အခန်း (၂၀၅၉)
Vol. 146 Ch. 2059
မဟာနတ်မျိုးနွယ်စုရှစ်စုမှ ကျင့်ကြံသူများ ရောက်ရှိလာပြီးနောက်တွင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုမှ ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ရင်ပြင်အလယ်ဗဟိုသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
ထိုခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ခေါင်းဆောင် ဖြစ်သည့် အရှင်ချင်းမူ ဖြစ်သည်။
“အားလုံးပဲ.. ငါတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုရဲ့ သက်စောင့်ဝိညာဥ်သစ်သီး ရင့်မှည့်တဲ့အချိန်ကို ထပ်မံ ရောက်ရှိလာခဲ့ပြီ.. ငါတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုက ပြိုင်ပွဲရဲ့ဆုလာဘ်အဖြစ် ထုံးစံအတိုင်း သက်စောင့်ဝိညာဥ် သစ်သီး နှစ်လုံးကို ထုတ်ပေးသွားမယ်.. အားလုံးပဲ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာပြီး ကလိမ်ကကျစ် မလုပ်ကြဖို့ မျှော်လင့်ပါတယ်.. ဒီလိုမှမဟုတ်ရင်တော့ ငါတို့ သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ချင်းမူ ကောင်းကင်အရှင်သည် ရင်ပြင်ကို ဝေ့ကြည့်လိုက်သည်။
ချင်းမူ ကောင်းကင်အရှင်၏ လေသံထဲတွင် ဖော်ပြ၍ မရနိုင်သော စွမ်းအားတစ်မျိုး ပါဝင်နေခဲ့၏။
အားနည်းသူ တချို့ဆိုလျှင် ခန္ဓာကိုယ်များပင် အလိုအလျောက် တုန်ယင်လာခဲ့သည်။
မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ တစ်စု အနေဖြင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ခွန်အားသည် မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် အလယ်အလတ် နေရာ၌ ရှိသည်။
သို့သော်လည်း မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် နံပါတ်(၁)နေရာ၌ ရှိသော ကောင်းကင်ဝါးမျို ရေနဂါး မျိုးနွယ်စုကဲ့သို့ ခွန်အားကြီးမားသည့် မျိုးနွယ်စုသည်ပင် သစ်သားဝိညာဥ် နတ်မျိုးနွယ်စုကို မျက်နှာသာပေးရ၏။
ထို့ကြောင့် သစ်သားဝိညာဥ် နတ်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်သည့် ချင်းမူ ကောင်းကင်အရှင်၏ စကားသည် သံမဏိစည်းမျဥ်းကဲ့သို့ ဖြစ်နေခဲ့သည်။
ရင်ပြင်ထဲရှိ မည်သူ့ထံကမှ ကန့်ကွက်သံ မကြားရသည်ကို မြင်လျှင် ချင်းမူ ကောင်းကင်အရှင်သည် သက်စောင့်ဝိညာဥ်သစ်သီးအတွက် ယှဥ်ပြိုင်ရမည့် စည်းမျဥ်းများကို စတင်ကြေညာခဲ့သည်။
“သက်စောင့်ဝိညာဥ် သစ်သီး အတွက် ပြိုင်ပွဲစည်းမျဥ်းတွေက အရင်အကြိမ်တွေက အတိုင်းပဲ.. အင်အားစု တစ်ခုစီက အသက်တစ်သောင်းနဲ့ နှစ်ရာအောက် ပါရမီရှင်တွေကို ပါဝင်ယှဥ်ပြိုင်ဖို့ စေလွှတ်နိုင်တယ်.. ပြိုင်ပွဲအတွင်းမှာ လက်ကျန်နှစ်ဦးပဲ ကျန်ရှိတဲ့အထိ ယှဥ်ပြိုင်စေမှာဖြစ်တယ်...အဆင်သင့်ဖြစ်ပြီဆိုရင် အားလုံးပဲ တိုက်ခိုက်ရေးကွင်း အတွင်းကို ဝင်ရောက်လို့ ရပါပြီ”
ချင်းမူ ကောင်းကင်အရှင်၏ စကားသံ ဆုံးသည်နှင့် ကျင့်ကြံသူ အများအပြားသည် ရင်ပြင်အလယ်ဗဟိုရှိ တိုက်ခိုက်ရေးကွင်းဆီသို့ တက်လာခဲ့ကြသည်။
သက်စောင့်ဝိညာဥ် သစ်သီးသည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေရှိ မည်သည့်အင်အားစု အတွက် မဆို အိပ်မက်ရတနာတစ်ပါး ဖြစ်၏။
ထို့ကြောင့် မဟာနတ်မျိုးနွယ်စု ရှစ်စုထက် များစွာ နိမ့်ကျသော မျိုးနွယ်စုများသည် သက်စောင့်ဝိညာဥ် သစ်သီး အတွက် ယှဥ်ပြိုင် တိုက်ခိုက်လိုစိတ် ရှိခဲ့ကြသည်။
လွန်ခဲ့သော နှစ်သန်းပေါင်း များစွာကတည်းက ကျင်းပ ပြုလုပ်ခဲ့သော တိုက်ပွဲများတွင် သက်စောင့်ဝိညာဥ် သစ်သီးသည် မဟာနတ်မျိုးနွယ်စု ရှစ်စု၏ လက်ထဲတွင်သာ ကျရောက်ခဲ့ကြသည်။
သို့သော်လည်း တခြားသော မျိုးနွယ်စုများ ရရှိရန်အတွက် အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။
အကြောင်းရင်းမှာ သက်စောင့်ဝိညာဥ် သစ်သီးကို ရရှိရန်အတွက် အုပ်စုလိုက် တိုက်ခိုက်မှုကို ခွင့်ပြုထားသောကြောင့်ဖြစ်သည်။
အုပ်စုလိုက် တိုက်ခိုက်ခြင်းဖြင့် ကြီးမားသော အပြောင်းအလဲများကို ဖြစ်ပေါ်စေမည် ဖြစ်ပြီး အခြားသော မျိုးနွယ်စုများကိုလည်း အခွင့်အရေး ရရှိစေလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က တုံ့ဆိုင်းမနေခဲ့ဘဲ တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ယှဥ်ပြိုင်မည့်သူများ တိုက်ခိုက်ရေးကွင်း ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ မဟာနတ်မျိုးနွယ်စု ရှစ်စုမှ ကျင့်ကြံသူများသည်လည်း ပျံသန်းနိုင်သော မှော်ရတနာ ထံကနေ ထွက်လာခဲ့ကြပြီး တိုက်ခိုက်ရေးကွင်း ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုက တူဟယ်၊
ဧရာမဝိညာဥ်နတ်မျိုးနွယ်စုက ကျွီဝူကန်း၊
အဆိပ်သုံးပါးနတ်မျိုးနွယ်စုက ဝေကျွယ်၊
ကောင်းကင်ပင့်ကူနတ်မျိုးနွယ်စုက ကျူးချင်းယင်၊
တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်ရောက်လာသော ထိုလေးဦးကိုမြင်လျှင် ရင်ပြင်တစ်ဝိုက်ရှိ လူများသည် အံ့အားသင့်ကာ ရေရွတ်လိုက်ကြသည်။
၎င်းတို့သည် မဟာနတ်မျိုးနွယ်စုရှစ်စု၏ နတ်ဘုရားသားတော်များ ဖြစ်ကြပြီး မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့ ပေါ်ထွက်လာမှုသည် တိုက်ခိုက်ရေးကွင်းထဲရှိ အငွေ့အသက်ကို ချက်ချင်းဆိုသလို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
တိုက်ခိုက်ရေးကွင်းထဲရှိ ယှဥ်ပြိုင်မည့်သူ အများအပြားသည် ထိုလေးယောက်ကို မြင်သည်နှင့် အလျင်အမြန်ပင် ခပ်ဝေးဝေးသို့ ဆုတ်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ထိုလေးဦး၏ ပတ်ပတ်လည် ပေတစ်ရာအတွင်းရှိ ဧရိယာ တစ်ခုလုံးတွင် မည်သူမျှ ရှိမနေတော့ပေ။
အခြားသော အင်အားစုများမှ ယှဥ်ပြိုင်မည့် သူများသည် ထိုလေးဦး၏ ခွန်အားကို သိရှိထားကြပြီး အနည်းငယ်ပို၍ ဝေးဝေးနေလိုကြသည်မှာ ထင်ရှားနေခဲ့၏။
၎င်းတို့က မဟာနတ်မျိုးနွယ်စုမှ နတ်ဘုရား သားတော်များနှင့် ရင်ဆိုင် တိုက်ခိုက်ရမည်ကို မလိုလားကြပေ။
ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စုမှ နတ်ဘုရားသားတော် တူဟယ်နှင့် အခြားသူများ ပေါ်ထွက်လာပြီး သိပ်မကြာမီမှာပင် ရောင်စုံဦးချိုများ ပေါက်နေသော လူငယ်တစ်ဦးသည် ကောင်းကင်ယံကနေ ရုတ်တရက် ဆင်းသက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခန္ဓာကိုယ် ထွားကျိုင်းသည့် လူငယ် တစ်ဦးသည်လည်း ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်ကနေ အာဏာရှင်ဆန်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။
ထိုအချိန်မှာပင် ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စု ထံကနေ အဆုံးသတ်၌ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တိုက်ခိုက်ရေးကွင်း ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်၏ အရှိန်အဝါသည် ယခင်နှစ်ဦး ကဲ့သို့ စွမ်းအား မကြီးသော်လည်း လူအများကို အလွန်အမင်း အန္တရာယ်ရှိသောခံစားချက်အား ခပ်ရေးရေး ပေးစွမ်းနေခဲ့သည်။
ရောင်စုံနတ်နွား မျိုးနွယ်စုက နျိုထျန်းကန်း၊
ခရမ်းရောင်ဝက်ဝံမျိုးနွယ်စုက ကျိယွိလုံ၊
ကောင်းကင်ဝါးမျိုရေနဂါးမျိုးနွယ်စုက ရှဝူယန်၊
ထိုသုံးဦး ပေါ်ထွက်လာသည်နှင့် ရင်ပြင်ပေါ်ရှိ လူတိုင်း၏ အကြည့်သည် ထိုသုံးဦး အပေါ်တွင် ကျရောက်သွားခဲ့ကြသည်။
ဆိုရလျှင် ထိုလူငယ် သုံးဦးသည် မဟာနတ်မျိုးနွယ်စု ရှစ်စုထဲတွင် ထိပ်ဆုံးနေရာ၌ ရပ်တည်နေသော မျိုးနွယ်စု သုံးစုမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။
၎င်းတို့သည် မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ၏ အထူးချွန်ဆုံးပါရမီရှင် သုံးဦး ဖြစ်ပြီး ဤတစ်ကြိမ် သက်စောင့်ဝိညာဥ်သစ်သီးအတွက် ပြိုင်ဆိုင်ရာတွင် သက်စောင့်ဝိညာဥ် သစ်သီးကို ရရှိရန် ရေပန်းအစားဆုံး လူများလည်း ဖြစ်ကြသည်။
ကျန်းချန်က ထိုပါရမီရှင်များကို အသေအချာ အကဲခတ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။
နတ်ကုန်းမြေတိုက်သည် နတ်ဘုရားနယ်မြေ၏ ရှေးအကျဆုံးနေရာဟူသော ဂုဏ်ပုဒ်နှင့် ထိုက်တန်လှ၏။
မျိုးနွယ်စုတစ်ရာ တောရိုင်းနယ်မြေ ကဲ့သို့ ဧရိယာတွင် မွေးဖွားလာသည့် ပါရမီရှင်များ၏ အရေအတွက်နှင့်အရည်အသွေးသည် ကျန်းဝူကောင်းကင်နယ်မြေထက်ပင် များစွာ ကျော်လွန်နေခဲ့သည်။
ဤတစ်ကြိမ် ပြုလုပ်သည့် သက်စောင့်ဝိညာဥ် သစ်သီးအတွက် ပြိုင်ပွဲတွင် ပါရမီရှင် ငါးဆယ်ကျော် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အားလုံးသည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော နယ်မြေနတ်ဘုရားများ ဖြစ်ကြသည်။
အများစုသည် သာမန် နယ်မြေနတ်ဘုရား အဆင့်ထက် များစွာ ကျော်လွန်နေကြပြီး အနည်းဆုံး မဟာကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သည့် ကြယ်တစ်ပွင့် အရှင်များ ဖြစ်ကြသည်။
မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရားသားတော်များသည် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့ကြသော ကြယ်နှစ်ပွင့် အရှင်များ ဖြစ်ကြ၏။
အထူးသဖြင့် ရှဝူယန်၊ ကျိယွိလုံ၊ နျိုထျန်းကန်း တို့၏ အရှိန်အဝါသည် တောင်ဘက်ပင်မခန်းမ၏ အစွမ်းအထက်ဆုံးပါရမီရှင် လေးဦးထက် မနိမ့်ကျပေ။
သို့သော်လည်း ကျန်းချန်သည် ၎င်းတို့ကို သိပ်ဂရုမစိုက်ခဲ့ချေ။
သူက ဤတစ်ကြိမ် ကျင်းပပြုလုပ်မည့် သက်စောင့်ဝိညာဥ်သစ်သီး အတွက် တိုက်ပွဲတွင် သူရင်ဆိုင်ရမည့် ပြိုင်ဘက်မှာ မဟာနတ်မျိုးနွယ်စု ရှစ်စု၏ ခေါင်းဆောင်အဆင့် ဖြစ်လိမ့်မည်ဟု အစက ထင်ထားခဲ့သည်။
မဟာနတ်မျိုးနွယ်စု ရှစ်စုမှ မျိုးနွယ်စု ခေါင်းဆောင်များ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အရှင်အဆင့် အထွတ်အထိပ်ကို ရောက်ရှိနေရုံသာမက နတ်ဘုရင်အဆင့်၏ ဝှက်ဖဲတချို့ကိုပါ ပိုင်ဆိုင်ထားကြသည်။
တစ်ဦးချင်းသာ ရင်ဆိုင်ရမည်ဆိုလျှင် ကျန်းချန်သည် မည်သူ့ကိုမှ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။
သို့သော်လည်း သက်စောင့်ဝိညာဥ် သစ်သီး အတွက် ပြိုင်ပွဲတွင် လူငယ်မျိုးဆက်မှ ဝင်ရောက် ယှဥ်ပြိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုအချက်သည် ကျန်းချန်ကို သံသယဖြစ်ဖွယ်ရာမရှိ ပိုမိုလွယ်ကူစေခဲ့သည်။
“အချိန်စေ့ပြီ.. စလိုက်ကြရအောင်”
မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရားသားတော်များ တိုက်ခိုက်ရေးကွင်းထဲသို့ ဝင်ရောက်လာသည်ကို မြင်လျှင် ချင်းမူ ကောင်းကင်အရှင်၏ အသံသည် ရင်ပြင်အထက်၌ ပဲ့တင်ထပ်လာခဲ့သည်။
ချင်းမူ ကောင်းကင်အရှင်၏ စကားသံနှင့်အတူ တိုက်ခိုက်ရေးကွင်းထဲမှ အငွေ့အသက် သည်လည်း ချက်ချင်းဆိုသလို ပြင်းထန်လာခဲ့၏။
တိုက်ခိုက်ရေးကွင်းထဲမှ ပါရမီရှင်များ၏ မျက်ဝန်းများတွင် အလွန်အမင်း သတိထားနေသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
လူပေါင်းများစွာသည် အုပ်စုဖွဲ့၍ နေရန် ရွေးချယ်ခဲ့ကြသည်။
သက်စောင့်ဝိညာဥ် သစ်သီးကို နောက်ဆုံး ကျန်ရှိသည့် လူနှစ်ဦးသာ ရရှိမည် ဖြစ်သော်လည်း ပြိုင်ပွဲ၏ အစောပိုင်းအဆင့်တွင် အုပ်စုလိုက် တိုက်ခိုက်မှုသည် လိုအပ်နေဆဲ ဖြစ်၏။
တိုက်ခိုက်ရေးကွင်းထဲတွင် အချိန်ကြာမြင့်စွာ ရပ်တည်နေလိုလျှင် အကောင်းဆုံး နည်းလမ်းမှာ သံသယဖြစ်ဖွယ်ရာ မရှိ အုပ်စုဖွဲ့၍ နေထိုင်ရန်ပင် ဖြစ်သည်။
ရင်ပြင်တစ်ဝိုက်ရှိ ကျင့်ကြံသူများ၏ အာရုံစူးစိုက်မှု အောက်တွင် တိုက်ခိုက်ရေးကွင်းထဲရှိ အငွေ့အသက်သည် အဆုံးသတ်၌ တင်းမာလာခဲ့သည်။
ထို့နောက်တွင် တစ်စုံတစ်ယောက်သည် သူ၏ ဘေးနားရှိ ပြိုင်ဘက်ကို စတင် တိုက်ခိုက်လိုက်သည်။
ထိုနှစ်ဦးကြားမှ တိုက်ခိုက်မှုသည် တိုက်ခိုက်ရေးကွင်းထဲရှိ တင်းမာနေသော အငွေ့အသက်ကို ချက်ချင်းဆိုသလို ပျက်စီးစေခဲ့၏။
ကွဲပြားသော စွမ်းအားများ ရှိသည့် နယ်မြေနတ်ဘုရား စွမ်းအား နှစ်ခုသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့သည်။
အခန်း(၂၀၅၉)ပြီး၏။