အခန်း (၄၄)
Vol. 5 Ch. 44
စစ်မင်းဓားသည် မြင့်မြတ်လက်နက်တစ်ခုဖြစ်သည်နှင့်အညီ အတော်လေး အစွမ်းထက်လှသော်လည်း ကျုံးကျဲ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာမူ တစ်စတစ်စကုန်ဆုံးလာပြီဖြစ်သည်။
ထို့ကြောင့် ကျုံးကျဲသည် အချိန်ဆွဲရန်အတွက် ဓားအလင်းတန်းများကိုသာ ဆက်တိုက်ထုတ်ဖော်နေရသည်။
ထိုအချိန်မှာပင် သိန်းငှက်ယဇ်ပုရောဟိတ် တာ့ရှားပီက သဲကန္တာရကင်းမြီးကောက် အုပ်စုလိုက်ကြီးကို ဆင့်ခေါ်လိုက်လေသည်။
ထိုကင်းမြီးကောက်များသည် လူတိုင်း၏ ခြေထောက်အောက်ရှိ မြေကြီးထဲမှ တိုးထွက်လာကြသဖြင့် အားလုံးမှာ အငိုက်မိသွားကြကာ အဆိပ်ဆူးများဖြင့် တုပ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုအချိန်တွင် မတ်တပ်ရပ်ကျန်နေသူမှာ သုံးဦးအောက်သာ ရှိတော့ပြီး အခြေအနေမှာ အလွန်အမင်း အန္တရာယ်များပြားလာသည်။
ကျုံးကျဲသည်လည်း သူ့၏စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းလုနီးပါးဖြစ်နေပြီး ဖိအားများ ပိုမိုများပြားလာသည့်အပြင် လင်းချန်မှာ ဝင်မတိုက်ခိုက်ပဲ ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့် စိတ်ပူပန်လာမိသည်။
"သောက်ကျိုးနည်း ငါ့ရဲ့ စွမ်းအင်တွေ ကုန်တော့မယ် ဒီကောင် လင်ချန်ကလည်း ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတုန်းပဲ"
"တည်နေရာကူးပြောင်းခြင်းအဆောင်ကို အသုံးပြုမယ်ဆိုရင်တောင် အသက်ရှူကြိမ်သုံးခါလောက်ကြာဦးမယ် မြင့်မြတ်နယ်မြေကနေ ငါ့နောက်ကို လျှို့ဝှက်လိုက်ပါလာတဲ့ အစောင့်အရှောက် နှစ်ယောက်ဖြစ်တဲ့ ဦးလေးကျန်းနဲ့ ဦးလေးလီတို့ကို လှုပ်ရှားခိုင်းမှပဲ ရတော့မယ်"
ကျုံးကျဲသည် သူ့ရင်ဘတ်မှ ကျောက်စိမ်းအဆောင်ကို ဆွဲဖြုတ်ကာ ချေမွလိုက်လေသည်။ ထိုအခါ အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး မျှော်စင်ထိပ်ဖျားကို ဖောက်ထွင်းကာ ပျောက်ကွယ်သွားသည်။
ထိုအရာကို မြင်လိုက်ရသောအခါ လင်ချန်က ဟားတိုက်ရယ်မောလိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်၏။
"မင်းတို့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေက အစောင့်အရှောက်နှစ်ယောက် လွှတ်လိုက်တာကို ငါမသိဘူးများ ထင်နေလား သူတို့က မင်းကို ကာကွယ်ပေးဖို့ အခွင့်အရေးရှိတော့မယ် မထင်ဘူး"
လင်ချန်၏စကားဆုံးသည်နှင့် ရွှေစေတီကျောင်းဆောင်ကြီးတစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
ထို့နောက် နားကွဲမတတ် ကျယ်လောင်သောအသံကြီးနှင့်အတူ ရွှေစေတီ၏ ထိပ်ဖျားအပိုင်း လွင့်ထွက်သွားကာ ကျောက်တုံးအကျိုးအပဲ့များမှာ မြေပြင်ပေါ်သို့ မိုးရွာသလို ကျဆင်းလာခဲ့သည်။
လူတိုင်း မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံ၌ ကျွမ်းကျင်ပညာရှင်အများအပြား ရှုပ်ထွေးပွေလီစွာ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။
မီးတောက်များက တစ်ဟုန်းဟုန်းဖြင့် ကောင်းကင်သို့ ထိုးတက်နေပြီး အရာအားလုံး ဖရိုဖရဲဖြစ်နေတော့သည်။
"အာကျဲ ပြေးတော့"
"မင်းတို့ခေါင်းဆောင် လင်းချန်က လူသားတွေကို သစ္စာဖောက်ပြီး သဲကန္တာရနတ်ဘုရားဆီ ခိုလှုံသွားပြီ"
"အနည်းဆုံး ဟွမ်ရှားလူမျိုးစု ကျွမ်းကျင်ပညာရှင် ဒါဇင်နဲ့ချီပြီး ဒီနေရာကို ဝိုင်းထားကြပြီ ငါတို့အနေနဲ့ အချိန်အနည်းငယ်ပဲ တောင့်ခံထားနိုင်တော့မယ် တည်နေရာကူးပြောင်းခြင်းအဆောင်ကို သုံးပြီး မြင့်မြတ်နယ်မြေကို ပြန်"
"ပြီးရင် ဂိုဏ်းချုပ်ကြီးကို အကြောင်းကြားလိုက်တော့"
ကောင်းကင်ယံမှ အရေးတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ အခြေအနေ ဆိုးရွားနေကြောင်း သိသာလှပေသည်။
"သောက်ကျိုးနည်းကွာ"
ထိုသတင်းကိုကြားလိုက်ရသည့် ကျုံးကျဲမှာ ကြောက်ရွံ့ခြင်းထက် ဒေါသအမျက်ချောင်းချောင်းထွက်သွားမိသည်။
သစ္စာမဲ့ပြီး ယုံကြည်ရခြင်းမရှိသော ထိုလူက သူ့ကိုယ်သူ စစ်သည်ဟု ခေါ်ဝေါ်ရဲသေးသည်လော။ ကျုံးကျဲ၏ စိတ်ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်လာသဖြင့် သူ၏လက်ထဲမှ စစ်မင်းဓားသည်လည်း အရောင်မှိန်ဖျော့သွားကာ ဓားအလင်းတန်းတစ်ဝက်ခန့်ကိုပင် ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။
ထိုအချိန်တွင် ရှားလူတာ၊ တာ့ရှားပီနှင့် ဟွမ်ရှားလူမျိုးစုများသည် ကျုံးကျဲအား ဝိုင်းဝန်းတိုက်ခိုက်လာကြရာ ကျုံးကျဲတစ်ယောက် မနည်းခုခံလိုက်ရ၏။
"အခုပဲ"
အခွင့်ကောင်းကို စောင့်နေသော လင်ချန်၏မျက်လုံးများ အရောင်လက်သွားသည်။
သူ၏လက်ထဲမှ ဓားရှည်သည် နက်မှောင်သော မြွေနက်တစ်ကောင်အသွင်ပြောင်းလဲကာ လျင်မြန်သော အရှိန်အဟုန်ဖြင့် ကျုံးကျဲ၏ နှလုံးသားဆီသို့ တိုးဝင်သွားသည်။
လင်ချန်၏တစ်ကိုယ်လုံးကို မည်းနက်သော အခိုးအငွေ့များ လွှမ်းခြုံထားပြီး သူ့ပါးစပ်နှင့် နှာခေါင်းမှ မီးခိုးမည်းများ စိမ့်ထွက်လာနေကာ လူနှင့်လည်းမတူ၊ သရဲနှင့်လည်းမတူသော ပုံစံဖြစ်နေသည်။
ထိုမီးခိုးမည်းများအားလုံး ပေါင်းစည်းသွားပြီး ဝံပုလွေခေါင်း လူခန္ဓာကိုယ်နှင့် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ထိုအရာသည် သဲကန္တာရနတ်ဘုရားများထဲမှ တစ်ပါးဖြစ်သော အနူးဘစ်၏ အထွတ်အထိပ်နည်းစနစ် အောက်လမ်းကျမ်းစာပင် ဖြစ်သည်။
မြွေနက်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး ကျုံးကျဲ၏ ရင်ဘတ်တည့်တည့်ကို တိုက်ခိုက်လိုက်ရာ အကာအကွယ်ကို ဖောက်ထွင်းပြီး ရင်ဘတ်၌ ကြီးမားသော အပေါက်ကြီးဖြစ်သွားစေခဲ့သည်။
"အားးးး"
ကျုံးကျဲသည် နာကျင်စွာ အော်ဟစ်ပြီး သွေးများအန်ချကာ ခြေလှမ်းများ ယိုင်နဲ့သွားပြီး နောက်ဆုတ်လိုက်ရသည်။
သူသည် မြွေနက်ကို ခုတ်ပိုင်းရန် ဓားကို ဝှေ့ယမ်းလိုက်၏။ အခြေမကောင်းတော့ပေ။ သူ၏ရင်ဘတ်မှ ဒဏ်ရာမှာ မည်းနက်နေပြီ ဖြစ်သည်။
"ဟားဟားဟား ကျုံးကျဲ ငါ့ အောက်လမ်းစွမ်းအားရဲ့ အရသာက ဘယ်လိုနေလဲ ရှယ်ပဲမဟုတ်လား"
ရှေးဟောင်းကနဦးခေတ်က အဆုံးမဲ့သဲကန္တာရတွင် နတ်ဘုရားများစွာ ကျော်ကြားခဲ့သည်။ ဝံပုလွေခေါင်း လူခန္ဓာကိုယ်နှင့် အနူးဘစ်သည် သေဆုံးခြင်း၏ ပြယုဂ်ဖြစ်ပြီး ဘဝနှင့် သေခြင်းတရား၏ အဓိပ္ပာယ်မှန်ကို နားလည်သဘောပေါက်ထားသူ ဖြစ်သည်။
အောက်လမ်းစွမ်းအားတွင် သေဆုံးသူများ၏ အဆုံးမဲ့နာကျည်းမှုများ ပါဝင်နေသဖြင့် အနည်းငယ် ထိမိရုံဖြင့် ဝိညာဉ်ကိုပင် ပျက်စီးစေနိုင်သည်အထိ ပြင်းထန်လှသည့် နာကျင်မှုကို ခံစားရသည်။
ထိုနာကျင်မှုသည် မိစ္ဆာလက်ထောင်ပေါင်းများစွာက ကိုက်ဖြတ်ဆွဲဆုတ်နေသကဲ့သို့ ခံစားရစေပြီး အလွန်အမင်း နာကျင်ရသည်။
သေသွားလျှင်ပင် ငြိမ်းချမ်းမှု မရနိုင်ဘဲ အလောင်းကောင်သည် တဖြည်းဖြည်းနှင့် သက်ရှိအလောင်းကောင်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
လင်ချန်က ဟားတိုက်ရယ်မောလိုက်ပြီးနောက် ခုန်တက်ကာ ကျုံးကျဲ၏ နောက်ကျောဘက်သို့ ရောက်ရှိသွားသည်။
သူသည် ကျုံးကျဲ၏ အင်္ကျီလက်စကို ဆွဲဖြဲလိုက်ရာ ငရဲတာအိုအမှတ်အသားသည် ဖျော့တော့စွာ လင်းလက်နေပြီး ပတ်ဝန်းကျင်မှ သတ်ဖြတ်ခြင်းစွမ်းအားနှင့် ငရဲစွမ်းအင်များကို စုပ်ယူနေသည်ကို တွေ့လိုက်ရသည်။
"ဒီတာအိုအမှတ်အသားက ငါ့ဟာပဲကွ ဝါးဟားဟားဟား"
လင်ချန်၏ မျက်နှာပေါ်တွင် လောဘရိပ်များ လွှမ်းခြုံလာသည်။ အနက်ရောင်အခိုးအငွေ့များသည် ဝံပုလွေလက်သည်းအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းသော ဆွဲငင်အားတစ်ခု ထုတ်လွှတ်လိုက်ရာ ကျုံးကျဲလက်မောင်းမှ ငရဲတာအိုအမှတ်အသားသည် အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲပြီး အကုန်အစင် ဆွဲထုတ်ခံလိုက်ရတော့သည်။
ရင်ဘတ်လည်း အဖောက်ခံရ၊ တာအိုအမှတ်အသားလည်း အယူခံလိုက်ရသဖြင့် ကျုံးကျဲ၏ မျက်လုံးများ ဗလာဖြစ်သွားပြီး ဖုန်လုံးကြီးများ ထသွားအောင်ပင် မြေပြင်ပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားလေသည်။
သူသည် အသက်ရှင်လိုစိတ် ပြင်းပြလွန်းသောကြောင့်သာ အသက်ငွေ့ငွေ့ ကျန်ရှိနေခြင်း ဖြစ်သည်။
"ဟားဟားဟားဟား"
လင်ချန်သည် ငရဲတာအိုအမှတ်အသားကို ကိုင်ဆောင်ကာ မိုးကောင်းကင်ကို မော့ကြည့်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဒီ ငရဲတာအိုအမှတ်အသားနဲ့ ပေါင်းစည်းလိုက်တာနဲ့ ငါ့ရဲ့ မသေမျိုးမြင့်မြတ်ခန္ဓာက ရှေးဟောင်းသေမင်းနတ်ဘုရားနဲ့ ရှေးဟောင်းငရဲနတ်ဘုရားတွေလိုမျိုး အဆင့်ကိုရောက်သွားလိမ့်မယ်"
"ငါ တာအိုအမှတ်အသားကို ထုတ်ယူပြီးပြီဆိုတော့ ဒီကောင်စုတ်ကို မင်းတို့ပဲ ရှင်းလိုက်ကြတော့"
"ငရဲတာအိုအမှတ်အသား မရှိတော့ရင် ဒီကောင်က အသုံးမကျတဲ့သူ ဖြစ်သွားပြီ သူ့ကို သတ်ချင်သတ်၊ နှိပ်စက်ချင်နှိပ်စက် မင်းတို့သဘောပဲ"
လင်ချန်က ပြောပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော ကျုံးကျဲကို တစ်ချက်ပင် လှည့်မကြည့်ဘဲ ရွှေစေတီကျောင်းဆောင်မှ ထွက်ခွာသွားလေသည်။
ရှားလူတာနှင့် တာ့ရှားပီတို့သည် ရက်စက်သော အပြုံးများဖြင့် တစ်လှမ်းချင်း တိုးကပ်လာကြသည်။
"ဘုန်းးးး"
ထိုအချိန်တွင် ကောင်းကင်ယံမှ ပေါက်ကွဲသံကြီးများ ပေါ်ထွက်လာပြီး ပြင်းထန်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားရာ ရွှေစေတီကြီးပင် လဲကျလုနီးပါး ဖြစ်သွားသည်။
ထို့နောက် သွေးများစွန်းထင်းနေသော ပုံရိပ်တစ်ခု ယိုင်နဲ့စွာ ဆင်းသက်လာသည်။
ထိုသူသည် ကျုံးကျဲ၏ ရှေ့သို့ ရောက်လာပြီး စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ဖော်ကာ ရှေ့တိုးလာနေသော ရှားလူတာနှင့် အခြား ဟွမ်ရှားလူမျိုးစု နှစ်ယောက်ကို ချက်ချင်းပင် လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သည်။
သူ့တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေပြီး ခြေလှမ်းတိုင်းတွင် သွေးခြေရာများ ကျန်ရစ်ခဲ့သည်။
"ဦးလေးလီ ဦးလေးကျန်းကော ဘယ်ရောက်သွားလဲ"
ကျုံးကျဲသည် မျက်လုံးကို အားယူဖွင့်လိုက်သော်လည်း အောက်လမ်းစွမ်းအားမှ ပြင်းထန်သော နာကျင်မှုကြောင့် တစ်ဆက်ဆက်တုန်ယင်နေရသည်။
ဦးလေးလီသည် သူ၏ ကိုယ်ရံတော်အစောင့်အရှောက် နှစ်ဦးအနက်မှ တစ်ဦးဖြစ်ပြီး ဝိညာဉ်ဘုရင်အဆင့် ၁၄ တွင်ရှိသော ကျွမ်းကျင်ပညာရှင်ဖြစ်သည်။
သူသည် ကျုံးကျဲ ငယ်စဉ်ကတည်းက အတူရှိခဲ့သူဖြစ်သည်။ ဦးလေးလီ၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားသည်။
"မင်း... မင်းဦးလေးကျန်းက... သူ့ရဲ့ အမြုတေကို ဖောက်ခွဲပြီး ဟွမ်ရှားလူမျိုးစု ကျွမ်းကျင်ပညာရှင် ခြောက်ယောက်နဲ့အတူ အသေခံသွားပြီ"
ရုတ်တရက် ဦးလေးလီက ကောင်းကင်ကို မော့ကြည့်လိုက်ပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခုသည် အဝေးမှ လျင်မြန်စွာ နီးကပ်လာပြီး ရွှေစေတီကျောင်းဆောင်ကို ချိန်ရွယ်ထားသည်။
"အာကျဲ မင်း မြန်မြန်သွားရမယ် ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးတယ် ဟွမ်ရှားလူမျိုးစုတွေက ကျွမ်းကျင်ပညာရှင် အများအပြားနဲ့ ပြင်ဆင်လာကြတာ"
"နယ်စပ်က လူတွေထဲမှာလည်း သစ္စာဖောက်တွေ အများကြီးရှိနေပြီး အတွင်းအပြင် ပေါင်းပြီး နိုင်ငံကို ဖြိုချဖို့ လုပ်နေကြတာ"
"တည်နေရာကူးပြောင်းခြင်းအဆောင်ကို အခုချက်ချင်း အသုံးပြုလိုက်တော့ တုံ့ဆိုင်းမနေနဲ့တော့"
ဦးလေးလီသည် ကောင်းကင်ကို စိုက်ကြည့်ရင်း အလျင်အမြန် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျုံးကျဲသည် ဒဏ်ရာကို သည်းခံလျက် သိုလှောင်ခါးပတ်ထဲမှ စိတ်ဝိညာဉ်ဆေးလုံးများကို ယူသောက်လိုက်ပြီး တည်နေရာကူးပြောင်းခြင်းအဆောင်ကို အာရုံစိုက်ကာ အသက်သွင်းလိုက်သည်။
သူ မတုံ့ဆိုင်းရဲတော့ပေ။
ဦးလေးလီနှင့် ဦးလေးကျန်းတို့ အသက်ပေးတိုက်ခိုက်နေကြသည်မှာ သူ လွတ်မြောက်သွားစေရန်အတွက်သာ ဖြစ်သည်။
အကယ်၍ သူသာ ဤအခွင့်အရေးကို လက်လွတ်ခံလိုက်ပါက သူတို့ကို အမှန်တကယ် စိတ်ပျက်စေမိပေလိမ့်မည်။
အဆောင်ကို အသက်သွင်းလိုက်သည်နှင့် အားကောင်းသည့် ဟင်းလင်းပြင်နိယာမစွမ်းအင်များ ပေါ်ထွက်လာပြီး သူ့ကို လွှမ်းခြုံသွားလေသည်။ နတ်ဘုရားအဆောင် အသက်ဝင်ရန်အတွက် အသက်ရှူကြိမ်ရည် ၃ ကြိမ်အချိန် လိုအပ်၏။
အဝေးမှ အစွမ်းထက်ပုဂ္ဂိုလ်သည် ရွှေစေတီ၏ အထက်သို့ ရောက်ရှိလာပြီး အောက်ဘက်ရှိ အားကောင်းသောဟင်းလင်းပြင်နိယာမများကို အာရုံခံမိသွားသည်။
"ဝုန်းးးး"
မရေမတွက်နိုင်သော သဲမှုန်များသည် ကောင်းကင်ယံတွင် လျင်မြန်စွာ စုစည်းသွားပြီး ပေတစ်ရာခန့်ကြီးမားသော လက်သီးကြီးအသွင် ပြောင်းလဲသွားသည်။
ထိုလက်သီးကြီးသည် ရွှေစေတီနှင့်အတူ ကျုံးကျဲနှင့် ကျန်လူများကိုပါ မြေမှုန့်ဖြစ်သွားအောင် ချေမှုန်းရန် ရည်ရွယ်လျက် အရှိန်ပြင်းစွာဖြင့် ဖိချလိုက်တော့သည်။
ထိုလက်သီးကား နယ်စပ်ဒေသ ဟွမ်ရှားမြို့စား၏ အထွတ်အထိပ်တိုက်ကွက်ဖြစ်သော သဲလက်သီးပင် ဖြစ်လေသည်။