အခန်း (၂၀၅၈)
Vol. 146 Ch. 2058
ကျန်းချန်တို့ လူစုက တုံ့ဆိုင်းမနေဘဲ သူတို့ပေါ်လာသည့် အဆောက်အအုံ ဆီသို့ ခရီးဆက်ခဲ့ကြသည်။
သိပ်မကြာခင်မှာပင် သူတို့သည် ခမ်းနားထည်ဝါပြီး မတ်စောက်သော တောင်ထိပ်၏ အောက်ခြေသို့ ရောက်ရှိလာခဲ့ကြသည်။
ထိုတောင်ထိပ်က အလွန်တရာပင် မြင့်မားပြီး မိုးမျှော်သစ်ပင်များ နေရာတိုင်းတွင် ရှိနေခဲ့သည်။
တောင်၏ ပတ်ပတ်လည်တွင်လည်း တိမ်စိုင်များနှင့် မြူခိုးများ ဝိုင်းရံနေခဲ့ပြီး တောင်ခြေကနေ ကြည့်လိုက်လျှင် အဆုံးမရှိသကဲ့သို့ မြင်နေရ၏။
ကျန်းချန်တို့လူစု ယခင်က မြင်တွေ့ခဲ့သော အဆောက်အအုံသည် တိမ်စိုင်များနှင့် မြူခိုးများကြားတွင် ပေါ်ပေါက်နေသော နတ်ဗိမ္မာန် တစ်ခုလိုပင် ဖြစ်နေခဲ့သည်။
“ဒါက သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ နေရာလား.. တကယ်ကို ကောင်းမွန်လွန်းတဲ့ နေရာပဲ”
သူ့ရှေ့မှ တောင်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
နတ်ဘုရားနယ်မြေသို့ ရောက်လာပြီးနောက်တွင် ကျန်းချန်သည် နေရာများစွာကို ရောက်ဖူးခဲ့ပြီး အင်အားစုများစွာ အခြေချသည့် တောင်တန်းများစွာကို မြင်ဖူးခဲ့သည်။
သို့သော်လည်း သစ်သားဝိညာဥ် နတ်မျိုးနွယ်စု သိမ်းပိုက်ထားသည့် ဤနေရာသည် အကောင်းဆုံးသော နေရာများထဲမှ တစ်ခု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
“သစ်သားဝိညာဥ် နတ်မျိုးနွယ်စုက အသက်လမ်းစဥ်မှာ ကျွမ်းကျင်ကြတယ်.. သူတို့ ဘိုးဘွားတွေ ဖန်တီးထားတဲ့နေရာက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရဲ့မဟာနတ်မျိုးနွယ်စုရှစ်စု ထဲမှာ အကောင်းဆုံးနေရာ တစ်ခုပဲ.. ဒီနေရာမှာ အမြဲတစေ နေထိုင်မယ်ဆိုရင် ပြင်ပက ကျင့်ကြံသူတွေထက် သက်တမ်းများစွာ ပိုရှည်လိမ့်မယ်”
လီကျန့်က သူ၏ ရှေ့မှ တောင်ကို ကြည့်ကာ ကျန်းချန်တို့ကို ရှင်းပြလိုက်သည်။
“ငါတို့ တောင်ပေါ်ကို တက်ကြစို့”
တောင်ထိပ်ဆီသို့ ပျံသန်းနေသည့် လူရိပ်များကို မြင်လျှင် ကျန်းချန်သည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တောင်ထိပ် ဆီသို့ ပျံသန်းရန် ပြင်လိုက်သည်။
ထိုအချိန်မှာပင် ကျန်းချန်တို့ လူစု၏ အနောက်ဘက်ရှိ ကောင်းကင်ယံတွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ်လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
သိပ်မကြာခင်မှာပင် အနက်ရောင်သတ္တုဖြင့် ပြုလုပ်ထားသည့် လှေတစ်စင်းသည် ကောင်းကင်ယံတွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့သည်။
“ဒါက ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုရဲ့ တိမ်တိုက်နက်ဝါးမျိုလှေပဲ”
ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသည့် တအံ့တသြ ရေရွတ်သံများကို ကြားလျှင် ကျန်းချန်သည် မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။
ထိုအနက်ရောင်လှေ ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလို လူတိုင်းသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြပြီး ဆွေးနွေးပြောဆိုသံများသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် နံပါတ်(၁)နေရာ၌ ရှိပြီး ဤတစ်ကြိမ် ပြိုင်ပွဲတွင် ကျန်းချန်၏ အကြီးမားဆုံး ပြိုင်ဘက် ဆိုလည်းမမှားပေ။
ကျန်းချန်က တိမ်တိုက်နက် ဝါးမျိုလှေကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် အတွင်းပိုင်းရှိ အခြေအနေကို စစ်ဆေးရန် ကြိုးစားခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ တိမ်တိုက်နက် ဝါးမျိုလှေ၏ ပတ်ပတ်လည်တွင် ဆန်းကြယ်သော စွမ်းအားတစ်ခု ရှိနေခဲ့သည်။
ထိုစွမ်းအားက သူ၏ နတ်အသိစိတ်အာရုံကို ကာဆီးထား၍ အတွင်းထဲရှိ အခြေအနေကို စူးစမ်း၍ မရခဲ့ပေ။
“ဒီတိမ်တိုက်နက် ဝါးမျိုလှေက ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုရဲ့ နတ်ဘုရင် အဆင့် မှော်ရတနာတစ်ပါးပဲ.. နတ်ဘုရင်အဆင့်ကျင့်ကြံသူ မဟုတ်သရွေ့ တိမ်တိုက်နက်ဝါးမျိုလှေရဲ့ အကာအကွယ်ကို ထိုးဖောက်မြင်နိုင်ဖို့ မဖြစ်နိုင်ဘူး”
လီကျန့်က တိမ်တိုက်နက်ဝါးမျိုလှေကို ကြည့်လိုက်ပြီးနောက်တွင် လေးနက်သောလေသံဖြင့်ပြောလိုက်သည်။
“သက်စောင့်ဝိညာဥ် သစ်သီးက အင်အားစုတိုင်း အလိုရှိတဲ့ ရတနာတစ်ပါးပဲ.. ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုက အစွမ်းကုန် ကြိုးစားမှာ သေချာတယ်”
ကျန်းချန်နှင့် လီကျန့်တို့ စကားပြောဆိုနေစဥ်မှာပင် ကောင်းကင်ယံရှိ တိမ်တိုက်နက်ဝါးမျိုလှေသည် သူတို့၏ ဦးခေါင်းအထက်ကနေ ဖြတ်ကျော်သွားခဲ့ပြီး တောင်ထိပ် ဆီသို့ ပျံသန်းသွားခဲ့သည်။
“ကျွန်တော်တို့လည်း တက်ကြစို့”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူက ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုကို သိပ်ဂရုမစိုက်ခဲ့ပေ။
ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုက မည်မျှပင် အစွမ်းထက်နေပါစေ၊ သူ့ကို သက်စောင့်ဝိညာဥ်သစ်သီး မရရှိအောင် တားဆီးရန်မှာ မဖြစ်နိုင်ပေ။
သက်စောင့်ဝိညာဥ် သစ်သီးအတွက် ပြိုင်ပွဲကျင်းပသည့် အကြိမ်တိုင်းတွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မည်သည့်အင်အားစုကိုမှ ကန့်သတ်ထားခြင်း မရှိဘဲ အားလုံးကို လာရောက်ကြည့်ရှုခွင့်ပေးထားသလို ပြိုင်ပွဲတွင်လည်း ပါဝင်ခွင့်ပေးထားခဲ့သည်။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု အနေဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုသည် အစွမ်းထက်ရုံသာမက ဆက်သွယ်ရေးကွန်ရက်လည်း အလွန်တရာ ကျယ်ပြန့်လှ၍ မည်သူမဆို သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ နေရာတွင် မရမ်းကားရဲပေ။
ထို့ကြောင့်လည်း ကျန်းချန်တို့လူစုသည် လမ်းခရီးတစ်လျှောက်လုံးတွင် မည်သည့် အတားအဆီးမှ မရှိဘဲ တောင်ထိပ် ဆီသို့ ရောက်ရှိသွားခဲ့ကြသည်။
တောင်ထိပ်ဆီသို့ ရောက်သည်နှင့် ဆူညံသော အသံများသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့၏။
ကျန်းချန်က ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်ရာ လူပင်လယ်ကြီးကို မြင်လိုက်ရလျှင် အသက်ရှူကြပ်မတတ်ပင် ဖြစ်သွားခဲ့သည်။
သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ သက်စောင့်ဝိညာဥ် သစ်သီးသည် ဤမျှအထိ လူအများအပြားကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“သစ်သားဝိညာဥ် နတ်မျိုးနွယ်စုမှာ တကယ်ကို စည်ကားနေတာပဲ”
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ ကျန်းချန်သည် အံ့သြမှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ကျန်းချန်၏ စကားကို ကြားလျှင် လီကျန့်က ပြုံး၍ ပြောလိုက်သည်။
“ဒါက ပုံမှန်ပါပဲ.. ဒီလိုပြိုင်ပွဲမျိုးက တစ်သက်မှာ တစ်ကြိမ်လောက်ပဲ ကြုံတွေ့ရမှာ ဖြစ်တဲ့အတွက် လူအများအပြားကို ဆွဲဆောင်နိုင်တာ သဘာဝပါပဲ”
ထိုစကားကို ကြားလျှင် ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုလိုက်သည်။
သူတို့ရပ်နေသော နေရာသည် ဧရာမရင်ပြင်တစ်ခု ဖြစ်ပြီး ရင်ပြင် ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော လူများသည် ထူထပ်စွာ ရပ်နေကြကာ ရင်ပြင် တစ်ခုလုံးကို ဝိုင်းရံထားကြသည်။
ထိုဧရာမရင်ပြင် အနောက်ဘက်တွင်မူ ပုံသဏ္ဌာန်မျိုးစုံ ရှိသည့် သစ်သား အဆောက်အအုံအများအပြား ရှိနေခဲ့၏။
ထိုအဆောက်အအုံများ၏ အလယ်ဗဟိုတွင် ကြီးမားသော သစ်ပင်အိုကြီး တစ်ပင်သည် ထင်ရှားစွာ ရှိနေခဲ့သည်။
ထိုသစ်ပင်ကြီးသည် ပေထောင်ပေါင်းများစွာ မြင့်မားပြီး အကိုင်းအခက်များနှင့် အရွက်များ သိပ်သည်းစွာ ပေါက်ရောက်နေ၏။
ထိုသစ်ပင်ကနေ အလွန်တရာ အစွမ်းထက်သော အသက်လမ်းစဥ် အရှိန်အဝါများကိုပါ ထုတ်လွှတ်နေခဲ့သည်။
ကျန်းချန်က စဥ်းစားနေစရာပင် မလိုအပ်ဘဲ ထိုရှေးဟောင်းသစ်ပင်က သက်စောင့်ဝိညာဥ် သစ်သီးကို ထုတ်လုပ်ပေးသော နတ်သစ်ပင်မှန်း သိလိုက်သည်။
သူနှင့် ရှေးဟောင်းသစ်ပင်က အလွန်တရာ ကွာဝေးနေသည့်အပြင် ရှေးဟောင်းသစ်ပင်ကို အကာအကွယ်ပေးထားသည့် ဆန်းကြယ်သော စွမ်းအားများ ရှိနေသည့် အတွက် ကျန်းချန်သည် ရှေးဟောင်းသစ်ပင်၏ တိကျသော အခြေအနေကို သိရှိရန် ခက်ခဲနေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်သည် သူ၏ အကြည့်ကို အလျင်အမြန် ပြန်လည် ရုတ်သိမ်းလိုက်ပြီး ရင်ပြင်ကို အကဲခတ်လိုက်သည်။
ရင်ပြင်၏ အလယ်ဗဟိုတွင် မြင်ကွင်းကောင်းသော နေရာများ ရှိနေသည်ကို သူတွေ့လိုက်ရ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုနေရာများသည် မဟာနတ်မျိုးနွယ်စုရှစ်စု အတွက် သီးသန့်နေရာများ ဖြစ်မှန်း သူ သိလိုက်သည်။
ကျန်းချန်တို့ တောင်ခြေတွင် ကြုံတွေ့ခဲ့သည့် တိမ်တိုက်နက် ဝါးမျိုလှေသည် ညာဘက်ခြမ်းရှိ နေရာတွင် ဆင်းသက်ထားခဲ့သည်။
လစ်လပ်နေသော နှစ်နေရာ၊ သုံးနေရာမှ လွဲလျှင် ကျန်ရှိနေသော နေရာများ၌ တိမ်တိုက်နက် ဝါးမျိုလှေနှင့် ဆင်တူသော ပျံသန်းနိုင်သည့် ရတနာများ ရပ်နေခဲ့ကြသည်။
“မဟာနတ်မျိုးနွယ်စု ရှစ်စုထဲက မျိုးနွယ်စုငါးစုတော့ ရောက်လာခဲ့ပြီ.. သက်စောင့်ဝိညာဥ် သစ်သီး အတွက် တိုက်ခိုက်မှုက သိပ်မကြာခင် စတင်တော့မယ်ထင်တယ်”
လီကျန့်က အခြေအနေကို အကဲခတ်ပြီးနောက်တွင် ခပ်တိုးတိုးပြောလိုက်သည်။
ကျန်းချန်က မဟာနတ်မျိုးနွယ်စုရှစ်စု ရှိနေသည့်နေရာကို ကြည့်လိုက်ရာ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုမှ အစွမ်းထက်ကျင့်ကြံသူ အနည်းငယ်မှ လွဲလျှင် ကျန်ရှိသော မဟာနတ်မျိုးနွယ်စုရှစ်စုမှ လူများသည် ပျံသန်းနိုင်သော မှော်ရတနာထဲတွင်သာ ရှိနေကြပြီး မထွက်လာကြသေးသည်ကို တွေ့လိုက်ရသည်။
ထို့ကြောင့် ကျန်းချန်သည် မဟာနတ်မျိုးနွယ်စု ရှစ်စု၏ ခွန်အားကို လေ့လာရန် လက်လျှော့လိုက်ရသည်။
ထို့နောက် သူက လီကျန့်ကို သူသိလိုသည့် အချက်အလက်အား မေးလိုက်သည်။
“စီနီယာလီ ပြိုင်ပွဲရဲ့ စည်းမျဥ်းတွေကို သိလား”
လီကျန့်က ခေါင်းခါရမ်းလိုက်သည်။
“ငါက မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေမှာ နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့ပေမဲ့ အချိန်အများစုမှာ တံခါးပိတ် ကျင့်ကြံနေခဲ့တဲ့အတွက် သက်စောင့်ဝိညာဥ် သစ်သီးအတွက် တိုက်ခိုက်တာကို တစ်ခါမှ လာမကြည့်ခဲ့ဖူးဘူး.. ဒါကြောင့် စည်းမျဥ်းနဲ့ ပတ်သက်ပြီး ငါဘာမှမသိဘူး”
ထိုအချိန်မှာပင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ အပြင်ဘက်ကနေ အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် ပျံသန်းနိုင်သော မှော်ရတနာ သုံးခုသည် ကောင်းကင်ယံကနေ ပျံသန်းလာခဲ့ပြီး ရင်ပြင်၏ အလယ်ဗဟိုရှိ သီးသန့်နေရာများတွင် လျင်မြန်စွာ ဆင်းသက်လိုက်သည်။
လူတိုင်းက ထိုမြင်ကွင်းကိုမြင်လျှင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
ရင်ပြင်၏ အလယ်ဗဟိုရှိ မြင်ကွင်းကောင်းသော နေရာရှစ်နေရာတွင် ကျင့်ကြံသူများ ပြည့်နှက်သွားခဲ့ပြီ ဖြစ်သည်။
ဆိုရလျှင် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ မဟာနတ်မျိုးနွယ်စု ရှစ်စုလုံးက ဤနေရာသို့ ရောက်ရှိလာခဲ့ချေပြီ။
ယင်းမှာ သက်စောင့်ဝိညာဥ် သစ်သီး အတွက် တိုက်ပွဲကို စတင်တော့မည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
အခန်း(၂၀၅၈)ပြီး၏။