← Chapters

ကြောက်သွားရင် ဘယ်လိုလုပ်မလဲ

Vol. 16 Ch. 186

ကြောက်သွားရင် ဘယ်လိုလုပ်မလဲ

Vol. 16 Ch. 186

မိုးကြိုးတိမ်တိုက်တောင်ကြားတွင်ဖြစ်သည်။

မဟာအုပ်စိုးရှင်ရှန်းလဲ့သည် လျှပ်စီးတန်းများကြားတွင် ရေချိုးနေရင်း သူ၏ ပိန်လှီသော ခန္ဓာကိုယ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

"ဒီလျှပ်စီးတွေက အားနည်းလွန်းသေးတယ်။ ငါ့ဒဏ်ရာတွေကို ဘယ်လိုမှ မကုစားနိုင်ဘူး။"

လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့်က သူနှင့်အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦးသည် ရှေးဟောင်းနတ်ဘုရားများကို သစ္စာဖောက်၍ မိစ္ဆာနတ်ဘုရားများဘက်သို့ ကူးပြောင်းသွားခဲ့သဖြင့် သူ အလွန်ဒေါသထွက်ခဲ့ရသည်။ ထိုဒေါသကြောင့်ပင် သူသည် မဟာအုပ်စိုးရှင်နှစ်ပါးကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပစ်ခဲ့သည်။

ထိုတိုက်ပွဲတွင် သူ၏ သစ္စာဖောက်မိတ်ဆွေဟောင်းမှာ ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သလို သူကိုယ်တိုင်လည်း ပို၍ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့လေ၏။

"ငါ့သက်တမ်းက နောက်ထပ် နှစ်ပေါင်း ၃၀၀ လောက်တော့ ကျန်သေးတာပဲ... ဒါလည်း မဆိုးပါဘူး"

ရှန်းလဲ့က သူ၏ ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူ၏ ဒဏ်ရာများမှာ အလွန်ပင် နက်ရှိုင်းလှသည်။ မဟုတ်လျှင် မဟာအုပ်စိုးရှင်တစ်ပါး၏ သက်တမ်းသည် နှစ်ပေါင်းသောင်းချီ၍ နေနိုင်လေသည်။

ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်း ၃၀၀ ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည့် အချိန်လေးသာ...။

ထိုစဉ် အိုမင်းသောအသံတစ်သံက လျှပ်စီးများကြားသို့ ပဲ့တင်ထပ်လာသည်။

"မဟာအုပ်စိုးရှင် ရှန်လဲ့၊ မတွေ့ရတာ ကြာပြီနော်။"

အသံနှင့်အတူ ဆံပင်ဖြူအဘိုးအိုတစ်ယောက် ကိုမြင်လိုက်ရ၏။

ထိုအဘိုးအိုက အခြားသူမဟုတ်ပေ ၊ ပိုင်ရှီး၏ဆရာဖြစ်သည်။

ရှန်လဲ့၏မျက်ခုံးများ တွန့်ချိုးသွားပြီး လက်ချောင်းများကိုတစ်ချက်လှုပ်ရှားလိုက်ရာ လျှပ်စီးကြောင်းတစ်ခုက ဧည့်သည်အဖိုးအိုထံသို့ လျှပ်တပြတ် ပြေးဝင်သွားသည်။

"မင်းက လူကြီးဖြစ်ပြီး လူကြီးလို မနေဘူး၊ တံခါးမခေါက်ဘဲ ဘာလို့ ဝင်လာတာလဲ။ ငါ့ခန္ဓာကိုယ်က အဲ့လောက်တောင် စိတ်ဝင်စားဖို့ ကောင်းနေလို့လား။"

ဆံပင်ဖြူအဖိုးအိုမှာ စိတ်မဆိုးဘဲ တဟားဟားတိုက် ရယ်မောလိုက်သည်။

သူက လျှပ်စီးကြောင်းကို လက်တစ်ဖက်ဖြင့် ဖယ်ရှားလိုက်ပြီး-

"မင်းက အချိန်ပြည့်ဒေါသချည်းပဲ ၊ ဒါကြောင့်လည်း ခုလိုခံစားနေရတာ "ဟု အပြစ်တင်သည်။

ရှန်လဲ့က ထပ်မံမတိုက်ခိုက်တော့သော်လည်း စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။

"လာရင်းကိစ္စကိုပြော ..."

"မင်းက ထိုက်တန်တဲ့ တပည့်တစ်ယောက်ကို ရှာနေတာ မဟုတ်လား။ အခု ငါ ရှာတွေ့ထားပြီ။"

ရှန်လဲ့က အဘိုးအို၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်၏။

"သူတို့ကသာ အားနည်းနေမယ်ဆိုရင် ငါ အလုပ်ရှုပ်မခံနိုင်ဘူး။"

"လုံးဝ အားမနည်းဘူးဟ။ ငါက ကံကြမ္မာသားတော်ကို လေ့ကျင့်ပေးနေရလို့သာ ၊ မဟုတ်ရင် ဒီလောက် အလားအလာရှိတဲ့ တပည့်ကို မင်းလက်ထဲ ထည့်ပေးမှာ မဟုတ်ဘူး။"

"ပြောတာပဲ..."

ဆံပင်ဖြူအဖိုးအိုသည် ကျိယွမ်၏အကြောင်းကို ရှန်လဲ့အား ပြောပြလိုက်သည်။

"ဒဏ္ဍာရီအဆင့်လား။"

ရှန်လဲ့ အနည်းငယ် အံ့သြသွားသည်။

ဒဏ္ဍာရီအဆင့် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်သည် မဟာအုပ်စိုးရှင်တစ်ဦး ဖြစ်လာရန် အသေအချာပင်ဖြစ်သည်။

"သူပြောတဲ့စကားအရဆိုရင် အဲ့ဒီနတ်ဘုရားနဲ့ အဆင့်အတန်းတူတဲ့ စစ်မှန်နတ်ဘုရား တွေ နောက်ထပ် သုံးပါးတောင် ရှိသေးတယ်တဲ့"

အဖိုးအိုက ထပ်ပြောလိုက်သည်။

"ဒီ ကောင်းကင်ဘုံနတ်မင်းလေးပါးဆိုတာကို.. ဘာလို့ ငါ တစ်ခါမှ မကြားဖူးတာပါလိမ့်။ ပြီးတော့ ကောင်းကင်ဟိန်းဟောက်နတ်ခွေး ၊ မြေစောင့်နတ်နဲ့ နတ်ဘီလူးစစ်သည်တော်ဆိုတာတွေလည်း ငါတစ်ခါမှကို မကြားဖူးဘူး"

ရှန်လဲ့က မယုံနိုင်သလိုရေရွတ်ကာ ထိုအမည်များကို သတိရနိုးနိုး ဖျစ်ညှစ်ကာစဥ်းစားနေသည်။

ဒီနတ်ဘုရားတွေက ဘယ်တုန်းကနတ်ဘုရားတွေလဲ ။

ဆံပင်ဖြူအဖိုးအိုလည်း သူ၏စကားကိုထောက်ခံ၏။

"ငါလည်း အဲ့ဒီနတ်ဘုရားတွေအကြောင်း မကြားဖူးဘူး"

"ဟုန်ထန်တိုက်ပွဲဖြစ်တုန်းက ရှေ့တန်းစစ်မျက်နှာပြင်မှာ တစ်ခါမှ ထွက်မလာဖူးတဲ့ နတ်ဘုရားမျိုးနွယ်စုတွေ ဖြစ်နေမလား"

ရှန်လဲ့က ရှုထောင့်တစ်မျိုးမှ ခန့်မှန်းသည်။

ဟုန်ထန်တိုက်ပွဲကြီးအတွင်း၌ နတ်ဘုရားအားလုံးက ဗြောင်ကျကျ တိုက်ခိုက်ခဲ့ကြသည်မဟုတ်ဘဲ အချို့မျိုးနွယ်စုများမှာ လျှို့ဝှက်သော တာဝန်များကို ထမ်းဆောင်ခဲ့ကြသည်များလည်း ရှိခဲ့သည်။

"ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက ဒီတပည့်လောင်းကို မင်းသဘောကျရဲ့လား ဆိုတာပဲ။"

ရှန်လဲ့က အနည်းငယ်စဥ်းစားပြီး ခေါင်းညိတ်သည်။

"သိပ်တော့မဆိုးပါဘူး"

ရှန်းလဲ့က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သော်လည်း ရင်ထဲမှာတော့ သိသိသာသာ စိတ်လှုပ်ရှားနေသည်။

"သူ ပုံရိပ်ဖော်ထားတဲ့ နတ်ဘုရားတွေက ဘယ်သူတွေမှန်း မသိရသေးဘူး။ ဖြစ်နိုင်တာက လျှပ်စီးကို စိုးမိုးတဲ့ နတ်ဘုရားတစ်ပါးကို သူ သိထားနိုင်တယ်၊ အဲ့ဒါဆိုရင် မင်းဒဏ်ရာတွေ ကုစားဖို့ အထောက်အကူ ဖြစ်လိမ့်မယ်။"

ရှန်လဲ့၏ မျက်နှာကမဲ့သွားသည်။

"မင်းက အဝေးကြီး လျှောက်တွေးနေတာပဲ။ အဲ့ဒါမျိုးဖြစ်ဖို့ အနည်းဆုံး ဒဏ္ဍာရီအဆင့် နတ်ဘုရားကို ပုံရိပ်ဖော်နိုင်ဖို့လိုတယ် ၊ သူ့မှာ နောက်ထပ်မရှိနိုင်တော့ဘူး"

သူက စကားဆုံးသည်နှင့် ဆံပင်ဖြူအဖိုးအိုကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

"ငါ အဝတ်အစားလဲရဦးမယ်။ သွားတော့ "

ဆံပင်ဖြူအဖိုးအိုက သူ၏ကန်ချက်ကို ပွတ်ကာသီကာရှောင်ကာ ရယ်မောရင်း "ရှန်လဲ့၊ မင်း အရင်တုန်းကလိုတော့ မဆင်မခြင် မလုပ်နဲ့ဦး" ဟု သတိပေးလိုက်သည်။

ရှန်လဲ့သည် အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး တိုက်ပွဲများတွင် လူမိုက်တစ်ယောက်လို ရှေ့ဆုံးမှ ဇွတ်တိုးတတ်သူ ဖြစ်သည်။

အကယ်၍ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူသည် မဟာအုပ်စိုးရှင်နှစ်ပါးကို သူတစ်ယောက်တည်းနှင့် မဆင်မခြင် မတိုက်ခိုက်ခဲ့ပါက ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများကို ခံစားရမည် မဟုတ်ပေ။

"မင်းအကြံပေးတာကို ငါကလိုအပ်မနေဘူး"

ရှန်လဲ့က ဘုကလန့်ပြောရင်း အဖိုးအိုကို မျက်စောင်းထိုး ကြည့်လိုက်သည်။

"သနားစရာ ကောင်းတဲ့ ကောင်လေးပဲ၊ ဘယ်သူပဲ မင်းရဲ့ တပည့်ဖြစ်လာဖြစ်လာ မင်းလိုမိုက်မဲ့တဲ့ဆရာသမားကို မဆင်မခြင် မလုပ်ဖို့ တပည့်က ခဏခဏ ဖျောင်းဖျနေရမှာ သေချာတယ်"

အဖိုးအိုက ထိုသို့ပြောပြီးနောက် ရှန်လဲ့၏ တောက်ထပ်ခြေကန်ချက်မလာခင် လျှင်မြန်စွာ ပြန်ပြေးသွားလေသည်။

အဘိုးအိုပြန်ပြေးသွားသည်ကို ကြည့်နေရင်းမှ ရှန်လဲ့၏မျက်နှာက လေးနက်သွားသည်။

" ငါ ခရီးထွက်ဖို့ ပြင်ဆင်ရမယ်"

သူ့ကဲ့သို့ မဟာအုပ်စိုးရှင်များပင် မြောက်ပိုင်း ကျဆုံးနယ်မြေထဲသို့ ဝင်ရောက်ခြင်းမှာ အထူးသတိထားရမည့် ကိစ္စဖြစ်သည်။ မဟုတ်ပါက သေခြင်းတရားနှင့် ရင်ဆိုင်ရနိုင်၏။

ကျဆုံးနယ်မြေတွင် မဟာအုပ်စိုးရှင်အဆင့် တစ်ပါးထက်မက ရှိနေ၏ ။ မြောက်ပိုင်းမှာဆိုလျှင် ကောင်းကင်ဘုံသို့ ခြေငါးလှမ်းအထိ တက်လှမ်းထားသော မဟာအုပ်စိုးရှင်တစ်ပါးပင် ရှိနေသည်ကို သူသိထားသည်မဟုတ်ပါလား။

ရှန်လဲ့ မည်မျှပင် မိုက်မဲပါစေ အနေဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တိုက်ခိုက်ရန် စိတ်ပင်မကူးရဲပေ။

တစ်ရက်ကြာပြီးနောက် ဖေးဟွမ်မြို့တွင်ဖြစ်သည်။

ဝမ်ဝမ်ချီသည် ပြတင်းပေါက်မှနေ၍ တဖွဲဖွဲရွာသွန်းနေသော မိုးစက်များကို ဝမ်းနည်းကြေကွဲစွာ ငေးကြည့်နေသည်။ သူမသည် ကျန်းတိုင်းပြည်မှ သူမ၏မိသားစုဝင်များနှင့် သူမ၏ဘိုးဘေးအကြောင်းကို ပြန်တွေးကာ မျက်ရည်များပင် ဝဲလာမိ၏။

ဘေးနားရှိ အစေခံမလေးသည်လည်း အုံ့မှိုင်းသော ရာသီဥတုကြောင့် စိတ်မကောင်းဖြစ်နေပုံရသည်။

"သခင်မလေး၊ ကျွန်မတို့ ဖေးဟွမ်မြို့ကနေ ဘယ်တော့ ထွက်သွားကြမှာလဲ။ ကျန်းတိုင်းပြည်က နှင်းတွေကို ပြန်မြင်ချင်မိတယ်"

လင်းတိုင်းပြည်တွင် မိုးရွာနေသော်လည်း ကျန်းတိုင်းပြည်မှာတော့ ယခုအချိန်ဆိုလျှင် နှင်းများ ကျနေမည် ဖြစ်သည်။

ဝမ်ဝမ်ချီသည် အပြင်ဘက်ကို မှိုင်တွေစွာ ငေးကြည့်ရင်း "ငါလည်း မသိဘူး" ဟု မရေမရာ ပြန်ဖြေလိုက်၏။

မူလက သူမသည် ဘိုးဘေး၏ ညွှန်ကြားချက်အရ မူလနတ်ဘုရားကို ရှာရန် ဖေးဟွမ်မြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ မူလနတ်ဘုရားသည် နတ်ဘုရားသစ်များနှင့် ပူးပေါင်းနေပြီဟု သတင်းများ ထွက်နေ၏။

သူမ၏ ဘိုးဘေးမှာ မိစ္ဆာနတ်ဘုရားတစ်ပါး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ထို့ကြောင့် သူမအနေဖြင့် ဘိုးဘေး၏ အမွေအနှစ်ပစ္စည်းများကို သစ္စာဖောက်မူလနတ်ဘုရားအား မည်သို့ ပေးအပ်နိုင်တော့မည်နည်း။

ယနေ့ အစောပိုင်းက မြို့တော်ဝန်နန်းတော်တွင် သူမသည် ဖေးဟွမ်မြို့၏ အရေးပါသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။

မူလနတ်ဘုရားသည် အသက်ရှင်သန်နိုင်ရေးအတွက် နတ်ဘုရားသစ်များနှင့် ပူးပေါင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အများစုက ယုံကြည်နေကြ၏။

အတိတ်ကာလကဆိုလျှင် သူမသည် ထိုကဲ့သို့သော သူများကို ကိုယ်ချင်းစာနိုင်ကောင်း စာပါလိမ့်မည်။ သို့သော် လုတိုင်းပြည်မှ မိတ်ဆွေတစ်ဦး၏ သစ္စာဖောက်မှုကြောင့် သူမ၏ဘိုးဘေးသေဆုံးခဲ့ရခြင်းက သူမ၏ ရင်ထဲတွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်နေပြီး သစ္စာဖာက်များကို အလွန်မုန်းတီး၏။

ထို့ကြောင့် နောက်ထပ်သစ္စာဖောက်တစ်ယောက်ဖြစ်သော မူလနတ်ဘုရားကို သူမအလွန်မုန်းတီးနေခဲ့လေပြီ။

"ဒါတွေအားလုံးက ခေတ်သစ်မိစ္ဆာနတ်ဘုရားတွေဘက်ကို ပါသွားတဲ့ မူလနတ်ဘုရားရဲ့ အမှားတွေပဲ"

အစေခံမလေးက မခံမရပ်နိုင် ဖြစ်ကာ အော်ဟစ်လိုက်သည်။

ယခုအခြေအနေတွင် ဝမ်ဝမ်ချီသည် လမ်းပျောက်နေသကဲ့သို့ ခံစားနေရပြီး သူမ၏ အနာဂတ်အတွက်လည်း မျှော်လင့်ချက် ကုန်ဆုံးနေသဖြင့် အပြင်မှ မိုးရေစက်များက်ုသာ အဓိပ္ပါယ်မဲ့ငေးမောနေမိသည်။

ထိုစဉ် သူမက ခြေသံအချို့ ကြားလိုက်ရပြီး ထီးတစ်ချောင်း ဆောင်းထားသော အမျိုးသားတစ်ဦးသည် မိုးထဲရေထဲတွင် လျှောက်လှမ်းလာနေသည်ကို ရုတ်တရက်မြင်လိုက်ရ၏။

သူက ထီးကို အပေါ်သို့ မြှင့်လိုက်သောအခါ သန့်ရှင်းသပ်ရပ်ပြီး ချောမောသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။

ဝမ်ဝမ်ချီက သူမ၏ရှေ့မှ သူစိမ်းကို နားမလည်သလိုကြည့်နေစဥ် ကြည်လင်သောအသံထွက်ပေါ်ခဲ့သည်။

"နင်က တျန်းပေါင်နတ်ဘုရားနဲ့ တွေ့ဖူးလား"

ဝမ်ဝမ်ချီက ငေးနေရာမှ ခေါင်းညိတ်ပြသည်။

"ဘိုးဘေးကို တွေ့ဖူးပါတယ်၊ ဒါပေမဲ့ ခဏခဏတော့ မဟုတ်ဘူး"

"ဒါဆို သူ့အကြောင်းက်ု အသိဆုံးလူက ဘယ်သူလဲ"

အမျိုးသားက ထပ်မေးသည်။

ဝမ်ဝမ်ချီ၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ယှက်သန်းသွားပြီး မာကျောစွာဖြေလိုက်သည်"

"လုတိုင်းပြည်က ကျန်းဖုန်းပဲ"

"သူက စစ်မှန်နတ်ဘုရားလား။"

"ကောင်းကင်ဘုံကို ခြေသုံးလှမ်း တက်လှမ်းထားတဲ့ စစ်မှန်နတ်ဘုရားပါ"

"ဒါဆိုရင်... သူက တျန်းပေါင်နတ်ဘုရားအကြောင်းကို ကောင်းကောင်း မှတ်မိနေမှာပေါ့"

ထီးစောင်းထားသော အမျိုးသားက မှတ်ချက်ချသလို တိုးတိုးလေး ရေရွတ်သည်။

ထို့နောက် သူက ဝမ်ဝမ်ချီကို စေ့စေ့စပ်စပ်ကြည့်ပြီး မေးသည်။

"ငါက ကျိယွမ်ပါ၊ နင့်ရဲ့ဘိုးဘေးနဲ့ ပုံရိပ်ဖော်အဖွဲ့ထဲမှာ ခင်ခဲ့တဲ့ သူငယ်ချင်းပေါ့။ ဝမ်ဝမ်ချီ... နင် စစ်မှန်နတ်ဘုရားတစ်ပါးကို သတ်ချင်လား။"

"ဘာ.."

ဝမ်ဝမ်ချီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူက အဲဒီသစ္စာဖောက်လား။

စိတ်လှုပ်ရှားမှုနှင့်အတူ ဒေါသစိတ်ကြောင့် သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွား၏။

သူမ၏နောက်က အစေခံမလေးမှာ စိုးရိမ်တကြီးဖြင့် တားမြစ်သည်။

"သခင်မလေး၊ မယုံပါနဲ့ ..သူက မိစ္ဆာနတ်တွေဘက်ကို ပါသွားတဲ့ မူလနတ်ဘုရားပဲ"

ဝမ်ဝမ်ချီ တွေဝေနေသည်။

သစ္စာဖောက်များကို သူမအလွန်မုန်းတီးသည်။ အထူးသဖြင့် မိစ္ဆာနတ်ဘုရားများနှင့် ပူးပေါင်းသူများပင်။

"ရှင်က မိစ္ဆာတွေနဲ့တကယ်ပူးပေါင်းသွားတာလား ."

ဝမ်ဝမ်ချီ၏ မေးခွန်းကို ကျိယွမ်က မဖြေပါ။

သူက ထီးနှုတ်ခမ်းသားမှ စီးကျနေသောမိုးရေစက်များကို သူ၏ရှည်လျားသောလက်ချောင်းများဖြင့် ညင်သာစွာ တို့ထိခံယူရင်းမှ တည်ငြိမ်စွာထပ်မေး၏။

"နင် စစ်မှန်နတ်ဘုရားကို သတ်ချင်လား"

ဝမ်ဝမ်ချီသည် ကျိယွမ်၏ ချောမောသောမျက်နှာကို စူးစိုက်ကြည့်နေသည်။ထို့နောက် သူ၏ ကြည်လင်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး အေးစက်စွာတုန့်ပြန်လိုက်သည်။

"ကျွန်မ... သတ်ချင်တယ်"

သူမသည် စကားဆုံးသည်နှင့် ပြတင်းပေါက်ဘောင်ပေါ်မှ လွှားခနဲခုန်ချလိုက်သည်။

တစိမ့်စိမ့်ရွာနေသော မိုးရေစက်များအောက်တွင် ထီးဆောင်းထားသည့် လုလင်ပျိုတစ်ယောက်နှင့် မိုးရေများစိုနေသော မိန်းမပျိုတစ်ယောက်သည် တိတ်ဆိတ်စွာဖြင့် မျက်နှာချင်းဆိုင် ရပ်နေကြတော့သည်။

...............

နတ်ဘုရားအသစ် ဆင်းသက်လာမည့်နေ့ နီးကပ်လာလေပြီ။

ဖေးဟွမ်မြို့သူမြို့သားများမှာလည်း ပို၍ စိုးရိမ်လာကြသည်။

ဟွမ်မုန့်ရင်၏ လှပသောမျက်နှာလေးမှာ ပင်ပန်းနွမ်းနယ်နေဟန် ရှိသည်။

"မူလနတ်မင်းက တကယ့်ကို ခေါင်းမာတာပဲ။ သူ့ကို ဖျောင်းဖျလို့ မရဘူး"

နတ်ဘုရားရူယွီက စိတ်ပျက်သလို ညည်းညူ၏။

ဖျောင်းဖျ၍ မရခြင်းထက် သူက မကြိုးစားရဲခြင်း ဖြစ်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် မူလနတ်ဘုရားက အဲ့ဒီနတ်ဘုရားသစ်ကို တစ်ခုခု လုပ်ဖို့ စီစဉ်နေတာလို့ ငါထင်တယ်"

နန်းကုန်းဝူကျိက သူ၏အမြင်ကို ထုတ်ဖော်လာ၏။

"မဟုတ်ရင် ဝမ်ဝမ်ချီက သူနဲ့အတူ ချင်းရွှေကျေးရွာကို လိုက်သွားဖို့ သဘောတူမှာ မဟုတ်ဘူး။"

ထိုစကားကြောင့် အခြားသူများ တိတ်ဆိတ်သွားကြသည်။

ရူယွီက မငြင်းပါ ။ သို့သော် အားပေးပုံလည်းမရှိပေ။

"သူက သတ္တိရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲ့ဒါက နတ်ဘုရား အပေါက်သုံးခုရှိတဲ့ စစ်မှန်နတ်ဘုရားလေ။ သူက ဘယ်လိုလုပ် အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကို စီမံနိုင်မှာလဲ"

သူက ကျိယွမ်၏ စိတ်ကူး နားမလည်နိုင်ဖြစ်နေ၏။

အခြားသူများကလည်း အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြသည်။

သူက ဘာလုပ်ဖို့ စီစဥ်နေတာလဲ။

သူ့အစီအစဥ်သာ ကျရှုံးရင် ငါတို့အားလုံးလည်း ပျက်စီးပြီပဲ။

ထိုစဉ် လျှို့ဝှက်ဆန်းပြားသော အသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။

"နောက် သုံးရက်နေလို့... ကပ်ရောဂါသခင်ဆင်းသက်လာတဲ့အခါ၊ အဲ့ဒီလူငယ်လေးကို ကူညီတဲ့အနေနဲ့ ငါ လှုပ်ရှားမယ်။"

"ဟင်.."

အားလုံးအထိတ်တလန့် ဖြစ်သွား၏။

ဒီ ရင်းနှီးနေတဲ့အသံက ။

"အရှင်မြတ်ယွမ်.."

"ဟားဟားဟား ..အရှင်မြတ်ယွမ်ပဲ"

အခန်းထဲတွင်ရှိနေသူများအားလုံး ဝမ်းသာအားရ ဖြစ်ကုန်ကြသည်။

"စက်ဝိုင်းနတ်ဘုရား...အရှင် နိုးထလာပြီလား"

နန်းကုန်းဝူကျိက ရိုသေစွာမေးလိုက်၏။

သို့သော် မည်သည့် တုံ့ပြန်မှုမျှ ထပ်မံ ထွက်ပေါ်မလာတော့ပေ။

ငါတို့ပဲ နားကြားမှားတာလား။

အချင်းချင်းပြန်ကြည့်မိကာ ဇဝေဇဝါဖြစ်သွားကြ၏။

အတန်ကြာမှ နန်းကုန်းဝူကျိက သက်ပြင်းချကာ တီးတိုးရေရွတ်သည်။

"ယွမ်အရှင်မြတ်က အပြည့်အဝမနိုးထသေးဘူး"

စက်ဝိုင်းနတ်ဘုရားသည် ပြန်လည် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း စက်ဝိုင်းနတ်ဘုရား ပါဝင်လာမည် ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ပြန်လည် ရှင်သန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ချင်းရွှေကျေးရွာ၌ ကျိယွမ်သည် သူ၏ ရှေ့ရှိ ယဇ်ပလ္လင်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

"ဒါဆိုရင် ကပ်ရောဂါသခင်က နောက် သုံးရက်နေရင် ဒီကို ဆင်းသက်လာမှာပေါ့"

ပိန်လှီပြီး အားနည်းနေဟန်ရှိသော မိစ္ဆာနတ်ဘုရားက ခေါင်းညိတ်ကာ "ဟုတ်ပါတယ်" ဟု ဖြေသည်။

သူသည် ကျိယွမ်ဟူသော ဤမိစ္ဆာကောင်ကို အလွန် ကြောက်ရွံ့နေသည်။

ကျိယွမ်က ပြုံးလိုက်သည်။

"အချိန်တွေ မြန်မြန် ကုန်ဆုံးသွားဖို့ ငါ မစောင့်နိုင်တော့ဘူး။ သန်ဘက်ခါကို မြန်မြန် ရောက်စေချင်လှပြီ။"

စစ်မှန်နတ်ဘုရားတစ်ပါး ကျဆုံးသွားသောအခါ မည်သို့သော စားပွဲသောက်ပွဲမျိုး ပြုလုပ်လျှင် သင့်တော်မည်နည်း။

ကွမ်ဖုန်းမြို့လေးမှာဆို မသင့်တော်ဘူးထင်တယ် ။ ဖေးဟွမ်မြို့မှာ လုပ်သင့်လား။

ကျိယွမ်က ထိုသို့တွေးကာ ဆုံးဖြတ်လိုက်သည်။

ယခုတစ်ကြိမ်ကို ဖေးဟွမ်မြို့၌ ခမ်းနားကြီးကျယ်စွာ ကျင်းပရမည် ဖြစ်သည်။

မိစ္ဆာနတ်ဘုရားမှာ ကျိယွမ်၏ စကားကြောင့် တုန်လှုပ်သွားပြီး သူ့အားမမြင်ဖူးသူလို ကြည့်နေ၏။

စစ်မှန်နတ်ဘုရားကိုတောင် သူက မကြောက်တာလား။ သူ့ခေါင်းက တစ်ခုခုတော့ တစ်ခုခုပဲ။

သို့သော်သူက ထုတ်မပြောရဲပါ။ ထိုသတ္တဝါက သူတို့လို မိစ္ဆာများထက်ပင်ပို၍ မိစ္ဆာဆန်၏။

ငါတို့မိစ္ဆာတွေတောင် သူ့လောက်မမိစ္ဆာဘူး။

ကျိယွမ်ကတော့ သူ၏အတွေးကိုမသိပါ ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ကာ စဉ်းစားခန်း ဝင်နေသည်။

ခဏအကြာတွင် လူတစ်ယောက် ရောက်လာပြီး သူ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလေ၏

ချီယွမ်၏ မျက်နှာမှာ အံ့သြဟန်သို့ ပြောင်းလဲသွားခဲ့သည်။

"စက်ဝိုင်းနတ်ဘုရားက လှုပ်ရှားတော့မယ် ဟုတ်လား။"

ကျိယွမ်က အနည်းငယ်စဥ်းစားပြီး စိတ်ညစ်သွားသောမျက်နှာဖြင့် ညည်းညူသည်။

"ဒါ သတင်းဆိုးပဲ..သူကဘာလို့ အိပ်မနေရတာလဲ"

သူနောက်တွင် ကုပ်ချောင်းချောင်းရပ်နေသော မိစ္ဆာနတ်ဘုရားမှာ ကျိယွမ်အား နားမလည်နိုင်သလိုကြည့်နေမိသည်။

လူသားတွေဘက်မှာ စစ်မှန်နတ်ဘုရားတစ်ပါးရလာတာ လူသားတွေအတွက် သတင်းကောင်းမဟုတ်ဘူးလား။

သူက တကယ်ပဲ ငါ့တို့မိစ္ဆာတွေဘက်ကများလား။

ကျိယွမ် သူ၏ ဘေးတွင်ထိုင်ကာ ပိပါတူရိယာကို လှပစွာ တီးခတ်နေသော မိန်းမပျိုလေးအား မေးလိုက်သည်။

"ဝမ်ဝမ်ချီ ...ကပ်ရောဂါသခင်က ကြောက်ပြီး မဆင်းလာဘဲနေရင် ဘယ်လိုလုပ်မလဲ"

စစ်မှန်နတ်ဘုရားယွမ်အရှင်မြတ်နိုးထလာသည်ကို ကြားလျှင် ကပ်ရောဂါသခင်အနေဖြင့် ဆင်းလာရန်တွေဝေသွားနိုင်၏။

ဒီလိုလုပ်လို့ မရဘူးနော် ။ မင်း ဆင်းလာမှကိုဖြစ်မှာ။

သူသည် ကပ်ရောဂါနတ်ဘုရားကို သတ်ရန် အစီအစဉ်အား မည်သူ့ကိုမျှ မပြောပြခဲ့ပေ။

အကယ်၍ ကပ်ရောဂါသခင်သာ ကြောက်ချီးပါပြီး ထွက်ပြေးသွားလျှင် အားလုံးအလကားဖြစ်ကုန်လိမ့်မည်။

ထိုအကြောင်းကြောင့်ပင် သူသည် ဝမ်ဝမ်ချီအား အရှေ့ဘက်ကောင်းကင် နတ်မင်း၏ပုံရိပ်ကို ပေးထားခဲ့သော်လည်း စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ရတနာများကို မစားသုံးခိုင်းသေးခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဝမ်ဝမ်ချီသည် ခရမ်းရောင်နန်းတော်အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးကို စစ်မှန်နတ်ဘုရား ဖြစ်လာစေရန် ကူညီပေးနိုင်သည့် ရတနာငါးမျိုးကို ယူဆောင်လာခဲ့သည်။

ချီယွမ်သည် တျန်းပေါင်နတ်ဘုရားနှင့် တစ်ခါမျှ မဆုံဖူးသော်လည်း အလွန်ပင် ကျေးဇူးတင်မိသည်။ ထို့အတူပင် သစ္စာဖောက်ကျန်းဖုန်း ဟူသော အမည်ကိုလည်း သူ မှတ်သားထားသည်။

"သူ ကြောက်မှာ မဟုတ်ဘူး။ စက်ဝိုင်းနတ်ဘုရားက ဒဏ်ရာပြင်းထန်လို့ အိပ်ပျော်နေတာ ကြာပြီ။ နိုးလာရင်တောင် အားသိပ်ရှိမှာ မဟုတ်ဘူး"

ဝမ်ဝမ်ချီက ပီပါတူရိယာကို တီးခတ်မှုအားရပ်ကာ ပြန်ဖြေသည်။

"ကောင်းပြီ။ သူ မဆင်းလာမှာကိုပဲ ငါ စိုးရိမ်နေတာ။"

ကျိယွမ်က ထိုသို့ပြောပြီး ယဇ်ပလ္လင်ကို ပြင်ဆင်မှုများလုပ်ဆောင်နေကြသူများကို ဆော်သြလိုက်၏။

"သေသေချာချာလုပ်ကြစမ်း ၊၊ ပလ္လင်ကိုမြင်တာနဲ့ နတ်ဘုရားက ခုန်ချချင်စိတ်ပေါက်လာတာမျိုး လိုချင်တယ်"

အလုပ်သမားများကို ဦးဆောင်နေသော ရှန်ထူမှာ သူ၏နတ်ဘုရားအား ကြည့်ကာ မချိပြုံးလေးပြုံးပြသည်။

ပလ္လင်မြင်ရုံနဲ့ခုန်ချလာတဲ့ စစ်မှန်နတ်ဘုရားဆိုတာ ရှိလို့လား။

ဝမ်ဝမ်ချီက သူမ၏ဘေးတွင် မားမားရပ်နေသော ကျိယွမ်ကို မော့ကြည့်မိ၏။

သူက တစ်မျိုးပဲ။

ချီချီနှင့်ရှောင်းရွှယ်တို့ကတော့ အရေးမလုပ်ပါ ။

" ဒါက ငါ့အရိုးနုနော် နင်မညစ်နဲ့။"

"အာ...သခင်မလေး အနိုင်မကျင့်ပါနဲ့ ၊ ဒါက ကျွန်မသေချာကျွေးမွေးထားတဲ့ဝက်ပဲ ၊ ကျွန်မကြိုက်တာ စားသင့်တာပေါ့"

ထိုအချိန်မှာပင် အမည်မသိသော ဟင်းလင်းပြင်တစ်နေရာ၌ အသံတစ်သံ ပဲ့တင်ထပ်နေခဲ့သည်။

"ကပ်ရောဂါသခင် ..တစ်ယောက်ယောက်က မင်းကို ထောင်ချောက်ဆင်ထားမှာ မကြောက်ဘူးလား။"

"ဟမ့်၊ အဲ့လောက်အထိ ငါက သူရဲဘောကြောင်နေရင် စစ်မှန်နတ်ဘုရား ဖြစ်လာမှာ မဟုတ်ဘူ"

"ဒါဆို မင်း ဘာလို့ နတ်ဘုရားစွမ်းအားတွေကို သုံးပြီး အစောကြီး ဆင်းသက်ဖို့ ကြိုးစားနေတာလဲ။"

"အဲ့ဒီကောင်လေးက ထူးဆန်းလွန်းတယ်။ သူ့ကို အချိန် ထပ်ပေးလို့ မဖြစ်တော့ဘူး။"

"ဒါဆိုလည်း ခရီးလမ်း ချောမွေ့ပါစေ"

ကပ်ရောဂါသခင်သည် ထိုအသံကို ဂရုမစိုက်တော့ဘဲ ကာရံထားသော အလွှာပါးထဲသို့ လှမ်းဝင်လိုက်သည်။

ရုတ်တရက် အလွန်ကြီးမားသော နှလုံးခုန်သံနှင့် တစ်ခုခုကို ဝါးစားနေသော အသံများ က လေထုထဲတွင် ပြည့်နှက်သွားလေ၏။

ကပ်ရောဂါသခင်၏ နတ်ဘုရားစွမ်းအားများမှာ လျင်မြန်စွာ လျော့နည်းလာသည်။သို့သော်လည်း သူ၏ နတ်ဘုရား အပေါက် သုံးခုအထက်တွင်တော့ အားကောင်းသော အလင်းတန်းများ တောက်ပနေသည်။

"ဆာလောင်တယ် ၊ ငါအရမ်း ဆာလောင်နေပြီ"

ကပ်ရောဂါသခင်သည် ဆာလောင်မှုကို မခံမရပ်နိုင် ဖြစ်ကာ ဟိန်းဟောက်လိုက်သည်။

ကြီးမားသော ဆာလောင်မှုဒဏ်ကြောင့် သူသည် မိမိ၏ အသားကိုပင် မိမိ ပြန်လည် လှီးဖြတ်စားသောက်ချင်စိတ်များ တဖွားဖွား ပေါ်လာသည်။

လူသားတိုင်းပြည်ရောက်တာနဲ့ တွေ့ရာအကုန် စားပစ်မယ် ။ ဂလု..ဂလု ..။

အချိန်အတော်ကြာပြီးနောက် ဆာလောင်မွတ်သိပ်နေသော ကပ်ရောဂါသခင်သည် ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်။

"လူသားကမ္ဘာ... ငါ နောက်ဆုံးတော့ ရောက်လာပြီ"

သူက ယဇ်ပလ္လင်ရှိရာ ကွမ်ဖုန်းမြို့သို့ ဦးတည်လ်ုက်၏။

"ငါလာပြီ စားစရာလေးတွေ ။ ဟားဟား ဟားဟား"

ကွမ်ဖုန်းမြို့၏ ညကောင်းကင်ယံ၌ အလွန်ကြီးမားသော ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ပုံရိပ်ကြီးသည် အလွန်အမင်း ပျော်ရွှင်နေဟန်ဖြင့် အော်ဟစ်နေပြီး စစ်မှန်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါသည် ကမ္ဘာမြေအနှံ့ ပျံ့နှံ့သွားကာ လောကကြီးတစ်ခုလုံး မကောင်းသော မြူနှင်းများဖြင့် ဖုံးလွှမ်းသွားသကဲ့သို့ ခံစားရသည်။

ကွမ်ဖုန်းမြို့သားများမှာ မခံစားနိုင်အောင် ထိတ်လန့်သွားကြသည်။

"ကပ်ရောဂါသခင်က... အစောကြီး ဆင်းသက်လာပြီ"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သုံးရက်မပြည့်သေးဘူးလေ "

ဖေးဟွမ်မြို့၏ မြို့တော်ဝန်နန်းတော်ရှိ အားကောင်းသော ပုဂ္ဂိုလ်များမှာလည်း ထိုအရှိန်အဝါကို ခံစားမိကြပြီး မျက်နှာများ ဖြူဖျော့ကုန်ကြသည်။

"သူက ခန့်မှန်းထားတာထက် အစောကြီး ဆင်းသက်လာပြီ ၊ သူက ခြိမ်းခြောက်မှုကို သိသွားတာ ဖြစ်ရမယ်။ ငါတို့တော့ သွားပြီ"

"စက်ဝိုင်းနတ်ဘုရားကော ၊ သူ အခုထိ မနိုးသေးဘူးလား။"

ဟွမ်မုန့်ယင်သည် ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ပုံရိပ်ကြီးကို ကြည့်ကာ မျက်နှာပျက်နေသည်။

"သူက စောပြီးဆင်းလာတော့ စက်ဝိုင်းနတ်ဘုရားက အချိန်မီ မနိုးနိုင်တော့ဘူး။ အခုတော့ မူလနတ်ဘုရားအပေါ်မှာပဲ မူတည်တော့တယ်။"

နန်းတော်ရှိ လူတိုင်းမှာ အဆုံးစွန်သော ဘေးဒုက္ခကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေကြရသည်။

ထိုအချိန်တွင် ကျိယွမ်သည်လည်း ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ပုံရိပ်ကြီးကို ကြည့်ကာ အံ့သြသလိုဖြစ်နေ၏။

သူက ဘာလို့စောပြီး ဆင်းလာတာလဲ။

အတန်ကြာမှ သူကသဘောပေါက်သွားကာ ပြုံး၏။

"နောက်ဆုံးတော့ ဦးနှောက်ကို သုံးတတ်လာပြီပေါ့၊ ဒါပေမဲ့ သိပ်တော့ မထူးပါဘူး"

ထိုအချိန်ကို စောင့်နေပုံရသော ဝမ်ဝမ်ချီသည် ထိုပုံရိပ်ကို မြင်သည်နှင့် ယင်းရှင်းကျောက်တုံးကို ချက်ချင်း မျိုချလိုက်သည်။

ချက်ချင်းဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ နတ်ဘုရားစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဘုရား အပေါက်တစ်ခုမှာလည်း လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

သူမသည် စစ်မှန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိရန်မှာ လက်တစ်ကမ်းအလိုသာ ရှိတော့သည်။

ထိုစဉ်မှာပင် စိတ်အေးလက်အေးပြုံးနေသော ကျိယွမ်၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။

"ဒုက္ခပဲ၊ တစ်ယောက်ယောက်က ငါ့သားကောင်ကို လုတော့မယ်"

သူ၏စကားပင်မဆုံးသေးပါ တဟားဟားဟား ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ဟားဟား ဟားဟားဟား ၊ တပည့်ကောင်းလေး၊ ငါ မင်းကို လက်ဆောင်တစ်ခု ပေးပါရစေ"

အသံနှင့်အတူ ကောင်းကင်ဘုံကိုးထပ်မှနေ၍ အလွန်ကြီးမားသော လျှပ်စီးတန်းများ ဆက်တိုက်ကျဆင်းလာသည်။ ထိုလျှပ်စီးနဂါးများမှာ နတ်ဘုရားတစ်ပါးကိုပင် ချက်ချင်း သတ်ဖြတ်နိုင်စွမ်း ရှိသည်ကို မြင်ရုံနှင့် သိနိုင်၏။

ကျိယွမ် မပျော်တော့ပါ။

သူသတ်လို့သေရင် ငါဘာမှမရတော့ဘူး။

ကျိယွမ်က အလန့်တကြားခုန်တက်ကာ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။

"ကျေးဇူးပြုပြီး သူ့အသက်ကို နည်းနည်းလောက် ချန်ထားပေးပါ ၊ မဟုတ်ဘူး .. ငါ့သားကောင်ကို မလုနဲ့"

သူသည် ထိုသူကို ရှက်မရှိသူဟု ဆဲပစ်ချင်သော်လည်း ထိုသူမှာ မဟာအုပ်စိုးရှင်တစ်ဦး ဖြစ်နေသည်။

ကောင်းကင်ဘုံသို့ ခြေလေးလှမ်းအောက်ရှိ မည်သူမဆို ၄င်းတို့အတွက် ပုရွက်ဆိတ်မျှသာ ဖြစ်သည်ဟူသော စကားမှာ အလကားပြောခြင်း မဟုတ်ပေ။

မဟာအုပ်စိုးရှင်တစ်ဦးနှင့် သာမန်နတ်ဘုရားတစ်ဦး၏ ကွာခြားချက်မှာ နတ်ဘုရားနယ်ပယ်ဖြစ်သည်။ သူတို့၏ နယ်ပယ်အတွင်း၌ မဟာအုပ်စိုးရှင်တစ်ဦးသည် သာမန်နတ်ဘုရားတစ်ပါးကို လက်ဖျောက်တစ်ချက်တီးရုံဖြင့် သတ်ဖြတ်နိုင်၏။

ထို့ကြောင့် သူသည် ပါးစပ်ကို အချိန်မီဘရိတ်အုပ်ကာ အလျှော့ပေးရန်သာ ရွေးချယ်လိုက်ရသည်။

ဗိုက်ဆာဆာနှင့်ခုန်ချလာသော ကပ်ရောဂါသခင်မှာ အလွန်ထိန်လန့်သွားပြီး ဗိုက်ဆာနေသည်ကိုပင် မေ့သွားသည်။

ငါလို သနားစရာ အဖိုးကြီးက အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီးမှ ဆင်းသက်လာနိုင်တာလေ။

အခုတော့ ငါ့ကို ကြိုနေတာက မရက်စက်လွန်းဘူးလား။

မဟာအုပ်စိုးရှင်တဲ့။

မဟာအုပ်စိုးရှင်ကြီးတစ်ပါးက နတ်ဘုရားပေါက် သုံးခုပဲရှိသေးတဲ့ စစ်မှန်နတ်ဘုရားလေးတစ်ပါးကို ပုန်းပြီး အလစ်တိုက်တယ်တဲ့ ၊ ကြားလို့မှ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ..။

"မင်း..အရှက်မရှိဘူး"

All Chapters