အခန်း (၄၃)
Vol. 5 Ch. 43
"ကြည့်ရတာ ဟွမ်ရှားလူမျိုးတွေရဲ့ ခြေဖဝါးကိုသွားလျက်တဲ့ သစ္စာဖောက်တစ်ကောင်ရှိလာပြီထင်တယ်"
လူသားပုံရိပ်ကိုမြင်သောအခါ ကျုံးကျဲက အေးစက်စွာဖြင့် အံကြိတ်ကာပြောလိုက်သည်။
အဝါရောင်ခေါင်းစွပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ကာ ရွှေရောင်ဖိနပ်ကို စီးနင်းထားသော လူတစ်ယောက်သည် ဖြည်းညင်းစွာ လမ်းလျှောက်ဝင်ရောက်လာ၏။
ထိုသူက ခေါင်းမော့လိုက်သည့် တစ်ခဏ၌ လူတိုင်း၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ထင်ဟပ်သွားကြတော့သည်။
"တပ်မှူးလင်ချန်..."
အဖွဲ့သားတစ်ယောက်က မယုံနိုင်သော လေသံဖြင့် ရေရွတ်လိုက်သည်။
ကျုံးကျဲသည်တော့ လင်ချန်အား အေးစက်စွာဖြင့် စိုက်ကြည့်နေလေသည်။
"လင်ချန်... တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်မှာ မင်းလို လူယုတ်မာမျိုး ပေါ်လာမယ်လို့ မထင်ထားဘူး"
လင်ချန်က သွားဖြူဖြူကြီးများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး ကျုံးကျဲကို မနာလိုဝန်တိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ယုတ်မာစွာ ပြောဆိုလိုက်သည်။
"ကျုံးကျဲ ဒီနေ့က မင်းရဲ့ နေဝင်ချိန်ပဲ မင်းရဲ့ ငရဲတာအိုအမှတ်အသားကို ပေးမလား ဒါမဟုတ် ငါကိုယ်တိုင်လာယူရမလား"
ကျုံးကျဲ ပြန်မပြောဘဲ တိတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်မူ လင်ချန်သည် ဤအကြံအစည်ကို အချိန်ကြာမြင့်စွာ စီစဉ်ခဲ့ပြီး သူတို့အားလုံးကို အပြတ်ရှင်းနိုင်မည်ဟု ယုံကြည်ချက်ရှိနေကြောင်း တွေးတောမိလိုက်သည်။
သူသည် မြင့်မြတ်နယ်မြေမှ ပေးအပ်ထားသော တည်နေရာကူးပြောင်းခြင်းအဆောင်လက်ဖွဲ့ကို လက်ထဲတွင် အသင့်ပြင်ထားလိုက်၏။
ကျုံးကျဲ၏ ဂရုမစိုက်သော ပုံစံကြောင့် လင်ချန်မှာ ဒေါသထွက်သွားပြီး အသံကိုမြှင့်ကာ ပြောလိုက်သည်။
"ကျုံးကျဲ မင်းက ဒီလေ့ကျင့်ရေးကို အောင်မြင်ပြီး တပ်စခန်းပြန်ရောက်ရင် ပြောက်ကျားတပ်မှူးအဖြစ် ရာထူးတိုးခံရမယ်လို့ စိတ်ကူးယဉ်နေတုန်းလား"
"ရယ်စရာကောင်းလိုက်တာကွာ ဒီနေ့ မင်းကို အရှင်လတ်လတ် အရေခွံခွာပြမယ်... မင်း ဘယ်လောက်ထိ မာန်တက်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့"
ထိုအချိန်တွင် သူ့ဘေးနားရှိ အဇူရာဝံပုလွေစစ်သည်များသည် သတ်ဖြတ်လိုစိတ်များကို မထိန်းချုပ်နိုင်တော့ဘဲ ဓားကောက်ကြီးများကို ဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်သည်။
"လေပစ်မနေနဲ့တော့ သဘောတူထားတဲ့အတိုင်း ဒီကောင်ကို မင်းရှင်း... ကျန်တဲ့ မိန်းမတွေကိုတော့ ငါယူမယ်"
ယုတ်မာသည့် ရမ္မက်ဆန္ဒများနှင့် တောက်ပနေသည့် မျက်လုံးပိုင်ရှင်မှာ ရှားလုဒါ ဟုခေါ်သော ဝါရင့် အဇူရာဝံပုလွေစစ်သည်ဖြစ်သည်။
သူသည် အလွန်ကာမဆန္ဒကြီးမားပြီး လူသားအမျိုးသမီးများကို ဖမ်းဆီးကာ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်လေ့ရှိ၏။ သူ၏ အင်အားသည် နိယာမနယ်ပယ် ဆဋ္ဌမအဆင့်ရှိ ကျင့်ကြံသူတစ်ဦးနှင့် ညီမျှလေသည်။
"အင်း"
လင်ချန်က ခေါင်းညိတ်ပြလိုက်ပြီး ကျောဘက်မှ နက်မှောင်သော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
တချိန်တည်းမှာပင် သံကြိုးတပ်သံလုံးတုတ်တံကို ကိုင်ဆောင်ထားသော သိန်းငှက်ယဇ်ပုရောဟိတ် တာရှာပီ က အဓိပ္ပာယ်ဖော်ရခက်သော အပြုံးဖြင့် ရယ်မောလိုက်သည်။
ပြီးနောက်တွင် သူ၏ ဝတ်ရုံထဲမှ လူခေါင်းကိုယ်ခန္ဓာ ခြင်္သေ့ပုံသဏ္ဍာန် သစ်သားရုပ်ထုတစ်ခုကို ထုတ်ယူကာ လေထဲတွင် ဝှေ့ယမ်းပြီး နတ်ဆိုးများကို ဆက်သွယ်နေသကဲ့သို့ ပြုမူနေသည်။
သိန်းငှက်ယဇ်ပုရောဟိတ် တာရှာပီသည် ရုပ်ထုများကို တိုက်ခိုက်ခိုင်းခြင်း၊ သဲထိန်းချုပ်ခြင်း အတတ်ပညာများကို ကျွမ်းကျင်ခြင်းနှင့် လူသားများကို ယဇ်ပူဇော်ပြီး သဲနတ်ဘုရား၏ ကောင်းချီးကို ရယူခြင်းတို့တွင် နာမည်ကျော်ကြားသူဖြစ်ရာ သူ၏ အင်အားသည်လည်း နိယာမနယ်ပယ် ဆဋ္ဌမအဆင့်တွင် ရှိနေသည်။
ထို့အပြင် ယပ်တောင်ပုံစံ သဲကျောက် ပုဆိန်ရှည်ကြီးကို ကိုင်ဆောင်ထားသော အရပ်ရှည်ရှည်နှင့် နောက်ထပ်စစ်သည်တစ်ဦးမှာမူ မည်သည့် ခံစားချက်မျှမရှိဘဲ သူ၏ မျက်လုံးများသည် ပုဆိန်သွားပေါ်တွင်သာ ရောက်နေသည်။
သူသည်ကား ဖမ်းဆီးခံရသော လူသားကျွမ်းကျင်သူများ၏ ဝိညာဉ်ကိုယဇ်ပူဇော်ပြီး ဖန်တီးထားသည့် သဲဝါအပြစ်သားဟု ခေါ်သော ရုပ်သေးဖြစ်သည်။
ထိုရုပ်သေးသည် သတ်ဖြတ်ခြင်းကိုသာ သိရှိပြီး နာကျင်မှုကို မသိတော့ဘဲ အင်အားမှာ နိယာမနယ်ပယ် ဆဋ္ဌမအဆင့် အနည်းဆုံး ရှိလေသည်။
နိယာမနယ်ပယ် ဆဋ္ဌမအဆင့် သဲမျိုးနွယ်ဝင် ကျွမ်းကျင်သူ ၃ ဦးနှင့် ပဉ္စမအဆင့်ရှိ လင်းချန်တို့ ပေါင်းလိုက်သောအခါ သူတို့၏ ကြောက်မက်ဖွယ် အရှိန်အဝါများသည် ကျုံးကျဲတို့အဖွဲ့အပေါ်သို့ ဖိစီးလာရာ လူငယ်များမှာ အသက်ရှူပင် မဝတော့ဘဲ ခြေထောက်များ ပျော့ခွေကုန်ကြသည်။
ရန်သူတစ်ဦးချင်းစီသည် အဆုံးမဲ့သဲကန္တာရ၏ အစွန်အဖျားဒေသများတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော သားရဲကြီးများ ဖြစ်ကြသည်။
"ဝုန်း"
ရှားလုဒါက ဦးစွာ လှုပ်ရှားလိုက်သည်။ သူသည် ဝံပုလွေကြီးကို စီးနင်းကာ လေပေါ်သို့ ခုန်တက်၍ သဲကျောက်ဓားကောက်ဖြင့် ကျုံးကျဲ၏ ဦးခေါင်းထက်သို့ ခုတ်ပိုင်းချလိုက်သည်။
ထိုဓားချက်သည် အတော်လေး အားကောင်းပြီး နိယာမနယ်ပယ်သို့ ယခုမှ စတင်ဝင်ရောက်ကာစ လူများသာ ထိုဓားတိုက်ခိုက်မှုနှင့် ကြုံတွေ့ရပါက ဓားချက်အောက်တွင် ခေါင်းပြတ်သရဲဘဝသို့ ချက်ချင်း ရောက်ရှိသွားပေလိမ့်မည်။
"အစွန်းရောက် သရဲအရိုး"
ကျုံးကျဲက ဟိန်းဟောက်လိုက်ရာ သရဲအလင်းရောင်များ ဖြာထွက်နေသော အရိုးသုံးချောင်းသည် လေထဲတွင် ပေါ်လာပြီး ဒိုင်းကာပုံသဏ္ဍာန် ဖန်တီး၍ တိုက်ခိုက်မှုကို ခုခံလိုက်သည်။
"ဘုန်း"
သို့သော် ကြီးမားသော အရှိန်ကြောင့် အရိုးဒိုင်းကာသည် ချက်ချင်း ကွဲအက်သွားရာ အဇူရာဝံပုလွေစစ်သည်သည် ထိုအဟုန်ကို အသုံးပြု၍ ဘေးဘက်သို့ ခုန်ထွက်သွားသည်။
ကျုံးကျဲ အသက်ရှူချောင်ချိန်မရခင်မှာပင် တာရှာပီက မန္တန်ရွတ်ဖတ်ပြီး သစ်သားရုပ်ထုကို လေထဲသို့ ပစ်လိုက်သည်။
ထိုသစ်သားရုပ်ထု မြေပြင်ပေါ်သို့ ကျရောက်ချိန်တွင် မီတာပေါင်းများစွာ ကြီးမားသော လူခေါင်းကိုယ်ခန္ဓာ ခြင်္သေ့ပုံသဏ္ဍာန် သားရဲကြီးအဖြစ် ပြောင်းလဲသွားလေ၏။
ထိုသတ္တဝါကြီးသည် ဟိန်းဟောက်လျက် လူအုပ်ထဲသို့ ဝင်ရောက်လာပြီး လူငယ်တစ်ဦးကို ချက်ချင်း ဖမ်းကိုက်ယူကာ ကျောက်လှေကားထပ်သို့ ခုန်တက်သွားပြီးနောက် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆွဲဖြဲ၍ ရက်စက်စွာ ကိုက်ဝါးစားသောက်လိုက်သည်။
နိယာမနယ်ပယ် ပထမအဆင့်နှင့် ဒုတိယအဆင့်သာရှိသော လူငယ်များသည် ထိုသတ္တဝါကြီးကို ယှဉ်နိုင်စွမ်းရှိဖို့ နေနေသာသာ ခုခံရန်ပင် မတတ်နိုင်ကြပေ။
တဆက်တည်းမှာပင် သဲဝါအပြစ်သား ရုပ်သေးရုပ်သည်လည်း ပုဆိန်ကြီးကို ကိုင်ဆောင်ကာ နှေးကွေးသော်လည်း ခိုင်မာသော ခြေလှမ်းများဖြင့် ရက်စက်သည့် သတ်ဖြတ်ရေးအရှိန်အဝါတို့ဖြင့် စက်ရုပ်တစ်ရုပ်အလား လျောက်ဝင်လာနေသည်။
"ငါနောက်ကိုလာကြ"
ကျုံးကျဲက အလွန်လေးနက်နေသည့် လေသံဖြင့်ပြောလိုက်ပြီး သိုလှောင်ခါးပတ်ကို လက်ဖြင့် စမ်းလိုက်ရာ ခရမ်းရောင်အလင်းတန်းများ မှိန်ဖျဖျ တောက်ပနေသော ကျိုးပဲ့နေသည့် ဓားတစ်လက် သူ၏ လက်ထဲသို့ ရောက်ရှိလာသည်။
ထိုဓားလေးသည် တစ်ပေခွဲလောက်သာရှည်ပြီး စစ်ပွဲတစ်ခုတွင်အသုံးပြုပြီးသားသကဲ့သို့ စုတ်ပြတ်နေသော်လည်းပဲ ဓား၏အရှိန်အဝါမှာ အားကောင်းလှသည်။
ကျုံးကျဲ ဓားကျိုးကို ဆုပ်ကိုင်လိုက်သည်နှင့် အဆုံးမဲ့စစ်မြေပြင်မှ သတ်ဖြတ်ခြင်းစွမ်းအားများ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး ရုတ်တရက် ကျိုးပဲ့နေသော ဓားသွားနေရာမှ နှစ်ပေခန့်ရှည်သော ခရမ်းရောင်အလင်းတန်းတစ်ခု ထိုးထွက်လာကာ ဓားကို ပြည့်စုံသွားစေသည်။
ကျုံးကျဲက စူးရှသော အကြည့်ဖြင့် သဲဝါအပြစ်သားကို ဓားဖြင့်နှစ်ချက်ခုတ်ပိုင်းပြစ်လိုက်သည်။ သဲဝါအပြစ်သားသည်လည်း ဟိန်းဟောက်လိုက်ပြီး ပုဆိန်ကြီးဖြင့် ပြန်လည်ခုတ်ပိုင်းလိုက်၏။
ချက်ချင်းပဲ ကျယ်လောင်သည့် သတ္တုချင်းထိခေတ်သည့် အသံကြီးနှင့်အတူ မာကျောသော သဲကျောက် ပုဆိန်သွားသည် မျက်စိတစ်မှိတ်အတွင်း ကွဲကြေသွားပြီး ဓားချက်နှစ်ချက်သည် ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ သူ့ကို လွင့်စင်သွားစေသည်။
သဲဝါအပြစ်သားသည် ကျောက်နံရံနှင့် ဝင်တိုက်မိပြီး ပြင်းထန်သော ရိုက်ခတ်မှုကြောင့် နံရံတစ်ခုလုံး တုန်ခါသွားသည်။ ထိုမြင်ကွင်းကို နောက်မှ ရပ်ကြည့်နေသော လင်းချန်၏ မျက်လုံးများက ချက်ချင်း နီရဲသွားလေ၏။
"အဘိုးကြီးဟန်တန်းက လက်ရွေးစင်တပ်စခန်းရဲ့ ရတနာဖြစ်တဲ့ စစ်မင်းဓားကို မင်းဆီ ပေးလိုက်တယ်ပေါ့ တကယ်ဆို ပထမတပ်မှူးဖြစ်တဲ့ ငါ့ကိုပေးရမှာကွ"
လင်ချန်၏ ခန္ဓာကိုယ်သည် မနာလိုမှုကြောင့် တစ်ဆတ်ဆတ်တုန်ယင်နေပြီး အသံမြည်သည်အထိ အံကိုတင်းတင်းကြိတ်ထားသည်။ စစ်မင်းဓားသည် ကျိုးပဲ့နေသည်ဆိုသော်ငြား မြင့်မြတ်သော ရတနာတစ်ခုဖြစ်ပြီး အတော်လေး အစွမ်းထက်လှသည်။
ဓားမင်းလက်နက်သည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ ပထမဆုံး စစ်နတ်ဘုရား စစ်မာကျောင်းကိုင်ဆောင်ခဲ့သော လက်နက်ဖြစ်သည်။
ထိုစဉ်က အင်မော်တယ်မင်းဆက်သည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အင်အားမှာ ယခုခေတ်ထက် များစွာ သာလွန်ခဲ့သည်။
စစ်မာကျောင်းသည် စစ်နတ်ဘုရားတစ်ပါးဖြစ်ပြီး မင်းဆက်အတွက် နှစ်ပေါင်းသောင်းချီ တိုက်ခိုက်ပေးခဲ့ကာ ဟွမ်ရှားမျိုးနွယ်၊ စိတ်ဝိညာဉ်မျိုးနွယ်နှင့် လူသားမျိုးနွယ်များစွာကို မင်းဆက်အတွက်သတ်ဖြတ်ခဲ့သည်။
ထိုဓားညွှန်ရာ အရပ်တိုင်းတွင် အရာအားလုံး ပျက်သုဉ်းခဲ့ရပြီး သန်းပေါင်းများစွာသော သက်ရှိများ သေဆုံးခဲ့ရသဖြင့် ဓားတွင် ကပ်ငြိနေသော သတ်ဖြတ်ခြင်းစွမ်းအားမှာ အလွန်သိပ်သည်းလှသည်။
ဒေါသထွက်နေသည်ဆိုသော်ငြား လင်ချန်သည် ဝင်ရောက်တိုက်ခိုက်ခြင်း မပြုသေးဘဲ ကျုံးကျဲ၏ အားနည်းချက်ကို စောင့်ဆိုင်းကာ တစ်ချက်တည်းဖြင့် အသေ သတ်ဖြတ်ရန် ချောင်းမြောင်းနေသည်။
တစ်ချိန်တည်းတွင် တိုက်ပွဲကလည်း အထွတ်အထိပ်သို့ရောက်ရှိလာနေပြီဖြစ်သည်။ သဲဝါအပြစ်သားသည် လွှင့်ထွက်သွားသော်လည်း ဒါဏ်ရာမရသကဲ့သို့ပြန်ထလာပြီး ကျံးကျဲထံသို့ဖြည်းညင်းစွာ လျှောက်လာနေ၏။
တာရှာပီ၏ သားရဲကြီးသည်လည်း လူတစ်ယောက်ကို စားသောက်ပြီးနောက် သွေးများ ပေကျံလျက် ထပ်မံခုန်ဆင်းရန် ချောင်းမြောင်းနေသလို တာရှာပီကလည်း နန်းချပ်ကို ဝှေ့ယမ်းကာ မန္တန်များ ရွတ်ဖတ်နေသည်။
ရှားလုဒါသည်လည်း ဝံပုလွေကို စီးနင်းကာ ဘယ်ညာ လျင်မြန်စွာ ကူးသန်းလှုပ်ရှားရင်း အလစ်ဝင်တိုက်ခိုက်ရာ လူငယ်တစ်ဦး၏ လက်မောင်း ပြတ်တောက်သွားသည်။
လက်ရှိအခြေအနေမှာ ဆိုးရွားနေပြီး ကျုံးကျဲအပါအဝင် လူငယ်များအားလုံး ဤနေရာတွင် သေသွားလောက်နိုင်သည်။