အခန်း (၄၆)
Vol. 5 Ch. 46
ရက်အနည်းငယ်ကြာပြီးနောက် လက်ဝဲအကြီးအကဲသည် သွေးအလိမ်းလိမ်းပေကျံနေသော ကျုံးကျဲကို ပွေ့ချီလျက် မြင့်မြတ်နယ်မြေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူသည် ချင်းကျုံးခန်းမဆောင်သို့ တန်းတန်းမတ်မတ် ရောက်ချလာ၏။ ကျုံးချီထျန်း ကျုံးကျဲ၏အခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သူ၏မျက်လုံးများ နီရဲသွားပြီး သူ့နောက်ကျောရှိ လက်ခြောက်ဖက်ပါသော မိစ္ဆာပုံရိပ်က ထွက်ပေါ်လာသည်။
အကယ်၍သာ ကျုံးချီမင် ဝင်ရောက်မတားဆီးခဲ့လျှင် သူသည် ခန်းမဆောင်တစ်ခုလုံးကို ဖျက်ဆီးပစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ် ကျွန်တော်တို့ ကျုံးကျဲကို တွေ့တဲ့အချိန်မှာ သူ့လက်မောင်းက ငရဲတာအိုအမှတ်အသားက ဖယ်ရှားခံလိုက်ရပါပြီ"
"အဲ့ဒါကြောင့် သူ့ရဲ့ တာအိုအုတ်မြစ်က ထိခိုက်သွားပါပြီ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာကြီး ၁၇ ခုတောင် ရှိနေပါတယ်"
"ရင်ဘတ်က ဒဏ်ရာကတော့ အောက်လမ်းပညာရဲ့ ညစ်ညမ်းတဲ့ အနံ့အသက်တွေ စွဲကျန်နေပါတယ်... ဒါက ဟွမ်ရှားလူမျိုးစုရဲ့ လက်ချက်လို့ ကျွန်တော်ကောက်ချက်ချထားတယ်"
"လက်ယာအကြီးအကဲကတော့ ကျုံးကျဲလေ့ကျင့်ခဲ့တဲ့ ဟွမ်ရှားမြို့ဆီကို ချက်ချင်း လိုက်သွားပါပြီ"
"ကျွန်တော်တို့ တွေ့တွေ့ချင်းမှာ ကျုံးကျဲက သတိကပ်နေသေးပေမဲ့ နောက်ပိုင်းမှာတော့ လုံးဝသတိမေ့မြောသွားခဲ့ပါတယ်"
"ကျွန်တော်တို့ သူ့ကို သက်စောင့်ဆေး တိုက်ကျွေးခဲ့ပေမဲ့ သိပ်ပြီး မထိရောက်ပါဘူး"
"ကျွန်တော် ထင်တာကတော့..."
လက်ဝဲအကြီးအကဲသည် အခြေအနေကို အသေးစိတ် တင်ပြနေသော်လည်း စကားကို ဆက်မပြောနိုင်တော့ပေ။
ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့သည် သူမည်သည်ကိုဆိုလိုသည်ကို နားလည်ပြီးသားဖြစ်သည်။
ငရဲတာအိုအမှတ်အသားအခိုးယူခံလိုက်ရပြီး ကျုံးကျဲ၏ တာအိုအုတ်မြစ်သည်ပြင်းထန်စွာ ပျက်စီးသွားလေ၏။
ထို့အပြင်ကုသရန်မလွယ်သည့် ဒဏ်ရာ ၁၇ ခုလည်း ရှိနေသေးသည်။ ဒဏ်ရာများက ကျုံးကျဲ၏ခန္ဓာကိုယ်အထက်တွင် ရှုပ်ထွေးပွေလီနေ၏။ အသက်ဆက်နိုင်ဖို့ မလွယ်ကူတော့သည့် အခြေအနေပင်။
"ငါတို့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေကလူကို ထိပါးရဲတဲ့ကောင်တွေက တကယ် သတ္တိကောင်းလွန်းနေကြပြီပဲ"
"လက်ဝဲအကြီးအကဲ ခင်ဗျားနဲ့ လက်ယာအကြီးအကဲတို့ တာအိုစည်းကိုသုံးပြီး သဲလွန်စ ရှာမတွေ့ခဲ့ဘူးလား"
ကျုံးချီထျန်းက မျက်နှာသေဖြင့် မေးလိုက်သည်။
ကျုံးချီမင်က ကျုံးကျဲ၏ဘေးသို့ သွားလိုက်ကာ သူ့ကို ပွေ့ဖက်ထားလိုက်သည်။
လက်ဝဲအကြီးအကဲက ခေါင်းခါပြလိုက်သည်။
"ဒီကိစ္စမှာ ထူးဆန်းတာတွေ ရှိနေမှာသေချာတယ် ကျွန်တော်နဲ့ လက်ယာအကြီးအကဲတို့ ကြယ်နှစ်စင်း ယင်ယန်တာအိုစည်းကိုသုံးပြီး တွက်ချက်ကြည့်ခဲ့ပေမဲ့ မတော်တဆဖြစ်ပွားခဲ့တဲ့ နေရာက ဟွမ်ရှားမြို့ပြင်က သဲကန္တာရထဲမှာဆိုတာလောက်ပဲ သိရပါတယ်"
"အသေးစိတ်အခြေအနေကိုတော့ မသိရပါဘူး ကောင်းကင်တာအိုက ဖရိုဖရဲဖြစ်နေသလိုပါပဲ"
သူ့မျက်နှာထားက သိပ်မကောင်းလှပေ။ တွက်ချက်ကြည့်ခဲ့စဉ်တုန်းက တန်ပြန်သက်ရောက်မှုတစ်ခုခု ခံစားခဲ့ရပုံပေါ်သည်။
"ဒီတော့..."
ကျုံးချီထျန်း ခေတ္တမျှ စဉ်းစားလိုက်သည်။
"အင်း လက်ဝဲအကြီးအကဲ ပြန်ပြီး အနားယူလိုက်ပါဦး"
သူ လက်ကာပြလိုက်သည်။
လက်ဝဲအကြီးအကဲက ဦးညွှတ်အရိုအသေပေးပြီး ခန်းမဆောင်ထဲမှ ထွက်ခွာသွားလေသည်။
"ဝှစ်..."
ချင်းကျုံးခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် တားမြစ်စည်းတစ်ခု လင်းလက်လာသည်။ ကျုံးချီမင်၏ ခြေရင်းတွင် ကျုံးကျဲသည် သတိမေ့မြောလျက် လဲလျောင်းနေသည်။
သူ လက်ကို ဝှေ့ယမ်းလိုက်သည်။
အဇူရာမသေမျိုးတိမ်တိုက်မက်မွန်သီးတစ်လုံး သူ့လက်ထဲတွင် ပေါ်လာသည်။ ဤမက်မွန်သီးသည် ဘိုးဘေးထံမှ ပြန်ယူလာခဲ့သော အရာဖြစ်သည်။
ဤမက်မွန်သီးတွင် အသက်စွမ်းအင်များ အများအပြားပါဝင်ပြီး သူ့မြေး၏ ဒဏ်ရာများကို ကုသရန် လုံလောက်ပေသည်။
သို့သော် အခိုးယူခံလိုက်ရသည့် ငရဲတာအိုအမှတ်အသားကိုတော့ ပြန်လည်ရယူနိုင်ခြင်း မရှိပေ။ သူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် မက်မွန်သီးကို အသန့်စင်ဆုံးစွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး ကျုံးကျဲ၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း ပို့လွှတ်ပေးလိုက်သည်။
ကျုံးချီထျန်းသည် ခန်းမရှေ့တွင် ရပ်ကာ ထိုမြင်ကွင်းကို ကြည့်နေသည်။
ရုတ်တရက် သူ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့အကိုအရင်းဖြစ်သူ၏ ရှေ့တွင် ဒူးထောက်ချလိုက်သည်။
"ဒုန်းးး"
"အကိုကြီး ကျေးဇူးပြုပြီးတော့ ကျုံးကျဲကို ခေါ်ပြီး ဘိုးဘေးဆီ သွားပေးပါဗျာ တကယ်လို့ ဘိုးဘေးက အပြစ်ပေးမယ်ဆိုရင်လည်း ကျွန်တော်ပဲ ခံယူပါ့မယ်"
ကျုံးချီမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ဒဏ်ရာများနှင့် ဖုံးလွှမ်းနေပြီး တာအိုအမှတ်အသား ဆုံးရှုံးသွားသော မြေးကို ကြည့်လိုက်သည်။ ပြီးနောက်တွင် သူ အံကြိတ်လိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ကောင်းပြီလေ ငါစည်းမျဥ်းကိုချိုးဖောက်ပြီး ဘိုးဘေးကို နောက်တစ်ကြိမ် သွားတွေ့လိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် ကျုံးချီမင်သည် ကျုံးကျဲကို ပွေ့ချီကာ ဟင်းလင်းပြင်ကို ဆွဲဖြဲ၍ မသေမျိုးတစ်သန်းတောင်တန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူသည် ဟင်းလင်းပြင်ပျက်သုဥ်းခြင်းအဆင့် ရောက်ရှိနေပြီဖြစ်၍ ပထမအကြိမ်တုန်းကလို ပျံသန်းသွားစရာ မလိုတော့ပေ။
မက်မွန်သီးကို စားသုံးပြီးနောက် ကျုံးကျဲ၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမရှိတော့သော်လည်း အပြည့်အဝပြန်လည်ကောင်းမွန်လာရန် ဘိုးဘေးတစ်ယောက်တည်းသာ ကူညီနိုင်ပေလိမ့်မည်။
--------------
ချင်ထျန်းတောင်ထွတ်တွင်တော့ ကျုံးရှန်သည် ဝိညာဉ်ချောက်ကမ်းပါးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အခြားအကြောင်းကြောင့် မဟုတ်ပေ။ သူက ရိုးရှင်းစွာပင် ရှုခင်းကြည့်နေခြင်းဖြစ်သည်။
နှစ်ပေါင်းတစ်သိန်းကျော်ကြာ နေထိုင်ခဲ့သည့် ဤမသေမျိုးတစ်သန်းတောင်တန်းကို ပြန်လည်ကြည့်ရှုနေခြင်းဖြစ်၏။ အကျိုးနည်းလှ၏။
"ဒင်"
"စနစ်ရှင်သည် ယနေ့အတွက် မှတ်တမ်းမတင်ရသေးပါ"
နှစ်သောင်းချီ ကြားနေရသော အသံက ပေါ်လာပြန်သည်။
ကျုံးရှန် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး လည်ပင်းကို လှည့်ကာ ယခင်ဘဝက လေ့ကျင့်ခန်းအချို့ကို လုပ်လိုက်သည်။
"ဟား... နှစ်တွေအကြာကြီး နေလာတာတောင် မင်းရဲ့သာယာတဲ့အသံလေးကို လစ်လျူမရှုနိုင်ပါလား"
"မှတ်တမ်းတင်မယ်"
"ဒင်"
"စနစ်ရှင်သည် ယနေ့အတွက် မှတ်တမ်းတင်ခြင်း ပြီးဆုံးပါပြီ သူတော်စင်တစ်ပိုင်းအဆင့် ဆုလာဘ်အဖြစ် ဝက်ဝံသည်းခြေဆေးလုံးတစ်ပုလင်း ရရှိပါသည်"
"ရွှပ်"
ချက်ချင်းပဲ ကျုံးရှန်၏လက်ထဲတွင် ဆေးပုလင်းတစ်လုံး ပေါ်လာသည်။ ထိုပုလင်းပေါ်တွင် ဝက်ဝံကိုသတ်၍ ကောင်းကင်သို့ ပူဇော်သောပုံရိပ်ကို ဟင်းသပြဒါးဖြင့် ရေးဆွဲထားသည်။
ရှေးဟောင်း သမိုင်းမှတ်တမ်းများအရ ဝက်ဝံသားရဲကို ပိုင်ဆိုင်ထားသည့်ရှေးဟောင်းမျိုးနွယ်စုသည် ဝက်ဝံကိုသတ်၍ ကောင်းကင်ကိုပူဇော်လျှင် ကောင်းကင်မှ ဆုလာဘ်များချီးမြင့်သည်ဟု ဆိုကြသည်။
ကောလာဟလများအရ ထိုလူမျိုးစုများသည် ယဇ်ပူဇော်ခြင်း၌ ကျွမ်းကျင်ကြပြီး ကောင်းကင်တာအိုကို ပူဇော်ရန် ဝက်ဝံများကို မကြာခဏ သတ်ဖြတ်လေ့ရှိသည်။ ဤဝက်ဝံသည်းခြေသည် ကောင်းကင်ဘုံ၏ ဆုလာဘ်များထဲမှ တစ်ခုဖြစ်သည်။
ဤသည်းခြေသည် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးနိုင်ပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံ အမျိုးမျိုးကို အားဖြည့်ပေးနိုင်သည်။ တာအိုခန္ဓာနှင့် သူတော်စင်ခန္ဓာများအတွက်ပင် အကျိုးသက်ရောက်မှု အချို့ရှိသည်။
"ဒီပစ္စည်းက အသုံးဝင်မယ့်ပုံပဲ သိမ်းထားလိုက်မယ်"
ကျုံးရှန် လက်ခုပ်တစ်ချက်တီးလိုက်ပြီး ဝက်ဝံသည်းခြေကို သိမ်းဆည်းလိုက်သည်။
ထိုအချိန်တွင် သာယာနာပျော်ဖွယ် ငှက်အော်သံတစ်ခု ထွက်ပေါ်လာပြီး သက်တံ့ရောင် တိမ်တိုက်များ လွှမ်းခြုံထားသော ငှက်ငယ်လေးတစ်ကောင်သည် ဝိညာဉ်ချောက်ကမ်းပါးဆီသို့ ပျံသန်းလာသည်။
ကျုံးရှန်၏ ရှေ့သို့ ရောက်သောအခါ ရုတ်တရက် ရောင်စုံအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး သက်တံ့ရောင်အင်္ကျီ ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် နူးညံ့သိမ်မွေ့ပုံရသည့် အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပေါ်လာသည်။
"သခင်ကြီးကို ဂါရဝပြုပါတယ်"
သူမက ဦးညွှတ်လိုက်သည်။ သူမ၏ အသံသည် ဥသြငှက်ငယ်လေးကဲ့သို့ သာယာပြီး ခန္ဓာကိုယ်အချိုးအစားမှာလည်း ကျော့ရှင်းလှပသည်။
အရည်လဲ့နေသော မျက်ဝန်းများက ကျုံးရှန်၏ မျက်နှာကို ရှက်သွေးဖြာလျက် ကြည့်နေသည်။
"နှစ်တွေအများကြီး ကြာသွားတာတောင် သခင်ကြီးကတော့ အရင်လိုပဲ ကြည့်ကောင်းနေတုန်းပါလား ကျွန်မဖြင့် မိန်းမောသွားရတာပဲ"
ကျုံးရှန် ပြုံးလိုက်သည်။
"ကျွမ်လီ ထတော့ ဘာသတင်းတွေ ရခဲ့လဲ"
ကျွမ်လီသည် မတ်တတ်ရပ်လိုက်ပြီး သူမကိုယ်ပေါ်မှ ဖုန်များကို ဂရုမစိုက်ဘဲ လှပစွာ ရပ်နေလိုက်သည်။
"သခင်ကြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှာ မျိုးနွယ်ခြားနယ်မြေတွေ အများကြီးရှိပြီး မကြာသေးခင်က အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်"
"နန်ယန်စီရင်စုရဲ့ အနောက်ဘက်က အဆုံးမဲ့သဲကန္တာရ"
"မြောက်ဘက်စွန်းဒေသရဲ့ မြောက်ဘက်က နာယာရေခဲပြင်"
"ထျန်းနန်ပင်လယ်ရဲ့ အရှေ့ဘက်က မြို့ပြနိုင်ငံတော် အပျက်အစီး"
"ဒီ မျိုးနွယ်ခြားနေရာ သုံးခုမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ရှိနေပြီး ရှေးဟောင်းနတ်ဘုရားတွေ ပြန်လည်နိုးထလာတဲ့ လက္ခဏာတွေ ရှိနေပါတယ်"
"အဲဒီအကျိုးဆက်ကြောင့် ဒီသုံးဖွဲ့က မျိုးနွယ်ခြားတွေက မကြာသေးခင်ကမှ လှုပ်ရှားမှုတွေ စတင်လာပြီး အနီးဆုံး လူသားစီရင်စုတွေကို အပြင်းအထန် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြပုံရပါတယ်။"
သူမသည် ရှင်းပြနေစဉ်တွင် လက်ကိုဝှေ့ယမ်းကာ မျိုးနွယ်ခြားနယ်မြေပုံရိပ်များကို ဖန်တီးပြသလိုက်သေးသည်။
သူမ၏ မူလခန္ဓာကိုယ်မှာ ဒဏ္ဍာရီလာ ရှန်ဂျီဥသြငှက်ဖြစ်သည်။
လျှို့ဝှက်ချက်များကို ထိုးဖောက်သိမြင်နိုင်စွမ်းနှင့် သတင်းအချက်အလက် စုဆောင်းနိုင်စွမ်းကို မွေးရာပါ ပိုင်ဆိုင်ထားသူဖြစ်သည်။
ကျုံးရှန်သည် နက်နဲသော မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်သည်။ သူ ချင်ထျန်းတောင်ထွတ်မှ ဝိညာဉ်များကို ထပ်မံဆင့်ခေါ်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူ ရပ်တန့်လိုက်ပြီး မသေမျိုးတစ်သန်းတောင်တန်း၏ အဝေးတစ်နေရာသို့ မော့ကြည့်လိုက်သည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းလာသော ရင်းနှီးသည့် အရှိန်အဝါတစ်ခု ရှိနေသည်။
"အမ် ဟိုကောင်လေး ကျုံးချီမင်ပါလား သူက ဘာလို့ ဒီကို ထပ်လာရတာလဲ"
ကျုံးရှန် မျက်မှောင်ကြုတ်လိုက်ကာ ခေါင်းကိုလှည့်ပြီး ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေ တည်ရှိရာနေရာကို ကြည့်လိုက်သည်။
မူလက နေရောင်ခြည်နှင့် အရှိန်အဝါများ ပြည့်ဝနေသော မြင့်မြတ်နယ်မြေသည် ယခုအချိန်တွင် မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် ကျုံးချီမင်၏ ရင်ခွင်ထဲမှ လူငယ်လေးကို သူ တွေ့လိုက်ရသည်။
"အင်း ငါ့မျိုးဆက်ရဲ့ သွေးသားတစ်ယောက်ပဲ"
"ငရဲတာအိုအမှတ်အသား ရှိတဲ့ သတ်ဖြတ်ခြင်းသွေးကြယ်ပါလား"
"နေဦး ဒါက ကျန်ရစ်နေတဲ့ မူလအရှိန်အဝါတချို့ပဲ ရှိတော့တာ အမှတ်အသားက ဖယ်ရှားခံလိုက်ရပြီပဲ"
သူသည် မူလက ကျုံးချီမင်ကို ဂရုမစိုက်ဘဲ သူ့၏ မဟာမှော်စွမ်းအားဖြင့် မြင့်မြတ်နယ်မြေသို့ ပြန်လည်ပို့ဆောင်လိုက်ရန် ရည်ရွယ်ထားသည်။
သူ အနားမယူမီက ကောင်းကင်တာအိုကို တွက်ချက်ကြည့်ဖူးသည်။ သူ အသက်ရှင်နေသမျှ ကာလပတ်လုံး ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေနှင့် သူ့မျိုးဆက်များသည် သူ့ကံတရား၏ ကျိန်စာသင့်မှုကို ခံရမည်မဟုတ်ပေ။
အနည်းဆုံး နှစ်သန်းပေါင်းများစွာ စည်ပင်ဝပြောနိုင်မည်ဖြစ်သည်။
သို့သော် ယခုအခါတွင် မြူခိုးများ ဖုံးလွှမ်းနေသည်။
ထို့အပြင် ဂျူနီယာလေးများကလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
ကောင်းကင်တာအိုသည် မတည်ငြိမ်တော့ဘဲ အပြောင်းအလဲများရှိလာပြီဖြစ်သည်။