← Chapters

အခန်း (၄၉)

Vol. 5 Ch. 49

အခန်း (၄၉)

Vol. 5 Ch. 49

စစ်ဘုရင်အမှတ်အသားသည် အမည်နှင့်လိုက်ဖက်စွာပင် အလွန်တရာမှ မောက်မာဝင့်ကြွားပြီး မည်သည့် အညစ်အကြေးအမှိုက်ကိုမျှ သည်းမခံချေ။

ကျုံးကျဲဝတ်ဆင်ထားသော အဝတ်အစားများအားလုံးသည် အမှတ်အသား၏ အရှိန်အဝါကြောင့် တစ်စစီ ကွဲကြေသွားပြီး ဖင်တုံးလုံးဖြင့် ခန္ဓာကိုယ်ဖြင့် လေထဲတွင် ဝဲပျံနေ၏။ 😂

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးရောင်လက်နေသည့် ကျောက်စိမ်းတုံးကဲ့သို့ ပြောင်းလဲသွားပြီး စစ်ဘုရင်အမှတ်အသားမှ ထုတ်လွှတ်လိုက်သော အလင်းရောင်များနှင့် ထပ်တူကျလျက်ရှိသည်။

ကျုံးကျဲ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသော ငရဲတာအိုအမှတ်အသား၏ လက်ကျန်စွမ်းအားများအားလုံးသည် ချက်ချင်းပင် အပြင်သို့ မောင်းထုတ်ခံလိုက်ရသည်။

စစ်ဘုရင်မူလစွမ်းအားသည် ထိုစွမ်းအားများကို အမှုန့်ဖြစ်သွားသည်အထိ ချေမှုန်းပစ်လိုက်ခြင်းဖြစ်သည်။

စစ်ဘုရင်အမှတ်အသား၏ အမြင်တွင် ထိုအရာများအားလုံးသည် အညစ်အကြေးများသာ ဖြစ်သည်။ ယင်းအညစ်အကြေးများသည် မိမိနှင့် အတူယှဉ်တွဲနေထိုင်ရန် မတန်ပေ။

ကြီးမားလှသော သတ်ဖြတ်ခြင်းစွမ်းအားများသည် ဒီရေအလား လှိမ့်ဝင်လာပြီး ကျုံးကျဲ၏ ခန္ဓာကိုယ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်သွားကြပြီး ကျုံးကျဲ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဖြည်းဖြည်းချင်း စတင် ပြောင်းလဲပေးနေလေ၏။

ဤဖြစ်စဥ်က စစ်မှန်သော စစ်ဘုရင်ခန္ဓာကိုယ်ကို ပုံဖော်ပေးနေခြင်းလည်း ဖြစ်၏။ ဤဖြစ်စဉ်တွင် ကျုံးရှန် ဝင်ရောက်စွက်ဖက်ရန်ပင် မလိုအပ်ပဲ များပြားလှသော သတ်ဖြတ်ခြင်းစွမ်းအားများနှင့် ကောင်းကင်မြေကြီး ဝိညာဉ်စွမ်းအင်များသည် အလိုအလျောက် စုစည်းရောက်ရှိလာကြလေသည်။

--------------

အဆုံးမဲ့ဟင်းလင်းပြင် ဤနေရာသည် ဟင်းလင်းပြင်လေပွေလှိုင်းများ တိုက်ခတ်နေသော နေရာဖြစ်ပြီး သူတော်စင်အဆင့်များပင် အလွယ်တကူ ဝင်ရောက်ရဲခြင်း မရှိချေ။ အခက်မသင့်ပါက ပြန်မထွက်နိုင်တော့ပဲ ဤနေရာတွင်သာ အရိုးဆွေးရပေလိမ့်မည်။

ထိုလေပွေလှိုင်းများကြားထဲတွင် မောက်မာဝင့်ကြွားသော နတ်ဘုရားလက်နက်တစ်ခုသည် အဆုံးမဲ့ဟင်းလင်းပြင်ကို ထိုးခွင်းလျက် ကျပန်းနေရာတစ်ခုဆီသို့ ဦးတည်ရွေ့လျားနေသည်။

ရုတ်တရက် ထိုနတ်ဘုရားလက်နက်သည် တုန့်ခနဲ ရပ်တန့်သွားပြီး လက်နက်တစ်ခုလုံးမှ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာ၏။

ထုထည်ကြီးမားလှသော သတ်ဖြတ်ခြင်းစွမ်းအားများသည် ဒလဟော စီးဆင်းလာပြီး ပရမ်းပတာဖြစ်နေသော ဟင်းလင်းပြင်တစ်ခုလုံးကို တည်ငြိမ်သွားစေကာ သန့်စင်သော နယ်မြေတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။

ထို့နောက်တွင်မူ ထိုလက်နက်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်အလား ဦးတည်ချက် ပြောင်းလိုက်တော့သည်။

"ရွှီးးးး"

ဖော်ပြရန် ခက်ခဲသော အမြန်နှုန်းတစ်ခုဖြင့် အဆုံးမဲ့ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ဆီသို့ ဦးတည်ပျံသန်းလာ၏။

လမ်းခရီးတစ်လျှောက်တွင် တွေ့ကြုံရသော ကမ္ဘာငယ်လေးများနှင့် စွန့်ပစ်ခံထားရသော သူတော်စင်နိုင်ငံတော် အပျက်အစီးများအားလုံးသည် ဤနတ်ဘုရားလက်နက်၏ အရှိန်အဝါကြောင့် တစ်စစီ ကြေမွပျက်စီးသွားခဲ့ရသည်။ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှ၏။

ထိုအချိန်၌ ကောင်းကင်ပေါ်တွင် ရှိနေသော ကျုံးကျဲသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးများထဲတွင် သွေးရောင်လွှမ်းသော နတ်ဘုရားအလင်းများ တောက်ပနေသည်။

သူသည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တစ်စုံတစ်ခုကို ပွေ့ဖက်မည့်ဟန် ပြုလိုက်သည်။ သူ၏အကြည့်များသည် ခေါင်းပေါ်ရှိ ဟင်းလင်းပြင်ဆီသို့ စူးစိုက်ကြည့်နေ၏။

အောက်ဘက်တွင်မူ ကျုံးရှန်သည် ကျောက်ခုံပေါ်တွင် ထိုင်လျက် ထိုက်စန်းတောင်ကြီးကဲ့သို့ တည်ငြိမ်နေသည်။

ကျုံးချီမင်သည်တော့ ဘေးနားတွင် လေးလေးစားစား ရပ်နေသည်။ သူ၏စိတ်အာရုံအားလုံးသည် ကောင်းကင်ပေါ်ရှိ ကျုံးကျဲထံသို့ ရောက်ရှိနေ၏။

ဘိုးဘေးကို ရှာတွေ့ပြီးနောက်ပိုင်းတွင် ဒဏ္ဍာရီလာ ဖြစ်ရပ်ဆန်းများစွာကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီဖြစ်သည်။ ထို့အတွက်ကြောင့် သူအတော်လေး အမြင်ကျယ်နေပြီဖြစ်ကာ သာမန်ထူးထူးခြားခြားကိစ္စလောက်ကိုတော့ ရင်ခုန်မာမဟုတ်တော့ချေ။

'တကယ်တမ်းတော့ ငါတို့ကျုံးမိသားစုရဲ့ ပါရမီရှင် မျိုးဆက်နှစ်ယောက်ရဲ့ အကြီးမားဆုံးသော ကံတရားက ကောင်းကင်တာအိုမဟုတ်ဘူး... အဲတာက ဘိုးဘေးပဲ...'

'ဘိုးဘေးကို တွေ့ပြီးမှပဲ ဒီလောကကြီးမှာ ကောင်းကင်တာအိုကိုတောင် အနိုင်ယူနိုင်တဲ့သူ တကယ်ရှိပါလားဆိုတာကို ငါယုံကြည်တော့တယ်...'

'လက်တစ်ဖက်လှုပ်ရှားလိုက်ရုံနဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားမျိုးက ဘာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်ဘူး...'

ကျုံးချီမင်ရင်ထဲတွင် ကျုံးရှန်အပေါ် အံ့ဩမှုများနှင့် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေလေသည်။

--------------

ဟွမ်ရှားမြို့တော် ခေါင်းစွပ်အင်္ကျီ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် မြို့စားအိမ်တော်ထဲတွင် ရပ်နေသည်။

သူ၏ညာဘက်လက်မောင်းပေါ်တွင်လည်း ငရဲတာအိုအမှတ်အသားတစ်ခုက ထင်းနေအောင် ပေါ်နေ၏။ ယခုအချိန်၌ ထိုအမှတ်အသားသည် ပူလောင်ဆူပွက်လာသည်။ ထိုအခြေအနေကြောင့် သူသည် ဂနာမငြိမ် ဖြစ်နေရသည်။

"သောက်ကျိုးနည်း... ဘာလို့ ဒီလောက်တောင် ပြင်းထန်တဲ့ နိမိတ်ပြနေရတာလဲ..."

လင်ချန်သည် ညာဘက်လက်မောင်းမှ အမှတ်အသားကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားလိုက်သည်။

"ကျုံးကျဲဆိုတဲ့ကောင် မသေသေးဘူးပဲ... သူသာသေသွားရင် ငရဲတာအိုအမှတ်အသားက ဒီလောက်ထိ သိသာတဲ့ လှုပ်ရှားမှုမျိုး ပြမှာမဟုတ်ဘူး..."

သူ၏ဘေးနားတွင် ရပ်နေသော ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် လူကြီးတစ်ယောက်က ပြုံးလိုက်သည်။

"သူ့ရဲ့ အမှတ်အသားကို အလုခံလိုက်ရပြီပဲ... သူ့ရဲ့ မူလစွမ်းအားတွေလည်း အကြီးအကျယ် ထိခိုက်သွားပြီ... နောက်ဆုံးအချိန်မှာ တည်​နေရာကူးပြောင်းခြင်းအဆောင်ကို သုံးပြီး အနောက်ဘက်နယ်မြေကနေ ထွက်ပြေးသွားနိုင်ခဲ့ရင်တောင် မသေရင်တောင် မသန်မစွမ်း ဖြစ်နေလောက်ပြီ... ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး..."

လင်ချန်သည် ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။

"မြို့စားမင်းခန်း ပြောတာ မှန်ပါတယ်..."

"ဒါပေမဲ့ အဲ့ဒီကောင်ရဲ့ နောက်ကွယ်မှာ မြင့်မြတ်နယ်မြေတစ်ခုလုံး ရှိနေတာလေ..."

"တကယ်လို့ သူသာ အသက်ရှင်လျက်နဲ့ မြင့်မြတ်နယ်မြေကို ပြန်ရောက်သွားရင် ကျွန်တော်တို့အကြောင်း ပေါက်ကြားသွားလိမ့်မယ်..."

ငွေရောင်သံချပ်ကာနှင့် လူကြီးမှာ ဟွမ်ရှားမြို့စား ခန်းတင်းရှားပင် ဖြစ်သည်။ သူက ဂရုမစိုက်ဟန်ဖြင့် လက်ကာပြလိုက်သည်။

"ကိစ္စမရှိပါဘူး... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေအကြောင်း ငါကြားဖူးပါတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၁၀,၀၀၀ လောက်ကမှ တည်ထောင်ခဲ့တဲ့ ဂိုဏ်းသစ်တစ်ခုပဲလေ... ဘာများ အခိုင်အမာ အခြေခံအုတ်မြစ် ရှိဦးမှာလဲ..."

"အခုဆိုရင် တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်ရဲ့ နယ်မြေတော်တော်များများက ပျက်စီးယိုယွင်းနေပြီ... သဲကန္တာရနတ်ဘုရားတွေကလည်း နိုးထဖို့ အဆင်သင့်ဖြစ်နေကြပြီ... ဟွမ်ရှားလူမျိုးစုတွေကလည်း စစ်ပြင်နေကြပြီ..."

"ဒီကိစ္စက အရမ်းကို နက်နဲရှုပ်ထွေးတယ်... တဖက်က မြင့်မြတ်နယ်မြေတစ်ခုလုံး အလုံးအရင်းနဲ့ ချီတက်လာရင်တောင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူး..."

သူသည် လက်ကို နောက်ပစ်လျက် ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။

"မြို့စားမင်းခန်းရဲ့ စကားကို ကြားရတော့မှပဲ ကျွန်တော် စိတ်အေးရတော့တယ်.."

"ဒါဆို ကျွန်တော် အခုပဲ ခရီးဆက်တော့မယ်... အနောက်ဘက်နယ်မြေမှာရှိတဲ့ တောင်ဘက်ကောင်းကင်မြို့တော်ကို ပြန်လိုက်ပါဦးမယ်..."

လင်ချန်သည် ညာဘက်လက်မောင်းကို ဖိထားရာမှ လွှတ်လိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

ထို့နောက် ခေါင်းစွပ်ကို ခေါင်းပေါ်သို့ ဆွဲတင်လိုက်ပြီး ရုပ်ဖျောက်ကာ ထွက်ခွာသွားလေသည်။

ဟွမ်ရှားမြို့စားသည်လည်း ခေါင်းညိတ်ပြလိုက်ပြီး စကားထပ်မပြောတော့ဘဲ လင်ချန်ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

လင်ချန် ထွက်သွားပြီးသည်နှင့် တပြိုင်နက် ခန်းတင်းရှားသည် ရုတ်တရက် ချောင်းဆိုးလိုက်ပြီး မည်းနက်နေသော သွေးပုပ်တစ်လုပ်ကို အန်ထုတ်လိုက်သည်။

သူသည် အချိန်အတော်ကြာအောင် အောင့်အီးသည်းခံထားခဲ့ရပုံ ပေါ်သည်။

"ဝိညာဉ်ဘုရင်အဆင့် ဖောက်ခွဲလိုက်တဲ့ ဒဏ်ရာက တော်တော်နဲ့ ပျောက်မှာ မဟုတ်ဘူးပဲ..."

သူသည် နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်သည်။ ထို့နောက် သိုလှောင်ခါးပတ်ထဲမှ ကုသဆေးအချို့ကို ထုတ်ယူကာ ပါးစပ်ထဲ သကြားလုံးကဲ့သို့သွန်ချလိုက်သည်။

ပြီးနောက် ဖျာတစ်ချပ်ကို ထုတ်ယူကာ တင်ပလ္လင်ခွေထိုင်ပြီး ဆေးစွမ်းအားကို စတင်ချေဖျက်လိုက်လေ၏။ ထိုအချိန်၌ ဟွမ်ရှားမြို့ပြင် မိုင်သောင်းချီဝေးကွာသော သဲကန္တာရထဲတွင် ကြီးမားသော စစ်ကြောင်းကြီးတစ်ခုသည် ရှေ့သို့ ချီတက်လျက်ရှိသည်။

မရေမတွက်နိုင်သော ဟွမ်ရှားလူမျိုးစု စစ်သည်များသည် ရှေ့တန်းစစ်မျက်နှာပြင်သို့ ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။ ဟွမ်ရှားလူမျိုးစုစစ်သည်များသည်ပုရွဲဆိတ်များကဲ့သို သဲကန္တာရတစ်ခုလုံး မည်းနက်သွားသည်အထိ ဖုံးလွှမ်းထားကြသည်။

အကယ်၍ ကောင်းကင်အမြင့်ကြီးမှ စီးမိုးကြည့်လိုက်မည်ဆိုပါက မည်းနက်နေသော ကော်ဇောကြီးတစ်ခု ရွေ့လျားနေသကဲ့သို့ ထင်ရပေလိမ့်မည်။ အကြမ်းဖျင်း ခန့်မှန်းရလျှင်ပင် သန်းနှင့်ချီသော ဟွမ်ရှားစစ်သည်များသည် စစ်ချီနေကြခြင်း ဖြစ်သည်။

အများစုမှာ သေမျိုးအဆင့် သိုင်းပညာရှင်များနှင့် ညီမျှသော ခွန်အားရှိသည့် ဟွမ်ရှားစစ်သည်များ ဖြစ်ကြသည်။

ထိုအထဲတွင် အများအပြားပါဝင်သည်မှာ အဇူရာဝံပုလွေစစ်သည်များနှင့် သစ်သားတုတ်ကောက်များ၊ သံကြိုးတပ် လက်နက်များ ကိုင်ဆောင်ထားသော လူမျိုးစုယဇ်ပုရောဟိတ်များ ဖြစ်ကြသည်။

သူတို့၏ အပေါ်ဘက် ကောင်းကင်ယံ၌ လင်းနို့ကြီးများကို စီးနင်းထားပြီး ထက်ရှသော စစ်လှံများကို သယ်ထားသည့် ဟွမ်ရှားစစ်သည်အုပ်စုကြီးလည်း ပျံသန်းနေသေးသည်။

စစ်သည်အုပ်စုကြီးသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းထားပြီး ဖြတ်သန်းသွားလာရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်မည့် ကျိုင်းကောင်အုပ်ကြီးအလား ထင်မှတ်ရသည်။ သူတို့က ငါးယောက်တစ်တပ်၊ ငါးတပ်တစ်ဖွဲ့ ဖွဲ့စည်းထားကြသည်။

သန်းပေါင်းများစွာသော ဟွမ်ရှားစစ်သည်များ စုစည်းလိုက်သောအခါ ထွက်ပေါ်လာသည့် အရှိန်အဝါမှာ ကောင်းကင်ကိုပင် ထိုးဖောက်တော့မတတ် ဖြစ်နေသည်။

ဤသည်မှာ လူအင်အားများပြားလွန်းသော မဟာစစ်တပ်ကြီး၏ ဖိအားပင် ဖြစ်သည်။ စစ်ကြောင်း၏ နောက်ဆုံးတွင် ပေတစ်ထောင်ခန့် ရှည်လျားသော ဧရာမ ပုတ်သင်ညိုကြီး နှစ်ကောင်သည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။

သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်တောက်ပနေသည်။ လမ်းတစ်လျှောက်တွင် သူတို့၏ ခန္ဓာကိုယ်ဖြင့် တိုက်မိရုံမျှဖြင့် သဲခုံအများအပြား ပြိုကျပျက်စီးသွားကြသည်။

ထိုပုတ်သင်ညိုကြီး နှစ်ကောင်၏ ခေါင်းပေါ်တွင် ကြိမ်ကုလားထိုင် နှစ်လုံး တင်ထားလေသည်။ ဟွမ်ရှားလူမျိုးစု ခေါင်းဆောင်နှစ်ဦးသည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရှေ့မှ စစ်ချီနေသော မြင်ကွင်းကို ကြည့်ရှုနေကြသည်။

တစ်ယောက်မှာ ဦးခေါင်းခွံစစ်ဦးထုပ်ကို ဆောင်းထားပြီး အရိုးစစ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ ခါးဘေးတစ်ဖက်တစ်ချက်စီတွင် ဦးခေါင်းခွံများဖြင့် အလှဆင်ထားသော သံချွန်ရိုက်နှက်တုတ် နှစ်ချောင်းကို ချိတ်ဆွဲထားလေသည်။

ထိုရိုက်နှက်တုတ်များတွင် အဆုံးမဲ့ သွေးညှီနံ့များ စွဲထင်နေပြီး သက်ရှိပေါင်းများစွာ၏ ဦးခေါင်းများကို ရိုက်ခွဲခဲ့ဖူးကြောင်း သက်သေပြနေသည်။

သူ၏မျက်နှာပေါ်တွင် တက်တူးများ အပြည့်ရှိသည်။

သူသည် ရှေးဟောင်းနတ်ဘုရား၏ ဘွဲ့ထူးပေးသနားခြင်းကို ခံထားရသော ဟွမ်ရှားလူမျိုးစု ခေါင်းဆောင် အာကူကျာ ဖြစ်သည်။ သူ၏မျက်နှာထားမှာ အလွန်ရှုပ်ထွေးနေပုံရသည်။

အခြား ပုတ်သင်ညိုတစ်ကောင်၏ ခေါင်းပေါ်တွင်မူ သိန်းငှက်ယဇ်ပုရောဟိတ် ထိုင်နေသည်။ သူ၏ကျောဘက်တွင် တစ်မီတာကျော်ခန့်ရှိသော သစ်သားရုပ်တုကြီးတစ်ခုကို လွယ်ထားပြီး လက်ထဲတွင် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော အရိုးဖြင့် ပြုလုပ်ထားသည့် တုတ်ကောက်ကို ကိုင်ထားသည်။

သေချာကြည့်လိုက်လျှင် သူ၏မျက်လုံးအိမ်ထဲတွင် မျက်လုံးများ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး ထူးဆန်းကာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သို့သော် သူတို့ကဲ့သို့ အဆင့်မျိုးအတွက် မျက်လုံးမရှိလည်း ကိစ္စမရှိပေ။ နတ်ဘုရားစိတ်အာရုံဖြင့် မိုင်ပေါင်းသောင်းချီသော အကွာအဝေးကို အာရုံခံနိုင်လေသည်။

"အာကူကျာ... ငါတို့လူမျိုးစုတွေ သဲကန္တာရထဲမှာ နှစ်ပေါင်းသောင်းချီ ပုန်းအောင်းနေခဲ့ပြီး အင်အားမွေးနေခဲ့တာ ဒီတစ်ကြိမ်အတွက်ပဲ မဟုတ်လား... လူသားတွေရဲ့ ပြည်နယ်တွေကို နင်းချေဖျက်ဆီးဖို့ပဲ မဟုတ်လား..."

မျက်လုံးမပါသော ယဇ်ပုရောဟိတ်သည် တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်အလား ဘေးနားရှိ လူမျိုးစုခေါင်းဆောင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

ခေါင်းဆောင်သည် ထိုစကားကို ကြားသောအခါ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး လက်ကို ရင်ဘတ်ပေါ်တင်ကာ လှည့်၍ အရိုအသေပြုလိုက်သည်။

"ကြီးမြတ်လှသော ဟွမ်ရှားနတ်ဘုရားများ ရှိနေပါစေ... နတ်ဘုရားအလင်းရောင် ဖြန့်ကျက်ဖို့အတွက် အသင့်ရှိနေပါတယ်..."

ထို့နောက် သူသည် ပြတ်သားသော မျက်လုံးများဖြင့် ကြိမ်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်လိုက်လေသည်။ ဤနေရာသည် သဲကန္တာရတစ်ခုလုံးရှိ မရေမတွက်နိုင်သော စစ်ချီတပ်ဖွဲ့များထဲမှ တစ်ခုမျှသာ ဖြစ်သည်။

ယခုအချိန်တွင် အဆုံးမဲ့သဲကန္တာရထဲ၌ ပုန်းအောင်းနေခဲ့ကြသော ဟွမ်ရှားလူမျိုးစုများသည် အလုံးအရင်းဖြင့် ထွက်ခွာလာနေကြပြီ ဖြစ်ပြီး သူတို့က လူသားပိုင်နက် နယ်မြေများနှင့် ထိစပ်နေသော နေရာများသို့ ဦးတည် ချီတက်နေကြခြင်းဖြစ်သည်။

အခြေအနေများက စိတ်ဝင်စားဖို့ ကောင်းလာပြီဖြစ်၏။ သိပ်မကြာခင်အချိန်အတွင်း ဝမ်ရှန့်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေမည့် စစ်ပွဲကြီး တစ်ခုဖြစ်ပေါ်လာတော့ပေမည်။ သက်ရှိများ မည်မျှသေကြေပျက်စီးဦးမည်နည်း။ ​ပြည်သူများ ဘယ်နှယောက်လောက် စစ်ရှောင်ရဦးမည်နည်း။ အိုးအိမ်များ မည်မျှပျက်စီးရဦးမည်နည်း။

All Chapters