← Chapters

အခန်း (၂၀၆၀)

Vol. 146 Ch. 2060

အခန်း (၂၀၆၀)

Vol. 146 Ch. 2060

ဒါဇင်ပေါင်းများစွာသော နယ်မြေနတ်ဘုရား အရှိန်အဝါများသည် ရင်ပြင်တစ်ခုလုံးတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။

ချင်းမူ ကောင်းကင်အရှင်က တိုက်ခိုက်ရေးကွင်း၏ ကာကွယ်ရေး အစီအရင်ကို လှုံ့ဆော်ထားသော်လည်း တိုက်ခိုက်ရေးကွင်းထဲမှ အရှိန်အဝါများကို ကြည့်ရှုသူများသည် ခံစားမိကြသည်။

ပြိုင်ပွဲဝင်များသည် မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရားသားတော်များနှင့် မတိုက်ခိုက်ချင်ခဲ့ကြပေ။

တိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုတွင် မဟာနတ်မျိုးနွယ်စုရှစ်စုမှ နတ်ဘုရားသားတော်များ ရှိနေကြသဖြင့် အားနည်းသော ယှဥ်ပြိုင်သူ အချို့သည် ထိုနေရာကနေ ဆုတ်ခွာသွားခဲ့ကြသည်။

မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရား သားတော်များက တိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုတွင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး တိုက်ပွဲများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။

သူတို့ကို ကြည့်ရသည်မှာ အလွယ်တကူ လှုပ်ရှားရန် ရည်ရွယ်ချက် မရှိကြပုံရ၏။

“ရှဝူယန်.. ကျိယွိလုံ.. အချိန်မဖြုန်းနဲ့တော့.. ဒီသက်စောင့်ဝိညာဥ်သစ်သီးရဲ့ပိုင်ရှင်က ငါတို့ သုံးယောက်ထဲကပဲ ဖြစ်ရမယ်.. ငါတို့တွေ လက်တွဲပြီး ဒီအမှိုက်သရိုက်တွေကို အရင်ဆုံး ဖယ်ရှားပြီးမှပဲ ရလဒ်ကို ဆုံးဖြတ်ကြတာပေါ့”

ထိုအချိန်တွင် ရောင်စုံနတ်နွားမျိုးနွယ်စုမှ နျိုထျန်းကန်းက ပတ်ဝန်းကျင်မှ တိုက်ပွဲအခြေအနေကို အကဲခတ်ကြည့်လိုက်ပြီးနောက်တွင် ကျန်နှစ်ယောက်ကို ပြောလိုက်သည်။

ခရမ်းရောင်ဝက်ဝံ မျိုးနွယ်စုမှ ကျိယွိလုံက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ ငါသဘောတူတယ်”

ကောင်းကင်ဝါးမျို ရေနဂါးမျိုးနွယ်စုမှ နတ်ဘုရားသားတော် ရှဝူယန်၏ မျက်လုံးများကလည်း လင်းလက်သွားခဲ့သည်။

သူက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပြီ.. ငါတို့အတူလက်တွဲပြီး ဒီအမှိုက်သရိုက်တွေကို အရင်ဆုံး ရှင်းထုတ်လိုက်ကြတာပေါ့”

ဤတစ်ကြိမ် သက်စောင့်ဝိညာဥ်သစ်သီး အတွက် တိုက်ပွဲတွင် သူ၏ အကြီးမားဆုံးပြိုင်ဘက်မှာ သူ့ရှေ့မှ လူနှစ်ယောက်ဖြစ်သည်ကို ရှဝူယန် ကောင်းစွာ သိရှိထားသည်။

သူ့အနေဖြင့် အခြားသော မဟာနတ်မျိုးနွယ်စု လေးစုမှ နတ်ဘုရား သားတော်များကိုပင် ၎င်းတို့လောက် အလေးအနက်မထားခဲ့ပေ။

သို့ရာတွင် ရှဝူယန်သည် အခြားသူများကို အရေးမလုပ်သော်လည်း တိုက်ခိုက်ရေးကွင်းထဲရှိ ဒါဇင်ပေါင်းများစွာသော ပါရမီရှင်များကို ဖယ်ရှားလိုလျှင် အားထုတ်မှုများစွာကို ပြုလုပ်ရလိမ့်မည် ဖြစ်၏။

ယင်းက သူ၏ ခွန်အားကို များစွာ ကုန်ဆုံးသွားစေမည် ဖြစ်ရာ သက်စောင့်ဝိညာဥ် သစ်သီးအတွက် နျိုထျန်းကန်းနှင့် ကျိယွိလုံတို့ကို ရင်ဆိုင်ရန် ခက်ခဲသွားစေလိမ့်မည် မဟုတ်ပါလော။

ထို့ကြောင့် သုံးယောက်သား ပူးပေါင်းကာ အမှိုက်သရိုက်များကို အရင်ဖယ်ထုတ်ပြီးမှ အဆုံးသတ်တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

“စလိုက်ကြစို့”

စကားဆုံးသည်နှင့် ရှဝူယန်က သူ၏ လက်တစ်ဖက်ကို မြှောက်ကာ အနီးဆုံးရှိ လူငယ် ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ထိုလူငယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် တိုက်ခိုက်ရေးကွင်းကနေ ရုတ်တရက် လွင့်စင်သွားခဲ့၏။

တစ်ဖက်မှ နျိုထျန်းကန်းနှင့် ကျိယွိလုံ တို့သည်လည်း တုံ့ဆိုင်းမနေခဲ့ဘဲ လူငယ်ပါရမီရှင် နှစ်ဦးကို တိုက်ခိုက်ရေးကွင်းကနေ တစ်ပြိုင်တည်းနီးပါး ဖယ်ထုတ်ပစ်ခဲ့သည်။

“အားလုံးပဲ အတူတူပူးပေါင်းပြီး တိုက်ခိုက်ကြစို့”

မဟာနတ်မျိုးနွယ်စု ရှစ်စုထဲမှ အထွတ်အထိပ်ပါရမီရှင် သုံးပါးက တစ်ချိန်တည်းတွင် တိုက်ခိုက်လိုက်သည်အား မြင်လျှင် တိုက်ခိုက်ရေးကွင်းထဲရှိ လူငယ်ပါရမီရှင် များစွာ၏ အမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

လူငယ်ပါရမီရှင် တစ်ဦးက သူ့ဆီသို့ ဦးတည်လာသော ရှဝူယန်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထို့နောက်တွင် သူက မဟာမိတ်ဖွဲ့ထားသည့် အဖော်များနှင့်ပူးပေါင်းကာ ရှဝူယန်ကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း သာမန် ပါရမီရှင်များနှင့် ရှဝူယန်တို့ အကြားရှိ ကွာဟချက်သည် အလွန်တရာ ကြီးမားလွန်းသောကြောင့် ရှဝူယန်ကို တားဆီး၍ မရနိုင်ခဲ့ပေ။

သူတို့က ချက်ချင်းဆိုသလို အနိုင်ယူခံခဲ့ရပြီး အရှုံးပေးကာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ရသည်။

သိပ်မကြာခင်မှာပင် လူငယ်ပါရမီရှင် တစ်ဒါဇင်ကျော်ကို ရှဝူယန်သည် ကွင်းထဲကနေ ဖယ်ထုတ်လိုက်ပြီ ဖြစ်သည်။

ရှဝူယန်တို့ သုံးဦးသည် သူတို့၏ ပြိုင်ဘက်ကင်း တိုက်ခိုက်ရေးစွမ်းရည်များဖြင့် မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များကို အသာစီးယူကာ တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်နေခဲ့၏။

“အားလုံးပဲ ငါနဲ့အတူ ပူးပေါင်းပြီး ဒီသုံးယောက်ကို တိုက်ခိုက်ကြစို့”

ကွင်းထဲမှ ပါရမီရှင်များစွာက ရှဝူယန်တို့ သုံးဦး၏ တိုက်ခိုက်မှုအောက်တွင် ပတ်ပြေးနေကြသည်ကို မြင်လျှင် ဝိညာဥ်ဝါးမျိုသူနတ်မျိုးနွယ်စုမှ နတ်ဘုရားသားတော် တူဟယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ရှဝူယန်တို့ သုံးဦးက တိုက်ခိုက်ရေးကွင်းမှ ကျင့်ကြံသူများကို ဖယ်ထုတ်ရန် အတွက် ပူးပေါင်းသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုသုံးယောက်သာ ပူးပေါင်းလိုက်လျှင် သူက အခြားသော နတ်မျိုးနွယ်စု သုံးစုမှ နတ်ဘုရား သားတော်များနှင့် ပူးပေါင်းလိုက်သည့်တိုင် ရှဝူယန်တို့ သုံးယောက်၏ ပြိုင်ဘက်ဖြစ်လာနိုင်မည် မဟုတ်ချေ။

ထိုအကြောင်းကြောင့်လည်း တူဟယ်သည် ကျန်ရှိသော ပြိုင်ပွဲဝင်များ အားလုံးနှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။

ယင်းမှာ ပြိုင်ပွဲတွင် အနိုင်ရရှိမည့် အခွင့်အလမ်းကို ပိုမို ရရှိနိုင်ရန် ဖြစ်၏။

ထိတ်လန့်တကြား ထွက်ပြေးနေကြသော လူငယ်ပါရမီရှင်များသည် တူဟယ်၏ စကားကိုကြားလျှင် မျှော်လင့်ချက်ရောင်ခြည်များကို တွေ့လိုက်ရသကဲ့သို့ ချက်ချင်းဆိုသလိုပင် တူဟယ်၏ နံဘေးသို့ စုဝေးလာခဲ့ကြသည်။

တစ်ခဏ အတွင်းမှာပင် တိုက်ခိုက်ရေးကွင်းထဲရှိ အခြေအနေသည် အဖွဲ့ နှစ်ဖွဲ့အဖြစ် ချက်ချင်းဆိုသလို ပိုင်းခြားသွားခဲ့သည်။

တစ်ဖွဲ့မှာ ရှဝူယန်တို့ သုံးဦးဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ တူဟယ်ဦးဆောင်သော ပါရမီရှင်များ ဖြစ်ကြသည်။

ကျန်းချန်ကမူ တူဟယ်၏ ကျောဘက်ရှိ ထောင့်တစ်နေရာတွင် ရှိနေခဲ့သည်။

သူက ကွင်းထဲတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့၏။

တူဟယ်က တိုက်ခိုက်ရေးကွင်းထဲရှိ ပါရမီရှင်များကို စည်းရုံးကာ ရှဝူယန်တို့ သုံးဦးနှင့် တိုက်ခိုက်တော့မည်ကို မြင်လျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒီကောင်က ကြံရေဖန်ရေ ရှိသားပဲ”

ကျန်းချန်က ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု၏ နတ်ဘုရားသားတော် တူဟယ်ကို တိတ်တဆိတ် ချီးကျူးလိုက်သည်။

တူဟယ်က ပါရမီရှင်အားလုံး၏ အင်အားကို စုစည်း၍ ရှဝူယန်တို့ သုံးယောက်နှင့် ရင်ဆိုင်ရန် စီစဥ်ထားသည်မှာ ထင်ရှားနေခဲ့သည် မဟုတ်ပါလော။

“တူဟယ်.. မင်း ဒါဘာလုပ်တာလဲ”

တူဟယ်က တိုက်ခိုက်ရေးကွင်းထဲမှ ကျင့်ကြံသူ အားလုံးကို စုစည်းလိုက်သည်အား မြင်လျှင် ရှဝူယန်တို့ သုံးဦး၏ အမူအရာများသည် ရုတ်တရက် အကျည်းတန်သွားခဲ့သည်။

တူဟယ်နှင့် အခြားသော နတ်ဘုရားသားတော် သုံးဦးသည် သူတို့သုံးဦးထက် အနည်းငယ် နိမ့်ကျသော်လည်း ၎င်းတို့သည် မဟာနတ်မျိုးနွယ်စု ရှစ်စုမှ နတ်ဘုရားသားတော်များ ဖြစ်ကြသည်။

ထိုနတ်ဘုရားသားတော် လေးပါး ပူးပေါင်းပြီး တိုက်ခိုက်‌‌ရေးကွင်းထဲမှ လူငယ်ပါရမီရှင် သုံးဆယ်ခန့်၏ အင်အားကိုပါ စုစည်းလိုက်မည် ဆိုလျှင် သူတို့အနေဖြင့် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်နိုင်တော့မည်မဟုတ်ပေ။

နျိုထျန်းကန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“ဟမ့် တူဟယ်.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ”

တူဟယ်က မထီမဲ့မြင် အမူအရာဖြင့် ပြောလိုက်သည်။

“ငါက ဘာလုပ်ရမှာလဲ.. သက်စောင့်ဝိညာဥ်သစ်သီး အတွက် တိုက်ပွဲတိုင်းမှာ မင်းတို့ မျိုးနွယ်စုသုံးစုပဲ အကျိုးအမြတ် ရခဲ့ကြတယ်.. ဒီတစ်ကြိမ်က ငါတို့တွေအတွက် ခွဲဝေရမဲ့အချိန်ပဲ”

“ဒီအမှိုက်သရိုက်တွေကို စုစည်းလိုက်တာနဲ့ပဲ သက်စောင့်ဝိညာဥ်သစ်သီး အတွက် ငါတို့ သုံးယောက်ကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား”

“မင်းဒီအဖြေကို သိပ်မကြာခင် သိပါလိမ့်မယ်”

တူဟယ်က ပြတ်ပြတ်သားသားပင် ပြောလိုက်ပြီး သူ၏ အမူအရာက လုံးဝ နောက်ဆုတ်မည့်ပုံမရပေ။

သက်စောင့်ဝိညာဥ် သစ်သီးသည် ဝိညာဥ်ဝါးမျိုသူ နတ်မျိုးနွယ်စု အတွက် အလွန်တရာ အရေးကြီးသောကြောင့် သူက ဤပြိုင်ပွဲတွင် အနိုင်ရရန် အစွမ်းကုန် ကြိုးစားရလိမ့်မည်ဖြစ်၏။

အခြားသော နတ်ဘုရားသားတော် သုံးပါးနှင့် ပူးပေါင်းပြီးနောက်တွင် သူတို့နှင့် ရှဝူယန်တို့ သုံးဦးကြားရှိ ကွာဟချက်သည် သိပ်မကြီးမားပေ။

ထို့အပြင် တိုက်ခိုက်ရေးကွင်းထဲရှိ ပါရမီရှင်များ၏ ခွန်အားနှင့် ပေါင်းစပ်လိုက်လျှင် ရှဝူယန်တို့ သုံးယောက်ကို အနိုင်ယူရန် အခွင့်အလမ်းမရှိဟု မဆိုနိုင်ပေ။

“ကောင်းတယ် သိပ်ကောင်းတယ်.. တူဟယ်.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာချင်တယ် ဆိုတော့လည်း ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”

ရှဝူယန်တို့ သုံးယောက်က အလွန်အမင်း ဒေါသထွက်နေခဲ့ကြသည်။

ထို့နောက်တွင် သူတို့၏ ခန္ဓာကိုယ်ကနေ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်ကြသည်။

တူဟယ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ဧရာမဝိညာဥ် နတ်မျိုးနွယ်စုမှ နတ်ဘုရားသားတော် ကျွီဝူကန်းနှင့် ပူးပေါင်းကာ ရှဝူယန်နှင့် ရင်ဆိုင်လိုက်၏။

အခြားတစ်ဖက်တွင်လည်း အဆိပ်သုံးပါး နတ်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ဝေကျွယ်နှင့် ကောင်းကင်ပင့်ကူ နတ်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ကျူးချင်းယင်တို့သည် ခရမ်းရောင်ဝက်ဝံ မျိုးနွယ်စု၏ နတ်ဘုရားသားတော် ကျိယွိလုံနှင့် ရင်ဆိုင်ခဲ့ကြသည်။

ကျန်ရှိသော လူငယ်ပါရမီရှင် သုံးဆယ်ကမူ ရောင်စုံနတ်နွားမျိုးနွယ်စု၏ နတ်ဘုရားသားတော် နျိုထျန်းကန်းနှင့် တိုက်ခိုက်ခဲ့ကြသည်။

ရှဝူယန်နှင့် ကျိယွိလုံတို့သည် တူဟယ်တို့ လေးဦးထက် ပို၍ အစွမ်းထက်သော်လည်း ၎င်းတို့က နှစ်ယောက် တစ်ယောက် ရင်ဆိုင်နေရ၍ တစ်ခဏအတွင်း အသာစီး မရယူနိုင်ခဲ့ကြပေ။

နျိုထျန်းကန်းသည်လည်း နယ်မြေနတ်ဘုရား အယောက်သုံးဆယ်၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသဖြင့် အသာစီးမရခဲ့ချေ။

တိုက်ခိုက်ရေးကွင်းထဲမှ တိုက်ပွဲ အခြေအနေသည် ဘက်ညီနေခဲ့ပြီး မည်သူ့ဘက်ကမှ အသာစီးမရရှိခဲ့ပေ။

သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ နျိုထျန်းကန်းသည် ပြိုင်ဘက် ကျင့်ကြံသူများ၏ အားနည်းချက်ကို မြင်လာခဲ့ပြီး ထိုအားနည်းချက်များကို တိုက်ခိုက်ကာ အသာစီးရလာခဲ့သည်။

နျိုထျန်းကန်းက သူနှင့်တိုက်ခိုက်နေသော လူငယ်ပါရမီရှင်များကို တိုက်ခိုက်ရေးကွင်းထဲကနေ တစ်ဦးပြီးတစ်ဦး ဖယ်ထုတ်နိုင်ခဲ့သည်။

လူငယ် ပါရမီရှင်များကို တစ်ဦးပြီးတစ်ဦး ရှင်းထုတ်ပြီးနောက်တွင် နျိုထျန်းကန်း၏ အကြည့်သည် ထောင့်တစ်နေရာတွင် တည်ငြိမ်စွာ ရပ်နေသည့် ကျန်းချန်ဆီသို့ ကျရောက်သွားခဲ့သည်။

ထို့နောက်တွင် သူက မိုးကြိုးခွင်းသကဲ့သို့ ကြောက်မက်ဖွယ်လက်သီးတစ်လုံးကို ကျန်းချန်ထံ ပစ်သွင်းလိုက်သည်။

အခန်း(၂၀၆၀)ပြီး၏။

All Chapters