← Chapters

အခန်း (၄၁)

Vol. 5 Ch. 41

အခန်း (၄၁)

Vol. 5 Ch. 41

လူသန်းထောင်ပေါင်းများစွာထဲတွင် ရှာဖွေလျှင်ပင် တွေ့ရခဲသော အလွန်ရှားပါးသည့် ငရဲတာအိုအမှတ်အသား ပိုင်ဆိုင်ထားသူသည် သတ်ဖြတ်ခြင်းနည်းစနစ်များနှင့် ဝိညာဉ်ရေးရာ နည်းစနစ်များကို ကျင့်ကြံရာတွင် အခြားသူများထက် နှစ်ဆပို၍ ခရီးရောက်လေသည်။

ထို့ပြင် သူတို့သည် သတ်ဖြတ်လိုစိတ်နှင့် ဝိညာဉ်စွမ်းအင်များ၏ ဘေးထွက်ဆိုးကျိုးများ၊ စိတ်ခံစားချက်များ၏ လွှမ်းမိုးမှုကို မခံရဘဲ နတ်ဘုရားတစ်ပါး၏ အကူအညီရထားသကဲ့သို့ လျင်မြန်စွာ တိုးတက်နိုင်စွမ်းရှိရာ ထိုကဲ့သို့သော သူများကို မွေးရာပါသတ်ဖြတ်ခြင်းကြယ်ပွင့်ဆိုးများဟု တင်စားခေါ်ဝေါ်ကြသည်။

ကျုံးကျဲ၏ အဓိကကျင့်စဉ်မှာ ဘိုးဘေးဖြစ်သူ လက်ဆင့်ကမ်းပေးခဲ့သည့် ရှေးဟောင်းနတ်ဆိုးကျင့်စဥ်တစ်ခုဖြစ်သော အပြစ်ကြွေးငရဲကြီးခြောက်ထပ် ဖြစ်သည်။

ထိုကျင့်စဉ်ကြောင့်ပင် သူသည် အရွယ်ရောက်ပြီးသည်နှင့် နိယာမနယ်ပယ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ကာ မျိုးဆက်တူများကြားတွင် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

သူသည် စစ်တပ်သို့ ဝင်ရောက်ပြီးသည်နှင့် အင်မော်တယ်မင်းဆက်၏ အထွေထွေ အရန်တပ်စခန်းဟု လူသိများသော အထက်တန်းလွှာ စစ်သည်တော်စခန်းသို့ အပို့ခံခဲ့ရသည်။

စစ်တပ်ဆိုသည်မှာ သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် နေရာဖြစ်ပြီး သတ်ဖြတ်သည့်နည်းစနစ်များကို အကောင်းဆုံး လေ့ကျင့်နိုင်သည့် နေရာတစ်ခုဖြစ်သည်။

အခြားနေရာများတွင်မူ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မရှိလျှင် ဤမျှလောက် အားကောင်းသည့် သတ်ဖြတ်ခြင်းအရှိန်အဝါကို စုဆောင်းရန် ခက်ခဲပေလိမ့်မည်။

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အင်မော်တယ်မင်းဆက် ၈၁ ခုအနက် တစ်ခုအပါအဝင်ဖြစ်သော တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ စစ်စခန်းသို့ ရောက်ရှိပြီး နှစ်နှစ်အကြာတွင် ကျုံးကျဲသည် အခြားသော အထက်တန်းလွှာ ဂုဏ်သရေရှိအမျိုးနွယ်ဝင်များကို ကျော်ဖြတ်နိုင်ခဲ့သည်။

လက်ရှိတွင် သူ့ထက် ရာထူးအနည်းငယ်သာ သာလွန်သူမှာ လက်ရှိမင်းဆက်အုပ်စိုးသူ၏ မြေးတော် လင်ချန် သာရှိပြီး နှစ်ဦးစလုံးမှာ တပ်မှူးများ ဖြစ်ကြသော်လည်း ကျုံးကျဲမှာ ဓားပြနှိမ်နင်းရေးတပ်မှူး ဖြစ်ကာ လင်ချန်မှာမူ ရာထူးပိုကြီးသော ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု တပ်မှူး ဖြစ်သည်။

"ဒုတိယအဘိုးနဲ့ မြင့်မြတ်နယ်မြေက ဆွေမျိုးတွေ နေကောင်းကြရဲ့လားမသိဘူး ညီမလေး ယွဲ့အာက ဒီနှစ်ဆိုရင် ရှစ်နှစ်တောင်ပြည့်ပြီပဲ"

"ညီမလေးက မွေးရာပါ ဖြူစင်မြင့်မြတ်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး ပါရမီက ငါ့ထက်တောင် ပိုကောင်းသေးတော့ အခုဆိုရင် သာမန်ခန္ဓာကိုယ်ကို စွန့်ခွာပြီး နိယာမနယ်ပယ်ကို ရောက်နေလောက်ပြီ"

"ဘိုးဘေးကြီးက ငရဲကြီးခြောက်ထပ် ကျင့်စဉ်ကို ဒီအဆုံးမဲ့သဲကန္တာရထဲမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ရင်း ပုံဖော်ခဲ့တာဆိုတော့ ငါလည်း သေချာပေါက် လုပ်နိုင်ရမယ်"

ကျင့်စဥ်အောင်မြင်ရန် ရည်မှန်းချက်ထားကာ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေရှိ မိသားစုဝင်များကို တွေးတောရင်း ကျုံးကျဲ၏ တည်ငြိမ်ခက်ထန်သော မျက်နှာပေါ်တွင် ရှားပါးလှသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

မိသားစုဝင်များမှာ သူ၏ ယုံကြည်မှုအရင်းအမြစ်များ ဖြစ်ကြသည်။ အားပါးတရ စားသောက်ပြီးနောက် အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိလာကြသော လူငယ်များသည် လက်နက်နှင့် ပစ္စည်းများကို ထုပ်ပိုးကာ နေမဝင်မီ ဟွမ်ရှားမြို့မှ ထွက်ခွာခဲ့ကြပြီး အမှောင်ထုကို အကာအကွယ်ယူ၍ သဲကန္တာရအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ကြသည်။

ရာသီဥတု သာယာပြီး လသာကာ ကြယ်ရောင်ပါးသော ညချမ်းတွင် လျင်မြန်စွာ ခရီးနှင်ခဲ့ကြရာ သဲမုန်တိုင်းများ၊ အဆိပ်ပြင်း သဲကင်းမြီးကောက်များနှင့် သဲကန္တာရဝံပုလွေများ၏ အန္တရာယ်ကို မကြုံတွေ့ရဘဲ ခရီးလမ်းဖြောင့်ဖြူးခဲ့သည်။

နှစ်နာရီခန့် အစွမ်းကုန် ခရီးနှင်ပြီးနောက် မီးရောင်ထိန်ထိန်လင်းနေသော အိုအေစစ်တစ်ခုသို့ ရောက်ရှိလာကြရာ ထိုနေရာတွင် ပေပေါင်းများစွာ မြင့်မားသည့် တြိဂံပုံသဏ္ဍာန် ရွှေစေတီကျောင်းဆောင်ကြီးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသော မီးတုတ်များကြားတွင် ထင်ရှားစွာ တွေ့မြင်လိုက်ရသည်။

ကျောင်းဆောင်အဝင်ဝတွင် ဟွမ်ရှားစစ်သည်တစ်စုသည် လူသားကျွန်ပေါင်း ရာချီကို ကြီးကြပ်ကွပ်ကဲနေပြီး လေးလံသော စစ်သုံးပစ္စည်းများကို သယ်ဆောင်စေကာ အနည်းငယ် နှောင့်နှေးသည်နှင့် ရိုက်နှက်နှိပ်စက်နေကြသည်မှာ ဝက်များ ခွေးများပမာပင် ဖြစ်သည်။

ထိုမြင်ကွင်းကို သဲခုံပေါ်မှ ချောင်းမြောင်းကြည့်ရှုနေကြသော လူငယ်များသည် မိမိတို့ လူမျိုးနွယ်ဝင်များ နှိပ်စက်ခံနေရသည်ကို မြင်တွေ့ရသဖြင့် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ ဓားများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိကြသည်။

"တပ်မှူး… ဒီသဲမျိုးနွယ်ဝင်တွေက နယ်စပ်ကို နှစ်ရှည်လများ နှောင့်ယှက်ပြီး ရွာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ အမျိုးသားတွေကို ကျွန်ပြုပြီး အမျိုးသမီးတွေကို မတော်မတရားလုပ်တာတွေ ကျူးလွန်နေကြတာ သူတို့က အယုတ်တမာတွေပဲ"

"ကျွန်တော်တို့ အခုပဲ ဆင်းပြီး ရွှေစေတီကျောင်းဆောင်ကို ဖျက်ဆီး သဲမျိုးနွယ်စစ်သည်တွေကို သတ်ဖြတ်ပြီး ဒီသနားစရာကောင်းတဲ့ လူတွေကို ကယ်တင်ကြရအောင်"

ထိုစကားကို ပြောလိုက်သူမှာ လေးထောင့်စပ်စပ် မျက်နှာနှင့် လူငယ်တစ်ဦးဖြစ်ပြီး ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။

သူသည် ကျုံးကျဲ၏ အမိန့်ကို စောင့်ရင်း လက်ထဲရှိ ဓားမကြီးကို တုန်ရီနေအောင် ဆုပ်ကိုင်ထားကာ တိုင်းတစ်ပါးသားတို့၏ သွေးဖြင့် ဓားကို ဆေးကြောရန် ဆန္ဒပြင်းပြနေသည်။

ယခင် အတွေ့အကြုံများအရ အောက်ဘက်ရှိ ဟွမ်ရှားစစ်သည်များမှာ သာမန်အဖွဲ့တစ်ဖွဲ့သာဖြစ်ပြီး စုစုပေါင်း အယောက် ၄၀ ခန့် ရှိရာ ၃၀ ခန့်မှာ သာမန်သေမျိုးအဆင့်ဖြစ်သည်။

ကျန် ၈ ဦးမှာ သိုင်းပညာရှင်အဆင့်နှင့် နောက်ဆုံး ခေါင်းဆောင် ၂ ဦးမှာ နိယာမနယ်ပယ် ပထမအဆင့်သာ ရှိကြသည်။

ထို့အတွက်ကြောင့် နိယာမနယ်ပယ် ဒုတိယအဆင့် ကျားသစ်အင်အားနယ်ပယ်သို့ ရောက်ရှိနေသော ထိုလူငယ်တစ်ယောက်တည်းနှင့်ပင် ရန်သူများကို သုတ်သင်ရန် လုံလောက်ပေသည်။

သို့သော် ကျုံးကျဲက တည်ငြိမ်အေးစက်သော မျက်နှာထားဖြင့် သတိပေးစကား ပြောကြားလိုက်သည်။

"စိတ်မလောကြနဲ့ စိတ်ကိုငြိမ်ငြိမ်ထားစမ်းပါ"

"ရွှေစေတီကျောင်းဆောင်ဆိုတာ စစ်စခန်းကြီးတစ်ခုလိုပဲ ပြီးတော့ သဲကျောက်ဓားကောက်လို လက်နက်မျိုးက သူတို့ရဲ့ အရေးပါတဲ့ စစ်ရေးအရင်းအမြစ်ကွ ဒီနေရာက ဟွမ်ရှားမြို့နဲ့ မိုင် ၂၀၀ လောက်ပဲ ဝေးတော့ သာမန်ကင်းလှည့်အဖွဲ့လေးပဲ ထားထားတာ မဖြစ်နိုင်ဘူး။ ကျွမ်းကျင်တဲ့ တပ်မှူးတွေ ရှိနေမှာ ကျိန်းသေပေါက်သေချာတယ်"

"ဒီနေရာက ကန္တာရအစွန်အဖျား ဖြစ်ပေမယ့် လူသားတွေရဲ့ နယ်မြေမဟုတ်တော့တဲ့အတွက် ငါတို့ရဲ့ အနီးမှာ စစ်ကူမရှိဘူး ဒါကြောင့် မဆင်မခြင် မလုပ်မိစေနဲ့ အခြေအနေကို သေချာနားမလည်ခင် အစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရင် ငါတို့အားလုံး အန္တရာယ်ရှိသွားလိမ့်မယ်"

"မင်းတို့အားလုံးက လေ့ကျင့်ဖို့ ရောက်လာကြတာ။ နာမည်တစ်လုံးမရခင် ဒီမှာ အသေမခံချင်ကြဘူးမလား"

ကျုံးကျဲသည် မြင့်မြတ်နယ်မြေမှ အင်အားကြီးမျိုးနွယ်စု၏ ဆက်ခံသူဖြစ်သည့်အလျောက် ငယ်စဉ်ကတည်းက ဘိုးဘေး ကျုံးချီထျန်းနှင့်အတူ နယ်စပ်စခန်းများကို ကာကွယ်ရင်း ကြီးပြင်းလာသူဖြစ်သည်။

သူသည် ကန္တာရစစ်နတ်ဘုရားဟု တင်စားခံရသော ဘိုးလေး ကျုံးချီထျန်းက ဟွမ်ရှားမျိုးနွယ်စု ဗိုလ်ချုပ်တစ်ဦးကို လပေါင်းများစွာ ကြာအောင် တိုက်ခိုက်ပြီး ငရဲကြီးခြောက်ထပ်သို့ ဆွဲခေါ်ကာ နှိပ်စက်သတ်ဖြတ်ခဲ့သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသည်။

ထို့ကြောင့် သူ၏ စစ်ရေးဗျူဟာနှင့် သတ္တိများသည် အခြားသော အင်မော်တယ်မင်းဆက်မှ မျိုးဆက်များထက် သာလွန်နေခြင်း ဖြစ်သည်။

သူသည် ရွှေစေတီကျောင်းဆောင်ကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် စိုးရိမ်မှုများ တိုးပွားလာကာ လက်မောင်းပေါ်ရှိ ငရဲတာအိုအမှတ်အသားမှာလည်း ပူလောင်လာသည်။

တစ်ချိန်တည်းတွင် ဤနေရာသည် သူ့ကို မြှုပ်နှံမည့် သင်္ချိုင်းဂူတစ်ခုကဲ့သို့ ခံစားလိုက်ရသည်။

"ငါ စိတ်ထင်ယောင်ထင်မှားတာပဲ ဖြစ်ပါစေ"

သူသည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသော်လည်း စစ်သည်တစ်ဦးအနေဖြင့် တိုက်ခိုက်ရန် ကြောက်ရွံ့နေခြင်းမှာ ရယ်စရာကောင်းသည်ဟု တွေးလိုက်သည်။

နိယာမနယ်ပယ်၏ သတ္တမအဆင့်ဖြစ်သော တိမ်စီးနင်းအဆင့်အထက် ကျွမ်းကျင်သူများ မရှိသရွေ့ သူ စိုးရိမ်စရာမလိုပေ။

စခန်းမှူး ဗိုလ်ချုပ်ရွှမ်သယ် ပေးအပ်လိုက်သော သတ်ဖြတ်ခြင်းရတနာကို အားကိုးကာ နိယာမနယ်ပယ် သတ္တမအဆင့်အောက် ပြိုင်ဘက်များကို သတ်ဖြတ်နိုင်စွမ်း မရှိလျှင်တောင် ရဲဘော်များကို ကာကွယ်ပြီး ထွက်ပြေးနိုင်စွမ်း ရှိသည်ဟု ကျုံးကျဲက တွက်ချက်ထားလိုက်သည်။

ကျုံးကျဲ စကားပြောပြီးနောက် အားလုံးက တိတ်ဆိတ်သွားကြပြီး သဲခုံပေါ်တွင် ဝပ်ရင်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေကြသည်။

ကျွန်များအားလုံး ကျောင်းဆောင်အတွင်းသို့ ဝင်ရောက်သွားပြီးချိန်တွင် သဲကန္တာရဝံပုလွေတစ်ကောင်ကို စီးနင်းထားပြီး သဲကျောက်ဓားကောက်နှစ်လက်ကို လွယ်ထားသည့် အရပ်ပုပုနှင့် သဲမျိုးနွယ်ဝင် စစ်သည်တစ်ဦးသည် နောက်ဆုံးမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

သူ၏ အဝါရောင်ဝတ်ရုံပေါ်တွင် သွေးကွက်ကြီးများ ပေကျံနေပြီး အန္တရာယ်ရှိသော အရှိန်အဝါများ ထွက်ပေါ်နေ၏။ ထိုသဲမျိုးနွယ်ဝင် စစ်သည်တော်သည် သာမန်စစ်သည်တော်မဟုတ်ဘဲ ဝံပုလွေစစ်သည်တော်တစ်ဦး ဖြစ်လေ၏။

All Chapters