အခန်း (၂၀၅၇)
Vol. 146 Ch. 2057
ချင်းမူကောင်းကင်အရှင်က အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ မရဏသစ်ရွက် ကောင်းကင်အရှင်ကို ပြတ်ပြတ်သားသားပင် ငြင်းဆိုခဲ့သည်။
သက်စောင့်ဝိညာဥ် သစ်သီးသည် တန်ဖိုးဖြတ်၍ မရလောက်အောင် အဖိုးထိုက်တန်သော နတ်သစ်သီး ဖြစ်သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုနှင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုတို့သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် ပါဝင်သော်လည်း မျိုးနွယ်စုနှစ်စုကြားတွင် ပတ်သက်မှု သိပ်မရှိပေ။
သို့ဖြစ်ရာ သူ့အနေဖြင့် သက်စောင့်ဝိညာဥ် သစ်သီးကို ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုထံ အလွယ်တကူ ရောင်းပေးမည်မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် သက်စောင့်ဝိညာဥ်သစ်သီးသည် နှစ်တစ်သောင်းတွင် လေးလုံးမျှသာ သီးလေ့ရှိသည်။
ထို့အပြင် သူတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် သက်တမ်းကုန်ခါနီးပြီ ဖြစ်ရာ သက်တမ်းတိုးမြှင့်ရန်အတွက် သက်စောင့်ဝိညာဥ် သစ်သီးကို အရေးတကြီး လိုအပ်နေခဲ့၏။
ထို့ကြောင့် ချင်းမူ ကောင်းကင်အရှင်သည် ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုကို သက်စောင့်ဝိညာဥ် သစ်သီး ရောင်းချပေးရန်မှာ မည်သို့မှ မဖြစ်နိုင်ပေ။
ချင်းမူ ကောင်းကင်အရှင်၏ သဘောထားကို မြင်လျှင် မရဏသစ်ရွက် ကောင်းကင်အရှင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
“ခေါင်းဆောင်ချင်းမူ..”
သို့သော်လည်း မရဏသစ်ရွက် ကောင်းကင်အရှင်၏ စကားမဆုံးခင်မှာပင် ချင်းမူ ကောင်းကင်အရှင်သည် စကားကို ဖြတ်ပြောလိုက်သည်။
“မရဏသစ်ရွက် ကောင်းကင်အရှင်.. ဒီကိစ္စကို ထပ်မပြောပါနဲ့တော့.. မင်းတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုအနေနဲ့ သက်စောင့်ဝိညာဥ်သစ်သီးကို လိုချင်တယ်ဆိုရင် လဝက်အကြာမှာ ကျင်းပမဲ့ ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ပြီး ရယူနိုင်ပါတယ်.. ဒီလိုမဟုတ်ဘဲ ကျုပ်ကို ဆက်ပြီး ရစ်နေဦးမယ် ဆိုရင်တော့ ကျုပ်ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့”
ထိုစကားကိုကြားလျှင် မရဏသစ်ရွက် ကောင်းကင်အရှင်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုနှင့် သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု တို့သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် ပါဝင်ကြပြီး ခွန်အားခြင်းကွာခြားမှု သိပ်မရှိကြပေ။
ထို့ကြောင့် မရဏသစ်ရွက် ကောင်းကင်အရှင်သည် ချင်းမူကောင်းကင်အရှင်ကို မရိုင်းပြဝံ့ပေ။
ချင်းမူ ကောင်းကင်အရှင် ဒေါသထွက်နေသည်ကို မြင်လျှင် မရဏသစ်ရွက် ကောင်းကင်အရှင်သည် သက်စောင့်ဝိညာဥ်သစ်သီးကို ဝယ်ယူရန် မဖြစ်နိုင်တော့မှန်း သိလိုက်ကာ စိတ်ပျက်လက်ပျက်ဖြင့် လှည့်ထွက်သွားခဲ့သည်။
သက်စောင့် ဝိညာဥ်သစ်သီးကို ဝယ်ယူရန် မဖြစ်နိုင်တော့သည့် အတွက် သူ့အနေဖြင့် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုထံ အရင်ပြန်ကာ နောက်ထပ် လဝက်အကြာတွင် ကျင်းပမည့် ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန် ပြင်ဆင်ရုံသာ ရှိတော့သည် မဟုတ်ပါလော။
မရဏသစ်ရွက် ကောင်းကင်အရှင်က ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စု ဆီသို့ ပြန်ရောက်လာပြီးနောက်တွင် အခြေအနေကို တင်ပြလိုက်ရာ ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်နှာသည် သိပ်မကောင်းတော့ပေ။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသာ သက်စောင့်ဝိညာဥ်သစ်သီးအတွက် တိုက်ခိုက်နိုင်သော ခွန်အား ရှိနေမည်ဆိုလျှင် သူတို့ဘိုးဘေး၏ ဝိညာဥ်သည် အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိသည်မှာ ကြာပြီ ဖြစ်ပြီး အခုအချိန်အထိ စောင့်နေစရာပင် လိုအပ်မည် မဟုတ်ချေ။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ထိပ်ဆုံး ၃ နေရာ စာရင်းတွင် မရှိချေ။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် နှစ်ပေါင်းတစ်သောင်းတိုင်းတွင် ပြိုင်ပွဲကျင်းပလေ့ရှိပြီး ဆုလာဘ်အနေဖြင့် သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးကို ထုတ်ပေးလေ့ ရှိသည်။
သို့သော်လည်း သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် သက်စောင့်ဝိညာဥ်သစ်သီးကို တစ်ခါမှ မရရှိခဲ့ပေ။
ထိုအကြောင်းကြောင့်လည်း ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ဘိုးဘေး၏ ဝိညာဥ်ကို ပြန်လည် အားဖြည့်ရန် အတွက် အနက်ရောင်မြူသစ်တောကို တည်ဆောက်ခဲ့ရခြင်းပင်။
သို့ရာတွင် အနက်ရောင်မြူသစ်တော၌ မွေးမြူထားသော ဝိညာဥ်အများစုသည် မမျှော်လင့်ဘဲ သတ်ဖြတ်ခံလိုက်ရသည်။
ထို့ကြောင့် သူတို့အနေဖြင့် သက်စောင့်ဝိညာဥ် သစ်သီးကို ပစ်မှတ်ထားရန်သာ ရှိတော့သည် မဟုတ်ပါလော။
သို့သော်လည်း သူတို့၏ ခွန်အားဖြင့် သက်စောင့်ဝိညာဥ်သစ်သီးအတွက် ပြိုင်ပွဲဝင်မည် ဆိုလျှင် အလွန်တရာ အလှမ်းဝေးနေဆဲပင်။
“အကြီးအကဲချုပ်.. မဟာနတ်မျိုးနွယ်စုရှစ်စုထဲက ခွန်အားအနိမ့်ဆုံး မျိုးနွယ်စုသုံးစုနဲ့ ချက်ချင်းဆက်သွယ်ပါ.. ဒီတစ်ကြိမ် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါတို့အနေနဲ့ သက်စောင့်ဝိညာဥ်သစ်သီး တစ်လုံးကို အရယူမှ ဖြစ်မယ်”
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အကြိမ်တိုင်းတွင် သက်စောင့်ဝိညာဥ် သစ်သီးကို မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ ထိပ်ဆုံး ၃ နေရာ စာရင်းဝင် မျိုးနွယ်စုသုံးစုသာ လက်ဝါးကြီး အုပ်ထားကြသည်။
သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုနှင့် ကျန်မျိုးနွယ်စု လေးစုသည် သက်စောင့်ဝိညာဥ် သစ်သီးကို တစ်ခါမှ မရရှိခဲ့ကြပေ။
ဆိုရလျှင် ထိုမျိုးနွယ်စု သုံးစု၏ ခွန်အားသည် သူတို့ထက် အမှန်တကယ်ပင် ပိုမို၍ အစွမ်းထက်သည်။
ထို့ကြောင့်လည်း အကြိမ်တိုင်းတွင် သက်စောင့်ဝိညာဥ်သစ်သီးကို ၎င်းတို့ကသာ ရရှိနေသည့်တိုင် တခြား အင်အားစုများက အထွန့်မတက်ရဲကြခြင်းလည်း ဖြစ်၏။
သို့သော်လည်း ဤတစ်ကြိမ်တွင် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် ထိုမျိုးနွယ်စုသုံးစုနှင့် ယှဥ်ပြိုင်ရန် အတွက် မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တခြားသော အင်အားစုများနှင့် ပူးပေါင်းရန် စီစဥ်ထားခဲ့သည်။
ဤနှစ်များ တစ်လျှောက်လုံးတွင် သူတို့၏ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ ဘိုးဘေးသည် အနက်ရောင် မြူတောထဲမှ ဝိညာဥ် အများအပြားကို မျိုချခဲ့ရာ အတော်လေး ပြန်လည် ကောင်းမွန်လာခဲ့သည်။
ထို့ကြောင့် သက်စောင့်ဝိညာဥ် သစ်သီးတစ်လုံးကို ရနိုင်သရွေ့ သူတို့ဘိုးဘေး၏ ဝိညာဥ်သည် အထွတ်အထိပ် အခြေအနေသို့ သေချာပေါက် ပြန်လည် ရောက်ရှိနိုင်ပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် မည်သူ့ကိုမှ ကြောက်ရွံ့စရာ လိုအပ်တော့မည် မဟုတ်ပေ။
ရှင်းလင်းစွာဆိုရလျှင် သက်စောင့်ဝိညာဥ် သစ်သီးကို ရရှိနိုင်သရွေ့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးစုသည် မည်သည့်အဖိုးအခကို ပေးဆပ်ရပါစေ ထိုက်တန်မှုရှိ၏။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်၏ ညွှန်ကြားချက်ကို ကြားလျှင် မရဏသစ်ရွက် ကောင်းကင်အရှင်သည် ထိတ်လန့်သွားခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင်သည် သက်စောင့်ဝိညာဥ် သစ်သီးကိုရရှိရန် အတွက် အစွမ်းကုန် ဆောင်ရွက်ရန် ရည်ရွယ်ထားပုံရ၏။
ဤကမ္ဘာသည် အမြဲတစေ အကျိုးအမြတ်ကိုသာ အခြေခံထားသော ကမ္ဘာကြီး ဖြစ်သည်။
သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက တခြား မျိုးနွယ်စုသုံးစုကို သူတို့အား အကူအညီပေးရန် စည်းရုံးချင်သည် ဆိုလျှင် ၎င်းတို့ကို သွေးဆောင်နိုင်သည့် အကျိုးကျေးဇူးများအား ပေးအပ်ရပေလိမ့်မည် မဟုတ်ပါလော။
သက်စောင့်ဝိညာဥ် သစ်သီးကို အောင်မြင်စွာ ရရှိနိုင်မည်ဆိုလျှင် အရာအားလုံးက အဆင်ပြေသွားလိမ့်မည် ဖြစ်သည်။
သို့မဟုတ်လျှင်မူ သူတို့ ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုသည် အမှန်တကယ် ဆုံးရှုံးမှု ကြီးသွားနိုင်၏။
-------------------
လမ်းခရီး တစ်လျှောက်လုံးတွင် လီကျန့်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မဟာနတ်မျိုးနွယ်စု ရှစ်စု၏ အခြေအနေကို ကျန်းချန်အား ရှင်းပြခဲ့သည်။
ဝိညာဥ်ဖျက်ဆီး ကောင်းကင်အရှင်က အသက်ဝိညာဥ် သစ်သီးအတွက် အစီအစဥ် ဆွဲနေချိန်တွင် ကျန်းချန်တို့သည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုဆီ သွားရာလမ်းတွင် ရှိနေခဲ့ကြသည်။
လီကျန့်သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေကို ရောက်လာသည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
သူက ဤနှစ်များအတွင်း အချိန်အများစုကို တံခါးပိတ်ကျင့်ကြံ၍သာ ကုန်ဆုံးခဲ့သော်လည်း မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုနှင့် ပတ်သက်သည့် အကြောင်းကို အတိုင်းအတာ တစ်ခု အထိ နားလည်ထားခဲ့သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေတွင် မဟာနတ်မျိုးနွယ်စုရှစ်စု ရှိပြီး ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုနှင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် ခွန်အားချင်း အတူတူ ဖြစ်ကာ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် အလယ်အလတ် အဆင့်၌ ရပ်တည်နေသော မျိုးနွယ်စုများ ဖြစ်ကြသည်။
ကျန်ရှိသည့် မျိုးနွယ်စု ခြောက်စုထဲတွင် သုံးစုသည် အစွမ်းအထက်ဆုံး မျိုးနွယ်စုများ ဖြစ်ကြ၏။
ထိုမျိုးနွယ်စု သုံးစုမှာ ကောင်းကင်ဝါးမျို ရေနဂါး မျိုးနွယ်စု၊ခရမ်းရောင်ဝက်ဝံ မျိုးနွယ်စုနှင့် ရောင်စုံနတ်နွား မျိုးနွယ်စုတို့ ဖြစ်ကြသည်။
ထိုမျိုးနွယ်စု သုံးစု၏ ခွန်အားကြောင့်ပင် သစ်သားဝိညာဥ်နတ်မျိုးနွယ်စုက နှစ်ပေါင်း တစ်သောင်းတိုင်းတွင် ထုတ်ပေးလေ့ ရှိသည့် သက်စောင့်ဝိညာဥ် သစ်သီးနှစ်လုံးသည် ထိုမျိုးနွယ်စုသုံးစု၏ လက်ထဲတွင်သာ ကျရောက်ခဲ့ကြသည်။
လီကျန့်၏ စကားကို နားထောင်ပြီးနောက်တွင် ကျန်းချန်သည် တလေးတစားဖြင့် ပြောလိုက်သည်။
“စီနီယာလီရဲ့ စကားအရဆိုရင် သက်စောင့်ဝိညာဥ် သစ်သီးအတွက် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပြိုင်ဘက်က ဒီမျိုးနွယ်စုသုံးစုပဲ ထင်တယ်”
“အမှန်ပဲ”
လီကျန့်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒီမျိုးနွယ်စုသုံးစုက ငါတို့ သက်စောင့် ဝိညာဥ်သစ်သီးကို ရရှိဖို့အတွက် အကြီးမားဆုံး အတားအဆီးတွေပဲ”
မျိုးနွယ်စုတစ်ရာတောရိုင်းနယ်မြေရှိ မဟာနတ်မျိုးနွယ်စုရှစ်စုသည် သမိုင်းကြောင်းရှည်ကြာသော မျိုးနွယ်စုများ ဖြစ်ပြီး ရှေးဟောင်း ဝိညာဥ်နတ်ဂိုဏ်းနှင့် မနိမ့်ကျသည့် အခြေခံအုတ်မြစ်များကို ပိုင်ဆိုင်ထားကြသည်။
တစ်ခုတည်းသော ခြားနားချက်မှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူများကို မပိုင်ဆိုင်ခြင်းပင် ဖြစ်၏။
အထူးသဖြင့် မဟာနတ်မျိုးနွယ်စု ရှစ်စု၏ ထိပ်ဆုံး သုံးနေရာရှိ မျိုးနွယ်စုများ၏ ခွန်အားသည် ခန့်မှန်းရ ခက်ခဲသည်။
ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားက အတော်လေးကောင်းမွန်သော်လည်း သက်စောင့်ဝိညာဥ် သစ်သီး အတွက် ထိုမျိုးနွယ်စု သုံးစုနှင့် ယှဥ်ပြိုင်ဖို့ ဆိုသည်မှာ လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။
သို့သော်လည်း ကျန်းချန်က ထိုကိစ္စနှင့် ပတ်သက်၍ စိတ်ပူမနေခဲ့ချေ။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စု ထံမှ သက်စောင့်ဝိညာဥ်သစ်သီးကို ရယူရန် အတွက် မည်သူ့ကိုမှ တားဆီးခွင့်ပြုမည် မဟုတ်ပေ။
မျိုးနွယ်စုသုံးစုက မည်မျှပင် အစွမ်းထက်နေပါစေ၊ အဆုံးသတ်တွင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိချေ။
နတ်ဘုရင်အဆင့် ကျင့်ကြံသူ မရှိသရွေ့ သက်စောင့်ဝိညာဥ်သစ်သီးကို မည်သူကမှ သူ့လက်ထဲကနေ လုယူနိုင်မည် မဟုတ်ပေ။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု အနေဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အကောင်းဆုံး တောင်တန်းတစ်ခုကို သိမ်းပိုက်ထားသည်။
ထိုတောင်တန်းကို သစ်သားဝိညာဥ်နတ်မျိုးနွယ်စုသည် ချင်းမူတောင်တန်းဟု အမည်ပေးထား၏။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် အသက်လမ်းစဥ်ကို အဓိက ကျင့်ကြံသော မျိုးနွယ်စု ဖြစ်၍ ချင်းမူတောင်တန်းတစ်ခုလုံးတွင် စိမ်းလန်းသော သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေခဲ့သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စုမှ သက်စောင့်ဝိညာဥ် သစ်သီးကို ခွဲဝေပေးရန် အတွက် ကျင်းပပြုလုပ်သော ပြိုင်ပွဲသည် တစ်သက်တွင် တစ်ကြိမ် မြင်တွေ့ရခဲသော ပြိုင်ပွဲ ဖြစ်သည်။
ထို့ကြောင့် ပြိုင်ပွဲကျင်းပသော အချိန်တွင် မဟာနတ်မျိုးနွယ်စုရှစ်စု သာမက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှ တခြားသော အင်အားစုများသည်လည်း လာရောက် ကြည့်ရှုကြလေ့ရှိသည်။
ထိုအကြောင်းကြောင့်ပင် ကျန်းချန်တို့ လူစု ချင်းမူတောင်တန်းသို့ ရောက်လာသော အချိန်တွင် ပတ်ဝန်းကျင်၌ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသို့ ဦးတည်နေသော လူအများအပြားကို တွေ့ခဲ့ရသည်။
ကျန်းချန်တို့က တုံ့ဆိုင်းမနေဘဲ ချင်းမူတောင်တန်းကို လျင်မြန်စွာပင် ဖြတ်သန်းသွားလာခဲ့ကြသည်။
မကြာခင်မှာပင် အလွန်တရာ ထူးခြားသည့် အဆောက်အအုံတစ်ခုသည် ကျန်းချန်တို့၏ မြင်ကွင်းတွင် ပေါ်လာခဲ့၏။
အခန်း(၂၀၅၇)ပြီး၏။