← Chapters

အပိုင်း (၄၇)

Vol. 5 Ch. 47

အပိုင်း (၄၇)

Vol. 5 Ch. 47

ဆန်းကြယ်ကောင်းကင်အရိုးနှင့် ငရဲတာအိုအမှတ်အသားကဲ့သို့သော အရာများအား ပိုင်ဆိုင်ထားသော ပါရမီရှင်များသည် သမိုင်းတစ်လျှောက်၌ပင် အလွန်ရှားပါးလှပေသည်။

နတ်ဘုရားဂိုဏ်းများနှင့် အင်မော်တယ်များပင်လျှင် ဤသို့သော ပါရမီရှင်မျိုး ထွက်ပေါ်လာပါက အစွမ်းကုန် ပြုစုပျိုးထောင်ကြလိမ့်မည်။

ကျုံးကျဲတို့လိုအဆင့်များမှာ ပါရမီအလွန်ကောင်းပြီး ရှေးဟောင်းသူတော်စင်များနှင့် မဟာဧကရာဇ်တို့၏ အမွေအနှစ်များကို ရထားသည့် သူများထက် တစ်ဆင့်လောက်သာ နိမ့်ကျသည်။

ဤကဲ့သို့ပါရမီရှင် တစ်ယောက်လောက် ပိုင်ဆိုင်ထားရုံမျှဖြင့် ထိုအင်အားစုသည် နှစ်သိန်းချီတိုင်အောင် စည်ပင်ဝပြောနိုင်၏။

သို့သော် ကျုံးရှန်၏မျိုးဆက်ထဲတွင် ဤသို့သော ပါရမီရှင်နှစ်ယောက်တောင် ပေါ်ထွန်းခဲ့သော်လည်း ရက်ပိုင်းလေးအတွင်း၌ပင် ဆက်တိုက်ဆိုသလို ဒုက္ခရောက်ကုန်ကြသည်။

"နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိရမယ်"

ကျုံးရှန်သည် မူလနေရာ၌ပင် ပြန်လည်ထိုင်လိုက်သည်။

ချက်ချင်းပင် သူ၏စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာပြီး တွက်ချက်မှုများ စတင်ပြုလုပ်လေတော့သည်။

ထိုသို့ထိုင်နေရင်းဖြင့်ပင် နှစ်နာရီခန့် ကုန်ဆုံးသွားခဲ့၏။

ဟင်းလင်းပြင်ကို ဖြတ်သန်းလာနိုင်ပြီဖြစ်သဖြင့် ကျုံးချီမင်၏ အမြန်နှုန်းမှာ သိသိသာသာကို မြန်ဆန်လာခဲ့ပြီး ယခုအခါ ချင်ထျန်းတောင်ထွတ်၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

"အသုံးမကျတဲ့ မျိုးဆက် ကျုံးချီမင်"

"အသုံးမကျတဲ့ မျိုးဆက် ကျုံးကျဲ"

"ဘိုးဘေးကို ဂါရဝပြုပါတယ်"

ကျုံး​ချီမင်က သတိရလာပြီဖြစ်သော ကျုံးကျဲအား ခေါ်ဆောင်လျက် တောင်ခြေတွင် ဒူးထောက်လိုက်သည်။

ကျုံးချီမင် သတ္တိမည်မျှကောင်းနေစေကာမူ ကျုံးရှန်၏ ခွင့်ပြုချက်မရှိဘဲ ချင်ထျန်းတောင်ထွတ်ထဲသို့ ဇွတ်ဝင်ရဲသည်အထိတော့ သတ္တိမရှိပေ။

တောင်ခြေတွင်မူ သားရဲအများအပြားသည် သူတို့နှစ်ယောက်ရှေ့၌ ပိတ်ရပ်တားဆီးထားလိုက်ကြသည်။ သားရဲများ၏ အရှိန်အဝါမှာ အလွန်အားကောင်းလွန်းလှပြီး သူတို့အား ကျားတစ်ကောင်ကဲ့သို့ ခုန်အုပ်တော့မတတ် စိုက်ကြည့်နေကြခြင်းဖြစ်သည်။

သားရဲအုပ်ကြီးထဲမှ ကြုံရာကျပန်း တစ်ကောင်လောက်ကို ဆွဲထုတ်ကြည့်လိုက်လျှင်ပင် နိယာမနယ်ပယ် အဆင့် ၂၄ ရှိသော ကျုံးချီမင်ထက် အများကြီး အဆင့်မြင့်နေသေးသည်။

"ချင်ထျန်းတောင်ထွတ်နယ်မြေ ကျူးကျော်သူမှန်သမျှ အကုန်သတ်"

ခေါင်းဆောင်ဖြစ်သည့် သားရဲတစ်ကောင်က အေးစက်စွာ ပြောလိုက်သည်။ ထိုသားရဲထံမှ ထွက်ပေါ်နေသော မိစ္ဆာအငွေ့အသက်များမှာ မိုးထိအောင် ထောင်တက်နေပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

"သူတို့ကို လာခိုင်းလိုက်"

ကျုံးရှန်၏ တည်ငြိမ်သောအသံမှာ လေထဲမှ ပျံ့လွင့်လာခဲ့သည်။ သားရဲများသည် ထိုအသံကိုကြားသောအခါ ဦးညွှတ်အရိုအသေပေးလိုက်ပြီး နောက်သို့ ဖြည်းဖြည်းချင်းဆုတ်ကာ လမ်းဖယ်ပေးလိုက်ကြလေသည်။

ကျုံးချီမင်သည်တော့ လောလောဆယ် စိတ်ပူနေပြီဖြစ်သည်။ အချိန်သိပ်မကြာသေးမီကမှ ဘိုးဘေးအား အကူအညီတောင်းခဲ့ရသည် မဟုတ်ပါလော။ ယခုတစ်ခါ ထပ်မံ၍ ဒုက္ခပေးရဦးမည်ဖြစ်၏။

ဘိုးဘေးက ကူညီပေးမည် ဆိုသည်ကို သူကိုယ်တိုင်ပင် မသေချာချေ။

လွန်ခဲ့သောတစ်ခေါက်က ယွဲ့အာကို ကယ်တင်ပေးခဲ့ပြီး ကံတရားကို ပြောင်းလဲနိုင်သည့် အခွင့်အရေး ပေးသနားခဲ့ခြင်းမှာ ဘိုးဘေး၏ မေတ္တာတရားကြောင့်ပင် ဖြစ်သည်။

ယခုကဲ့သို့ ဘိုးဘေးကျမှတ်ထားသော စည်းကမ်းများကို ထပ်ခါထပ်ခါ ချိုးဖောက်နေမိခြင်းမှာ မကောင်းကြောင်း သူကိုယ်တိုင်လည်း သိနေ၏။

သို့သော် သူ့မြေးအတွက်ပင် မဟုတ်လော သူ စွန့်စားရပေတော့မည်။ ချီမင်သည် ကျုံးကျဲကို ဆွဲထူလိုက်ပြီး တောင်ခြေမှ သားရဲများကို ဦးညွှတ်ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထို့နောက် ကျောက်လှေကားအတိုင်း လေးလေးစားစားဖြင့် ခြေကျင်လျှောက်ကာ တက်လာခဲ့လေသည်။ စိတ်ထဲတွင် ပူလောင်နေသော်ငြား ဘိုးဘေးကို စော်ကားရာရောက်မည်စိုးသဖြင့် ချင်ထျန်းတောင်ထွတ်ထဲ၌ ပျံသန်းရဲခြင်းမရှိချေ။

ချင်ထျန်းတောင်ထွတ်မှာ ပေပေါင်း တစ်သန်းခန့် မြင့်မားလေသည်။ တောင်ခါးပန်းလောက်ဆိုလျှင်ပင် ပေ လေးငါးသိန်းခန့် ရှိနေပြီဖြစ်၏။

သူ မည်မျှသန်မာနေပါစေ ဤအတိုင်း တက်ရမည်ဆိုပါက ပေတစ်သန်း​​မြင့်​သောတောင်ထွတ်သို့ရောက်ရန်က လွယ်ကူသောကိစ္စ မဟုတ်ပေ။

"အချိန်မဖြုန်းနဲ့တော့ လာခဲ့ကြ"

ကျုံးရှန်၏အသံသည် ကောင်းကင်ဘုံမှအသံကဲ့သို့ သူတို့နှစ်ယောက်၏ နားထဲသို့ ဝင်ရောက်လာသည်။ ထို့နောက်တွင်မူ သူတို့နှစ်ယောက်သည် ထူးဆန်းသော ဆွဲငင်အားတစ်ခု၏ ဆွဲယူခြင်းကို ခံလိုက်ရလေသည်။ ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှ ရှုခင်းများသည် ရိပ်ခနဲ ရိပ်ခနဲ ပြောင်းလဲသွား​လေ၏။

"ဒါ လက်တစ်ကမ်းကမ္ဘာ နတ်ဘုရားစွမ်းရည်ပဲ"

ကျုံးချီမင်သည် ဘေးနားရှိ ကျုံးကျဲကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ကျုံးရှန်က သူတို့အားနှင်ထုတ်ခြင်းမရှိသောကြောင့် ကျုံးချီမင် အတော်လေး ဝမ်းသာသွားရသည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် သူတို့နှစ်ယောက်သည် ဝိညာဉ်ချောက်ကမ်းပါးထိပ်သို့ ရောက်ရှိသွားကြလေသည်။

ကျုံးကျဲသည် သူ့အား ကျောပေးထားသော ဘိုးဘေးကို ကြည့်လိုက်သည်။ သူ စကားတစ်ခွန်းမျှ မဟရဲဘဲ စိတ်ထဲတွင်မူ ကြည်ညိုလေးစားမှုများ အပြည့်ဖြင့် ကျုံးရှန်အားစိုက်ကြည့်နေမိ၏။

ကျုံးရှန်၏ ပခုံးပေါ်၌ နီယွန်ရောင် ငှက်ကလေးအသွင်ပြောင်းထားသော ကျွမ်လီလည်းရှိနေသေးသည်။

အဝေးတစ်နေရာတွင်မူ နေ့နှင့်ည အပြောင်းအလဲ ဖြစ်ပေါ်နေသည်။ အနီရောင် နေဝန်းကြီးက မိုးကုတ်စက်ဝိုင်းအောက်သို့ ဝင်ရောက်သွားပြီး လခြမ်းကွေးလေးမှာ ကောင်းကင်ပေါ်သို့ တက်လာ၏။

ကြယ်များက နေရာရွှေ့လျားကာ ကြယ်ရောင်များသည် မြေပြင်ပေါ်သို့ ဖြာကျနေလာလေသည်။

"ဘုန်း"

ကျုံးချီမင်သည် ကျုံးကျဲကို ဆွဲ၍ ချက်ချင်း ဒူးထောက်ချလိုက်သည်။ ခေါင်းကို မြေကြီးနှင့်ထိသည်အထိ ဦးညွှတ်လိုက်ပြီး အော်ဟစ်လိုက်၏။

"ဘိုးဘေးခင်ဗျား ကျွန်တော်ကျုံးချီမင် ဘိုးဘေးချမှတ်ထားတဲ့ စည်းကမ်းကို ဒုတိယအကြိမ် ထပ်ပြီး ဖောက်ဖျက်မိပြန်ပြီ"

"ဘိုးဘေး အပြစ်ပေးတာကို ကျွန်တော်ခံယူပါမယ် ဒါပေမဲ့ ဒီတစ်ကြိမ် ကျွန်တော် ရောက်လာတာကလည်း ဒီကလေးကြောင့်ပါ"

"ဒီကလေးက ငရဲတာအိုအမှတ်အသား သတ်ဖြတ်ခြင်းကြယ်ကံတရားကို ပိုင်ဆိုင်ထားပြီး နှလုံးရည်ရော လက်ရုံးရည်ရော ပြည့်ဝတဲ့ကလေးတစ်ယောက်ပါကျေးဇူးပြု၍ ကူညီပေးပါ ဘိုးဘေး..."

ကျုံးချီမင်နှင့် ကျုံးကျဲတို့သည် ခေါင်းငုံ့ထားသော အနေအထားဖြင့်ပင် ငြိမ်သက်နေကြသည်။ သူတို့က နည်းနည်းလေးပင် မလှုပ်ရဲကြပေ။

ကျုံးရှန်သည် ခေါင်းမော့ပြီး ကြယ်စုံသော ကောင်းကင်ကြီးကို ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

ဤသို့ဖြင့် နာရီပေါင်းများစွာ ကြာမြင့်သွားခဲ့၏။ လရောင်မှာ တောက်ပလာပြီး နှင်းရည်များ ကျဆင်းလာသော ညဉ့်နက်ချိန်ရောက်မှသာ ကျုံးရှန်သည် ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

"ဒီလောက်ပဲလား မင်းက ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ"

သူသည် တစ်ခုခုကို တွက်ချက်ကြည့်ပြီးသွားသည့်ပုံပင်။ သူ၏မျက်နှာထားက အတော်လေးကို မထီမဲ့မြင်နိုင်နေလေသည်။

ကျုံးချီမင်တို့နှစ်ယောက်မှာမူ ကြောက်လွန်းသဖြင့် ဘာမှမပြောရဲဘဲ မြေကြီးပေါ်တွင် ဝပ်တွားနေရရှာ၏။

ကျုံးရှန်သည် မြေပေါ်၌ ဝပ်တွားနေသော နှစ်ယောက်ကို ကြည့်ပြီး သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ သူတို့နှစ်ယောက်အား အပေါ်သို့ ဆွဲမပေးလိုက်သကဲ့သို့ပင်။

"ထကြတော့"

ထို့နောက် သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စားပွဲတစ်လုံးနှင့် ထိုင်ခုံများ လေထဲ၌ ပေါ်လာသည်။

သူသည် ကျောက်ခုံပေါ်တွင် ထိုင်လိုက်ပြီး လက်ချောင်းလေးများဖြင့် စားပွဲခုံကို ခေါက်နေ၏။ သူ၏မျက်နှာထားမှာ အနည်းငယ် တည်ကြည်လေးနက်နေသည်။

"ပြောစမ်းပါဦး ဘာတွေ ဖြစ်ခဲ့တာလဲ"

ကျုံးချီမင်သည် အချိန်ဆွဲမနေရဲဘဲ သူသိထားသမျှ အကြောင်းစုံကို အကုန်လျှောက်တင်လိုက်လေသည်။

ကျုံးကျဲ တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်တွင် စစ်မှုထမ်းခဲ့သည့် အကြောင်းများအထိပြောပြီးနောက် ရုတ်တရက် ကျုံးရှန်သည် လက်ကာပြလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာ၏။

ဘေးနားတွင် မတ်တပ်ရပ်ပြီး နားထောင်နေသော ကျုံးကျဲကို ကြည့်လိုက်သည်။

"ကလေး မင်းကိုယ်တိုင် အသေးစိတ် ပြော"

ကျုံးကျဲ မငြင်းဆန်ရဲချေ။ သူသည် ဦးစွာ ရိုရိုသေသေ ဦးညွှတ်လိုက်သည်။ ထို့နောက်မှ တည်ငြိမ်သော လေသံဖြင့် ပြောပြလေသည်။

သူပြောပြနေသည့် အချိန်တစ်လျှောက်လုံး ရှင်းလင်းပြတ်သားပြီး အဖြစ်အပျက်များကို တည့်တိုးပြောပြသည်။ ကိုယ်ပိုင်ခံစားချက်များကို ရောမထည့်ပေ။

ဤသို့ စိတ်နေစိတ်ထား မြင့်မြတ်မှုက ကျုံးရှန်ကိုပင် သဘောကျသွားစေသည်။

သူပြောပြီးသွားသည့်အချိန်တွင် ဘေးနားမှ ကျုံးချီမင်ခမျာ ဒေါသထွက်လွန်းသဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတော့သည်။

"လင်ချန်.."

"အဲ့ဒီ တိရစ္ဆာန်ကောင်က တော်တော်ယုတ်မာပါလား"

"ဟွမ်ရှားမြို့စားကလည်း လူသားမျိုးနွယ်ကို သစ္စာဖောက်ရဲတယ်ပေါ့ တုံးတာလား ယုတ်မာတာလား မသဲကွဲတော့ပါလား"

ကျုံးကျဲ ပြောပြသည်ကို နားထောင်ပြီးနောက် ကျုံးချီမင်တစ်ယောက် ဒေါသများ ထွက်နေပြီဖြစ်သည်။ အဆုံးမဲ့သဲကန္တာရကို ယခုချက်ချင်းသွားပြီး အကုန်လုံးကို သတ်ဖြတ်ပစ်ချင်သည်။

ကျုံးရှန်မှာမူ သူ၏မြေး ဖြတ်ပြောသည်ကို အပြစ်မတင်ပေ။ သူက မျက်လုံးကို မှေးစင်းပြီး စဉ်းစားနေလေသည်။

"အဆုံးမဲ့သဲကန္တာရ... ဟွမ်ရှားလူမျိုးစု... ရှေးဟောင်းသဲကန္တာရနတ်ဘုရား..."

"ဒီကိစ္စက သေချာပေါက် မျိုးနွယ်ခြား ရှေးဟောင်းနတ်ဘုရားတွေနဲ့ ပတ်သက်နေမှာပဲ"

သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်တာအို ရေစီးကြောင်းကို ဆင့်ခေါ်လိုက်၏။ ချက်ချင်းပင် ပုံရိပ်ကားချပ်များသည် သူ၏မျက်စိရှေ့၌ ပေါ်လာတော့သည်။

နောက်ဆုံးတွင်မူ ရွှေစေတီကျောင်းဆောင်ထဲမှ ပုံရိပ်တစ်ခု၌ ရပ်တန့်သွားသည်။ ပုံရိပ်ထဲတွင် လင်ချန်သည် ရှားလူတာ၊ တာ့ရှားပီနှင့် ဟွမ်ရှားအပြစ်သားများကို ဦးဆောင်ပြီး ကျုံးကျဲဆီသို့ တိုးကပ်လာနေသည်ကို တွေ့လိုက်ရ၏။

လင်ချန်၏ မျက်နှာမှာ ကောင်းကင်တာအို ရေစီးကြောင်းထဲ၌ ဝါးတားတား ဖြစ်နေသော်လည်း သူ၏နောက်မှ ဝံပုလွေခေါင်း၊ လူခန္ဓာကိုယ်နှင့် အနက်ရောင် ပုံရိပ်ယောင်ကြီးကိုမူ ထင်ထင်ရှားရှား မြင်နေရသည်။

ကျုံးရှန်သည် မျက်ခုံးပင့်လိုက်သည်။

"အောက်လမ်းကျမ်းစာ... ခွေးခေါင်းနဲ့ကောင်ရဲ့ လက်ရာပဲ"

ကောလာဟာလများအရတော့ ယင်ယန်ရှေးဟောင်းနတ်ဘုရားကြေးမုံဆယ်ချပ်ထဲမှ တစ်ချပ်ကို ဟွမ်ရှားလူမျိုးစုတွေရသွားပြီး အိပ်ပျော်နေသော သဲကန္တာရ ရှေးဟောင်းနတ်ဘုရား တစ်ပါးဆီ၌ ပူဇော်လိုက်ကြသည်။

ပုံမှန်အတိုင်းဆိုလျှင်တော့ ဤအိပ်ပျော်နေသော ရှေးဟောင်းနတ်ဘုရားများသည် နောက်ထပ် ခေတ်ကာလ အနည်းငယ်ကြာမှ ပြန်လည်နိုးထလာရမည်ဖြစ်၏။

ယခုမူ ကောင်းကင်တာအိုသည် ရှုပ်ထွေးနေပြီး ခန့်မှန်းရ ခက်လာပြီဖြစ်သည်။ မမြင်ရသော လက်တစ်စုံက ကံကြမ္မာများကို ချယ်လှယ်နေသကဲ့သို့ဖြစ်နေသည်။

ကျုံးရှန်သည် စိတ်ထဲတွင် တွေးတောနေလိုက်သည်။

[ဒင် နတ်ဘုရားမှတ်တမ်းကို စတင်လိုက်ပါပြီ သင့်၏ ၁၂၈ ဆက်မြောက် မြေးကျုံးကျဲ၏ တာအိုအခွင့်အလမ်းကို ပြန်လည်ရယူပေးပြီး ကံကြမ္မာလမ်းကြောင်းကို ပြုပြင်ပေးပါ ဆုလာဘ် - သက်တမ်း နှစ် ၁၅၀၀၊ နတ်ဘုရားအဆင့် မဲနှိုက်ခွင့် တစ်ကြိမ်]

"ဟမ်"

ကျုံးရှန် ကြောင်အသွားသည်။

ထို့နောက် သူသည် မတ်တပ်ရပ်လိုက်ပြီး ကျုံးကျဲကို တည်ကြည်စွာ ကြည့်လျက် ပြောလိုက်လေသည်။

"ဒီ ငရဲတာအိုအမှတ်အသားက ယင်ဓာတ်လွန်ကဲနေပြီး ယန်ဓာတ်အားနည်းတယ် တည်ငြိမ်မှုလည်းမရှိဘူး ရှိတာထက်စာရင် မရှိတာကမှ ပိုကောင်းဦးမယ်"

All Chapters