← Chapters

အခန်း (၄၅)

Vol. 5 Ch. 45

အခန်း (၄၅)

Vol. 5 Ch. 45

"သိပ်ကို ဝမ်းနည်းစရာကောင်းလိုက်တာကွာ..."

"နှစ်ပေါင်းထောင်ချီပြီး နယ်စပ်ကို စောင့်ရှောက်လာခဲ့တဲ့ ဟွမ်ရှားမြို့စားမင်းက မျိုးနွယ်ခြားတွေရဲ့ လက်ပါးစေ ဖြစ်သွားလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး..."

"လူသားမျိုးနွယ်အတွက် တကယ့်ကို အရှက်ရစရာပဲ..."

ဦးလေးလီက ဒေါသတကြီး ဆဲရေးလိုက်သည်။

သူ၏ မူလဝိညာဉ်က စတင်လောင်ကျွမ်းလာပြီး အလွန်တရာ ကြီးမားပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်မှာ မူလဝိညာဉ်ကို ကိုယ်တိုင်ဖောက်ခွဲလိုက်ခြင်းပင်။ သူ၏ ခန္ဓာကိုယ်မှ မတည်ငြိမ်သော စိတ်ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး လေထဲသို့ မြောက်တက်သွားသည်။

ဦးလေးလီက သွေးလွှမ်းနေသည့် မျက်လုံးတို့ဖြင့် သူရဲကောင်းဆန်စွာ ဧရာမသဲလက်သီးကြီးဆီသို့ တိုးဝင်သွားလိုက်သည်။ သူ၏တစ်ကိုယ်လုံးမှလည်း စိတ်ဝိညာဉ်အလင်းတန်းများ ဖြာထွက်နေ၏။

သူအောက်သို့ ငုံ့ကြည့်လိုက်ရာ ရုတ်တရက် အောက်ဘက်တွင် အလင်းတစ်ချက်လက်သွားပြီး ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။

တည်​နေရာကူးပြောင်းခြင်းအဆောင်၏ ဟင်းလင်းပြင်နိယာမများက ကျုံးကျဲကို ထိုဟင်းလင်းပြင်လမ်းကြောင်းထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားလေသည်။

ထို့နောက် လမ်းကြောင်းက ပြန်ပိတ်သွားတော့သည်။

"အာကျဲ... ထွက်ပြေးနိုင်ခဲ့ပြီ..."

သူ၏ မူလဝိညာဉ်သည် နောက်ဆုံးတွင် အကန့်အသတ်အထိ လောင်ကျွမ်းသွားခဲ့ပြီဖြစ်သည်။ ပြီးနောက်တွင်တော့ မျက်စိကျိန်းမတတ် အလင်းရောင်များနှင့်အတူ ပေါက်ကွဲသွားလေတော့သည်။

"ဘုန်းးးးးးး"

ထိုပေါက်ကွဲမှုသည် ဟွမ်ရှားလက်သီးနှင့် ရွှေစေတီကျောင်းဆောင်တို့ကို မြေလှန်ပစ်လိုက်သည်အထိ ပြင်းထန်လှပေသည်။

--------------

တစ်ချိန်တည်းတွင် ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းဘိုးဘေးများခန်းမအတွင်းတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၁၀,၀၀၀ ကျော်အတွင်း ကွယ်လွန်သွားခဲ့ကြသော မျိုးနွယ်စုမှ အကြီးအကဲများ၏ ကမ္ပည်းပြားများကို ကိုးကွယ်ထားရှိသည်။

ထို့အပြင် သက်စောင့်ဆီများဖြင့် ထွန်းညှိထားသော မရေမတွက်နိုင်သည့် ဝိညာဉ်ချုပ်မီးအိမ်များလည်း ရှိနေသည်။

ဝိညာဉ်ချုပ်မီးအိမ် တစ်လုံးစီသည် လူတစ်ယောက်ကို ကိုယ်စားပြုသည်။ မီးအိမ်တစ်လုံးစီ၏ အတွင်းတွင် ဝိညာဉ်တစ်စ ရှိနေ၏။

အသက်အန္တရာယ် မရှိပါက ဝိညာဉ်ချုပ်မီးအိမ်သည် ထာဝရလောင်ကျွမ်းနေမည်ဖြစ်သည်။

အကယ်၍ လူတစ်ယောက်သေဆုံးသွားလျှင် သို့မဟုတ် သူတို့၏ ဝိညာဉ်ပျက်စီးသွားလျှင် သို့မဟုတ် သေခါနီးဖြစ်နေလျှင် ဝိညာဉ်ချုပ်မီးအိမ်သည် တဖျပ်ဖျပ်လင်းလက်ကာ မှိန်ဖျော့သွားပြီး နောက်ဆုံးတွင် လုံးဝငြိမ်းသွားမည်ဖြစ်သည်။

တာဝန်ကျ အကြီးအကဲများသည် ဘိုးဘေးများခန်းမကို နေ့စဉ် စောင့်ကြည့်နေရပြီး မျိုးနွယ်ဝင်တစ်ဦး၏ ဝိညာဉ်ချုပ်မီးအိမ်တွင် အပြောင်းအလဲတစ်ခုခုရှိပါက ချက်ချင်း သတိထားမိကြသည်။

ရုတ်တရက် ကျုံးကျဲကို ကိုယ်စားပြုသည့် ဝိညာဉ်ချုပ်မီးအိမ်သည် တဖျပ်ဖျပ်ခါကာ မတည်မငြိမ် ဖြစ်လာခဲ့သည်။

ကျုံးကျဲသည် ဂိုဏ်းချုပ်အသစ်ဖြစ်သူ ကျုံးချီထျန်း၏ မြေးဖြစ်သည်။

သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါကို ကျင့်ကြံရန်အတွက် သူသည် တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်၏ တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် သူသည် နယ်စပ်တစ်နေရာရာ၌ လေ့ကျင့်နေသင့်သည် မဟုတ်ပါလော။ ထိုသည်ကိုမြင်သောအခါ တာဝန်ကျ အကြီးအကဲသည် မျက်လုံးပြူးသွား၏။

သူက အချိန်မဆွဲရဲတော့ပဲ ချက်ချင်းပင် လေပေါ်သို့ ပျံတက်သွားပြီး ဂိုဏ်းချုပ်အလုပ်လုပ်ရာ နေရာဖြစ်သည့် ချင်းကျုံးခန်းမဆောင်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။

"ဂိုဏ်းချုပ် ပြဿနာတက်ပီ ဂိုဏ်းချုပ်ရဲ့မြေး ကျုံးကျဲရဲ့ ဝိညာဉ်ချုပ်မီးအိမ်က ရုတ်တရက် မှိန်ဖျော့သွားပါတယ် သူ အသက်အန္တရာယ် ကြုံနေရဖို့ များပါတယ်"

"ခွမ်းးး"

ကျုံးချီထျန်း ဖတ်ရှုနေသည့် ကျောက်စိမ်းပြားသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

ကျုံးကျဲသည် သူ၏ မြေးပေါင်းများစွာထဲတွင် ပါရမီအရှိဆုံးနှင့် အကျင့်သီလ အပြည့်စုံဆုံးဖြစ်ပြီး သူ၏ မြေးမလေး ယွဲ့အာ၏ ပါရမီကိုပင် ကျော်လွန်နေသူဖြစ်သည်။

တိုက်ပွဲများတွင် သူကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုသော ငရဲတာအိုအမှတ်အသားသည် သူလေ့ကျင့်ထားသည့် ရှေးဟောင်းနတ်ဆိုးကျင့်စဥ်နှင့် ပြည့်စုံစွာ လိုက်ဖက်ညီလှသည်။

သူသည် ကျုံးချီထျန်းကဲ့သို့ပင် ဖြောင့်မတ်သည် ရဲရင့်သည် ဉာဏ်ရည်ထက်မြက်သည်။ ထို့ကြောင့် သူ့ကို ငယ်စဉ်ကတည်းက ကျုံးချီထျန်းကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့ပြီး အဆုံးမဲ့သဲကန္တာရထဲတွင် မရေမတွက်နိုင်သော တိုက်ပွဲများဖြင့် လေ့ကျင့်ပေးခဲ့သည်။

ကျုံးကျဲသည် အသက် ၁၆ နှစ်ပြည့်ပြီး တပ်ထဲဝင်ရန် တောင်းဆိုလာသည့်အချိန်မှသာ ကျုံးချီထျန်း၏ဘေးမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

တပ်ထဲဝင်ပြီး နှစ်နှစ်တာကာလအတွင်း သူသည် နိယာမနယ်ပယ်၏ စတုတ္ထအဆင့်ဖြစ်သော အနှစ်သာရကို ချီအဖြစ်ပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ၏ဖခင် ကျုံးကျဲရှုသည် မြင့်မြတ်နယ်မြေ၏ အကြီးအကဲရာထူးကို ရယူထားပြီး နိယာမနယ်ပယ် အဆင့် ၂၀ ဖြစ်သည့် ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သည်။

သူသည် မိစ္ဆာဂိုဏ်းများကို နှိမ်နင်းရန် ထွက်ခွာသွားခဲ့သည်မှာ ဆယ်နှစ်ရှိပြီဖြစ်သည်။

"လက်ဝဲနဲ့ လက်ယာအကြီးအကဲတွေ ရှိလား"

သူက အသံနက်ကြီးဖြင့် လေးနက်စွာ မေးလိုက်သည်။

သူ၏ဒေါသကို ချုပ်ထိန်းထားသည်မှာ သိသာလှသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများက ပေါက်ကွဲထွက်မတတ် ဖြစ်နေ၏။

"ကျွန်တော်မျိုးတို့ ရှိပါတယ်"

အကြီးအကဲနှစ်ဦးက ရုတ်တရက် ပေါ်လာကြသည်။

သူတို့သည် တာဝန်ကျအကြီးအကဲ၏ အစီရင်ခံစာကို သိရှိပြီးဖြစ်သလို အခြေအနေကိုလည်း အပြည့်အဝ သဘောပေါက်ထားကြသည်။

"အကြီးအကဲနှစ်ယောက်လည်း သိပြီးလောက်ပါပြီ"

"ကျုပ်ရဲ့မြေး ကျုံးကျဲ အသက်အန္တရာယ် ကြုံနေရတယ် အကြီးအကဲနှစ်ယောက် သူ့ကို သွားကယ်ပေးဖို့ ငါတောင်းဆိုချင်တယ်"

"ပြီးတော့ ဒီကိစ္စကို ကျုံးကျဲရှုကို လောလောဆယ် အသိမပေးနဲ့ဦး သူက ပုန်ကန်မှုတွေကို နှိမ်နင်းနေရတာ ပြီးတော့ မိစ္ဆာဂိုဏ်းတွေနဲ့ မကြာခဏ တိုက်ခိုက်နေရတာဆိုတော့ သူ့ရဲ့ တာအိုနှလုံးသားက မတည်မငြိမ်ဖြစ်သွားပြီး အတွင်းစိတ်မိစ္ဆာတွေပါ ဖြစ်သွားနိုင်တယ်"

ကျုံးချီထျန်း၏ စကားလုံးများသည် အထူးတလည် စိတ်လှုပ်ရှားနေပုံမရသော်လည်း ထိုစကားလုံးများထဲတွင် ကိန်းအောင်းနေသော ဒေါသကို အကြီးအကဲနှစ်ဦး ခံစားမိလိုက်ကြသည်။

"ဂိုဏ်းချုပ်ရဲ့ အမိန့်ကို နာခံပါ့မယ်"

"စိတ်ချပါ ဂိုဏ်းချုပ်"

သူတို့သည် သူတို့၏ ဝတ်ရုံများထဲမှ တာအိုစည်းတစ်ဝက်စီကို ထုတ်ယူလိုက်ပြီး တစ်ခုတည်းဖြစ်အောင် ပေါင်းစပ်လိုက်ကြသည်။

ထို့နောက် ကျုံးကျဲ ရှိနေသည့် တိကျသောတည်နေရာကို တွက်ချက်ခြင်း စတင်လိုက်ကြသည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာသောအခါ တာအိုစည်းသည် တဖျပ်ဖျပ်လက်သွားပြီး တစ်စုံတစ်ခုကို ညွှန်ပြနေပုံရသည်။

အကြီးအကဲနှစ်ဦး၏ မျက်လုံးများ အရောင်လက်သွားကာ ကျုံးချီထျန်းကို အလျင်အမြန် ဦးညွှတ်အရိုအသေပေးပြီးနောက် လှည့်ထွက်သွားကြလေသည်။

တာဝန်ကျအကြီးအကဲသည် ဘိုးဘေးများခန်းမသို့ ပြန်သွားပြီဖြစ်သည်။

ကျုံးချီထျန်းသာလျှင် ခန်းမဆောင်မကြီးထဲတွင် ကျန်ရစ်ခဲ့ပြီး အဖြူရောင်ကျောက်စိမ်းစားပွဲရှေ့တွင် ထိုင်ကာ အလွန်လေးနက်သော အမူအရာဖြင့် ရှိနေသည်။

"ဒီကိစ္စက မဟုတ်သေးဘူး တစ်ခုခုတော့ မှားနေပြီ"

"မကြာသေးခင်ကမှ ငါ့မြေးမလေး ကျုံးထျန်းယွဲ့ရဲ့ ဆန်းကြယ်ကောင်းကင်အရိုးထုတ်ယူခံလိုက်ရပြီး အသက်ပါ ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတယ်"

"အခု ငါ့မြေး ကျုံးကျဲလည်း လုပ်ကြံခံရပြီး သေလုမြောပါး ဖြစ်နေပြန်ပြီ"

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ငါတို့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေရဲ့ ပါရမီအရှိဆုံး လူငယ်နှစ်ယောက်စလုံး တစ်ယောက်ပြီးတစ်ယောက် အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတယ်"

ကျုံးချီထျန်းက တွေးတောဆင်ခြင်ရင်း ရေရွတ်လိုက်သည်။ သူ ကောင်းကင်ကို မော့ကြည့်မိသွားသည်။

"မဖြစ်ဘူး ငါ ချီမင်ဆီ သွားမှဖြစ်မယ်"

ထိုသို့ပြောပြီးနောက် သူသည် လေပေါ်သို့ ပျံတက်ကာ ဂိုဏ်း၏ မြင့်မြတ်နယ်မြေအပြင်ဘက်သို့ တိုက်ရိုက် ပျံသန်းထွက်ခွာသွားလိုက်သည်။

ဂိုဏ်း၏ မဟာအစီအရင် အကွာအဝေးမှ လွတ်မြောက်သည်နှင့် သူသည် ရှေ့ရှိ ဟင်းလင်းပြင်ကို တိုက်ရိုက် ဆွဲဖြဲလိုက်ပြီး အနောက်ဘက်နယ်စပ်ဆီသို့ ဦးတည်သွားလေတော့သည်။

သူသည် အမှန်တကယ်တွင် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်သော နိယာမနယ်ပယ်၏ အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဥ်းခြင်းအဆင့်ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ပေသည်။

တစ်ရက်ခွဲခန့်အကြာတွင် နန်ယန်စီရင်စု၏ အနောက်ဘက်ပိုင်း အဆုံးမဲ့သဲကန္တာရ နယ်စပ်တစ်လျှောက်ရှိ ထျန်းဂိုဏ်းမြို့တော်၏ ကောင်းကင်ယံထက်၌ ရုတ်တရက် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခု ပေါ်လာသည်။

နဂါးပုံသဏ္ဍာန် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော ကျုံးချီထျန်းသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး ဟင်းလင်းပြင်ထဲမှ ခုန်ထွက်လာကာ မြို့ထဲရှိ အကြီးအကဲအိမ်တော်ဆီသို့ တည့်မတ်စွာ ပျံသန်းသွားလိုက်သည်။

အနောက်ဘက် အဆုံးမဲ့သဲကန္တာရကို စောင့်ကြပ်ရန် အပြစ်ပေးခံထားရသော ကျုံးချီမင်သည် ဤနေရာတွင် နေထိုင်သည်။

လောလောဆယ်တွင် သူသည် ခြံဝင်းထဲ၌ထိုင်ကာ အေးအေးလူလူ လက်ဖက်ရည်သောက်နေလေသည်။

သူ့မြေးမလေး ပြန်မလာသည်မှာ ရက်များစွာ ကြာနေပြီဖြစ်သော်လည်း သူ လုံးဝ စိတ်မပူပေ။

ဘိုးဘေးနှင့်အတူ ခရီးထွက်ရခြင်းသည် သူမ၏ ကြီးမားသော ကံကောင်းမှုကြောင့်သာ ဖြစ်နိုင်သည်။

ယခုအချိန်တွင် ယွဲ့အာတစ်ယောက်ကို ဘိုးဘေးက ချင်ထျန်းတောင်ထွတ်မှာတောင် ထားခဲ့ပြီးပြီလား မသိပေ။

သူတို့ကဲ့သို့သော ဂိုဏ်းကြီးများမှ အာဏာရှိသူများအနေဖြင့် သူတို့တွင် မျိုးဆက်သွေးသား များစွာရှိကြသည်။

သို့သော် သူတို့၏ သားသမီးမြေးမြစ်များ၏ ပါရမီနှင့် စိတ်နေသဘောထားများမှာ အလွန်ကွာခြားကြပြီး နှစ်ယောက် သုံးယောက်လောက်သာလျှင် သူတို့လို အကြီးအကဲများ၏ မျက်နှာသာပေးမှုကို ရရှိနိုင်ကြသည်။

ရုတ်တရက် သူ ကောင်းကင်ကို မော့ကြည့်လိုက်မိသည်။

ထိုနေရာတွင် အလွန်ရင်းနှီးသော အရှိန်အဝါတစ်ခု ရှိနေသည်။

ကျုံးချီထျန်း ပေါ်လာသည်နှင့် တပြိုင်နက်လိုလို သူ အာရုံခံမိလိုက်ခြင်းဖြစ်သည်။

"အယ် ညီလေးက ဘာလို့ ဒီကိုရောက်လာတာလဲ..."

"မြင့်မြတ်နယ်မြေမှာ တစ်ခုခု ဖြစ်လို့များလား"

ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် အလယ်အလတ်ဂိုဏ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသော်လည်း သူတို့၌ ဝှက်ဖဲများစွာရှိပြီး ခိုင်မာသော အခြေခံအုတ်မြစ် ရှိသည်။

ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် ကြုံတွေ့ရလျှင်ပင် အလွယ်တကူ ပြိုလဲသွားမည် မဟုတ်ပေ။

ကျုံးချီမင်တစ်ယောက် ဇဝေဇဝါဖြင့် လက်ဖက်ရည်ခွက်ကိုချကာ ထရပ်လိုက်စဉ်မှာပင် သူ့ရှေ့တွင် လူရိပ်တစ်ခု ပေါ်လာတော့သည်။

"ညီလေး ဒီနေ့ ဘာကိစ္စရှိလို့ အနောက်ဘက်ဒေသက နေရာဟောင်းကို ပြန်လာလည်တာလဲ"

သူက ပြုံးလိုက်ပြီး နောက်ပြောင်၍ မေးလိုက်သည်။ သို့သော် ကျုံးချီထျန်းက သူ၏လက်မောင်းကို အရေးတကြီး ဆွဲကိုင်လိုက်လေသည်။

"ချီမင် အကိုရဲ့ မြေးလေး ကျုံးကျဲ ဒုက္ခရောက်နေပြီ"

"ခွမ်းးးး"

သူ့လက်ထဲမှ အဖြူရောင်ကျောက်စိမ်း လက်ဖက်ရည်ခွက်သည် ချက်ချင်းပင် ကွဲကြေသွားသည်။

ကျုံးချီမင်၏ အရှိန်အဝါသည် တဟုန်းဟုန်းတောက်လောင်နေသော ကောင်းကင်မီးတောက်ကဲ့သို့ ပြင်းထန်စွာ မြင့်တက်လာသည်။

"ဘယ်ကောင်က ငါ့မြေးလေးကို ထိပါးရဲတာလဲကွ"

သူ၏ ဒေါသသည် လက်ဆုပ်လက်ကိုင်ပြ၍ရလောက်အောင်ပင် ထင်ရှားလွန်းနေ၏။

နှစ်ပေါင်း တစ်သောင်းကြာညောင်းပြီးနောက် ကျုံးမိသားစုသည် နောက်ဆုံးတွင် ပါရမီရှင်နှစ်ယောက် မွေးထုတ်နိုင်ခဲ့သော်လည်း တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံခံနေရသည်။

ကောင်းကင်ဘုံကိုယ်တိုင်ကပင် သူတို့ကို ပစ်မှတ်ထားနေသကဲ့သို့ ဖြစ်နေသည်။

သူတို့နှစ်ဦးစလုံးသည် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်စွမ်း ရှိကြသည်။

ထို့အတွက်ကြောင့် အချိန်ဆွဲမနေတော့ဘဲ သူတို့သည် အင်အားများကို ပေါင်းစည်းကာ ဟင်းလင်းပြင်ကို ထိုးခွဲလိုက်ပြီး ပိုမိုရှည်လျားသော ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်၍ ဂိုဏ်းဆီသို့ အတူ ပြန်သွားကြလေတော့သည်။

နှစ်နာရီခန့်အကြာတွင် သူတို့နှစ်ဦးအတူတကွ မြင့်မြတ်နယ်မြေ၏ အပြင်ဘက်သို့ ပြန်လည်ရောက်ရှိလာကြသည်။

အကြီးအကဲနှစ်ဦးမှာတော့ ပြန်မရောက်လာကြသေးပေ။

ကျုံးကျဲ၏ ဝိညာဉ်ချုပ်မီးအိမ်သည် မှိန်ဖျော့နေသော်လည်း လုံးဝငြိမ်းမသွားခဲ့ချေ။ ထိုသည်က ညီအစ်ကိုနှစ်ယောက်ကို စိတ်သက်သာရာရစေသည်။

ကျုံးကျဲတွင် တည်​နေရာကူးပြောင်းခြင်းအဆောင် ပါရှိသဖြင့် မိုင်ပေါင်းသန်းချီ ဝေးကွာသောနေရာသို့ ထွက်ပြေးလွတ်မြောက်ရန် လုံလောက်ပေသည်။

သူ ထွက်ပြေးလွတ်မြောက်စဉ်တွင် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပုံရသည်။

ထို့ကြောင့် ညီအစ်ကိုများဖြစ်ကြသော ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့သည် ချင်းကျုံးခန်းမဆောင်အတွင်း၌ စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြလေတော့သည်။

All Chapters