အခန်း (၄၈)
Vol. 5 Ch. 48
ကျုံးရှန် ကျောက်စားပွဲခုံကို လက်ဝါးဖြင့် ရိုက်လိုက်သောအခါ နေမင်းကဲ့သို့ ရဲရဲတောက်နေသော အမှတ်အသားတစ်ခုသည် သူ၏လက်ဝါးတွင် ပေါ်လာ၏။
"မင်းမှာ သတ်ဖြတ်ခြင်းကြယ်ကံတရားရှိတယ်ဆိုတော့ ကလေး.. ဒီ စစ်ဘုရင်အမှတ်အသားကို ဘိုးဘေးက မင်းကို ပေးသနားလိုက်မယ်"
ထိုအမှတ်အသား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံး ရပ်တန့်သွားတော့မလိုပင် ဖြစ်သွားရသည်။
စစ်သည်အင်အား ထောင်သောင်းချီသည့် မဟာစစ်တပ်ကြီးနှစ်ခု မိမိရှေ့၌ သတ်ဖြတ်တိုက်ခိုက်နေကြသကဲ့သို့ ကောင်းကင်နှင့်မြေကြီးသည်လည်း တုန်လှုပ်သွားရ၏။
မသေမျိုးတစ်သန်းတောင်တန်း၏ နေရာအနှံ့အပြား၌ ပြန့်ကျဲနေသော သတ်ဖြတ်ခြင်းစွမ်းအားများနှင့် များပြားလှစွာသော ဝိညာဉ်စွမ်းအင်တို့သည် ထွက်ပေါက်တစ်ခု ရှာတွေ့သွားသကဲ့သို့ပင် စစ်ဘုရင်အမှတ်အသားဆီသို့ အလုံးအရင်းနှင့် တိုးဝင်လာကြလေသည်။
သတ်ဖြတ်ခြင်းစွမ်းအားဆိုသည်မှာ အမည်နှင့်လိုက်ဖက်စွာပင် သက်ရှိများအား သတ်ဖြတ်ခြင်းများမှ ဖြစ်ပေါ်လာသော စွမ်းအားတစ်မျိုးဖြစ်သည်။
ငရဲစွမ်းအား၊ ဝိညာဉ်စွမ်းအား၊ သံသရာစွမ်းအားတို့နှင့်အတူ သေခြင်းတရားတာအို၏ တာအိုအခွဲတစ်ခုလည်း ဖြစ်သည်။
ယင်းစွမ်းအား၏ အဖျက်စွမ်းရည်မှာ လျှော့တွက်၍ မရနိုင်ပေ။ အချို့သော အခြေအနေများတွင် ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ စသည့် သာမန်စွမ်းအားများထက်ပင် များစွာသာလွန်ပေသည်။
သို့သော် သတ်ဖြတ်ခြင်းစွမ်းအားသည် ကျင့်ကြံရန် အလွန်ခက်ခဲ၏။ ဤစွမ်းအားသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းလည်း မဟုတ်ချေ။
သတ်ဖြတ်ခြင်းစွမ်းအား တစ်မျှင်ချင်းစီသည် သက်ရှိတစ်ကောင်၏ သေဆုံးခြင်းကို ကိုယ်စားပြုသည်။ ရှေးယခင်ကတည်းက သတ်ဖြတ်ခြင်းစွမ်းအားကို အဆင့်မြင့်သည်အထိ ကျင့်ကြံနိုင်သူဟူသမျှသည် နယ်မြေတစ်ခု၏ အရှင်သခင်များ သို့မဟုတ် စစ်သူကြီးများသာ ဖြစ်ကြလေသည်။
ဥပမာအားဖြင့် ကျုံးချီထျန်းဆိုလျှင် သတ်ဖြတ်ခြင်းစွမ်းအားကို ရရှိရန်အတွက် အပြစ်ကြွေးငရဲကြီးခြောက်ထပ် ရှေးဟောင်းနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံခဲ့ရသည်။
သူသည် အနောက်ဘက်နယ်မြေတွင် မြင့်မြတ်နယ်မြေကိုယ်စား ဟွမ်ရှားလူမျိုးစုများကို နှစ်ထောင်ချီ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့်ပင် ဟွမ်ရှားစစ်နတ်ဘုရားဟူသော ဂုဏ်ပုဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲနှင့် သတ်ဖြတ်မှုများကြောင့် သူသည် နိယာမနယ်ပယ် အဆင့် ၂၄ ရှိသော သွေးအေးရက်စက်သည့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့သည်။
အင်အားချင်း ယှဉ်မည်ဆိုပါက ကျုံးချီမင်ထက်ပင် များစွာသာလွန်ပေသေးသည်။ ကျုံးချီမင်သည် မြင့်မြတ်နယ်မြေကို အုပ်ချုပ်ခဲ့သော်လည်း ယခင်က သူ၏ကျင့်ကြံခြင်းအဆင့်မှာ နိယာမနယ်ပယ် အဆင့် ၂၃ သာရှိခဲ့ပြီး ကျုံးရှန်နှင့် တွေ့ဆုံပြီးမှသာ အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။
ယခု စစ်ဘုရင်အမှတ်အသားအကြောင်း ပြန်ပြောရမည်ဆိုလျှင် လက်ရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ လူတိုင်းကြားဖူးနားဝရှိသော စစ်ဘုရင်တစ်ပါးအကြောင်းမှ စပြောရပေလိမ့်မည်။
ထိုစစ်ဘုရင်သည် မျိုးရိုးအမည် ကုန်းယဲ့ဖြစ်ပြီး နာမည်မှာ ယွီဖြစ်သည်။ သူသည် ချူးစီရင်စု အနောက်ဘက်နယ်မြေရှိ ရှန့်ရှန်းမြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည်။
စစ်ဘုရင်သည် ရှေးဟောင်းခေတ်ကာလ၏ ပထမဆုံး မဟာဧကရာဇ်ယင်းကို သူ၏ဖခင်နှင့်အတူ တော်လှန်ပုန်ကန်ခဲ့ဖူးသည်။
ယင်းမဟာဧကရာဇ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်စု အင်အားစုအားလုံးကို ပထမဆုံး စည်းလုံးညီညွတ်အောင် စုစည်းနိုင်ခဲ့သော အထွတ်အထိပ် ဧကရာဇ်တစ်ပါး ဖြစ်သည်။
သူသည် ကြီးမားသော ကုသိုလ်ကောင်းမှုများအား ပြုလုပ်ခဲ့ပြီး လူသားမျိုးနွယ်တစ်ခုလုံး သိုင်းပညာနှင့် တာအိုပညာရပ်များကို လေ့ကျင့်နိုင်စေရန် လမ်းစဖွင့်ပေးခဲ့သည်။
သို့သော် ယင်းမဟာဧကရာဇ်သည် ဟင်းလင်းပြင်နတ်ဆိုးများကို ခုခံကာကွယ်ရန်အတွက် ဟင်းလင်းပြင်တံတိုင်းကြီး တည်ဆောက်ရာ၌ လူအင်အား အမြောက်အမြားကို အဓမ္မစေခိုင်းခဲ့ပြီး ဥပဒေများကိုလည်း တင်းကျပ်စွာ ပြဋ္ဌာန်းခဲ့သဖြင့် တဖြည်းဖြည်းနှင့် လူထုထောက်ခံမှု ကျဆင်းလာခဲ့ရသည်။
ထို့အတွက်ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် နေရာအနှံ့အပြားတွင် ပုန်ကန်မှုများ ထကြွလာခဲ့လေသည်။ ကုန်းယဲ့ယွီသည်လည်း ချူးစီရင်စု ပုန်ကန်တပ်ဖွဲ့များထဲမှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူသည် သတ်ဖြတ်ခြင်းစွမ်းအားကို အဓိကထား ကျင့်ကြံသည်။
သူ၏ ကျင့်ကြံမှုအဆင့်မှာ အဆင့်ကိုးအထွတ်အထိပ်သူတော်စင်နှင့်ပင် ယှဉ်နိုင်ပေသည်။ သူ၏ စစ်ပွဲမှတ်တမ်းများမှာ ထင်ရှားကျော်ကြားလှပြီး သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရသော သက်ရှိများမှာ သန်းပေါင်းများစွာ မကတော့ပေ။ သူ့အား အနောက်ချူးစစ်ဘုရင်ဟူ၍လည်း ခေါ်ဝေါ်ကြသေး၏။
နောက်ဆုံးတွင် သူသည် ဒုတိယမြောက် မဟာဧကရာဇ်ဟန်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရသော်လည်း သူ၏ ဘဝဇာတ်ကြောင်းကို ပုံပြင်များနှင့် သီချင်းများအဖြစ် ဖွဲ့ဆိုကာ လူသားမျိုးနွယ်များကြားတွင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း ပြောဆိုခဲ့ကြသည်။
နတ်ဘုရားမင်းဆက်များ ပြောင်းလဲသွားခဲ့ပြီး မည်သည့် မဟာဧကရာဇ်ပင် အုပ်ချုပ်စေကာမူ လူသားမျိုးနွယ်အားလုံးသည် အနောက်ချူးစစ်ဘုရင်၏ ဒဏ္ဍာရီကို သိရှိကြလေသည်။
ဤစစ်ဘုရင်အမှတ်အသား၏ မူလဇာစ်မြစ်ကို ခြေရာခံကြည့်မည်ဆိုလျှင် ကုန်းယဲ့ယွီထံမှ ဆင်းသက်လာခြင်းပင် ဖြစ်၏။
ယခုအချိန်၌ စစ်ဘုရင်အမှတ်အသားသည် ရေဝဲတစ်ခုကဲ့သို့ ဖြစ်ပေါ်နေပြီး ပတ်ဝန်းကျင် မိုင်သန်းပေါင်းများစွာမှ သတ်ဖြတ်ခြင်းစွမ်းအားများကို အရူးအမူး စုပ်ယူနေလေသည်။ ထိုသည်မှာ ပင်လယ်ရေကို ဝေလငါးကြီးက မျိုချနေသကဲ့သို့ပင်။
သိပ်သည်းလွန်းလှသော သတ်ဖြတ်ခြင်းစွမ်းအားများနှင့် ဝိညာဉ်စွမ်းအင်များသည် ရှေးဟောင်းဧကရာဇ်များနှင့် နတ်ဘုရားမင်းဆက်များ၏ စစ်ပွဲများကို မျက်ဝါးထင်ထင် တွေ့မြင်နေရသကဲ့သို့ ပုံရိပ်ယောင်များ ဖန်တီးပြသနေသည်။
ဤမြင်ကွင်းသည် မြင်ရသူအပေါင်း၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေ၏။ စစ်သည်တော်များ၏ တိုက်ခိုက်မှုများသည် သာမန်ကျင့်ကြံသူများ၏ ရန်ပွဲများနှင့် လုံးဝမတူပေ။
စစ်သည်တော်များသည်အရှိန်အဝါ ကြီးမားလွန်းလှပြီး အလွန်ရက်စက်ကြမ်းကြုတ်ကာ နေရာအနှံ့တွင် ပြတ်တောက်နေသော ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ပြန့်ကျဲနေသည်။
ကျင့်ကြံမှု နိမ့်ပါးသူများသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက စိတ်ဒဏ်ရာရပြီး အတွင်းမိစ္ဆာ ဝင်သွားနိုင်ပေသည်။
ဤစစ်ဘုရင်အမှတ်အသားကို ပိုင်ဆိုင်ထားပါက နေ့စဉ် အိပ်နေရုံဖြင့် ကျင့်ကြံစရာမလိုဘဲ သတ်ဖြတ်ခြင်းစွမ်းအားနှင့် ကျင့်ကြံမှုအဆင့်တို့သည် အလိုအလျောက် တိုးတက်လာမည်ဖြစ်သည်။
ထိုသည်မှာ အချိန်တိုင်း၊ စက္ကန့်တိုင်းတွင် ကျင့်ကြံနေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ပါရမီအညံ့ဆုံးလူဖြစ်လျှင်ပင် ဤအမှတ်အသားကို ရရှိပါက နယ်မြေတစ်ခု၏ အရှင်သခင် ဖြစ်လာနိုင်ပေသည်။
ယခုအချိန်တွင် ကျုံးကျဲ၏ စိတ်အာရုံများသည် စစ်ဘုရင်အမှတ်အသားထဲသို့ လုံးဝ နစ်မြုပ်နေပြီဖြစ်သည်။
သူ၏ရင်ထဲတွင် သဘာဝအလျောက် လိုအင်ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျုံးချီမင်တစ်ယောက် ကြက်ဥတစ်လုံးပင် ဝင်ဆံ့နိုင်လောက်သည့်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး အံ့သြမှင်သက်နေမိသည်။
သူ၏လည်ချောင်းများ လှုပ်ရှားသွားပြီး တံတွေးမြိုချသံ ထွက်ပေါ်လာသည်။ ဤဖြစ်ရပ်ဆန်းသည် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။ သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့ တစ်ကြိမ်သာ ဖြစ်ပျက်ခဲ့ဖူးသည်။
ထိုအရာမှာ နာမည်ကျော် အနောက်ချူးစစ်ဘုရင် ကုန်းယဲ့ယွီပင် ဖြစ်သည်။ ဒဏ္ဍာရီများအရ အနောက်ချူးစစ်ဘုရင်သည် စစ်မြေပြင်တွင် ကျဆုံးခဲ့ခြင်းမဟုတ်ဘဲ ဧကရာဇ်ဟန်ကို ရှုံးနိမ့်ပြီးနောက် ရှက်ရွံ့ကာ ကိုယ့်ကိုယ်ကိုယ် လည်လှီးအဆုံးစီရင်သွားခြင်း ဖြစ်သည်။
သူသေဆုံးပြီးနောက် သူအသုံးပြုခဲ့သော စစ်ဘုရင် လှံရှည်သည်လည်း ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်ဘုရင်နှင့်ပတ်သက်သော မည်သည့်မှတ်တမ်းမျှ မရှိတော့ချေ။
ခေတ်ကာလများစွာ ကြာမြင့်ပြီးနောက် ဤစစ်ဘုရင်အမှတ်အသားသည် သူ၏ဘိုးဘေးလက်ထဲသို့ ရောက်နေလိမ့်မည်ဟု ဘယ်သူထင်ထားမည်နည်း။
"ဘိုးဘေးက တကယ်ကို ဘယ်သူများလဲ"
ကျုံးချီမင်၏ စိတ်ထဲတွင် တိတ်တဆိတ် တုန်လှုပ်နေမိသည်။ ယခုအခါ စစ်ဘုရင်အမှတ်အသား ပေါ်ထွက်လာမှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်နှင့်မြေကြီး ဖြစ်ရပ်ဆန်းများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
နေရာတိုင်းတွင် သံချပ်ကာမြင်းပျံများနှင့် စစ်သည်တော်များ ပြည့်နှက်နေပြီး ကျားတစ်ကောင်ကဲ့သို့ ကမ္ဘာမြေကို ဝါးမျိုတော့မည့် အရှိန်အဝါများ လွှမ်းခြုံထားလေသည်။
ကျုံးကျဲသည် တစ်စုံတစ်ခု၏ ဖမ်းစားခြင်းကို ခံထားရသကဲ့သို့ အမှတ်အသားရှိရာဆီသို့ ငေးငိုင်စွာဖြင့် လျှောက်သွားနေမိသည်။
သူ၏မျက်ဝန်းများထဲတွင် နတ်ဘုရားများနှင့် နတ်ဆိုးများ ကျဆုံးနေသော မြင်ကွင်းများ ပေါ်ပေါက်နေပြီး မမြင်ရသော ကံကြမ္မာကြိုးမျှင်တစ်ခုက သူ့အား စစ်ဘုရင်အမှတ်အသားနှင့် ချိတ်ဆက်ပေးထားသကဲ့သို့ ဖြစ်နေသည်။
သူ ကျောက်စားပွဲခုံရှေ့သို့ ရောက်သောအခါ ကျုံးရှန်က ပြုံးလိုက်သည်။ ကျုံးရှန်က လက်ကိုဆန့်ထုတ်လိုက်ပြီး လက်တစ်ကမ်းကမ္ဘာနတ်ဘုရားစွမ်းရည်ကို အသုံးပြုကာ အမှတ်အသားနှင့် ကောင်းကင်မြေကြီးကြားရှိ ဆက်နွယ်မှုကို ဖြတ်တောက်လိုက်လေသည်။
ကျုံးကျဲ ရုတ်တရက် အသိပြန်ဝင်လာပြီး သူ၏မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ အပြည့်ဖြစ်နေသည်။
ထို့နောက် ကျုံးရှန်၏ ရှေ့မှောက်တွင် ချက်ချင်း ဒူးထောက်ချလိုက်လေသည်။
ပြီးနောက်တွင် ကြက်သွန်ဖြူထောင်းနေသကဲ့သို့ ခေါင်းဖြင့် ကြမ်းပြင်ကို ဆက်တိုက်ဆောင့်ကာ ဦးညွှတ်လိုက်၏။
"ဘိုးဘေးရဲ့ ကျေးဇူးတရားက ဖန်ဆင်းရှင်နတ်ဘုရားတွေထက်တောင် ကြီးမားပါသေးတယ် ကျွန်တော် ကျုံးကျဲ ဘယ်တော့မှ မမေ့ပါဘူး"
ကျုံးရှန်သည် ကျုံးကျဲ၏ တည်ကြည်ခိုင်မာသော မျက်နှာကို ကြည့်လိုက်သည်။
ထို့နောက် ရုတ်တရက် မေးလိုက်လေသည်။
"ကလေး.. ငါမင်းကို မေးစရာတစ်ခုရှိတယ်"
မိမိ၏ဘိုးဘေး ပြောစကားကို ကြားလိုက်ရသဖြင့် ကျုံးကျဲသည် ခေါင်းကို ပို၍ ငုံ့လိုက်သည်။
"ဟို လင်ချန်ဆိုတဲ့ကောင်က သဲကန္တာရ ရှေးဟောင်းနတ်ဘုရားရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်းကို ရထားတယ် ပြီးတော့ မင်းရဲ့ ငရဲတာအိုအမှတ်အသားကို စုပ်ယူပြီး မသေမျိုးမြင့်မြတ်ခန္ဓာကို အောင်မြင်သွားပြီ"
"မင်း သူ့ကို နောက်တစ်ကြိမ် ပြန်တိုက်ခိုက်ရဲသလား မင်းပိုင်ဆိုင်ခဲ့တဲ့ အမှတ်အသားကို ပြန်ယူပြီး သူ့ရဲ့ ကံတရားကို လုယူရဲသလား"
ကျုံးရှန်က နေလကြယ်တာရာများ ရှိနေသကဲ့သို့ တောက်ပနေသည့် မျက်ဝန်းများဖြင့် ကျုံးကျဲကို စိုက်ကြည့်နေသည်။
မည်သည့် မုသားစကားမျှ သူ၏မျက်လုံးများကို မကျော်ဖြတ်နိုင်ပေ။ အကယ်၍သာ ဤကလေး၌ ပြန်လည်တိုက်ခိုက်ရဲသော သတ္တိမရှိပါက ဤစစ်ဘုရင်အမှတ်အသားနှင့် ထိုက်တန်မည် မဟုတ်သလို သူပေးသနားမည့် အထွတ်အထိပ် အခွင့်အရေးနှင့်လည်း ထိုက်တန်မည် မဟုတ်ချေ။
စနစ်၏ တာဝန်ဆိုသည်ကတော့ မလုပ်လည်း ကိစ္စမရှိပေ။ သူ ကျုံးရှန်အား မည်သူကများ ချုပ်နှောင်ထားနိုင်မည်နည်း။
"ဘိုးဘေး ကျွန်တော် ကျုံးကျဲ သူ့ကို ပြန်တိုက်ခိုက်ရဲပါတယ် ဒီကမ္ဘာမှာ သူရှိရင် ကျွန်တော်မရှိစေရဘူး ကျွန်တော် သေသည်အထိ တိုက်ခိုက်သွားမယ်"
"ကျွန်တော်က ရန်သူမှန်သမျှကို သုတ်သင်ရှင်းလင်းပေးမဲ့ ဓားသွားတစ်လက် ဖြစ်လာစေရမယ်"
ကျုံးရှန် ခေါင်းညိတ်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး ကျုံးကျဲကို မိမိရှေ့သို့ ဆွဲယူလိုက်သည်။ ထို့နောက် ထိုအမှတ်အသားကို ကျုံးကျဲ၏ ညာဘက်လက်မောင်းထဲသို့ တိုက်ရိုက် ရိုက်ထည့်ပေးလိုက်လေသည်။
"ဝုန်းးး"
ချက်ချင်းပဲ ကောင်းကင်နှင့်မြေကြီးတို့ တုံ့ပြန်လိုက်သကဲ့သို့ တုန်ခါသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ပြိုင်နက်တည်းတွင် ကျုံးကျဲတစ်ကိုယ်လုံး၏ အရှိန်အဝါသည် ချက်ချင်း ပြောင်းလဲသွားပြီး လေထဲသို့ မြောက်တက်သွား၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သတ်ဖြတ်ခြင်းစွမ်းအားများ လွှမ်းခြုံထားလေသည်။
"တောင်များကို ထိုးခွင်းနိုင်သည့်အင်အား"
"လောကကို လွှမ်းမိုးနိုင်သည့် စိတ်ဓာတ် အချိန်အခါ မသင့်တော့ပါတကားမြင်းပျံကလည်း စစ်မချီချင်တော့ပြီ"
"မြင်းပျံစစ်မချီချင်တော့မှဖြင့် ငါအဘယ်သို့ ပြုရမည်နည်း... ယွီမယ်မယ်ရေ... ယွီမယ်မယ်... ကိုယ်တော် ဘာလုပ်ပေးရမလဲ..."
ဟင်းလင်းပြင်ထဲမှ အနောက်ချူးစစ်ဘုရင်၏ တာအိုတရားသံစဉ်များ ထွက်ပေါ်လာပြီး နန်ယန်စီရင်စု တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားကာ အင်အားစုအသီးသီး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်နိုင်လေသည်။
ထိုသည်မှာ စစ်ဘုရင် တစ်ဖန်ပြန်လည် မွေးဖွားလာသကဲ့သို့ပင်။ အနောက်ချူးစစ်ဘုရင်၏ စာကြောင်းတိုင်းသည် မိုးခြိမ်းသံကဲ့သို့ နားထဲတွင် ကျယ်လောင်စွာ မြည်ဟည်းနေသည်။
"စစ်သူကြီးဆိုတာ မျိုးရိုးမရှိ... ချမ်းသာဆင်းရဲ ခွဲခြားခြင်းမရှိ... ပင်လယ်လေးစင်း ညီအစ်ကိုရင်း ကမ္ဘာမြေကြီး တစ်သားတည်း..."
"စာပေဆိုတာ နာမည်မှတ်မိရုံလောက်ဆို တော်ပြီ... ဓားသိုင်းဆိုတာ တစ်ယောက်ချင်းပဲ တိုက်ခိုက်နိုင်တာ... ငါမသင်ချင်ဘူး... လူတစ်သောင်းကို တစ်ပြိုင်နက် သတ်နိုင်မဲ့ ပညာကိုပဲ ငါသင်ချင်တယ်..."
"တိုင်းပြည်မငြိမ်မသက်ဖြစ်တာ နှစ်အတော်ကြာပြီ... ဒီအဘိုးကြီး နှစ်ယောက်ကြောင့်ပဲ... ဟန်ဘုရင်နဲ့ ငါ ယောကျာ်းပီပီ တစ်ယောက်ချင်း တိုက်ပြီး အနိုင်အရှုံး ဆုံးဖြတ်ချင်တယ်... အပြစ်မဲ့တဲ့ ပြည်သူတွေ သားကွဲမယားကွဲ မဖြစ်စေချင်တော့ဘူး..."
"သူရဲကောင်းတွေလည်း ထွက်သွားကြပြီ... ချစ်သူကလည်း သေဆုံးပြီ... အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ... သေခြင်းတရားကို ဘာကြောက်စရာရှိမလဲ... ကောင်းကင်ဘုံကသာ ငါ့ကို သေစေချင်မှတော့... ငါဘာလို့ မြစ်ကိုကူးပြီး ထွက်ပြေးရတော့မှာလဲ..."
စစ်ဘုရင်၏ တာအိုတရားသံစဉ်များသည် လူကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ပင်။ သတ်ဖြတ်ခြင်းစကားလုံး တစ်လုံးချင်းစီသည် ကျုံးကျဲ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကြသည်။
စစ်ဘုရင်အမှတ်အသားသည်လည်း တောက်ပစွာ လင်းလက်နေ၏။ စစ်ဘုရင်၏ တာအိုတရားသံစဉ်များနှင့်အတူ စည်းချက်ညီစွာ လှုပ်ရှားနေသည်။
ကျုံးကျဲက လေထဲတွင် လွင့်ပျံလာပြီး မောက်မာဝင့်ကြွားကာ အထိန်းအကွပ်မဲ့နေသည့်ပုံစံဖြင့် စစ်ဘုရင်၏ စွမ်းအားများကြားတွင် အဆက်မပြတ်အသန့်စင်နေခံရသည်။