အခန်း (၂၀၅၆)
Vol. 146 Ch. 2056
လီကျန့်၏ စကားကိုကြားလျှင် ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
“ဒီအသက်ဝါးမျို လက်ဝါးသိုင်းရဲ့ စွမ်းအားကို ဘယ်လိုဖြေရှင်းလို့ရမလဲ စီနီယာ”
“အသက်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ဆေးဝါးနဲ့မှပဲ ဒီဝေဒနာကို ကုသနိုင်လိမ့်မယ်”
လီကျန့်က လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်းရဲ့ အသက်ဝါးမျိုဖျက်ဆီးခြင်း လက်ဝါးသိုင်းက အရမ်းကို အစွမ်းထက်လွန်းတယ်.. အသက်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့ သာမန်ဆေးဝါးလောက်က အသက်ဝါးမျို ဖျက်ဆီးခြင်းလက်ဝါးသိုင်းရဲ့ စွမ်းအားကို ဖယ်ရှားနိုင်မှာ မဟုတ်ဘူး.. အသက်စွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အထွတ်အထိပ် ဆေးဝါး မဟုတ်သ၍ အမြစ်ပြတ် ကုသနိုင်မှာမဟုတ်ဘူး”
“သစ်သားဝိညာဥ်နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ်သစ်သီးနဲ့ ဆိုရင်ရော အဆင်ပြေနိုင်မလား”
ကျန်းချန်က ကျီလင်ဝေ တစ်ခါက ပြောခဲ့ဖူးသည့် သက်စောင့်ဝိညာဥ်သစ်သီး အကြောင်းကို စဥ်းစားမိကာ လီကျန့်ကို မေးလိုက်သည်။
အသက်စွမ်းအားကို ဖြည့်ဆည်းပေးနိုင်သည့် ရတနာများထဲတွင် အကျော်ကြားဆုံးမှာ နတ်ဘုရားသစ်ပင် သုံးပင်ထဲမှ တစ်ပင်ဖြစ်သည့် အသက်သစ်ပင် ဖြစ်သည်။
ကျန်းချန်၏ လက်ထဲတွင် အသက်သစ်ပင်၏ အကိုင်းအခက်တစ်ခု ရှိနေခဲ့သော်လည်း ထိုအကိုင်းအခက်သည် နှစ်ပေါင်းအလွန်အမင်း ကြာမြင့်နေပြီ ဖြစ်သည့် အကိုင်းအခက်တစ်ခုသာ ဖြစ်သည်။
ထိုသစ်ကိုင်းသည် အဓိကအားဖြင့် အသက်လမ်းစဥ်ကို နားလည်ရာတွင် အကူအညီပေးနိုင်သည်။
သို့သော်လည်း ထိုသစ်ကိုင်းကို အသုံးပြု၍ ကူရွှယ်သောင်း၏ အသက်စွမ်းအင်ကို ဖြည့်ဆည်းရန်နှင့် အသက်ဝါးမျို ဖျက်ဆီးခြင်း လက်ဝါး၏ စွမ်းအားကို ကုသရန် ကြိုးစားမည်ဆိုလျှင် အကျိုးသက်ရောက်မှုသည် စိတ်ကျေနပ်လောက်သည်အထိ ဖြစ်နိုင်မည် မဟုတ်လောက်ချေ။
လီကျန့်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ်သစ်သီးက အသက်ဝါးမျို ဖျက်ဆီးခြင်း လက်ဝါးသိုင်းရဲ့ စွမ်းအားကို ဖြေရှင်းနိုင်ပြီး ကူရွှယ်သောင်းရဲ့ ဒဏ်ရာတွေကို ပြန်လည် သက်သာစေဖို့အတွက် အကောင်းဆုံး ရတနာတစ်ပါးပဲ.. ဒါပေမဲ့ ငါသိသလောက်တော့ သက်စောင့်ဝိညာဥ်သစ်သီးက နှစ်ပေါင်းတစ်သောင်းမှာမှ တစ်ကြိမ်ပဲ သီးလေ့ရှိတယ်.. တစ်ကြိမ်သီးရင်လည်း ငါးလုံးထက် ပိုပြီးတော့ သီးလေ့မရှိဘူး.. ဒါကြောင့် သက်စောင့်ဝိညာဥ်သစ်သီးကို ရရှိဖို့က အရမ်း ခက်ခဲလိမ့်မယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
“ကိစ္စမရှိပါဘူး.. သက်စောင့်ဝိညာဥ် သစ်သီးက ကျွန်တော့်ရဲ့ဆရာကို ကယ်တင်နိုင်သရွေ့ သက်စောင့်ဝိညာဥ် သစ်သီးကို သစ်သားဝိညာဥ် နတ်မျိုးနွယ်စုဆီကနေ မရမက ယူဆောင်ရမှာပဲ”
ကျီလင်ဝေ သည်လည်း ကျီမျိုးနွယ်စုမှ ဘိုးဘေး၏ သက်တမ်းကို တိုးမြှင့်ရန် အတွက် သက်စောင့်ဝိညာဥ် သစ်သီးကို လိုအပ်နေခဲ့သည်။
သူက နဂိုကတည်းကပင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုထံ သွားဖို့ စီစဥ်ထားခဲ့၏။
ယခု သူ့ဆရာ ကူရွှယ်သောင်းသည်လည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာရန်အတွက် သက်စောင့်ဝိညာဥ်သစ်သီးလိုအပ်နေသည်ဖြစ်ရာ ကျန်းချန်သည် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုထံ သွားပြီး သက်စောင့်ဝိညာဥ် သစ်သီးကို မဖြစ်မနေ အရယူရန် ဆုံးဖြတ်ထားခဲ့သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် တစ်စုအပါအဝင် ဖြစ်သော်လည်း ကျန်းချန်သည် အလေးအနက်မထားခဲ့ပေ။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသာ အခြေအနေကို နားလည်၍ လိုလိုလားလား ပေးအပ်ခဲ့လျှင် ကိစ္စမရှိသော်လည်း ငြင်းဆန်ခဲ့လျှင်မူ သူ့အနေဖြင့် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုထံမှ သက်စောင့်ဝိညာဥ် သစ်သီးကို အတင်းအဓမ္မ သိမ်းယူရပေလိမ့်မည်။
ကျန်းချန်၏ စကားကိုကြားလျှင် လီကျန့်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“မင်းအနေနဲ့ ဆုံးဖြတ်ပြီးပြီဆိုရင် ငါ မင်းနဲ့အတူ သစ်သားဝိညာဥ် နတ်မျိုးနွယ်စု ဆီကို လိုက်ခဲ့မယ်”
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက လီကျန့်သည်လည်း ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ခဲ့သည်။
သူက အမှားကြီးတစ်ခု ကျူးလွန်မိသောကြောင့် ရှေးဟောင်းဝိညာဥ်နတ်ဂိုဏ်း၏ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲသည် သူ့ကို ကွပ်မျက်လုနီးပါး ဖြစ်ခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် ကူရွှယ်သောင်းသည် သူ့ကို ကယ်တင်ခဲ့ပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေဆီ ထွက်ပြေးနိုင်ရန် အတွက် အကူအညီပေးခဲ့၏။
ထိုနောက်ပိုင်းတွင် လီကျန့်သည် ကျင့်ကြံခြင်းတွင်သာ အာရုံစူးစိုက်ခဲ့ပြီး မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ပုန်းအောင်း၍ နေထိုင်ခဲ့သည်။
ဤသို့ဖြင့်ပင် သူက သာမန် နယ်မြေနတ်ဘုရား အဆင့်ကနေ ကောင်းကင်အရှင်အဆင့် ကျင့်ကြံသူ အထိ ဖြစ်လာခဲ့သည်။
ထိုအကြောင်းများကြောင့်ပင် ထိုနေ့က မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်တွင် ကူရွှယ်သောင်း၏ အရှိန်အဝါကို ခံစားမိပြီး သေရေးရှင်ရေး အခိုက်အတန့်တွင် ကူရွှယ်သောင်းကို ကယ်ဆယ်ရန် ရောက်လာခဲ့ခြင်း ဆိုလည်းမမှားပေ။
ကူရွှယ်သောင်း၏ အထွတ်အထိပ် အခြေအနေကို ပြန်လည်ရရှိအောင် ကုသမည်ဆိုလျှင် လက်ရှိအချိန်တွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ သက်စောင့်ဝိညာဥ် သစ်သီးသည် အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်၏။
ကျန်းချန်က သစ်သားဝိညာဥ် နတ်မျိုးနွယ်စုဆီ သွားဖို့ ဆုံးဖြတ်ထားသည်ကို မြင်လျှင် သူသည်လည်း ကူရွှယ်သောင်း၏ အသက်ကယ်ဖူးသည့် ကျေးဇူးကို ပြန်လည်ဆပ်ရန် အတွက် ကျန်းချန်နှင့် အတူ လိုက်ပါသွားရန် ဆုံးဖြတ်ထားခဲ့သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်သည်။
သူ၏ ခွန်အားဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို စိုးရိမ်စရာ မလိုအပ်သော်လည်း ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူတစ်ဦးက သူ့ဘက်ကနေ အကူအညီပေးမည် ဆိုလျှင် အလွန်ကောင်းမွန်သော ကိစ္စရပ်ပင် မဟုတ်ပါလော။
“အရှင်ကျန်းချန်.. သစ်သားဝိညာဥ်နတ်မျိုးနွယ်စုက သက်စောင့်ဝိညာဥ်သစ်သီး ရင့်မှည့်တဲ့ အချိန်တိုင်းမှာ မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာရှိတဲ့ ထိပ်တန်းအင်အားစုတွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲကျင်းပလေ့ရှိတယ်.. ပြိုင်ပွဲမှာ ဆုလာဘ်အနေနဲ့ သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးကို ထုတ်ပေးလေ့ရှိတယ်.. ကျွန်တော် သိသလောက်တော့ နောက်လဝက်နေရင် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုက ပြိုင်ပွဲကျင်းပပြီး သက်စောင့်ဝိညာဥ်သစ်သီး နှစ်လုံးရဲ့ ပိုင်ဆိုင်မှုကို ဆုံးဖြတ်ကြတော့မယ်.. အရှင်ကျန်းချန်ရဲ့ ခွန်အားနဲ့ဆိုရင် သက်စောင့်ဝိညာဥ်သစ်သီးကို ပိုင်ဆိုင်ဖို့အတွက် မခက်ခဲလောက်ပါဘူး”
ထိုအချိန်တွင် ရွှယ်ရွှမ်းအဖွဲ့အစည်းမှ အကြီးအကဲ တစ်ဦးက ရုတ်တရက် ဝင်ပြောလိုက်သည်။
ရွှယ်ရွှမ်း အဖွဲ့အစည်းမှ အကြီးအကဲ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သက်စောင့်ဝိညာဥ် သစ်သီးသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ သက်တမ်းကို တိုးမြှင့်ပေးနိုင်ပြီး ဤကမ္ဘာပေါ်ရှိ ပြိုင်ဘက်ကင်း နတ်သစ်သီးဟုပင် ဆို၍ရသည်။
ထိုမျှ တန်ဖိုးကြီးမားသော သက်စောင့်ဝိညာဥ် သစ်သီးကို သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် ပြိုင်ပွဲ ကျင်းပကာ ထုတ်ပေးရန် ဆန္ဒရှိလိမ့်မည်ဟု ကျန်းချန် မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း အသေအချာ စဥ်းစားပြီးနောက်တွင် ကျန်းချန်သည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ ထိပ်တန်းအင်အားစုများတွင် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် မွန်းစတားအိုကြီးများ ရှိကြသည်။
ထိုမွန်းစတားအိုကြီးများသည် သက်တမ်း သိပ်မကျန်ရှိတော့သည့် အတွက် သစ်သားဝိညာဥ်နတ်မျိုးနွယ်စု၏ သက်စောင့်ဝိညာဥ် သစ်သီးများကို မလွဲမသွေ တပ်မက်ကြလိမ့်မည်ဖြစ်၏။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု ဖြစ်နေလျှင်ပင် သူတို့သည် လူတိုင်းနှင့် အဆင်ပြေရန် အတွက် သက်စောင့်ဝိညာဥ် သစ်သီး၏ တစ်စိတ်တစ်ပိုင်းကို ထုတ်ပေးရပေလိမ့်မည်။
ထိုသို့ မဟုတ်ဘဲ သက်စောင့်ဝိညာဥ်သစ်သီး အားလုံးကို အပိုင်သိမ်းထားမည် ဆိုလျှင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် ဆက်လက်ရပ်တည်နိုင်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုက ပြိုင်ပွဲကျင်းပကာ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးကို ထုတ်ပေးခြင်းသည် ကျန်းချန်အတွက် သတင်းကောင်းပင် မဟုတ်ပါလား။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် ရှည်လျားသော နောက်ခံ သမိုင်းကြောင်းရှိပြီး နတ်ဘုရင်တစ်ပိုင်း အဆင့် အင်အားစုတစ်စုလည်း ဖြစ်သည်။
သူက သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို မကြောက်ရွံ့သော်လည်း သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ နယ်မြေထဲတွင် သက်စောင့်ဝိညာဥ် သစ်သီးကို အတင်းအဓမ္မ လုယူရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
ထို့ကြောင့် ပြိုင်ပွဲတွင် ပါဝင်၍ သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးအတွက် ယှဥ်ပြိုင်သည်က သံသယဖြစ်ဖွယ်ရာမရှိ ပိုမို၍ လွယ်ကူလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးသည့် နောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ မျိုးနွယ်စုတစ်ရာ ရှေးဟောင်းမြို့တော်ကနေ ထွက်ခွာပြီး သစ်သားဝိညာဥ် နတ်မျိုးနွယ်စု ဆီသို့ ဦးတည်ကာ သွားရောက်ခဲ့သည်။
-------------------
သူတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသို့ ထွက်ခွာသွားသည့်အချိန်မှာပင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အထက်ကောင်းကင်ယံတွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် တခြားသူ မဟုတ်ဘဲ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ အကြီးအကဲချုပ် ဖြစ်သည့် မရဏသစ်ရွက်ကောင်းကင်အရှင် ဖြစ်သည်။
“ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက မရဏသစ်ရွက်ကောင်းကင်အရှင်က သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို လာရောက် လည်ပတ်ပါတယ်”
မရဏသစ်ရွက် ကောင်းကင်အရှင်က အောက်ဘက်ရှိ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို ကြည့်ရှုလိုက်ပြီးနောက်တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မရဏသစ်ရွက် ကောင်းကင်အရှင်.. မင်းက မင်းရဲ့ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှာ မနေဘဲ ငါတို့ သစ်သားဝိညာဥ်နတ်မျိုးနွယ်စုကို ဘာလာလုပ်တာလဲ”
ထိုအချိန်မှာပင် အေးစက်စက် အသံတစ်သံသည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အတွင်းဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် အစိမ်းဖျော့ဖျော့ အလင်းများ လွှမ်းခြုံနေသော ခန့်ညားသည့် အမျိုးသားတစ်ဦးသည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် ရိပ်ခနဲ ထွက်ပေါ်လာခဲ့သည်။
မရဏသစ်ရွက် ကောင်းကင်အရှင်က ထိုခန့်ညားသောအမျိုးသားကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်၏။
“ခေါင်းဆောင် ချင်းမူ.. ကျွန်တော်က မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမိန့်နဲ့ သက်စောင့်ဝိညာဥ် သစ်သီးကို ဝယ်ယူဖို့ ဒီကိုရောက်လာခဲ့တာပါ”
“မရဏသစ်ရွက် ကောင်းကင်အရှင်.. သက်စောင့်ဝိညာဥ်သစ်သီးကို ငါတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုက ဘယ်တော့မှ ရောင်းချမှာမဟုတ်ဘူး.. သက်စောင့်ဝိညာဥ်သစ်သီးကို ရယူချင်ရင် စည်းမျဥ်းတွေ အတိုင်း လိုက်နာရမယ်ဆိုတာ မင်းတို့ နားမလည်ဘူးလား.. သက်စောင့်ဝိညာဥ်သစ်သီးကို လိုချင်ရင် နောက်လဝက် အကြာမှာ ကျင်းပမဲ့ ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်နိုင်တယ်”
ချင်းမူ ကောင်းကင်အရှင်က မရဏသစ်ရွက် ကောင်းကင်အရှင်ကို မျက်နှာသာပေးခြင်း အလျဥ်းမရှိဘဲ အေးစက်စက်ပြောလိုက်သည်။
“ခေါင်းဆောင်ချင်းမူ.. ဒီတစ်ကြိမ် ငါရောက်လာတာက စိတ်ရင်းမှန်နဲ့ပါ”
မရဏသစ်ရွက် ကောင်းကင်အရှင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သစ်သားဝိညာဥ် နတ်မျိုးနွယ်စုက သက်စောင့်ဝိညာဥ်သစ်သီးကို ရောင်းချဖို့ ဆန္ဒရှိသရွေ့ ငါတို့ ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုက ဘယ်လို စျေးနှုန်းကိုမဆို ပေးဖို့ ဆန္ဒရှိပါတယ်”
မရဏသစ်ရွက် ကောင်းကင်အရှင်၏ စကားကိုကြားလျှင် ချင်းမူ ကောင်းကင်အရှင်သည် တစ်ချက်ကလေးပင် မစဥ်းစားဘဲ ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်သည်။
“မရဏသစ်ရွက် ကောင်းကင်အရှင်.. သက်စောင့်ဝိညာဥ်သစ်သီးကို ငါတို့ ဘယ်လို စျေးနှုန်းနဲ့မှ ရောင်းချမှာမဟုတ်ဘူး ကျေးဇူးပြုပြီး ပြန်လိုက်ပါ”
အခန်း(၂၀၅၆)ပြီး၏။