← Chapters

လူအချို့ အစွမ်းထက်နေတယ်ဆိုတာ သူတို့က ထူးခြားနေလို့ မဟုတ်ဘူး

Vol. 16 Ch. 189

လူအချို့ အစွမ်းထက်နေတယ်ဆိုတာ သူတို့က ထူးခြားနေလို့ မဟုတ်ဘူး

Vol. 16 Ch. 189

ဒဏ္ဍာရီအဆင့် နတ်ဘုရားတစ်ပါးကို ပုံရိပ်ဖော်နိုင်လျှင် မဟာအုပ်စိုးရှင်တစ်ပါး၏

အာရုံစိုက်မှုကို ရရှိစေရန်နှင့် လေးစားမှုကို ခံရစေရန် လုံလောက်၏။

အကယ်၍ ဒဏ္ဍာရီအဆင့် ပုံရိပ်ဖော်နည်းစနစ် လေးခုကိုဖန်တီးနိုင်လျှင်တော့ မဟာအုပ်စိုးရှင်တစ်ပါးအနေဖြင့် ထိုသူအား တိုက်ရိုက်တပည့်အဖြစ် လက်ခံရန်ပင် စဉ်းစားပေလိမ့်မည်။

သို့သော်... ယခုက ဒဏ္ဍာရီအဆင့် နည်းစနစ် ၂၁ တိတိဖြစ်သည်။

မဟာအုပ်စိုးရှင်များ မည်သို့ဆုံးဖြတ်သင့်သနည်း။

ငါတို့ကများ ဆရာပြန်တင်ရတော့မှာလား။

အဖွဲ့ထဲမှ မဟာအုပ်စိုးရှင်များမှာ ဤအခြေအနေကို နားမလည်နိုင်ကြတော့ပေ။

ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဒဏ္ဍာရီအဆင့် နတ်ဘုရား ၂၁ ပါးကို တစ်ပြိုင်နက်တည်း ပုံရိပ်ဖော်နိုင်သည့် အခြေအနေမျိုးကို သူတို့ တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

သီအိုရီအရဆိုလျှင် ဤမျှအဆင့်အတန်းမြင့်မားသော ပုံရိပ်ဖော်နည်းစနစ်၂၁ ခုသည် လုံလောက်သော အရင်းအမြစ်နှင့် လုံလောက်သောအချိန်ရှိပါက မဟာအုပ်စိုးရှင် ၂၁ ပါးကို ဖန်တီးပေးနိုင်၏။

"မဟာအုပ်စိုးရှင် ရှန်းလေ... ကျွန်တော့်ရဲ့ ယောက်ဖက ဘယ်မှာနေတာလဲ၊ အခုပဲ သူ့ကိုသွားခေါ်တော့မှာ"

"ဘာ ကျွန်တော့် ယောက်ဖလဲ ၊ အဲဒါ ငါ့သမက်ကွ၊ ငါ့ဆီမှာ ရတနာအခုနှစ်ဆယ်တော့ မရှိဘူး၊ ဒါပေမဲ့ သမီးအယောက်နှစ်ဆယ် ရှိတယ်၊ သူတို့သာ ခင်ဗျားရဲ့တပည့်နဲ့ အဆင်ပြေမယ်ဆိုရင် အကုန်လုံး ပေးစားဖို့ အသင့်ပဲ"

" ရှန်လဲ့. မင်း အရင်က သူ့ကို တပည့်အဖြစ် သိပ်ပြီး လက်မခံချင်ဘူးဆို ၊ အခု သူကမင်းကို ဆရာအဖြစ်လက်ခံမလားဆိုတာ ပြန်မေးရတော့မယ်ထင်တယ်"

"မသိဘူးကွာ အဲဒါ ကျုပ်ယောက်ဖပဲ "

"ငါ့ သမက်ပါဆို ၊ ငါ့သမီး အယောက် ၂၀ လုံးနဲ့ ပေးစားမှာ "

အဖွဲ့လိုက် စကားပြောခန်းထဲရှိ လူတိုင်း ရူးသွပ်မတတ် ဖြစ်နေကြ၏။ ဒဏ္ဍာရီအဆင့် ပုံရိပ်ဖော်နည်းစနစ်များစွာကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်ခြင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

ရှန်လဲ့ကိုယ်တိုင်လည်း ပထမ၌ မှင်တက်မိနေမိသော်လည်း စကားပြောခန်းထဲရှိ စာများကို ကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

"အားလုံး တော်လိုက်တော့"

တစ်ဖက်တွင်လည်း ကျိယွမ်ရှိနေသော အဖွဲ့လိုက်စကားပြောခန်းအတွင်းမှာလည်း လူတိုင်းမှာ ဆွံ့အလျက် ရှိနေကြသည်။

သုန်းကျန်းဟဲက မယုံနိုင်ဖြစ်နေသည်။

"ငါ့မျက်စိတွေများ မှုန်ကုန်တာလား"

"မင်းက မျက်စိတင်မှုန်တာ ၊ ငါက နားပါကန်းကုန်တာဖြစ်မယ် ၊ ငှက်ထောင်ချီအော်သံတွေပါ ကြားနေလို့"

သုန်းကျန်းဟဲကို အမြဲလှောင်နေတတ်သော ကြောင်နတ်ဘုရားပင် ယခုအကြိမ်၌ မလှောင်တော့ပေ။

"အခုနက ရွှေရောင်အလင်းတန်းတွေက မူလနတ်ဘုရားဆီက ဖြစ်နိုင်မလား"

"မဖြစ်နိုင်တာ.."

သုန်းကျန်းဟဲက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိ၏။

"ငါက ဒဏ္ဍာရီအဆင့် နတ်ဘုရား သုံးပါးကို ပုံရိပ်ဖော်ဖို့က အလွန်ခက်ခဲတဲ့အကြောင်းနဲ့ မူလနတ်ဘုရားကို ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်ဖို့ ပြောလိုက်ရုံတင် ရှိသေးတယ်၊ သူက ငါ့ကို အပါးနှစ်ဆယ်ကျော် ဖန်တီးပြလိုက်တာလား"

မူလနတ်ဘုရား လိုင်းပေါ်သို့တက်လာခါစကပင် သုန်းကျန်းဟဲက အတင်းအကျပ်မလုပ်ရန် အကြံပေးလိုက်သေးသည်။

ထိုစဥ်က မူလနတ်ဘုရားက ဒဏ္ဍာရီအဆင့် သုံးပါးလောက်က အေးအေးဆေးဆေးပါဟု တုန့်ပြန်ခဲ့၏။

သူက မူလိတ်ဘုရားက အလွန်အကြွားသန်သည်ဟု ထင်ကာ ထပ်မပြောတော့ပေ။

ယခုမူ... ဒဏ္ဍာရီအဆင့် နတ်ဘုရားများက အပါးနှစ်ဆယ်ပင် ကျော်သွားလေပြီ။

ဒါက တကယ်ကြီးလား။ ကမ္ဘာပေါ်မှာ ယုတ္တိတရားတွေ ရှိသေးရဲ့လား။ သူက အေးအေးဆေးဆေးပါလို့ ပြောတာနဲ့ အေးဆေးသွားတယ်ပေါ့။

"ဒါကသာ မူလနတ်ဘုရား အမှန်တကယ် ဖြစ်ခဲ့ရင်တော့.. သုန်းကျန်းဟဲ မင်း ရာထူးကဆင်းပြီး သူ့ကို မွေးစားအဖေအဖြစ် တောင်းပန်လိုက်သင့်တယ်"

"တကယ်လို့ ဒဏ္ဍာရီအဆင့် နတ်ဘုရား ၂၁ ပါးကို ဖန်တီးခဲ့တာ အမှန်ဆိုရင် ငါလည်း မူလနတ်ဘုရားကို အဖေလို့ ခေါ်ဖို့ အသင့်ပဲ"

အဖွဲ့ထဲရှိ လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

ထိုရွှေရောင်အလင်းတန်းများနှင့် ငှက်ပေါင်းထောင်သောင်းတို့၏ အသံများသည် မူလနတ်ဘုရား၏ လက်ချက်ဖြစ်ရန် ၉၉ ရာခိုင်နှုန်း သေချာသည်။

ထိုအချိန်တွင် ကျိယွမ်သည် ပုံရိပ်ဖော်တောင်မှ ထွက်လာပြီး စကားပြောခန်းသို့ ပြန်ရောက်လာ၏။

သူက စာများကို ဖတ်ကြည့်ပြီးနောက် ချက်ချင်း တုန့်ပြန်လိုက်သည်။

"ငါက ငယ်သေးတယ်၊ မွေးစားသားတွေ လက်မခံဘူး"

အကယ်၍ သူသည် လွီပုကဲ့သို့သော သစ္စာဖောက်မည့်သူမျိုးကို မှားယွင်းမွေးစားမိပါက ကပ်ဘေးဆိုက်ပေလိမ့်မည်။ ချီချီ ကဲ့သို့ လိမ်မာသော မွေးစားသမီးများကို မွေးစားရသည်ကမှ ပိုကောင်းသေးသည်။

မဖြစ်ဘူး လစ်မှ။

သူက ထိုမျှသာ ပြောကာ ချက်ချင်းလိုင်းအောက်သွားလိုက်သည်။

"တကယ်ပဲ မူလနတ်ဘုရား ဖြစ်နေတာပဲ၊ ကြောက်စရာကြီး"

"သုန်းကျန်းဟဲ... မင်းဘဝကတော့ ကံဆိုးတာပဲ၊ မူလနတ်ဘုရားက မင်းကို သားအဖြစ်တောင် မလိုချင်ဘူးတဲ့"

"ဒီအကြောင်းကိုသာ ထျန်းပေါင်နတ်ဘုရား သိခဲ့ရင်. ကောင်းမှာပဲ.."

တစ်စုံတစ်ယောက်က ညည်းတွားလိုက်၏။

ထျန်းပေါင်နတ်ဘုရား၏ အမည်ကို ပြောလိုက်သည်နှင့် ဆူညံနေသော စကားပြောခန်းမှာ တိတ်ဆိတ်သွားတော့သည်။

စကားပြောခန်းမှ ထွက်လာပြီးနောက် ကျိယွမ်က သူ၏လက်ထဲမှ နတ်ဘုရားပုံရိပ်ဖော်နည်းစနစ် ၂၁ ခုကို ကြည့်နေမိသည်။

ထိုအခိုက် မဟာအုပ်စိုးရှင်ရှန်လဲ့သည်လည်း လိုင်းပေါ်မှဆင်းကာ ကျိယွမ့်ရှေ့သို့ အရေးတကြီး ရောက်ရှိလာ၏။

"ပုံရိပ်ဖော်တောင်မှာ လုပ်ခဲ့တာ မင်းလား"

"ဟုတ်တယ်"

ကျိယွမ်က အေးဆေးစွာ ပြန်ဖြေလိုက်သည်။

"မင်း....မင်းက အမှန်တကယ် ဘယ်သူလဲ"

အဘိုးအိုရှန်လဲ့က ကျိယွမ်ကို မယုံကြည့်နိုင်စွာ ဖင်ဆုံးခေါင်းဆုံးသေသေချာချာ ကြည့်သည်။

သူက ဘာလို့ဒီလောက်ကြီး...။

ဒီကောင် တစ်ခုခုတော့ တစ်ခုခုပဲ။

"ကျွန်တော်လား"

ကျိယွမ်က ပြန်ဖြေမည်လုပ်ပြီးခါမှ အနည်းငယ်တွေဝေကာ စဉ်းစားနေမိ၏။

သူကိုယ်တိုင်လည်း ထိုအကြောင်းကို အလေးအနက် မတွေးဖူးခဲ့ချေ။

"ငါက ဘယ်သူလဲ"

စဉ်းစားရင်းနှင့် သူသည် ပို၍ပင် ဝေခွဲမရ ဖြစ်လာ၏။

"ဇူလိုင် ရေကန်အနီးမှာတော့ လူတချို့က ကျွန်တော့်ကို မျက်နှာမဲ့ဓားနတ်ဘုရားလို့ ခေါ်ကြတယ်၊ ဝူကွေ့မြို့မှာတော့ သွေးမိစ္ဆာလို့ ခေါ်ကြတယ်၊ ဝမ်ယုကုနိးမြေမှာဆို ဝမ်ယုမဟာအုပ်စိုးရှင်လို့ ခေါ်ကြပြန်တယ်၊ဒါပေမဲ့ အရှေ့ပိုင်းဒေသမှာကြတော့ သွေးဝတ်စုံဓားနတ်ဘုရားတဲ့ ၊ အဲဒါတွေအားလုံးက ကျွန်တော်ပဲ... ဒါပေမဲ့ အဲဒါတွေက တကယ်ပဲ ကျွန်တော်ဟုတ်လား မဟုတ်လားတော့ မသိဘူး"

"ဝမ်ယုမဟာအုပ်စိုးရှင်ဟုတ်လား"

ရှန်လဲ့က သူနှင့်ရင်းနှီးနေသော အမည်ကို သာ ဖမ်းဆုပ်လိုက်၏။

"မင်းက အရင်ဘဝက မဟာအုပ်စိုးရှင်တစ်ပါး ဖြစ်ခဲ့တာလား၊ ဘာလို့ ငါ အဲဒီအမည်ကို တစ်ခါမှ မကြားဖူးတာလဲ"

သူသည် ကျိယွမ်၏ အခြားသော အဓိပ္ပာယ်မရှိသည့် နာမည်များကို လျစ်လျူရှုလိုက်၏။

ဒီကောင်နဲ့ စကားပြောရင် အကုန်လိုက်ယုံနေလို့မရဘူး ၊ ပေါက်ပန်းလေးဆယ်တွေ။

"ကျုပ် ..သိပြီ "

ကျိယွမ်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားဟန်ဖြင့် ထအော်လေသည်။

သူ၏မျက်နှာကလေးနက်နေ၏။

ဒီကောင် အတိတိဘဝကို မှတ်မိသွားပြီထင်တယ် ။

ရှန်လဲ့က ကျိယွမ်၏ရှင်းပြချက်ကို နားထောင်လိုက်၏။

"ဖြစ်နိုင်တာက.. ခင်ဗျားကလည်း ကျွန်တော်ပဲ၊ ကောင်းကင်က ကြယ်တွေကလည်း ကျွန်တော်ပဲ၊ ကမ္ဘာပေါ်က သက်ရှိတွေ အားလုံးကလည်း ကျွန်တော်ပဲ ၊ ကျွန်တော်ကလည်း ကျွန်တော်ပဲဗျ"

"သြော်..."

ရှန်လဲ့၏ မျက်နှာကြီးက ရှုံ့မဲ့သွားတော့သည်။

ယုံမိတာကိုက ငါမှားတာ။

မ"မင်း စိတ်ဖောက်ပြန်နေတာလား၊ ဘယ်လိုလုပ် ငါက မင်းဖြစ်နိုင်မှာလဲ၊ ပြီးတော့ ကြယ်တွေကကော ဘယ်လိုလုပ် မင်းဖြစ်မှာလဲ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

ကျိယွမ်က ရှန်လဲ့ကို အထင်သေးသလိုကြည့်သည်။

"သာမန်ကြောင်တစ်ကောင်ဟာ မှန်ထဲမှာ သူ့ရဲ့ပုံရိပ်ကို မြင်တဲ့အခါ လန့်သွားတတ်တယ်၊ ဘာလို့လဲဆိုတော့ သူက မှန်ထဲကပုံဟာ သူပဲဆိုတာကို သိနိုင်တဲ့စိတ်မရှိလို့ပဲ၊ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား ကျွန်တော်မဟုတ်ဘူးလို့ ထင်နေတာဟာ ခင်ဗျားရဲ့ သိမြင်နိုင်စွမ်းက အကန့်အသတ် ရှိနေလို့ပဲ၊ ခင်ဗျားက ကျွန်တော်ဆိုတာကို ခင်ဗျား နားမလည်နိုင်ဖြစ်နေတာ၊ ကောင်းကင်က ကြယ်တွေလည်း အတူတူပဲ၊ သူတို့သာ နားလည်သွားရင် သူတို့ဟာ ကျွန်တော်ပဲဆိုတာ သိလာလိမ့်မယ်"

"တော်လိုက်တော့ ၊ အဓိပ္ပာယ်မရှိတာတွေ"

ရှန်လဲ့ ကျိယွမ်ကို အံကြိတ်ကာ စိုက်ကြည့်လိုက်၏။

"မင်းလည်း သိပ်နားမလည်သေးပုံပဲ ၊ ပိုပြီးနားလည်သွားအောင် ငါ့ရဲ့ လျှပ်စီးပညာရပ်တွေကို သုံးပေးရမလား"

"မလိုပါဘူး၊ ကျွန်တော်က ဂိမ်းစွဲနေတာ မဟုတ်လို့ လျှပ်စစ်နဲ့ ကုသဖို့ မလိုပါဘူး"

ကျိယွမ်က စပ်ဖြီးဖြီးလုပ်ကာ ခပ်လှမ်းလှမ်းသို့ဆုတ်သွားသည်။

"ကျွန်တော်က စတာကို၊ ကျိယွမ်ကျမ်းအတွက် ရုတ်တရက် အသိတစ်ခု ရသွားလို့ စမ်းကြည့်တာပါဆို"

"ထားပါတော့.."

ရှန်လဲါက စိတ်လျှော့လိုက်သည်။

"ဘာပဲပြောပြော မင်းတို့ တရုတ်နဂါးအဖွဲ့ က လူတွေဟာ တကယ့်ကို ထူးချွန်ကြတာတော့ ငါဝန်ခံပါတယ်"

ရှန်လဲ့က အမှန်အတိုင်း ပြောလိုက်ခြင်းပင်။

"ဒဏ္ဍာရီအဆင့် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ် ၂၁ ခုကွာ ၊ ခဏလေးအတွင်း ဖန်တီးနိုင်တာ ၊ ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ၊ အရင်ကလည်း မရှိဖူးဘူး ၊ အခုလည်း မရှိဘူး ၊ နောင်လည်း ရှိလာမှာ မဟုတ်ဘူး "

ရှန်လဲ့က အလေးအနက် ထပ်ပြောသည်။

"ဒီအဖိုးတန်လှတဲ့ နည်းစနစ်တွေက စစ်မှန် နတ်ဘုရား ဒါမှမဟုတ် မဟာအုပ်စိုးရှင် ၂၁ ပါးကို ဖန်တီးနိုင်တယ်၊ ဒါတွေကို ဘယ်လိုထိုက်တန်တဲ့ လူတွေကို ပေးမလဲဆိုတာကို မင်းသေချာစဉ်းစားသင့်တယ်"

"မလိုပါဘူး၊ ကျွန်တော် ကြုံသလိုပဲ ရွေးလိုက်မယ်၊ ဘာလို့ အဲဒီလောက် ရှုပ်ရှုပ်ထွေးထွေး လုပ်နေမှာလဲ"

ကျိယွမ်၏ အဖြေကြောင့် ရှန်လံ့မှာ ဆွံ့အသွားတော့၏။

ဒီကောင်က ဘာလို့ပုံမှန်လို မလုပ်ရတာလဲ။

ကျိယွမ်က နတ်ကွန်းမှနေ၍ ချင်းရွှေရွာအား လေးနက်စွာစိုက်ကြည့်နေရင်းမှ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"လူတချို့ အစွမ်းထက်နေတာဟာ သူတို့က ထူးခြားနေလို့ မဟုတ်ဘူး၊ ကျွန်တော်က သူတို့ကို ရွေးချယ်လိုက်လို့ပဲ ဖြစ်တယ်"

"ဒါက ပုံရိပ်ဖော်နည်းစနစ်တွေကို ဖြုန်းတီးတာပဲ"

ရှန်လဲ့က ထိုစကားကို လက်မခံပါ။

မင်းကရွေးလိုက်တာနဲ့ အစွမ်းထက်လာရအောင် မင်းကကံကြမ္မာတာအိုလား။

"ဖြုန်းတီးတော့ ဘာဖြစ်လဲ ၊ ဒီလိုမျိုးတွေမှ အများကြီး ရှိသေးတယ်၊ ကောင်းကင်ဘုံမှာ ကောင်းကင်ဝိညာဉ် ၃၆ ပါး၊ မြေပြင်မိစ္ဆာ ၇၂ ပါး၊ နတ်မင်း ၆၀ နဲ့ ကောင်းကင်စစ်သည် တစ်သိန်းတောင်ရှိတယ်၊ မိစ္ဆာနတ်ဘုရား စွမ်းအင်သာ လုံလောက်မယ်ဆိုရင် ဒီလိုနည်းစနစ်တွေကို သုံးမကုန်အောင် ဖန်တီးလို့ရတယ်"

သို့သော် ကျိယွမ်အတွက် အခက်ခဲဆုံး အရာသုံးခုသာ ရှိသည်။

ပထမအနေဖြင့် မိစ္ဆာနတ်ဘုရားစွမ်းအားဖြစ်သည်၊ဤလောကတွင် မိစ္ဆာနတ်ဘုရားများက အကန့်အသတ်ဖြင့်သာ ရှိနေပုံရသည်။

ဒုတိယမှာ စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် လိုအပ်သော ရတနာများဖြစ်ပြီး တတိယအဆင့်မှာ ဝူရှီးမယ်တော်၏ ပါရမီထက်ပိုများနေသော ပြဿနာပင်။

"မင်းကတော့ ကြွားလိုက်တာ၊ ကောင်းကင်နတ်စစ်သည် တစ်သိန်း ဟုတ်လား၊ ဖန်ထုန်နယ်မြေမှာသာ အဲဒီလောက်နတ်စစ်သည်တွေ ရှိခဲ့ရင် ဟုန်ထန်တိုက်ပွဲကြီးမှာ ဒီလောက်အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး"

"တွေ့လား... ခင်ဗျားရဲ့ သိမြင်မှုက အကန့်အသတ် ရှိနေတယ်၊ လူတိုင်းမှာ ကိုယ်စီ အကန့်အသတ်တွေ ရှိကြတာပဲ"

ကျိယွမ်က ရှန်လဲ့အား ခေါင်းတညိတ်ညိတ်လုပ်ကာ ကြည့်လိုက်သည်။

"ထားလိုက်တော့ ၊ ငါ မင်းနဲ့ ဆက်မပြောတော့ဘူး"

ရှန်လဲ့သည် ကျိယွမ်၏အနားတွင် ဆက်မနေချင်တော့သဖြင့် ထွက်ခွာသွား၏။

ဒီကောင်နဲ့ကြာကြာနေရင် ငါပါ ရူးသွားမယ်။

နတ်ကွန်းထဲတွင်ကျန်နေခဲ့သော ကျိယွမ်က ချီချီကို ခေါ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"သမီးကို ခိုင်းစရာတစ်ခု ရှိတယ်၊ ရုပ်ရည်လှပတဲ့ အမျိုးသမီး ကျင့်ကြံသူ သုံးယောက်နဲ့ အမျိုးသား ကျင့်ကြံသူ ၁၈ ယောက်ကို ရှာခဲ့ပါ၊ သူတို့ရဲ့ စိတ်ဓာတ်ကောင်းဖို့နဲ့ ရုပ်ရည်က ကြည့်ပျော်ရှုပျော်ရှိဖို့ပဲ လိုတယ်၊ ပါရမီတွေ ဘာတွေမလိုဘူး၊ တစ်နာရီအတွင်း အပြီးလုပ်ပါ"

ကောင်းကင်ဘုံတွင် နတ်ဘုရားအရေအတွက်က များလွန်းလှသဖြင့် အကောင်းဆုံးသူများကို လိုက်ရှာနေလျှင် အချိန်ကုန်ပေလိမ့်မည်။

မဟာအုပ်စိုးရှင် ရှန်လဲ့သည် ပန်းပေါင်းတစ်ရာပွဲတော်သို့ သက်တော်စောင့်အဖြစ် လိုက်ပါမည်မဟုတ်သဖြင့် ကျိယွမ်သည် သူ့အတွက် သက်တော်စောင့်အချို့ လိုအပ်နေလေပြီ။

သူ၏ ရွေးချယ်မှု စံနှုန်းက ရှင်းပါသည်။

ရုပ်ချောပြီး စိတ်ဓာတ်ကောင်းရင်ရပြီ ၊ ပါရမီတွေ ဘာတွေမလိုဘူး ။

ချီချီ ထွက်သွားပြီးနောက် ကျိယွမ်သည် ပုံရိပ်ဖော်တောင်မှ အတွေ့အကြုံကို ပြန်လည် စဉ်းစားနေမိ၏။

"သူတော်စင်နတ်ဘုရား ၁၈ ပါးက မိစ္ဆာနတ်ဘုရားစွမ်းအင်တွေ အများကြီး ကုန်သွားတာပဲ၊ စစ်မှန် နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားတတောင် သုံးပုံတစ်ပုံ မကျန်တော့ဘူး"

စွမ်းအားများထက်မံရရှိရန် မိစ္ဆာနတ်ဘုရားများကို သူ သို့မဟုတ် သူ့တပည့်ကသတ်ရန်လိုအပ်၏။

"ပန်းပေါင်းတစ်ရာပွဲတော်မှာ ကိုယ့်နေရာကိုယ်မသိတဲ့ မိစ္ဆာနတ်ဘုရားအချို့နဲ့ တွေ့ဖို့ မျှော်လင့်ရတာပဲ"

ကျိယွမ်က သူတို့အား လမ်းတွက်လုပ်ကြံသော မိစ္ဆာနတ်ဘုရားများများ ရှိရန်မျှော်လင့် မိသည်။ နတ်ဘုရားများကို ပို၍ မိုပုံရိပ်ဖော်နိုင်ရန် သူသည် မိစ္ဆာနတ်ဘုရားစွမ်းအင်များစွာ လိုအပ်နေသည်မဟုတ်ပါလား။

မကြာမီ ချီချီ ဦးဆောင်သော ရွာသား ၂၁ ဦး နတ်ကွန်းသို့ ရောက်ရှိလာကြသည်။

ရွာသားများမှာ ဝေခွဲမရဖြစ်လျက် စပ်စုလိုသော မျက်လုံးများဖြင့် ကျိယွမ်အား မရဲတရဲ ကြည့်နေကြ၏။

နတ်ဘုရားက ငါတို့ကို ဘာလို့ခေါ်တာလဲ။

သူတို့က စိုးရိမ်စိတ်အနည်းငယ်လည်း ဖြစ်ပေါ်နေသည်။

ငါတို့ကို နှင်ထုတ်မှာတော့ မဟုတ်လောက်ပါဘူးနော်။

ကြမ်းတမ်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကျောက်ကျွန်းသည်လည်း လူအုပ်ထဲတွင် ရှိနေ၏။ သူသည် မိမိရှေ့ရှိ ဒဏ္ဍာရီလာ နတ်ဘုရားအား ကြည်ညိုလေးစားစွာ ကြည့်နေမိသည်။

ကျောက်ကျွင်းသည် မူလက ဖေးဝူမြို့ရှိ ထင်ရှားသော ကျောက်မိသားစုမှ ဖြစ်သည်။ သို့သော် မိဘများ စောစီးစွာ ကွယ်လွန်သွားပြီးနောက် မွေးစားအဖေက သူ့ရမည့် အမွေများအားလုံးကို သိမ်းပိုက်ခဲ့၏။ သစ္စာရှိသော အစေခံအိုကြီး၏ အကူအညီဖြင့် သူသည် ဖေးဟွမ်မြို့အနီးရှိ ချန်ရှီးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။

ထို့နောက် ချန်ရှီးရွာကို မူလနတ်ဘုရားအရှင်က သိမ်းပိုက်လိုက်သဖြင့် သူကချင်းရွှေရွာသားဖြစ်လာသည်။

ကျိယွမ်သည် သူ၏ရှေ့မှ ကုပ်ချောင်းချောင်းဖြစ်နေကြသော ရွာသားများကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"မင်းတို့ထဲက အများစုက ချင်းရွှေရွာကဖြစ်မယ် ၊ အခြားရွာသားတွေလည်း ပါမှာပေါ့ ၊ ကိစ္စမရှိဘူး မင်းတို့ ငါ့ဆီမှာ နေလာတာ ကြာပြီ၊ ဒီနေ့တော့ ငါ မင်းတို့ကို ဆုလာဘ်အချို့ ပေးမယ်"

ကျိယွမ်၏ ပုံစံက အလွန်ပေါ့ပါး၏။မသိလျှင် လမ်းကြုံအအေးဝယ်တိုက်သည့် သာမန်ကိစ္စလေးဟု ထင်ရသည်။

လျုဖုန်းနယ်မြေမှာရှိစဥ်ကကဲ့သို့ပင် သူသည် နောက်လိုက်များ၏ သစ္စာရှိမှုကို အလွန်အမင်း စိုးရိမ်ခြင်း မရှိပေ။ အစောင့်အရှောက်နတ်ဘုရားတစ်ပါးအနေဖြင့် ဤလူအားလုံးသည် သူ၏ နောက်လိုက်များပင် ဖြစ်ကြ၏။ အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ယုံကြည်ကိုးကွယ်မှုသည် ပိုမိုခိုင်မာလာပေလိမ့်မည်ဟု သူယုံကြည်သည်။

ကျိယွမ်၏စကားကို ကြားသောအခါ ရွာသားများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။အချို့က အချင်းချင်း လက်တို့ကာ မင်းသိလားဟု မေးဆတ်ပြ၏။

ကျောက်ကျွန်းမှာမူ စိတ်လှုပ်ရှားမှုနှင့်အတူ ဝမ်းသာမှုတို့ဖြင့် ရင်ခုန်လာသည်။

"ဒါက... ပုံရိပ်ဖော်နည်းစနစ်များလား"

သူက သာမန်ရွာသားမဟုတ်ပါ ။ ထင်ရှားသော မိသားစုမှ လာသူဖြစ်သဖြင့် ပုံရိပ်ဖော်နည်းစနစ်များ၏ အရေးပါမှုကို ကောင်းစွာ သိရှိထားသည်။ အစွမ်းထက်သော နည်းစနစ်တစ်ခုသည် စစ်မှန်နတ်ဘုရားတစ်ပါးကိုပင် ဖန်တီးနိုင်သည်။

နတ်ဘုရားအရှင်က ငါတို့ကို ဒီလိုနည်းစနစ်ပေးတော့မှာများလား။

ကျောက်ကျွန်းသည် စိုးရိမ်သလို စိတ်လည်း လှုပ်ရှားနေမိ၏။ သို့သော် သူတို့ ၂၁ ဦးစလုံးက ထိုနည်းစနစ်တစ်ခုတည်းကို မျှဝေသုံးစွဲရမည်ဟု တွေးမိသောအခါ သူ၏ စိတ်ဓာတ်မှာ အနည်းငယ် ပြန်ကျသွားသည်။

ဒီလောက်အများကြီး ဝိုင်းသုံးရင် နည်းစနစ်က အစွမ်းနည်းသွားမှာပဲ။

သို့သော်လည်း ယခုကိစ္စမှာ သူ့အတွက်ဝမ်းသာစရာပင် ဖြစ်၏။ထိုနည်းစနစ်ဖြင့် သူသည် ခရမ်းရောင်နန်းတော်အဆင့် သို့မဟုတ် ထိုထက်မြင့်သော အဆင့်သို့ တက်လှမ်းနိုင်လျှင် ကလဲ့စားချေရန် အခွင့်အရေးရရှိလာပေလိမ့်မည်။

ငါ အစွမ်းကုန်ကြိုးစားမယ်။

သူ ထိုသို့ တွေးနေစဉ်မှာပင် ရွှေရောင်တောက်ပသော နတ်ဘုရားပုံရိပ်ဖော်နည်း စနစ် ၂၁ ခုက ကောင်းကင်တွင် ပေါ်လာခဲ့သည်။ ထိုပုံရိပ်များမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အထူးသဖြင့် ၎င်းတို့အနက် နှစ်ခုမှာ ရွှေရောင်အလင်းတန်းများ ပိုမိုတောက်ပနေပြီး အားကောင်းသော ရိုက်ခတ်မှုကို ပေးစွမ်းနေသည်။

ကျောက်ကျွန်းမျက်လုံးများ ပြူးကျယ်သွားလေ၏။

"ဒန် ..ဒန် ...ဒဏ္ဍာရီအဆင့်တွေလား ၊ ၂၁ ခုတောင်"

သူ၏မျက်လုံးများကို မယုံနိုင်စွာပွတ်ကာ အထပ်ထပ်ကြည့်မိသည်။

မမှားပါ။

အမှန်တကယ်ပင် ဒဏ္ဍာရီလာနည်းစနစ် ၂၁ ခု ပင်။

သူသည် အလွန်အမင်း အံ့အားသင့်သွားရ၏။ ကျန်ရှိသော လူများမှာလည်း သူနှင့်ထပ်တူခံစားနေကြရကုန်သည်။

အားလုံးအံအားသင့်နေစဥ်မှာပင် အပြင်းထန်ဆုံးသော ရွှေရောင်အလင်းတန်းသည် ကျောက်ကျွန်းဆီသို့ ကျရောက်လာ၏။

ကျောက်ကျွန်းမှာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။

ဒီလောက်အစွမ်းထက်တဲ့ နည်းစနစ်ကို လွယ်လွယ်ကူကူပေးလိုက်တာလား။

သူသည် အစောင့်အရှောက်နတ်ဘုရားနှင့် စကားပင် တစ်ခါမျှ မပြောဖူးသေးပါ။

ဤမျှအဆင့်အတန်းရှိသော နည်းစနစ်မျိုးသည် စစ်မှန်နတ်ဘုရား ညီအစ်ကိုများကြားတွင်ပင် စိတ်ဝမ်းကွဲစေနိုင်လောက်သည်။

သူသည် နားမလည်နိုင်သော်လည်း အလွန်အမင်း စိတ်လှုပ်ရှားနေမိကာ အသိအမှတ်ပြု ခံရမှုအတွက်လည်း အကြိမ်ကြိမ် ကျေးဇူးတင်နေမိ၏။

နောက်ဆုံးတော့ ငါ့ရဲ့အစွမ်းကို နတ်ဘုရားတစ်ပါးက တွေ့မြင်သွားပြီပဲ။

သူသည် ဂုဏ်ယူမှုနှင့်အတူ သူ့အား ကူညီပေးသော နတ်ဘုရားအရှင်ကို အလွန်အမင်းကျေးဇူးတင်နေမိသည်။

နတ်ဘုရား၏ ယုံကြည်မှုကို အလွဲသုံးစား မလုပ်ရန်လည်း သူ သစ္စာဆိုလိုက်၏။

"အခုပဲ ပုံရိပ်ဖော်ခြင်းကို စတင်ကြ"

အားလုံးက မယုံနိုင်စွာ ရှိနေစဥ်မှာပင် ကျိယွမ်၏ အသံ ထွက်ပေါ်လာသည်။

ကျောက်ကျွန်းသည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် စတင်လိုက်၏။

မလှမ်းမကမ်းတွင် ရပ်ကြည့်နေသော မဟာုပ်စိုးရှင် ရှန်လဲ့သည် ကျိယွမ်၏အနားသို့ ပြန်ရောက်လာပြီး ကျောက်ကျွန်းကို စိုက်ကြည့်ကာ "သူ သုံးနေတဲ့ နည်းစနစ်က... ထူးခြားတယ်၊ သာမန်ဒဏ္ဍာရီအဆင့်မျိုး မဟုတ်ဘူး" ဟု တီးတိုးမှတ်ချက်ချသည်။

"သူ့ရဲ့ နည်းစနစ်က နဂါးနိုင်သူတော်စင်ပဲ၊ သူတော်စင် ၁၈ ပါးထဲမှာ နဂါးနိုင်သူတော်စဥ်က အင်အားအကြီးဆုံးနဲ့ ဒဏ္ဍာရီမှာ အစဉ်အလာ အရှိဆုံးပဲ"

ကျိယွမ်က ပေါ့ပေါပါးပါး ရှင်းပြ၏။

" 'နဂါးနိုင် ဆိုတဲ့ အမည်ကို သုံးရဲတာ တကယ့်ကို သတ္တိရှိတာပဲ! ငါ မမှားဘူးဆိုရင် မြောက်ပင်လယ်ရဲ့ နတ်ဘုရားမျက်လုံးမှာ ကြမ်းကြုတ်တဲ့ နဂါးတစ်အုပ် ရှိတယ်၊ မင်းသာ သူ့ကို ခေါ်သွားရင် အဲဒီနဂါးတွေကို သွားပြီး ရန်စသလို ဖြစ်လိမ့်မယ်"

ရှန်လဲ့က ကျိယွမ်အား သတိပေးလိုက်ရင်းမှ ကျောက်ကျွန်းကို အကဲခတ်၏။

"ဒါပေမဲ့ သူ့ရဲ့ နည်းစနစ်ကတော့ တကယ့်ကို ထူးခြားပါတယ်၊ သာမန်ဒဏ္ဍာရီအဆင့်တွေကို ကျော်လွန်နေတယ်"

ကျိယွမ်သည် ဘာမှပြန်မပြောဘဲ နတ်ကွန်းထဲတွင် ထိုင်ကာကျင့်ကြံနေသော ရွာသားများကိုသာ ကြည့်နေသည်။ သူ၏ အတွေ့အကြုံရမှတ်များမှာလည်း လျင်မြန်စွာ တိုးတက်လာနေ၏။ သို့သော် ကံမကောင်းစွာဖြင့် သူသည် နတ်ဘုရားအဆင့် ၈၉ တွင်သာ ရပ်တန့်နေပြီး နောက်ဆုံး အတားအဆီးကို မကျော်ဖြတ်နိုင်သေးချေ။

"အင်း...မနက်ဖြန်မှ သူတို့ပြီးလိမ့်မယ်"

ကျိယွမ်က အနားယူရန် သူ၏အခန်းထဲသို့ ပြန်ဝင်သွားသည်။

နောက်တစ်နေ့ နံနက်ခင်းသည် ထုံးစံအတိုင်း သွေးရောင်လွှမ်းသော အာရုဏ်ဦးဖြင့် စတင်အသက်ဝင်လာခဲ့၏။

ကျိယွမ်သည် သူ၏ရှေ့မှ ရွာသား၂၁ ဦးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။

"မဆိုးဘူး၊ မင်းတို့ အားလုံး အခု ခရမ်းရောင်နန်းတော် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ"

၄င်းမှာ ဒဏ္ဍာရီအဆင့် ပုံရိပ်ဖော်နည်းစနစ်များ၏ စွမ်းအားပင် ။ လုံလောက်သော အရင်းအမြစ်နှင့် အချိန်သာရှိလျှင် သူတို့သည် မဟာအုပ်စိုးရှင်များပင် ဖြစ်လာနိုင်၏။

တစ်နည်းအားဖြင့် ရွာသား ၂၁ ဦးစလုံးမှာ မဟာအုပ်စိုးရှင်များ ဖြစ်လာနိုင်သည့် အလားအလာ ရှိနေကြခြင်းပင်။

ရှန်လဲ့သည် ရွာသား ၂၁ ဦးကို ကြည့်ကာ စိတ်ကို တည်ငြိမ်အောင် မနည်းကြိုးစားနေရ၏။

ဒီကောင်က ဒဏ္ဍာရီအဆင့် နတ်ဘုရားပုံရိပ်တွေကို မုန်လာဥဝေပေးနေသလို ပေါ့ပေါ့ပါးပါး ဝဲပစ်နေတာလား။

"အချိန်ကိုက်ပဲ၊ ငါ့မှာ ရတနာ ငါးခု ကျန်သေးတယ်၊ မင်းတို့ စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ဒါတွေကို သုံးလို့ရတယ်"

ကျိယွမ်သည် ရတနာငါးခုကို ပစ်ပေးလိုက်ရာ နတ်မင်းကြီးသုံးပါးကို ကျင့်ကြံသော အမျိုးသမီး သုံးဦးနှင့် နဂါးနိုင်သူတော်စင် နှင့် ကျားနိုင်သူတော်စင်တို့ကို ပုံရိပ်ဖော်ထားသော အမျိုးသား နှစ်ဦးထံသို့ ကျရောက်သွား၏။

အမျိုးသမီး သုံးဦးမှာ ဝမ်းသာအားရဖြင့် ချက်ချင်းပင် အဆင့်တက်ရန် ကြိုးစားကြ၏။

ဝုန်း..

ဝုန်း..

ဝုန်း....

ကောင်းကင်သို့ နတ်ဘုရား အလင်းတန်း သုံးခု ထိုးတက်သွားပြီး အမျိုးသမီး သုံးဦးစလုံး စစ်မှန်နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားကြ၏။

ထိုအချိန်တွင် ကျောက်ကျွန်းနှင့် အခြားအမျိုးသားတစ်ဦးမှာမူ ချွေးပြန်ကာ မျက်နှာများ ဖြူလျော့နေကြ၏။ သူတို့သည် ရတနာများကို ကိုင်ထားသော်လည်း စုပ်ယူ၍ မရနိုင်ဘဲဖြစ်နေသည်။

ကျိယွမ် ကြုံတွေ့ခဲ့ရသော အခြေအနေမျိုးကို သူတို့သေချာပေါက်ရင်ဆိုင်နေရခြင်းပင်။

မဟာအုပ်စိုးရှင် ရှန်လဲ့ အံ့အားသင့်သွား၏။

"နဂါးနိုင်သူတော်စင်.. သူ့ရဲ့ ပါရမီက အရမ်းထူးခြားလွန်းလို့ ဒီရတနာတောင်မှ သူ့ကို အဆင့်တက်အောင် မကူညီနိုင်ဘူးလား"

သူထပ်မံကြည့်လိုက်သောအခါ ရတနာကိုကိုင်ကာ ငိုင်ငိုင်ကြီးဖြစ်နေသော ကျားနိုင်သူတော်စင်ကိုပါ တွေ့လိုက်ရသည်။

ရတနာများသည် သူတို့အတွက် မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

"နှမြောစရာပဲ"

ကျိယွမ်က ကျောက်ကျွန်းနှင့် အခြားတစ်ယောက်ကို ကြည့်ကာ သက်ပြင်းချမိသည်။

"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ကြပါနဲ့၊ မင်းတို့ရဲ့ ပုံရိပ်ဖော်နည်းစနစ်က အဆင့်မြင့်လွန်းလို့ ဒီရတနာတွေက အသုံးမဝင်တာပါ"

ကျိယွမ်၏စကားကို ကြားသောအခါ ကျောက်ကျွန်း စိတ်ထဲ၌ ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေ၏။

ဤသည်မှာ တကယ့်ကို ထူးဆန်းလှပေသည်။ သူ့အတွက်မူ ဤသတင်းမှာ ကောင်းသတင်းလား၊ ဆိုးသတင်းလား မဝေခွဲနိုင်တော့ပေ။

"ကိစ္စမရှိပါဘူး၊ နောက်ပိုင်းမှာ တခြားအခွင့်အရေးတွေ ရှိလာမှာပါ"

ကျိယွမ်သည် ရတနာနှစ်ခုကို ပြန်သိမ်းလိုက်၏။

သူသည် အခြားအမျိုးသား နှစ်ဦးကိုကြည့်ကာ မှတ်ချက်ချ၏။

"မင်းတို့က ကြည့်ရတာ သိပ်မဆိုးဘူးပဲ၊ ပြီးတော့ မျက်ခုံးလည်း ရှည်တယ်၊ ဒါကြောင့် မင်းတို့ နှစ်ယောက် အရင်အဆင့်တက်လိုက်"

ရွှင်လန်းသူတော်စင်နှင့် မျက်ခုံးရှည်သူတော်စင်ကို ပုံရိပ်ဖော်ထားသော ထိုနှစ်ဦးမှာ ဝမ်းသာအားရဖြင့် ရတနာများကို လက်ခံလ်ုက်ကြသည်။

သူတို့သည်လည်း စစ်မှန်နတ်ဘုရားအဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားကြပြန်၏။

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။

ရှန်လဲ့မှာ အံ့ဩမဆုံး ဖြစ်နေသည်။

"ဒီလူတွေက သာမန်နတ်ဘုရားတွေ မဟုတ်ဘူး၊ သူတို့က နတ်ဘုရားအပေါက် တစ်ခုပဲ ဖွင့်ရသေးပေမဲ့ အပေါက်သုံးခုဖွင့်ထားတဲ့ သူတွေကိုတောင် ယှဉ်နိုင်စွမ်း ရှိနေကြပြီ"

စစ်မှန်နတ်ဘုရားအဆင့်ကို အဆင့်ခုနစ်ဆင့် ခွဲခြားထားပြီး အဆင့်တစ်ခုစီကြားတွင် ကွာခြားမှု အလွန်ကြီးမားလှပေသည်။ နတ်ဘုရားအပေါက် ၁၁ ပေါက်နှင့် ၁ ပေါက် ကြား၏ ကွာခြားမှုမှာ ၁၁ ဆမက ပိုမိုကြီးမားသည်။

"မင်းတို့ရဲ့ နာမည်တွေက မှတ်ရခက်လွန်းလို့ ငါ ဘွဲ့အမည်တွေ ပေးမယ်၊ အခုကစပြီး ဒီအမည်တွေနဲ့ပဲ ခေါ်တော့မယ်"

ကျိယွမ်က ကြေညာလိုက်၏။ သူသည် ကောင်းကင်ဘုံကို ပြန်လည်ဖန်တီးရန် ရည်မှန်းထားသည်။

"မင်းက နဂါးနိုင်သူတော်စင် ၊ မင်းက ကျား

နိုင်သူတော်စင် ၊ မင်းက သမင်စီးသူတော်စင် ၊ မင်းက မျက်ခုံးရှည်သူတော်စင်၊ပြီးတော့...မင်းက..."

ကျိယွမ်သည် သူတို့ကို ဘွဲ့အမည်များ ပေးအပ်လိုက်၏။ လှပသောအမျိုးသမီး သုံးဦးကိုလည်း အမည်များ ပေးခဲ့၏။

သို့သော် ယခင်က ကောင်းကင်နတ်မင်းကြီးလေးပါးမှာ ယခုအချိန် သူ၏လက်ထက်၌ အမျိုးသမီးများ ဖြစ်နေခြင်းက အနည်းငယ် ထူးဆန်းနေသလိုတော့ ခံစားရသည်။

မတတ်နိုင်ဘူး ၊ ကျုပ်ကိုခွင့်လွှတ်ပေးကြပါ နတ်မင်းတို့။

"ကဲ....ငါ့ရဲ့ သက်တော်စောင့်အဖွဲ့လည်း စုံပြီဆိုတော့ ပန်းပေါင်းတစ်ရာပွဲတော်ကို သွားကြစို့"

ကျိယွမ်က အချိန်မဆိုင်းဘဲ အမိန့်ပေးလိုက်သည်။

သူသည် ကောင်းကင်ဘုံနတ်မင်းလေးပါး၊သူတော်စင် ၁၈ ပါးနှင့် သူ၏ မွေးစားသမီး ချီချီတို့ကို ခေါ်ဆောင်ကာ မြောက်ပင်လယ်နတ်ဘုရားမျက်လုံးဆီသို့ ခမ်းနားထည်ဝါစွာ ခရီးထွက်ခဲ့၏။

ချင်းရွှေရွာသားများသည် မျက်ရည်များဖြင့် ကျိယွမ့်ကို နှုတ်ဆက်ကျန်ရစ်ခဲ့ကြ၏။

ကျူးရိကျုံးသည် မိမိရှေ့ရှိ ခွေးနက်ကြီးကို ကြည့်ကာ စိတ်တိုနေ၏။

သူသည် ကောင်းကင်ဘုံနတ်မင်းများနှင့် သူတော်စင် ၁၈ ပါးကို အားကျမဆုံးဖြစ်နေသည်။

"နတ်ဘုရားအရှင်.. ကျွန်တော်က အမြဲတမ်း သစ္စာရှိခဲ့တာပါ ဘုရား"

သူက ဝေးကွာသွားသော ပုံရိပ်များကို ငေးကြည့်နေရင်းမှ အော်ဟစ်လိုက်မိသည်။

ကျိယွမ်၏ ပုံရိပ်ဖော်နည်းစနစ်၂၁ ခုက တစ်ရွာလုံးကိုသာမက ဖေးဟွမ်မြို့ကိုပါ တုန်လှုပ်စေမှာ သေချာ၏။

ရွာလူကြီး ယွီလီမှာ ငြိမ်သက်စွာ ရပ်နေသော်လည်း စိတ်ထဲတွင်မူ မနာလိုဖြစ်နေမိ၏။ ထိုစဉ် ရှန်းထူက ရွာလူကြီးအနီးသို့ ကပ်ကာ တိုးတိုးလေး တိုင်ပင်သည်။

"နတ်ဘုရားအရှင်ကို ကျုပ်တို့ဘိုးဘွားနယ်မြေအကြောင်း ပြောလိုက်ရမလား"

မူလက သူတို့သည် နတ်ဘုရား အဆင့်တက်သွားမှ ထိုလျှို့ဝှက်ချက်ကို အံ့အားသင့်စရာအဖြစ် ပြောပြရန် စီစဉ်ထားခြင်း ဖြစ်၏။ သို့သော် ယခုအခါတွင်မူ ပုံရိပ်ဖော်နည်းစနစ်တစ်ခုခု ရရှိနိုင်ရန်အတွက် မျက်နှာလိုမျက်နှာရ ဖြစ်အောင် အခုပင် ပြောပြသင့်သည်ဟု သူတို့ တွေးလာကြပြီဖြစ်သည်။

"နတ်ဘုရား ပြန်လာတာနဲ့ ချက်ချင်း ပြောမယ်"

ယွီလီက ခိုင်မာစွာဆုံးဖြတ်လိုက်၏။

ငါ့ကိုတစ်ယောက်ပြီးတစ်ယောက်ကျော်တက်တာ မခံနိုင်တော့ဘူး။

"မိုးက ပိုသည်းလာပြီ"

အလင်းတန်းတစ်ခု ကောင်းကင်တွင် ပျံသန်းနေ၏။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းကင်ဘုံနတ်သမီးတစ်ပါးဖြစ်သည့် မှော်နတ်သမီးလီဟုန်သည် ထီးကိုကိုင်ကာ ကျိယွမ်အား မိုးမစိုအောင် ကာကွယ်ပေးထား၏။

သူမက စိုးရိမ်တကြီးဖြင့် "အရှင်... ဒီမိုးက မကြာခင် ရပ်မယ့်ပုံ မပေါ်ဘူး" ဟုညည်းညူလိုက်သည်။

ကျောက်ကျွန်းက ပတ်ဝန်းကျင်အားတစ်ခိက်လေ့လာကာ ဝင်ပြောသည်။

"ဒီနေရာက မြောက်ပင်လယ်နဲ့ နီးတော့ မိုးအမြဲရွာတတ်တယ်၊ ဒဏ္ဍာရီအရဆိုရင် ဒါက မိစ္ဆာနဂါးရဲ့ သားတော် သေဆုံးမှုနဲ့ ဆက်စပ်နေတယ်လို့ ပြောကြတယ်"

"အို...အဲဒီလိုလား"

ကျိယွမ် စိတ်ဝင်စားသွားသည်။

"နဂါးမင်းရဲ့ တတိယသားတော်က အသတ်ခံလိုက်ရတာလား"

"မြောက်ပင်လယ်မှာ နဂါးမျိုးနွယ်စုတစ်စု ရှိတယ်၊ သူတို့ထဲက တစ်ကောင်က လူ့လောကကို လာပြီး ဒုက္ခပေးခဲ့တယ်၊ ဒါပေမဲ့ သူ့ကို ဖီးနစ်မျိုးနွယ်စုရဲ့ တတိယသမီးတော်က သတ်ပစ်ခဲ့တယ်၊ အဲဒီအချိန်ကစပြီး မြောက်ပင်လယ်နဂါးတွေနဲ့ ဖီးနစ်မျိုးနွယ်စုတွေ ရန်ဘက်ဖြစ်ခဲ့ကြတာပဲ၊ ဒီနေရာက မိစ္ဆာနဂါး အသတ်ခံရတဲ့ နေရာဖြစ်လို့ မုန်တိုင်းတွေ ခဏခဏ တိုက်ပြီး သီးနှံတွေလည်း မဖြစ်ထွန်းဘူး"

ထိုစကားကို ကြားသောအခါ ကျိယွမ်သည် ချီချီကို လှမ်းကြည့်လိုက်၏။

ငါ့သမီးအတွက် အနာဂတ်မှာအန္တရာယ်ရှိလာနိုင်မလား။ငါ နီကျားကို ပုံရိပ်ဖော်ပြီး ပေးမှထင်တယ်။

သို့သော် နီကျားမှာ အလွန်ခေါင်းမာပြီး ပုန်ကန်တတ်သူဖြစ်သည်။ ကျိယွမ်သည် လိမ်မာသော သမီးများကိုသာ နှစ်သက်သူ ဖြစ်၏။

ထိုစဉ် လေထဲ၌ ကြည်လင်သော အသံတစ်ခု ပေါ်ထွက်လာ၏။

"မိတ်ဆွေ... မင်း မှားနေပြီ၊ ဒီမှာ မိုးမပြတ် ရွာနေတာဟာ မြောက်ပင်လယ်နဂါးတွေနဲ့ မဆိုင်ဘူး၊ အသတ်ခံရတဲ့ မိစ္ဆာနဂါးကြောင့်ပဲ၊ အဲဒီနဂါးမှာ ထူးခြားတဲ့ ပါရမီရှိခဲ့တယ်၊ အထူးသဖြင့် ရေစွမ်းအားမှာပေါ့၊ သူသာ အသက်ရှင်ခဲ့ရင် မိုးကို အုပ်စိုးတဲ့ မဟာအရှင်မြတ် ဖြစ်လာနိုင်တယ်၊ သူ ဒီမှာ အသတ်ခံလိုက်ရပြီးတဲ့နောက် ဒီနေရာမှာ မိုးမပြတ် ရွာတော့တာပဲ"

ထိုအသံနှင့်အတူ လူသုံးဦးသည် ကျိယွမ်၏ရှေ့တွင် ပေါ်လာခဲ့သည်။ သူတို့ကို စစ်မှန်နတ်ဘုရားတစ်ပါးက ဦးဆောင်လာခြင်း ဖြစ်ပြီး ထိုသူသည် သန့်ရှင်းသပ်ရပ်ကာ ဖြောင့်မတ်သော ပုံစံရှိ၏။

သူ၏ ဘေးတွင် လုလင်ငယ်တစ်ဦးနှင့် အမျိုးသမီး အစေခံတစ်ဦးလည်း ပါလာသည်။

ထိုနတ်ဘုရားသည် ကျိယွမ်နှင့် သူ၏အဖွဲ့ကို စူးစမ်းလိုသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ကျွန်တော်က ယဲ့လျိုယွမ်ပါ၊ အားလုံးကို နှုတ်ခွန်ဆက်သပါတယ်"

သူ၏ အကြည့်က ကျိယွမ်ထံတွင် ရပ်တန့်သွားသည်။

အမှန်အတိုင်းဝန်ခံရလျှင် သူသည် ယခုအဖွဲ့ကို အလွန်စိတ်ဝင်စားနေမိသည်။

ခေါင်းဆောင်ဖြစ်သူမှာ သာမန်လူတစ်ယောက်ဖြစ်သည် ။ သို့သော် သူ၏နောက်တွင် ထူးခြားသောအရှိန်အဝါရှိသည့် စစ်မှန်နတ်ဘုရား ခြောက်ပါးရှိနေ၏။ ကျန်ရှိသော နောက်လိုက်များမှာလည်း ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်များချည်းဖြစ်ကာ စစ်မှန်နတ်ဘုရားဖြစ်ရန် အဆင့်သင့်ဖြစ်နေသူများချည်းပင်။

ခေါင်းဆောင်လုပ်တဲ့သူက သာမန်လူ ၊ နောက်လိုက်က စစ်မှန်နတ်ဘုရားတွေ ၊ ဘယ်လိုကြီးလဲ။

ခေါင်းဆောင်လူငယ်မှာ ခရမ်းရောင်နန်းတော်အဆင့်သာ ရှိသော်လည်း စစ်မှန်နတ်ဘုရားယဲ့လျိုယွမ်သည် တစ်စုံတစ်ခုကြောင့် ထိုသူအား ကြောက်ရွံ့မှုကို ခံစားနေရသည်။

ကျိယွမ်ကလည်း ယဲ့လျိုယွမ်ကို ကြည့်ကာ အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်၏။

"တော်တော်သိတာပဲ ၊ ခင်ဗျားက နဂါးမျိုးနွယ်ကလား"

All Chapters