။
သို့သော် ယခုအခါတွင် အနက်ရောင်မြူတော ထဲရှိ ဝိညာဥ်အများစုသည် ကျန်းချန်၏ လက်ချက်ဖြင့် သုတ်သင်ခံလိုက်ရပြီ ဖြစ်ရာ ထပ်မံ မွေးမြူရန်အတွက် အချိန်များစွာ သေချာပေါက် ယူရလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်သည် သက်စောင့်ဝိညာဥ် သစ်သီးကို ရရှိရန်အတွက် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုသို့ လူလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုထံမှ သက်စောင့်ဝိညာဥ်သစ်သီးကို ဝယ်ယူရန်မှာ မလွယ်ကူသော်လည်း ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အနေဖြင့် ၎င်းတို့ တောင်းဆိုသမျှ စျေးနှုန်းကို ပေးဆောင်နိုင်သရွေ့ အခွင့်အရေးမရှိဟု ပြော၍ မရပေ။
သူတို့က သက်စောင့်ဝိညာဥ် သစ်သီးကို ဝယ်ယူနိုင်ပြီး ဘိုးဘေး၏ ဝိညာဥ်ကို အထွတ်အထိပ် အခြေအနေအထိ ပြန်လည် ထူထောင်နိုင်ကာ ဘိုးဘေးအတွက် ခန္ဓာကိုယ်ကို ပြန်လည် ပုံဖော်နိုင်သရွေ့ သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးကို ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်သည်။
ယင်းမှာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ တစ်ဦးတည်းသော နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဆိုလည်းမမှားပေ။
ထိုအချိန်သို့ရောက်လျှင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ တစ်ဦးတည်းသောအရှင်သခင် ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
ရှင်းလင်းစွာဆိုရလျှင် သက်စောင့်ဝိညာဥ် သစ်သီးကို ရရှိနိုင်သရွေ့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မည်သည့် အဖိုးအခကို ပေးဆပ်ရပါစေ၊ လုံးဝ ထိုက်တန်မှု ရှိ၏။
“ကောင်းပါပြီ.. ကျွန်တော် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုဆီ အခုပဲ ခရီးထွက်လိုက်ပါ့မယ်”
အနက်ရောင်ဝတ်စုံဝတ် ပိန်ပါးပါး အဘိုးအိုတစ်ဦးက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလို ဝိညာဥ် ဖျက်ဆီးကောင်းကင်အရှင်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။
-------------------
ရွှယ်ရွှမ်း အဖွဲ့အစည်းနှင့် တိုက်ပွဲ ဆင်နွှဲပြီးနောက်တွင် ကျန်းချန်သည် တည်းခိုခန်းဆီသို့ ပြန်လာခဲ့ပြီး သူ့ဆရာ ကူရွှယ်သောင်း၏ သတင်းကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။
သူက ကြီးကျယ်သော ကိစ္စရပ်ကို ဖန်တီးခဲ့သည့်အပြင် ရွှယ်ရွှမ်း အဖွဲ့အစည်း၏ ကူညီ သတင်းဖြန့်ပေးမှုကြောင့် သူ၏ နာမည်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ တစ်ခုလုံးကို သိပ်မကြာခင် ပျံ့နှံ့သွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
သူ့ဆရာ ကူရွှယ်သောင်း အနေဖြင့် မျိုးနွယ်စုတစ်ရာရှေးဟောင်းမြို့တော်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သိပ်မကြာခင် သူ့ဆီသို့ မုချရောက်လာပေလိမ့်မည်။
တကယ်လည်း ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်လာခဲ့၏။
ရွှယ်ရွှမ်းအဖွဲ့အစည်းနှင့် တိုက်ပွဲပြီးဆုံးပြီးနောက် တတိယမြောက်နေ့တွင် ပင်းယွမ် ကောင်းကင်အရှင်သည် ကျန်းချန်တည်းခိုနေသည့် တည်းခိုခန်း ဆီသို့ လူတစ်ဦးကို စေလွှတ်ကာ ခေါ်ခိုင်းလိုက်သည်။
ဤသို့ဖြင့်ပင် ကျန်းချန်သည် ရွှယ်ရွှမ်း အဖွဲ့အစည်းထံ ရောက်ရှိလာခဲ့၏။
“အရှင်ကျန်းချန်.. ဒီလူက ကူရွှယ်သောင်းကို ကယ်တင်ခဲ့တဲ့လျှို့ဝှက်ဆန်းကြယ် ကျင့်ကြံသူပဲ”
ကျန်းချန် ရောက်လာသည်ကိုမြင်သည်နှင့် ရွှယ်ရွှမ်းအဖွဲ့အစည်းမှ အကြီးအကဲ တစ်ဦးသည် သူ၏နံဘေးမှ အေးစက်သော မျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို လက်ညှိုးညွှန်ပြကာ တလေးတစားပြောလိုက်သည်။
ကျန်းချန်၏ အကြည့်သည် ချက်ချင်းဆိုသလိုပင် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ဤအနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အပေါ်ယံကြည့်လျှင် သာမန်ဟုသာ ထင်ရသော်လည်း ကျန်းချန်၏ မြင်နိုင်စွမ်းအရ ထိုလူ၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အရှင်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်မှန်း မြင်နိုင်ရန် မခက်ခဲပေ။
ထို့အပြင် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူထံကနေ အလွန်တရာ အစွမ်းထက်သော ဓားအရှိန်အဝါကို ခံစားခဲ့ရသည်။
ထို့ကြောင့် ထိုလူက ဓားလမ်းစဥ်ကို အထူးပြုသော ကောင်းကင်အရှင် တစ်ပါး ဖြစ်နေသည်မှာ ထင်ရှားနေခဲ့၏။
“စီနီယာ.. ကျွန်တော်က ကူရွှယ်သောင်းရဲ့တပည့် ကျန်းချန်ပါ.. အဲဒီနေ့က ကျွန်တော့်ဆရာကို ကယ်တင်ခဲ့တာ စီနီယာလား”
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို လက်သီးဆုပ်၍ ဂါဝရပြုကာ ယဥ်ကျေးစွာ ပြောလိုက်သည်။
“စီနီယာလို့ ခေါ်တာကို မခံယူရဲပါဘူး.. ငါ့နာမည်က လီကျန့်ပါ.. မင်းငါ့ရဲ့နာမည်ကိုပဲ တိုက်ရိုက် ခေါ်နိုင်ပါတယ်”
အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို အကဲခတ်ကြည့်ပြီးနောက်တွင် သူ၏ မျက်ဝန်းထဲ၌ ချီးကျူးသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
“ညီနောင်ရွှယ်သောင်းက မင်းလို တပည့်မျိုးရတာ တကယ်ကိုကံကောင်းတာပဲ”
ကျန်းချန်သည် ရွှယ်ရွှမ်း အဖွဲ့အစည်းကို တစ်ကိုယ်တော် လာရောက်ခဲ့ပြီး ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ ငါးဦးနှင့် ငါးယောက် တစ်ယောက် တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် ကျန်းချန်သည် ရွှယ်ရွှမ်း အဖွဲ့အစည်းကို အသာစီးယူနိုင်ခဲ့ရုံသာမက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းမှ ကောင်းကင်အရှင်အဆင့် နှစ်ပါးကိုပါ သတ်ဖြတ်ခဲ့သည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ ခေါင်းဆောင်ပင်လျှင် ကျန်းချန်၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိကာ ထွက်ပြေးသွားခဲ့ရသည်။
ထိုသတင်းကို ကြားခါစတွင် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မယုံကြည်နိုင်လု နီးပါးပင် ဖြစ်ခဲ့ရ၏။
သူက ထိုသတင်းကို အကြိမ်ပေါင်းများစွာ အတည်ပြုပြီး စစ်မှန်သည်ဟု အတည်ပြုပြီးမှသာလျှင် ရွှယ်ရွှမ်း အဖွဲ့အစည်းဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
“စီနီယာက ချီးကျူးလွန်းနေပါပြီ.. ဒါနဲ့ ကျွန်တော့်ဆရာ အခုဘယ်နေရာမှာ ရှိနေသလဲ ဆိုတာ သိပါရစေ”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အချိန်မဖြုန်းတော့ဘဲ သူ့ဆရာ ကူရွှယ်သောင်း ပုန်းအောင်းနေသည့် နေရာကို မေးလိုက်သည်။
“မင်းရဲ့ဆရာက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ ကောင်းကင်အရှင်နှစ်ပါးကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်.. ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ရဲ့ ဒဏ်ရာအခြေအနေက အတော်လေး ဆိုးရွားတယ်”
အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက သက်ပြင်းချ၍ ပြောလိုက်ပြီးနောက်တွင် ချက်ချင်းပင် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်သည်။
ထို့နောက်တွင် နှစ်ပေ၊ သုံးပေခန့် ရှည်လျားသော ကျောက်စိမ်းခရစ္စတယ် တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် တစ်ခါတည်း ပေါ်လာခဲ့၏။
ထိုကျောက်စိမ်း ခရစ္စတယ်ထဲတွင် ဖြူဖျော့သော ပုံရိပ်တစ်ခုက ငြိမ်သက်စွာ လဲလျောင်းနေသည်ကို ကျန်းချန် မြင်လိုက်ရသည်။
ထိုပုံရိပ်က အခြားသူမဟုတ်ပေ။ မဟာမြေရိုင်း နယ်မြေတွင် သူ၏ ဆရာအဖြစ် တင်မြှောက်ခဲ့ပြီး နတ်ကုန်းမြေတိုက်မှ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တစ်ချိန်က ပြိုင်ဘက်ကင်း နတ်ဘုရားသားတော် ဖြစ်သော ကူရွှယ်သောင်းပင် ဖြစ်သည်။
ကျောက်စိမ်းခရစ်စတယ် ထဲမှ ကူရွှယ်သောင်းကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် လေးနက်သွားခဲ့၏။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသည့် သူ၏ ခွန်အားဖြင့် ဆိုလျှင် သူ၏ အာရုံခံစားမှုသည် အလွန်တရာပင် အစွမ်းထက်နေခဲ့ပြီ ဖြစ်၍ သူ့ဆရာ ကူရွှယ်သောင်း၏ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့်ပင် ခံစားနိုင်ခဲ့သည်။
ကူရွှယ်သောင်းသည် ဒဏ်ရာအပြင်းအထန် ရရှိနေကာ သတိလစ်နေရုံသာမက ခန္ဓာကိုယ်ထဲတွင်လည်း စွမ်းအား တစ်ခု ကျန်ရှိနေခဲ့ပြီး ထိုစွမ်းအားသည် ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအင်များကို စားသုံးနေခဲ့၏။
ဤကျောက်စိမ်း ခရစ္စတယ်သာ ကူရွှယ်သောင်း၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို အတိုင်းအတာတစ်ခု အထိ ထိန်းချုပ်နိုင်သော အကျိုးသက်ရောက်မှု မရှိခဲ့လျှင် ကူရွှယ်သောင်း၏ အသက်စွမ်းအင် အားလုံးသည် ထိုစွမ်းအားကြောင့် လုံးဝ ဝါးမျိုခံရလောက်ပြီ ဖြစ်သည်။
ကူရွှယ်သောင်း၏ အခြေအနေကို အကဲခတ်ပြီးနောက်တွင် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို ကြည့်ကာ ပြောလိုက်သည်။
“စီနီယာ.. ကျွန်တော့်ဆရာရဲ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ စွမ်းအားက ဘယ်လိုစွမ်းအားလဲ ဆိုတာ ပြောပြလို့ရမလား”
“ဒါက ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ နတ်ဘုရင် အဆင့်နည်းစနစ်ဖြစ်တဲ့ အသက်ဝါးမျို ဖျက်ဆီးခြင်း လက်ဝါးသိုင်းရဲ့ စွမ်းအားပဲ”
လီကျန့်က အလေးအနက်ပင် ပြောလိုက်သည်။
“ငါ့ရဲ့ ကျောက်စိမ်း ခရစ္စတယ်က အသက်ဝါးမျို ဖျက်ဆီးခြင်းလက်ဝါးသိုင်းရဲ့ စွမ်းအားကို ဖယ်ရှားဖို့ မတတ်နိုင်ဘူး
.. ဒီကျောက်စိမ်းခရစ္စတယ်က အသက်ဝါးမျို ဖျက်ဆီးခြင်းလက်ဝါးသိုင်းရဲ့ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ရုံပဲ တတ်နိုင်တယ်”
အခန်း(၂၀၅၅)ပြီး၏။